Switch Mode

အခန်း ( ၆၂ )

ရန်ကျောင်းတော်၏ တပည့်ခေါင်းဆောင်တစ်ယောက် ဖြစ်ရခြင်း၏ အခက်အခဲများ

“ ဟူး… ကောင်းကင်ဘုံခုံရုံးမှာ အလုပ်လုပ်ရတာ တော်တော်ခက်ခဲတာပဲ ”
ယွဲ့လောင်နန်းတော်အတွင်း၌ ပိန်ပါးသောအကြီးအကဲတစ်ယောက်သည် မင်္ဂလာဆောင်ရာတွင် ဝတ်ဆင်သည့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ကာ ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်နေလေသည်။ သူသည် လူငယ်လေးတစ်ဦး ယူလာပေးသော လက်ဖက်ရည်ကို သောက်လိုက်ပြီး နဖူးမှချွေးများကို သုတ်လိုက်၏။

သူသည် ကျောက်စိမ်းရေအိုင်မှ နတ်သမီးတစ်ပါးနှင့် ဖူးစာဖက်အဖြစ် ပြုလုပ်ပေးရန် လာရောက်တောင်းဆိုသော နတ်စစ်သူကြီးတစ်ပါးနှင့် ရင်ဆိုင်ခဲ့ရသည် မဟုတ်ပါလော။

ဖူးစာဖက်သည် လုပ်ချင်တိုင်း လုပ်၍ရသည့်ကိစ္စပေလော။

သူသည် လဘိုးဘိုးဖြစ်သော်လည်း အခြားသူများ၏ ကံကြမ္မာရေစက်ကို ဝင်စွက်ဖက်၍ မရပေ။

ခိုး၍လုပ်ပေးလိုက်ရန် နည်းလမ်းများရှိသော်လည်း ဖူးစာဖက်အဖြစ် ပြုလုပ်ခံရမည့် လူအပေါ်တွင်လည်း မူတည်သေး၏။

ယွဲ့လောင်နတ်မင်းသည် ထိုနတ်စစ်သူကြီးကို အမျိုးမျိုးလှည့်ပတ် ဖျောင်းဖျ၍ ပြန်လွှတ်လိုက်ရသည်။ ထို့ကြောင့် သူသည် ပင်ပန်းနေပြီး ချွေးပြန်နေခြင်းပင်။

သူသည် ထိုစစ်သူကြီးကို ငြင်းချင်သော်လည်း သူ ဝမ်းနည်းသွားမှာ စိုးရိမ်နေခြင်း ဖြစ်သည်။ သူသည် သူနှင့်ရင်းနှီးသောသူအပေါ်တွင် အပြစ်မပြုမိလိုခြင်းဖြစ်သည်။

ယွဲ့လောင်နတ်မင်း၏ တာဝန်သည် ခက်ခဲလွန်းလှသည်။

ဖူးစာဖက်တော်တော်များများသည် သဘာဝအတိုင်းဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အရေအတွက်နည်းနည်းသည်သာ ကောင်းကင်မှ ချီးမြှင့်ခံရခြင်းဖြစ်သည်။

လဘိုးဘိုးအနေဖြင့် သူသည် အပြောင်းအလဲအနည်းငယ်ကို လုပ်ခွင့်ရှိသည်။ သို့သော် ရွှေကတ်ကြေးနှစ်လက်နှင့် ပိုးကြိုးနီများသည် ကောင်းကင်ဘုံမှ ချီးမြှင့်ထားသော အရာများဖြစ်၏။ ၎င်းတို့ကို စိတ်ရှိတိုင်း မသုံးသင့်ပေ။

သေမျိုးနှစ်ဦး၏ ရေစက်ပင်ဖြစ်စေကာမူ တလွဲကိုင်တွယ်မိခဲ့လျှင် သူ ကြိုးစား၍ စုဆောင်းထားသော ကုသိုလ်များ ယုတ်လျော့သွားမည်ဖြစ်ပြီး တည်ကြည်၍ အလုပ်ကြိုးစားသော ကျောက်စိမ်းဧကရာဇ်၏ အပြစ်ပေးခြင်းကိုလည်း ခံရပေလိမ့်မည်။

သဘာဝအတိုင်း ဖြစ်ပေါ်လာသော ဖူးစာဖက်ဆိုသည်မှာ အဘယ်နည်း။

အရာအားလုံး၏ အစတွင် မရေမတွက်နိုင်လောက်အောင် များပြားသော ရွှံ့ရုပ်များဖြင့် ပြည့်နှက်နေကာ လျှို့ဝှက်ဆန်းကြယ်သည့် စကြဝဠာကြီးတစ်ခုရှိခဲ့၏။ ထိုရွှံ့ရုပ်များသည် တရားဝင် ထိမ်းမြားမင်္ဂလာပြုရမည့် သက်ရှိအားလုံး၏ အရုပ်များဖြစ်သည်။ ထိုရွှံ့ရုပ်များတွင် ကောင်းကင်၊ မြေကြီး၊ လူသားဟူ၍ သုံးမျိုးရှိလေသည်။

ဖူးစာဖက်သည် ကြိုတင်သက်မှတ်ပြီးသား ဖြစ်၏။

ရွှံ့ရုပ်များတွင် လူသားပုံရွှံ့ရုပ်များသာ များပြီး မိစ္ဆာနှင့် စုန်းကဝေတို့၏ ရွှံ့ရုပ်များမှာ နည်းပါးလေသည်။

ဖူးစာဖက်အဖြစ် သတ်မှတ်ခံရသူနှစ်ဦးသည် သေမျိုးလောကတွင် တွေ့ဆုံခဲ့သည်ရှိသော် ထိုသူနှစ်ဦးနှင့် သက်ဆိုင်သော ရွှံ့ရုပ်နှစ်ရုပ်သည် တစ်ရုပ်နှင့် တစ်ရုပ် နီးကပ်သွားပေလိမ့်မည်။ ထို့နောက် ထိုရွှံ့ရုပ် နှစ်ရုပ်မှ နေ၍ ပိုးကြိုးနီတစ်ကြိုးစီ ထွက်လာမည် ဖြစ်သည်။ ထိုပိုးကြိုးနီနှစ်ကြိုးသည် တစ်ကြိုးနှင့်တစ်ကြိုး တွယ်ငြိသွားလျှင် ရေစက် ဖြစ်ပေါ်လာပေလိမ့်မည်။

ထိုကြိုးနှစ်ကြိုး တဖြည်းဖြည်း လှုပ်ရှား၍ ပို၍တွယ်ငြိလာသောအခါ ထိုသူနှစ်ဦး၏ အချစ်မေတ္တာသည်လည်း ပို၍ ခိုင်မာလာမည် ဖြစ်သည်။

ထိုအရာသည် မြင်မြင်ချင်း အချစ်ဟု ဆိုနိုင်သည်။ ထိုသို့ဆိုလျှင် ယွဲ့လောင်နတ်မင်းသည် ပိုးကြိုးနီနှစ်ကြိုးကို အသာအယာကိုင်၍ ချည်ပေးလိုက်ရုံသာ ဖြစ်သည်။

မကြာခဏဆိုသလို ရွှံ့ရုပ်လေးများသည် ဦးတည်ရာအမှားသို့ မျောသွားတတ်ပြီး ၎င်းတို့၏ ပိုးကြိုးနီများသည် အခြားသူများ၏ ရေစက်နှင့် သွား၍ မှားယွင်းတွယ်ငြိနေတတ်ကြ၏။ ၎င်းပိုးကြိုးနီများ သွား၍ တွယ်ငြိသော တစ်ဖက်သား၏ ရေစက်တွင် ထိခိုက်မှုများ ရှိသွားနိုင်လေသည်။

ကောင်းကင်မှ ချီးမြှင့်သော ဖူးစာဖက်ဆိုသည်မှာ အဘယ်နည်း။

သက်ရှိတစ်ဦး မွေးဖွားလာသောအခါ ထိုသူ၏ ရွှံ့ရုပ်တုလေး ဖြစ်ပေါ်လာပြီး မွေးမွေးချင်းမှာပင် ရေစက်ပိုးကြိုးနီဖြင့် ချည်နှောင်ခြင်းကို ခံရလေသည်။ ထိုအရာသည် ကောင်းကင်မှ ချီးမြှင့်သော ဖူးစာဖက်ဖြစ်သည်။

ထို့အပြင် ပုံမှန်အတိုင်း မပြုမူကြသော ရွှံ့ရုပ်များလည်းရှိလေသည်။ ၎င်းတို့သည် ၎င်းတို့၏ သတ်မှတ်ချိတ်ဆက်ပေးထားသော ပိုးကြိုးနီများကို ဖြတ်‌တောက်၍ ကြိုးတန်းလန်းဖြင့် လေလွင့်နေတတ်သည်။

မကြာခဏပင် ထိုရွှံ့ရုပ်များသည် ၎င်းတို့နှင့် အခြေအနေတူ ရွှံ့ရုပ်များဖြင့် တွေ့ဆုံတတ်လေသည်။ ပိုးကြိုးနီနှစ်ချောင်း ငြိတွယ်နေချိန်တွင် အချစ်မီးတောက်များ ဖြစ်ပေါ်နေပြီး ပြတ်တောက်သွားလျှင် ‌ကံကြမ္မာရေစက်လည်း ပြတ်တောက်သွားမည် ဖြစ်သည်။

နတ်စစ်သူကြီးတောင်းဆိုသည့် ကိစ္စသည် လဘိုးဘိုးတစ်ပါးအနေဖြင့် ပြုလုပ်ပေးရန် မခဲယဉ်းပေ။

သူလုပ်စရာလိုသည်မှာ ထိုနတ်စစ်သူကြီး၏ ပိုးကြိုးနီနှင့် ယင်းနတ်သမီး၏ ပိုးကြိုးနီကို ချည်နှောင်ပေးလိုက်ရုံသာဖြစ်သည်။ ထိုသူနှစ်ဦး ဖူးစာဖက်ဖြစ်သွားလျှင်လည်း သူ မည်သည့် အကုသိုလ်မှ ရမည်မဟုတ်ပေ။

သို့သော် လဘိုးဘိုးသည် ထိုကျောက်စိမ်းရေအိုင်မှ နတ်သမီး၏ နောက်၌ရှိသောပုဂ္ဂိုလ်ကို ထည့်၍ စဉ်းစားရန် လိုအပ်ပေသည်။

လွန်ခဲ့သော နှစ်တစ်ရာခန့်တွင် ကျောက်စိမ်းဧကရာဇ်၏ ကြင်ယာတော် အရှင်မ ရှီဝမ်းမူသည် ကျောက်စိမ်းရေအိုင်မှ နတ်သမီးများ၏ ဖူးစာဖက်ကိစ္စတွင် ဝင်ရောက်မစွက်ဖက်ရန် သူ့ကို ဆူပူထားဖူး၏။ ထို့ကြောင့် သူသည် ထိုကျောက်စိမ်းရေအိုင်မှ နတ်သမီးများကို လက်ရှောင်ရပေမည်။

ယွဲ့လောင်နတ်မင်းသည် မူလက ကောင်းကင်နတ်မင်းအဆင့်သာရှိသည့် ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သို့သော် သူသည် တည်ထောင်ခါစ ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရောက်လာသူများ၏ ငါးသုတ်မြောက်တွင် ပါဝင်သူ ဖြစ်သည်။ သူသည် အလုပ်ကိစ္စနှင့်ပတ်သတ်လျှင် ဖြောင့်မတ်၍ ကြိုးစား၏။ ထို့ကြောင့် လွန်ခဲ့သောနှစ်ပေါင်းတစ်သောင်းခန့်က ကျောက်စိမ်းဧကရာဇ်သည် သူ့ကို လဘိုးဘိုးဟူသော ဘွဲ့ကို ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

လဘိုးဘိုးအဖြစ် နှစ်ပေါင်းတစ်သောင်းကျော်ခန့် ထမ်းဆောင်ပြီးသောအခါ သူ့တွင် ကောင်းကျိုးများစွာ ရရှိခဲ့သည်။ ထို့ကြောင့် သူသည် တာဝန်ကို မှန်မှန်ကန်ကန်သာ လုပ်လိုပြီး ရေသာမခိုရဲခြင်း ဖြစ်သည်။

သို့သော် ပြဿနာတစ်ခုမှာ ကောင်းကင်ဘုံခုံရုံးရှိ နတ်ဝိဇ္ဇာများသည် ထို ရေစက်ဖန်တီးပေးသော ပိုးကြိုးနီများရှိကြောင်း သိလာကြခြင်းဖြစ်၏။ သူတို့သည် ထိုပိုးကြိုးနီများကို လဘိုးဘိုးက ပြောင်းလဲနိုင်ကြောင်းကိုလည်း သိလာကြ၏။

ထို့ကြောင့် ထိုယွဲ့လောင်နန်းတော်၏ မင်္ဂလာခန်းမသို့ နေ့စဉ်လိုလို လူများ ခိုးကြောင်ခိုးဝှက် ရောက်ရှိလာကြလေသည်။

တချို့လူများသည် ထိုယွဲ့လောင်နန်းတော်မှ အမှုထမ်းများဖြစ်၍ ငြင်းရသည်မှာ မျက်နှာပူစရာကောင်း၏။

တချို့မှာလည်း သူ့ထံသို့ လက်ဆောင်ပစ္စည်းများပို့၍ မျက်နှာချိုသွေးကြသည်။ သို့သော် လဘိုးဘိုးသည် ထိုလက်ဆောင်များကို လက်မခံခဲ့ပေ။ တချို့လက်ဆောင်များသည် ကောင်းကင်ဘုံခုံရုံးမှ ချီးမြှင့်သော လက်ဆောင်များထက်ပင် အဖိုးတန်လေသည်။

သို့သော် လဘိုးဘိုးသည် နောက်ခံတောင့်သော တာအိုရသေ့အိုများ၏ တောင်းဆိုမှုကိုမူ မငြင်းဆိုဝံ့ပေ။ ထိုရသေ့များ၏ရှေ့တွင်မူ သူသည် သူငယ်နှပ်စားသာသာ ဖြစ်လေသည်။ ဥမာအားဖြင့်…

“ ဆရာ… ”
ခန်းမအပြင်ဘက်တွင် ကျစ်ဆံမြီးဖြင့် လူငယ်လေးနှစ်ဦးသည် သုတ်သုတ်ပြာပြာပြေးလာ၍ အော်ပြောလိုက်သည်။

“ အရှင်ရွှမ်းဒူ ရောက်လာပြီ။ သူ ခန်းမရှေ့ကိုတောင် ‌ရောက်လာတော့မယ် ”
လဘိုးဘိုး တုန်လှုပ်သွားသည်။ သူသည် ခပ်သွက်သွက် ထလိုက်ပြီး ခန်းမအ‌ရှေ့တွင်‌ စောင့်နေလိုက်သည်။

အရှင်ရွှမ်းဒူသည် တန်ခိုးကြီးသူ တစ်ယောက်ဖြစ်သည်။ သူသည် ရန်ကျောင်းတော် တည်ထောင်သူ အရှင်ထိုက်စန့်လောင်ကျွင်း၏ တစ်ဦးတည်းသော တိုက်ရိုက်တပည့်ဖြစ်သည်။ သူ၏ တာအိုတရားသည် ပြိုင်ဘက်ကင်းပြီး သူ့နောက်ခံမှာ အရှင်ထိုက်စန့်လောင်ကျွင်းဖြစ်လေ၏။

အရှင်ရွှမ်းဒူသည် တန်ခိုးရှင်သုံးပါး၊ ချန်ကျောင်းတော်၏ ပထမဆုံးတပည့်၊ ယွီရွှီနန်းတော်မှ ကွမ်းချန်ကျစ် နှင့် ကျဲကျောင်းမှ အကြီးဆုံးတပည့်တို့ထက် ဝါရင့်သူဖြစ်သည်။ အရှင်ရွှမ်းဒူသည် ခွန်းလွန်တောင်သို့ ဝင်ခဲ့သည်မှာ နောက်ကျသော်လည်း ထိုသူတို့သည် သူ့ကို အစ်ကိုကြီးဟုသာ ခေါ်ကြလေသည်။

သူသည် တာအိုဂိုဏ်းအစစ်အမှန်၏ အကြီးဆုံးတပည့်ဖြစ်၏။

အရှင်ရွှမ်းဒူကို အရှင်ထိုက်စန့်‌လောင်ကျွင်းမှ တာအိုအမည် သတ်သတ်မှတ်မှတ် မပေးထားခြင်းကြောင့် သူ့တွင် တာအိုအမည်မရှိပေ။ ထိုသို့တာအိုအမည်မပေးထားခြင်းမှာ မကောင်းသည့် ကြမ္မာနှောင်ကြိုးများနှင့် တွယ်ငြိမည်ဆိုး၍ ဖြစ်သည်။

သူသည် အရှင်ထိုက်စန့်လောင်ကျွင်းလက်အောက်ရှိ ရွှမ်းဒူဘုံကျောင်းတွင်နေထိုင်သော တာအိုဆရာသခင်တစ်ယောက်ဖြစ်သဖြင့် သူ့ကို အရှင်ရွှမ်းဒူဟုသာ ခေါ်ကြ၏။

ရွှမ်းဒူဘုံကျောင်းမှ တာအိုဆရာသခင် အရှင်ရွှမ်းဒူဟုသာ အမည်တွင်ခဲ့လေသည်။

ထိုအချိန်မှစ၍ ရွှမ်းဒူဟူသော စကားလုံးသည် ရန်ကျောင်းတော်၏ အကြီးဆုံးတပည့်နှင့် ဘုံကျောင်း နှစ်ကျောင်းလုံးကို ဆိုလိုသော စကားလုံးဖြစ်ခဲ့သည်။

ကောင်းကင်ဘုံခုံရုံးသည် တည်ထောင်ခါစဖြစ်ပြီး အင်အားနည်းပါးနေသေးသဖြင့် အရှင်ရွှမ်းဒူသည် တုသိတာနန်းတော်တွင် နေထိုင်နေလေသည်။

အကယ်၍ ကောင်းကင်ဘုံခုံရုံးမှ တာ့လော်နတ်မင်းအဆင့်ရှိသူများနှင့် အာကာသနတ်မင်းအဆင့်ရှိသူများက ပြဿနာရှာလျှင် တန်ခိုးရှင်များ ကိုယ်တိုင် ဝင်ပါ၍ မသင့်တော်ပေ။ ထိုအခါ အရှင်ရွှမ်းဒူသည် ထိုပြဿနာရှာသူများကို နှိမ်နင်းပေးရသည်။

အရှင်ရွှမ်းဒူသည် ယွဲ့လောင်နတ်မင်းကို မကြာမကြာလာရှာတတ်ရာ ယွဲ့လောင်နတ်မင်းသည် သူအလိုရှိသည်ကို သိပြီးဖြစ်၏။

ယွဲ့‌လောင်နတ်မင်းသည် ခန်းမရှေ့သို့ထွက်၍ ခေါင်းမော့ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် တိမ်စီး၍ လာနေသော ပျိုမြစ်သည့် တာအိုရသေ့တစ်ပါးကို တွေ့လိုက်ရသည်။

ထိုတာအိုရသေ့သည် အနက်ရောင် ဝတ်ရုံကိုဝတ်ဆင်ထားသဖြင့် သူ၏ ကိုယ်လုံးကိုယ်ပေါက်ကို သေချာမမြင်ရသော်လည်း အချိုးအဆစ်ကျမည်ဟု ထင်ရလေသည်။

သူသည် မားမားမတ်မတ်ရပ်နေပြီး သူ၏ တာအိုဝတ်ရုံသည် လေတွင် ဝေ့ယမ်းနေလေသည်။ သူ့ခန္ဓာကိုယ်ပေါ်တွင် ကျောက်စိမ်းလက်ဝတ်တန်ဆာ တစ်ခုမှ မရှိချေ။ သို့သော် သူကိုယ်တိုင်သည်ပင် အရောင်မတင်ရသေးသော ကျောက်စိမ်းရိုင်းတုံးတစ်တုံးကဲ့သို့ အရှိန်အဝါရှိလေသည်။ ထိုကိုယ်ရောင်ကိုယ်ဝါသည် အလွန် ထူးချွန်သော တာအိုကို ပိုင်ဆိုင်သူများတွင်သာ ရှိနိုင်သောအရာဖြစ်သည်။

ကြီးမြတ်သော တာအိုဆရာသခင် အရှင်ရွှမ်းဒူသည် ပထမဆုံး လူသားမျိုးဆက်မှ ဖြစ်သည်ဟုလည်း ပြောကြ၏။ သူသည် မိဘနှစ်ပါးမှ မွေးဖွားလာခြင်းမဟုတ်ဘဲ နွီဝါးနတ်ဘုရားမက ဖန်ဆင်းထားသူတစ်ယောက် ဖြစ်၏။ သူ့ထံတွင် လူသားများကို ဖန်ဆင်းခဲ့ရာမှ ရသည့် ကုသိုလ်ကောင်းမှုများရှိပြီး ရန်ကျောင်းတော်သို့ ဝင်ရောက်ခဲ့သဖြင့် ကံကောင်းမှုများလည်း ရှိလေသည်။

သူသည် ခန်းမရှေ့သို့မရောက်မီမှာပင် လက်နှစ်ဖက်ဆုပ်၍ လဘိုးဘိုးကို ဦးညွှတ်နှုတ်ခွန်းဆက်လိုက်သည်။ ထို့နောက် သူသည် ပြုံး၍ မေးလိုက်၏။

“ ကျန်းခန်းသာပါစ ခင်ဗျာ… ”

“ သာပါတယ်ခင်ဗျာ… သာပါတယ် ”
လဘိုးဘိုးသည် ခေါင်းတဆတ်ဆတ်ညိတ်လိုက်၏။ မသိသောသူများသာ မြင်လျှင် ကောင်းကင်ဘုံခုံရုံး၏ လဘိုးဘိုးသည် ခါးကုန်းတစ်ဦးဟုပင် ထားသွားပေလိမ့်မည်။

“ အရှင်ရွှမ်းဒူ အထဲကို ကြွပါခင်ဗျာ…ဪ ဒါမှမဟုတ် အရင်ကလုပ်သလိုပဲ ဆက်လုပ်ချင်ပါသလား ခင်ဗျာ ”

“ ကျေးဇူးတင်ပါတယ် လဘိုးဘိုး… ”
အရှင်ရွှမ်းဒူသည် နွေးနွေးထွေးထွေးပြောလိုက်ပြီး ယွဲ့လောင်နန်းတော်ရှိ မင်္ဂလာခန်းမအတွင်းသို့ ဝင်သွားလိုက်သည်။ လဘိုးဘိုးသည်လည်း အနောက်မှ လိုက်၍ဝင်လိုက်၏။

သူတို့သည် ခန်းမအတွင်းရောက်သည်နှင့် ရှေ့တွင် ကြယ်တာရာများလင်းလက်နေသော လျှို့ဝှက်ဆန်းကြယ်သည့် အာကာသဟင်းလင်းပြင်တစ်ခုကို မြင်လိုက်ရသည်။

လဘိုးဘိုးသည် စက်ဝိုင်းသဏ္ဍာန်အရာတစ်ခုကို ကိုင်၍ ညင်သာစွာပွတ်သပ်လိုက်ရာ အရှေ့ရှိ ကြယ်တာရာများသည် အာကာသဟင်းလင်းပြင်ထဲတွင် လှည့်ပတ်ပျံသန်းသွားပြီး သူတိုရှေ့တွင် မြင်ကွင်းတစ်ခုပေါ်လာလေသည်။

ထိုမြင်ကွင်းသည် ကမ္ဘာဦးရတနာတစ်ပါးဖြစ်သော အိုးအတွင်း၌ စိုက်ပျိုးထားသော ဘွန်ဆိုင်းအကေးရှားပင်လေးဖြစ်သည်။ (ထနောင်းပင်တစ်မျိုး)

ကြယ်ရောင်များ မှိန်သွားသောအခါ ရွှံရုပ်တု အုပ်စုကြီး ငါးစု ထွက်ပေါ်လာလေသည်။ ရွှံ့ရုပ်အုပ်စုတစ်စုစီသည် အရွယ်အစား ကွဲပြားကြပြီး ၎င်းတို့၏ အပေါ်တွင် ကြယ်အလင်းရောင်များစု၍ ဖြစ်ပေါ်နေသည့် စာလုံးများရှိပြီး ၎င်းတို့ကို အမျိုးအစားအလိုက် ပိုင်းခြားထားလေ၏။

ဥမာအားဖြင့် ဘယ်ဘက်စွန်းအုပ်စု၏ အပေါ်တွင် “ တုနတ်ဝိဇ္ဇာဂိုဏ်း ”ဟု ရေးသား ထား၏။

အခြားအုပ်စုများ၏ အပေါ်တွင်လည်း ၎င်းတို့နှင့် သက်ဆိုင်ရာဂိုဏ်းအမည်များ ရှိလေသည်။

အရှင်ရွှမ်းဒူသည် သက်ပြင်းသဲ့သဲ့ချ၍ ပြုံးလိုက်၏။
“ လွန်ခဲ့တဲ့ နှစ်တစ်ထောင်အတွင်းမှာ လဘိုးဘိုးအနေနဲ့ စုံတွဲဘယ်နှစ်တွဲလောက်များ ဖန်တီးပေးခဲ့ပြီလဲ ”

လဘိုးဘိုးသည် ခေါင်းငုံ့၍ ပြန်ပြောလိုက်သည်။
“ အရှင် ညွှန်ကြားထားသလိုပဲ ကျွန်တော်မျိုး ရှာတွေ့သမျှ ‌ရေစက်ပါတဲ့သူတွေကို စုံတွဲဖြစ်အောင်လုပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ကျွမ်းဝင်အောင် လုပ်ထားပါတယ် ”

“ လွန်ခဲ့နှစ်တစ်ထောင်အတွင်းမှာ ရွှံ့ရုပ်စုံတွဲ (၃၆၂)တွဲ လုပ်ပေးခဲ့ပါတယ် ”

အရှင်ရွှမ်းဒူသည် ခေါင်းညိတ်၍ နွေးနွေးထွေးထွေးပြောလိုက်သည်။
“ အင်း… မဆိုးပါဘူး။ မျိုးဆက်သစ်လေးတွေ မွေးပြီးတဲ့ စုံတွဲဘယ်နှစ်တွဲ ရှိပြီလဲ ”

“ အဲ … အဲဒီကိစ္စကတော့ ငရဲပြည်က မှတ်တမ်းကို သွားကြည့်မှရမှာ။ ကျွန်တော်မျိုးတို့က ထိမ်းမြားတဲ့ကိစ္စကိုပဲ တာဝန်ယူရတာပါ ”

အရှင်ရွှမ်းဒူသည် ရယ်လိုက်လေ၏။ သူပြုံးလိုက်သောအခါ သူ့မျက်လုံးများသည် ကျဉ်းမြောင်းသွားတတ်၏။ သူ၏အပြုံးသည် နွေးထွေးပေ၏။
“ ကျုပ် အဲ့အကြောင်းကို မေ့သွားတယ်။ လဘိုးဘိုး ကျုပ်ကို အပြစ်မတင်ပါနဲ့ ”

သူသည် သက်ပြင်းချ၍ ဆက်ပြောလိုက်သည်။
“ ဆရာက ကျုပ်ကို ခက်ခဲတဲ့တာဝန် ပေးထားတာပဲ။ ဆရာက ရန်ကျောင်းတော်ကိုလည်း အောင်မြင်တိုးတက်လာစေချင်တယ်။ ဒါပေမဲ့ ကျုပ်ကိုလည်း တပည့်လက်မခံခိုင်းဘူး ”

အရှင်ရွှမ်းဒူသည် လက်နောက်ပစ်၍ သက်ပြင်းချလိုက်သည်။ သူသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်၍ ပြောလိုက်သည်။
“ ကျုပ်တို့မှာ ဒီနည်းလမ်းပဲရှိတော့တယ်။ လဘိုးဘိုး ဒီလတ်တလောအတွင်း တိုးတက်လာတဲ့ ဖူးစာ အရေအတွက်ကို ကျုပ်ကိုပြပါဦး ”

“ ကောင်းပါပြီ အရှင်ရွှမ်းဒူ… ခဏလောက်စောင့်ပါ ”
လဘိုးဘိုးသည် လက်အတွင်းမှ စက်ဝိုင်းပုံသဏ္ဍာန်အရာကို ထပ်၍ ပွတ်သပ်လိုက်သည်။ မကြာမီ ရွှံ့ရုပ်တု ဒါဇင်ကျော် ‌ရှေ့သို့ ပျံထွက်လာ၏။ ထိုရွှံ့ရုပ် တစ်ရုပ်နှင့် တစ်ရုပ်ကြားအကွာအဝေးသည် ၎င်းတို့၏ ဆက်ဆံရေး ရင်းနှီမှု ရှိ၊မရှိ နှင့် ထိမ်းမြားနိုင်မည့် ဖြစ်နိုင်ချေအပေါ် မူတည်၍ ကွဲပြားလေသည်။

ထိုရွှံ့ရုပ်လေးများမှနေ၍ ပိုးကြိုးနီ တစ်ကြိုး၊ နှစ်ကြိုးထွက်နေကြပြီး တချို့မှာမူ သုံးကြိုး၊ လေးကြိုးအထိ ထွက်နေကြလေသည်။ သို့သော် ထိုသို့ထွက်နေသည့် ရွှံ့ရုပ်တုများမှာ သိပ်တော့ မများပေ။

ဆက်ဆံရေး ကြာရှည်ခဲ့ပြီဖြစ်၍ သံယောဇဉ်တွယ်နေသော ရွှံ့ရုပ်များ၏ ပိုးကြိုးနီသည် ပို၍ရှည်လေသည်။

မကြာမီ အရှင်ရွှမ်းဒူသည် အချင်းချင်းဆီသို့ ကိုင်းညွှတ်၍‌နေကြသော ရွှံ့ရုပ် လေးရုပ်ဆီ အာရုံရောက်သွား၏။ သူသည် ရှေ့သို့ခြေနှစ်လှမ်း ထွက်လိုက်ပြီး တုနတ်ဝိဇ္ဇာဂိုဏ်းဟူသော စာသားရှိသည့် အုပ်စုအောက်မှ ရွှံ့ရုပ်လေးရုပ်ကို ကြည့်လိုက်သည်။

လဘိုးဘိုးသည် ပြုံး၍ ပြောလိုက်၏။
“ အဲဒါက လမင်းကြီးကို ဝန်းရံနေတဲ့ ကြယ်တာရာ သုံးခုရဲ့ အစွမ်းလိုပဲ။ သူတို့တွေက အတော်ကို ကောင်းချီးပေးခံထားရတာပဲ ”

အရှင်ရွှမ်းဒူသည် သူ၏ခေါင်းကို အသာအယာညိတ်လိုက်ပြီး ထိုရွှံ့ရုပ်များကို ခေတ္တမျှ ငေးကြည့်နေ၏။
“ ကြည့်ပါ အရှင်ရွှမ်းဒူ… သူ့ရဲ့ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်မှာ ပိုးကြိုးနီတွေရှိတယ်။ ဒါပေမဲ့ အဲဒီပိုကြိုးနီတွေက တို‌တောင်းလွန်းနေတယ်… ”

“ တချို့သူတွေက ဒီလိုပဲ… ဒီတစ်ယောက်ကလည်း တာအိုကျင့်ကြံမှုအပေါ်မှာပဲ အာရုံစိုက်ပြီး လောကီရေးရာတွေနဲ့ မရှုပ်ထွေးချင်ဘူးထင်တယ်… ”

“ နှမြောစရာပဲ ”
အရှင်ရွှမ်းဒူသည် ရွှံ့ရုပ်ပတ်လည်တွင် လွင့်မျောနေသော ပိုးကြိုးနီသုံးချောင်းကို ကြည့်၍ပြုံးလိုက်သည်။
“ လဘိုးဘိုး… သူ့ရဲ့ ပိုးကြိုးနီတွေကို ရှည်လာအောင် ကူညီပေးလို့ရလား။ အဲဒါမှ သူ့ဘေးမှာရှိတဲ့ ပိုးကြိုးနီသုံးချောင်းနဲ့ သွားပြီး ငြိတွယ်သွားမှာ ”

“ ဒါပေါ့… ကျွန်တော်မျိုး ကူညီပေးလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်မျိုးက အကူအညီပေးရုံပဲရမှာ… သူ့ရဲ့ ကံကြမ္မာကို ပြောင်းပစ်ဖို့ကတော့ မလွယ်ဘူး ”

“ သဘာဝတရားကြီးကို သူ့အလုပ်သူဆက်လုပ် ခိုင်းလိုက်ပါမယ်။ ကျွန်တော်မျိုးကတော့ ဘေးကနေပြီး အကူအညီနည်းနည်းပေး,ပေးပါ့မယ် ”

“ အာ … ကျွန်တော်မျိုး အခုချက်ချင်းပဲ လုပ်လိုက်ပါမယ် ”
ထိုသို့ပြောပြီးနောက် လဘိုးဘိုးသည် အိုးဖြင့်စိုက်ပျိုးထားသော အကေးရှားပင်လေးကို ယူ၍ ရွှံ့ရုပ်တုကို ညင်သာစွာ တို့လိုက်၏။

တချိန်တည်းမှာပင် တုန်းရှန်နတ်ဝိဇ္ဇာဒေသမှ တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ချုံတောင်လေး၏ ဆေးဖော်ဆောင်ထဲတွင် ဆေးပေါင်းဖိုအတွက် စိတ်ရှုပ်နေသော ရေချိုးသန့်စင်ပြီးခါစ လီချန်ရှို့ထံတွင် ရုတ်တရက်ကြီး မသင့်လျှော်သောအတွေးများ ပေါ်ပေါက်လာလေသည်။

“ အာ… ”
လီချန်ရှို့သည် ရယ်‌လိုက်ပြီး ခေါင်းထဲမှ ပုံရိပ်များကို ဖယ်ထုတ်လိုက်၏။

ယွဲ့လောင်နန်းတော်ရှိ မင်္ဂလာခန်းမထဲတွင် လဘိုးဘိုးသည် ရွှံ့ရုပ်လေးကို နောက်တစ်ကြိမ်ထပ်၍ အကေးရှားပင်လေးဖြင့်တို့ရန်ပြင်လိုက်ရာ ထိုရွှံ့ရုပ်သည် နောက်သို့ ခြေတစ်လှမ်းဆုတ်သွားလေသည်။

လဘိုးဘိုးသည်လည်း ကြောင်သွား၏။

“ ဟမ်… ”
လဘိုးဘိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး ဦးတည်ရာပြောင်း၍ ထပ်တို့လိုက်လေသည်။

ချုံတောင်လေး၏ ဆေးဖော်ဆောင်အတွင်းရှိ လီချန်ရှို့၏ စိတ်ထဲတွင် အတိတ်နှင့် ပစ္စုပ္ပန်မှ ပုံရိပ်များနှင့် ပြည့်နှက်နေလေသည်။ ဥပမာအားဖြင့် ဆရာဒေါ်‌လေးကျိုးကျိုးတစ်ယောက် သင်္ဘောသားပုံစံဝတ်ဆင်ထားသော ပုံရိပ်များ၊ ဆရာတူညီမလေး တာအိုဝတ်ရုံလေး ဝတ်ဆင်ထားသည့်ပုံရိပ်များ အစရှိသည့် ပုံရိပ်များဖြစ်သည်။

‘ အာ.. ငါကဘာလို့ စက်ရုပ်ဝတ်ဆုံကြီး ဝတ်ထားတဲ့ အဆိပ်မ ကိုပါ တွေးမိနေရတာလဲ ’

“ တာအိုနှလုံးသာသည် ခိုင်မာ၏။ ပုံရိပ်ယောင်များသည် ၎င်းကို မဖျက်ဆီးနိုင်ပေ ”
လီချန်ရှို့သည် ခေါင်းခါလိုက်ပြီး ဆေးပေါင်းဖိုအသစ်ကို မည်သို့ရ‌အောင် လုပ်ရမည်ကို ဆက်တွေးနေလိုက်သည်။

မင်္ဂလာခန်းမထဲတွင်မူ အကေးရှားပင်လေးဖြင့် လိုက်တို့ခံနေရသော ရွှံ့ရုပ်လေးသည် လက်ဝဲဘက်သို့ ခုန်၍ ရှောင်လိုက်သည်။

“ ဟေ … ဒီဟာကတော့… ”
လဘိုးဘိုး၏ မျက်လုံးများ ပြူးကျယ်သွားပြီး အကေးရှားပင်လေးကို ကိုင်ကာ ထိုရွှံ့ရုပ်နောက်သို့ လိုက်တို့ပြန်၏။ အကေးရှားပင်လေး ဤအကြိမ်တွင် ရွှံ့ရုပ်ထံ တည့်တည့်မတ်မတ် ဝင်သွားသည်။ သို့သော် ရွှံ့ရုပ်သည် နောက်ကျွမ်းပစ်၍ ‌ရှောင်လိုက်၏။

“ ဟား..ဟား..ဟား… ”
ဘေးမှကြည့်နေသော အရှင်ရွှမ်းဒူသည် အသံထွက်၍ပင် ရယ်မောလိုက်လေသည်။

လဘိုးဘိုး၏ မျက်နှာလေးသည် ချက်ချင်းပင် ညှိုးသွား၏။ သူသည် အရှင်ရွှမ်းဒူ၏ အရှေ့တွင် အရေးကြီးကိစ္စတစ်ခုကို အရှက်ရဖွယ်ပြုမူခဲ့မိပြီ ဖြစ်သည်။

“ ကြီးစေ… ”
လဘိုးဘိုးသည် အကေးရှားပင်လေးကို ကိုင်၍ ရုတ်ချည်းကြီးသွားအောင် လုပ်လိုက်သည်။ ထိုအပင်၏ အကိုင်းအခက်များနှင့် အရွက်များသည် ရွှံ့ရုပ်လေးထံ ပြေးထွက်သွားကြလေသည်။

မြေပြင်ပေါ်ရှိ လီချန်ရှို့သည် မျက်မှောင်ကြုတ်လိုက်၏။ သူ၏ စိတ်ထဲတွင် လှပသော ဆေးပေါင်းဖိုကြီး တစ်ခုပေါ်လာ၏။ ထို့နောက် ယင်းဆေးပေါင်းဖိုကြီး၏ အဖုံးပွင့်သွားပြီး အတွင်းမှ လူရိပ်တချို့ ထွက်လာလေ၏။

လီချန်ရှို့သည် တင်ပျဉ်ခွေထိုင်လိုက်ပြီး ချီစုစည်းမန္တန်ကို စတင်ရွတ်လိုက်သည်။

ဟာသပင်။ သူ၏အရင်ဘဝတွင် ထိုကဲ့သို့သော ရုပ်ပုံလွှာများကို သူတစ်ခါမှ မမြင်ခဲ့ဖူးချေ။

သူသည် နတ်ဝိဇ္ဇာဖြစ်လာပြီးနောက် အကြောင်းအရာမျိုးစုံကို လျှောက်တွေးနေမိ၍ သူ၏ စိတ်အခြေအနေ မတည်မငြိမ်ဖြစ်နေခြင်း ဖြစ်ရပေမည်။

ကိလေသာအာရုံများသည် သူ့အတွက် အကျိုးမရှိပေ။

သူသည် နတ်ဝိဇ္ဇာဖြစ်ပြီးနောက်မှ ထိုကဲ့သို့ အတွေးမျိုး ရှိနေသည်ဖြစ်ရာ အလွန်ပင် အရှက်တရားကင်းမဲ့သကဲ့သို့ ဖြစ်နေသည်။

မဟုတ်သေး… နတ်ဝိဇ္ဇာဖြစ်နေလျှင်လည်း သူ့ကိုယ်သူ ကာကွယ်နိုင်မည်မဟုတ်ပေ။ သူသည် မရှိလျှင်လည်း ဘာမှမဖြစ်သည့် ထိမ်းမြားခြင်းအမှုကို မတွန်းလှန်နိုင်ပေပြီလော။

လီချန်ရှို့က ရင်ခေါင်းသံကြီးဖြင့် အော်လိုက်သည်။
“ လျှောက်မတွေးမိစေနဲ့ ”

ယွဲ့လောင်နန်းတော် မင်္ဂလာခန်းမအတွင်းရှိ ရွှံ့ရုပ်ကလေးသည် ရုတ်တရက် တစ်စုံတစ်ခုကို အာရုံခံမိသွားပြီး ပြန်၍ တုံ့ပြန်လိုက်သည်။

၎င်းသည် နောက်သို့ဆုတ်၏။

‌ရှောင်၏။

ခုန်၏။

‌‌ဘေးဘယ်ညာ ခုန်၏။

လှည့်ပတ်၏။

အကေးရှားအပင်လေး၏ အရွက်များ၊ အကိုင်းများသည် ထိုရွှံ့ရုပ်လေးကို မထိနိုင်ကြဘဲ ဘေးသို့သာ ချော်နေပေ၏။

လဘိုးဘိုးသည် စိတ်လှုပ်ရှားနေသည်ဖြစ်ရာ သူ၏ နဖူးတွင် ဇောချွေးများပြန်နေလေတော့သည်။ ယခုတွင် သူ ‌‌ဒေါသထွက်စပြုလာပြီ ဖြစ်ပြီး ကိုယ်ရောင်ကိုယ်ဝါများလည်း ထွက်လာလေ၏။

ဘေးမှ ရပ်၍ကြည့်နေသော အရှင်ရွှမ်းဒူသည် ပြုံး၍ ပြောလိုက်သည်။
“ ကျုပ် လဘိုးဘိုးကို ကူညီပေးပါ့မယ် ”

ထိုသို့ပြောပြီးနောက် သူ၏ လက်ဝဲလက်သည် အရောင်တောက်လာပြီး လက်ဖဝါးထဲတွင် ယင်ယန်စက်ဝန်းပေါ်လာလေသည်။ ထို့နောက်သူသည် အဝေးရှိ ရွှံ့ရုပ်လေးကို လှမ်းဖမ်းလိုက်သည်။

လဘိုးဘိုး၏ မျက်လုံးများ ပြူးသွားသည်။ သူသည် ‘မလုပ်နဲ့’ ဟုအော်ရန် ပြင်လိုက်စဉ်မှာပင် အရှင်ရွှမ်းဒူသည် ရွှံ့ရုပ်၏ လက်ဝဲလက်ကို ဖမ်းဆုပ်ပြီး ဖြစ်နေ၏။

သို့သော်…

ဂျွတ်…

ရွှံ့ရုပ်လေး၏ လက်ဝဲလက်သည် ရုတ်ချည်းပင် ကျိုးသွားပြီး ၎င်းသည် တုန်ချိချိဖြင့် ခုန်ထွက်သွား၏။ ထို့နောက် ထိုရွှံ့ရုပ်သည် ရပ်တန့်လိုက်ပြီး သူတို့ကို ဘုကြည့်ကြည့်ကာ စိမ်ခေါ်သည့်ပုံ လုပ်ပြနေသယောင်ရှိ၏။

ခန်းမတစ်ဆောင်လုံး အပ်ကျသံပင် မကြားရအောင် ငြိမ်သက်သွားသည်။

“ အရှင်ရွှမ်းဒူ…. ဒါ…ဒါက အဲ့လို အတင်းလုပ်လို့မရဘူး … ”

“ အဟမ်း… ကျုပ်ပြန်ပြင်ပေးလို့ ရမလား… ”

“ အင်း ရပါတယ်… ဒါပေမဲ့ ပြန်ပြင်ဖို့ အချိန်တော်တော်ကုန်လိမ့်မယ်။ တော်သေးတာက သူ့ဘယ်ဘက်လက်မှာ ဘာပိုးကြိုးနီမှ ရှိမနေလို့… ပြန်ပြင်ရမှာ လွယ်သွားတာ ”

“ အဲဒါဆိုရင်‌တော့ လဘိုးဘိုးကိုပဲ ဒုက္ခပေးရတော့မှာပဲ… ”

“ ကဲ… အဲဒီလိုဆိုလည်း စပြီးပြင်ပေးလိုက်ပါတော့ လဘိုးဘိုး… ကျုပ်‌မကြာခင် ထပ်လာပြီး လဘိုးဘိုးအတွက် ကျုပ်ကိုယ်တိုင် ဖော်ထားတဲ့ ဆေးလုံးတွေ ယူလာပေးပါမယ်။ အဲဒီကောင်လေးကို ဂရုစိုက်ပေးလိုက်ပါဦး။ ကျေးဇူးတင်ပါတယ် ”
အရှင်ရွှမ်းဒူသည် သူပြောချင်သည်များကို ကရားရေလွှတ်ပြောပြီးနောက် ဦးညွှတ်နှုတ်ဆက်၍ ပြန်သွားလေတော့သည်။ သူသည် ပြဿနာအရှုပ်ထုပ်ကို လဘိုးဘိုးနှင့် ချန်ထားခဲ့ပြီး လျင်မြန်စွာ ပျောက်ကွယ်သွားလေသည်။

မကြာသေးခင်က အချိန်တွင် တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ဆေးဖော်ဆောင်တစ်ခုထဲ၌

သူ၏ နှလုံးသားသည် ပရမ်းပတာဖြစ်နေ၍ လီချန်ရှို့ မျက်မှောင်ကြုတ်လိုက်သည်။

သူသည် ခေါင်းကို အပြင်းအထန်ခါယမ်းလိုက်ပြီး သူ့အင်္ကျီအိပ်ကပ်အတွင်းမှ မြေရတနာအမှတ်ခြောက်ဟု ရေးထားသော သိုလှောင်ဓမ္မအဆောင်လေးကို နှိုက်လိုက်သည်။ ထို့နောက် အထဲမှ သူ၏ ဝှက်ဖဲတစ်ခုကို ထုတ်ယူလိုက်ကာ စိတ်တည်ငြိမ်အောင်လုပ်လိုက်သည်။

သူ၏ဝှက်ဖဲဖြစ်သော ပုံကားလိပ်သည် တဖြည်းဖြည်း ပြန့်၍လာပြီး လက်ရာမြောက်စွာဆွဲထားသော အရုဏ်တက်ချိန်ကိုနောက်ခံထား၍ မျက်နှာချေများ ထူထဲစွာလိမ်းထား၍ နတ်သမီးဝတ်စုံများ ဝတ်ဆင်ထားသော အဘွားကြီးများ၏ ရုပ်ပုံပန်းချီကားချပ် ပေါ်ထွက်လာလေ‌တော့သည်။

လီချန်ရှို့သည် ထိုပုံတူပန်းချီကို သေချာကြည့်၍ ရေရွတ်လိုက်သည်။
“ အချစ်စစ် အချစ်မှန်သာဆိုရင် သူငယ်ရွယ်စဉ်မှာ ရှိခဲ့တဲ့ အပေါ်ယံအလှအပကိုပဲ ချစ်ခင်မှာမဟုတ်ဘူး။ သူ အရွယ်အိုလာချိန်မှာ တဖျစ်တောက်တောက် ပြောတတ်လာတာတွေကိုလည်း ချစ်ခင်ရမှာပဲ ”

ရုတ်ချည်းပင် သူ၏ခေါင်းထဲရှိ ပုံရိပ်များသည် တစ်ခုပြီး တစ်ခုပျောက်ကွယ်သွားပြီး သူ၏ စိတ်သည်လည်း ပြန်လည်တည်ငြိမ်သွားလေ၏။

“ ဒါပေမဲ့… နတ်ဝိဇ္ဇာဆိုတာ အရွယ်မအိုလာဘူးမလား ”

သူသည် ငါးခူပြုံး ပြုံးလိုက်ပြီး ‘အရွယ်လွန်အလှ’ဟု အမည်ပေးထားသည့် အဖိုးတန်ပန်ချီကားကို ပြန်သိမ်းလိုက်သည်။ သူသည် အချိန်ခဏအတွင်းမှာပင် စိတ်ပြန်၍ အေးချမ်းခဲ့ပြီ ဖြစ်၏။

ယောက်ျားများသည် ကိုယ့်ကိုယ်ကို ပို၍ ရက်စက်သင့်ပေသည်။

သူ၏ ဆရာတူညီမလေးနှင့် ဆရာ‌ဒေါ်လေးကျိုးကျိုးတို့၏ ပုံရိပ်များပေါ်လာခြင်းမှာ သဘာဝကျသော်လည်း အဘယ်ကြောင့် အဆိပ်မ၏ ပုံရိပ်ပါ ပေါ်လာရသနည်း။
‘ ကျွတ်… အဆိပ်မကတော့ အဆိပ်မ ပါပဲ ’

Comment

  1. Paing Nyein Soe says:

    အတွဲတွေများနေတာက အပေါ်က လက်ကမြင်းတာကိုး😂

Leave a Reply

Options

not work with dark mode
Reset