ပြည်ထောင်စုကြီးထဲမှ လူတိုင်းမှာ ထိတ်လန့်ကြောက်ရွံ့နေကြ၏။ အင်္ဂါဂြိုဟ်ပေါ်မှ ကျင့်ကြံသူများ အားလုံးမှာလည်း တုန်လှုပ်ချောက်ချားနေကြရပြီ ဖြစ်သည်။ သူတို့၏ စိတ်ထဲတွင် ကြောက်စိတ်များသာ ကြီးစိုးနေကြသည်။ တာအိုနန်းတော်မှ ကျင့်ကြံသူများပင်လျှင် သွေးပျက်နေကြရပြီ ဖြစ်သည်။
သူတို့အားလုံးမှာ တိုက်ခိုက်ချင်စိတ် မရှိတော့ဘဲ အသားများ တဆတ်ဆတ် တုန်ရီနေကြ၏။ သူတို့မှာ ယခင်တုန်းက အဆုံးမဲ့မျိုးနွယ်စု ကျင့်ကြံသူများနှင့် ရုပ်သေးရုပ်များကို လျစ်လျူရှုထားခဲ့ကြသည်။ သို့သော် ယခုတွင်မူ ယခုတွင်မူ တာအိုဘုန်းတော်ကြီးယိုရန်မှာ သေမင်းတာအို စစ်သင်္ဘောကြီးနှင့် အပြီးတိုင် ပေါင်းစည်းသွားပြီး သူ၏ အကြံအစည်များကို ထုတ်ပြောလိုက်ပြီဖြစ်ရာ သူတို့မှာ ဆက်၍ ဟန်ဆောင်မနေနိုင်တော့ပေ။
ထို့အပြင်…ဝမ်ပေါင်လဲ့ကြောင့်သာ မဟုတ်ပါက တာအိုဘုန်းတော်ကြီးယိုရန်မှာ စောစောတုန်းက သူတို့၏ သက်စောင့်စွမ်းအားများနှင့် ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို စုပ်ယူပစ်ခဲ့မည်သာ ဖြစ်သည်။ ထို့ကြောင့် ယခုတွင်မူ တာအိုနန်းတော် ကျင့်ကြံသူများမှာ နှုတ်ဆိတ်နေကြပြီး ခံစားချက်မျိုးစုံ ရောယှက်နေသည့် မျက်ဝန်းများဖြင့် အာကာသကြီးထဲသို့ လှမ်းကြည့်နေကြတော့သည်။
ထို ကျင့်ကြံသူများသာမက အင်္ဂါဂြိုဟ် ကျင့်ကြံသူများနှင့် ပြည်ထောင်စုကြီးထဲမှ လူများအားလုံးမှာလည်း တာအိုဘုန်းတော်ကြီးယိုရန်၏ ဧရာမ ခန္ဓာကိုယ်ကြီးအား စိုက်ကြည့်နေကြ၏။ သူသည် ဝမ်ပေါင်လဲ့၏ ရှေ့တွင် မိုးထိုးလုမတတ် မြင့်မြားနေပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို လှုပ်ခတ်ပစ်နိုင်စွမ်း ရှိနေသည့်ပုံ ပေါက်နေသည်။ သူ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ယခင်တုန်းအတိုင်း ကျောချမ်းဖွယ်ရာကောင်းနေဆဲ ဖြစ်ပါသော်လည်း သူ၏ စွမ်းအားများမှာမူ… သိသိသာသာ ပြောင်းလဲသွားပြီဖြစ်သည်။
” ကျိယွဲ့…. ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ တာအိုဘုန်းတော်ကြီးယိုရန် ပြောင်းလဲသွားရသည်မှာ ကျိယွဲ့ကြောင့် ဖြစ်ကြောင်း သူက သိထား၏။ ထို့အပြင် သူသည် တာအိုဘုန်းတော်ကြီးယိုရန်၏ စကားသံ ပြောင်းလဲသွားသည်ကိုလည်း သတိထားမိနေသည်။ သူ၏လေသံမှာ စက်ရုပ်တစ်ရုပ်နှင့် တူနေပြီး သတ္တုပစ္စည်းများ အချင်းချင်း ရိုက်ခတ်နေသည့် အသံများလည်း ထွက်ပေါ်နေသေးသည်။ သို့ဖြစ်ရာ သူ၏ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံမှာ လုံးဝ ပြောင်းလဲသွားသည့်ပုံပင်။
သူ ထိုသို့ ပြောင်းလဲသွားနိုင်ရန် ပေးဆပ်ခဲ့ရသည့် အရာများကို ဝမ်ပေါင်လဲ့က မသိထားပေ။ သို့သော်ငြားလည်း တာအိုဘုန်းတော်ကြီးယိုရန်၏ စွမ်းအားများမှာ ယခင်တုန်းကထက် သိသိသာသာပို၍ တိုးတက်လာပြီဖြစ်ကြောင်း သူက နားလည်ထား၏။ ဝမ်ပေါင်လဲ့မှာ အမှောင်အဆောင်ပစ္စည်းကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံရတော့မည်ဟု ခံစားနေရဆဲပင်။
တာအိုဘုန်းတော်ကြီးယိုရန်နှင့် သေမင်းတာအို စစ်သင်္ဘောကြီး ပေါင်းစည်းသွားစဉ်ကတည်းက တိုက်ပွဲကြီး၏ အခြေအနေမှာ ပြောင်းလဲသွားခြင်း ဖြစ်သည်ဟုပင် ဆိုနိုင်ပေသည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ဝမ်ပေါင်လဲ့အား စဉ်းစားတွေးတောနေရန် အချိန်မပေးပေ။ သူ၏ စကားသံကြီး အာကာသထဲ၌ ပဲ့တင်ထပ်သွားသည်နှင့် သူသည် ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား လက်ညှိုးထိုးလိုက်ပြီးနောက် ချက်ချင်းတိုက်ခိုက်လိုက်တော့သည်။
ထိုတိုက်ကွက်မှာ လင်းလက်တောက်ပလာခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး သူ၏ လှော်တက်မီးအိမ်အား သူ၏ရှေ့၌ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အမှောင်မီးတောက်များ ချက်ချင်းဆိုသလို ထွက်ပေါ်လာပြီး သူ၏ရှေ့တွင် မီးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွား၏။ သူ၏ ခြေထောက်အောက်တွင်ရှိနေသော အမှောင်သမ္ဗန်ကြီးမှာမူ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်သည်။ ထိုအချိန်တွင် သူ၏ရှေ့တွင် ရှိနေသည့် ဟင်းလင်းပြင်ကြီးမှာ တစ်စစီ ကြေမွပျက်စီးသွား၏။ ထို့နောက် လေထဲတွင် မိုးခြိမ်းသံတစ်သံ ပဲ့တင်ထပ်သွားကာ ထို ဟင်းလင်းပြင်ကြီးထဲမှ နွယ်ပင်ပေါင်းမြောက်များစွာ ထိုးထွက်လာကြပြီး ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
ထို နွယ်ပင်များဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ ဟင်းလင်းပြင်ကြီးမှာ ခြောက်သွေ့ရှုံ့တွသွားရသည်သာ ဖြစ်သည်။ နောက်ဆုံးတွင် ထို နွယ်ပင်များမှာ ဝမ်ပေါင်လဲ့၏ အမှောင်မီးတောက်အား ရိုက်ခတ်သွား၏။
ထိုအခါ အရာအားလုံးကို တိုက်ဖျက်ချေမှုန်းနိုင်ခဲ့သည့် အမှောင်မီးတောက်မှာ ယခုတွင် ပြိုင်ဘက်ကောင်း တစ်ယောက်နှင့် ပထမဆုံးအကြိမ်အဖြစ် ရင်ဆိုင်ကြုံတွေ့လိုက်ရ၏။ ၎င်းတို့နှစ်ခု တစ်ခုနှင့်တစ်ခု ထိပ်တိုက်တွေ့သွားကြသောအခါ အမှောင်မီးတောက်မှာ ထို နွယ်ပင်များကို အလျင်အမြန် မီးလောင်တိုက်သွင်းနေပါသော်လည်း ၎င်းကိုယ်တိုင်မှာလည်း တဖြည်းဖြည်းနှင့် မှေးမှိန်လာနေပြီ ဖြစ်သည်။ ထို့ကြောင့် စက္ကန့်အနည်းငယ်အတွင်းတွင် အမှောင်မီးတောက်မှာ လုံးဝငြိမ်းသွားတော့သည်။ မီးကျွမ်းနေသည့် နွယ်ပင်များမှာမူ တွန့်လိမ်လူးလွန့်နေကြပြီး ၎င်းတို့ဆီမှ အစို့အညှောက်အသစ်များ ထိုးထွက်လာကြသည်။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ဒုတိယအကြိမ်အဖြစ် ဆက်လက် ဦးတည်လာပြန်သည်။
ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများ မှေးသွားပြီး သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ကြီးထဲမှ နွယ်ပင်များ ထပ်၍ ထိုးထွက်လာပြီး အာကာသကြီးထဲသို့ ဦးတည်သွားကြတော့သည်။ ၎င်တို့မှာ လေထဲတွင် ယိမ်းနွဲ့နေကြသည့် လက်တံရှည်ကြီးများနှင့် တူပြီး ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေကြပြီဖြစ်သည်။ ၎င်းတို့မှာ သူ့အား ပတ်ပတ်လည်မှ ဝန်းရံကာ ဖမ်းဆီးချုပ်နှောင်ပစ်တော့မည့်အလားပင်။
တာအိုဘုန်းတော်ကြီးယိုရန်၏ တိုက်ကွက်မှာ ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိပေ။ သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာကာ ရှေ့သို့လှမ်းလာပြီး သူ၏ ဘယ်ဘက်လက်ကို မြှောက်လိုက်ပြန်သည်။ ထို့နောက် သူသည် လက်သီးကျစ်ကျစ်ပါအောင် ဆုပ်ကာ ဝမ်ပေါင်လဲ့အား အားပါပါ လှမ်း၍ ထိုးနှက်လိုက်၏။ ထိုလက်သီးချက်မှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်သည့်ပုံ ပေါက်နေ၏။
လေထဲတွင် နွယ်ပင်ပေါင်းမြောက်များစွာ ယိမ်းနွဲ့နေကြ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား ဝိုင်းထားလိုက်ကြပြီးနောက် သူ့အား ဖမ်းဆီးချုပ်နှောင်ပစ်တော့မည် ဖြစ်သည်။ တာအိုဘုန်းတော်ကြီးယိုရန်၏ လက်သီးမှာလည်း အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေပြီး ဝမ်ပေါင်လဲ့ပေါ်သို့ အရှိန်အဟုန်ဖြင့် ကျဆင်းလာနေ၏။
ဝမ်ပေါင်လဲ့မှာမူ အသက်အန္တရာယ်ကြီးနှင့် ရင်ဆိုင်နေရပြီဖြစ်ကြောင်း ခံစားလိုက်ရသဖြင့် မျက်နှာအမူအရာ ပျက်သွားရတော့သည်။
နွယ်ပင် တစ်ချောင်းချင်းစီတိုင်းမှာ အလွန်အင်မတန်မှ မာကျောကာ တောင့်တင်းခိုင်မာမှုအပြည့် ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ အမှောင်မီးတောက်ဖြင့် ထိုနွယ်ပင်များအား မီးရှို့ဖျက်ဆီးနိုင်စွမ်း ရှိပါသော်လည်း ၎င်းတို့မှာ မရေမတွက်နိုင်လောက်အောင် များပြားနေပြီး သူ၏ အမှောင်မီးတောက်များမှာမူ အရေအတွက် အကန့်အသတ်နှင့်သာ ရှိနေသည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ၎င်းတို့အားလုံးအား မဖျက်ဆီးနိုင်ဘဲ ဖြစ်နေရ၏။
ပို၍ဆိုးသည်မှာ ထို နွယ်ပင်များမှာ အပြီးတိုင် ပျက်စီးသွားခြင်းမရှိပါက အကောင်းအတိုင်း ပြန်ဖြစ်လာခြင်းပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်များ ကျဆင်းသွားရ၏။ ထို့အပြင် တာအိုဘုန်းတော်ကြီးယိုရန်ဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်အားကောင်းသော စွမ်းအားများကြောင့်လည်း ဝမ်ပေါင်လဲ့မှာ ပို၍ စိတ်သောက ရောက်လာရတော့သည်။
” ငါ ဒီနေရာမှာ ဆက်ပြီးတော့ တိုက်ခိုက်နေလို့မဖြစ်ဘူး… ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ သူသည် ထိုနေရာတွင်သာ ဆက်လက်တိုက်ခိုက်နေမည် ဆိုပါက အင်္ဂါဂြိုဟ်ကြီးအပေါ် ဘေးထွက်ဆိုးကျိုးများ သက်ရောက်နိုင်ခြေရှိကြောင်း နားလည်ထားသည်။ သူတို့၏ တိုက်ကွက်များကြောင့် ထိုဂြိုဟ်ကြီးမှာ ပျက်စီးသွားနိုင်ပေသည်။ တစ်ချိန်ထဲမှာပင် အင်္ဂါဂြိုဟ်မှာ အရွယ်အစားကြီးမားသော ဂြိုဟ်ကြီးတစ်လုံး ဖြစ်နေသည့်တိုင်အောင် နေအဖွဲ့အစည်း တစ်ခုလုံးထဲတွင် သူ သူ၏စွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်နိုင်စွမ်းရှိသော နေရာ မဟုတ်သေးပေ။
” ငါ ဒီနေရာကနေ ထွက်ခွာသွားမှ ဖြစ်မယ် ” ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဘေးပတ်ပတ်လည်မှ နွယ်ပင်များ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာသည်ကို ကြည့်ရင်း ဆုံးဖြတ်ချက်ချလိုက်၏။ ထို့နောက် သူသည် မီးအိမ်လှော်တက်အား အမှောင်သမ္ဗန်ကြီးပေါ်သို တင်လိုက်သောအခါ ထို အဆောင်ပစ္စည်း နှစ်ခု တို့ထိသွားသည့်အသံမှာ လေထဲ၌ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။ ထို့နောက် ဝမ်ပေါင်လဲ့မှာ အမှောင်ဂိုဏ်း၏ ရှုပ်ထွေးသော မန္တန်များကို တရစပ် ရွတ်ဆိုနေလိုက်တော့သည်။
သူ ထိုမန္တန်များအား ရွတ်ဆိုလိုက်သည်နှင့် အမှောင်ဝတ်ရုံပေါ်တွင် တော်ဝင်ညွှန်ကြားရေးမှူး၏ မျက်နှာ ပေါ်ပေါက်လာပြီး မီးအိမ်လှော်တက်ထဲမှ ကောင်ကလေး၏ လူရိပ် ထွက်ပေါ်လာ၏။ ထို ကောင်ကလေး၏ မျက်နှာအမူအရာမှာ ကြောက်မက်ဖွယ်ရာကောင်းနေပြီး အမျက်ဒေါသများနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။ ထို့နောက် သူသည် အသံကုန် အော်ဟစ်လိုက်သဖြင့် မီးအိမ်လှော်တက်ပေါ်ရှိ မီးအိမ်လေးမှာ ရုတ်တရက်ဆိုသလို ကွဲအက်သွားတော့သည်။
ထိုအခါ ထို မီးအိမ်လေးထဲမှ အမှောင်မီးတောက်များမှာ အပြင်သို့ ထိုးထွက်လာ၏။ ထို အမှောင်မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ၎င်းတို့၏ အရေအတွက်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ မီးတောက်အရေအတွက်ထက် အများကြီးပို၍ သာလွန်နေသည်။ သူသည် အမှောင်မီးတောက်၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ်ထပ်၍ ထုတ်လွှတ်နိုင်ရန် သူ၏ မီးအိမ်လှော်တက်အား စတေးလိုက်ခြင်း ဖြစ်သည်။
အနက်ရောင် မီတောက်များမှာ ကြေမွပျက်စီးသွားသည့် မီးအိမ်လေးထဲမှ ထိုးထွက်လာကာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် စုဝေးသွားကြပြီး မျက်စိတစ်မှိတ်အတွင်းတွင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ၎င်းမှာ မီးတောင်တစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင်။ ထိုသို့ဖြင့် အနက်ရောင် မီးတောက်များမှာ ဘေးပတ်ပတ်လည်ရှိ နွယ်ပင်များအား ရိုက်ခတ်သွားကြတော့သည်။
ထိုအခါ ကောင်းကင်ယံထဲတွင် မိုးခြိမ်းသံများဖြင့် ပြည့်နှက်သွား၏။ နွယ်ပင်များမှာ တောင့်တင်းခိုင်မာပါသော်လည်း ဝမ်ပေါင်လဲ့မှာ အမှောင်မီးတောက်တိုက်ကွက်အား နောက်ထပ်တစ်ကြိမ်ထပ်၍ ထုတ်သုံးနိုင်ရန် အများကြီး ပေးဆပ်ထားခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုနွယ်ပင်များမှာ ၎င်းအား ယှဉ်နိုင်စွမ်းမရှိဘဲ ၎င်းတို့အများစုမှာ ချက်ချင်းဆိုသလိုပင် ပြာကျသွားကြ၏။ သို့သော် အမှောင်မီးတောက်များမှာလည်း အနည်းငယ်ခန့် အားလျော့သွားရသဖြင့် တာအိုဘုန်းတော်ကြီးယိုရန်၏ လက်သီးချက်ကြီးအား ယှဥ်နိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ခဏအကြာတွင် ထိုမီးတောက်များမှာ လေပြင်းတစ်ချက် တိုက်ခံလိုက်ရသည့် သစ်ရွက်ကြွေများကဲ့သို့ လွင့်စင်ပျောက်ကွယ်သွားတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန်၏ လက်သီးချက်ကြီးမှာမူ အမှောင်မီးတောက် မီးပင်လယ်ကြီးအား ထိုးခွင်းသွားပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်သည်။
သူ၏ လက်သီးချက် ဝမ်ပေါင်လဲ့ပေါ်သို့ ကျရောက်ခါနီး ဆဲဆဲမှာပင် တော်ဝင်ညွှန်ကြားရေးမှူးမှာ အသံကုန်အော်ဟစ်လိုက်သည်။ ထိုအခါ အမှောင်ဝတ်ရုံမှာ ချက်ချင်းဆိုသလိုပင် ပူဖောင်းတစ်လုံးကဲ့သို့ ဖောင်းကားသွားပြီး ဝမ်ပေါင်လဲ့အား အကာအရံကြီးတစ်ခုအဖြစ် ကာကွယ်ပေးထားလိုက်၏။ တာအိုဘုန်းတော်ကြီးယိုရန်၏ လက်သီးချက်မှာမူ ထိုဝတ်ရုံကြီးပေါ်သို့ ကျရောက်သွားသည်။
ထိုအခါ လေထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး အမှောင်ဝတ်ရုံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရ၏။ တော်ဝင်ညွှန်ကြားရေးမှူး၏ မျက်နှာကြီးမှာမူ မှုန်ဝါးဝါးဖြစ်သွားရပြီး ဝမ်ပေါင်လဲ့မှာလည်း ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရ၏။ ထို့နောက် ထိုရိုက်ခတ်မှု ပြင်းအားများမှာ သူ၏ ခြေထောက်အောက်တွင် ရှိနေသော အမှောင်သမ္ဗန်ကြီးအား တွန်းထုတ်ပေးလိုက်သလို ဖြစ်သွားသည်။ ထို့ကြောင့် ၎င်းမှာ မီးပင်လယ်ကြီး၏ အပြင်ဘက်သို့ ထိုးထွက်သွားကာ သူ့အား ဝန်းရံနေသည့် နွယ်ပင်များအား ကျော်ဖြတ်သွားပြီးနောက် ခပ်လှမ်းလှမ်းရှိ ကြယ်ရောင်စုံများ လင်းလက်တောက်ပနေသော ကောင်းကင်ယံထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ထိုနေရာတွင် ရပ်တန့်သွားခြင်းမရှိဘဲ ကြယ်တာရာများဆီသို့ ဆက်လက်ဦးတည်သွား၏။
” ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများ မှေးသွား၏။ သူသည် သူ၏လက်သီးအား ပြန်လည်ရုပ်သိမ်းလိုက်ခြင်း မရှိပေ။ ၎င်းမှာ ယုံကြည်နိုင်ဖွယ်ရာမရှိလောက်အောင် ရှေ့သို့ ဆက်လက်ဆန့်ထွက်လာပြီးနောက် ဝမ်ပေါင်လဲ့၏နောက်သို့ လိုက်သွားတော့သည်။
သူ၏ လက်ချောင်းများမှာလည်း ဆက်တိုက်ဆိုသလို ဆန့်ထွက်လာနေသောကြောင့် ထိုမြင်ကွင်းကြီးမှာ အော်ဂလီဆန်စရာ ကောင်းလွန်းနေ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းခရီးစဉ်အား စလျှောက်ခဲ့သည့် အချိန်ကတည်းက တိုက်ပွဲပေါင်းမြောက်မြားစွာနှင့် ကြုံတွေ့ခဲ့ဖူးပြီးသားဖြစ်ရာ အတွေ့အကြုံ ရင့်သန်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏နောက်သို့ တစ်ချက်ပင်လှည့်မကြည့်ဘဲ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် ရေရွတ်လိုက်၏။
” မီးအိမ်လှော်တက်လေး။ တစ်ရက်ရက်ကျရင် ငါ မင်းကို ပြန်ပြီးတော့ ဖန်တီးပေးပါ့မယ် ” တစ်စစီ ပျက်စီးနေပြီဖြစ်သော မီးအိမ်လှော်တက်၏ အထက်တွင် ရစ်ဝဲနေသည့် ကောင်ကလေးမှာမူ ငိုမဲ့မဲ့ ဖြစ်နေသည်။ သူသည် ထိုစကားကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့အား ပြန်၍ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ သူတို့၏ နောက်မှလိုက်လာသော ဧရာမလက်ကြီးအား စိုက်ကြည့်နေရင်း မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာတော့သည်။ နောက်ဆုံးတွင် သူသည် ဝမ်ပေါင်လဲ့၏ စိတ်ကူးထဲမှ ကျိန်စာတစ်ခုကို ရွတ်ဆိုလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ ထိုမီးအိမ်လှော်တက်အား သူ၏လက်ထဲမှ လွှတ်ချလိုက်တော့သည်။ ကောင်ကလေး၏ ဝိညာဉ်မှာ ထိုအဆောင်ပစ္စည်းထဲသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် ထိုမီးအိမ်လှော်တက်ကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ လက်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။
မီးအိမ်လှော်တက်ထဲမှ အဖျက်အဆီး စွမ်းအင်လှိုင်းများ အဆက်အပြတ် ထွက်ပေါ်လာနေပြီဖြစ်သည်။ ထို့နောက် ခဏအကြာတွင် ထို လှော်တက်မှာ ပေါက်ကွဲသွားတော့သည်။ ထိုပေါက်ကွဲမှုမှာ မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ လက်ကြီးအား ရပ်တန့်ပစ်လိုက်၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏နောက်သို့ ဆက်လိုက်သွားရန် ဆန္ဒပြင်းပြနေသည့်တိုင်အောင် ရွေးချယ်စရာ မရှိတော့ပေ။ မီးအိမ်လှော်တက်မှာ မည်မျှပင် ထိခိုက်ပျက်စီးနေစေကာမူ အရည်အသွေး ကောင်းမွန်သော နတ်ဘုရားလက်နက်တစ်ခု ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်း၏ ချိန်သားကိုက် ပေါက်ကွဲသွားမှုကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုတိုက်ကွက်အား ရှောင်တိမ်းနိုင်ရန် နောက်သို့ ဆုတ်ခွာသွားလိုက်ရတော့သည်။
လေထဲတွင် ပေါက်ကွဲသံများ အဆက်မပြတ် ထွက်ပေါ်လာပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်မှာ ရပ်တန့်ခံလိုက်ရပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။ အမှောင်သမ္ဗန်ကြီးမှာ အရှိန်ကုန်မြှင့်တင်ကာ အဝေးသို့ ပျံသန်းထွက်ခွာသွားနေဆဲပင်။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာမူ စူးရှတောက်ပနေ၏။ လက်ရှိတွင် သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား ယှဉ်နိုင်ဦးမည်မဟုတ်ကြောင်း သူက သိထားသည်။ သို့ဖြစ်ရာ ဤတိုက်ပွဲကြီး၏ အခြေအနေအား ပြောင်းလဲပစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ နေအဖွဲ့အစည်းထဲရှိ အကြီးမားဆုံးသော ဂြိုဟ်၏ အားဖြည့်မှုများကို ရယူရန် ဖြစ်သည်။ ထို့အပြင်… ပလူတိုဂြိုဟ်မှ ဆင့်ခေါ်သံကြီးလည်း ရှိနေသေးသည်။
သူသည် လက်ရှိတွင် ကျိယွဲ့မှာ သူ့အား ပြည်ထောင်စုကြီးထက် ပို၍ အရေးပါသည့် ပစ်မှတ်တစ်ခုအဖြစ် သဘောထားနေလောက်သည်ဟု လောင်းကြေးထပ်နေခြင်းဖြစ်၏။ အကယ်၍ သူသည် ကျိယွဲ့နှင့်သာ မတိုက်ခိုက်ခဲ့ဖူးပါက ယခုလို သေချာနေမည်မဟုတ်ပါသော်လည်း သူမ၏ လက်ချောင်းတိုက်ကွက်ကြီးထဲမှ စွမ်းအားများကို စုပ်ယူခဲ့ပြီးနောက် သူ၏ ဆုံးဖြတ်ချက်အား အနည်းငယ်ခန့်ပို၍ ယုံကြည်မှုရှိလာပြီ ဖြစ်သည်။
ထို့အပြင် သူသည် ကျိယွဲ့၏ အကျင့်စရိုက်ကိုလည်း ထည့်တွက်ထားသေးသည်။ သူမကဲ့သို့ တစ်ကိုယ်ကောင်းဆန်ပြီး ကိုယ်ကျိုးကိုသာ ကြည့်တတ်သည့် လူတစ်ယောက်မှာ လူမှုအဖွဲ့အစည်းတစ်ခုကို အသုံးပြု၍ သူ့အား ခြိမ်းခြောက်နေမည်မဟုတ်ပေ။ သူမသည် ထိုကဲ့သို့သော လုပ်ရပ်မျိုးမှာ ကလေးဆန်လွန်းနေမည်ဟု မှတ်ယူထားမည်သာ ဖြစ်သည်။
Good