Switch Mode

အခန်း (၇၂၁)

ယိုရန်၏ ပုံသဏ္ဍာန်အစစ်အမှန်

ဝိညာဉ်သုံးခု၏ တေးသီဆိုသံများ မိုးကောင်းကင်ထဲ၌ ပဲ့တင်ထပ်သွားကြသောအခါ ကောင်းကင်ယံကြီးမှာ မှောင်မိုက်သွားပြီး အနက်ရောင်လေပြင်းများ စတင်တိုက်ခတ်လာ၏။ သို့ဖြစ်ရာ အမှောင်အဆောင်ပစ္စည်း၏ စွမ်းအားများကြောင့် မြေကြီးအပေါ်သို့ ထိုးထွက်လာကြသည့် အနက်ရောင်မီးခိုးငွေ့များမှာ အရပ်မျက်နှာအနှံ့သို့ ပို၍ပင် မြန်ဆန်စွာ ပျံ့နှံ့သွားတော့သည်။ သို့ဖြစ်ရာ ထိုတိုက်ပွဲကြီးအား စောင့်ကြည့်နေကြသည့် လူတိုင်းမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ ကောင်းကင်ယံကြီး အနက်ရောင်မီးခိုးများဖြင့် ပြည့်နှက်နေသော ပင်လယ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။

ထို မီးခိုးငွေ့ပင်လယ်ကြီးမှာ ‌မြေပြင်နှင့် မိုးကောင်းကင် နှစ်ခုစလုံးကို လွှမ်းခြုံထားသောကြောင့် အင်္ဂါဂြိုဟ်ကြီးမှာ ယခင်တုန်းက ပုံစံနနှင့် လုံးဝမတူတော့ပေ။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်ရှိ အမှောင်မီးတောက်များမှာ ဝင်းလက်တောက်ပလာ၏။ ထို အေးစက်စက် အပြာရောင် မီးတောက်များထဲတွင် စကြဝ‌ဠာကြီး၏ ဥပဒေသများ ကိန်းအောင်းနေသကဲ့သို့ပင်။

၎င်းတို့ကြောင့် အမှောင်ပင်လယ်ကြီးမှာ ၎င်း၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ တားဆီး၍ မရနိုင်သော အမြန်နှုန်းမျိုးဖြင့် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ထိုးထွက်လာကြပြီး သူ့အား လွှမ်းခြုံသွားတော့မည့်ပုံပင်။

နေရာအနှံ့တွင် ကြောက်မက်ဖွယ်ရာကောင်းသော မိုးခြိမ်းသံများဖြင့် ပြည့်နှက်နေ၏။

တာအိုဘုန်းတော်ကြီးယိုရန်မှာ အမှောင်ပင်လယ်ကြီးဆီမှ ထွက်ပြေးလွတ်မြောက်နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်ပါသော်လည်း အချည်းနှီးပင်။ ထို့ကြောင့် သူသည် ကြောက်ရွံ့တုန်လှုပ်ကာ မျှော်လင့်ချက်များ ပျက်သုဉ်းသွားရပြီဖြစ်သည်။ နောက်ဆုံးတွင် သူသည် အသံကုန် အော်ဟစ်လိုက်ပြီးနောက် အပြင်းအထန် ကြိုးစားရုန်းကန်ကာ တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။

အမှောင်ပင်လယ်၏ လှိုင်လုံးများမှာ အရာအားလုံးကို ရိုက်ခတ်လွှမ်းခြုံသွားတော့မည် ဖြစ်သည်။ ထိုလှိုင်းလုံးမှာ သူ့ပေါ်သို့ ကျရောက်လာခါနီးတွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ ခန္ဓာကိုယ်ကိုပေါ်ရှိ မျက်နှာများအားလုံးကို ဖောက်ခွဲပစ်လိုက်ပြီး သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ကြိုးစားလိုက်တော့သည်။ ထိုအချိန်တွင် သူသည် အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် လေပူဖောင်းလေးတစ်လုံးကဲ့သို့ ဖြစ်နေ၏။

ထို မျက်နှာများအားလုံး၏ ပေါက်ကွဲမှုအားများကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ ခန္ဓာကိုယ်ထဲ၌ တန်ပြန်အားတစ်ခုကို ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ပါးစပ်ထဲမှ သွေးများစီးကျလာပြီး ဆံပင်များ ဖွာလန်ကြဲသွားရသည်။ သူ၏ အဝတ်အစားများမှာလည်း တစ်စစီ စုတ်ပြဲသွားပြီဖြစ်သလို သူ၏ မျက်ဝန်းများထဲတွင်ထဲတွင်လည်း ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ ထိုအချိန်တွင် မုန်းတီးစိတ်များနှင့် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည့် သူ၏ စကားသံကြီး ထွက်ပေါ်လာတော့သည်။

” ဝမ်ပေါင်လဲ့။ ငါ အရှုံးမပေးဘူးကွ ”

တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် ထွက်ပြေးနိုင်ရန် ကြိုးစားနေခြင်း မရှိတော့ပေ။ သူသည် ညာခြေထောက်ဖြင့် မြေကြီးပေါ်သို့ အားပါပါ ဆောင့်ချကာ သူ၏ ခန္ဓာကိုယ်အား တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်ပြီးနောက် သူ၏ လက်ခြောက်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ သူသည် သူ၏ သက်‌စောင့်စွမ်းအားများကို စတေးကာ စွမ်းအားများ ထပ်၍ စုဆောင်းနေခြင်း ဖြစ်သည်။ သူသည် အသက်သေသည်အထိ တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။

သူသည် သူ၏ ကျယ်ကြံခြင်းစွမ်းအား အကုန်လုံး၏ တစ်ရာ့နှစ်ဆယ် ရာခိုင်နှုန်းတိတိကို ထုတ်လွှတ်လိုက်သောအခါ သူ၏ မျက်ဝန်းများထဲတွင် ပုံသဏ္ဍာန် အတိအကျမရှိသော အပိုင်းအစများ ပြန်လည်ပေါ်ပေါက်လာတော့သည်။ သူ့အတွက် အလွန်အင်မတန်မှ အဖိုးတန်သည့်ပုံ ပေါ်သော ထို အပိုင်းအစများမှာ ပျက်စီးသွားတော့မည့်ပုံ ပေါက်နေပြီဖြစ်သည်။

သူသည် ဝမ်ပေါင်လဲ့ကြောင့် အသက်အန္တရာယ်နှင့် ကြုံနေရပြီဖြစ်ရာ မည်သည့်အရာကိုမှ ဂရုမစိုက်တော့ဘဲ မျက်စိစုံမှိတ်၍သာ ဆုတောင်းနေလိုက်တော့သည်။ အကယ်၍ ကံကြမ္မာကြီးကသာ သူ့အား မျက်နှက်သာပေးမည်ဆိုပါက သူသည် ဤ အမှောင်ပင်လယ်ကြီး၏ တိုက်ခိုက်မှုကို တောင့်ခံနိုင်မည် ဖြစ်သည်။

ထိုသို့ဖြင့် လေထဲတွင် တအုန်းအုန်းမြည်သံများ အဆက်မပြတ် ပေါ်ထွက်လာ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မလှုပ်မယှက် ရပ်နေဆဲဖြစ်ပြီး အန္တရာယ်ကြီးအား ထိပ်တိုက်ရင်ဆိုင်နေဆဲပင်။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ သူ၏ သက်စောင့်စွမ်းအားများကို ဆက်လက် စတေးနေဆဲဖြစ်သောကြောင့် သူ၏ မျက်ဝန်းများထဲမှ အပိုင်းအစများမှာလည်း တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာကြ၏။ ၎င်းတို့မှာ သူ၏ရှေ့တွင် ဧရာမ ကျောက်တုံးကြီးတစ်တုံးအဖြစ် ပြောင်းလဲသွားပြီး သူ့အား သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည့် အမှောင်ပင်လယ်ကြီး၏ လှိုင်းလုံးကြီးများဆီမှ ကာကွယ်ပေးလိုက်သည်။ ထို့လှိုင်းများမှာ ထို ကျောက်တုံးကြီး၏ တားဆီးမှုကြောင့် သူ၏ရှေ့တွင် ရပ်တန့်သွားကြပြီး ရှေ့သို့ ဆက်မတိုးနိုင်တော့သလို သူ့အား လွှမ်းခြုံသွားနိုင်စွမ်းလည်း မရှိတော့ပေ။

ထိုမြင်ကွင်းကြောင့် တိုက်ပွဲကြီးအား ကြည့်ရှုနေသည့် လူတိုင်းမှာ ကျောချမ်းသွားကြ၏။ ဝမ်ပေါင်လဲ့၏ စွမ်းအားများမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းနေသည့်တိုင်အောင် တာအိုဘုန်းတော်ကြီးယိုရန်မှာ အသက်ရှင်ကျန်ရစ်နေဆဲဖြစ်ပြီး ဝမ်ပေါင်လဲ့၏ စွမ်းအားများကို ခုခံနိုင်စွမ်း ရှိနေသည် မဟုတ်ပါလော။ သို့သော် အမှန်တွင်မူ…. တာအိုဘုန်းတော်ကြီးယိုရန်မှာ အစွမ်းကုန်ထုတ်သုံးထားရခြင်း ဖြစ်သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ရီသွားရပြီး သူ၏ လက်မောင်းများပေါ်တွင်လည်း အက်ကွဲကြောင်းများ စတင်ပေါ်ပေါက်လာ၏။ အမှောင်ပင်လယ်ကြီးမှာ ဂြိုဟ်တစ်လုံး၏ အလေးချိန်ဖြင့် သူ့အား ဖိနှိပ်ထားသကဲ့သို့ ဖြစ်နေသည်ဖြစ်ရာ သူသည် ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့မည်ကို စိုးရိမ်နေရသည်။

” ခဗျားက ခဗျားကြီးရဲ့ ဝိညာဉ်ကို မပေးဘူးဆိုမှတော့လည်း ကျုပ်က ခဗျားကို ဖျက်ဆီးချေမှုန်းရတော့မှာပေါ့ ” ဝမ်ပေါင်လဲ့မှာ အမှောင်သမ္ဗန်ကြီးပေါ်တွင် တည်ကြည်မှုအပြည့်ဖြင့် ရပ်ရင်း တာအိုဘုန်းတော်ကြီးယိုရန်၏ ကြိုးစားအားထုတ်မှုများကို အကဲခတ်နေလိုက်၏။ သူသည် အသံအောကြီးဖြင့် ထိုသို့ ဆိုလိုက်ပြီးနောက် မီးအိမ်လှော်တက်အား ဆုပ်ကိုင်ထားသည့် သူ၏ညာဘက်လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူသည် ထို မီးအိမ်လှော်တက်ဖြင့် တာအိုဘုန်းတော်ကြီးယိုရန်အား ချိန်ရွယ်လိုက်တော့သည်။

ထိုအခါ အမှောင်ပင်လယ်ကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့တွင်ရှိနေသည့် မျက်လုံးဖြင့်မမြင်နိုင်သော အကာအရံကြီးဆီမှ နောက်သို့ ချက်ချင်းဆိုသလိုပင် ပြန်လည်ဆုတ်ခွာလာ၏။ ၎င်း၏ လှိုင်းလုံးများမှာမူ မိုးကောင်းကင်ထဲအထိ မြင့်တက်သွားကာ လက်ချောင်းတစ်ချောင်းအဖြစ် ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။ ထို့နောက် လက်ချောင်း တစ်ချောင်းပြီးတစ်ချောင်း ဆက်တိုက်ဆိုသလို ပေါ်ထွက်လာကြပြီး မျက်စိတစ်မှိတ်အတွင်းတွင် လေထဲ၌ ပေသောင်းဂဏန်းအထိ ရှည်လျားသော ဧရာမ လက်ကြီးတစ်ဖက် ပေါ်ပေါက်လာတော့သည်။

ထိုလက်ဖဝါးကြီးမှာ တာအိုဘုန်းတော်ကြီးယိုရန်အား လှမ်းရိုက်လိုက်၏။

ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများပြူးသွား၏။ ထို့နောက် သူသည် မျှော်လင့်ချက်များ ပျက်သုဉ်းနေသော မျက်ဝန်းနီကြီးများဖြင့် အော်ခေါ်လိုက်တော့သည်။

” သခင်မကြီးကျိယွဲ့။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ကယ်ပါဦးဗျာ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ‌ကြောက်လန့်တကြားဖြင့် အော်ဟစ်မြည်တမ်းနေ၏။ သူသည် အပြင်းအထန် ကြိုးစားရုန်းကန်နေပါသော်လည်း အချည်းနှီးပင်။ ထို ဧရာမလက်ကြီးမှာ သူ၏အနီးသို့ ရောက်ရှိလာပြီးနောက် သူ့အား ရိုက်ခတ်သွားသဖြင့် မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ သူ၏ လက်ခြောက်ဖက်မှာ အသားစများအဖြစ် တစ်စစီ ပေါက်ကွဲသွားပြီး သူ၏ ခြေထောက်များမှာလည်း ကြေမွပျက်စီးသွားရတော့သည်။

သူသည် နောက်ထပ်တစ်ကြိမ် ထပ်၍ အော်ဟစ်ခွင့်ပင် မရလိုက်ပေ။ ထို ဧရာမလက်ကြီးမှာ သူ့ဆီသို့ ထပ်၍ ဦးတည်လာပြီး သူ့အား ဖမ်းချုပ်ထားလိုက်တော့သည်။

ထို့နောက် ၎င်းမှာ ၎င်း၏လက်ဖဝါးကို ညှစ်လိုက်သောကြောင့် တာအိုဘုန်းတော်ကြီးယိုရန်၏ အပြင်ခန္ဓာကိုယ်နှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းနေသည့် ဝိညာဉ်တို့မှာ ချက်ချင်းဆိုသလိုပင် ဖျက်ဆီးချေမှုန်းခံလိုက်ရတော့သည်။

သို့သော် တိုက်ပွဲကြီးမှာ ပြီးဆုံးသွားခြင်း မရှိသေးသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ယခုမှ ပထမဆုံးအကြိမ်အဖြစ် သေဆုံးသွားခြင်း မဟုတ်ပေ။ ထို့ကြောင့် သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ တိုက်ပွဲအစစ်အမှန်မှာ ယခုမှ စတင်သွားခြင်း ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ကောင်းကောင်းကြီး နားလည်ထား၏။

” ဒါမှမဟုတ် ကျိယွဲ့နဲ့ ငါ့ရဲ့ တိုက်ပွဲလို့ပဲ ပြောင်းခေါ်ရမလား… ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများ မှေးသွား၏။ သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ သူ၏ညာဘက်လက်ကိုမြှောက်ကာ သူနှင့် ခပ်လှမ်းလှမ်းတွင် ရှိနေသော နေရာတစ်ခုအား လှမ်း၍ လက်ညှိုးထိုးလိုက်သည်။ ထို့နောက် သူ၏လက်ဖဝါးကို အောက်သို့ ရိုက်ချလိုက်သောအခါ သူ၏ ခြေထောက်အောက်တွင် ရှိနေသော အမှောင်သမ္ဗန်ကြီးမှာ စတင်တုန်ရီလာပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်အား တစ်စစီ ခြေမွှဖျက်ဆီးဖြစ်ခဲ့သော ဧရာမလက်ကြီးမှာလည်း ဝမ်ပေါင်လဲ့၏ ဘေးမှ လိုက်လာ၏။ သူတို့မှာ မိုးကောင်းကင်ကြီးအား ထိုးခွင်းသွားကြပြီးနောက် ပင်မ အင်္ဂါဂြိုဟ်မြို့တော်ထဲရှိ ကောင်းကင်ယံထဲတွင် ပေါ်ပေါက်လာကြတော့သည်။ သူတို့၏ရှေ့တွင်မူ အဆုံးမဲ့မျိုးနွယ်စု သေမင်းတာအို စစ်သင်္ဘောကြီး ရှိနေ၏။

ထို စစ်သင်္ဘောကြီးမှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာသည်နှင့် ချက်ချင်းဆိုသလို လှုပ်ရှားလိုက်၏။ ထိုအခါ မည်သို့မည်ဖုံ ဖြစ်သွားမှန်း မသိပါသော်လည်း ပင်မအင်္ဂါဂြိုဟ်မြို့တော်ထဲတွင် ရှိနေကြသည့် အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များမှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကြတော့သည်။ ၎င်းတို့၏ ခန္ဓာကိုယ်များ ပေါက်ကွဲပျက်စီးသွားရမှ ထွက်ပေါ်လာကြသည့် သွေးစနှင့် အသားစများမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြပြီးနောက် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီး၏ ရှေ့တွင် စုစည်းသွားကြ၏။ ထို့နောက် ၎င်းတို့မှာ တစ်သားတည်းပေါင်းစည်းသွားကာ ဧရာမ အသားလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည့် ဝမ်ပေါင်လဲ့အား ဝင်တိုက်သွားတော့မည် ဖြစ်သည်။

ထိုအသားလုံးကြီး၏ မျက်နှာပြင်ပေါ်တွင် မျက်နှာပေါင်း မြောက်မြားစွာ ရှိနေကြပြီး ၎င်းတို့မှာ သူ နားမလည်သည့် ဘာသာစကားတစ်မျိုးဖြင့် သူ့အား ဆဲရေးတိုင်းထွာနေကြ၏။ သူတို့၏ အော်ဟစ်မြည်တမ်းသံများ လေထုထဲ၌ ပဲ့တင်ထပ်နေကြစဉ် သူတို့၏ စွမ်းအားများမှာလည်း ပေါက်ကွဲထွက်ပေါ်လာကြတော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များကျဉ်းမြောင်းသွားရ၏။ သူသည် သူ၏ ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ ရှေ့သို့ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ အမှောင်ပင်လယ်ကြီးဖြင့် ဖွဲ့စည်းထားသော ဧရာမလက်ကြီးမှာ ထို အသားလုံးကြီးဆီသို့ ဦးတည်ပျံသန်းသွားပြီး ၎င်းအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ထို့ကြောင့် ထစ်ချုန်းသံများမှာ ကောင်းကင်ယံထဲအထိ မြင့်တက်သွားကြ၏။ ထို လက်ကြီးနှင့် အသားလုံးကြီးတို့၏ ရိုက်ခတ်မှုမှာ ပြင်းထန်လွန်းလှသောကြောင့် ဂြိုဟ်ကြီးတစ်ခုလုံးမှာ တုန်ရီသွားရသည်။ ထို့နောက် ထိုအသားလုံးကြီးမှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားပြီး သွေးစအသားစများအဖြစ် ပြန်လည်ပြောင်းလဲသွားရ၏။ အမှောင်ပင်လယ်ကြီးဖြင့် ဖွဲ့စည်းထားသည့် ဧရာမလက်ကြီးမှာလည်း ယိုယွင်းပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ထိုလက်ကြီးအား အဆက်မပြတ် အသုံးပြုနေခဲ့သောကြောင့် ၎င်းမှာ ထိခိုက်ပျက်စီးလာရပြီဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့၏ လက်ရှိကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျနေသောကြောင့် ၎င်းအား အချိန်အကြာကြီး အသုံးပြုနိုင်စွမ်းမရှိပေ။ ထိုမျှသာမက အမှောင်အဆောင်ပစ္စည်းအား တစ်စိတ်တစ်ပိုင်းမျှသာ ပြန်လည်ပြုပြင်ရသေးသည့် အချက်ကြောင့်လည်း ထိုလက်ကြီးမှာ ယခုလို အလျင်အမြန် ပျက်စီးပျောက်ကွယ်သွားရခြင်း ဖြစ်ပေသည်။

ဝမ်ပေါင်လဲ့မှာ အနည်းငယ်ခန့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ၏ အတွင်းကလီစာများမှာလည်း ဗြောင်းဆန်နေပြီ ဖြစ်သည်။ သို့သော် သူသည် အံကြိတ်ကာ အမှောင်မီးတောက်ကို ထုတ်လွှတ်၍ အမှောင်အဆောင်ပစ္စည်းအား ဆက်၍ အသုံးပြုနေလိုက်ပြန်သည်။ ထိုအခါ ပျက်စီးပျောက်ကွယ်စ ပြုနေပြီဖြစ်သော ဧရာမလက်ကြီးမှာ ချက်ချင်းဆိုသလိုပင် ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။ ၎င်း၏ ပစ်မှတ်မှာ သေမင်းတာအို စစ်သင်္ဘောကြီး ဖြစ်ပေသည်။

ထို စစ်သင်္ဘောကြီးမှာ ဤတိုက်ပွဲကြီးတစ်ခုလုံး၏ အဓိကသော့ချက်ဖြစ်ကြောင်း သူက သိထား၏။

ထိုအချိန်တွင် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးမှာ ရုတ်တရက်ဆိုသလို တုန်ရီသွား၏။ ထို့နောက် ထို စစ်သင်္ဘောကြီးထဲမှ ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်မျိုး ထွက်ပေါ်လာသဖြင့် ဝမ်ပေါင်လဲ့မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။ ထိုစွမ်းအားမှာ အားကောင်းလွန်းလှသောကြောင့် စစ်သင်္ဘောကြီးပင်လျှင် စတင်ပျက်စီးလာရ၏။ ထို စစ်သင်္ဘောကြီး၏ အရွယ်အစားမှာ ချက်ချင်းဆိုသလိုပင် သေးငယ်သွားကာ ၎င်းထဲမှ အနက်ရောင်နွယ်ပင်များ ထိုးထွက်လာကြပြီနောက် ၎င်း၏ ပတ်ပတ်လည်တွင် ရစ်ပတ်သွားကြသည်။ ထို နွယ်ပင်များမှာ ဂြိုဟ်ကြီး၏ စွမ်းအင်များကို စုပ်ယူနေသည့်ပုံ ပေါက်နေပြီး ကြီးထွားရှည်လျားလာ၏။ ထိုသို့ဖြင့် အင်္ဂါဂြိုဟ်မြို့တော်ကြီးမှာ သူတို့၏ရှေ့တွင် စတင် ယိုယွင်းပျက်စီးလာတော့သည်။

ထိုဂြိုဟ်ပေါ်တွင် ရှိနေသမျှ ကျင့်ကြံသူအားလုံးမှာ သူတို့၏ ခန္ဓာကိုယ်များထဲမှ သက်စောင့်စွမ်းအားများနှင့် ကျင့်ကြံခြင်းစွမ်းအားများ စုပ်ယူခံနေရသည်ကို ခံစားနေကြရပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့၏ ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုပင် ခြောက်သွေ့ရှုံ့တွသွားကြ၏။ မြေပြင်ကြီးမှာလည်း ထိုနည်းတူပင်။ ဂြိုဟ်ကြီးတစ်ခုလုံးပေါ်ရှိ သက်ရှိများအားလုံး၏ ခန္ဓာကိုယ်များထဲမှ သက်စောင့်စွမ်းအားများမှာ ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ ထိုးထွက်လာကြပြီး လေထဲသို့ မျောလွင့်သွားကာ စစ်သင်္ဘောကြီးဆီသို့ ဦးတည်‌သွားနေကြပြီ ဖြစ်သည်။ ထို စစ်သင်္ဘောကြီး၏ အရွယ်အစားမှာမူ တဖြည်းဖြည်းနှင့် ပို၍ သေးငယ်လာနေ၏။

ထို အဖြစ်အပျက်များကြောင့် လူတိုင်းမှာ အံ့အားသင့်သွားရ၏။ ကျင့်ကြံသူတိုင်းမှာ ကတုန်ကယင်နှင့် တုံ့ပြန်တိုက်ခိုက်နိုင်ရန် အစွမ်းကုန်ကြိုးစားနေပါသော်လည်း အချည်းနှီးပင်။ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ထိုမြင်ကွင်းများကို ဖန််သားပြင်များပေါ်၌ မြင်နေရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ ဖန်သားပြင်များကို စိုက်ကြည့်ရင်း တုန်လှုပ်ချောက်ချားကာ ထိတ်ထိတ်ပျာပျာ ဖြစ်သွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာမူ မျက်နှာအမူအရာ ပြောင်းလဲသွား၏။ ဂြိုဟ်ကြီးတစ်ခုလုံးမှာ အန္တရာယ်နှင့် ကြုံတွေ့နေရပြီဖြစ်ရာ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် အသံကုန်အော်ဟစ်ကာ အမှောင်မီးတောက်များကို ထုတ်လွှတ်လိုက်ပြီး ဧရာမလက်ကြီးအား ထိန်းချုပ်လိုက်၏။ ထို့နောက် သူသည် ထိုလက်ကြီးဖြင့် အဆက်မပြတ် ကျုံ့ဝင်သွားနေသော အဆုံမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီး၏ အစွန်းတစ်ဖက်အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။ နောက်ဆုံးတွင် သူသည် အမှောင်အဆောင်ပစ္စည်းဆီမှ စွမ်းအင်များကို ထုတ်ယူကာ ဧရာမလက်ကြီးအား ထိန်းချုပ်၍ ထို စစ်သင်္ဘောကြီးအား အာကာသထဲသို့ ပစ်လွှတ်လိုက်တော့သည်။

ထိုအခါ မိုးကောင်းကင်ထဲတွင် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာပြီး ထိုအသံကြီးမှာ ဂြိုဟ်ကြီးတစ်ခုလုံးပေါ်၌ ပဲ့တင်ထပ်သွား၏။ အရွယ်အစား သေးငယ်သွားနေသည့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးမှာမူ လေထဲသို့ အားပါပါ ပစ်လွှတ်ခံလိုက်ရသောကြောင့် သက်တံ့‌ကွေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ ၎င်းမှာ မိုးကောင်းကင်ကြီးအား ဖြတ်သန်းကာ အင်္ဂါဂြိုဟ်အပြင်ဘက်သို့ လွင့်ထွက်သွားပြီးနောက် အာကာသထဲသို့ ရောက်သွားတော့သည်။

ထိုအခါ ထို စစ်သင်္ဘောကြီးဆီမှ ထွက်ပေါ်နေခဲ့သည့် စုပ်ယူအားများမှာ သိသိသာသာ လျော့ကျသွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ အနားယူနေရန် အချိန်မရှိသဖြင့် ကြယ်တာရာများဆီသို့ ချကိချင်း ဦးတည်ပျံသန်းသွားလိုက်သည်။ သူသည် ထိုနေရာသို့ ရောက်သွားချိန်တွင် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ကျောချမ်းသွားရတော့သည်။

ထိုစစ်သင်္ဘောကြီး၏ အစိတ်အပိုင်း အများစုမှာခြောက်သွေ့ပျက်စီးကာ ပျောက်ကွယ်သွားကြပြီဖြစ်သည်။ ၎င်း၏ အမြုတေ အကြွင်းအကျန်များကိုမူ နွယ်ပင်များက ဖုံးအုပ်ထား၏။ ထို နွယ်ပင်များမှာ ဆက်လက်ကြီးထွားလာကြပြီးနောက် လူတစ်ယောက်၏ ခြေလက်များနှင့် ခေါင်းတစ်လုံးအဖြစ် ပြောင်းလဲသွား၏။ ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ဦးခေါင်း ဖြစ်ပေသည်။

၎င်း၏အရွယ်အစားမှာ အလွန်အင်မတန်မှ ကြီးမားလွန်းနေ၏။

တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများမှိတ်ထားပြီး သူ၏ မျက်နှာပေါ်တွင် ဖုံးအုပ်ထားသော အနက်ရောင်နွယ်ပင်များမှာ သွေးကြောများကဲ့သို့ ဖြစ်နေ၏။ သူ၏ နဖူးအောက်တွင်မူ အသားပိုကြီးတစ်လုံး ရှိနေပြီး ၎င်းမှာ မရပ်မနား တဒုတ်ဒုတ် ခုန်နေသည့်ပုံပင်။ သို့ဖြစ်ရာ သူ၏ ပုံပန်းသွင်ပြင်မှာ ကြောက်မက်ဖွယ်ရာ ကောင်းနေတော့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးထဲမှ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားများ အဆက်မပြတ်ထွက်ပေါ်နေ၏။

ဝမ်ပေါင်လဲ့မှာ ထို ဘီလူးကြီး၏ ထူးဆန်းအံ့ဖွယ် ပုံပန်းသွင်ပြင်ကြီးအား အကဲခတ်ကြည့်ရှုနေရင်း တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည့်အလား ခံစားနေရ၏။ ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာတော့သည်။

” ငါ့သခင်နဲ့ မင်းရဲ့ ကျေးဇူးကြောင့် နောက်ဆုံးတော့ ငါက သေမင်းတာအိုစစ်သင်္ဘောကြီးနဲ့ တစ်သားတည်း ပေါင်းစည်းသွားနိုင်ခဲ့ပြီ ”

” မင်းကို ကျေးဇူးဆပ်တဲ့အနေနဲ့ ငါ မင်းရဲ့ လူမှုအဖွဲ့စည်းတစ်ခုလုံးကို ဖျက်ဆီးပေးပါ့မယ်။ ပြီးရင် ငါ့ရဲ့သခင်ကို ကျေးဇူးဆပ်ဖို့ အဲဒီ လူမှုအဖွဲ့အစည်းနဲ့ သူ့ကို အာဟာရဖြည့်ပေးရမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset