အခန်း (၁၆)

သဲလွန်စမကျန်ဘဲ အိပ်မက်မက်ခြင်

အခန်း (၁၆) သဲလွန်စမကျန်ဘဲ အိပ်မက်မက်ခြင်း

နောက်ထပ်မြင်လိုက်ရသည့် အရာကြောင့် ဆန်းလျန်အံ့သြ တုန်လှုပ်သွား ရလေသည်။ ထိုအရာမှာ ဝိညာဉ်ငွေ့လေး တစ်ခုဖြစ်လေသည်။ ပန်းရောင်အငွေ့များဖြင့် ဖုံးလွှမ်းနေပြီး မက်မွန်ပန်းလေး သဏ္ဍန်နှင့် ဆင်တူလေသည်။

ထိုဝိညာဉ်ငွေ့လေးမှာ အခန်းထဲမှ ထွက်လာခြင်း ဖြစ်သည်ကို ဆန်းလျန်မြင်လိုက် ရလေသည်။ ဆန်းချင်းစန်းက ထိုဝိညာဉ်ငယ်ကို မမြင်နိုင်သော်လည်း ဆန်းလျန်ကတော့ မြင်နိုင်လေသည်။

ဆန်းလျန်အနည်းငယ် လှုပ်ရှားလိုက်ပြီး ပန်းရောင် ဝိညာဉ်ငယ်လေးကို ဖမ်းလိုက်သည်။ ပေါင်ဒါမှုန့်လေးများလို ထိုဝိညာဉ်ငယ်လေးက ဆန်းလျန်ဆီသို့ ပျော်ဝင်သွားသည်။ အချိန်အနည်းငယ်မျှသာ ကြာလေသည်။ ဆန်းလျန်၏ ရင်ထဲတွင် ကြီးမားသည့် ခံစားချက်လှိုင်းလုံးကြီး မြင့်တက်လာလေသည်။ မိန်းမပျိုလေး တစ်ယောက်၏ ခံစားချက်များပင် ဖြစ်လေသည်။

ဆန်းလျန် သူ၏ဝိညာဉ်ကို ငြိမ်သက်အောင် လုပ်လိုက်ပြီး ပန်းရောင်ဝိညာဉ် စွမ်းအားငယ်လေးကို ဖယ်ထုတ်ပစ်လိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားမှာ မြင့်မားကြောင်း ဆန်းလျန်သိလေသည်။ သို့သော် သူ့ဝိညာဉ်မှာ ခံစားချက် ကင်းမဲ့နေသည့် ဝိညာဉ်တစ်ခု မဟုတ်တော့ပေ။ အနိမ့်အမြင့် အတက်အကျ ခံစားချက်များကို သူခံစားနေရလေသည်။

“လက်တွေ့က စာတွေ့ထက် ပိုကောင်းသည်” ဆိုသည့် ဆိုရိုးအတိုင်းပင်။

ယခု အတွေ့အကြုံအရဆိုလျှင် ဆန်းလျန်မှာ အခြားတစ်ယောက်၏ ဝိညာဉ်ငယ်များအား စုပ်ယူနိုင်စွမ်း ရှိလေသည်။

“စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ်ကို လေ့ကျင့်ခဲ့သည့်အတွက် ဆန်းလျန်၏ ဝိညာဉ်စွမ်းအားမှာ သန့်စင်လေသည်။ သူ့နှလုံးသားမှာ လိုချင်မှုဆန္ဒများမှ ကင်းဝေးပြီး သူ၏စိတ်ဝိညာဉ်မှာ သန့်ရှင်းနေလေသည်။ ထို့ကြောင့်ပင် သူသည် မကောင်းမှု လမ်းကြောင်းသို့ ရောက်ရှိသွားနိုင်လေသည်။

အခြားသော ဝိညာဉ်စွမ်းအား ငယ်လေးများလည်း ရှိနေသေးသည်။ ဘယ်ဘယ်တွင် ရှိနေပြီး အခန်းထဲသို့ဝင်လိုက် ထွက်လိုက်လုပ်နေလေသည်။

ဆန်းချင်းစန်းနှင့် သူ၏ဇနီးဖြစ်သူ ချန်သခင်မကို သူလျစ်လျှူရှုလိုက်ပြီး တံခါးကို ဖြတ်ကျော်ကာ အခန်းထဲသို့ဝင်သွား လိုက်လေသည်။

သူအခန်းထဲသို့ရောက်တော့ အိပ်ရာဘေးတွင် အစေခံ မိန်းကလေးငယ် တစ်ယောက်ကို တွေ့ရလေသည်။ အိပ်ရာ ကိုလွှမ်းခြုံထားသည့် ဇာပဝါခြင်ထောင် ပါးအောက်တွင်တော့ မိန်းကလေးတစ်ယောက် လဲလျောင်းနေလေသည်။ အသားအရေမှာ ဖြူဖျော့နေပြီး အိပ်မောကျနေပုံ ရလေသည်။ ဝိညာဉ်စွမ်းအား ငယ်လေးများမှာ သူမဆီမှထွက်နေ ကြခြင်းဖြစ်လေသည်။

ထိုမိန်းကလေးမှာ ဆန်းရော့ရှီပင် ဖြစ်လေသည်။

လူတစ်ယောက်၏ ဝိညာဉ်မှာ သူ၏ရုပ်ခန္ဓာနှင့် ချည်နှောင် ချိတ်ဆက်ထားသည့် အရာဖြစ်လေသည်။ ဝိညာဉ်စွမ်းအား ငယ်လေးများမှာတော့ လူတစ်ယောက် အိပ်ပျော်နေချိန်တွင် မသိစိတ်မှ ဖြစ်ပေါ်လာသည့် အိပ်မက်ကဲ့သို့သော စွမ်းအားငယ်လေးများ ဖြစ်လေသည်။

ထို့ကြောင့်ပင် လူတစ်ယောက်မှာ အိပ်ပျော်နေချိန်အတွင်း သူတို့ကိုယ်သူတို့ ပြန်မြင်ကြရခြင်း ဖြစ်လေသည်။

အိပ်မက်မက်သည့် အကြောင်းရင်းမှာ ဝိညာဉ်စွမ်းအားငယ်များမှာ ခန္ဓာကိုယ်မှ ထွက်ခွာသွားခြင်း ဖြစ်လေသည်။

သို့သော် ထိုဖြစ်ရပ်မှာ ဆန်းလျန်ပြုလုပ်သည့် ခန္ဓာကိုယ်မှ ဝိညာဉ်လွှင့်ခြင်းနှင့်တော့ လုံးဝတူညီခြင်း မရှိပေ။ ဆန်းလျန်၏ဝိညာဉ်က လွတ်လပ်ပြီး ပြည့်စုံသည်။ သူမြင်သမျှ ကြားသမျှကို ရှင်းလင်းစွာ ခံစားသိမြင်နိုင်သည်။ ပြတ်သားသည့် ဆုံးဖြတ်ချက်များပင် ဆန်းလျန်က ချမှတ်နိုင်လေသည်။ သို့သော် ဝိညာဉ်စွမ်းအား ငယ်လေးများ ထွက်ခွာခြင်းကတော့ လွတ်လပ်ခြင်းမရှိသလို သတိရှိခြင်းလည်း မရှိပေ။

ဆန်းလျန်ကဲ့သို့ ဝိညာဉ်လွှင့်သူများအနေဖြင့် လူများအိပ်ပျော်နေသည့် အချိန်တွင် အိပ်မက်မက်ခြင်းကြောင့် ထွက်ပေါ်လာကြသည့် ဝိညာဉ်စွမ်းအား ငယ်လေးများကို စုပ်ယူမိလျှင် ဝိညာဉ်စွမ်းအား အားကောင်းလာစေလေသည်။

ဆန်းလျန်၏ မျက်ဝန်းထဲတွင် ဆန်းရော့ရှီမှာ ဖြူဖျော့နေရုံသာမက သူမ၏ မျက်ခုံးနှစ်ခုကြားတွင် အစိမ်းရောင် မျဉ်းကြောင်းလေး တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုမျဉ်းကြောင်းလေး ဖြစ်ပေါ်လာရသည့် အရင်းအမြစ်ကို ဆန်းလျန် မသိပါ။

“သူကငါ့ရဲ့ ညီမဝမ်းကွဲ ဖြစ်နေမှတော့ သူဘယ်လို မကောင်းမှုမျိုးကြောင့် နေမကောင ်းဖြစ်နေတာလဲ ကြည့်ပေးလိုက်မယ်”

ဟု ဆန်းလျန်တွေးလိုက်လေသည်။

ဆန်းလျန်၏ ဝိညာဉ်မှာ ဆန်းရော့ရှီအပေါ်တွင် ရစ်ဝဲနေလေသည်။ သူကစိတ်စွမ်းအားကို စုစည်းလိုက်ပြီး ဓားလေးတစ်ချောင်းကို အသုံးပြုနေသည်ဟု အာရုံစိုက်လိုက်ကာ အစိမ်းရောင် မျဉ်းကြောင်းလေးကို ဖြတ်တောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် ဆန်းလျန် ၏ဝိညာဉ်ခန္ဓာသည် မျက်ခုံးနှစ်ခုကြားမှ တစ်ဆင့် ဆန်းရော့ရှီ၏ အတွေးများထဲသို့ ဝင်ရောက်သွားလေတော့သည်။

ဆန်းရော့ရှီမှာ နေ့ခင်းပိုင်း အလည်အပတ် ခရီးတစ်ခုမှ ပြန်လာပြီး ကတည်းက မအီမသာ ဖြစ်နေခြင်း ဖြစ်လေသည်။ အလွန်လည်း မောပန်းနွမ်းနယ် နေသောကြောင့် အိပ်ရာထက်တွင် လှဲနေရလေသည်။

အရွယ်ကောင်းသော မိန်းမပျိုလေးမှာ ဆောင်းဦးရွက်ကြွေ တစ်ရွက်လို ဖျော့တော့ခြောက်သွေ့ နေရလေသည်။ ထိုနေ့ညတွင် သူမ အိပ်တစ်ဝက် နိုးတစ်ဝက်နှင့် ဖြစ်နေပြီး အိပ်ပျော်သွားလေတော့သည်။

သူမအိပ်ပျော် နေစဉ်အတွင်း သူမ၏ဝိညာဉ်မှာ ရုပ်ခန္ဓာမှာ ထွက်ခွာသွားလေသည်။ သူမလန်းဆန်းသွားသလို ခံစားလိုက်ရသည်။

ဆန်းရော့ရှီ မျက်လုံးကို ဖွင့်ကြည့်လိုက်တော့ အခန်းထဲတွင် မည်သူမျှ ရှိမနေသည်ကို တွေ့လိုက်ရလေသည်။

နေရောင်ခြည်က သူမအခန်းထဲသို့ ဖြာကျနေလေသည်။

သူမ အစေခံများကို ခေါ်ယူချင်စိတ်မရှိ။ နှစ်ရက်ခန့် အိပ်ရာထဲတွင် လှဲနေရသဖြင့် ညစ်ပတ်နေသလိုလည်း ခံစားနေရသောကြောင့် အိပ်ရာထက်မှ ထလိုက်လေသည်။

ထိုအခါ သူမဝတ်ထားသည်မှာ ပါးလွှာသည့် အဝတ်လေးဖြစ်ကြောင်း သူမသိလိုက်ရသည်။

သူမအခန်းထဲမှ ထွက်လိုက်သည်နှင့် ပျံသန်းနေသော ငှက်များနှင့် လိပ်ပြာလေးများကို တွေ့လိုက်ရသည်။

ဆော့ကစားချင်စိတ်များ ဖြစ်ပေါ်လာပြီး သူမလိပ်ပြာလေးများ လိုက်ဖမ်းနေမိလေသည်။

လိပ်ပြာလေးများမှာ လွန်စွာမှ လျှင်မြန်ကြသည်။ ဆန်းရော့ရှီလက်ထဲမှာ နှစ်ခါလောက် လွတ်ထွက်သွားကြလေသည်။

ဆန်းရော့ရှီမှာ သတိပြုမိခြင်းမရှိဘဲ ဥယျာဉ်တစ်ခုထဲသို့ ရောက်ရှိလာလေသည်။

သူမမှာ တိမ်ဆိုင်ထဲတွင် လမ်းလျှောက်နေရသလို ယိမ်းယိုင်နေသကဲ့သို့ ခံစားနေရလေသည်။ ရှေ့နားတွင် အဆောက်အဦ တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုအဆောက်အဦကြီးမှာ နေရောင်အောက်တွင် တောက်ပ လင်းလက်နေလေသည်။

ပြတိုက်၏ဘေးနားတွင် ရေကန်ငယ်လေးတစ်ခု ရှိလေသည်။ ရေညှိတက်နေသည့် ကျောက်တုံးများဖြင့် ဝန်းရံထားသည်။ နေရာတိုင်းမှာ ရှင်သန်မှုများနှင့် ပြည့်နေလေသည်။

သူမရပ်နေသည်မှာ နူးညံ့သည့် မြက်လေးများပေါ်တွင် ရပ်နေခြင်းဖြစ်ကြောင်း ဆန်းရော့ရှီသတိပြုမိ လိုက်သည်။

ဒီလောက် ထူးဆန်းကောင်းမွန်သော နေရာလေး သူမတို့အိမ်တွင် ရှိနေသည်ကို သူမ ဘာဖြစ်လို့များ မသိခဲ့ရပါလိမ့်ဟု ဆန်းရော့ရှီ တွေးလိုက်မိသည်။

လှပသော ရှုမျှော်ခင်းများနှင့် အံ့သြဝမ်းသာစရာ အချိန်လေးမှာ သူမနစ်မျော သွားရလေသည်။

ထိုနေရာတွင် သူမ၏ စိတ်ပူပန်စရာများအားလုံး ကင်းစင်လွင့်ပျောက် သွားရလေသည်။

အဆောက်အဦများစွာကို သူမဖြတ်သန်းရင်း အတန်ကြာ လမ်းလျှောက်သွားပြီးနောက် အကြောင်းပြချက် မယ်မယ်ရရ မရှိပါဘဲ သူမဝမ်းနည်း လာမိလေသည်။ လှပသော ရှုမျှော်ခင်များဖြင့် ဝန်းရံနေသော်လည်း သူမမှာ တစ်ယောက်တည်း အထီးကျန်နေသလို ခံစားလာရသည်။

“ငါ သူများရဲ့ ဥယျာဉ်ထဲကို လမ်းမှားပြီး ရောက်လာတာဖြစ်ရမယ် ၊ အခု ငါဘယ်လို ပြန်ရတော့မလဲ”

သူမ တွေးလိုက်မိသည်။

ဆန်းရော့ရှီမှာ မည်သည့်နေရာသို့ ရောက်နေမှန်း မသိတော့ဘဲ ကြောက်လန့်လာလေ တော့သည်။

သူမရှေ့တည့်တည့်တွင် မိုးမခပင် တစ်ပင်ရှိနေပြီး အကိုင်းအခက်များနှင့် အရွက်များ တွဲလောင်းကျနေကာ အစိမ်းရောင် လှိုင်းများကဲ့သို့ ဖြစ်နေလေသည်။

မိုးမခပင် နောက်တွင်တော့ ချောမောလှပသော စာပေသမား လူငယ်လေးတစ်ယောက် ရပ်နေလေသည်။ သူ့မျက်ဝန်းများက အနက်ရောင်ဖြစ်ပြီး နက်ရှိုင်းမှုများဖြင့် ပြည့်နေလေသည်။ သူ့ပုံစံမှာ ထက်မြက်သည့်ပုံရပြီး ကျောက်ဆစ်ရုပ်တု တစ်ခုနှင့်တူလေသည်။

စာပေသမားလူငယ်က ခပ်အေးအေးနှင့်ပင် မိုးမခပင်၏ အကိုင်းတစ်ကိုင်းကို ချိုးယူလိုက်သည်။

ရုတ်တရက် လူတစ်ယောက်က သူ၏ပခုံးကို လာကိုင်လိုက်လေသည်။ ချောမောသည့် လူငယ်တစ်ယောက် သူ့ဘေး တွင်ရပ်နေသည်ကို ကြည့်ရင်း စာပေသမားလူငယ် အံ့သြသွားရလေသည်။ ထိုလူငယ်က တည်ငြိမ်အေးဆေးစွာဖြင့်ပင် သူ့ကိုစိုက်ကြည့် နေလေသည်။ စာပေသမား လူငယ်လေးမှာ စိုက်ကြည့်ခံနေရပြီး ရပ်နေသည့်နေရာမှ တစ်လက်မပင် ရွှေ့လို့မရ ဖြစ်နေလေသည်။

လူငယ်လေးမှာ ဆန်းလျန်ပင် ဖြစ်လေသည်။ စိတ်ဝိညာဉ်မှာ သူ၏စိတ်ဆန္ဒအတိုင်း လိုက်လံပြောင်းလဲနိုင်သည့်အတွက် ဆန်းလျန်၏ပုံစံမှာ သူ၏တကယ့်အရပ်ထက် ပိုပြီးမြင့်မား နေလေသည်။

စာပေသမားလေးက ဆန်းလျန်ကို ပြုံးပြလိုက်ပြီးသည့်နောက်…

အနက်ရောင် လေပွေတစ်ချက်ကို ဆန်းလျန်၏ကိုယ်ပေါ်သို့ အရှိန်ဖြင့် တိုက်ခတ်လာလေသည်။

ဆန်းလျန်မှာ ရှုတ်ထွေးသည့် ခံစားချက်များကို ရုတ်တရက် ခံစားလိုက်ရသည်။ ပျော်ရွှင်မှု၊ ဒေါသ၊ သောက၊ ဝမ်းမြောက် ဝမ်းသာဖြစ်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြောက်လန့်ခြင်းများကို တစ်ပြိုင်တည်း ခံစားလိုက်ရလေသည်။ သူ၏ဝိညာဉ်မှာ ခံစားချက် ဒီရေလှိုင်းများ၏ တိုက်စားခြင်းကို ခံလိုက်ရသည်။

ဆန်းလျန်က သူဆွဲလေ့ရှိသည့် နတ်သမီးပုံကို ပုံဖော်ကြည့်လိုက်သည်။ ခံစားချက် ဒီရေလှိုင်းများမှာ ဆန်းလျန်အပေါ်တွင် သက်ရောက်မှု မရှိတော့။ သူရပ်တည်နေသည်မှာ လှိုင်းနှင့်ဒီရေများ မရောက်နိုင်သည့် ကျောက်ဆောင်ပေါ်တွင် ရပ်တည်နေသကဲ့သို့ ဖြစ်လေသည်။

ဆန်းလျန်ကို ဒုက္ခမပေးနိုင်မှန်း သိသွားသည်နှင့် အနက်ရောင် လေပွေမှာ ပျောက်ကွယ်လေသည်။

ချင်ပြည်နယ်မြို့တော်၏ တစ်နေရာ  …

ခြံဝင်းတစ်ခုထဲတွင် ဝတ်ကျောင်းတော် သေးသေးလေးတစ်ခု ရှိလေသည်။

ထိုဝတ်ကျောင်းတော်ထဲတွင် နတ်ရုပ်တုငါးခု ရှိလေသည်။ ရုပ်တုများရှေ့တွင် ယာဇ်ပူဇော်သည့် နေရာကိုလည်း တွေ့နိုင်လေသည်။ နတ်ရုပ်တုများမှာ အနီရောင်ဝတ်ရုံများကို ဝတ်ဆင်ထားကြပြီး ရက်ဆက်ကြမ်းကြုတ်သည့် ပုံသဏ္ဍာန်များ ရှိကြသည်။

ဘယ်ဘက်တွင်ရှိသည့် ရုပ်တုတစ်ခုမှ အသံများ ထွက်ပေါ်နေလေသည်။ ကြာပွတ်နှင့် အရိုက်ခံရသည့်အတွက် မြင်းများဟီနေသည့် အသံမျိုး ဖြစ်လေသည်။

အတွေ့အကြုံ ကြွယ်ဝသည့် လူတစ်ယောက်ဖြစ်လျှင် ဤဝတ်ကျောင်းတော်မှာ မကောင်းမိစ္ဆာကို လျှို့ဝှက်ကိုးကွယ်မှု ပြုလုပ်သည့် ဝတ်ကျောင်းတော်ဖြစ်ကြောင်း သိရှိမည်မှာ မလွဲပေ။

ဆန်းလျန်မှာ ဝိညာဉ်ဆိုင်ရာ တိုက်ခိုက်မှုများနှင့် ပတ်သက်ပြီး အတွေ့အကြုံ ရှိသူမဟုတ်ပေ။ သို့သော် သူ့ကိုယ်သူတော့ အပြည့်အဝ ကာကွယ်နိုင်လေသည်။ မကောင်းမိစ္ဆာများကို အဝေးသို့ တိုက်ထုတ်နိုင်လေသည်။

ချောမောသော စာပေသမားအသွင်း ပြောင်းထားသည့် မကောင်းမိစ္ဆာတစ်ကောင် ဆန်းရော့ရှီ၏ အိပ်မက်ထဲသို့ ရောက်ရှိနေသည်မှာမှာ ကောင်းသည့်ကိစ္စတော့ မဟုတ်ပေ။

ဆန်းလျန်အချိန်မီ ရောက်ရှိလာပြီး ထိုအရာကို မောင်းထုတ် လိုက်နိုင်သည်မှာ ကံကောင်းထောက်မသောကြောင့် ဖြစ်လေသည်။

မကောင်းမိစ္ဆာ ပျောက်သွားသည်နှင့် ဆန်းရော့ရှီက သူ့ထံသို့ လျှောက်လာလေသည်။

“ဆန်းလျန်”

သူမက အံ့သြစွာဖြင့်အော်ခေါ်လိုက်သည်။

ထိုအချိန်ခဏ အတွင်းမှာပင် အိပ်မက်ကမ္ဘာမှာ အပိုင်းပိုင်း ကွဲကြေသွားပြီး လှပသော ရှုခင်းများမှာလည်း ပြိုကျပျက်စီး သွားရကာ အမှုန်များ ဖြစ်သွားလေတော့သည်။

ဆန်းလျန်မှာ ဆန်းရော့ရှီ၏ အိပ်မက်ထဲမှ လွတ်မြောက်သွားလေသည်။

ဆန်းရော့ရှီမှာ စူးရှစွာအော်ဟစ်ရင်း အိပ်မက်မှ နိုးထလာလေသည်။ သူမနဖူးပြင်တွင် ချွေးများရွှဲနေပြီး အပြင်းအထန် နေမကောင်း ဖြစ်နေရာမှ နိုးထလာခြင်း ဖြစ်သောကြောင့် သူမခန္ဓာကိုယ်မှာလည်း အားမရှိသလို ခံစားနေရလေသည်။

အစေခံ မိန်းကလေးငယ်မှာ ဆန်းရော့ရှီ အိပ်ရာထဲတွင် ထထိုင်သည်ကို မြင်လိုက်ရသည့်အခါ အလွန်ပျော်ရွှင်သွားရသည်။ ဆန်းရော့ရှီက ဆန်းလျန်၏ နာမည်ကို ခေါ်လိုက်သည်ကတော့ ထူးဆန်းနေလေသည်။ ဒါမှမဟုတ် သူမများ နားကြားမှားသည်လား။

သို့မဟုတ် သခင်မလေး ဆန်းရော့ရှီမှာ ဆန်းလျန်အကြောင်း အိပ်မက်မက်နေသည်လား။ မည်သို့ပင်ဆိုစေကာမူ သူမက သခင်မလေးသတိရပြီ ဆိုသည့်အကြောင်းကို သခင်နှင့်သခင်မကို သွား၍အကြောင်းကြားရမည် ဖြစ်လေသည်။

သို့သော် သူမမသွားခင်မှာပင် ဆန်းချင်းစန်းနှင့် ချန်သခင်မ အခန်းထဲသို့ အလောတကြီး ဝင်ရောက်လာကြလေတော့သည်။

ဆန်းရော့ရှီမှာ တကယ်ပင် အားနည်းနေလေသည်။ သို့သော် သူမဘေးမှ လူများအားလုံးကို မှတ်မိလေသည်။

“အမေ သမီးဗိုက်ဆာတယ်”

မိဘများကို တွေ့သည်နှင့် သူမက တီးတိုးပြောလိုက် လေတော့သည်။

“ချင်းစန်း … ရော့ရှီက ဗိုက်ဆာလို့တဲ့”

ချန်သခင်မ ဝမ်းသာအားရ ပြောလိုက်လေတော့သည်။

ထိုအဖြစ်အပျက်များကိုကြည့်ပြီး ဆန်းလျန်၏ဝိညာဉ်မှာ ခံစားချက်ကင်းမဲ့နေသည့်တိုင်အောင် ကျေနပ်မှုဖြင့်ပျော်ရွှင် သွားရလေသည်။ သူပြုံးလိုက်မိလေသည်။

“ဆန်းလျန်…”

သူပြုံးနေသည်ကို တွေ့သည့်အလား ဆန်းရော့ရှီက ရေရွတ်လိုက်လေသည်။

ဆန်းလျန်မှာ ဆန်းရော့ရှီ သူ့ကိုမြင်သွားပြီလားဟု အလန့်တခြား ဖြစ်သွားရကာ နံရံများကို ဖြတ်ကျော်ပြီး ထွက်ခွာ သွားလိုက်မိလေတော့သည်။


Comment

Leave a Reply

Options

not work with dark mode
Reset