လူတိုင်းမှာ သူ့အား စောင့်ကြည့်နေကြ၏။
ဝမ်ပေါင်လဲ့မှာ အမှောင်သမ္ဗန်ကြီးပေါ်တွင် တည်ကြည်မှုအပြည့်ဖြင့် ရပ်နေသည်။ သူ၏ မျက်ဝန်းထဲတွင် တောက်လောင်နေသော အနက်ရောင်မီးတောက်များမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ ကြားရှိ မည်သည့်အရာကိုမဆို ပြာချပစ်တော့မည့် အလားပင်။ ၎င်းမှာ ကမ္ဘာကြီးတစ်ခုလုံးအား သန့်စင်ပေးနိုင်စွမ်းရှိသည့်ပုံ ပေါက်နေ၏။ ဝမ်ပေါင်လဲ့မှာ အမှောင်သမ္ဗန်ကြီးပေါ်တွင် ရပ်ရင်း တာအိုဘုန်းတော်ကြီးယိုရန် အပါအဝင် လူတိုင်း၏ အာရုံခံနိုင်စွမ်းများကို ဖိနှိပ်ချုပ်တည်းထားသည်။
အမှောင်သမ္ဗန်ကြီး၏ ပေါ်ပေါက်လာမှုနှင့်အတူ ဆင်းသက်လာသည့် ဖိနှိပ်ချုပ်တည်းမှု အငွေ့အသက်များကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ မှင်တက်နေရ၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် နောက်သို့ ဆုတ်ခွာသွားလိုက်ရသည်။ သူ ထိုသို့ ထွက်ပြေးဆုတ်ခွာသွားသည်ကို ပြည်ထောင်စုကြီးတစ်ခုလုံးက မြင်လိုက်ရသဖြင့် သူတို့မှာ ဝမ်ပေါင်လဲ့အား ပို၍ပင် အထင်ကြီးသွားကြတော့သည်။
မြေပြင်ကြီးမှာမူ ပထမအကြိမ်တုန်းကထက် ပို၍ပြင်းထန်သော ပြင်းအားမျိုးဖြင့် တုန်ရီနေ၏။ ထို့ကြောင့် နေရာအမြောက်အမြား ကြေမွပျက်စီးသွားရပြီး ချိုင့်ခွက်ကြီးများ ပေါ်ပေါက်လာတော့သည်။ ထို့နောက် မြေကြီးအောက်မှ ဗလုံးဗထွေး ဖြစ်နေသည့် အသံများ ထွက်ပေါ်လာကြသည်။ သို့ဖြစ်ရာ သားရဲသတ္တဝါကြီးများမှာ သဘာဝဥပဒေသများကို ဖီဆန်ကာ ကမ္ဘာမြေကြီးထဲမှ ထိုးထွက်လာကြတော့မည့် အလားပင်။
ထိုအချိန်တွင် ပို၍ပင် အားကောင်းသော အမှောင်ချီ လှိုင်းတစ်လှိုင်းမှာ အပေါ်သို့ ထိုးတက်လာပြီး မြေကြီးထဲရှိ အက်ကွဲကြောင်းများထဲမှ ထိုထွက်လာကာ လေထဲသို့ မြင့်တက်လာသည်။
ထို အမှောင်ချီများမှာ အနက်ရောင် မီးခိုးတန်းများအဖြစ် ပြောင်းလဲသွားသဖြင့် ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာ မည်းနက်သွားရ၏။ ထို့နောက် ၎င်းတို့မှာ ကောင်းကင်ပေါ်သို့ တန်းတန်းမတ်မတ် ထိုးတက်သွားတော့သည်။
ထိုအခါ လေထုထဲတွင် မိုးခြိမ်းသံများ ပဲ့တင်ထပ်လာပြီး လေပြင်းများ စတင်တိုက်ခတ်လာသောကြောင့် မိုးကောင်းကင်ကြီးမှာ ပုံစံ ပြောင်းလဲသွားရ၏။ တိမ်တိုက်များမှာလည်း အဝေးသို့ လွင့်စင်ပျောက်ကွယ်သွားကြပြီဖြစ်သည်။
အနက်ရောင် မီးခိုးငွေ့တန်းကြီးများမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးအား ချိတ်ဆက်ပေးထားသလို ဖြစ်နေ၏။ ထို့ကြောင့် ကမ္ဘာပျက်တော့မည်ဆဲဆဲ အနေအထားသို့ ရောက်ရှိသွားသကဲ့သို့ပင်။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သူ ခံစားနေရသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ ပို၍ အားကောင်းလာသောကြောင့် သူသည်လည်း ပို၍ပင် တုန်လှုပ်ချောက်ချားလာရတော့သည်။
မိုးကောင်းကင်ကြီးမှာမူ အနက်ရောင်မီးခိုးတန်းများ၏ အဆက်မပြတ် တိုက်ခိုက်ခြင်းကို ခံနေရဆဲပင်။ ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၎င်းမှာ လျင်မြန်စွာ လည်ပတ်နေပြီး ထစ်ချုန်းသံများ မြည်ဟည်းနေသည်။ ထို့ကြောင့် အနက်ရောင်မီးခိုးငွေ့များမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး ကောင်းကင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။
ဝမ်ပေါင်လဲ့၏ အငွေ့အသက်များမှာ ဘီလူးကြီးတစ်ကောင်ကဲ့သို့ အရာအားလုံးကို အုပ်မိုးထား၏။ ထိုအချိန်တွင် သူသည် သူ၏ ညာဘက်လက်ကို ပြန်မြှောက်ကာ ကောင်းကင်ကြီးထဲ၌ လည်ပတ်နေသည့် ဝဲကြီးအား လက်ညှိုးထိုးလိုက်တော့သည်။
ထိုအခါ လျှပ်စီးတန်းများ စုဝေးလာကြပြီး ကမ္ဘာမြေကြီးအား အဆက်မပြတ် ပစ်ခတ်သွားကြ၏။ ကောင်းကင်ယံထဲရှိ အနက်ရောင် ဝဲကြီးမှာမူ ရုတ်တရက်ဆိုသလို အောက်သို့ ဆင်းသက်လာကာ ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာပြီး သူ့အား လွှမ်းခြုံသွားတော့သည်။ ထို ဝဲကြီးထဲ၌ ဖြစ်ပျက်နေသည့် အရာများကို မည်သူကမှ မမြင်နိုင်ပေ။ ထို့နောက် ၎င်းမှာ ရုတ်ခြည်းဆိုသလို ကျုံ့ဝင်သွားပြီး ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ လူတိုင်း၏ရှေ့၌ ပြန်လည် ပေါ်ပေါက်လာတော့သည်။ အနက်ရောင် ဝဲကြီးမှာမူ အရွယ်အစား ကျုံ့ဝင်သွားပြီးနောက် အနက်ရောင်ဝတ်ရုံကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ့အား ခေါင်းအစခြေအဆုံး လွှမ်းခြုံပေးထား၏။
ဝမ်ပေါင်လဲ့၏ ပုံပန်းသွင်ပြင်အသစ်ကြောင့် လူတိုင်းမှာ အံ့ဩတုန်လှုပ်သွားရသည်။ အစွမ်းထက် ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ပိုင်ဆိုင်ထားကြသည့် လူများမှာဆိုလျှင် မှင်တက်နေကြရပြီ ဖြစ်သည်။ သူတို့မှာ သေမင်းနတ်ဘုရားကြီးအား စိုက်ကြည့်နေရသလို ခံစားနေကြရသည် မဟုတ်ပါလော။
အမှောင်ဝတ်ရုံ၏ ပေါ်ပေါက်လာမှုနှင့်အတူ ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် ဖိနှိပ်ချုပ်တည်းမှု အငွေ့အသက်များမှာလည်း သိသိသာသာ ပို၍ အားကောင်းလာ၏။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်၏ ပါးစပ်ထဲမှ သွေးများပင် စီးကျလာရတော့သည်။ သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ကြုံနေရပြီဖြစ်ကြောင်း သူက သိထား၏။ သို့သော် သူ မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ အချည်းနှီးပင်။
” အပေါစား လှည့်ကွက်တွေပါ။ ဝမ်ပေါင်လဲ့။ မင်းက ဘာကောင်မလို့လဲကွ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ကတုန်ကယင်နှင့် ဝမ်ပေါင်လဲ့အား အော်မေးလိုက်၏။ သူသည် ထိုမေးခွန်း၏ အဖြေအား တဖြည်းဖြည်းနှင့် ရိပ်မိလာနေပြီဖြစ်ပါသော်လည်း မယုံကြည်ရဲဘဲ ဖြစ်နေရ၏။ ၎င်းမှာ လုံးဝ ဖြစ်နိုင်ခြေမရှိပေ။
” မဟုတ်သေးဘူး။ ငါ ဒီလို ကြောက်လန့်နေလို့ မဖြစ်ဘူး။ သူက…. မှတ်တမ်းတွေထဲမှာ ဖော်ပြထားတဲ့ ပုံစံနဲ့ မတူသေးပါဘူး။ နောက်ထပ်ပစ္စည်းတစ်ခု လိုနေသေး…. ”
သို့သော် သူသည် အဆုံးအထိ မတွေးနိုင်ခင်မှာပင် ထိတ်လန့်တုန်လှုပ်သွားရပြီး နောက်သို့ ဆုတ်မိသွား၏။ သူသည် ဝမ်ပေါင်လဲ့၏ နောက်ထပ်စကားတစ်ခွန်းကို ကြားလိုက်ရခြင်းဖြစ်သည်။
” မီးအိမ်လှော်တက်၊ နေရာယူ ”
အမှောင်ဝတ်ရုံကို ဆင်မြန်းကာ အမှောင်သမ္ဗန်ကြီးပေါ်တွင် ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်အား အောက်သို့ပြန်ချလိုက်၏။ ထိုအခါ ဂြိုဟ်ကြီးတစ်ခုလုံးမှာ အပြင်းအထန် တုန်ရီသွားရတော့သည်။ ထို့နောက် မြေကြီးအောက်မှ အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာပြီး လေထဲတွင် ပဲ့တင်ထပ်သွား၏။ ထိုအသံများမှာ နှစ်ကုဋေကုဋာပေါင်းများစွာ ပိတ်လှောင်ခံထားရပြီးမှ လွတ်ထွက်လာကြသည့်ပုံပင်။
အမှောင်ချီများမှာလည်း မြေကြီးအောက်မှ ပို၍ပင် အားကောင်းစွာ ထိုးတက်လာကြပြီး ကောင်းကင်ပေါ်သို့ ဦးတည်သွားနေကြ၏။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ခြေထောက်အောက်သို့ ရောက်လာခြင်းမရှိသလို ကောင်းကင်ယံထဲတွင် ဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခြင်းလည်း မရှိပေ။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာကြပြီး သူနှင့် လက်တစ်လှမ်း အကွာတွင် ရစ်ဝဲနေကြ၏။
ဝမ်ပေါင်လဲ့၏ ရှေ့တွင် သမုဒ္ဒရာကြီး တစ်စင်းနီးပါး ကြီးမားကျယ်ပြန့်သော အနက်ရောင်မီးခိုးငွေ့များ စုဝေးနေကြပြီဖြစ်ပြီး ၎င်းတို့မှာ တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာကြ၏။ ထို မီးခိုးငွေ့များ ပေါင်းစည်းသွားကြပြီးနောက် ပထမဆုံး ပေါ်ပေါက်လာသည့်အရာမှာ လက်ကိုင်တစ်ခုဖြစ်သည်။ ၎င်းမှာ တဖြည်းဖြည်းနှင့် ရှည်လျားလာပြီး နောက်ဆုံးတွင် လှော်တက်တစ်ချောင်းအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထိုလှော်တက်မှာ ဆက်လက်ပြောင်းလဲနေဆဲဖြစ်ပြီး ၎င်း၏ထိပ်တွင် သံကြိုးတစ်ချောင်း ပေါ်ပေါက်လာ၏။ ထို သံကြိုး၏အဆုံးတွင်မူ…. အနက်ရောင် အလင်းရောင်များ ထုတ်လွှတ်နေသည့် အမှောင်မီးအိမ်တစ်လုံးကို ချိတ်ဆွဲထားသည်။
ထိုအခါ လေထုထဲတွင်ရှိနေသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများမှာ ပို၍အားကောင်းလာသောကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ဆက်လက်တွေးတောနိုင်စွမ်းမရှိဘဲ ဖြစ်သွားရတော့သည်။
ဝမ်ပေါင်လဲ့၏ မျက်နှာတစ်ဝက်မှာ အမှောင်ဝတ်ရုံကြောင့် ကွယ်နေသဖြင့် သူ၏ မျက်နှာအမူအရာကို မည်သူကမှ မမြင်ရပေ။ ထိုအချိန်တွင် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ သူ၏ရှေ့တွင်ရှိနေသော မီးအိမ်လှော်တက်အား လှမ်း၍ဆုပ်ကိုင်လိုက်၏။
ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထို မီးအိမ်လှော်တက်မှာ အလျားလိုက်အနေအထားနှင့် ရှိနေရာမှ ထောင်မတ်သွား၏။ သူသည် ထို မီးအိမ်လှော်တက်အား သူ၏ညာဘက်တွင် ချထားလိုက်သောအခါ ၎င်း၏ ထိပ်မှာ အမှောင်သမ္ဗန်ကြီးနှင့် ထိသွား၏။ ထိုအခါ ဒုတ်ခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
ထိုအသံကြီးမှာ ကြည်လင်ပြတ်သားကာ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားပြီး မြေပြင်ကြီးအား တုန်ရီသွားစေ၏။ ကမ္ဘာကြီးတစ်ခုလုံးမှာ ၎င်းနှင့် စည်းချက်ညီစွာ လှုပ်ရှားနေသကဲ့သို့ပင်။ အင်္ဂါဂြိုဟ်တစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ရီသွားရသဖြင့် အာကာသထဲသို့ တုန်ခါမှုလှိုင်းတစ်လှိုင်း ပျံ့နှံ့သွားရ၏။ ထို့နောက် နားဖြင့် လုံးဝနီးပါး မကြားနိုင်သော တေးညည်းသံနှင့် ဆင်တူသည့် အသံတစ်သံမှာ အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွားသည်။ ထို့နောက် ၎င်းမှာ ဖန်သားပြင်များထဲမှ ထွက်ပေါ်လာပြီး ပြည်ထောင်စုကြီးတစ်ခုလုံးထဲ၌ ပျံ့နှံ့သွားတော့သည်။
မီးအိမ်လှော်တက်နှင့် အမှောင်သမ္ဗန်ကြီးတို့ ရိုက်ခတ်သွားရာမှ ထွက်ပေါ်လာသည့်အသံမှာ အာကာသကြီးထဲ၌ ပဲ့တင်ထပ်နေပြီး ပြည်ထောင်စုလူမှုအဖွဲ့စည်းထဲရှိ လူတိုင်း၏ စိတ်နှလုံးများထဲတွင်မူ ခေါင်းလောင်းသံများ မြည်ဟည်းနေသကဲ့သို့ ဖြစ်နေ၏။ ထိုအသံများမှာ သူတို့၏ အသိစိတ်များထဲတွင်သာမက တာအိုဘုန်းတော်ကြီးယိုရန်၏ အသိစိတ်ထဲတွင်ပါ ပဲ့တင်ထပ်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာရပြီး နောက်သို့ ချက်ချင်းပင်ဆုတ်ခွာသွား၏။ သူ၏ ခန့်မှန်းချက်များမှာ မှန်ကန်နေသည်ဖြစ်ရာ သူသည် ဖြစ်ကြောင်းကုန်စင်အား နားလည်သွားတော့သည်။ ထို့ကြောင့် သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာပြီး မယုံကြည်နိုင်လောက်အောင်ဖြစ်ကာ အသိစိတ်ပျောက်သွားတော့မည့်အလား ဖြစ်နေ၏။ နောက်ဆုံးတွင် သူသည် ပင့်သက်များရှိုက်ကာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
” အမှောင်ကလေးငယ် ”
တာအိုဘုန်းတော်ကြီးယိုရန်၏ စကားသံထဲတွင် မယုံကြည်နိုင်လောက်အောင်ဖြစ်နေသည့် ခံစားချက်များနှင့် ကြောက်ရွံ့တုန်လှုပ်မှုများ ရောယှက်နေ၏။ သူသည် အဆုံးမဲ့မျိုးနွယ်စုထဲရှိ မှတ်တမ်းများထဲတွင် အမှောင်ကလေးငယ်အကြောင်း ဖတ်ရှုထားပြီးသား ဖြစ်ရပေမည်။ အမှောင်ဂိုဏ်းမှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာတုန်းက တည်ရှိခဲ့သည့် ဂိုဏ်းတစ်ဂိုဏ်းဖြစ်သည်။ ၎င်းမှာ ထိုစဉ်တုန်းက မိုးကောင်ကင်တာအိုအား ပိုင်ဆိုင်ထားခဲ့သဖြင့် ဘုန်းမီးနေလတောက်ပခဲ့၏။ သူသည် ထိုမှတ်တမ်းများကို ဖတ်ရှုခဲ့ပြီးနောက် ထို အချက်အလက်များကို ခေါင်းထဲ၌ စွဲနေအောင် မှတ်မိနေသည်။
ဖုန့်ချိုးရန်မှာလည်း အံ့ဩမှင်တက်ကာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ကျောက်ယမုန့်နှင့် သူမ၏ ဖခင်ဖြစ်သူ ကျောက်ပင်ဖန်မှာလည်း ထိုနည်းတူပင်။
သူတို့ကဲ့သို့ အံ့ဩမှင်တက်နေရသည့် နောက်ထပ်လူတယောက်မှာ စကြဝဠာကြီးထဲ၌ ပုန်းကွယ်နေသည့်… ကျိယွဲ့ပင် ဖြစ်သည်။
သူမ ထိုသို့ ဖြစ်နေရခြင်းမှာ ဝမ်ပေါင်လဲ့၏ လက်ရှိ ပုံပန်းသွင်ပြင်ကြောင့် ဖြစ်ပေသည်။ သူ၏ အမှောင်ဝတ်ရုံ၊ အမှောင်သမ္ဗန်ကြီး၊ မီးအိမ်လှော်တက်နှင့် သူ၏ ကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာနေသည် အနက်ရောင်မီးတောက်များကြောင့် သူသည် သေမင်းအား ကိုယ်စားပြုနေသည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်တစ်ယောက် ကြောက်ရွံ့တုန်လှုပ်နေစဉ် ဝမ်ပေါင်လဲ့မှာ ထူးဆန်းစွာ ပြုမူလှုပ်ရှားလိုက်၏။ သူသည် ချက်ချင်း တိုက်ခိုက်ခြင်းမရှိဘဲ ခေါင်းမော့ကာ သူ၏ အမှောင်ဝတ်ရုံအား ဖြတ်၍ ကြယ်တာရာများအား လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။
သူ၏ မျက်နှာတစ်ဝက်ကိုသာ မြင်ရပြီး သူ၏မျက်လုံးများမှာ အမှောင်ဝတ်ရုံနှင့် ကွယ်နေသောကြောင့် မည်သူကမှ သူလှမ်းကြည့်နေသည့် အရာများကို မမြင်နိုင်ပေ။
” လက်စသတ်တော့ ပလူတိုဂြိုဟ်ကိုး…. ” သူသည် မျက်လုံးများ မှိတ်လိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်၏။ သူ မီးအိမ်လှော်တက်အား ဆုပ်ကိုင်လိုက်ပြီး သူ၏ အမှောင်အဆောင်ပစ္စည်းများ နေရာတကျ ပြန်ဖြစ်သွားကြသည့်အချိန်တွင် သူ၏ နှလုံးသားထဲ၌ ခံစားချက်တစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာခဲ့၏။ သူသည် ပျော်ရွှင်မှု၊ အမျက်ဒေါသနှင့် ဝမ်းနည်းမှုတို့ကဲ့သို့သော ခံစားချက်များကို ခံစားနိုင်စွမ်း မရှိတော့ပေ။ သူသည် ဘဝဆိုသည့် အရာကိုလည်း အလေးမထားတော့သလို သေဆုံးခြင်းဆိုသည့် အရာကိုလည်း ဂရုစိုက်မနေတော့ပေ။
ထိုကဲ့သို့သော ခံစားချက်ကြီးမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းပြီး သမုဒ္ဒရာကြီးထဲတွင် မျောလွင့်ကာ လှိုင်းလုံးကြီးများကြား လမ်းပျောက်နေသည့် ဝါးဖောင်ငယ်လေးတစ်ခုနှင့် ဆင်တူပေသည်။ ကံကောင်းစွာဖြင့် ထိုအခိုက်အတန့်တွင် ပလူတိုဂြိုဟ်ပေါ်မှ လှိုင်းတစ်လှိုင်းမှာ အာကာသကြီးကို ဖြတ်ကာ သူ့ဆီသို့ ရောက်ရှိလာ၏။ ၎င်းမှာ မီးပြတိုက်တစ်ခုနှင့် ဆင်တူသလို ကျောက်ဆူးတစ်ခုနှင့်လည်း တူပေသည်။ ၎င်းမှာ သူ၏စိတ်ကို တည်ငြိမ်သွားအောင် ထိန်းသိမ်းပေးလိုက်ပြီး သူ့အား အလင်းရှိရာသို့ လမ်းပြပေးလိုက်တော့သည်။
” ဆင့်ခေါ်သံတစ်သံနဲ့ တူနေတာပဲ ” ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။ သာမန်အခြေနေတွင်သာဆိုလျှင် သူသည် ထိုဆင့်ခေါ်သံအား အာရုံခံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ အမှောင်အဆောင်ပစ္စည်း ပေါ်ပေါက်လာပြီး သူ အမှောင်ဝတ်ရုံအား ဆင်မြန်းကာ မီးအိမ်လှော်တက်အား ဆုပ်ကိုင်၍ အမှောင်သမ္ဗန်ကြီးပေါ်သို့ တက်လိုက်သည့်အချိန်မှသာ ထိုကဲ့သို့ အာရုံခံနိုင်မည် ဖြစ်သည်။
ပလူတိုဂြိုဟ်ပေါ်တွင် အရေးကြီးသည့် အရာတစ်ခု ပုန်းကွယ်နေသည့် ပုံပင်။ ၎င်းမှာ အလွန်အင်မတန်မှ သက်တမ်းရင့်ကာ ရှေးဆန်လွန်းနေ၏။
ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ငြိမ်ကျသွားပြီးနောက် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏အကြည့်အား ပြန်၍ ရုတ်သိမ်းလိုက်၏။ ထို့နောက် သူသည် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်နိုင်အောင် ကြိုးစားကာ သူနှင့်ဝေးရာသို့ ကြောက်လန့်တကြား ဆုတ်ခွာသွားနေသည့် တာအိုဘုန်းတော်ကြီးယိုရန်အား လှည့်ကြည့်ရင်း မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် မီးအိမ်လှော်တက်အား ဆုပ်ကိုင်ထားသည့် သူ၏ညာဘက်လက်ကို ဖြေးညင်းစွာ မြှောက်လိုက်ပြီးနောက် အောက်သို့ပြန်ချကာ ထိုမီးအိမ်လှော်တက်ဖြင့် တာအိုဘုန်းတော်ကြီးယိုရန်အား ချိန်ရွယ်လိုက်တော့သည်။
” ဝိညာဉ်၊ လာစမ်း ”
ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ ရုတ်တရက်ဆိုသလို ကြောက်မက်ဖွယ်ရာကောင်းသည့် အသံကြီးဖြင့် အော်ဟစ်လိုက်၏။ သူ၏ အသိစိတ်ထဲတွင် အသက်အန္တရာယ်နှင့် ကြုံနေရသည်ဆိုသည့် အသိမှလွဲ၍ အခြား မည်သည့်အတွေးမှ မရှိတော့ပေ။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော မျက်နှာများမှာ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားကာ ကြောက်မက်ဖွယ်ရာ စွမ်းအားကြီးတစ်မျိုးအဖြစ် ပြောင်းလဲသွားကြပြီး လေထဲ၌ စုဝေးသွားကြ၏။ သူသည် မန္တန်လက်ကွက်များ အလျင်အမြန်ဖော်လိုက်ပြီး သူ တတ်မြောက်ထားသမျှ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များအားလုံးကို ထုတ်သုံးလိုက်တော့သည်။ သူသည် သူ၏ စွမ်အားများထပ်၍ ရရှိနိုင်ရန် သူ၏ သက်စောင့်စွမ်းအားများကိုပင် စတေးပစ်နေ၏။ သို့သော် သူသည် တိုက်ခိုက်ရန်မဟုတ်ဘဲ ထွက်ပြေးလွတ်မြောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။
သူ၏ ဝမ်းတွင်းအသိစိတ်များမှာ သူ့အား မတိုက်ခိုက်ဘဲ အဝေးသို့ထွက်ပြေးရန် သတိပေးနေသကဲ့သို့ပင်။
သို့သော် အချည်းနှီးပင်။
ဝမ်ပေါင်လဲ့၏ စကားသံကြီး၏ လေထဲ၌ ပဲ့တင်ထပ်သွားသောအခါ အမှောင်သမ္ဗန်ကြီးပေါ်တွင် လူသန်ကြီး၏ မျက်နှာနှင့် အမှောင်ဝတ်ရုံပေါ်တွင် တော်ဝင်ညွှန်ကြားရေးမှူး၏ မျက်နှာ အသီးသီး ပေါ်ပေါက်လာကြ၏။ ထို့နောက် ကောင်ကလေး၏ လူရိပ်မှာ မီးအိမ်လှော်တက်ထဲမှ ထွက်ပေါ်လာသည်။ ထို ဝိညာဉ်သုံးခုမှာ တာအိုဘုန်းတော်ကြီးယိုရန်ဘက်သို့ လှည့်လိုက်ကြပြီးနောက် သီချင်းဆိုလိုက်ကြတော့သည်။
” မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီး ကွဲကွာသွားတဲ့အချိန် ကံကြမ္မာစက်ဝန်း ရပ်လိမ့်မယ်…. ”
” ပစ္စုပ္ပန်မှာ နာကျင်နေရတဲ့လူက အတိတ်ကအကြောင်းကို သိလိမ့်မယ်…. ”
” ပစ္စုပ္ပန်မှာ ကြိုးစားနေတဲ့လူက အနာဂတ်အကြောင်းကို သိလိမ့်မယ်… “