ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် မတ်တတ်ထလာ၏။ ထို့နောက် သူသည် လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး ပျောက်ကွယ်သွားတော့သည်။ ပြင်ပကမ္ဘာထဲတွင်မူ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ ပြောင်းလဲနေပြီဖြစ်ပြီး လေပြင်းများတိုက်ခတ်နေသောကြောင့် တိမ်တိုက်များ လွင့်ပါးပျောက်ကွယ်သွားကြပြီ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ နတ်ဘုရားလက်နက်မြို့တော်သစ်၏ အထက်ရှိ ကောင်းကင်ယံထဲတွင် ပေါ်ပေါက်လာတော့သည်။
သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် နတ်ဆိုးမျက်လုံးပညာရပ်အား အသုံးပြုထားခြင်းမရှိသလို အခြား လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကိုလည်း ထုတ်သုံးထားခြင်းမရှိပေ။ သူသည် တည်ကြည်မှု အပြည့်ရှိသော မျက်နှာအမူအရာဖြင့်သာ လေထဲတွင် ရစ်ဝဲနေ၏။ သို့သော် သူ၏ မျက်ဝန်းများထဲတွင်မူ အနက်ရောင်မီးတောက်များ တောက်လောက်နေသည်။
မီးပင်လယ်ကြီးထဲမှ လွတ်မြောက်လာခဲ့သော တာအိုဘုန်းတော်ကြီးယိုရန်မှာ ထို အနက်ရောင်မီးတောက်များကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်ကာ မှင်တက်သွားရ၏။
ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ သူ့အတွက် အလွန်အင်မတန်မှ ထူးဆန်းနေသည်။ သူသည် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာချပ်ကြီးအား ဆင်မြန်းထားခြင်းမရှိသလို သူ၏နောက်တွင်လည်း နတ်ဆိုးမျက်လုံးများ ရစ်ဝဲနေခြင်းမရှိပေ။ ထို့အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်မှာလည်း ယွမ်ယင်အဆင့်တွင်သာ ရှိသေးသည်ဖြစ်သည်။ သို့သော် ယခုတွင် သူသည် မျက်ဝန်းများထဲ၌ အနက်ရောင်မီးတောက်များ တောက်လောင်နေပြီး မလှုပ်မယှက် ရပ်နေသည့်တိုင်အောင် အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာကောင်းနေသည့်ပုံ ပေါက်နေဆဲပင်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ တစ်ကိုယ်လုံးတုန်ရီသွားရပြီး သူသည် ထိုပုဂ္ဂိုလ်အား အနိုင်ယူနိုင်လိမ့်မည် မဟုတ်ကြောင်း ခံစားလိုက်ရတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်၏ ကူညီထောက်ပံ့မှု မရှိတော့သဖြင့် စစ်မြေပြင်ထဲရှိ နှစ်ဖက်စလုံးမှာ လက်ရည်တူသွားကြပြီ ဖြစ်သည်။ ထိုသို့ လက်ရည်တူသွားရခြင်းမှာ အင်္ဂါဂြိုဟ်၏ ပြုပြင်ပြင်ဆင်မှုများနှင့် ရွပ်ရွပ်ချွံချွံ တုံ့ပြန်တိုက်ခိုက်မှုများကြောင့်ဖြစ်သလို တာအိုနန်းတော် ကျင့်ကြံသူများထဲမှ အဖွဲ့အစည်းတစ်ခုမှာ အင်္ဂါဂြိုဟ်ဘက်သို့ လာရောက်ပူးပေါင်းခဲ့သောကြောင့်လည်း ဖြစ်သည်။ ဒူဂူလင်းဦးဆောင်သည့် ထိုအဖွဲ့စည်းမှာ ပြည်ထောင်စုကျင့်ကြံသူများနှင့် ပူးပေါင်းလိုက်ကြပြီးနောက် အဆုံးမဲ့မျိုးနွယ်စုရုပ်သေးရုပ်များကို ပစ်မှတ်ထား တိုက်ခိုက်နေကြ၏။
သူတို့ အော်ဟစ်နေကြသည့် ကြွေးကြော်သံများကြောင့် အခြား တာအိုနန်းတော် ကျင့်ကြံသူများမှာလည်း သူတို့၏လုပ်ရပ်များကို သံသယဝင်လာကြတော့သည်။ ထို့အပြင် ဖုန့်ချိုးရန်လည်း ပေါ်ပေါက်လာသည်ဖြစ်ရာ သူတို့မှာ ဆုံးဖြတ်ချက် မပြတ်မသား ဖြစ်သွားကြ၏။ ထို့ကြောင့် အင်္ဂါဂြိုဟ်ပေါ်သို့ ကျူးကျော်လာကြသော တာအိုနန်းတော် ကျင့်ကြံသူများမှာ ဘက်ပြောင်းရန် မဆုံးဖြတ်ခဲ့ကြသည့်တိုင်အောင် တဖြည်းဖြည်းနှင့် နောက်သို့ဆုတ်ခွာသွားကြပြီး စစ်ပွဲကြီးထဲ၌ ဝင်မတိုက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
အင်္ဂါဂြိုဟ်ဘုရင်ခံ၊ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့အပါအဝင် ပြည်ထောင်စုကြီး၏ ထိပ်တန်းအဆင့် အရာရှိများမှာ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးမှတစ်ဆင့် တိုက်ပွဲကြီး၏ အခြေအနေအား စောင့်ကြည့်နေကြ၏။ ထိုအချိန်တွင် သူတို့မှာ နတ်ဘုရားလက်နက် မြို့တော်အသစ်၏ အထက်တွင်လည်း နောက်ထပ်တိုက်ပွဲတစ်ပွဲ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရတော့သည်။
သူတို့မှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွား တာအိုဘုန်းတော်ကြီးယိုရန်နှင့် တိုက်ခိုက်ခဲ့သည့် အချိန်မှစ၍ ဘုန်းတော်ကြီးယိုရန် အချုပ်အနှောင်များထဲမှ ပြန်လည်လွတ်မြောက်လာပြီး ယခင်တုန်းက ထက်ပို၍အစွမ်းထက်လာကြောင်း ထုတ်ပြလိုက်သည့် အချိန်အထိ ထိုတိုက်ပွဲကြီးအား မျက်ခြည်မပြတ်တမ်း စောင့်ကြည့်နေခဲ့ကြ၏။ ထို့နောက် သူတို့မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့၏ ပေါ်ပေါက်လာမှုကြောင့် အင်္ဂါဂြိုဟ်တိုက်ပွဲကြီး၏ အရေးပါဆုံး တိုက်ပွဲမှာ ပြောင်းလဲသွားသည့်ပုံပင်။ ယခုတွင် သူနှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့၏ တိုက်ပွဲကြီးမှာ အရေးအကြီးဆုံး တိုက်ပွဲကြီး ဖြစ်နေပြီ ဖြစ်သည်။ လီရှင်းဝမ်၊ သွမ့်မုချွယ်နှင့် အင်္ဂါဂြိုဟ်ဘုရင်ခံတို့မှာ မန္တန်အစီအရင်ကြီးထဲမှနေ၍ အရာအားလုံးကို စောင့်ကြည့်နေကြ၏။ ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ စတင်တိုက်ခိုက်လိုက်တော့သည်။
သူသည် ဝမ်ပေါင်လဲ့ကြောင့် စိတ်ထဲ၌ စိုးရိမ်သောကများ ကြီးထွားလာရသဖြင့် ဆက်လက် စောင့်ဆိုင်းနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်သွားပြီး ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားလိုက်၏။ သူ၏ ခန္ဓာကိုယ်ပေါ်မှ မျက်နှာများမှာမူ အော်ဟစ်မြည်တမ်းနေကြတော့သည်။ သူ့ဆီမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ ကောင်းကင်ပေါ်အထိ ထိုးတက်သွားပြီး ထိုအခိုက်အတန့်တွင် ဝိညာဉ်ကြားခံနယ်အဆင့် ကျယ်ကြံခြင်းစွမ်းအားများထက်ပင် ပို၍ သာလွန်သွား၏။
သူသည် ဝါးဖေါင်ငယ်လေး တစ်ခုဆီသို့ တဟုန်ထိုး ဦးတည်လာနေသည့် ဆူနာမီလှိုင်းလုံးကြီးကဲ့သို့ပင်။ သူသည် ဝမ်ပေါင်လဲ့အား လွှမ်းခြုံကာ သူ့အား သတ်ဖြတ်ချေမှုန်းပစ်တော့မည့် ပုံပေါက်နေ၏။
တာအိုဘုန်းတော်ကြီးယိုရန် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာနေစဉ် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ အမှောင်မီးတောက်များ တောက်ပလာ၏။ သူသည် အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ညာဘက်ကိုမြှောက်၍ မြေပြင်ကြီးအား လက်ညှိုးထိုးကာ ရေရွတ်လိုက်တော့သည်။
” အမှောင်သမ္ဗန်၊ နေရာယူ ”
ထိုအခါ ကမ္ဘာမြေကြီးမှာ တုန်ရီသွား၏။ ထို့နောက် မြေကြီးအောက်မှ အနက်ရောင် မီးခိုးငွေ့များ အတန်းလိုက် ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့အား ဝန်းရံကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားကြ၏။ ၎င်းတို့မှာ မိုးကောင်ကင် အစွန်းအထိ ရောက်ရှိသွားကြသည့်တိုင်အောင် အထက်သို့ ဆက်လက်မြင့်တက်သွားနေဆဲပင်။
ထို မီးခိုးတန်းကြီးများမှာ အလွန်အင်မတန်မှ အားကောင်းသော စွမ်းအားများကို ထုတ်လွှတ်နေ၏။ ၎င်းတို့၏ ရုတ်တရက် ပေါ်ပေါက်လာမှုကြောင့် ဝမ်ပေါင်လဲ့၏ ဘေးပတ်ပတ်လည်တွင် မီးခိုးငွေ့များဖြင့် ပြည့်နှက်သွားပြီဖြစ်သည်။ ၎င်းတို့မှာ အကာအရံတစ်ခုကဲ့သို့ ဖြစ်နေသဖြင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ အပြင်ဘက်တွင် ရပ်တန့်ခံလိုက်ရ၏။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိတ်လန့်တုန်လှုပ်သွားရတော့သည်။ သို့သော် သူသည် ဖြစ်ကြောင်းကုန်စင်အား အကဲမခတ်နိုင်ခင်မှာပင် မသိစိတ်မှနေ၍ မြေပြင်ကြီးအား ငုံ့ကြည့်မိလိုက်၏။
ထိုအခါ အင်္ဂါဂြိုဟ် မြေပြင်ကြီးတစ်ခုလုံးမှာ တုန်ရီသွား၏။ အမှောင်အဆောင်ပစ္စည်းမှ ထုတ်လွှတ်နေသည့် စွမ်းအားများကို လျစ်လျူရှုကာ မိမိတို့၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်နိုင်လောက်အောင် ကျင့်ကြံခြင်းအဆင့် မြင့်မားနေမည်ဆိုပါက မြေကြီးအောက်တွင် ရှိနေသည့်အရာကြီးကို ရှင်းလင်းပြတ်သားစွာမြင်လိုက်ရမည်သာ ဖြစ်သည်။ နတ်ဘုရားလက်နက် မြို့တော်သစ်ကြီး၏ အောက်တွင် ဧရာမ အဆောင်ပစ္စည်းတစ်ခုကို မြှုပ်ထားခြင်း ဖြစ်၏။
၎င်း၏ပုံစံမှာ သမ္ဗန်ကြီးတစ်စင်းနှင့် တူသည်။ ၎င်းမှာ ပျက်စီးဟောင်းနွမ်းနေသည့်ပုံ ပေါ်ပါသော်လည်း ၎င်း၏ ကိုယ်ထည်ပိုင်းမှာ အကောင်းအတိုင်း ရှိနေဆဲပင်။ သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်မည်ဆိုပါက ထို သမ္ဗန်ကြီးမှာ အလွန်အင်မတန်မှ သက်တမ်းရင့်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် ၎င်းမှာ စကားလုံးများနှင့် ဖော်ပြ၍ မရသည့် စွမ်းအားတစ်မျိုးကိုလည်း ထုတ်လွှတ်နေသေးသည်။
ထို သမ္ဗန်ကြီး တုန်ခါသွားသောကြောင့် မြို့တော်ကြီး၏အောက်တွင် တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာရခြင်းဖြစ်၏။ မီးခိုးတန်းများမှာမူ မြေကြီးထဲမှ ဆက်လက် ထွက်ပေါ်လာနေဆဲဖြစ်ပြီး မိုးကောင်းကင်ပေါ်သို့ ထိုးတက်သွားနေကြဆဲပင်။ ၎င်းတို့၏ အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပို၍များလာ၏။
ထို့ကြောင့် ထို အမှောင်သမ္ဗန်ကြီးမှာ မြေပြင်ကြီးကို ထိုးခွင်းကာ မြေပြင်အထက်သို့ တက်လာပြီး အာကာသထဲသို့ ပြန်သွားချင်နေသည့်ပုံ ပေါက်နေတော့သည်။
” ဒါကြီးက…. ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မြေကြီးအောက်တွင် ဖြစ်ပျက်နေသည့် အရာများကို မမြင်နိုင်ပါသော်လည်း တစ်စုံတစ်ခုအား အာရုံခံမိနေ၏။ ထို့ကြောင့် သူသည် ရင်ခုန်နှုန်းများ မြန်ဆန်လာရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရတော့သည်။ ထိုအချိန်တွင်… မြေပြင်ကြီးမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလား ပေါက်ကွဲပျက်စီးသွား၏။ ထို့ကြောင့် လေထဲတွင် ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွားတော့သည်။
နတ်ဘုရားလက်နက် မြို့တော်သစ် ပတ်ပတ်လည်ရှိ မြေပြင်ကြီးမှာ ကြေမွပျက်စီးသွားပြီဖြစ်သည်။ အမှောင်သမ္ဗန်ကြီးမှာမူ အပိုင်းပိုင်း ပြတ်သွားကာ အနက်ရောင်ချီများအဖြစ် ပြောင်းလဲသွားပြီး ကောင်းကင်ပေါ်သို့ ထိုးတက်လာတော့သည်။ ၎င်းတို့မှာ မီးခိုးငွေ့များကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ မျောလွင့်လာကြပြီးနောက် သူ၏ ခြေထောက်တွင် စုဝေးသွားကြ၏။ ထို့နောက် ထို မီးခိုးငွေ့များမှာ အနက်ရောင် သမ္ဗန်ကြီးတစ်စင်းအဖြစ် သွားတော့သည်။
၎င်းမှာ အမှောင်ကလေးငယ်တစ်ယောက်၏ ဘေးမှ တစ်ဖဝါးမှ မခွာသည့် ဓမ္မရတနာသုံးခုထဲမှ တစ်ခုဖြစ်သော… အမှောင်သမ္ဗန်ကြီး ဖြစ်ပေသည်။
၎င်း၏ ပေါ်ပေါက်လာမှုကြောင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ တုန်ခါသွားရပြီး အင်္ဂါဂြိုဟ်ကြီးမှာလည်း တုန်ရီသွား၏။ အာကာသကြီးထဲတွင်လည်း လှိုင်းများ ထနေပြီဖြစ်သည်။ ထိုအချိန်တွင် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး လေထုထဲတွင် အားကောင်းသော အငွေ့အသက်တစ်မျိုး ပေါ်ပေါက်လာ၏။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်ကဲ့သို့ အစွမ်းထက် ကျင့်ကြံသူတစ်ယောက်ပင်လျှင် အံ့ဩတုန်လှုပ်သွားရသည်။ သူသည် အသံကုန်အော်ဟစ်ကာ မလှုပ်မယှက် ရပ်နေနိုင်ရန် ကြိုးပမ်းနေပါသော်လည်း အမှောင်သမ္ဗန်ကြီး၏ အငွေ့အသက်များမှာ အားကောင်းလွန်းနေသောကြောင့် သူသည် နောက်သို့ တွန်းထုတ်ခံလိုက်ရတော့သည်။
အမှောင်သမ္ဗန်ကြီးဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ သက်ရှိများအားလုံးကို တစ်စစီခြေမွှဖျက်ဆီးကာ သတ်ဖြတ်ပစ်နိုင်စွမ်းရှိသော အပြင်စွမ်းအား တစ်မျိုးကဲ့သို့ပင်။
ထိုသမ္ဗန်ကြီး ပေါ်ပေါက်လာသည်ကို မမြင်လိုက်ရလျှင်တောင် အင်္ဂါဂြိုဟ်ပေါ်တွင် ရှိနေသရွေ့ ၎င်း၏ အားကောင်းသော အငွေ့အသက်ကြီးကြောင့် မှင်တက်သွားရမည်သာ ဖြစ်သည်။ ထို အငွေ့အသက်ကြီးမှာ ပြည်ထောင်စု ကျင့်ကြံသူများကိုသာမက တိုက်ပွဲထဲတွင် ဝင်ရောက်တိုက်ခိုက်ခြင်း မရှိသော တာအိုနန်းတော် ကျင့်ကြံသူများကိုပါ လွှမ်းမိုးနိုင်စွမ်းရှိနေ၏။
အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များပင်လျှင် ခန္ဓာကိုယ်များ တုန်ရီနေရပြီ ဖြစ်သည်။ ၎င်းတို့မှာ ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသဖြင့် ၎င်းတို့၏ လှုပ်ရှားမှုများမှာလည်း အမှားမှားအယွင်းယွင်း ဖြစ်လာကြတော့သည်။ မြဲ့လျဲ့ကျိနှင့် အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ အမှောင်သမ္ဗန်ကြီး ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် တာအိုဘုန်းတော်ကြီးယိုရန် မြဲ့လျဲ့ကျိ၏ ခန္ဓာကိုယ်ပေါ်၌ တပ်ဆင်ထားခဲ့သော အချုပ်အနှောင်ကြီးမှာ အားလျော့လာပြီး မတည်မငြိမ် ဖြစ်လာတော့သည်။ ထိုအခိုက်အတန့်တွင် သူ၏ မျက်ဝန်းများမှာ အနည်းငယ်ခန့် ကြည်လင်ပြတ်သားသွား၏။
အင်္ဂါဂြိုဟ်ဘုရင်ခံကဲ့သို့ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးထဲမှ စောင့်ကြည့်နေကြသည့် လူများမှာမူ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားကြသည်။ လီရှင်းဝမ်မှာဆိုလျှင် ထို အမှောင်သမ္ဗန်ကြီးအား ချက်ချင်း မျက်မှန်းတန်းမိလိုက်၏။ ၎င်းမှာ… အင်္ဂါဂြိုဟ်ပေါ်ရှိ လျှို့ဝှက်ဆန်းကြယ် နတ်ဘုရားလက်နက်ကြီး ဖြစ်ပေသည်။
” ငါ ထင်ထားတဲ့အတိုင်းပဲ။ သူက အဲဒီလက်နက်ကြီးကို ပိုင်ဆိုင်ထားတာကိုး ” လီရှင်းဝမ်၏ မျက်ဝန်းများထဲတွင် ပျော်ရွှင်မှုနှင့် စိတ်လှုပ်ရှားမှု အရိပ်အယောင်များ ဖျတ်ခနဲ တောက်ပသွားသည်ကို မြင်နိုင်သည်။ စစ်ပွဲကြီးတစ်လျှောက်လုံးတွင် သူသည် ယခုမှသာ ပထမဆုံးအကြိမ်အဖြစ် မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာခြင်း ဖြစ်သည်။
သွမ့်မုချွယ်၊ လီရှင်းဝမ်နှင့် အင်္ဂါဂြိုဟ်ဘုရင်ခံတို့အားလုံးမှာ စိတ်လှုပ်ရှားနေကြ၏။ ထို သမ္ဗန်ကြီးမှာ အင်္ဂါဂြိုဟ် နတ်ဘုရားလက်နက်ကြီးဖြစ်ကြောင်း သူတို့အားလုံးက ချက်ချင်း မှတ်ယူလိုက်ကြပါသော်လည်း သူတို့၏ဘေးတွင် ရှိနေသည့် လူတစ်ယောက်မှာမူ ပင့်သက်များ ရှိုက်မိသွား၏။
” အမှောက်ဂိုဏ်းရဲ့ သမ္ဗန်ကြီးပဲ ” ထိုသို့ အလန့်တကြား အော်ဟစ်မိလိုက်သူမှာ ပြည်ထောင်စုကြီး၏ နံပါတ်တစ် ဝိညာဉ်သိပ္ပံပညာရပ် သုတေသနပညာရှင်တစ်ယောက်လည်း ဖြစ်သလို အမှောင်ဂိုဏ်းနှင့် ပတ်သတ်သည့် အကြောင်းများကို လေ့လာထားသည့် လူတစ်ယောက်လည်း ဖြစ်သည့် ကျောက်ပင်ဖန် ဖြစ်သည်။
သို့သော် ယခုတွင် သူ၏နှုတ်မှ ထွက်ပေါ်လာသည့် စကားများနှင့် ပတ်သတ်၍ အသေးစိတ်မေးမြန်းနေရန် အချိန်မရှိသောကြောင့် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ တစ်ယောက်ကိုတစ်ယောက် အကဲခတ်လိုက်ကြပြီး ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ကြ၏။ ထို့နောက် လီရှင်းဝမ်မှာ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ မန္တန်လက်ကွက်များ ဖော်လိုက်သည်။ သူသည် လက်ရှိတွင် ဆက်လက်လည်ပတ်နိုင်ရန် ကြိုးစားရုန်းကန်နေရသည့် နေအဖွဲ့စည်း မန္တန်အစီအရင်ကြီးအား အသုံးပြုကာ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးထဲ၌ ဖမ်းယူရရှိခဲ့သော ပုံရိပ်များနှင့် ချိတ်ဆက်လိုက်ပြီး ထိုတိုက်ပွဲကြီးအား ပြည်ထောင်စုကြီးတစ်ခုလုံး မြင်ရအောင် ထုတ်လွှင့်ပြသလိုက်တော့သည်။
ပြည်ထောင်စုကြီးမှာ သေမင်းအား ထိပ်တိုက်ရင်ဆိုင်တွေ့နေရပြီဖြစ်ရာ သူရဲကောင်းတစ်ယောက် လိုအပ်နေပြီဖြစ်သည်။ လက်ရှိတွင် ၎င်း အလိုအပ်ဆုံးသော အရာမှာ မျှော်လင့်ချက် ဖြစ်ပေသည်။
ယခုတွင် ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးလိုအပ်နေသည့် သူရဲကောင်း ဖြစ်နေပြီ မဟုတ်ပါလော။ သူသည် သူတို့အားလုံး၏ မျှော်လင့်ချက်ဖြစ်ပြီး ပြည်ထောင်စုကြီးနှင့် သူတို့၏ လူမှုအဖွဲ့အစည်းအတွက် စွမ်းစွမ်းတမံ တိုက်ခိုက်ပေးနေ၏။
ဤတိုက်ပွဲကြီးအား အနိုင်ရရှိသွားသည်ဖြစ်စေ၊ ရှုံးနိမ့်သွားသည်ဖြစ်စေ၊ လူတိုင်းမှာ ဤတိုက်ပွဲကြီးအကြောင်း သိရှိထားရန် လိုအပ်ပေသည်။ သူတို့အားလုံးမှာ ဤတိုက်ပွဲကြီးအား ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုရန် လိုအပ်ပေသည်။
ထို့ကြောင့်လည်း ခဏအကြာတွင် ကမ္ဘာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် ပြည်ထောင်စုကျင့်ကြံသူများ ရှိနေကြသည့် နေအဖွဲ့အစည်းထဲမှ နေရာတိုင်းရှိ ဖန်သားပြင်တိုင်းပေါ်တွင် ထိုတိုက်ပွဲကြီးအား ထုတ်လွှင့်ပြသလိုက်တော့သည်။
ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ထိုတိုက်ပွဲကြီးအား ကြည့်ရှုရင်း မှင်တက်နေကြစဉ် လီရှင်းဝမ်၏ တည်ကြည်မှုအပြည့်ရှိသော စကားသံကြီးမှာ ဖန်သားပြင်များထဲမှ ထွက်ပေါ်လာပြီး ပြည်ထောင်စုကြီးထဲ၌ ပဲ့တင်ထပ်သွား၏။
” သူက ပြည်ထောင်စုလွှတ်တော်ရဲ့ လွှတ်တော်အမတ်တစ်ယောက်၊ နတ်ဘုရားလက်နက် မြို့တော်သစ်ရဲ့ မြို့တော်သခင်၊ ကျယ်ပြန့်တာအိုနန်းတော်ရဲ့ မဟာထိပ်သီးအကြီးအကဲကြီး၊ လမင်းကြီးရဲ့ ဦးဆောင်သူနဲ့ ပြည်ထောင်စုကြီးရဲ့ အစွမ်းအထက်ဆုံး ကျင့်ကြံသူပဲ ဖြစ်ပါတယ် ”
” သူ့ရဲ့နာမည်က ဝမ်ပေါင်လဲ့ပါ ”
” ဒီတိုက်ပွဲကြီးက ပြည်ထောင်စုကြီးနဲ့ ကျုပ်တို့ရဲ့
လူမှုအဖွဲ့စည်းရဲ့ ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် တိုက်ပွဲကြီးပါ ”
သူ ထိုသို့ကြေညာလိုက်ပြီးနောက် အရာအားလုံးမှာ တစ်ခဏမျှ ငြိမ်ကျသွား၏။ ထို့နောက် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားတော့သည်။ မရေမတွက်နိုင်လောက်အောင်များပြားသော လူပေါင်းများစွာမှာ သူတို့၏ အိမ်များထဲမှ ပြေးထွက်လာကြ၏။ အခြားသူများမှာလည်း ခေါင်းများမော့ကာ ဖန်သားပြင်များကို မော့ကြည့်နေကြ၏။ ထို့အပြင် အံ့ဩတုန်လှုပ်သွားကြသည့် လူများလည်း ရှိနေသလို ကြောက်ရွံ့ထိတ်လန့်ကာ စိုးရိမ်သောက ရောက်နေကြသည့် လူများလည်း ရှိနေသေးသည်..
ထိုအချိန်တွင် သူ၏ မိဘများ၊ ဆရာဟောင်းများ၊ တုမင်နှင့် ဘန်နီလေးတို့ကဲ့သို့သော မိတ်ဆွေများ၊ ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းတူညီအစ်ကိုမောင်နှမများ အားလုံးမှာ ပြည်ထောင်စုကြီးထဲရှိ နေရာအနှံ့အပြားတွင် ရှိနေကြ၏။ သူတို့အားလုံးမှာ အင်္ဂါဂြိုဟ်အား လှမ်းကြည့်ရင်း ခံစားချက်ကိုယ်စီနှင့် ဖြစ်နေကြတော့သည်။
” ပေါင်လဲ့ ”
” ဂိုဏ်းတူအစ်ကိုကြီးပေါင်လဲ့ ”
” ဖက်တီး… ”
” ညီလေးပေါင်လဲ့… ”
ပြည်ထောင်စုကြီးတစ်ခုလုံးထဲရှိ လူတိုင်းမှာ မျက်ခြည်မပြတ် စောင့်ကြည့်နေကြပြီဖြစ်သည်။ ထိုအချိန်တွင် နတ်ဘုရားလက်နက် မြို့တော်သစ်၏ အထက်ရှိ လေထဲတွင်မူ ဝမ်ပေါင်လဲ့မှာ အမှောင်သမ္ဗန်ကြီးပေါ်၌ ရပ်နေ၏။ သူ၏ ပတ်ပတ်လည်တွင် အမှောင်ချီများ ဝန်းရံနေသဖြင့် သူသည် ဤကမ္ဘာကြီးနှင့် မသက်ဆိုင်သည့် လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူသည် တာအိုဘုန်းတော်ကြီးယိုရန်အား နောက်သို့ဆုတ်ခွာသွားအောင် ဖိအားပေးနေစဉ် သူ၏ မျက်ဝန်းများထဲမှ အမှောင်မီးတောက်မှာ နောက်ထပ်တစ်ကြိမ်ထပ်၍ တောက်လောင်လာပြန်သည်။ ထိုအချိန်တွင် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် သူ၏ ညာဘက်လက်ကိုမြှောက်၍ မြေပြင်ကြီးအား လက်ညှိုးထိုးကာ ဆိုလိုက်၏။
” အမှောင်ဝတ်ရုံ၊ နေရာယူ “