တောင်ထိပ်ပေါ်မှ လူတိုင်းက ထိုစကားသံကို ကြားလျှင် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။ ရီဖူရှင်းက ဂူဘိုင်ယွီကို အစေခံအနေဖြင့် လိုချင်နေသည်လား။
ဘယ်လောက် မောက်မာ လိုက်သလဲ။
မှော်ကလန်မှ ဂူဘိုင်ယွီကား ရုပ်ရည်နှင့် ပါရမီနှစ်ခုလုံးတွင် တခြားလူများထက် များစွာ သာလွန် မြင့်မားလှသည်။ မှော်ကလန်မှ ဂူဘိုင်ယွီ၏ အဆင့်က လျိုနိုင်ငံမှ မင်းသမီး လျိုချန်းယွီနှင့် ယှဉ်လို့ရအောင် မြင့်မားသည်။
ရီဖူရှင်းက လျိုချန်းယွီ၏ နောက်လိုက်ဖြစ်ရန် သဘောတူသော်လည်း ဂူဘိုင်ယွီကိုမူ အစေခံအဖြစ် လိုချင်နေသည်။ ထိုအရာက ဂူဘိုင်ယွီက သူ့အား သူမ၏ လက်အောက်ခံ လုပ်ရန် ကမ်းလှမ်းမှုအတွက် တုံ့ပြန်မှုလား။ ဂူဘိုင်ယွီ၏ နောက်မှ တချို့လူများက နားမလည်သလို ကြည့်နေစဉ်မှာ တခြားလူများက သူ့ကို ဒေါသတကြီး ကြည့်ကြသည်။ ရီဖူရှင်းက အတည် ပြောနေသည်လား။ ကျိစီမိုလည်း အံ့အားသင့် သွားသည်။ ဤကောင်လေး၏ သတ္တိနှင့် ယုံကြည်မှုက မည်သည့်နေရာက လာသနည်း။
လျိုချန်းယွီက ထိုမြင်ကွင်းကို ကြည့်ကာ ပြုံးလိုက်သည်။ ဂူဘိုင်ယွီ မည်သို့ ပြန်ပြောမည်ကို သူမ စိတ်ဝင်စားမိသည်။ သို့သော်လည်း ဂူဘိုင်ယွီကား အနည်းငယ် အံ့အားသင့် သွားရုံမျှသာ ဖြစ်သည်။ ရုတ်တရက် သူမက ဆွဲဆောင်မှုရှိစွာ ပြုံးလိုက်သည်။ သူမက ရီဖူရှင်းကို စိုက်ကြည့်လျက် ပြောသည်… “နင်က ငါ့ကို နင့်ဆီ ခစားစေချင်တာပေါ့….” သူမ၏ လေသံက အလွန် သိမ်မွေ့နူးညံ့ကာ လူအများ၏ စိတ်နှလုံးကို သာယာကြည်နူးမှုကို ပေးသည်။ မှော်ကလန်မှ တပည့်များက သူတို့ စိတ်ရှိသလို ပြုမူနေထိုင် ကြသော်လည်း သူတို့ကို အခွင့်အရေးယူရန် ကြိုးစားသူများကား ဆိုးရွားသော အကျိုးဆက်များကို ခံစားကြရလေ့ရှိသည်။
“မိန်းမလှတစ်ယောက်က ခစားတာ သဘောမကျတဲ့လူ ရှိလို့လား…” ရီဖူရှင်းက ဂူဘိုင်ယွီကို ပြုံးလျက် ပြောသည်။ လူအများကား ပြောစရာစကား မရှိတော့ပေ။ ဤကောင်လေးကား အလွန်ရဲတင်းလှသည်။ အားနည်းသော အခြေအနေတွင် ရှိသည့်တိုင် သူက ဂူဘိုင်ယွီကို အစေခံအဖြစ် ဘယ်လိုလုပ် သဘောထားရသနည်း။ အရှေ့မြေရိုင်းဒေသတွင် ထိပ်သီး အင်အားစုများ၏ အတော်ဆုံး ပါရမီရှင်များပင်လျှင် ဂူဘိုင်ယွီကို အစေခံအဖြစ် သဘောမထားရဲပေ။
“ဒါပေမဲ့ ငါက နင့်ကို ငါ့ရဲ့လက်အောက်ခံ အနေနဲ့ပဲ ဖြစ်စေချင်တယ်…” ဂူဘိုင်ယွီက ရယ်မောလိုက်သည်… “ဒါဆို နင်က ငါ့လက်အောက်ခံလား ဒါမှမဟုတ် ငါက နင့်ရဲ့ အစေခံလား…”
“ကောင်းပြီ… ဒီပြဿနာ တစ်ခုပဲမလား…” ရီဖူရှင်းက သူမကို ကြည့်သည်… “မင်း ဘယ်လိုထင်လဲ…”
“အလောင်းအစားတစ်ခု လုပ်ရင် ဘယ်လိုလဲ….” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်… “တကယ်လို့ နင်က အလောင်းအစားမှာ ရှုံးရင် နင်တစ်ယောက်တည်းသာ မဟုတ်ဘူး သူလည်း ငါ့လက်အောက်ကို လာရမယ်…” သူမက လျိုချန်းယွီဘေးမှ ရီဝူချင်းကို ပြုံးလျက် ပြောသည်။ လျိုချန်းယွီ၏ လက်ထဲမှ လူများကို လုယူရမည်မှာ အလွန်ပျော်စရာ ကောင်းလွန်းလှသည်။
“တကယ်လို့ နင်ရှုံးရင်ရော …” ရီဖူရှင်းက ပြုံးလိုက်သည်။
“နင့်ကို ခစားမှာပေါ့… နင်ပြောသလို…” ဂူဘိုင်ယွီက ညုတုတုပြောသည်။ သူမ၏ မျက်လုံးများက အလွန်အမင်း လှပလွန်းကာ အသက်ဝင်လွန်း လှသည်။ လို့လန်မြို့သို့ သွားစဉ်က ချန်ယန်၏နောက်ကို လာပါလာသော ယွီလင်းလောင်သည်လည်း ဆွဲဆောင်အား ကောင်းလှသည်။ သို့သော် ဂူဘိုင်ယွီကား သူမနှင့် ခြားနားသည်။ ယွီလင်းလောင်၏ ရုပ်ရည်နှင့် ကိုယ်အမူအရာက ဂူဘိုင်ယွီနှင့် မနှိုင်းယှဉ်နိုင်ပေ။ ဂူဘိုင်ယွီကား နတ်သမီးတစ်ပါးလို လှပညက်ညောသည်။ သူမ၏ လှုပ်ရှားဟန်တိုင်းနှင့် အပြုံးများက ကြီးစွာသော ညှို့ငင်အားကို ပေးသည်။ သူမ၏ သိမ်မွေ့သော ကိုယ်အမူအရာက မြင်သူအပေါင်းအား သာယာယစ်မူးစေသည်။ အမှန်တွင်လည်း သူမက အရှေ့မြေရိုင်း ဒေသတွင် လျိုချန်းယွီထက် ပိုးပန်းသူ များသည်။
“ဘယ်လို အလောင်းအစားမျိုးလဲ…” ရီဖူရှင်းက ပြုံးလိုက်သည်။ သူမက တွင်းတူးထားပြီး ဖြစ်ကာ ယခု ရီဖူရှင်းက ခုန်ဆင်းရန် စောင့်စားနေသည်။
“ဒီတောင်ထိပ်မှာ ကံစွမ်းအား အရင်းအမြစ်တွေ အများကြီးပဲ… ငါတို့က ဒါတွေကို စစ်မြေပြင်အနေနဲ့ သဘောထားမယ်… တစ်ဖက်စီက လူသုံးယောက်ကို ရွေးပြီး ယှဉ်ပြိုင်စေမယ်… စိန်ခေါ်ပွဲသုံးပွဲ ပြီးသွားရင် ရလဒ်က ထွက်ပေါ်လာလိမ့်မယ်… နင် ဘယ်လိုထင်လဲ….” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။ လူအများအပြားက ဂူဘိုင်ယွီ၏ နောက်မှ လူများကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးမှာ ထူခြား ထက်မြက်သော ပါရမီရှင်များ ဖြစ်ကြသည်။
ဂူဘိုင်ယွီ၏ စကားကို ကြားလျှင် ရီဖူရှင်းက ထူးဆန်းသလို ကြည့်သည်။ ကံစွမ်းအား အရင်းအမြစ်များကို စစ်မြေပြင်အဖြစ် သဘောထားမည်တဲ့လား။ ထိုအရာများက သူ့အတွက် မခက်ခဲပေ။
“စိတ်ကူးကောင်းပဲ…” ရီဖူရှင်းက ပြုံးလျက် ပြောသည်။ ဂူဘိုင်ယွီက ယွန်ရှင်းမိုထက် အစေခံလုပ်ရာတွင် ပိုအဆင်ပြေလောက်သည်။ သူမလည်း ထွက်မပြေးဖို့ သူမျှော်လင့်၏။
ရီဖူရှင်းက ချက်ချင်း သဘောတူသည်ကို မြင်လျှင် ဂူဘိုင်ယွီက ပြုံးလိုက်သည်။ ဤအုပ်စုကား သူမ၏ လက်အောက်ငယ်သားများ ဖြစ်လာတော့မည်မှာ သေချာလှပေသည်။
“ကျုပ်လည်း ဝင်ပါလို့ မရဘူးလား… တကယ်လို့ မင်းရှုံးရင် ကျုပ်ရဲ့ အစေခံလုပ်…” ကျိစီမိုက ဂူဘိုင်ယွီအား ပြုံးလျက် ပြောသည်။
“ဒါပေမဲ့ ငါနင့်ကို စိတ်မဝင်စားဘူး…” ဂူဘိုင်ယွီက ကျိစီမိုကို ကြည့်ကာ ရီဖူရှင်းကို ကြည့်သည်… “နင်က ရုပ်လည်း မချောဘူး….” (so sad :3 )
ကျိစီမို၏ မျက်နှာ ပျက်ယွင်းသွားသည်။ တခြား လူများလည်း ဆွံ့အသွားကြသည်။
ဂူဘိုင်ယွီက ရီဖူရှင်းကို ပြုံးလျက် ပြောသည်… “နင်က အရင် နေရာရွေး….”
“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ယူချင်းက ရီဖူရှင်း ဆိုလိုသည်ကို နားလည်ကာ စည်တော်များ ရှိနေရာသို့ လျှောက်သွားလိုက်သည်။ ယူချင်း၏ နာမည်ကို ကြားလျှင် မူလကတည်းက တောက်ထိပ်ကို ရောက်နေသူများ၏ အမူအရာများ ပြောင်းသွားသည်။
ဂူဘိုင်ယွီက ရီဖူရှင်းအတွက် ထောင်ချောက် ဆင်ထားသော်လည်း ပထမပွဲတွင်ပင် ဂူဘိုင်ယွီ ရှုံးရပေတော့မည်။
ယူချင်း၏ ကိုယ်ရောင်ကိုယ်ဝါက ကြမ်းတမ်းစွာ ထွက်ပေါ်လာကာ သူက စည်တော်များအား အလွန်ရုန့်ရင်း ကြမ်းတမ်းစွာ အဆက်မပြတ် တီးခတ်လိုက်သည်။ ယူချင်းက စည်တော်ကို ကိုးချက်တိတိ အဆက်မပြတ် တီးခတ်လိုက်သည်။ ကြောက်မက်ဖွယ် သံစဉ်အားလှိုင်းက လေထုကို တုန်ခါနေသည်။ ဂူဘိုင်ယွီ၏ မျက်လုံးက လင်းလက်သွားသည်။ အလွန်ပြင်းထန်သော စည်တော်သံကိုးချက်က အဆက်မပြတ် ထွက်ပေါ်လာနေသည်။ ထိုသို့လုပ်နိုင်ရန်ကား အလွန်ခက်ခဲလှသည်။ ဂူဘိုင်ယွီ၏နောက်မှ မည်သူမှ ထိုသို့ မတတ်နိုင်ပေ။ ပရိသတ်များ ခန့်မှန်းထားသလိုပင် ဤတစ်ကြိမ်တွင် ဂူဘိုင်ယွီ ရှုံးနိမ့်ပြီဖြစ်သည်။
“ငါအရှုံးပေးတယ်…” ဂူဘိုင်ယွီက သတိဝင်လာကာ တောက်ပစွာ ပြုံးလိုက်သည်။ ယူချင်းကလည်း ရီဝူချင်းလိုပင် ပါရမီကောင်းမွန်သည်ဟု သူမ မထင်ထားပေ။ ဤသို့ဆိုလျှင် ရီဖူရှင်းတို့ တစ်အုပ်စုလုံးက သူမ၏ လက်အောက်ကို ရောက်လာပါက သူမအတွက် အကူအညီ အလွန်ဖြစ်ပေမည်။ ကလန်တွင် သူမ၏ အဆင့်အတန်းက ပိုမို မြင့်မားလာမည် ဖြစ်သည်။
မှော်ကလန်အတွင်းမှ ပြိုင်ဆိုင်မှုကား အလွန်ပြင်းထန်သည်။ စွမ်းအားမြင့်သူများ၏ အကူအညီရခြင်းက သူမ၏ နေရာကို တည်တံ့ခိုင်မြဲစေသည်။ သူမက လူမျိုးစုံ၏ စိတ်နေ စိတ်ထားများကို ထိန်းချုပ်နိုင်စွမ်း ရှိသည်ဟု မိမိကိုယ်ကို ယုံကြည်သည်။ ရီဖူရှင်းတို့အုပ်စုက လျိုချန်းယွီကို၏ နောက်ကိုပင် လိုက်သည်ဆိုပါက သူမကလည်း သူတို့ကို ထိန်းချုပ်နိုင်မည်ဟု ယုံကြည်သည်။
“ဒုတိယ စိန်ခေါ်ပွဲ… နင်တို့ထဲက ဘယ်သူ ယှဉ်ပြိုင်မှာလဲ….” ဂူဘိုင်ယွီက ပြုံးလျက် မေးသည်။
ရီဖူရှင်းက လို့လန်ရွှီကို ကြည့်သည်။ သူမကလည်း စမ်းကြည့်နိုင်သည်။
လို့လန်ရွှီက ရှေ့ကို တည်ငြိမ်စွာ လှမ်းသွားလိုက်သည်။ မျက်လုံးပေါင်း များစွာက သူမထံ ရောက်လာသည်။ လူအများက သူမ၏ ရုပ်ရည်နှင့် ဟန်အမူအရာကြောင့် အံ့အားသင့်ရသည်။ ဂူဘိုင်ယွီ၏နောက်မှ လူတစ်ယောက် လျှောက်လာသည်။ ဝတ်ရုံနက် ဝတ်ဆင်ထားသော လူငယ်ကား ပိန်သွယ်ကာ တိတ်ဆိတ်သည်။ သူက ဂူဘိုင်ယွီ၏ နောက်တွင် တိတ်ဆိတ်စွာ ရပ်နေသော်လည်း သူ့ထံမှ အန္တရာယ် အငွေ့အသက်များ ခံစားနေရသည်။
“လင်းဖန်…” ထိုလူကို မြင်လျှင် လူအများအပြားက မှတ်မိကြသည်။ သူကား မှော်ကလန်၏ ထိပ်တန်းပါရမီရှင် တစ်ယောက်ဖြစ်သည်။ သူက အရည်အချင်း ရှိသော်လည်း ဂူဘိုင်ယွီအား နှစ်သက်သည်။ သူက ဂူဘိုင်ယွီအတွက် ဘာမဆို လုပ်နိုင်သည်။ သူမ၏ လက်အောက်ငယ်သား ပင်လျှင် လုပ်နိုင်သည်။ သို့သော်လည်း သူ၏ ပါရမီက ဂူဘိုင်ယွီထက် မလျော့နည်းပေ။
“သူတို့က စည်တော်နေရာကို ရွေးတယ်ဆိုမှတော့ နင်ကလည်း စည်တော်နေရာကို ရွေးလိုက်….” ဂူဘိုင်ယွီက ပြုံးလျက် သူ့ကို ပြောသည်။ လင်းဖန်က ခေါင်းညိတ်သည်။ သူက ထိုနေရာသို့ လျှောက်သွားကာ စည်တော်များကို စတင် တီးခတ်သည်။
ဂူဘိုင်ယွီက အရှုံးပေးလိုက်ခြင်းမှာ ယူချင်းက စည်တော်ကို အလွန်အမင်း ပြင်းထန်စွာ ထုရိုက်ခဲ့သောကြောင့် ဖြစ်သည်။ မည်သူမှ စည်တော်ကို ထိုမျှ ရုန့်ရင်းကြမ်းတမ်းစွာ မထုရိုက်ရဲကြပေ။ စည်တော်၏ တန်ပြန် သက်ရောက်အားက ထုရိုက်အားအပေါ် မူတည်ရာ ယူချင်းကဲ့သို့ တခြားလူများက ထုရိုက်ပါက အသက်အန္တရာယ်ပင် ရှိပေသည်။ မည်သူမှ သူ့လို မလုပ်နိုင်ပေ။ သို့တိုင်အောင် လင်းဖန်သည်လည်း အလွန် သန်မာပေသည်။ သူက စည်တော်အား တည်ငြိမ်စွာဖြင့် တစ်ချက်ချင်း ထုရိုက်သည်။ စည်တော်သံက တစ်ချက်ချင်း ပုံမှန် ထွက်ပေါ်လာကာ ကိုးချက်မြောက်တွင် ရပ်သွားသည်။
ရီဖူရှင်းက လင်းဖန်အား ကြည့်လိုက်သည်။ မျှော်လင့်ထားသလိုပင် ဂူဘိုင်ယွီက ကြိုတင်ပြင်ဆင် ထားသည်။
လို့လန်ရွှီကလည်း ရှေ့ကို လျှောက်သွားကာ စည်တော်များကို စတင် တီးခတ်လိုက်သည်။ သူမတွက် စည်တော်များကို တီးခတ်ခြင်းမှာ ပထမ အတွေ့အကြုံဖြစ်သည့်တိုင် သူမသည်လည်း အလွန် အားကောင်းသော ပါရမီကို ပိုင်ဆိုင်ထားသည်။ သူက စည်တော်များကို ရှစ်ချက်အထိ တည်ငြိမ်စွာ တစ်ချက်ချင်း ရိုက်နှက်သော်လည်း ကိုးချက်မြောက်တွင် ကျရှုံးခဲ့ရသည်။
“အခု တူညီသွားပြီ…” ဂူဘိုင်ယွီက ရီဖူရှင်းကို ပြုံးလျက် ပြောသည်။ “နောက်ဆုံး စိန်ခေါ်ပွဲကို နင်တို့အထဲက ဘယ်သူ ယှဉ်မလဲ… သူလား…” ဂူဘိုင်ယွီက ရီဝူချင်းကို လက်ညှိုးထိုးလျက် မေးသည်။
“မင်းက စည်းကမ်း သတ်မှတ်တာဆိုတော့ ဘယ်နေရာမှာ ငါတို့ ယှဉ်မှာလဲ…” ရီဖူရှင်းက မေးသည်။
“နင် သေချာလား…” ဂူဘိုင်ယွီက ရီဖူရှင်းကို ပြုံးလျက် ပြောသည်။ ယခင် နှစ်ပွဲတွင် သူတို့က တစ်ဖက်စီက တိုက်ပွဲနေရာကို ရွေးခဲ့ကြသည်။ မမျှော်လင့်ဘဲ ရီဖူရှင်းက သူမအား နောက်ဆုံး တိုက်ပွဲနေရာကို ရွေးချယ်စေသည်။
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်သည်။
ဂူဘိုင်ယွီက သူ့ကို ပြုံးလျက် ကြည့်လိုက်သည်။ သူမအား ရွေးချယ်စေသောသူကား အလွန်နှစ်လိုဖွယ်ရာ ကောင်းလှသည်။
“ဒါဆို ငါက ဟိုနေရာကို ရွေးတယ်…” ဂူဘိုင်ယွီက သာယာ ကြည်နူးဖွယ်ရာ ကောင်းသော နေရာတစ်ခုကို ညွှန်ပြသည်။ ထိုနေရာတွင်ကား စစ်တုရင်ခုံများ၊ ပန်းချီကားများ၊ ကု့ချင်းများနှင့် ပလွေများ ရှိသည်။
“သူမက နောက်ဆုံး ယှဉ်ပြိုင်ပွဲကို သူမလက်ထဲ ဆုပ်ကိုင်ထားလိမ့်မယ်… နင်က ဂူဘိုင်ယွီကို ဒီလို ကတိမပေးသင့်ဘူး……” လျိုချန်းယွီက ရီဖူရှင်းထံသို့ လျှောက်လာကာ တိုးတိုးလေး ပြောသည်။ ရီဖူရှင်းကား မိမိကိုယ်ကို ယုံကြည်မှု မြင့်လွန်းပေသည်။ ဂူဘိုင်ယွီအား တိုက်ပွဲနေရာကို အဘယ်ကြောင့် ရွေးချယ်စေသည်ကို သူမ နားမလည်ပေ။
“သူမလက်ထဲ…” ရီဖူရှင်းက ဂူဘိုင်ယွီကို ကြည့်လိုက်သည်။ ဂူဘိုင်ယွီက ဤတစ်ပွဲကို အလွန် အလေးနက်ထားပုံ ရနေသည်။
“ဒါက အဆင်ပြေတယ်…” ရီဖူရှင်းက လျိုချန်းယွီကို ပြုံးလျက် ပြောသည်။
“ဂူဘိုင်ယွီက ပလွေဂီတမှာ ထူးချွန်တယ်… အထူးသဖြင့် မှော်ကလန်ရဲ့ စုန်းမသံစဉ်နဲ့ နာမည်ကြီးတယ်… ရီဝူချင်းတောင် ခုခံဖို့ မလွယ်ဘူး…. စိတ်ဝိညာဉ် တိုက်ခိုက်မှု မပါဘဲနဲ့တောင် ဂီတသံစဉ်က ကြောက်ဖို့ကောင်းအောင် ဖျက်ဆီးအား ကောင်းတယ်…” လျိုချန်းယွီက စိတ်ပူစွာ ပြောသည်။
“စုန်းမသံစဉ်…” သူက ပြုံးလျက် ပြောသည်… “ကျုပ်စမ်းကြည့်မယ်…” ထိုသို့ပြောကာ သူက ဂူဘိုင်ယွီနှင့်အတူ ထိုနေရာသို့ လျှောက်သွား လိုက်သည်။ တခြားလူများကလည်း သူတို့နောက်မှ လိုက်ပါလာကြသည်။
လျိုချန်းယွီ အံ့အားသင့် သွားသည်။ သူမက ရီဖူရှင်းအား နားမလည်တော့ပေ။
ရီဝူချင်းမဟုတ်ဘဲ ရီဖူရှင်းက နောက်ဆုံးတိုက်ပွဲကို ယှဉ်ပြိုင်တိုက်ခိုက်မည်။ သူက ယခင်က သက်တော်စောင့်မျှသာဟု မပြောခဲ့ပေဘူးလား။ သက်တော်စောင့် တစ်ယောက်က မှော်ကလန်၏ ဂူဘိုင်ယွီအား သူ၏ အစေခံအဖြစ် လိုလားသည်။
လျိုချန်းယွီက အံ့အားသင့် သွားသော်လည်း နောက်မှ လိုက်ပါလာသည်။ ဂူဘိုင်ယွီက အတော်ဉာဏ်ကောင်းသည်။ အကယ်၍ ရီဖူရှင်းက ဤတိုက်ပွဲတွင် ရှုံးနိမ့်ခဲ့ပါက သူတို့တစ်အုပ်စုလုံးက သူမ၏လက်အောက်ကို ရောက်သွားမည်ဖြစ်သည်။
သူတို့အုပ်စုက ဂီတအနုပညာနှင့်ပတ်သက်၍ ယှဉ်ပြိုင်ရန် လွန်စွာ ကောင်းမွန် သင့်တော်သော နေရာကို ရောက်လာကြသည်။ ဤနေရာတွင်ကား ကု့ချင်းများ၊ စည်တော်များ၊ ပလွေများနှင့် တခြား တူရိယာပစ္စည်းမျိုးစုံကို မြင်ရသည်။ အရာအားလုံးက အားကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေကြကာ အလွန်များပြားသော ကံစွမ်းအားများ ကိန်းဝပ်နေသည်မှာ ထင်ရှားသည်။ ယခင်က ဤနေရာတွင် ပညာရှင်ပေါင်းများစွာ ယှဉ်ပြိုင်ခဲ့ဖူးဟန် တူသည်။
“ဘယ်သူ ယှဉ်မလဲ ဆုံးဖြတ်ပါ…” ဂူဘိုင်ယွီက ပြောသည်။
“ကျုပ် တိုက်ခိုက်မယ်…” ရီဖူရှင်းက ပြုံးလျက် ပြန်ပြောသည်။ ဂူဘိုင်ယွီက သူ့အား အနည်းငယ် အံ့အားသင့်စွာ ကြည့်ကာ အသာအယာ ပြုံးပြသည်။
“ငါက နင့်ကို ငါ့နောက်ကို လိုက်စေလိုတဲ့အတွက် နင်က ရှုံးသွားတဲ့အခါ တကယ်တမ်း နားလည် လက်ခံနိုင်စွမ်း ရှိမယ်လို့ ငါမျှော်လင့်တယ်… ငါက ပလွေတီးမှုတ်တဲ့ နေရာမှာ တော်တော် ကောင်းတယ်… ဒါကြောင့် နင့်အတွက် ငါသီချင်း တစ်ပုဒ်တီးမယ်… ဒီသီချင်းမှာ စိတ်ဝိညာဉ် တိုက်ခိုက်တာ မပါဘူး… ဒါပေမဲ့ စိတ်ဝိညာဉ် လွှမ်းမိုးတာပါတယ်… တကယ်လို့ နင်ခံနိုင်ရည်အားရှိရင် ငါအရှုံးပေးမယ်….” ဂူဘိုင်ယွီက ရီဖူရှင်းကိုပြုံးလျက် ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက အသာအယာ ခေါင်းညိတ်သည်။ ထို့နောက် ဂူဘိုင်ယွီက များစွာသော မမြင်ရသော ဂီတသံစဉ် သင်္ကေတများ မျောလွင့်နေသော တစ်နေရာကို လျှောက်သွားသည်။ ထိုသံစဉ်သင်္ကေတများက နိုဘယ်စိတ်အသိများမှ ပြောင်းလဲ ဖြစ်ပေါ်နေခြင်း ဖြစ်သည်။
ဂူဘိုင်ယွီက စိတ်ထဲမှ တစ်စုံတစ်ခုကို ရေရွတ်လိုက်လျှင် သံစဉ်သင်္ကေတများက လှုပ်ခတ်သွားကာ ပလွေတစ်ခုပုံစံ ဖြစ်ပေါ်လာသည်။ ဂူဘိုင်ယွီကိုယ်တိုင်က နောက်ဆုံး ယှဉ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တော့မည်ကို မြင်လျှင် လူတိုင်းက အံ့အားသင့် သွားကြသည်။
***