ဝီ!
လမ်းမကျယ်ကြီးပေါ်တွင် ဇိမ်ခံကား ဆယ်စီးကျော်က တောရိုင်း တိရိစ္ဆာန်များ ကဲ့သို့ လျင်မြန်စွာ ရွေ့လျားနေကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သူတို့ သည် သွားလိုသည့်နေရာနှင့် မီတာ ၁၀၀ ကျော်သာ ဝေးတော့သည်။
သံလက် ဝံပုလွေရိုင်း မောင်းနေသော Rolls – Royce အမျိုးအစား ကားက ရှေ့မှ ဦးဆောင်နေပြီး သူ့ဘေးတွင် မိုရို သွေးစွန်းတစ္ဆေက လိုက်ပါလာသည်။ သူတို့နှစ်ယောက်လုံး အလွန် လေးလေးနက်နက် ဖြစ်ကြ သည်။
ထိုစဉ် သူတို့ ရေခဲကန်ကို ဖြတ်မောင်းနေရသကဲ့သို့ ကားတစ်စီးလုံး အေးစက် လာသလို ခံစားလိုက်ရသည်။ သူတို့လည်း ကတုန်ကယင် ဖြစ်လာကြသည်။
ကားနောက်ခန်းတွင် ယဲ့ဖန် ထိုင်နေပြီး သူ့ထံမှ ယခုမှ နိုးထလာသော နတ်ဆိုး နတ်ဘုရားက စကြဝဠာတစ်ခုလုံးကို အမြစ်ဖြုတ်ရန် အဆင်သင့် ဖြစ်နေ သကဲ့သို့ ပြင်းထန်သော ချီဓာတ်များကို ထုတ်လွှတ်နေသည်။
*ကြောက်ဖို့ ကောင်းလိုက်တဲ့ ချီဓာတ်ပါလား*
သံလက် ဝံပုလွေရိုင်းနှင့် မိုရို သွေးစွန်းတစ္ဆေတို့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်ကြည့်ကာ ကြောက်ရွံ့လာကြပြီး တုန်ယင်လာကြသည်။
“ရှေ့လမ်းဆုံရောက်ရင် ညာကွေ့လိုက်”
ထိုစဉ် ယဲ့ဖန်၏ အေးတိအေးစက် အသံ ထွက်ပေါ်လာသလို သူ့နဖူးတည့်တည့်မှ သွေးစက်ကလည်း တလျှပ်လျှပ် လင်းလက်လာသည်။
အမိန့်ရသည်နှင့် သံလက် ဝံပုလွေရိုင်းက စတီယာရင်ကို ချက်ချင်းလှည့်လိုက်သည်။
Rolls – Royce အမျိုးအစား ကားက drift ဆွဲ၍ အခြားလမ်းထဲသို့ ဝင်သွားသည်။
“ဒီလမ်းဆုံးရင် ဘယ်ချိုးလိုက်”
“အဲ့လမ်းကြိုလမ်းကြားထဲ ဝင်လိုက်”
“အရှိန်မြှင့်”
ယဲ့ဖန်၏ အမိန့်များကို သံလက် ဝံပုလွေရိုင်း လိုက်နာရင်း သူ့နဖူးမှ ချွေးဒီးဒီး ကျလာသည်။
အန်းရှီ၏ တည်နေရာနှင့် ပတ်သက်၍ အဘယ်ကြောင့် ယဲ့ဖန်က ယုံကြည်မှု ရှိနေသလဲဆိုတာကို မိုရို သွေးစွန်းတစ္ဆေနှင့် သံလက် ဝံပုလွေရိုင်းတို့ မသိသော်လည်း သူတို့ သူ့အပေါ် သံသယ မဝင်ရဲပါ။
သူတို့ သေချာသိတာကတော့ ယဲ့ဖန်၏ စကားများက အမြဲ မှန်သည်ဆိုတာပင်။
လေတိုးသံနှင့်အတူ ဇိမ်ခံကား ဆယ်စီးကျော်က မြန်နိုင်သမျှ မြန်မြန်မောင်း၍ အမှောင်ထဲတွင် မြို့အရှေ့ဘက်သို့ မောင်းနှင်နေကြသည်။
ထို့နောက် သူတို့ အိမ်တော်ကြီး တစ်ခုရှေ့သို့ ရောက်လာကြသည်။
“ရပ်လိုက်”
ယဲ့ဖန် အမိန့်ပေးလိုက်သည်နှင့် ကား ဆယ်စီးကျော်လုံး ပြိုင်တူ ဘရိတ် အုပ်လိုက်ကြသည်။
ကျွီခနဲ မြည်သံများနှင့်အတူ ကားများ ရပ်သွားကြသည်။
ထို့နောက် ညီညာ၍ ကျယ်လောင်သော အသံများနှင့် အတူ ကားထဲမှ လူတိုင်းက စိတ်လှုပ်ရှားစွာဖြင့် ထိုအိမ်တော်ကြီးထံသို့ ဦးတည်လာကြသည်။
ထိုအိမ်တော်သည် အလွန်ကို ခမ်းနား ကြီးကျယ်လှသည်။ ဧရိယာက စတုရန်း မီတာ ၇,၀၀၀ ကျော်ခန့် ရှိပြီး အုတ်တံတိုင်းများက မျှော်စင်များကဲ့သို့ မြင့်မားလှသည်။ လှေကားထစ် စိုက်ခင်းများ၊ စင်မြင့်များနှင့် ထူးခြားသော သစ်ပင်ပန်းမန်များနှင့် ထိုအိမ်တော်သည် တစ်မူထူးခြားသော သီးသန့် နန်းတော်ကြီးနှင့် ဆင်တူလှသည်။
ထိုအိမ်တော်ကို မြင်သည်နှင့် ပိုင်ရှောင်က မျက်မှောင်ကြုတ်၍ ယဲ့ဖန်ထံ လျှောက်လာကာ ပြောလိုက်သည်။
“ယဲ့ဖန် ဒါ စစ်ကလန်ရဲ့ အိမ်တော်ပဲ”
“စစ်ကလန်က နှစ်ပေါင်းများစွာ လူအထင်ကြီးခံရတဲ့ ဒေသခံ ကလန် မဟုတ်ဘူး။ သူတို့က လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တရုတ်ပြည် မြောက်ပိုင်းကနေ ဒီကို ပြောင်းလာခဲ့တာ။ အဓိကကလန်တစ်ခုရဲ့ လက်အောက်ခံ ကလန်ငယ်လေးလို့ ပြောကြတာပဲ”
ပိုင်ရှောင်၏ အမူအရာက ပို၍ လေးနက်လာကာ ဆက်ပြောလာသည်။
“ယဲ့ဖန် စစ်ကလန်က အဆင့်နိမ့်ပင်မယ့်လည်း အရမ်း ကြောက်ဖို့ကောင်းတဲ့ ကလန်တစ်ခုပဲ။ ငါ ခန့်မှန်းရသလောက်ဆိုရင် ဒီကလန်က အင်အားနေရာမှာ ပိုင်ကလန်ကိုတောင် ယှဉ်နိုင်လုနီးပါးပဲ”
“ပြီးတော့ ဒီကလန်ရဲ့ သက်တော်စောင့်တွေက သွေးစွန်း ကြေးစား စစ်သည်အဖွဲ့ကလို့ ပြောကြတယ်။ အဲ့အဖွဲ့က တစ်ချိန်တုန်းက တရုတ်ပြည် တောင်ပိုင်းမှာ နာမည်ကြီး အဖွဲ့ပဲ”
သွေးစွန်း ကြေးစား စစ်သည်အဖွဲ့!
ဤနာမည်ကို ကြားသည်နှင့် ဝံပုလွေရိုင်းနှင့် သွေးစွန်းတစ္ဆေတို့ အကြီးအကျယ် ထိတ်လန့်သွားကြသည်။
“သခင်ကြီး သွေးစွန်း ကြေးစား စစ်သည် အဖွဲ့က တရုတ်ပြည် တောင်ပိုင်းမှာ ထိပ်တန်း ကြေးစား အဖွဲ့ ဆယ်ဖွဲ့ထဲက တစ်ခုပဲ။ သူတို့ အဖွဲ့ဝင်တိုင်းက ပထမတန်းအဆင့် သန်မာသူချည်းပဲ။ သူသိရှင်ကြား လူသတ်တာကနေ အနားယူသွားပင်မယ့် သူတို့က B အဆင့် တာဝန် ၁၀၃ခုနဲ့ A အဆင့် တာဝန် ၂၄ခုကို စီမံ ဆောင်ရွက်နိုင်ခဲ့တယ်။ သူတို့ အဲ့တာဝန်တိုင်းကို အောင်မြင်ခဲ့တာချည်းပဲ။
မိုရို သွေးစွန်း တစ္ဆေသည်လည်း နာမည်ကြီး ကြေးစား စစ်သည်တစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူတို့နှင့် ပတ်သက်သမျှ အရာအားလုံးကို သွေးစွန်း တစ္ဆေ သိသည်။
မိုရို သွေးစွန်း တစ္ဆေ၏ မျက်နှာက ပို၍ လေးနက်လာကာ ဆက်ပြောလာသည်။
“သွေးစွန်း ကြေးစား စစ်သည်အဖွဲ့မှာ လူ ၁၁၉ ယောက် ရှိတယ်။ ကျွန်တော်တို့ အထဲကို ထိုးဖောက် ဝင်ရောက်ဖို့ဆို ၁ နာရီနီးပါးလောက် ကြာနိုင်တယ်။ ကျွန်တော် ကြောက်မိတာက အဲ့အချိန်လောက်ဆို မမလေး အန်းရှီ…”
မိုရို သွေးစွန်းတစ္ဆေ ဆက်မပြောရဲပါ။ ဤကဲ့သို့ သေရေးရှင်ရေး အခြေအနေမှာ တစ်စက္ကန့်တောင် အချိန်ဖြုန်းနေလို့ မဖြစ်တာကို လူတိုင်း သိသည်။ သို့မဟုတ်ပါက အန်းရှီ အန္တရာယ် ကြီးကြီးမားမားနှင့် ရင်ဆိုင်ရပေမည်။
ထို့ကြောင့် လူတိုင်း အလွန် အလေးအနက် ဖြစ်လာကြသည်။
ထိုစဉ်
“အားလုံး ဒီမှာပဲ နေခဲ့”
ထိုသို့ အမိန့်ပေးပြီး ယဲ့ဖန်က အိမ်တော်ထဲသို့ တစ်ယောက်တည်း ဝင်သွားသည်။
*ဘာ*
ယဲ့ဖန်စကားကြောင့် လူတိုင်း ကြောင်သွားသည်။
*စစ်ကလန်ထဲကို သူတစ်ယောက်တည်း ဝင်သွားမလို့လား*
လူတိုင်း ထိတ်လန့်ကာ သူ့ကို တားရန် ဟန်ပြင်လိုက်စဉ်တွင် ယဲ့ဖန်က ရုတ်တရက် “ညအဖွဲ့” ဟု ခေါ်လိုက်သည်။
….
သူ့စကားဆုံးသည်နှင့် အားလုံး၏ အံ့ဩနေသော မျက်လုံးများအောက်တွင် အမှောင်ထဲမှ အရိပ်တစ်စုက ထွက်ပေါ်လာသည်။
အနက်ရောင် ဝတ်စုံနှင့် မျက်နှာဖုံးများကို ဝတ်ဆင်ထားသော သူတို့သည် ညအမှောင်ထဲတွင် သရဲသဘက်များကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနိုင်ကြသည်။
အမှောင်တွင်း သွားလာနေသော နတ်ဆိုးများကဲ့သို့ သူတို့၏ ထိတ်လန့်ဖွယ်ကောင်းသော ချီဓာတ်များကြောင့် လူတိုင်း နေရာမှာတင် တောင့်ခနဲ ဖြစ်သွားကြသည်။
ပို၍ ကြောက်စရာကောင်းသည်က ထိုအဖွဲ့၏ ရှေ့ဆုံးမှ သူ ဖြစ်သည်။
တစ္ဆေတစ်ကောင်ကဲ့သို့ ငြိမ်သက်စွာ ရပ်နေပုံက သူ့ကို ရှာတွေ့ရန် ခဲယဉ်းလှသည်။
သူ၏ ပြင်းထန်သော ချီဓာတ်က လူတိုင်းကို အေးစိမ့်သွားစေသည်။
“ညအဖွဲ့? အနက်ရောင် ဝတ်စုံနှင့် မျက်နှာဖုံးကို ဝတ်တယ်! သူတို့က တရုတ်ပြည်တစ်ခုလုံးကို လွှမ်းမိုးထားတဲ့ ထူးဆန်းတဲ့ အဖွဲ့အစည်း မဟုတ်လား?”
မိုရို သွေးစွန်းတစ္ဆေက တစ်ခုခုကို သတိရလာသလို ကြောင်အသွားသည်။
ပိုင်ရှောင်၊ ရှုကွမ်းနှင့် မာစတာလင် တို့ပင် သရဲတစ္ဆေကို မြင်လိုက်ရသလို တုန်လှုပ်လာကြသည်။
ထိုထူးဆန်းသော အဖွဲ့အစည်းကို ယဲ့ဖန်နှင့်အတူ တွေ့ရမည်ဟု သူတို့ ထင်မထားမိကြပါ။
နောက်ထပ် ဖြစ်လာသော အဖြစ်အပျက်က လူတိုင်းကို နားဝေတိမ်တောင် ဖြစ်သွားစေသည်။
ညအဖွဲ့၏ လူအယောက် ၂၀က ယဲ့ဖန်ရှေ့ ဒူးတစ်ဘက်ထောက်ကာ ရင်ဘတ်ပေါ် လက်တင်၍ ပြိုင်တူ နှုတ်ဆက်ကြသည်။
“သခင်ကြီး”
ညီညာ ကျယ်လောင်သော အသံက မိုရို သွေးစွန်းတစ္ဆေကို မျက်လုံး ပြူးသွားစေသည်။
*သခင်ကြီး*
*ဒီ ထူးဆန်းတဲ့ အဖွဲ့အစည်းက ယဲ့ဖန်ကို ဘယ်လိုလုပ် သခင်ကြီးလို့ ခေါ်ရတာလဲ*
မချိတင်ကဲ ပြုံးနေသော ယဲ့ဖန့်ချန်မှ လွဲ၍ ယဲ့ဖန်နောက် လိုက်လာသော သူများအားလုံး မယုံနိုင်သလို ဖြစ်နေကြသည်။
*ငါ့မြေးက ငါထင်ထားထက် ပိုပြီး အံ့ဩဖို့ ကောင်းနေတာပဲ*
အားလုံး၏ အံ့ဩနေသော အကြည့်များကို လျစ်လျူရှုကာ ယဲ့ဖန်က ညအဖွဲ့ကို ပြောလိုက်သည်။
“ဒီည ငါနဲ့အတူ လူသတ်ပေး”
“ဟုတ်ကဲ့ပါ သခင်ကြီး”
ညအဖွဲ့ဝင်များက ကောင်းမွန်စွာ လေ့ကျင့်ထားသော နတ်ဆိုးစစ်တပ်သဖွယ် ပြိုင်တူ ဖြေလိုက်ကြသဖြင့် လူတိုင်း၏ နှလုံးသားကို မှင်သက်စေကာ သည်းခြေအထိ တုန်ယင်လာစေသည်။
“သူတို့က ဘယ်သူတွေလဲ?”
ထိုစဉ် အိမ်တော်ထဲမှ လူတစ်စု ပြေးထွက်လာကြသည်။
သူတို့အားလုံးတွင် ကြမ်းတမ်း ရက်စက်သော ချီဓာတ်များ ရှိကြပြီး ကြောက်လန့်ခြင်း ကင်းသော သူများ ဖြစ်ကြသည်။
သူတို့အားလုံးက သံမဏိဓားများကို ဆွဲကိုင်ထားပြီး ထိုဓားမှ အလင်းရောင်များ ဟပ်နေသည်။
သူတို့အားလုံးသည် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့ဝင်များ ဖြစ်သည်။
ထိုသူများ ပြေးထွက်လာသည်ကို ကြည့်ပြီး ယဲ့ဖန်က သွေးဆာနေသော အပြုံးမျိုး ပြုံးကာ အော်လိုက်သည်။
“အဲ့လူတွေက ငါတို့ သတ်ရမယ့် သူတွေပဲ”
*ဘာ*
သူတို့ မည်သို့မှ မတုံ့ပြန်နိုင်ခင်တွင် ယဲ့ဖန်က လက်တစ်ချက် လှုပ်လိုက်သဖြင့် အနက်ရောင် အလင်းတစ်ချို့ ထွက်ပေါ်လာသည်။
ရွှစ်!
သွေးစွန်း ကြေးစား စစ်သည် အဖွဲ့သား သုံးယောက် ခေါင်းပြတ်သွားသည်။
ကျန် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့သားများ မှင်တက်သွားကြသည်။
ခဏကြာမှသာ ဘာဖြစ်သွားသည်ကို သူတို့ သတိပြုလိုက်မိကြသည်။
“ချီးပဲ… အလစ်ဝင်တိုက်တဲ့သူပဲကွ”
ချက်ချင်းပင် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့သားများက ယဲ့ဖန်ထံ ပြေးဝင်လာကြသည်။
သို့သော် ညအဖွဲ့ဝင်များက သူတို့ထက် ပို၍ လျင်မြန်စွာ လှုပ်ရှားနိုင်ကြသည်။
အနက်ရောင် အရိပ်များ လှစ်ခနဲ လှုပ်ရှားလိုက်သည်နှင့် သွေးစွန်း ကြေးစား စစ်သည် အဖွဲ့သားအားလုံး ကိုယ်နှစ်ခြမ်း ကွဲသွားကြသည်။
မြန်တယ်!
တိကျတယ်!
ရက်စက်တယ်!
ညစစ်သည်များက ထိတ်လန့်ဖွယ်ကောင်းသော ရေကြီးခြင်းကဲ့သို့ သူတို့ ဖြတ်သွားသည့်နေရာများတွင် အလောင်းများနှင့် ပြည့်နှက်နေသည်။
သိုးအုပ်ထဲ ကျားဝင်သကဲ့သို့ သူတို့၏ ပစ်မှတ်များ ခုခံခြင်းငှာ မစွမ်းနိုင်ကြပေ။
ဘယ်လောက် နတ်ဆိုးဆန်တဲ့ မြင်ကွင်းပါလိမ့်!