ကျန်းရှီ မြူနီစီပယ် အကျဉ်းထောင်၏ နားနေခန်းတွင်..
ကျုံးဝေ့သည် ဆိုဖာပေါ်၌ ခြေတစ်ဘက် ချိတ်ထိုင်ကာ လက်ဖက်ရည်ကို ဇိမ်ပြေနပြေ နှပ်၍ သောက်နေသည်။
“ဟူး … ငါတော့ ကံကောင်းတာပဲ။ ငါ့တူက အဲ့ကောင်စုတ်လေးကို သတ်ဖို့ ယွမ် ၃မီလီယံတောင် ပေးတယ်။ ဒါပေမယ့် မြွေပွေး အားချွမ်ကို အဲ့ကောင်ကို စာရင်းရှင်းခိုင်းဖို့ ယွမ် ၃သိန်းပဲ ပေးလိုက်ရတယ်။ ငါက ယွမ် ၂.၇ မီလီယံတောင် အမြတ်ရလိုက်တာပဲ”
ထို့သို့ ရေရွတ်ပြီးနောက် ကျုံးဝေ့က အားရပါးရ ပြုံးလိုက်သည်။
သူ နာရီကို တစ်ချက်ပြန်ကြည့်လိုက်သောအခါ စောင့်နေရတာ တစ်နာရီမျှ ရှိနေမှန်း သိလိုက်ရသည်။
“အဲ့ကောင်တော့ သေနေလောက်ပြီ”
ကျုံးဝေ့က ဖုန်းထုတ်ကာ ကျုံးချမ်းအား သတင်းကောင်းပါးရန် ကြံလိုက်သည်။
ထိုစဉ် ဘန်းခနဲ အသံနှင့်အတူ နားနေခန်း၏ တံခါးကို အပြင်မှ ကန်ထုတ်လိုက်သည်ကို မြင်လိုက်ရသည်။
ကျုံးဝေ့ ကြောင်သွားပြီးမှ အော်ကြီးဟစ်ကျယ် ဆဲဆိုရန် ပြင်လိုက်သည်။ သို့သော် ထိုသို့ ကန်လိုက်သည့်သူ၏ မျက်နှာကို မြင်ပြီး ပါးစပ်ဖျားမှ စကားများကို မြိုသိပ်လိုက်ရသည်။
“ထောင် … ထောင်ပိုင်ကြီး ကျန်း?”
ကျုံးဝေ့ ပြာနှမ်းနေသော မျက်နှာဖြင့် ခပ်သုတ်သုတ် မတ်တပ် ထရပ်လိုက်သည်။
သူ့ နှုတ်ဆက်သံကြောင့် ကျန်းထောင်၏ မျက်နှာက မည်းပြာလာကာ ကျုံးဝေ့ကို မေးလိုက်သည်။
“ကပ္ပတိန်ကျုံး ခင်ဗျား ဒီနေ့ ယဲ့ဖန် ဆိုတဲ့သူကို ဖမ်းခဲ့သလား?”
ကျုံးဝေ့ မှင်တက်နေပြီးမှ ခေါင်းညိတ်လိုက်ကာ ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ အဲ့ကောင်က စိတ်အနှောင့်အယှက် လိုက်ပေးနေတယ်လို့ သံသယရှိတဲ့သူပါ။ အဲ့ဒါကြောင့် ကျွန်တော် သူ့ကို ဆင်းရဲသား ရပ်ကွက်က ဖမ်းလာခဲ့တာပါ။ သူက ဒီအတိုင်း အသုံးမကျတဲ့ ဆင်းရဲသားပါ။ ဘာဖြစ်လို့လဲ? ထောင်ပိုင်ကြီးကျန်း ဘာပြဿနာများ ရှိလို့လဲဗျ?”
*ဆင်းရဲသားရပ်ကွက်*
*ဆင်းရဲသား*
*ဘာပြဿနာရှိလို့လဲ ဟုတ်လား*
ကျန်းထောင် ဒေါသပေါက်ကွဲကာ ပြာနှမ်းနေသော မျက်နှာနှင့် “မအေလိုး သူ ဘယ်သူလဲ မင်း သိရဲ့လား?”
*ဘာ*
ကျုံးဝေ့ ရင်တုန်လာကာ ပြန်ပြောလိုက်သည်။
“ထောင်ပိုင်ကြီးကျန်း သူက ဆင်းရဲသားရပ်ကွက်မှာနေတဲ့ ဆင်းရဲသားတစ်ယောက်ပါဗျ။ ဘယ်သူဖြစ်ရဦးမှာလဲ?”
ထိုသို့ ပြောနေစဉ် အပြင်ဘက်မှ ခြေသံများကို ကျန်းထောင် ကြားလိုက်ရသည်။
“မင်း မသိဘူးဆိုမှတော့ ပြောပြရသေးတာပေါ့”
*ဟမ်*
ကျုံးဝေ့ အူကြောင်ကြောင် ဖြစ်သွားသည်။
ထိုစဉ် ဆံပင်ဖြူနှင့် အဘိုးအို တစ်ယောက်က အခန်းထဲ ဝင်လာသည်ကို တွေ့လိုက်ရသည်။
ထိုအဘိုးအိုက အခန်းထဲဝင်လာသည်နှင့် ကျုံးဝေ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“သူက ပိုင်ရှောင်ရဲ့ အသက်သခင် ကျေးဇူးရှင်ပဲ”
နောက်ထပ် အဘိုးအိုသုံးယောက်က အခန်းထဲဝင်လာသည်။
“သူက ယဲ့ဖန့်ချန်ရဲ့မြေး”
“လင်ရှုထျန်ရဲ့ ဆရာ”
“ပြီးထော့ ရှုကွမ်းရဲ့ဆရာပဲ”
ထိုစဉ် အင်အားကြီးသော လူငယ်လေးတစ်ယောက်နှင့် မိန်းမလှလေး တစ်ယောက်ပါ ဖြည်းဖြည်းချင်း ဝင်လာသည်။
“သူက သံလက် ဝံပုလွေရိုင်းရဲ့ သခင်ကြီးပဲ”
*ဘာ*
သူတို့စကားများကြောင့် ကျုံးဝေ့ မှင်တက်သွားရသည်။
*ပိုင်ရှောင်*
*ယဲ့ဖန့်ချန်*
*လင်ရှုထျန်၊ မာစတာလင်လား*
*ရှုကွမ်းဆိုတာ ဒေါက်တာရှုမလား*
*ပြီးတော့ သံလက် ဝံပုလွေရိုင်း*
….
ထိုနာမည်များကို ကြားပြီး သူ့နားထဲ ကျည်ဆန်တွေ အတောင့်လိုက် ပစ်သွင်းခံလိုက်ရသလို ခံစားလိုက်ရသည်။ တရင်းတနှီးရှိလှသော သူတို့၏ မျက်နှာများကို ကြည့်ရင်း ကျုံးဝေ့ ကြက်သီး တဖြန်းဖြန်းထကာ သေမတတ် ကြောက်ရွံ့လာသည်။
ထိုအထင်ကရပုဂ္ဂိုလ်များက ယဲ့ဖန်၏ နာမည်ကို ထုတ်ပြောနေသောကြောင့် သူ ပို၍ ချောက်ချားလာသည်။
*ကယ်တင်ရှင်*
*ဆရာ*
*သခင်ကြီး*
*ဒါ လုံးဝ မဖြစ်နိုင်ဘူး*
ကျုံးဝေ့ တစ်ယောက် အထင်ကရပုဂ္ဂိုလ်များကို မယုံနိုင်သလို ကြည့်ပြီး သတိလစ်ချင်လာသည်။
ထိုပုဂ္ဂိုလ်များသည် ပိုင်ကလန်၊ ယဲ့ကလန်၊ လင်ကလန်၊ တရုတ်ပြည်တောင်ပိုင်း၏ ရှုကလန်မှ အရေးကြီးပုဂ္ဂိုလ်များ ဖြစ်နေသည် မဟုတ်ပါလား။
ထို့ပြင် ဝံပုလွေရိုင်းနှင့် ရိုစ့်ပါ ရောက်လာသည်ဆိုတော့…
ကျန်းရှီမြို့၏ ထိပ်သီးများ အားလုံး ရောက်လာလေခြင်းပါတကား။
*ဒါ… ဒါ လုံးဝ မဖြစ်နိုင်ဘူး*
“မဖြစ်နိုင်ဘူး၊ အဲ့ကောင်က ဆင်းရဲသားရပ်ကွက်မှာ နေတဲ့ ဆင်းရဲသားတစ်ယောက်လို့ ကျုံးချမ်းက ပြောထားတာ။ သူ့ကို ထိပ်သီးပုဂ္ဂိုလ်များက ဘယ်လိုလုပ် အသိအမှတ်ပြုနေကြတာလဲ? သူက ဒီလူတွေ၏ ကယ်တင်ရှင်နှင့် ဆရာအဖြစ် ဘယ်လိုလုပ်လိုက်နိုင်တာလဲ? ပြီးတော့ ဝံပုလွေရိုင်းရဲ့ သခင်ကြီး… ဒါ လုံးဝ မဖြစ်နိုင်ဘူး”
ကျုံးဝေ့ ကြောက်လန့်ကာ ဖင်ထိုင်ရက် လဲကျမလို ဖြစ်နေသည်။
*ငါ ဘယ်လိုလူစားမျိုးကို ဖမ်းလိုက်မိတာပါလိမ့်*
သူ လုံးဝ နောင်တရလာသည်။
“ခွေးသား”
ကျန်းထောင် ကျုံးဝေ့အား အလွန်မုန်းတီးကာ သူ့အင်္ကျီကော်လံအား ဆွဲကိုင်၍ အော်ဟစ်လိုက်သည်။
“ခွေးမသား မင်း ဘာကြောင်ကြည့်နေတာလဲ? အခုချက်ချင်း သူ့ကို လွှတ်လိုက်”
ကျုံးဝေ့ ကြောက်လန့်ကာ တုန်ယင်လာသည်။
*သူ့ကို လွှတ်ရမယ်*
*ဒါပေမယ့် သူက သေပြီးနေပြီလေ … ငါ ဘယ်သူ့ကို သွားလွှတ်ပေးရမှာလဲ*
ကျုံးဝေ့ ငိုချင်လာသည်။ သို့သော် သူ အသည်းအသန် ခေါင်းညိတ်၍ တံခါးအပြင်ဘက်သို့ ပြေးထွက်လာသည်။
သူ စိတ်ထဲတွင်တော့ ယဲ့ဖန်ကို သေသွားတာ ပိုကောင်းမည်ဟု တွေးလိုက်မိသည်။
ထိုအခါမှသာ သူက သူ့အပြစ်တွေကို မြွေပွေး အားချွမ်အပေါ် ပုံချ၍ ကိုယ်လွတ် ရုန်းနိုင်မည် မဟုတ်ပါလား။
*ဟိုလူတွေ သူတို့ဒေါသကို မြွေပွေးအားချွမ်အပေါ် ပုံချမယ်ဆို ငါ လုံခြုံပြီ*
ကျုံးဝေ့ ကျိတ်၍ ဆုတောင်းနေမိသည်။
သို့သော် သူ တံခါး အပြင်ရောက်သည်နှင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကာ ထိတ်လန့် တုန်လှုပ်သွားလေတော့သည်။
“သူ… သူ”
ကျုံးဝေ့ ရှေ့တည့်တည့်သို့ စိုက်ကြည့်ကာ မျက်လုံး အပြူးသားနှင့် မျက်နှာကလည်း ဖြူဖတ်ဖြူရော် ဖြစ်လာသည်။
သိပ်မဝေးသော နေရာတွင် အကျဉ်းသား ဝတ်စုံနှင့် လူတစ်စုက ဖြည်းဖြည်းချင်း လှမ်းလာနေသည်။
ထိုလူစုကို ဦးဆောင်လာသည့်သူကတော့ ယဲ့ဖန်ပင် ဖြစ်သည်။
ခြေသံကြားရုံနှင့်တင် ကျုံးဝေ့ ကယောင်ချောက်ချားဖြစ်ကာ ချွေးဒီးဒီးကျလာသည်။
သူ တုန်တုန်ယင်ယင်နှင့် အခန်းထဲ ပြန်ဆုတ်လာမိသည်။
ထို့နောက် ယဲ့ဖန်က အခန်းထဲသို့ အေးအေးဆေးဆေး ဝင်လာသည်။ သူ့နောက်တွင်တော့ ထိပ်ပြောင်အားဆန်၊ သွေးစွန်းဓားနှင့် အခြားသူများ လိုက်ပါလာသည်။
ထို့နောက် လူတစ်ချို့၏ ကိုယ်ခန္ဓာများကို ခွေးသေများကို ပစ်သလို ပစ်ချလိုက်ကြသည်။
သူတို့၏ ကိုယ်ပေါ်တွင် သွေးများစီးကျနေသော အပေါက်များဖြင့် ဖြစ်နေပြီး ထိုသူများကတော့ မြွေပွေးအားချွမ်နှင့် သူ့လူများ ဖြစ်သည်။
*ငါတော့ သွားပြီ*
မြွေပွေးအားချွမ်၏ ဆိုးရွားလှသော မျက်နှာကို မြင်ပြီး ကျုံးဝေ့ အသည်းအသန် ကြောက်လာပြီး သူ့ကိုယ်အောက်ပိုင်းမှ ဝါကျင့်ကျင့် အရည်တစ်ချို့ စီးကျလာသည်။
သည်တစ်ခါတော့ သူ ကိစ္စတုန်းပြီမှန်း သိလိုက်သည်။
“မင်း… မင်းက မစ္စတာယဲ့လား?”
ကျန်းထောင် မျက်ခုံးပင့်ကာ ယဲ့ဖန်ကို ပြုံး၍ မေးလိုက်သည်။
ယဲ့ဖန်က ခပ်တည်တည်နှင့် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက မြေကြီးပေါ်မှာ ခွေးသေတစ်ကောင်လို လဲနေသော မြွေပွေးအားချွမ်အား လက်ညှိုးထိုးပြပြီး
“ခင်ဗျား မေးချင်တာရှိရင် သူ့ကို မေးလိုက်”
*အမ်*
ကျန်းထောင် ကြောင်သွားသည်။ သူ မြွေပွေးအားချွမ်ကို ကြည့်လိုက်သောအခါ တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နေပြီး သွေးများ စီးကျနေသည်။
ထို့ပြင် မြွေပွေးအားချွမ်၏ မျက်နှာက ဖြူဖတ်ဖြူရော် ဖြစ်နေကာ သရဲသဘက်ကို မြင်တွေ့ခဲ့ရသလို တုန်လှုပ်နေသည်။
ကျန်းထောင် သူ့ကို မေးတောင်မမေးရသေးခင်မှာပင် မြွေပွေးအားချွမ်က အလျင်အမြန် ဖြေလိုက်သည်။ “ကျုံးဝေ့ လုပ်ခိုင်းတာပါ။ သူက ကျုပ် မစ္စတာယဲ့ကို သတ်ပေးရင် ကျုပ်မိသားစုကို ယွမ် သုံးသိန်း ပေးမယ်လို့ ပြောလို့ပါ”
…
သူ့စကားက ကျန်းထောင်၏ ဒေါသကို မီးမြှိုက်ပေးလိုက်သလို ဖြစ်သွားသည်။
ကျုံးဝေ့က သည်လောက် ရဲတင်းလိမ့်မည်ဟု ကျန်းထောင် ထင်မထားမိခဲ့ပါ။ သည်သူတောင်းစားက သူ့ကို ဒုက္ခတွင်းထဲ ဆွဲထည့်ခဲ့တာပဲ။
“ကျုံးဝေ့ သိပ်ကောင်းတယ်၊ သိပ်တော်တာပဲ”
ကျန်းထောင် နီမြန်းနေသော မျက်နှာနှင့် အံ့ကို ကြိတ်ကာ အော်လိုက်သည်။
“မင်းကို အလုပ်ဖြုတ်လိုက်ပြီ။ ပြီးတော့ မင်းကို ထောင်ချမယ့်အချိန်ကို စောင့်နေလိုက်”
သူ့စကားက ကျုံးဝေ့ကို ချောက်နက်ထဲ ပစ်ချလိုက်သလိုပင်။
ပြာနှမ်းနေသော မျက်နှာနှင့် ကျုံးဝေ့က သူ့အမှားကို သတိထားမိကာ ယဲ့ဖန်ရှေ့ ခုန်ဝင်၍ အသည်းအသည် ဒူးထောက်တောင်းပန်တော့သည်။
“မစ္စတာယဲ့ ကျုပ်… ကျုပ် မှားသွားပါတယ်။ ကျုပ် ကျုံးချမ်း လှည့်စားတာ ခံခဲ့ရတာပါ၊ မဟုတ်ရင် ဒီလိုဆိုးယုတ်တဲ့ ကိစ္စမျိုး ကျုပ် မလုပ်ပါဘူး။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ။ ကျေးဇူးပြုပြီး ကျုပ်ကို ခွင့်လွှတ်ပေးပါ”
ကျုံးဝေ့ အလွန်နောင်တရနေရှာသည်။
သို့သော် ယဲ့ဖန်က နည်းနည်းလေးမှ သနားသည့်ပုံ မပေါ်ပေ။
“မင်းက ငါ့ကို သတ်ချင်တဲ့ တစ်ဦးတည်းသောသူ မဟုတ်သလို နောက်ဆုံးလူလည်း မဟုတ်ဘူး။ ဒါပေမယ့် တော်တော့်ကို ရူးမိုက်တဲ့သူပဲ”
ယဲ့ဖန်က ပြုံး၍ “ပါးကိုက်ရင် နားကိုက်တတ်တာက တရားပါတယ်။ မင်းက ငါ့ကို သတ်ချင်မှတော့ မင်း သေကို သေသင့်တယ်”
“အဲ့ဒီတော့ သွားသေလိုက်တော့”
*ဘာ*
သူ့စကားကြောင့် ကျုံးဝေ့ ကြောင်သွားသည်။
ယဲ့ဖန် သူ့ကို ခွင့်မလွှတ်ပေးနိုင်လိမ့်မည်မဟုတ်ဟု သူ တွက်ထားသော်လည်း ယဲ့ဖန်က သူ့ကို သတ်ရဲလိမ့်မည်ဟု ထင်မထားခဲ့မိပါ။
အနက်ရောင်မြူခိုးက သူ့ကိုယ်ထဲ အလင်းတန်းလို ဝင်ရောက်လာသည်ကို သူ သတိမပြုလိုက်မိပါ။
“အား”
စူးရှသော နာကျင်မှုနှင့်အတူ ကျုံးဝေ့၏ ကြွက်သားများက ကပြောင်းကပြန် ဖြစ်လာကာ ပုရွက်ဆိတ်များ တက်ပြေးနေသလို ခံစားရပြီး မြွေပွေးတွေ သူ့ကိုယ်ထဲ ကူးသန်း သွားလာနေသလို ခံစားရသည်။ ထူးဆန်းလှချည်လား။
ကျုံးဝေ့၏ မျက်နှာပေါ်တွင် အလွန် တုန်လှုပ် နောင်တရနေသည့်ဟန်က အထင်းသား ပေါ်လွင်နေသည်။
ထို့နောက် သူသည် မီးလောင်နေသော စက္ကူစလို ပြိုလဲကျကာ မျက်စိတစ်မှိတ် အတွင်းမှာပင် ပြာဖြစ်သွားလေတော့သည်။
ကျုံးဝေ့ သေသွားလေပြီ။