Switch Mode

အခန်း (၇၁၈)

ငါ ဒီလက်နက်ကို ထပ်မပြင်တော့ဘူး 

ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်မှာ လေထဲတွင် ရစ်ဝဲနေပြီး တိုက်ခိုက်ရန် ပြင်နေပြီဖြစ်သည်။ သူသည် ဝမ်ပေါင်လဲ့၏ ကိုယ်ပွား ဂူထဲမှ ပြေးထွက်လာသည်နှင့် တစ်ပြိုင်နက် ခေါင်းမော့လာပြီး နတ်ဘုရားလက်နက် မြို့တော်သစ် ရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အတော်အသင့် မြင့်မားနေသောကြောင့် သူသည် မြေကြီးအောက်မှ ထွက်ပေါ်လာသည့် အငွေ့အသက်အား အလွယ်တကူ အာရုံခံနိုင်စွမ်း ရှိနေသည်။

” ဝမ်ပေါင်လဲ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများမှေးသွား၏။ သူသည် မကြာသေးမီတုန်းက အပူတပြင်း လိုက်လံရှာဖွေနေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့အား အရိပ်အယောင်ပင် မမြင်ခဲ့ရပေ။ ထို့ကြောင့် ဤဂြိုဟ်ပေါ်တွင် သူမသိထားသည့် လျှို့ဝှက်ချက်တစ်ခု ရှိနေရမည်ဟု သူက သုံးသပ်လိုက်၏။

” ဘာအရေးလဲကွာ… ကိစ္စမရှိပါဘူး ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုသို့ရေရွတ်လိုက်ပြီး မျက်ဝန်းများ အေးစက်စွာတောက်ပသွားသည်။ ကျိယွဲ့တစ်ယောက် သူမ၏လက်အား တစ်ချက်မျှ ဝှေ့ယမ်းလိုက်ရုံဖြင့် သောကြာဂြိုဟ်ပေါ်တွင် နွယ်ပင်များပေါ်ပေါက်လာပြီး အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များ ထွက်ပေါ်လာသည့် မြင်ကွင်းမှာ သူ၏ အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာသည်။ သူသည် ထိုမြင်ကွင်းအား လုံးဝ မေ့နိုင်တော့မည်မဟုတ်ပေ။ သူသည် ကျိယွဲ့မှာ အနည်းဆုံး ဂြိုဟ်အဆင့်တွင် ရှိနေလောက်သည်ဟု မှတ်ယူထားသဖြင့် လှောင်ပြုံးပြုံးလိုက်ပြီးနောက် ထို မြို့တော်သစ်ဆီသို့ ဦးတည်သွားတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန် မြို့တော်သစ်ဆီသို့ ပြေးလာနေစဉ် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ လေထဲ၌ ပေါ်ပေါက်လာ၏။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အမြင့်ကြီးမဟုတ်သောကြောင့် သူသည် အမှောင်သမ္ဗန်ကြီး၊ အမှောင်ဝတ်ရုံကြီးနှင့် အမှောင် လှော်တက်မီးအိမ်ကြီးတို့အား ပေါ်ပေါက်လာအောင် လုပ်နိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။ ထို့အပြင် သူ၏ ကိုယ်ပွားမှာလည်း မှုန်ဝါးဝါးသာ ဖြစ်နေ၏။

သူ၏ ကိုယ်ပွား၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်အစစ်နှင့် မယှဉ်နိုင်သောကြောင့် ဝမ်ပေါင်လဲ့မှာ ဖြစ်နိုင်မည်ဆိုပါက တိုတ်ခိုက်ချင်စိတ်မရှိပေ။ သို့သော် ယခုတွင် သူသည် ရွေးချယ်စရာမရှိတော့ချေ။ သူ၏ ကိုယ်ပွားမှာ မြို့တော်အထက်၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အင်္ဂါဂြိုဟ် ပင်မမြို့တော်ဘက်မှ ‌ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု သူ့ဆီသို့ ချက်ချင်းဦးတည်လာသည်ကို အာရုံခံမိလိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားတော့သည်။

သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဘယ်ဘက်လက်ထဲမှ ဧရာမ အနက်ရောင်လေးကြီးကို မြှောက်ကာ သူ၏ညာဘက်လက်ဖြင့် လေးကြိုးကိုဆွဲလိုက်သောကြောင့် ၎င်း၏ ပုံသဏ္ဍာန်မှာ လပြည့်ဝန်းကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ထို့နောက် သူသည် ၎င်းအား သူ့ဆီသို့ ဦးတည်လာနေသည့် အငွေ့အသက်ကြီးဆီသို့ ချိန်၍ လေးကြိုးအား လက်ထဲမှ လွှတ်လိုက်တော့သည်။

ထိုအခါ သူ၏ ပတ်ပတ်လည်ရှိ လေထုကြီးမှာ တုန်ရီသွား၏။ ထို့နောက် ‌ထိုလေး၏ ဘေးနားတစ်ဝိုက်တွင် မျက်စိကျိန်းစရာကောင်းသော အလင်းတန်းတစ်ခု စုဝေးလာပြီး လေးကြိုးနှင့်အတူ ရှေ့သို့ ထိုးထွက်သွားတော့သည်။ ၎င်းမှာ လှံတစ်ချောင်းအသွင် ပြောင်းလဲသွားပြီး အဝေးသို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွား၏။ ထိုလှံထိပ်မှာ ချွန်ထက်လွန်းနေသောကြောင့် ၎င်း၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ ဆုတ်ဖြဲခံလိုက်ရတော့မည့်ပုံပင်။

ထို လှံကြီးဆီမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ အံ့သြမှင်တက်ဖွယ်ရာ ကောင်းလှပြီး မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေ၏။ ၎င်း၏ ရှေ့တွင် ရှိနေသမျှ အရာအားလုံးမှာ လုံးဝ တောင့်ခံနိုင်စွမ်းမရှိဘဲ ချက်ချင်း ဖျက်ဆီးချေမှုန်းခံလိုက်ရမည့်ပုံ ပေါက်နေတော့သည်။

ထို့ကြောင့် နတ်ဘုရားလက်နက် မြို့တော်သစ်ထဲမှ ကျင့်ကြံသူအားလုံးမှာ ဆွံ့အသွားရ၏။ သို့သော် ထိုကိုယ်ပွားမှာ ထိုမျှလောက်နှင့် ရပ်တန့်သွားခြင်း မရှိသေးပေ။

သူသည် မျက်ဝန်းများ အရောင်လက်သွားပြီး လေးကြိုးအား ထပ်ဆွဲကာ ဆယ့်တစ်ချက်တိတိ ဆက်တိုက်ပစ်လွှတ်လိုက်၏။

ထို့ကြောင့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး သူ၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးမှာလည်း ကွဲအက်စပြုလာတော့သည်။ သူ၏ ဘေးနားတစ်ဝိုက်ရှိ ကောင်းကင်ယံကြီးမှာလည်း ပြိုလဲပျက်စီးသွားတော့မည့်ပုံပင်။ အနက်ရောင်လေးကြီး၏ စွမ်းအားမှာ ပြင်းထန်လွန်းလှသောကြောင့် မိုးကောင်းကင်ကြီးပင်လျှင် တောင်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။

ထို အနက်ရောင်လေးကြီးမှာ နဝမအဆင့် ဓမ္မလက်နက်အဆောင်ပစ္စည်းတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ ၎င်းမှာ ဝမ်ပေါင်လဲ့မှာ ရှာတွေ့ခဲ့စဉ်တုန်းက ပျက်စီးနေခဲ့ပါသော်လည်း သူ ပြန်လည်ပြင်ဆင်ခဲ့ပြီးနောက် ၎င်း၏ စွမ်းအားများမှာ မူလအနေအထားသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်သည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ ကြယ်တာရာ ရင်းမြစ်အချို့နှင့် ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးများကိုသာမက အမှောင်အဆောင်ပစ္စည်းကိုပါ အသုံးပြု၍ ၎င်းအား ပြန်လည်ပြုပြင်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် ၎င်းမှာ နဂိုမူလတုန်းထက်ပင် အများကြီးပို၍ အစွမ်းထက်နေပြီဖြစ်သည်။

အနက်ရောင်လေးကြီး၏ စွမ်းအားမှာ အမြင့်ဆုံးအဆင့်အထိ ရောက်ရှိနေသည့်အပြင် ဝမ်ပေါင်လဲ့မှာ ၎င်းအား တမူထူးခြားသည့် နည်းလမ်းတစ်ခုဖြင့် အသုံးပြုနေခြင်းဖြစ်၏။ သူသည် ၎င်းအား ရေရှည်အသုံးပြုနိုင်ရန် ရည်ရွယ်ထားခြင်းမရှိသောကြောင့် ထို အဆောင်ပစ္စည်း ရင်ဆိုင်ကြုံတွေ့ရမည့် ထိခိုက်ပျက်စီးမှုများကို တွေးပူနေခြင်း မရှိပေ။ သို့ဖြစ်ရာ ထိုလေးကြီး ထုတ်လွှတ်လိုက်သည့် အဖျက်စွမ်းအားများမှာ ၎င်း တောင့်ခံနိုင်သည့် ပမာဏထက် ပို၍လွန်ကဲနေ၏။ ဆယ့်တစ်ချက်မှာ… ၎င်းအများဆုံး တောင့်ခံနိုင်သည့် ပမာဏ ဖြစ်ပေသည်။

ထို့‌ကြောင့် ထိုလေးကြီးထဲမှ ဆယ့်တစ်ချောင်းမြောက် လှံကြီး ထိုးထွက်လာသည်နှင့် တစ်ပြိုင်နက် ထို အဆောင်ပစ္စည်းမှာ ဝမ်ပေါင်လဲ့၏ လက်ထဲ၌ ပြာပုံဘဝသို့ ရောက်သွား၏။

လှံဆယ့်တစ်ချောင်းမှာ သက်တံ့ကွေးဆယ့်တစ်ခုကဲ့သို့ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာကြပြီး အတူတကွ ပေါင်းစည်းသွားကြသဖြင့် အလင်းရောင် ပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ ပစ်မှတ်တစ်ခုတည်းကို မလွတ်တန်း ချိန်ရွယ်ထားသကဲ့သို့ လေထုကြီးကို ထိုးခွင်းကာ ရှေ့သို့ ဆက်လက်ဦးတည်သွားနေဆဲပင်။ ၎င်းတို့၏ ပစ်မှတ်မှာမူ မြို့တော်သစ်ဆီသို့ ၎င်းတို့နည်းတူ အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည့် တာအိုဘုန်းတော်ကြီးယိုရန် ဖြစ်ပေသည်။

မျက်စိကျိန်းစရာကောင်းလောက်အောင်တောက်ပနေသည့် ထို လှံဆယ့်တစ်ချောင်းမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မျက်လုံးများ မှေးသွားပြီး သူ၏ညာဘက်လက်ကိုမြှောက်ကာ ရှေ့သို့ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ သူ၏ရှေ့တွင် အချုပ်အနှောင် ကမ္ဗည်းစာလုံးတစ်လုံး ပေါ်ပေါက်လာကာ ပေတစ်ထောင်ကျော် အထိ ရှည်လျားသွား၏။ ထို့နောက် ၎င်းမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားပြီး ထိုလှံဆယ့်တစ်ချောင်းနှင့် ဝင်တိုက်သွားတော့သည်။

ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံကြီးတစ်သံ ချက်ချင်း ထွက်ပေါ်လာ၏။ ထို လှံများမှာ ရပ်တန့်သွားပါသော်လည်း ၎င်းတို့ထဲမှ အနက်ရောင် မီးခိုးငွေ့များ ထိုးထွက်လာကြသည်။ ထို မီးခိုးငွေ့များမှာ အချုပ်အနှောင်ကြီးအား ဝါးမျိုပစ်တော့မည့် ပုံပင်။

ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ အနည်းငယ်ခန့် မျက်မှောင်ကြုတ်သွား၏။ သူသည် ထို လှံဆယ့်တစ်ချောင်း၏ စွမ်းအားများ၏ နောက်ကွယ်တွင် တစ်စုံတစ်ခု ရှိနေသည်ကို အာရုံခံမိနေသည်။ ၎င်းမှာ သူ့အား ကြောက်ရွံ့တုန်လှုပ်သွားစေသည့် အငွေ့အသက်တစ်ခု ဖြစ်နေ၏။

သူသည် ထိုအငွေ့အသက်ကြီး၏ ဂုဏ်သတ္တိအား အတိအကျ ခန့်မှန်းနိုင်စွမ်း မရှိသလို ထိုသို့ ခန့်မှန်းနေရန်လည်း အချိန်မရှိပေ။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် တည်‌နေရာပြောင်းရွှေ့သွားကာ လှံဆယ့်တစ်ချောင်း၏ တိုက်ကွက်အား ရှောင်တိမ်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။

” ဒါက ကိုယ်ပွားတစ်ခုလားဟ။ အဲတာဆိုရင် မင်းရဲ့ ခန္ဓာကိုယ်အစစ်ကလည်း ဒီအ‌နီးအနားမှာပဲ ရှိမှာပါ ” တာအိုဘုန်းတော်ကြီးယိုရန်၏ စကားသံမှာ အေးစက်နေပြီး မုန်းတီးစိတ်များဖြင့် ပြည့်နှက်နေ၏။ သူ၏စကားသံကြီး လေထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် သူသည် ရှေ့သို့ ပြေးထွက်သွားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ အနီးသို့ ချဉ်းကပ်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာမူ နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်ပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ ဘယ်ညာနှစ်ဖက်တွင် သားရဲရုပ်အလောင်း တစ်ကောင်စီ ပေါ်ပေါက်လာကြသည်။ ထိုအချိန်တွင် ညာဘက်တွင်ရှိနေသော သားရဲကြီး၏ မျက်ဝန်းများမှာ ရုတ်တရက်ဆိုသလို နီမြန်းသွားပြီး ၎င်းမှာ ပါးစပ်ဟကာ ဒေါသတကြီး ဟိန်းဟောက်‌လိုက်တော့သည်။ ထို့နောက် ၎င်းမှာ ရှေ့သို့ ပြေးထွက်လာပြီး တာအိုဘုန်းတော်ကြီးယိုရန်ပေါ်သို့ ခုန်အုပ်လိုက်၏။

ထို ကြယ်အစွယ်သားရဲကြီး ရှေ့သို့ပြေးထွက်လာသည်နှင့် ၎င်း၏ ခန္ဓာကိုယ်ပေါ်တွင် အစိမ်းရောင်မီးတောက်များ ဖုံးလွှမ်းသွားသည်။ ထိုမီးတောက်များမှာ ထိုသားရဲကြီး အသက်ရှင်လျက် ရှိနေခဲ့စဉ်တုန်းက ထုတ်လွှတ်နိုင်စွမ်းရှိသည့် မီးတောက်များနှင့် မတူသလို အမှောင်မီးတောက်နှင့်လည်း မတူပေ။ ၎င်းတို့မှာ ထို မီးတောက်နှစ်ခု ပေါင်းစပ်သွားရာမှ ပေါ်ပေါက်လာသည့်ပုံပင်။ ထို့ကြောင့် ၎င်းတို့မှာ ထိုမီးတောက် နှစ်ခုစလုံးနှင့် ဆင်တူနေသလို လုံးဝမတူသည့်ပုံလည်း ပေါက်နေ၏။ မည်သို့ပင် ဆိုစေကာမူ ၎င်းတို့၏ စွမ်းအားများကို လျှော့တွက်၍ မရပေ။ ထို သားရဲကြီးမှာ မီးလုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားပြီး ၎င်း၏ ပစ်မှတ်အား ခုန်အုပ်လိုက်ပြီဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ဘယ်ဘက်တွင်ရှိနေသော ကြယ်အစွယ်သားရဲ ရုပ်သေးရုပ်ကြီးမှာလည်း ထိုနည်းတူပင်။ ထို ကြယ်အစွယ်သားရဲကြီး နှစ်ကောင်စလုံးမှာ တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ပြေးလာကြပြီး သူ့အား ဘယ်ညာ နှစ်ဖက်နေ၍ ညှပ်ကာ တိုက်ခိုက်နေကြပြီဖြစ်သည်။ ၎င်းတို့မှာ သူ့အား ချက်ချင်းဆိုသလိုပင် ဝင်တိုက်သွားကြသဖြင့် အုန်းခနဲ မြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ကြယ်အစွယ်သားရဲကြီး နှစ်ကောင်၏ ပူပေါင်းတိုက်ကွက်မှာ တာအိုဘုန်းတော်ကြီးယိုရန်ကိုပင် အခက်တွေ့သွားစေသောကြောင့် သူသည် မျက်မှောင်ကြုတ်သွားရတော့သည်။ ထိုသားရဲကြီးများမှာ အသက်မသေခင်တုန်းက ထာဝရဝိညာဉ်အဆင့်တွင် ရှိနေခဲ့ကြသည်ဖြစ်ရာ ၎င်းတို့၏ အပြင်ခန္ဓာကိုယ်များမှာ ကြောက်ခမန်းလိလိ အစွမ်းထက်နေလောက်ပေသည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ ၎င်းတို့ကိုသာ သတိထားနေရသည်တော့မဟုတ်ပေ။ သူသည် တည်နေရာပြောင်းရွှေ့ပြီး ၎င်းတို့၏ တိုက်ကွက်များကို ရှောင်တိမ်းကာ ဝမ်ပေါင်လဲ့အား ဆက်၍ လိုက်ဖမ်းနိုင်စွမ်း ရှိနေဆဲပင်။ သို့သော် သူ ညာဘက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး အဝေးသို့ တည်နေရာပြောင်းရွှေ့ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မန္တန်လက်ကွက်တစ်ခု ဖော်လိုက်၏။ ထိုအခါ သားရဲကြီးနှစ်ကောင်မှာ အော်ဟစ်မြည်တမ်းလိုက်ကြပြီး ၎င်းတို့၏ ခန္ဓာကိုယ်များထဲမှ အစိမ်းရောက်မီးတောက်များ ထိုးထွက်လာကြတော့သည်။ ထို မီးတောက်များမှာ ၎င်းတို့၏ ခန္ဓာကိုယ်များကို လောင်စာများအဖြစ် အသုံးပြုနေကြသည့်ပုံပင်။ ထို့ကြောင့် ထိုမီးတောက်များမှာ မီးပင်လယ်ကြီး တစ်စင်းအဖြစ်သို့ ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ထိုနေရာကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။

ထိုသို့ဖြင့် မီးလုံးကြီးနှစ်လုံး တစ်သားတည်း ပေါင်းစည်းသွားပြီး မီးပင်လယ်တစ်စင်းအသွင် ပြောင်းလဲသွားကာ ထိုနယ်မြေကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီဖြစ်သည်။ ထို မီးပင်လယ်ကြီးမှာ ထိုနေရာအား ချုပ်နှောင်လိုက်သောကြောင့် မည်သူကမှ တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိတော့ပေ။

ထိုအခြင်းအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ သားရဲများ၏ ခန္ဓာကိုယ်များထဲမှ မီးတောက်များ ထွက်ပေါ်လာစဉ် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ မျက်ဝန်းများ အရောင်လက်သွားပြီး မန္တန်လက်ကွက်များ ဖော်လိုက်ပြန်သည်။ ထိုအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးတောက်များ ထွက်ပေါ်လာကာ အစိမ်းရောင် မီးပင်လယ်ကြီးနှင့် ပေါင်းစည်းသွားပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်အား ပိတ်လှောင်ထားလိုက်တော့သည်။

ထိုမျှလောက်နှင့် ပြီးမသွားသေးပေ။ ထိုမီးတောက်များ တာအိုဘုန်းတော်ကြီးယိုရန်အား လွှမ်းခြုံသွားကြစဉ် ခပ်အောအော စကားသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး မီးပင်လယ်ကြီးမှာ ထပ်၍ ပြောင်းလဲသွားပြန်သည်။

” ချုပ်နှောင်စေ ”

ထို စကားသံကြီး ထွက်ပေါ်လာသောအခါ အချုပ်အနှောင်ကြီးကြောင့် ရပ်တန့်ခံလိုက်ရသည့် လှံဆယ့်တစ်ချောင်းမှာ စူးရှတောက်ပသော အလင်းရောင်များကို ထုတ်လွှတ်လိုက်ကြ၏။ ၎င်းတို့မှာ ထို အချုပ်အနှောင်ကြီးအား ထိုးဖောက်သွားကာ ဂငယ်ကွေ့ ပြန်လှည့်လာပြီး အရှိန်မြှင့်တင်လိုက်ပြန်သည်။ ထို့ကြောင့် ၎င်းတို့မှာ တာအိုဘုန်းတော်ကြီးယိုရန်၏ ပတ်ပတ်လည်တွင် ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာကြပြီး မီးတောက်များ၏ အထက်၌ သူ့အား စက်ဝိုင်းပုံသဏ္ဍာန် ဝိုင်းထားလိုက်ကြတော့သည်။ ထို့နောက် ၎င်းတို့မှာ မီးပင်လယ်ကြီးထဲသို့ တစ်ချောင်းပြီးတစ်‌ချောင်း ပြုတ်ကျသွားကြသဖြင့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာ၏။

၎င်းမှာ ဝမ်ပေါင်လဲ့၏ အစီအစဉ်ဖြစ်ပေသည်။ သူသည် သူ၏ ကိုယ်ပွားမှာ တာအိုဘုန်းတော်ကြီးယိုရန်အား ယှဉ်နိုင်မည်မဟုတ်ကြောင်း သိထားသဖြင့် တိုက်ပွဲအစကတည်းက ရည်မှန်းချက်တစ်ခုသာ ရှိခဲ့၏။ ၎င်းမှာ သူ၏ကိုယ်ပွားကို စတေးကာ တာအိုဘုန်းတော်ကြီးယိုရန်အား ချုပ်နှောင်ပြီး အချိန်ဆွဲရန်ဖြစ်ပေသည်။

လှံဆယ့်တစ်ချောင်းမှာ အောက်သို့ပြုတ်ကျလာကြပြီးနောက် အရှိန်အဟုန်ပြင်းစွာ လည်ပတ်နေကြသည်။ ၎င်းတို့မှာ ၎င်းတို့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ အချုပ်အနှောင်စွမ်းအားများအဖြစ် ပြောင်းလဲပစ်လိုက်ကြ၏။ ထို့ကြောင့် မီးပင်လယ်ကြီးမှာ ချစ်ချစ်တောက် ပူပြင်းလာရပြီး ဘေးပတ်ပတ်လည်ရှိ လေထုကြီးမှာလည်း တွန့်လိမ်ပုံပျက်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာ အရာအားလုံးကို အသေးစိတ် ပြင်ဆင်ထားခဲ့ပြီးသားဖြစ်သည်။ သူ၏ အစီအစဉ်မှာ ချောမွေ့လွန်းနေသောကြောင့် သူကိုယ်တိုင်ပင်လျှင် အံ့အားသင့်နေရ၏။ ထို့ကြောင့် သူသည် တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ခံစားလာရတော့သည်။

ထိုအချိန်တွင် မီးပင်လယ်ကြီးထဲမှ ဧရာမလက်ကြီးတစ်ဖက် ထိုးထွက်လာပြီး လှံတစ်ချောင်းအား လှမ်း၍ ဆုပ်ကိုင်လိုက်၏။ ထို လက်ကြီးပေါ်တွင်မူ အသက်မပါသော မျက်နှာများဖြင့် ပြည့်နှက်နေသဖြင့် ထိုမြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ထိုလက်ကြီးမှာ ထိုလှံအား ဆုပ်ကိုင်လိုက်ပြီးနောက် အားပါပါ ဆောင့်ဆွဲလိုက်သဖြင့် ၎င်းမှာ တစ်စစီ ကြေမွပျက်စီးသွားရတော့သည်။

ထိုလှံကြီး ကြေမွပျက်စီးသွားသည့်အသံမှာ လေထဲတွင် ပဲ့တင်ထပ်သွားပြီးနောက် မီးတောက်များထဲမှ ကြောက်မက်ဖွယ်ရာ ရယ်မောသံများ ထွက်ပေါ်လာသည်။ ထို့နောက် နောက်ထက် လက်တစ်ဖက်နှင့် ဧရာမ ခေါင်းကြီးတစ်လုံးတို့မှာလည်း မီးတောက်များထဲမှ ပေါ်ထွက်လာပြန်သည်။

၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်နှင့် ဆင်တူသလို လုံးဝမတူသည့်ပုံလည်း ပေါက်နေ၏။ ညနတ်ဆိုးဧကရာဇ်ကြီးကြောင့် ပျက်စီးသွားခဲ့သည် ခေါင်းနှစ်လုံးနှင့် လက်လေးဖက်မှာ အကောင်းအတိုင်း ပြန်လည်ပေါ်ပေါက်လာသည့်အပြင် ၎င်းတို့မှာ ယခင်တုန်းကထက်ပင် ပို၍ အစွမ်းထက်နေသည့်ပုံ ပေါက်နေသည်။ သူ၏ လက်များနှင့် ခေါင်းများပေါ်တွင် မျက်နှာပေါင်းမြောက်မြားစွာ ဖုံးလွှမ်းနေ၏။

” မင်းဆီမှာ ဝှက်ဖဲတွေ ရှိနေမယ်ဆိုတာ ငါ သိထားလို့ ငါက ဒီဂြိုဟ်ပေါ် ရောက်မလာခင် အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ် တစ်သောင်းတိတိကို စတေးခဲ့တာကွ။ အဲတာကြောင့်မလို့ ငါ့ရဲ့ ဒဏ်ရာတွေအကုန်လုံး ပျောက်ကင်းသွားပြီးတော့ ငါ့ရဲ့ ခန္ဓာကိုယ်က အစွမ်းအထက်ဆုံးအနေအထားကို ပြန်ရောက်နေပြီ။ အရင်တုန်းကထက်တောင် ပိုပြီးတော့ အစွမ်းထက်လာပြီလို့ ပြောလို့ရတယ်။ အခု ငါက ဝိညာဉ်တစ်သောင်းရဲ့ သက်စောင့်စွမ်းအားတွေကို ပိုင်ဆိုင်ထားပြီ။ မင်းက ငါ့ကို ဘယ်နည်းနဲ့ အနိုင်ယူတော့မှာလဲ ” တာအိုဘုန်းတော်ကြီးယိုရန်၏ မောက်မာဝင့်ကြွားသော စကားသံကြီးမှာ ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် သူသည် ရှေ့သို့ ပြေးထွက်လာသဖြင့် သူအား ဝိုင်းထားကြသည့် လှံများမှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွားကြတော့သည်။ နောက်ဆုံးတွင် မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသဖြင့် သူ၏ ကြောက်မက်ဖွယ်ရာ ခန္ဓာကိုယ်ကြီးမှာ ပေါ်ပေါက်လာတော့သည်။

ထိုအချိန်တွင် အမှောင်အဆောင်ပစ္စည်းထဲ၌ ထိုင်နေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများပွင့်လာ၏။ သူ၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပနေသည်။

” အဆုံးအထိပြင်ဖို့ အချိန်မရှိတော့ဘူးဆိုမှတော့… ပြင်မနေတော့နဲ့ “

Comment

  1. pinkytwetty15392 says:

    Good 👍

Leave a Reply

Options

not work with dark mode
Reset