အင်္ဂါဂြိုဟ်ဘုရင်ခံ အမိန့်များ ထုတ်ပြန်လိုက်သောအခါ အင်္ဂါဂြိုဟ်ကြီးမှာ တုန်ရီသွားပြီး ဝိညာဉ်စွမ်းအင်လှိုင်းတစ်ခု ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ အင်္ဂါဂြိုဟ်အား ဗဟိုပြုကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသည်။ ၎င်းမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို အဝေးသို့ တိုက်ထုတ်ပစ်လိုက်မည့် လေမုန်တိုင်းကြီး တစ်ခုကဲ့သို့ပင်။
အင်္ဂါဂြိုဟ်ဘုရင်ခံမှာ စိတ်ဓာတ်ပြတ်သားသူတစ်ယောက်ဖြစ်သလို နှလုံးသားထဲ၌ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်ဖြစ်ရာ အင်္ဂါဂြိုဟ်တိုက်ပွဲကြီးမှာ သောကြာဂြိုဟ်နှင့် ဗုဒ္ဓဟူးဂြိုဟ်တို့ပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးများနှင့် လုံးဝတူမည်မဟုတ်ပေ။ ထိုကဲ့သို့သော ကွဲပြားခြားနားချက်များကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း အံအားသင့်သွားရ၏။
သူသည် ကျူးကျော်စစ် စတင်ခဲ့စဉ်ကတည်းက နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီး၏ ထူးခြားသော အစွမ်းများကို သိထားပြီးသားဖြစ်သည်။ သူသည် ထိုအစွမ်းများကို နည်းလမ်းမျိုးစုံသုံး၍ ကျော်လွှားနိုင်ရန် ကြိုးစားခဲ့ပါသော်လည်း ထို မန္တန်အစီအရင်ကြီးအား ကူညီထောက်ပံ့ပေးနေသည့် ဂြိုဟ်များကို မဖျက်ဆီးနိုင်သရွေ့ ကမ္ဘာဂြိုဟ်ထဲသို့ ထိုးဖောက်ဝင်ရောက်၍ ရမည်မဟုတ်ကြောင်း သိထား၏။
ထို့ကြောင့်လည်း သောကြာဂြိုဟ်ပေါ်တွင် တိုက်ခိုက်ခဲ့ရပြီးနောက် ယခုတွင်လည်း အင်္ဂါဂြိုဟ်ပေါ်၌ တိုက်ခိုက်နေရခြင်းဖြစ်ပေသည်။ သူသည် အင်္ဂါဂြိုဟ်မှာ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီး၏ စွမ်းအားများကို ယခုလို ထုတ်သုံးနေလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။
သူတို့မှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအား ဖောက်ခွဲပစ်နေကြသည် မဟုတ်ပါလော။ ယခင်အကြိမ်များတုန်းကနှင့် မတူသည်မှာ ယခုတွင် ထိုပေါက်ကွဲမှုများမှာ တစ်ကြိမ်တည်း မဟုတ်ဘဲ အဆက်မပြတ် ပေါ်ပေါက်လာခြင်းပင်။ ထို ပေါက်ကွဲအားများမှာ အလွန်အမင်း အစွမ်းမထက်ပါသော်လည်း မန္တန်အစီအရင်ကြီးမှာမူ အသုံးပြု၍ မရတော့သည့်အဆင့်အထိ ရောက်သွားမည်မဟုတ်ပေ။ ၎င်းမှာ အနည်းငယ်မျှသာ အားလျော့သွားမည် ဖြစ်သည်။ အကယ်၍ တာအိုဘုန်းတော်ကြီးယိုရန်မှာ အချိန်ရှိပါက သူ၏ တပ်သားများကို စတေးကာ ထို မန္တန်အစီအရင်ကြီးအား အားနည်းသွားအောင် လုပ်နိုင်ပေသည်။ ထိုသို့သာဆိုပါက နောက်ဆုံးတွင် သူသည် အင်္ဂါဂြိုဟ်အား ကျော်ဖြတ်ကာ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးအား ဖောက်ထွက်ပြီး ကမ္ဘာဂြိုဟ်ထဲသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်။
သို့သော် ယခုတွင်မူ တာအိုဘုန်းတော်ကြီးယိုရန်မှာ ဒွိဟဖြစ်နေရပြီ ဖြစ်သည်။ အကယ်၍ သူသည် ကျိယွဲ့၏ အမိန့်များကို မရထားပါက ကိစ္စမရှိပါသော်လည်း သူမသည် ဝမ်ပေါင်လဲ့အား အရှင်လက်လက် ဖမ်းဆီးပေးရန် အတိအလင်း ညွှန်ကြားခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် သူသည် အဆုံးမဲ့မျိုးနွယ်စုဝင် ရုပ်သေးရုပ်များကို အကဲခတ်လိုက်ပြီးနောက် အံကြိတ်ကာ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးအား အားအင်လျော့နည်းသွားအောင်လုပ်မည့် အစီအစဉ်အား မေ့ပျောက်ထားလိုက်ရတော့သည်။ အကယ်၍ သူသာ ထို အစီအစဉ်အတိုင်း ဆောင်ရွက်လိုက်မည်ဆိုပါက အင်္ဂါဂြိုဟ်အား ခုခံစစ်အတွက် ဗျူဟာများရေးဆွဲရန် အချိန်ပေးနေသကဲ့သို့ ဖြစ်သွားမည် မဟုတ်ပါလော။
” ရှိသမျှအစွမ်းတွေ အကုန်ထုတ်ပြီးတော့ တိုက်ခိုက်ကြစမ်း ” သူသည် မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီနောက် အော်ဟစ်အမိန့်ပေးလိုက်၏။ ထိုအခါ တာအိုနန်းတော် စစ်သင်္ဘောကြီးများမှာ အင်္ဂါဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။ ထို စစ်သင်္ဘောကြီးများမှာ လေးမှ ပစ်လွှတ်လိုက်သည့် မြားများကဲ့သို့ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးဆီမှ ပေါ်ထွက်လာသည့် ပထမဆုံး ဝိညာဉ်စွမ်းအင်လှိုင်းကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြ၏။
ထိုစစ်သင်္ဘော အများစုမှာ ထို ဝိညာဉ်စွမ်းအင်လှိုင်းနှင့် ရိုက်ခတ်မိသွားချိန်တွင် ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားကြသည်။ ၎င်းတို့ပေါ်တွင် လိုက်ပါစီးနင်းလာကြသည့် ကျင့်ကြံသူများမှာလည်း ချက်ချင်းဆိုသလိုပင် သေဆုံးသွားကြပြီး ပြာပုံဘဝသို့ ရောက်သွားရ၏။ အခြား စစ်သင်္ဘောကြီးများမှာလည်း ထို ဝိညာဉ်စွမ်းအင်လှိုင်းများကြောင့် အပြင်းအထန် တုန်ရီသွားကြပြီး ထိခိုက်ပျက်စီးမှု အမျိုးမျိုးနှင့် ကြုံတွေ့လိုက်ရသည်သာဖြစ်သည်။
ထိုအချိန်တွင် ပြည်ထောင်စုစစ်သင်္ဘောကြီးများနှင့် အင်္ဂါဂြိုဟ်ပေါ်ရှိ ဓမ္မလက်နက် အဆောင်ပစ္စည်းများမှာလည်း ၎င်းတို့၏ တိုက်ကွက်များကို ထုတ်လွှတ်လိုက်ကြသေးသည်။ ၎င်းတို့၏ တိုက်ကွက်များမှာ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးဆီမှ ထွက်ပေါ်လာနေသည့် ဝိညာဉ်စွမ်းအင်လှိုင်းများနှင့် ပေါင်းစည်းသွားကာ အကာအရံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကြပြီး တာအိုနန်းတော် ကျင့်ကြံသူများအား ရှေ့သို့ တိုးမလာနိုင်အောင် တားဆီးလိုက်တော့သည်။
သို့သော် တာအိုနန်းတော် စစ်သင်္ဘောကြီးများမှာ တစ်စင်းပြီးတစ်စင်း အဆက်မပြတ် ပေါ်ပေါက်လာနေကြသောကြောင့် ပထမဆုံး ဝိညာဉ်စွမ်းအင်လှိုင်းမှာ အားပျော့လာရတော့သည်။ ထိုအခါ တာအိုနန်းတော် စစ်သင်္ဘောကြီးများမှာ အင်္ဂါဂြိုဟ်ဆီသို့ အင်အား အလုံးအရင်း ချီတက်လာကြ၏။ ထိုအချိန်တွင် အင်္ဂါဂြိုဟ်ဘုရင်ခံမှာ မျက်ဝန်းများ အေးစက်စွာ တောက်ပသွားပြီး ဒုတိယမြောက်လှိုင်းနှင့် တတိယမြောက်လှိုင်းတို့ကို ဆက်တိုက်ဆိုသလို ထုတ်လွှတ်လိုက်တော့သည်။
ထို့ကြောင့် အင်္ဂါဂြိုဟ် ပတ်ပတ်လည်ရှိ အာကာသကြီးထဲတွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်သွားကြ၏။ ထို့နောက် အလင်းစက်လုံးများ ဖျတ်ခနဲ တောက်ပသွားကြပြီး တာအိုနန်းတော် စစ်သင်္ဘောကြီးများမှလည်း ပေါက်ကွဲသွားကြတော့သည်။ ထို့ကြောင့် ပထမဆုံး ပေါက်ကွဲမှုမှ လွတ်မြောက်လာသည့် စစ်သင်္ဘောကြီးများမှာ ထိခိုက်ပျက်စီးမှုများနှင့် ထပ်၍ ကြုံတွေ့လိုက်ရပြန်သည်။ စတုတ္ထမြောက်လှိုင်းကြီး ထွက်ပေါ်လာသည့်အချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်၏ စစ်သင်္ဘောအရေအတွက် စုစုပေါင်း၏ ခြောက်ပုံပုံ ဆယ်ပုံခန့်မှာ ဖျက်ဆီးချေမှုန်းခံလိုက်ရပြီ ဖြစ်သည်။
ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာလည်း သေဆုံးသွားခဲ့ရ၏။ ၎င်းတို့ထဲတွင် တာအိုနန်းတော််မှ အသက်ရှင်ကျန်ရစ်ခဲ့သည့် လူများပါကြပါသော်လည်း အများစုမှာ အဆုံးမဲ့မျိုးနွယ်စုရုပ်သေးရုပ်များ ဖြစ်ပေသည်။ စစ်သင်္ဘောကြီးများမှာလည်း အထိနာနေရပြီ ဖြစ်သည်။
ထိုရလဒ်အား ပြည်ထောင်စုကြီးအတွက် ကြီးမားသော အောင်မြင်မှုကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်ပါသော်လည်း ပြည်ထောင်စုကြီးဘက်မှလည်း အများကြီးပြန်၍ ပေးဆပ်ခဲ့ရ၏။ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးမှာ သိသိသာသာ အားပျော့သွားပြီ ဖြစ်သောကြောင့် ၎င်း၏ စွမ်းအားများမှာလည်း လျော့နည်းလာပြီဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီး၏ အမြုတေအား ကာကွယ်ပေးထားသည့် အကာအရံကြီးမှာလည်း အားအင်များ ဆုတ်ယုတ်လာရ၏။
ထို့အပြင် အင်္ဂါဂြိုဟ်မှာ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးအား အသုံးပြု၍ လူအမြောက်အမြားကို တည်နေရာပြောင်းရွှေ့နိုင်စွမ်းလည်း မရှိတော့ပေ။ သို့ဖြစ်ရာ သောကြာဂြိုဟ်ပေါ်တွင် ရှိနေခဲ့စဉ်တုန်းကလို လိုအပ်လာပါက လူတိုင်းအား တစ်ပြိုင်နက်တည်း တည်နေရာ ပြောင်းရွှေ့ပေးနိုင်တော့မည် မဟုတ်ပေ။ တစ်သုတ်ချင်းစီခွဲ၍ တည်နေရာပြောင်းရွှေ့မှသာ ရတော့မည်ဖြစ်သည်။ သို့ဖြစ်ရာ အင်္ဂါဂြိုဟ်မှာ ချောင်ပိတ်မိနေသည့် အနေအထားသို့ တဖြည်းဖြည်းနှင့် ရောက်လာပြီဖြစ်သည်။
ထို့ကြောင့် သူတို့မှာ အသာစီးရနေသည်လော၊ အရေးနိမ့်နေသည်လော အတိအကျ မသိနိုင်ဘဲဖြစ်နေရသည်။ သို့သော် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ ဆုံးဖြတ်ချက်အား အပြည့်အဝ ထောက်ခံရန် သဘောတူထားကြ၏။ ထို့ကြောင့် သူတို့မှာ စကားတစ်ခွန်းမှမပြောဘဲ တိုက်ပွဲကြီးအား အနီးကပ်စောင့်ကြည့်နေတော့သည်။
” စစ်သင်္ဘောကြီးတွေ၊ သူတို့ကို မျှားခေါ်ပြီး နောက်ကိုပြန်ဆုတ်လာခဲ့။ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးကို အဆင်သင့်ပြင်ထား။ အင်္ဂါဂြိုဟ် ကျင့်ကြံသူတွေလည်း ငါ့ရဲ့ အမိန့်ကို စောင့်ဆိုင်းနေကြ ” အင်္ဂါဂြိုဟ်ဘုရင်ခံမှာ မျက်လုံးများမှေးကာ အမိန့်များ ထုတ်ပြန်လိုက်၏။ ထိုအခါ အာကာသထဲတွင် ရစ်ဝဲရင်း အင်္ဂါဂြိုဟ်အား ခုခံကာကွယ်ပေးနေကြသည့် ပြည်ထောင်စုစစ်သင်္ဘောကြီးများမှာ နောက်သို့ ချက်ချင်းဆုတ်ခွာလာကြပြီး အပစ်အခတ်များ ရပ်တန့်လိုက်ကြ၏။ တာအိုနန်းတော် စစ်သင်္ဘောကြီးများမှာမူ ချက်ချင်းဆိုသလိုပင် ခံစစ်ကြောင်းအား ထိုးဖောက်ကာ အင်္ဂါဂြိုဟ်မြို့တော်၏ လေပိုင်နက်ထဲသို့ ရောက်ရှိလာကြ၏။ ထို့နောက် တာအိုနန်းတော် ကျင့်ကြံသူများနှင့် အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များမှာ စစ်သင်္ဘောကြီးများထဲမှ အင်အားအလုံးအရင်းနှင့် ပြေးထွက်လာကြတော့သည်။ သူတို့၏ ပစ်မှတ်မှာ အင်္ဂါဂြိုဟ်မြို့တော် ဖြစ်သည်။
” ဂြိုဟ်ပေါ်မှာ ရှိသမျှလူတိုင်းကို သတ်ပြီးတော့ ဝမ်ပေါင်လဲ့ကို တွေ့အောင်ရှာခဲ့ ” ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန် လိုက်ပါစီးနင်းလာသည့် စစ်သင်္ဘောကြီးမှာ ထစ်ချုန်းသံကြီးနှင့်အတူ အင်္ဂါဂြိုဟ် ကောင်းကင်ယံထဲ၌ ပေါ်ပေါက်လာသည်။ ၎င်းမှာ မိုးကောင်းကင်ကြီးတစ်ခုလုံးကို အုပ်မိုးထားသည့် ဘီလူးကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသောကြောင့် မြေပြင်ကြီးအား ၎င်း၏ အရိပ်ဖြင့် လွှမ်းခြုံထား၏။
အင်္ဂါဂြိုဟ်မြို့တော်ထဲတွင်မူ လူတိုင်းမှာ ဆွံ့အမှင်တက်နေကြရပြီ ဖြစ်သည်။ ကျောက်ယမုန့်နှင့် ခုန်းတောက်တို့မှာလည်း အခြား ကျင့်ကြံသူများနည်းတူ လေထဲရှိ ဧရာမစစ်သင်္ဘောကြီးအား မော့ကြည့်နေကြ၏။ ထို့နောက် သူတို့မှာ မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များဖြင့် ပြည့်နှက်သွားကြပြီး အသက်ပေးကာ တိုက်ပွဲဝင်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။
အသက်ရှင်ကျန်ရစ်နေသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာမူ တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်အား လက်ခံရရှိလိုက်သောအခါ ချီတုံချတုံ ဖြစ်သွားကြ၏။ သို့သော် အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များမှာမူ စောဒက တက််နေခြင်း မရှိဘဲ ထိုအမိန့်များအတိုင်း လိုက်နာဆောင်ရွက်လိုက်ကြ၏။ သူတို့မှာ ရှေ့သို့ ပျံထွက်လာကြပြီးနောက် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပြည့်နှက်နေသည့် မျက်ဝန်းများဖြင့် သူတို့၏ အောက်ရှိ အင်္ဂါဂြိုဟ်မြို့တော်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။
တာအိုနန်းတော် ကျင့်ကြံသူများနှင့် အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များ ကောင်းကင်ပေါ်မှ ဆင်းသက်လာကြစဉ်…
” မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးရဲ့ ပထမဆုံး ဖိနှိပ်ချုပ်တည်းမှုလှိုင်းကို ထုတ်လွှတ်လိုက်တော့ ” အင်္ဂါဂြိုဟ်ဘုရင်ခံမှာ ထိုသို့ အမိန့်ပေးကာ မန္တန်လက်ကွက်တစ်ခု ချက်ချင်းဖော်လိုက်၏။ ထိုအခါ မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး ဖိနှိပ်ချုပ်တည်းမှုလှိုင်းတစ်ခုအား ထုတ်လွှတ်ပေးလိုက်သဖြင့် ၎င်းမှာ အပေါ်သို့ ပျံ့နှံ့သွားပြီး မြေပြင်ပေါ်သို့ ဆင်းသက်လာနေသည့် စစ်တပ်ကြီးအား ရိုက်ခတ်သွားတော့သည်။
ထို တိုက်ကွက်ကြီးမှာ အသက်အန္တရာယ် ပြုနိုင်စွမ်း မရှိပါသော်လည်း တာအိုနန်းတော် ကျင့်ကြံသူအများစုမှာ တုန်လှုပ်ချောက်ချားသွားရပြီး ခေါင်းများ ထူပူသွားရဆဲပင်။ အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များကို ထိန်းချုပ်နေသည့် အရာများမှာလည်း ထိုဖိနှိပ်အားများကို ခံစားလိုက်ရသဖြင့် ၎င်းတို့မှာ တစ်ခဏမျှ ရပ်တန့်သွားရ၏။
” တိုက်ခိုက်ကြ ” မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီး၏ စွမ်းအင်လှိုင်း စစ်မြေပြင်ထဲ၌ ပျံ့နှံ့သွားစဉ် အင်္ဂါဂြိုဟ်ဘုရင်ခံ၏ အမိန့်ပေးသံကြီးမှာ လေထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ ပြည်ထောင်စုကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ အော်ဟစ်မြည်တမ်းကာ ပြေးထွက်လာကြပြီး ပြည်ထောင်စုစစ်သင်္ဘောကြီးများမှာလည်း လေထဲတွင် ပေါ်ပေါက်လာကြတော့သည်။ သူတို့မှာ ရန်သူတပ်ဖွဲ့များ တစ်ခဏမျှ အငိုက်မိသွားသည့် အခိုက်အတန့်ကို အခွင့်ကောင်းယူကာ တန်ပြန်တိုက်စစ်အား စတင်လိုက်ကြ၏။
ထို့ကြောင့် နှစ်ဖက်စလုံးမှ အသေအပျောက် ကိန်းဂဏန်းများမှာ ချက်ချင်းဆိုသလိုပင် ကြောက်ခမန်းလိလိ ထိုးတက်သွားတော့သည်။ သွေးများမှာ မိုးရေများကဲ့သို့ ကောင်းကင်ပေါ်မှ အဆက်မပြတ် ကျဆင်းလာကြပြီး ခြေပြတ်လက်ပြတ်များမှာလည်း မြေကြီးပေါ်သို့ ပြုတ်ကျလာကြ၏။ လေထဲတွင်လည်း သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများဖြင့် ပြည့်နှက်နေပြီး အသေခံ၍ ဗုံးဖောက်ခွဲခဲ့ကြသည့် လူများကိုလည်း မြင်နိုင်ပေသည်။ ဝိညာဉ်ဆန့်ကျင်ဗုံးများကိုလည်း အဆက်မပြတ် ဖောက်ခွဲနေကြပြီး အဆုံးမဲ့မျိုးနွယ်စု ရုပ်သေးရုပ်များမှာလည်း ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေကြ၏။ ထို့ကြောင့် အင်္ဂါဂြိုဟ် စစ်မြေပြင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေတော့သည်။
တိုက်ပွဲကြီးမှာ မြေပြင်ပေါ်တွင် ဖြစ်ပွားနေသောကြောင့် တာအိုဘုန်းတော်ကြီးယိုရန်နှင့် သူ၏စစ်တပ်မှာ သူတို့၏ လေကြောင်းအားသာချက်အား လက်လွှတ်ဆုံးရှုံးလိုက်ရ၏။ ထို့အပြင် မဟာအင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးဆီမှ ထုတ်လွှတ်နေသည့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအင်လှိုင်းများမှာလည်း ပြည်ထောင်စုကျင့်ကြံသူများ၏ တန်ပြန်တိုက်စစ်အား ကူညီပေးနေသေးသည်။ သို့သော်ငြားလည်း အဖွဲ့နှစ်ဖွဲ့၏ စွမ်းအားမှာ သိသိသာသာ ခြားနားနေဆဲပင်။ ထိုအချိန်တွင် မြဲ့လျဲ့ကျိနှင့် အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်မှာ တိုက်ပွဲထဲသို့ ရောက်ရှိလာကြ၏။ သေမင်းတာအို စစ်သင်္ဘောကြီးကို အသုံးပြုကာ ဝမ်ပေါင်လဲ့အား လိုက်လံရှာဖွေနေခဲ့သည့် တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း တိုက်ပွဲကြီးကိုပါ အာရုံစိုက်ရန် ဆုံးဖြတ်လိုက်၏။ သူ၏ ဦးဆောင်မှုအောက်တွင် သေမင်းတာအို စစ်သင်္ဘောကြီးမှာ ကမ္ဗည်းစာလုံး မြောက်မြားစွာကို ထုတ်လွှတ်လိုက်၏။ ၎င်းတို့မှာ အလင်းတန်းကြီးများအဖြစ် ပြောင်းလဲသွားကြပြီး အင်္ဂါဂြိုဟ်မြို့တော်အား ရိုက်ခတ်သွားကြတော့သည်။ သို့ဖြစ်ရာ အင်္ဂါဂြိုဟ်မှာ မန္တန်အစီအရင်ကြီး၏ ခုခံကာကွယ်မှုများကို ပိုင်ဆိုင်ထားသည့်တိုင်အောင် တိုက်ပွဲကြီးထဲတွင် အရေးနိမ့်လာရပြီ ဖြစ်သည်။
မြို့တော်ကြီး၏ တစ်ဝက်တိတိမှာ ချက်ချင်းဆိုသလိုပင် ဖျက်ဆီးခံလိုက်ရပြီး အနက်ရောင် မီးတောက်များမှာလည်း နေရာအနှံ့အပြားသို့ အလျင်အမြန် ပျံ့နှံ့သွားကာ ကျင့်ကြံသူများကိုသာမက ဂြိုဟ်ကြီးကိုပါ သန့်စင်နေတော့သည်။ အင်္ဂါဂြိုဟ်မှာလည်း အားသွန်ခွန်စိုက် တုံ့ပြန်တိုက်ခိုက်နေဆဲပင်။ ပြည်ထောင်စုကျင့်ကြံသူများမှာ အသက်ပေး၍ တိုက်ခိုက်ရန် ဆုံးဖြတ်ထားကြပြီးသား မဟုတ်ပါလော။ ဝိညာဉ်သိပ္ပံပညာရပ်၏ ပါရမီရှင် ကျောင်ပင်ဖန်၏ ပြင်ဆင်မှုများမှာလည်း အလွန်အင်မတန်မှ အသုံးဝင်ပေသည်။ ထို့ကြောင့် ရန်သူများမှာ အင်္ဂါဂြိုဟ်၏ တန်ပြန်တိုက်စစ်အား ဖိန့်ဖိန့်တုန်အောင် ကြောက်ရွံ့နေကြရ၏။
အင်္ဂါဂြိုဟ်၏ ကြယ်တာရာရင်းမြစ်ဖြင့် အားဖြည့်ပေးထားသော ကြယ်တာရာရင်းမြစ် ဝိညာဉ်အမြောက် ဆယ့်ခုနစ်လက်အား တစ်ပြိုင်နက်တည်း ပစ်ခတ်လိုက်၏။ ထိုအခါ အလင်းတန်းများမှာ ကောင်းကင်ကြီးအား ထိုးခွင်းသွားကြသဖြင့် တာအိုဘုန်းတော်ကြီးယိုရန်ပင်လျှင် အံ့ဩတုန်လှုပ်သွားရသည်။
ထို့နောက် တာအိုနန်းတော် ကျင့်ကြံသူများ သိရှိထားပြီးသားဖြစ်သော ဝိညာဉ်ဆန့်ကျင်ဗုံးများလည်း ရှိသေးသည်။ ထိုဗုံးများထဲတွင် အချို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်နီးပါး အစွမ်းထက်သော ပေါက်ကွဲအားများကို ပိုင်ဆိုင်ထားကြသည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ရန်သူများကို သတ်ဖြတ်ရန်မဟုတ်ဘဲ စစ်မြေပြင်ကြီးအား ဖရိုဖရဲဖြစ်အောင်လုပ်ကာ ယွမ်ယင်အဆင့် ကျင့်ကြံသူများအား တည်နေရာပြောင်းရွှေ့နိုင်စွမ်း မရှိအောင် တားဆီးရန် ဖြစ်သည်။
ပြည်ထောင်စုကြီးဘက်တွင် ယွမ်ယင်အဆင့် ကျင့်ကြံသူအရေအတွက်မှာ မရှိသလောက် နည်းပါးသည်ဖြစ်ရာ နှစ်ဖက်စလုံး တည်နေရာပြောင်းရွှေ့ခွင့်အား ဆုံးရှုံးလိုက်ရမည်ဆိုပါက သူတို့ဘက်မှ ထိခိုက်နစ်နာမှုမရှိသည့်အပြင် အသာစီးပါ ရသွားနိုင်ပေသည်။
ထို့နောက် ပို၍ပင် အစွမ်းထက်သည့် ဝိညာဉ်ဆန့်ကျင်ဗုံးများလည်း ရှိနေသေးသည်။ ၎င်းတို့မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်များနီးပါး အစွမ်းထက်ပါသော်လည်း အရေအတွက် အနည်းငယ်သာ ရှိပေသည်။ ၎င်းတို့မှာ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားသောကြောင့် ဤတိုက်ပွဲကြီးအတွက် အလွန်အင်မတန်မှ အရေးပါ၏။ နောက်ဆုံးတွင် ကျောက်ပင်ဖန်မှာ အင်္ဂါဂြိုဟ်တိုက်ပွဲကြီးအတွက် ဝှက်ဖဲတစ်ခုကိုလည်း ပြင်ဆင်ထားခဲ့သေးသည်။
၎င်းမှာ စက်လုံးတစ်လုံးနှင့် ဆင်တူသည့် ဂြိုဟ်တုကြီးတစ်လုံး ဖြစ်ပေသည်။
ဓမ္မလက်နက် အဆောင်ပစ္စည်းပေါင်းမြောက်များစွာမှာ လေပေါ်သို့ ပျံတက်သွားကြပြီးနောက် ဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင် ဝန်းရံကာ ဧရာမ စက်လုံးကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်း၏ တာဝန်မှာမှာ ဂြိုဟ်၏ စွမ်းအင်များကို စုပ်ယူရန်မဟုတ်ဘဲ စစ်မြေပြင်ထဲမှ စွမ်းအင်လှိုင်းများနှင့် ဝိညာဉ်ချီများကို စုပ်ယူရန်ဖြစ်သည်။ ထို့နောက် ၎င်းမှာ လက်နက်တစ်ခုအဖြစ် ပြုမူဆောင်ရွက်ကာ ကူညီတိုက်ခိုက်ပေးမည် ဖြစ်သလို စစ်မြေကြီးကိုလည်း အရပ်မျက်နှာအနှံ့မှ ဝန်းရံလိုက်မည် ဖြစ်သည်။
၎င်းမှာ အင်္ဂါဂြိုဟ်ကြီး၏ ပတ်ပတ်လည်တွင် အကာအရံကြီးတစ်ခုအဖြစ် ရှိနေမည်ဖြစ်ပြီး ဂြိုဟ်ပေါ်ရှိ ဝိညာဉ်ချီ စီးဆင်းမှုများကို ရပ်တန့်လိုက်မည်ဖြစ်သလို မည်သည့် ဝိညာဉ်ချီမှ အတွင်းသို့ ဝင်မလာနိုင်အောင်လည်း တားဆီးလိုက်မည်ဖြစ်သည်။
ပြည်ထောင်စုကြီးမှာ ထိုကဲ့သို့ ဝှက်ဖဲများအားလုံးကို ထုတ်သုံးခဲ့သည့်တိုင်အောင် သူတို့၏ ရန်သူများကို မယှဉ်နိုင်သေးပေ။ သို့သော် သူတို့မှာ တိုက်ပွဲကြီးအား အချိန်ဆွဲထားနိုင်ခဲ့၏။ ထို့အပြင် ဂြိုဟ်ကြီး၏ အပြင်ဘက်တွင် ရှိနေသော စက်လုံးကြီးမှာ ဝိညာဉ်ချီများအား အတွင်းသို့ မဝင်နိုင်ရန် တားဆီးထားသည်ဖြစ်ရာ ကျင့်ကြံသူများမှာ သူတို့၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များကို ထုတ်သုံးရန် အခက်တွေ့လာရတော့သည်။ ထိုအခါ အမြောက်နှင့် ဗုံးကဲ့သို့သော လက်နက်များမှာ တိုက်ပွဲကြီးထဲတွင် အသုံးဝင်လာကြ၏။ တာအိုနန်းတော် ကျင့်ကြံသူများမှာမူ ပို၍ ဒုက္ခရောက်လာရသည်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ သူတို့မှာ ကျင့်ကြံခြင်းစွမ်းအားများ ကြီးစိုးသည့် စကြဝဠာကြီးထဲတွင် ရှိနေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အမျက်ချောင်းချောင်း ထွက်နေသည့် တာအိုဘုန်းတော်ကြီးယိုရန်တစ်ယောက် ဝမ်ပေါင်လဲ့အား ဆက်လက်ရှာဖွေနေခြင်းမရှိတော့ဘဲ တိုက်ပွဲထဲသို့ ဝင်ရောက်ပူးပေါင်းရန် ဆုံးဖြတ်လိုက်သောအခါ အခြေအနေများမှာ ပြောင်းလဲသွားရတော့သည်။ သူသည် အင်္ဂါဂြိုဟ်၏ ပတ်ပတ်လည်တွင် ဝန်းရံထားသော စက်လုံးကြီးအား အလွယ်တကူ ခြေမွှဖျက်ဆီးပစ်လိုက်၏။
” ငါ ဒီဂြိုဟ်တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်မယ်ဆိုရင် မင်း ထွက်ပြေးနိုင်မှာ မဟုတ်တော့ပါဘူး ဝမ်ပေါင်လဲ့ရာ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပသွားပြီး သူ၏ စွမ်းအားအကုန်လုံးကို ထုတ်လွှတ်ကာ ဂြိုဟ်ကြီးအား ဖျက်ဆီးချေမှုန်းပစ်ရန် ပြင်လိုက်တော့သည်။ ထိုအချိန်တွင် မြေကြီးအောက်ရှိ အမှောင်အဆောင်ပစ္စည်းထဲတွင် ခိုအောင်းနေသော ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ ရုတ်တရက်ဆိုသလို ခေါင်းမော့လာ၏။ သူ၏ မျက်နှာအမူအရာမှာ တည်ကြည်မှုအပြည့် ရှိနေသည်။
အမှောင်အဆောင်ပစ္စည်း၏ ပြုပြင်ရေးလုပ်ငန်းများမှာ မပြီးသေးပါသော်လည်း နဝမအဆင့် လေးကြီးအား အကောင်းပတိအတိုင်း ပြန်လည်ပြုပြင်ပြီးသွားပြီဖြစ်သလို ကြယ်အစွယ်သားရဲကြီးနှစ်ကောင်၏ ရုပ်အလောင်းများကိုလည်း အောင်မြင်စွာ သန့်စင်ပြီးသွားပြီဖြစ်သည်။ ထို ရုပ်အလောင်းများမှာ ထာဝရဝိညာဉ်အဆင့်တွင် မရှိတော့ပါသော်လည်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြဆဲပင်။
” အမှောင်အဆောင်ပစ္စည်းကို ပြုပြင်နိုင်ဖို့အတွက် အချိန်ဆွဲချင်ရင် အခုချက်ချင်း တိုက်ခိုက်မှပဲရမယ် ” ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ မျက်လုံးများ မှေးလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက် သူ၏ညာဘက်လက်ဖြင့် လေထဲသို့ လှမ်း၍ ဖမ်းဆုပ်လိုက်သောအခါ နဝမအဆင့် လေးကြီးမှာ သူ့ဆီသို့ ပျံဝဲလာသည်။ သားရဲကြီးနှစ်ကောင်၏ ရုပ်အလောင်းများမှာလည်း မျက်လုံးများပွင့်လာကြပြီး ပြိုင်တူ အော်ဟစ်မြည်တမ်းလိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ နောက်မှလိုက်ကာ အမှောင်အဆောင်ပစ္စည်းထဲမှ ထွက်လာကြပြီး မြေပြင်အထက်၌ ပေါ်ပေါက်လာတော့သည်။