လီတောင်ချန်းတို့ အုပ်စု ရောက်ရှိလာကြသည်။ တောင်ထိပ်မှ လူအများစု၏ မျက်လုံးက သူတို့ အုပ်စုကို ကြည့်နေကြသည်။ လီတောင်ချန်း၏ ဘေးမှ နှစ်ယောက်မှာလည်း ဖူယွန်ဓားကလန်မှ ဖြစ်ကြသည်။
“မူယွန်ဟီ၊ ရှောင်တန်…” ကျိစီမိုက ထိုနှစ်ယောက်ကို မြင်လျှင် ပြုံးလိုက်သည်။ သူတို့နှစ်ယောက်လုံးမှာ ဖူယွန်ဓားကလန်မှ အလွန်ထူးချွန်သော သူများဟု ပြော၍ ရသည်။ အထူးသဖြင့် မူယွန်ဟီက ဓမ္မအဆင့်ရှစ်ကို ရောက်ရှိနေပြီးဖြစ်ကာ သူ့တွင် နိုဘယ်ကံစွမ်းအားလည်း ရှိပေသည်။
သူတို့သုံးယောက်က ပတ်ဝန်းကျင်ကို ကြည့်လျှင် လျိုချန်းယွီကို သတိထားမိကြသည်။ သူတို့က သူမထံသို့ လျှောက်သွားလိုက်ရင်းက နှုတ်ဆက်ကြ၏… “မင်းသမီးချန်းယွီ….”
လီတောင်ယွန်ကား လျိုချန်းယွီကို ပိုးပန်းနေသည်။ လီတောင်ယွန်ကို ဒဏ်ရာရစေသူမှာ လျိုချန်းယွီ မဟုတ်ရာ သူတို့က မင်းသမီး လျိုချန်းယွီနှင့် အဆင်မပြေသော ဆက်ဆံရေး ဖြစ်မည်ကို သိပ်စိုးရိမ်ဟန် မရကြပေ။ လီတောင်ချန်းအား ဒဏ်ရာရစေသူမှာ သူမ၏ လက်အောက်ငယ်သား ဖြစ်သည်။
လျိုချန်းယွီက မူယွန်ဟီ၏ အမူအရာကို မြင်လျှင် ခံစားချက်မဲ့သော ဟန်ဖြင့် ပြန်မေးသည်… “ဘာကိစ္စလဲ…”
“နင် မသိဘူးလား…” ဂူဘိုင်ယွီက ပြုံးလျက် ပြောသည်။ ကြည့်ရသည်မှာ လျိုချန်းယွီက သူမ၏ လက်အောက်ငယ်သားများကို ကာကွယ်လိုပုံရသည်။
“ကျုပ်ကြားတာက လီတောင်ချန်းက မင်းသမီးနဲ့ပတ်သက်ပြီး ရိုင်းစိုင်းတဲ့ မှတ်ချက်တစ်ခု ပြုလုပ်ခဲ့တယ်လို့ သိရတယ်… ဒါကြောင့် ကျုပ်က တောင်းပန်ဖို့ ရောက်လာတာပါ…” မူယွန်ဟီက ပြောသည်။ လျိုချန်းယွီက သူမ၏ ရှေ့မှ လူငယ်ကို ကြည့်လိုက်သည်။ မူယွန်ဟီကား အမှန်ပင် မူယွန်ဟီဖြစ်သည်။ သူကား တစ်ဖက်လူအပေါ် လေးစားသမှုနှင့် ဆက်ဆံတတ်ကာ ကျိုးကြောင်းဆီလျော်စွာ ပြုမူတတ်သည်ဟု နာမည်ကြီးသည်။
“တောင်းပန်ဖို့ မလိုဘူး… သူ့ကို သင်ခန်းစာ ပေးပြီးပြီ….” လျိုချန်းယွီက ထူးမခြားနားစွာ ပြောသည်။ ပရိသတ်များက အံ့အားသင့် သွားကြသည်။ လျိုချန်းယွီက ယူချင်း၏ လီတောင်ချန်းအပေါ် ရက်စက်သော ရိုက်နှက်မှုအား သင်ခန်းစာအဖြစ် မှတ်ယူထားသည်။ ဆိုလိုသည်က သူမက ထိုအဖြစ်အပျက်အတွက် တာဝန်ယူလိုက်ခြင်းဟု ပြော၍ ရသည်။ ဤသို့ဆိုလျှင် မူယွန်ဟီက မည်သို့ တုံ့ပြန်မည်ကို သူတို့ သိလိုကြသည်။ သူက လျိုချန်းယွီနှင့် ရင်ဆိုင်မည်လော။ အခြေအနေက ပိုမို၍ စိတ်ဝင်စားစရာ ကောင်းလာပြီ ဖြစ်သည်။
“သူနဲ့ ထိုက်တန်တယ်….” မူယွန်ဟီက ခေါင်းညိတ်သည်။ လူတိုင်းက အံ့အားသင့် သွားကြသော်လည်း မူယွန်ဟီက ဆက်ပြောသည်… “ဒါပေမဲ့ လီတောင်ချန်းက သိဒ္ဓိဝင်ပစ္စည်းနဲ့ အနိုင်ယူခံရတာဖြစ်လို့ သူ့ရဲ့ အရှုံးကို လက်မခံနိုင်ဘူး ဖြစ်နေတယ်… ဒီတစ်ကြိမ် သူက မျှတတဲ့ ယှဉ်ပြိုင်မှုအတွက် လာတာပဲ… ဒါက မင်းသမီးနဲ့ ဘာမှ မသက်ဆိုင်ပါဘူး… သူက ဖူယွန်ဓားကလန်ရဲ့ ဂုဏ်သိက္ခာကို ကာကွယ်လိုရုံပါပဲ… မင်းသမီး ဗွေမယူဖို့ မျှော်လင့်ပါတယ်….”
လျိုချန်းယွီက မူယွန်ဟီအား လေးနက်စွာ စိုက်ကြည့်ကာ အေးစက်စွာ ပြောသည်… “လီတောင်ချန်းက ဓမ္မအဆင့်ငါးရှိပြီး သူ့ကို အနိုင်ယူခဲ့တာ ဓမ္မအဆင့်နှစ်ပဲ ရှိသေးတယ်… မျှတမှုက ဘယ်မှာလဲ…”
“တန်ခိုးအဆင့်က လူတစ်ယောက်ရဲ့ ကိုယ်ပိုင်စွမ်းရည်ပဲ… မင်းသမီးက သူ့ကို ဒီလောက် အလေးထားမှတော့ သူ့မှာ ထူးခြားတဲ့ စွမ်းရည်ရှိမှာပဲ… မင်းသမီးက မမျှတဘူးထင်ရင် လီတောင်ယွန်ကို သူ့ရဲ့ တန်ခိုးအဆင့်ကို ထိန်းချုပ်ပြီး တိုက်ခိုက်စေရင် ဘယ်လိုလဲ…” မူယွန်ဟီက တည်ငြိမ်စွာ ပြောသည်။
မူယွန်ဟီက ဆက်ပြောသည်… “ဖူယွန်ဓားကလန်ရဲ့ တပည့်က ရှုံးလို့ရတယ်… ဒါပေမဲ့ ဒီလိုနည်းနဲ့တော့ မဟုတ်ဘူး… တကယ်လို့ လီတောင်ချန်းက မျှတတဲ့နည်းနဲ့ ထပ်ပြီး ရှုံးနိမ့်ခဲ့ရင် ကျုပ်တို့က နောက်ဆုတ်ပေးမယ်…”
မူယွန်ဟီက တည်ငြိမ်စွာ ပြောသည့်တိုင် လျိုနိုင်ငံမှ မင်းသမီးတစ်ပါးကို ပြောနေသော သူ့လေသံက တင်းမာနေသည်။ ဤကိစ္စက လီတောင်ချန်းက လူပုံအလယ်တွင် အရှက်ခွဲခံရခြင်းသာ မဟုတ်ဘဲ ဖူယွန်ဓားကလန်၏ ဂုဏ်သိက္ခာနှင့်လည်း သက်ဆိုင်နေသည်။
မူယွန်ဟီ၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို သူ၏ လေသံထဲမှ လျိုချန်းယွီက ခံစားမိသည်။ သူမက ရီဖူရှင်းတို့ အုပ်စုရှိနေရာသို့ လျှောက်သွားလိုက်သည်။ လူတိုင်းက သူမ၏ နောက်မှ လိုက်ပါလာကြသည်။ ဂူဘိုင်ယွီက ပိုမို စိတ်ဝင်စားလာသည်။ လျိုချန်းယွီက လီတောင်ယွန်နှင့် သူမ၏ လူများကို နောက်တစ်ကြိမ် တိုက်ခိုက်စေမည်လော။
မျက်လုံးများစွာက လျိုချန်းယွီ၏ နောက်မှ လိုက်ပါသွားကြသည်။ လှေကားထစ်မှလည်း လူအများအပြားက တဖွဲဖွဲ ရောက်ရှိ လာနေကြသည်။ သူတို့အားလုံးက အနီးအနားမှ တန်ခိုးရှင်များ ဖြစ်ကြပြီး ဖူယွန်ဓားကလန်နှင့် မင်းသမီး လျိုချန်းယွီတို့၏ ပြဿနာကို ကြားသောကြောင့် ပွဲကြည့်ရန် လာကြခြင်း ဖြစ်သည်။
ထိုအချိန်တွင် ရီဖူရှင်းတို့ အုပ်စုက တိတ်ဆိတ်စွာ တန်ခိုးကျင့်နေကြသည်။ တစ်စုံတစ်ခုအား သတိထားမိကြလျှင် သူတို့က မျက်လုံးများကို ဖွင့်လိုက်သည်။ သူတို့က လီတောင်ယွန်နှင့် လျိုချန်းယွီတို့ အုပ်စုကို မြင်လျှင် အခြေအနေကို သဘောပေါက် လိုက်ကြသည်။
ရီဖူရှင်းတို့ အုပ်စုလည်း ထလာကြသည်။ လျိုချန်းယွီက အခြေအနေကို ရှင်းပြကာ ဆက်ပြောသည်… “တကယ်လို့ ရှင်တို့က မတိုက်ခိုက်လိုဘူးဆိုရင် သူတို့ကို လျစ်လျူရှုထားလို့ ရတယ်….”
ထိုစကားကို ကြားလျှင် ရီဖူရှင်းက ပိုမို စိတ်ဝင်စားလာသည်။ သူတို့က သိဒ္ဓိဝင်ပစ္စည်းများ မပါဘဲ တိုက်ခိုက်လိုသည်လား။ တစ်စုံတစ်ယောက်က အရိုက်ခံရပြီးနောက် မျှတမှုကို ပြောချင်သည်လား။
လီတောင်ယွန်က သူတို့အား ဓမ္မအဆင့်ကိုး တန်ခိုးအဆင့်ဖြင့် သတ်လိုခဲ့ကာ ရီဝူချင်း၏ လက်တစ်ဖက်အား ဖြတ်တောက်ခဲ့သည်။ မျှတမှုက မည်သည့်နေရာတွင် ရှိသနည်း။ အကယ်၍ ရှုံးနိမ့်ခဲ့သူက လီတောင်ချန်း မဟုတ်ဘဲ ယူချင်း ဖြစ်ပါက ဓားကလန်က မည်သို့မှ ပြောမည် မဟုတ်ပေ။ သို့သော် အမှန်တရားက ဝေဝါးသွားကာ ယခု သူတို့က မျှတစွာ တိုက်ခိုက်လိုသည်တဲ့လား။
“တကယ်ပဲ မင်းက ပြန်သွားပြီး ငိုပြတာပဲ…” ယူချင်းက လီတောင်ချန်းကို ကြည့်ကာ ပြောသည်။
“မင်း သေချင်တာလား…” လီတောင်ချန်း၏ မျက်နှာ ပျက်ယွင်းသွားသည်။ သူကား ယူချင်းထံတွင် ကြမ်းတမ်းစွာ ရိုက်နှက်ခြင်း ခံရ၏။ ထိုအခိုက်တွင် သူကား တစ်ကိုယ်လုံး မချိမဆံ့အောင် နာကျင်ခံစားခဲ့ရသည်။ ဓားကလန်၏ ထူးခြား ထက်မြက်သော ဆေးစွမ်းကောင်း ကြောင့်သာ မဟုတ်လျှင် သူက ယခုကဲ့သို့ လျင်မြန်စွာ သက်သာလာမည် မဟုတ်ပေ။
“ဘယ်လို အဓိပ္ပာယ်မရှိတဲ့ မျှတမှုလဲ…” ယူချင်းက ရှေ့ကို လှမ်းတက်လိုက်သည်။
“သူက မျှတမှုကို လိုချင်တယ် ဆိုမှတော့ ကျုပ်နဲ့ တိုက်ရအောင်….” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။ သူ၏ တန်ခိုးအဆင့်ကား လီတောင်ယွန်ကဲ့သို့ ဓမ္မဆင့်ငါး ဖြစ်သည်။ အကယ်၍ လီတောင်ချန်းက မျှတမှုဟူသော စကားကို ပြောလိုလျှင် ရီဝူချင်းက သူ့အား မျှတသော အဖြေကို ပေးမည်ဖြစ်သည်။
ယူချင်းက ရီဝူချင်းကို ကြည့်ကာ ပြောသည်… “ကောင်းပြီ…”
ရီဝူချင်း၏ လက်ကား လီတောင်ချန်း၏ အစ်ကို လီတောင်ယွန်ထံတွင် အဖြတ်ခံခဲ့ရခြင်း ဖြစ်ရာ သူက တိုက်ခိုက်ရန် ပိုမိုသင့်တော်ပေသည်။
ရီဝူချင်းက ရှေ့ကို ထွက်ရပ်လိုက်သော်လည်း သူ၏ ဓားကို မထုတ်ပေ။ သူက မျှတမှုကို လိုချင်မှတော့ သူ၏ အလိုဆန္ဒများကို လိုက်လျောမည်ဖြစ်သည်။
လီတောင်ချန်းကလည်း ရှေ့ကို ထွက်လာသည်။ စက္ကန့်ပိုင်းအတွင်း ကြောက်မက်ဖွယ် လူသတ်လိုသော ဓားအငွေ့အသက်များ သူ့ထံမှ ထွက်ပေါ်လာကာ ဓားအရှိန်အဝါက မုန်တိုင်းအလား ရီဝူချင်းထံသို့ လာရောက် ရိုက်ခတ်ကြသည်။
လီတောင်ယွန်ကား သူ၏ အစ်ကိုလိုပင် ပါရမီပါသူဟု သတ်မှတ်နိုင်သည်။ သူ၏ ဓားပညာမှာလည်း အလွန် ထူးခြား ကောင်းမွန်လှပြီး အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်သည်။ သူ၏ ဓားအသိကလည်း အလွန်အားကောင်းသည်။ သို့သော်လည်း ရီဝူချင်းကလည်း သူ့လိုပင်။
ဓားအသိနှစ်ခု ပေါ်ထွက်လာသောအခါ ဂူဘိုင်ယွီအပါအဝင် လူတိုင်းက အံ့အားသင့်ရသည်။ လျိုချန်းယွီက ထိုအုပ်စုအား ကာကွယ်လိုသည်မှာ မထူးဆန်းတော့ပေ။ သူတို့အားလုံး၏ ပါရမီက ထူးခြားကောင်းမွန်လွန်းလှသည်။ ကြည့်ရသည်မှာ လျိုချန်းယွီက ထိုအုပ်စုအား လျိုနိုင်ငံအား ပူးပေါင်းစေလိုပုံရ၏။ သို့သော် ထိုကောင်းမွန်လှသော ပါရမီနှင့်ပင် သူက လီတောင်ချန်းကို အနိုင်ရရန် ခက်ခဲပေသည်။
ရီဝူချင်းက ဓားများဖြင့် ပြုလုပ်ထားသော ရုပ်တုအလား ဓားအရှိန်အဝါအား ထုတ်လွှတ်လျက် ထိုနေရာတွင်ပင် တည်ငြိမ်စွာ ရပ်နေသည်။
လီတောင်ချန်းက လှုပ်ရှားလိုက်သည်နှင့် မရေမတွက်နိုင်သော အလင်းတန်းများက ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ထိုအရာများက ဓားများ၏ အလင်းပြန်ခြင်းကြောင့် ဖြစ်သည်။ သူက လျှပ်စီးအလား လျင်မြန်စွာ ရွေ့လျားနေသည်။ လူအများက သူ၏ မှုန်ဝါးနေသော ပုံရိပ်မျှသာ ဖြင်ရသည်။ ထို့နောက် လီတောင်ချန်းက ကောင်းကင်မှ ရီဝူချင်းရှိရာသို့ ဆင်းသက်လာသည်ကို မြင်ရသည်။ ထိုအခိုက်တွင် ကြောက်မက်ဖွယ် ဓားချက်များက လေထုကိုခွင်းလျက် ရီဝူချင်းထံ တိုးဝင်သွားကြသည်ကို မြင်ရ၏။ အကယ်၍ ရီဝူချင်းသာ ထိုဓားချက်များဖြင့် ထိမိလျှင် သူ၏ ခန္ဓာကိုယ်က အပိုင်းပိုင်းဖြစ်သွားမည်မှာ သေချာလှသည်။
“ဒါက ရောင်ပြန်ဓားသိုင်းပဲ….” လူတိုင်းက လွန်စွာ တောက်ပဝင်းလက်သော ဓားနည်းစနစ်ကို မြင်ကြသည်။ ရီဝူချင်းအားလည်း ထိုဓားအလင်းများ ဖုံးလွှမ်းသွားသည်ကို မြင်ကြသည်။
ဖူယွန်ဓားကလန်၏ ထူးခြားထက်မြက်သော ဓားသမားတစ်ယောက် အနေဖြင့် သူက တစ်ကွက်တည်းဖြင့် အသာစီးယူထားနိုင်ပြီဟု ဆိုင်နိုင်သည်။
ရီဝူချင်းကား ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေမြဲဖြစ်သည်။ လူတိုင်းက သူ့အား ကြည့်နေကြကာ ရီဝူချင်းက ထိုဓားချက်များကို မည်သို့ ခုခံရမည်ကို စဉ်းစားမရသောကြောင့် ပေလောဟု လူအများက တွေးထင်မိကြ၏။ အကယ်၍ သူက မခုခံနိုင်လျှင် သေရမည်ဖြစ်သည်။
ရီဖူရှင်းက ထိုဓားချက်အား အေးစက်စွာ ကြည့်လိုက်သည်။ တစ်ဖက်လူကား အန္တရာယ်များသော ဓားချက်များကို ထုတ်လွှတ်နေသည်။
လျိုချန်းယွီကလည်း ရီဝူချင်းကို ကြည့်နေသည်။ အံ့အားသင့်စရာ ကောင်းသည်က ရီဝူချင်းက လုံးဝ မလှုပ်ရှားပေ။ ကြောက်မက်ဖွယ်ကောင်းသော ဓားအသိက သူ၏ တစ်ကိုယ်လုံးအား စီးဆင်းနေသည့်တိုင် လီတောင်ချန်း၏ ဓားချက်ကို ခုခံရန်ကား အလွန်တရာ ခက်ခဲမည်ဖြစ်သည်။
မူယွန်ဟီနှင့် ရှောင်တန်တို့က ကျေနပ်စွာ ကြည့်နေကြသည်။ လီတောင်ချန်း၏ တိုက်ကွက်က အားနည်းချက် မရှိပေ။
မဆုံးနိုင်သော ဓားချက်များက လေထုကိုခွင်းလျက် ရီဝူချင်းထံ ဆင်းသက်လာကြကာ ထိလုထိခင် အခြေအနေကို လူတိုင်းက မြင်လိုက်ရသည်။ သူတို့အားလုံး အသက်ရှူရန်ပင် မေ့သွားကြသည်။ သူက တစ်ကွက်တည်းဖြင့် ရှုံးနိမ့်တော့မည်လော။ သေချာပေသည်။ သူနှင့် ဖူယွန်ဓားကလန်၏ ကွာဟချက်ကား အလွန်ကြီးမား နေပေသေးသည်။
ဓားချက်က ရီဝူချင်း၏ ခန္ဓာကိုယ်နှင့် ထိကပ်လာစဉ်မှာပင် ရုတ်တရက် ရီဝူချင်း၏ ခန္ဓာကိုယ်က ဓားအလင်းများ ဖြာထွက်လာကာ ဓားအရှိန်အဝါများ ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။ သူ့ခန္ဓာကိုယ်အား ဓားချက်က ဖြတ်တောက်သွားသောအခါ ထို ဓားချက်က ရီဝူချင်းထံမှ ထွက်ပေါ်လာသော ဓားအလင်းများ၏ ဝါးမျိုခြင်းကို ခံရကာ နောက်ထပ် ရောက်လာသမျှသော ဓားချက်များကလည်း ရီဝူချင်း၏ စုပ်ယူခြင်းကို ခံရသည်။
“အဲဒါ ဓားခန္ဓာပဲ…” ဖူယွန်ဓားကလန်မှ လူများအားလုံး ထိတ်လန့်သွားကြသည်။ ရီဝူချင်းကား ရီဝူချင်း မဟုတ်တော့ဘဲ ဓားတစ်လက်၏ ကိုယ်ပွားဟု ပြော၍ ရနိုင်ပေသည်။
ဓားခန္ဓာကိုယ်ကား ဓားသမားအားလုံး၏ မျှော်မှန်းချက်တစ်ခုဟု ပြောရမည်ဖြစ်သည်။ ထိုအရာက ပါရမီတစ်ခုတည်းဖြင့် မရရှိနိုင်ပေ။ တစ်စုံတစ်ယောက်က ဓားအပေါ် လုံးဝဥဿုံ ယုံကြည်မှုနှင့် ဓားပညာအပေါ် စိတ်နှလုံး ပြည့်ဝစွာ မြှုပ်နှံထားရန် လိုအပ်ပေသည်။ ဓားနှင့် သူ၏ စိတ်ခန္ဓာက တစ်သားတည်း ဖြစ်ရပေမည်။ ဓားခန္ဓာကိုယ်ကို အောင်မြင်နိုင်သော သူများကား ဓားပညာတွင် အတော်ဆုံးသော ဓားသမားများဟု ပြော၍ ရပေသည်။
“ဒါက ဓားခန္ဓာ အပြည့်အစုံ မဟုတ်သေးဘူး…” မူယွန်ဟီပင်လျှင် ထိုမြင်ကွင်းကို ကြည့်ကာ ထိတ်လန့်ရသည်။ သို့တိုင်အောင် သူ၏ခန္ဓာကိုယ်ကား ဖျက်ဆီးဖြိုခွင်းရန် မဖြစ်နိုင်တော့ပေ။ ထို့အတူ ရီဝူချင်းက ဓားခန္ဓာကိုယ်အား ပြည့်စုံအောင် ကျင့်ကြံနိုင်မည်မှာလည်း သေချာသလောက် ဖြစ်နေလေပြီ။
ထိုမြင်ကွင်းကို ကြည့်လျှင် လီတောင်ချန်း အရှက်ရသွားသည်။ သူ၏ ဓားချက်ကား ရီဝူချင်း၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသည်။ ချက်ချင်းပင် သူက နောက်ထပ် ဓားချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ် အလင်းတန်းတစ်ခုက လေထုကို ခွဲလျက် ရီဝူချင်းထံသို့ တိုးဝင်သွားသည်။ သို့သော် ထိုဓားချက်ကလည်း ပထမဓားချက် လိုပင် ရီဝူချင်း၏ ဝါးမျိုခြင်းကို ခံရပြန်သည်။
ထိုအခိုက်တွင် ရီဝူချင်းက လှုပ်ရှားလိုက်သည်။ ထိုအခိုက်တွင် သူကား ဓားဘုရင်နှင့် တူလှသည်။ သူက ရွေ့လျားလျှင် များစွာသော ဓားပုံရပ်များ ဖြစ်ပေါ်လာကာ သူ့နောက်ကို လိုက်ပါလာကြသည်။ ထိုအခိုက်တွင် သူ၏ ဓားခန္ဓာကိုယ်က တကယ့်ဓားတစ်လက် ဖြစ်သွားကာ လီတောင်ချန်းထံသို့ ဆင်းသက်လာသည်။ အလွန်တရာ အားကောင်းသော အရှိန်အဟုန်ဖြင့် တကယ့်ဓားတစ်လက် သူ့ထံသို့ ဆင်းသက်လာသည်ကို လီတောင်ချန်း ခံစားရသည်။ သူက နောက်ဆုတ်လိုက်လျှင် သူ၏ လည်ပင်းမှ ဆံခြည်တစ်မျှင်စာ နေရာမှ ဓားအလင်းတစ်ခု ဖြတ်သွားကာ အေးစက်သော ခံစားချက်ကို သူခံစားလိုက်ရသည်။ လီတောင်ချန်း ရပ်တန့်လိုက်သည်။ သူ၏ မျက်လုံးများက ရှေ့မှ လူငယ်ကို စိုက်ကြည့်နေသည်။
လီတောင်ချန်း၏ လည်ပင်းတွင် သွေးစို့နေသည်။ အကယ်၍ ရီဝူချင်း၏ ဓားချက်က ရှေ့ကို ဆံခြည်တစ်မျှင်စာမျှ တိုးကာ ဖြတ်တောက်သွားလျှင်ပင် သူသေနိုင်သည်။ ရီဝူချင်းက သူ၏ အသက်ကို ချမ်းသာရာ ပေးခဲ့သည်ကို လူတိုင်းက မြင်သည်။
ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။ လူအများအပြားက ထိုဓားချက်ကို မြင်ကာ စိတ်နှလုံး တုန်လှုပ်ကြရသည်။ ဖူယွန်ဓားကလန်ကား သူတို့၏ ဓားပညာရပ်များကြောင့် နာမည်ကျော်ကြားသည်။ ထိုကလန်က အရှေ့မြေရိုင်းဒေသတွင် အင်အားအကြီးဆုံး ဓားကလန်ဟု သတ်မှတ်၍ ရသည်။ သို့သော် ဖူယွန်ဓားကလန်၏ ထိပ်တန်းပါရမီရှင်က ယခု ဓားချက် တစ်ချက်တည်းဖြင့် ရှုံးနိမ့်ခဲ့ရသည်။
ရီဝူချင်းက တစ်ကွက်တည်းသာ ထုတ်ဖော်ခဲ့သော်လည်း သူမည်မျှ အားကောင်းသည်ကို လူတိုင်းက တွေ့မြင်နိုင်သည်။ သူ့အား ဖူယွန်ဓားကလန်မှ ထပ်သီးပါရမီရှင်များနှင့် နှိုင်းယှဉ်၍ ရပေသည်။
လျိုချန်းယွီလည်း အံ့အားသင့်သွားသည်။ ရီဝူချင်းက လီတောင်ယွန်နှင့် တိုက်ခိုက်ခဲ့သော အချိန်တုန်းက ရီဝူချင်းက လက်ပြတ်သွားသော အချိန်တွင် လီတောင်ယွန်လည်း ဒဏ်ရာရခဲ့သည်ဟု သူမ သိထားသည်။ သို့သော် ယခုမှ ရီဝူချင်း မည်မျှ ထူးချွန်သည်ကို သူမသိလိုက်သည်။ သူကား သူမက ခန့်မှန်းထားသည်ထက် ပိုမို အရည်အချင်း ရှိသည်။ ရီဝူချင်း၏ ပြောစကားအရ သူက သုံးယောက်ထဲတွင် ပါရမီအနည်းဆုံးဆိုလျှင် နောက်နှစ်ယောက်၏ အရည်အချင်းများက မည်သို့ ရှိမည်နည်း။
လျိုချန်းယွီက ထိုအချက်ကို သံသယ ရှိခဲ့သည်။ သူမက ဓားပညာကို လေ့လာခြင်း မရှိသည့်တိုင် ရီဝူချင်း ထုတ်ပြခဲ့သည်မှာ ဓားခန္ဓာဖြစ်ကြောင်း သိသည်။ ဓားခန္ဓာကို ဖန်တီးနိုင်သော ဓားသမားကား ကြောက်မက်ဖွယ် ကောင်းလှသည်။
သူမက မူယွန်ဟီနှင့် ရှောင်တန်အား ကြည့်လိုက်ကာ ပြောသည်… “ဒါက ရှင်တို့ ပြောတဲ့ မျှတမှုမလား…”
မူယွန်ဟီက ရီဝူချင်းအား ကြည့်ကာ ပြောသည်… “ကျုပ်တို့က တကယ်ပဲ ရှုံးနိမ့်ခဲ့တယ်… ကျုပ်တို့ ဒီကိစ္စမှာ နောက်ဆုတ်ပေးမယ်…”
မှော်ကလန်နှင့် ကျိမိသားစုတို့က အံ့အားသင့် သွားကြသည်။ တခြား ပရိသတ်များလည်း အနည်းငယ် စိတ်ပျက်သွားကြသည်။ ဖူယွန်ဓားကလန်က နောက်ဆုတ် သွားလေပြီ။
“ဒီလောက်ပဲလား…” အသံတစ်သံ ထွက်ပေါ်လာသည်။
လူတိုင်းက အသံလာရာဘက်ကို ကြည့်လိုက်ရာ ရီဖူရှင်း ရှေ့ကို ထွက်လာသည်ကို မြင်ကြသည်။ သူက ဖူယွန်ဓားကလန်မှ လူများကို အေးစက်စွာ ကြည့်နေသည်။
***