တော်ဝင်ညွှန်ကြားရေးမှူးမှာ ယခင်တုန်းကအတိုင်း ကောက်ကျစ်စဉ်းလဲသည့်ပုံ ပေါက်နေဆဲဖြစ်ပြီး ကောင်ကလေးမှာလည်း သရဲတစ္ဆေတစ်ကောင်နှင့် တူနေဆဲပင်။ သူတို့မှာ မှုန်ဝါးဝါး ဖြစ်နေကြသောကြောင့် အချိန်မရွေး ပျောက်ကွယ်သွားနိုင်သည့်ပုံ ပေါက်နေ၏။
လူသန်ကြီး၏ ဂါရဝပြုသံမှာ အကျယ်လောင်ဆုံးဖြစ်၏။ အဆောင်ဝိညာဉ် သုံးခုထဲတွင် သူသည် သစ္စာအရှိဆုံးဖြစ်ပေသည်။
သူတို့မှာ အနည်းငယ်လေးပင် ပြောင်းလဲသွားခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ ယခင်တုန်းကနှင့် လုံးဝမတူတော့ပေ။ သူသည် သူတို့ဆီမှ ထွက်ခွာလာခဲ့စဉ်တုန်းက အမြုတေအဆင့်တွင်သာ ရှိနေခဲ့သည်မဟုတ်ပါလော။ ယခုတွင်မူ သူသည် ယွမ်ယင်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာဆိုလျှင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် ယှဉ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့အပြင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ကြယ်တာရာ ယွမ်ယင်ဝိညာဉ်တို့၏ စွမ်းအားများကိုပါ ထုတ်သုံးလိုက်မည်ဆိုပါက သူသည် အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူ သတ်ဖြတ်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
သူ၏ အနက်ရောင် နတ်ဆိုးမျက်လုံးမှာလည်း သူ၏စွမ်းအားများကို မြှင့်တင်ပေးထားသေးသည်။ ထို့ကြောင့် သူသည် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့်ပင် ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိနေလောက်ပြီဖြစ်သည်။ လက်ရှိတွင် အဆောင်ဝိညာဉ်များမှာ သူ့အား သူတို့၏ အရှင်သခင်အဖြစ် အပြည့်အဝ မသတ်မှတ်ထားကြသေးသည့် တိုင်အောင် သူသည် ထို အဆောင်ဝိညာဉ်သုံးခုစလုံးကို အလွယ်တကူ ထိန်းချုပ်ကာ ဆန္ဒရှိသည့်အတိုင်း အမိန့်ပေးနိုင်စွမ်း ရှိနေပြီဖြစ်သည်။
ထို့ကြောင့်လည်း သူသည် ထိုဝိညာဉ်သုံးခု သူ့အား နှုတ်ဆက်လိုက်ကြသည့်အချိန်တွင် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင့်ခေါ်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။ ဝိညာဉ်သုံးခုမှာ ဝမ်ပေါင်လဲ့၏ စွမ်းအားအစစ်အမှန်အား မယုံသင်္ကာ ဖြစ်နေခဲ့ကြပါသော်လည်း ယခုလို သူ၏စွမ်းအားများကို ရုတ်ခြည်းဆိုသလို ထုတ်ပြလိုက်သည်ကို မြင်လိုက်ရသောအခါ ဆွံ့အသွားကြတော့သည်။
တော်ဝင်ညွှန်ကြားရေးမှူးမှာ မျက်နှာအမူအရာပြောင်းလဲသွားပြီး ကောင်ကလေးမှာ မျက်လုံးများပြူးကျယ်သွားရ၏။ လူသန်ကြီးမှာလည်း အံ့ဩမှင်တက်လွန်းနေသောကြောင့် မလှုပ်မယှက် ရပ်နေမိတော့သည်။ အမှောင်အဆောင်ပစ္စည်း ထိခိုက်ပျက်စီးသွားခဲ့ရသောကြောင့် သူတို့မှာလည်း ဒဏ်ရာအပြင်းအထန် ရထားကြသည်ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့်အား အတိအကျ ခန့်မှန်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ သူ့ဆီမှ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည့် ကျင့်ကြံခြင်းစွမ်းအားများမှာ သူတို့အား ချက်ချင်းဆိုသလိုပင် ဖိနှိပ်ချုပ်တည်းလိုက်ကြသဖြင့် သူတို့မှာ မှင်တက်သွားကြတော့သည်။
” ကဲကဲ ထကြပါ။ ငါ မရှိတုန်း အမှောင်အဆောင်ပစ္စည်း ဘယ်လို အခြေအနေရှိလဲ ” ဝမ်ပေါင်လဲ့မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ပြန်လည်သိမ်းဆည်းလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော လေသံဖြင့် မေးလိုက်သည်။
ထိုအခါ ဝိညာဉ်များမှာ အံ့ဩမှင်တက်နေကြရမှ အသိစိတ်ပြန်ကပ်သွားပြီး ဝမ်ပေါင်လဲ့၏ မေးခွန်းအား အလျင်အမြန် ပြန်ဖြေလိုက်၏။ သူ အဝေးတွင် ရှိနေခဲ့သည့် ကာလတစ်လျှောက်လုံး အရာအားလုံးမှာ ပုံမှန်အနေအထားတိုင်းသာ ရှိနေခဲ့၏။ သို့သော် ကုန်ကြမ်းပစ္စည်း မလုံလောက်သောကြောင့် အမှောင်အဆောင်ပစ္စည်းအား ပြန်လည်ပြုပြင်သည့် လုပ်ငန်းစဉ်မှာ ထင်ထားသလောက် တိုးတက်လာခဲ့ခြင်းမရှိပေ။
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းညိတ်ကာ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ကုန်ကြမ်းပစ္စည်းများမှာ သူ၏ သိုလှောင်အိတ်ထဲမှ ပျံထွက်လာကြ၏။ ၎င်းတို့ထဲတွင် အမျိုးအစား အစုံအလင်ပါပေသည်။ ၎င်းတို့မှာ အမှောင်အဆောင်ပစ္စည်းအား အကောင်းပတိအတိုင်း ပြန်လည်ပြုပြင်နိုင်ရန်အထိ မလုံလောက်သေးပါသော်လည်း ပြုပြင်ပေးလုပ်ငန်းများ၌ အသုံးဝင်ပေသည်။
အမျိုးအစား အစုံအလင်ရှိသော ကုန်ကြမ်းပစ္စည်းများမှာ တောင်လိုပုံနေကြ၏။ ထို့ကြောင့် လေထဲတွင် ဝိညာဉ်ချီများဖြက့် ချက်ချင်းဆိုသလိုပင် ပြည့်နှက်သွားတော့သည်။ ဝမ်ပေါင်လဲ့မှာ ဝိညာဉ်အရည်ဘူးနှင့် ကြယ်တာရာရင်းမြစ်အား ထုတ်ယူလိုက်သောအခါ လေထဲမှ ဝိညာဉ်ချီများမှာ ချက်ချင်းဆိုသလိုပင် အရည်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုအခါ ဝိညာဉ်သုံးခုမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့ဩတုန်လှုပ်သွားကြပြီး မျက်လုံးများပြူးသွားရ၏။ သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးသွားခြင်းမရှိသေးပေ။
ဝမ်ပေါင်လဲ့မှာ သူ ကျယ်ပြန့်တာအိုနန်းတော်နှင့် အခြားဂြိုဟ်များပေါ်မှ စုဆောင်းရရှိခဲ့သည့် ပစ္စည်းများကို ထုတ်ယူလိုက်၏။ ဝိညာဉ်များမှာ သူ မိလော့တောအုပ်ထဲမှ ရယူခဲ့သော ထိပ်သီးအဆင့် မီးသတ္တုရိုင်းများကို မြင်လိုက်ရသောအခါ စိတ်လှုပ်ရှားသွားကြတော့သည်။
” ထိပ်သီးအဆင့် မီးသတ္တုရိုင်းတွေပါလား ”
” ဘုရားရေ။ ဒီ သတ္တုရိုင်းတွေနဲ့ဆိုရင် ပြုပြင်ရေးလုပ်ငန်းကို အရှိန်မြင့်တင်ပေးနိုင်မှာ သေချာတယ်။ သူတို့က အမှောင်အဆောင်ပစ္စည်းတွေကို ပြုပြင်တဲ့နေရာမှာ မရှိမဖြစ်လိုအပ်တဲ့ အဓိက ကုန်ကြမ်းပစ္စည်းတွေလေ ”
” အများကြီး မရှိတာ စိတ်မကောင်းစရာပဲ ” ဝိညာဉ်သုံးခုမှာ သက်ပြင်းများချကာ ဆိုလိုက်၏။ ဝမ်ပေါင်လဲ့မှာမူ တော်ဝင်ညွှန်ကြားရေးမှူး၏ စကားကို ကြားလိုက်ရသောအခါ အမူအရာ ပျက်သွားခြင်းမရှိဘဲ သူ့အား တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် နောက်ထပ် သိုလှောင်လက်ကောက်တစ်ခုကို ထုတ်ယူလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ကုန်ကြမ်းပစ္စည်းများ မဟုတ်ဘဲ နောက်ထပ် သိုလှောင်အိတ်ပေါင်းများစွာကို ထိုသိုလှောင်လက်ကောက်ထဲမှ ထုတ်ယူလိုက်ခြင်းဖြစ်၏။ သူသည် ထိုအိတ်များကို ဖွင့်လိုက်သောအခါ မရေမတွက်နိုင်လောက်အောင်များပြားသော ထိပ်သီးအဆင့် မီးသတ္တုရိုင်းတုံးများမှာ ထိုအိတ်များထဲမှ ပျံထွက်လာကြပြီး ဝမ်ပေါင်လဲ့၏ရှေ့၌ တောင်လိုပုံသွားတော့သည်။
ထို့ကြောင့် ဝိညာဉ်များမှာ မှင်တက်သွားရ၏။ သို့သော် သူတို့ စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ လေချွန်ကာ သားရဲရုပ်အလောင်းကြီးနှစ်ခုအား ထုတ်ယူလိုက်ပြန်သည်။
၎င်းတို့မှာ သူ မိလော့တောအုပ်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ထာဝရကြယ်အဆင့် ကြယ်အစွယ်သားရဲကြီးနှစ်ကောင်၏ ရုပ်အလောင်းများဖြစ်ကြပေသည်။ သူ၏ ဂိုဏ်းတူအစ်ကိုမှာ ထိုသားရဲကြီးနှစ်ကောင်အား အချင်းချင်း တိုက်ခိုက်ခိုင်းခဲ့သည် မဟုတ်ပါလော။ ၎င်းတို့မှာ သေဆုံးမသွားခင် ဝမ်ပေါင်လဲ့ အလုပ်ရှုပ်နေမည်စိုး၍ ၎င်းတို့၏ သားရဲအမြုတေများအား ကိုယ်တိုင်ကိုယ်ကျ ထုတ်ပေးခဲ့သေးသည်။
” အမှောင်အဆောင်ပစ္စည်းရဲ့ စွမ်းအားတွေကို သုံးပြီး ဒီ ကြယ်အစွယ်သားရဲကြီး နှစ်ကောင်ကို အသက်ပြန်သွင်းလိုက်။ ငါ့မှာ သူတို့ကို အရေးကြီး ခိုင်းစရာတစ်ခုရှိတယ်။ ပြီးရင် အမှောင်အဆောင်ပစ္စည်းကို ချက်ချင်း ပြန်ပြင်ကြ။ မင်းတို့ကို အချိန်ဆယ်ရက်ပေးမယ်။ အချိန်ဆယ်ရက်အတွင်းမှာ…အဲဒီ အမှောင်အဆောင်ပစ္စည်းကို အာကာသထဲအထိ ယူသွားပြီး တိုက်ပွဲထဲမှာ သုံးလို့ရတဲ့ အဆင့်အထိရောက်အောင် ပြင်ပေးထားကြ ” ဝမ်ပေါင်လဲ့မှာ သူ့အား စောဒကတက်၍ မရအောင် လေသံမာမာဖြင့် အမိန့်ပေးလိုက်ခြင်း ဖြစ်၏။ သူသည် အချိန်သိပ်မရှိတော့ကြောင်း နားလည်ထားသည် မဟုတ်ပါလော။
ဝိညာဉ်သုံးခုမှာ သူ အဝေးသို့ ရောက်နေစဉ်ကာလအတွင်း အပြင်သို့ ခိုးထွက်နေခဲ့ကြသည်ဖြစ်ရာ ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ ကြားမှ စစ်ပွဲကြီးအကြောင်းကို သိရှိထားပြီးသား ဖြစ်သည်။ တော်ဝင်ညွှန်ကြားရေးမှူးမှာဆိုလျှင် ပြည်ထောင်စုကြီးဘက်မှ ထုတ်ပြန်သည့် သတင်းများကို စောင့်ကြည့်နိုင်သော စက်ကိရိယာတစ်ခုကို ရှာတွေ့ခဲ့သေးသည်။ ထို့ကြောင့် သူတို့မှာ ဂူကြီး၏ အပြင်ဘက်တွင် ဖြစ်ပျက်နေသည့် ကိစ္စများအကြောင်းကို သိရှိထားကြသလို အခြေအနေများမှာ ဆိုးရွားနေကြောင်းကိုလည်း နားလည်ထားကြ၏။ သို့ဖြစ်ရာ သူတို့မှာ ဝမ်ပေါင်လဲ့မှာအား မလှည့်ဖျားရဲတော့ဘဲ ချက်ချင်းပင် ခေါင်းညိတ်လိုက်ကြပြီး သူ၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုဝိညာဉ်များ လေထဲသို့ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ၎င်းတို့မှာ အမှောင်အဆောင်ပစ္စည်းကို ပြုပြင်နိုင်ရန် ကြိုးစားနေကြပြီဖြစ်ကြောင်း အာရုံခံမိနေသည်။ ထို့နောက် သူသည် မျက်လုံးများ မှေးသွား၏။ ယခင်တုန်းကသာဆိုလျှင် သူသည် ထိုဝိညာဉ်များအား ပြုပြင်ရေးလုပ်ငန်းများကို စတင်ရန် အလွယ်တကူ ခွင့်ပြုမည် မဟုတ်ပေ။ အမှောင်အဆောင်ပစ္စည်း ထိခိုက်ပျက်စီးသွားခဲ့ရာမှ ထို ဝိညာဉ်သုံးခုလည်း သိသိသာသာ အားအင်ချည့်နဲ့သွားခဲ့ရသောကြောင့်သာ သူ၏ ဆရာဖြစ်သူမှာ အမှောင်အိပ်မက် လျှို့ဝှက်ဆန်းကြယ်ပညာရပ်ဖြင့် ထို ဝိညာဉ်သုံးခုအား သူ့ကို ၎င်းတို့၏ အရှင်သခင်အဖြစ် အသိအမှတ်ပြုရန် ဖိအားပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ အမှောင်အဆောင်ပစ္စည်းကိုသာ ပြန်လည်ပြုပြင်လိုက်မည်ဆိုပါက ထို ဝိညာဉ်သုံးခုမှာလည်း ဒဏ်ရာများမှ ပြန်လည်သက်သာလာကြမည် ဖြစ်သည်။
ထိုအခါ သူ့အတွက် ကောင်းကျိုးမဖြစ်နိုင်သည့်အပြင် သူသည် ၎င်းတို့၏ ဝါးမျိုခြင်းကိုပင် ခံရနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကုန်ကြမ်းပစ္စည်းများ လိုက်လံရှာဖွေနေခဲ့စဉ်တုန်းက တွေဝေတုံ့ဆိုင်းနေခဲ့ရခြင်းဖြစ်၏။
သို့သော် ယခုတွင်မူ အခြေအနေများမှာ ပြောင်းလဲသွားပြီ မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ အချိန်မရှိတော့သဖြင့် ဆက်လက်စောင့်ဆိုင်းနေ၍ မရတော့ပေ။ ထို့အပြင် သူသည် ပို၍အစွမ်းထက်လာပြီဖြစ်ရာ စိတ်ပိုင်းဖြတ်လိုက်ပြီး လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်၏။ ထိုမျှသာမက သူသည် တွက်ချက်မှုများ ပြုလုပ်ထားပြီးသားဖြစ်သည်။ သူသည် ကုန်ကြမ်းပစ္စည်းအမြောက်အမြား စုဆောင်းနိုင်ခဲ့သည့်တိုင်အောင် အမှောင်အဆောင်ပစ္စည်းအား အကောင်းအတိုင်းပြန်ဖြစ်လာအောင် ပြုပြင်နိုင်ဦးမည် မဟုတ်ပေ။
” ငါးဆယ်ရာခိုင်နှုန်းလောက်အထိတော့ ပြန်ပြင်နိုင်လောက်ပါတယ်… ငါ့ရဲ့ လက်ရှိကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အမှောင်အဆောင်ပစ္စည်းရဲ့ နောက်ထပ်ဂုဏ်သတ္တိတစ်ခုကို ထုတ်သုံးနိုင်မှာပါ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးမျာမှေးကာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများ ထုတ်လွှတ်လိုက်၏။ ၎င်းတို့မှာ အမှောင်အဆောင်ပစ္စည်း တစ်ခုလုံးအား လွှမ်းခြုံသွားပြီး အမှောင်ဝတ်ရုံကြီး၊ အမှောင်သမ္ဗန်ကြီးနှင့် မီးအိမ်လှော်လေးတို့ကိုပါ ဖုံးလွှမ်းသွားသည်။ ထို့နောက် သူသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ထို အမှောင်အဆောင်ပစ္စည်းသုံးခုနှင့် ပေါင်းစည်းနေလိုက်တော့သည်။
ထို့ကြောင့် ဝိညာဉ်များမှာ ထို အမှောင်အဆောင်ပစ္စည်းအား ပို၍မြန်ဆန်စွာ ပြင်ဆင်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ ထို့အပြင် အမှောင်အိပ်မက်ထဲတွင် သူ လေ့လာသိရှိခဲ့သည့် အချက်အလက်များအရဆိုလျှင် သူသည် သူ၏ အသိစိတ်ဖြင့် ကိုယ်ပွားတစ်ခု ဖန်တီးနိုင်စွမ်း ရှိရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထား၏။
ယခင်တုန်းကဆိုလျှင် သူသည် ထိုသို့စွမ်းဆောင်နိုင်မည်မဟုတ်ပေ။ သို့သော် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိနေ၏။
ဝမ်ပေါင်လဲ့ မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူ၏ရှေ့တွင် မှုန်ဝါးဝါး လူရိပ်တစ်ခု ပေါ်ပေါက်လာသည်။ ထိုလူရိပ်မှာ မျက်လုံးများ မှိတ်ထားပြီး ဝမ်ပေါင်လဲ့နှင့် တစ်ထေရာတည်း တူနေ၏။ သူတို့၏ အဝတ်အစားများသာလျှင် ကွဲပြားခြားနားနေကြသည်။
ထို ကိုယ်ပွားမှာ အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထား၏။ သူ၏ ခြေထောက်အောက်တွင် အမှောင်သမ္ဗန်တစ်ခု ရှိနေပြီး လက်ထဲတွင်မူ အမှောင်တောင်ဝှေးတစ်ချောင်းကို ကိုင်ဆောင်ထား၏။ ထို တောင်ဝှေး၏ အဆုံးတွင် အမှောင်မီးအိမ်တစ်လုံးကို ချိတ်ဆွဲထားသည်။ ထို ကိုယ်ပွားမှာ အတုအယောင်တစ်ခု မဟုတ်သလို အစစ်လည်းမဟုတ်ပေ။ သူသည် အေးစက်စက် အငွေ့အသက်များ ထုတ်လွှတ်နေသည့် အနက်ရောင် မြူခိုးများဖြင့် ဖွဲ့စည်းထားသည့်ပုံ ပေါက်နေ၏။ သို့ဖြစ်ရာ သူသည် သက်ရှိကမ္ဘာထဲသို့ ရောက်ရှိလာသည့် သေမင်းတမန်တော်တစ်ပါး ကဲ့သို့ပင်။
သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာ၏။ ထိုအခါ သူ၏ မျက်ဝန်းများထဲတွင် တစ္ဆေအလင်းရောင်များ တောက်ပလာသဖြင့် သူသည် လူသားတစ်ယောက်နှင့် မတူတော့ပေ။ ဝမ်ပေါင်လဲ့မှာ သူ၏ အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်၍ သူ၏ ကိုယ်ပွား၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို စစ်ဆေးကြည့်လိုက်ပြီးနောက် သက်ပြင်းချမိသွားသည်။
” အရမ်းကြီးလည်း အစွမ်းမထက်ပါဘူး။ ဒါပေမဲ့ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်ကို သုံးရတာနဲ့ ယှဉ်လိုက်မယ်ဆိုရင် အမှောင်အဆောင်ပစ္စည်းကို ထိန်းချုပ်ရတာ ပိုလွယ်သွားတာပေါ့ ” ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်သွားပြီး စဉ်းစားတွေးတောနေမိတော့သည်။ ထိုအချိန်တွင် သူ၏ ကိုယ်ပွားမှာ ရုတ်တရက်ဆိုသလို သူ၏ ညာဘက်လက်ထဲမှ အမှောင်တောင်ဝှေးအား မြှောက်လိုက်၏။ ထိုအခါ ကြယ်အစွယ်သားရဲကြီးနှစ်ကောင်၏ ရုပ်အလောင်းများ ရှိနေသည့်နေရာတွင် ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး ထို ရုပ်အလောင်းများကို ဝါးမျိုသွားတော့သည်။ ထို့နောက် အားကောင်းသော ဝိညာဉ်ချီများမှာ မည်သည့်နေရာကမှန်းမသိ ပေါ်ပေါက်လာပြီး ထို ရုပ်အလောင်းများထဲသို့ ဝင်ရောက်သွားကြ၏။
” အမှောင်အဆောင်ပစ္စည်းက ငါ အမြဲတမ်း အသုံးပြုရမယ့် လက်နက်တစ်ခုဖြစ်လာမှာ။ ပြီးရင် အမှောင်အဆောင်ပစ္စည်းရဲ့ စွမ်းအားကို အသုံးပြုပြီးတော့ သားရဲရုပ်အလောင်းကြီးနှစ်ခုကို ရုပ်သေးရုပ်တွေ ဖြစ်သွားအောင် သန့်စင်ရမယ်။ သူတို့က ငါ့ရဲ့ ဒုတိယမြောက် အားအထားရဆုံး လက်နက်တွေ ဖြစ်လာမှာ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပလာ၏။ ထို့နောက် သူသည် သူ၏ ကိုယ်ပွားဖြင့် အမှောင်အဆောင်ပစ္စည်းအား ထိန်းချုပ်ကာ သားရဲရုပ်အလောင်းကြီးများကို စတင်သန့်စင်နေလိုက်တော့သည်။
ရုပ်သေးရုပ်များမှာ ဓမ္မရတနာတစ်မျိုးဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ ထိုပညာရပ်အား သာမန်ကျင့်ကြံသူများထက် ပို၍ ကျွမ်းကျင်ပိုင်နိုင်နေသည် မဟုတ်ပါလော။ သူသည် အတွေ့အကြုံပေါင်း မြောက်မြားစွာနှင့် ကြုံဖူးခဲ့ပြီးသားဖြစ်ရာ သူ့ကိုယ်သူ ရုပ်သေးရုပ်များ ဖန်တီးသန့်စင်ရာ၌ ပါရမီပါကြောင်း မှတ်ယူထား၏။
သူသည် တာအိုနန်းတော်ထဲတွင် မဟာထိပ်သီး အကြီးအကဲကြီးအဖြစ် ရှိနေခဲ့စဉ်တုန်းက တာအိုနန်းတော် မှတ်တမ်းများကို ဖတ်ရှုခဲ့၏။ ထို့ကြောင့် သူသည် ဓမ္မလက်နက်များ ဖန်တီးသန့်စင်ရာတွင်သာမက ရုပ်သေးရုပ်များ ထိန်းချုပ်ရာတွင်ပါ ပိုမို ကျွမ်းကျင်လာပြီဖြစ်သည်။
” ငါ့ရဲ့ ရုပ်သေးရုပ်တွေအပြင် တချို့ ဓမ္မလက်နက်တွေကိုပါ အဆင့်မြှင့်ဖို့ လိုသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီးနောက် အနက်ရောင် လေးကြီးတစ်ခုကို ထုတ်ယူလိုက်သည်။ ၎င်းမှာလည်း ဝဲထဲသို့ စုပ်ယူခံလိုက်ရသည်။ ထို့နောက် သူသည် မန္တန်လက်ကွက်များ အလျင်အမြန်ဖော်ကာ ဓမ္မလက်နက်များအား စတင်သန့်စင်နေလိုက်တော့သည်။
သူ သန့်စင်ခြင်း လုပ်ငန်းများနှင့် အလုပ်ရှုပ်နေစဉ် အင်္ဂါဂြိုဟ်မှာလည်း စစ်ပွဲကြီးအတွက် ကြိုတင်ပြင်ဆင်နေရ၏။ ကျင့်ကြံသူများအားလုံးမှာ အင်္ဂါဂြိုဟ်ဘုရင်ခံ၏ အမိန့်များအတိုင်း တဝေမသိမ်း လိုက်နာဆောင်ရွက်နေရင်း အချိန်များ တရွေ့ရွေ့ ကုန်လွန်လာတော့သည်။
ထိုသို့ဖြင့် ခုနစ်ရက်တိတိ ကုန်ဆုံးသွား၏။ ထိုအချိန်တွင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ စုံစမ်းစစ်ဆေးမှုတစ်ခု ပြုလုပ်လိုက်ပြီးနောက် တစ်ဂြိုဟ်လုံးအား သတိပေးလိုက်တော့သည်။ ထို့နောက် ဓမ္မလက်နက် အဆောင်ပစ္စည်းများအားလုံးကို အသုံးပြုလိုက်ကြ၏။ နောက်ဆုံးတွင် အင်္ဂါဂြိုဟ် ဘုရင်ခံမှာ အမိန့်များ ထုတ်ပြန်လိုက်တော့သည်။ ထိုအခါ ဓမ္မလက်နက်အဆောင်ပစ္စည်းများမှာ ၎င်းတို့၏ စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်ကာ အလင်းတန်းပေါင်း မြောက်မြားစွာအဖြစ် အသွင်ပြောင်းလဲသွားကြပြီး အင်္ဂါဂြိုဟ် အလွန်ရှိ အာကာသကြီးထဲသို့ ဦးတည်သွားတော့သည်။
ထိုအချိန်တွင် အာကာသထဲ၌ ဧရာမ ဝဲကြီးတစ်ခု ပေါ်ပေါက်လာပြီး အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးမှာ ထို ဝဲကြီးထဲမှ ထွက်ပေါ်လာ၏။
ဓမ္မလက်နက် အဆောင်ပစ္စည်းများ၏ တိုက်ကွက်များမှာ စစ်သင်္ဘောကြီးပေါ်သို့ ကျရောက်လာကြပါသော်လည်း ၎င်းတို့မှာ အနည်းငယ်လေးပင် ထိခိုက်ပျက်စီးသွားခြင်း မရှိပေ။ ဓမ္မလက်နက် အဆောင်ပစ္စည်းများ ပေါက်ကွဲပျက်စီးသွားချိန်တွင် စစ်သင်္ဘောကြီးပေါ်၌ လူရိပ်တစ်ခု ပေါ်ပေါက်လာ၏။ ထိုသူမှာ တာအိုဘုန်းတော်ကြီးယိုရန် ဖြစ်ပေသည်။
” ဝမ်ပေါင်လဲ့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်နှာအမူအရာ သုန်မှုန်နေပြီး မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။ ထိုအချိန်တွင် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ အင်္ဂါဂြိုဟ်အား လက်ညှိုးထိုးလိုက်သည်။ ထိုအခါ တာအိုနန်းတော်၏ ဧရာမ စစ်သင်္ဘောကြီးများမှာ သူ၏နောက်တွင် ပေါ်ပေါက်လာကြ၏။ ထို့အပြင် အသက်ရှင်ကျန်ရစ်နေခဲ့သည့် တာအိုနန်းတော် ကျင့်ကြံသူများနှင့် အဆုံးမဲ့မျိုးနွယ်စုဝင် အယောက်တစ်သိန်းတိတိမှာလည်း ပေါ်ပေါက်လာကြပြီး ဂြိုဟ်ကြီးဆီသို့ အရှိန်အဟုတ်ဖြင့် ဦးတည်လာတော့သည်။
ထိုအခါ အင်္ဂါဂြိုဟ်ဘုရင်ခံမှာ တွေဝေတုံ့ဆိုင်း နေခြင်းမရှိဘဲ။ သူမ၏ အမိန့်အား ချက်ချင်းထုတ်ပြန်လိုက်၏။
” နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးရဲ့ ပထမဆုံးတိုက်ကွက်ကို ထုတ်သုံးလိုက်တော့ “
Good 👍