Switch Mode

အခန်း (၇၁၅)

အမှောင်ကလေးငယ် ပြန်ရောက်လာခြင်း 

ကျိယွဲ့၏ မျက်ဝန်းများ အေးစက်စွာတောက်ပသွားစဉ် ဝာာအိုဘုန်းတော်ကြီးယိုရန်မှာ ရုပ်သေးရုပ်များကဲ့သို့ အသက်မပါသည့် အဆုံးမဲ့မျိုးနွယ်စုဝင် အယောက်တစ်သိန်းနှင့် အသက်ရှင်ကျန်ရစ်ခဲ့သည့် တာအိုနန်းတော် ကျင့်ကြံသူများအား ဦးဆောင်ကာ အင်္ဂါဂြိုဟ်ဆီသို့ သွားနေ၏။ တာအိုနန်းတော် ကျင့်ကြံသူများအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြပြီး စစ်ပွဲကြီးအား ဆက်မတိုက်ချင်ကြတော့ပါသော်လည်း ရွေးချယ်ခွင့်မရှိပေ။ ထိုအချိန်တွင် အင်္ဂါဂြိုဟ်ပေါ်ရှိ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးများမှာ စတင် တောက်ပလာကြတော့သည်။

ထို့နောက် သောကြာဂြိုဟ်ပေါ်တွင် တာဝန်ကျနေခဲ့ကြသည့် ကျင့်ကြံသူများ ပေါ်ပေါက်လာကြ၏။ သူတို့အားလုံးမှာ မောပန်းနွမ်းနယ်နေကြပြီး ဒဏ်ရာကိုယ်စီ ရထားကြသည်။

သူတို့အား စောင့်ဆိုင်းနေကြသည့် အင်္ဂါဂြိုဟ်ပေါ်မှ ကျင့်ကြံသူများမှာ သူတို့ဆီသို့ အပြေးရောက်လာကြပြီး တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးများ၏ အဝေးသို့ ခေါ်သွားလိုက်ကြ၏။ ထို့နောက် သမားတော်ပေါင်း ထောင်ပေါင်းများစွာမှာ သူတို့၏ ဒဏ်ရာများကို ကုသပေးနေကြတော့သည်။

သို့သော် သောကြာဂြိုဟ်ပေါ်မှ ရောက်ရှိလာကြသည့် ကျင့်ကြံသူအရေအတွက်မှာ များပြားလွန်းနေသောကြောင့် သမားတော်များမှာ သူတို့အားလုံးအား ချက်ချင်းကုသပေးနိုင်ရန် အခက်တွေ့နေရ၏။ အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံမှာ ထိုသို့ဖြစ်လာနိုင်ကြောင်း ကြိုတင်မှန်းဆထားပြီးသား ဖြစ်သောကြောင့် ကျင့်ကြံသူ အ‌ယောက်တစ်သောင်းကျော်အား ထိုသမားတော်များကို ကူညီပေးရန် စီစဉ်ထားခဲ့သည်။

” ဒါ အတွင်းကြေဒဏ်ရာပဲ။ မြန်မြန်လေး။ ဒီကျင့်ကြံသူကို ဆေးကုသရေးဌာနဆီ ချက်ချင်းပို့ပေးလိုက် ”

” တာအိုရောင်းရင်းရဲ့ ဒဏ်ရာတွေက သိပ်မပြင်းဘူး။ ဝိညာဉ်စွမ်းအင် အများကြီး သုံးမိသွားတာပဲ ရှိတာ။ တစ်ယောက်လောက် ဒီ တာအိုရောင်းရင်းကို နားနေဆောင်ဆီ ခေါ်သွားလိုက်ပြီးတော့ အနားယူခိုင်းလိုက်ပါ ”

” သူ့ရဲ့ ဝိညာဉ်က ပျောက်ကွယ်သွားတော့မယ့် အရိပ်အယောင်တွေ ပြနေပြီ။ မြန်မြန်လေး။ ဝိညာဉ်အားဖြည့်ဆေးလုံးသုံးလုံး ဒီကို ယူခဲ့စမ်း ”

အင်္ဂါဂြိုဟ်စခန်းမှာ ဆေးကုသရေးလုပ်ငန်းများကို စနစ်တကျဆောင်ရွက်ကာ သောကြာဂြိုဟ်မှ ရောက်လာကြသည့် ကျင့်ကြံသူများကို လိုလေသေးမရှိ ပြုစုပေးနေကြ၏။ ထို ကျင့်ကြံသူများထဲတွင် ကျောက်ယမုန့်နှင့် ခုန်းတောက်တို့ ပါပေသည်။ သူတို့မှာ ဒဏ်ရာအပြင်းအထန် ရထားကြပြီး အားအင်ချည့်နဲ့နေကြ၏။ သို့သော် သူတို့မှာ ဆေးကုသမှုခံယူရန် ထွက်ခွာသွားခြင်းမရှိဘဲ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီး၏ အပြင်ဘက်၌ ရပ်ကာ စိုးရိမ်တကြီးနှင့် စောင့်ဆိုင်းနေကြသည်။

သူတို့မှာ ဝမ်ပေါင်လဲ့၊ သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့ကို စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။

သူတို့နှင့်အတူ စောင့်ဆိုင်းနေသည့် လူများမှာ လျှိုတောက်ပင်း ဦးဆောင်သည့် နတ်ဘုရားလက်နက် မြို့တော်သစ်မှ ကျင့်ကြံသူများ ဖြစ်ကြပေသည်။

ဝမ်ပေါင်လဲ့ ကျယ်ပြန့်တာအိုနန်းတော်သို့ ရောက်နေခဲ့သည့် နှစ်များတွင် နတ်ဘုရားလက်နက် မြို့တော်သစ်မှာ အလျင်အမြန် တိုးတက်လာခဲ့၏။ ထိုမြို့တော်ကြီးမှာ အရွယ်အစား ကြီးမားလာပြီဖြစ်သလို ထိုမြို့တော်ထဲတွင် နေထိုင်ကြသည့် ကျင့်ကြံသူ အရေအတွက်မှာလည်း သိသိသာသာ များပြားလာပြီ ဖြစ်သည်။ နိုင်ငံရေးအင်အားစုများမှာ ထိုမြို့တော်၏ မြို့တော်သခင်ရာထူးကို မျက်စိကျနေကြသောကြောင့် ထို မြို့တော်ကြီးအား ကြီးကြပ်အုပ်ချုပ်ရန် တာဝန်ယူထားရသည့် ဝမ်ပေါင်လဲ့၏ နောက်လိုက်များမှာ အခက်တွေ့နေခဲ့ရသည်။

လျှိုတောက်ပင်းမှာဆိုလျှင် မြို့တော်ထဲမှ နှင်ထုတ်ခံခဲ့ရလုနီးပါး ဖြစ်ခဲ့ရ၏။ ဝမ်ပေါင်လဲ့မှာ သူ၏ အစွမ်းအစများကို သက်သေပြနေခဲ့ပြီး ပြည်ထောင်စုကြီး၏ အကျိုးကို သယ်ပိုးပေးနေသည့်တိုင်အောင် နိုင်ငံရေးအင်အားစုများ၏ လောဘစိတ်များမှာ ကုန်ခန်းသွားခြင်း မရှိသေးပေ။

ကံကောင်းစွာဖြင့် သူသည် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ ဘုရင်ခံနှင့် လီရှင်းဝမ်တို့၏ အထောက်အပံ့ကို ရထားသောကြောင့် သူ၏ မြို့တော်သခင်ရာထူးမှာ တည်မြဲနေဆဲပင်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ တာအိုနန်းတော်ထဲ၌ မဟာထိပ်သီးအကြီးအကဲ ရာထူးအား ရရှိပိုင်ဆိုင်သွားခဲ့သောကြောင့် ပြည်ထောင်စုကြီးတစ်ခုလုံးမှာ အုတ်အော်သောင်းနင်း ဖြစ်သွားခဲ့ရ၏။ ထိုအခါမှသာ နိုင်ငံရေးအင်အားစုများမှာ လက်လွတ်စပယ် မပြုမူရဲကြတော့ပေ။ အစပိုင်းတွင် သူတို့မှာ ဝမ်ပေါင်လဲ့အား အပြစ်လုပ်မိသလို ဖြစ်နေမည်ကို စိုးရိမ်ပူပန်နေခြင်း မရှိပါသော်လည်း သူ မဟာထိပ်သီး အကြီးအကဲအဖြစ်သို့ ရောက်သွားချိန်တွင် အခြေအနေများမှာ ပြောင်းလဲသွားတော့သည်။

ထိုအခါမှသာ လျှိုတောက်ပင်းနှင့် လီဝမ်အာတို့မှာလည်း စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူတို့မှာ တဖြည်းဖြည်းနှင့် အာဏာပြန်ရလာကြပြီ ဖြစ်သည်။ ထို့နောက် စစ်ပွဲကြီး စတင်သွားပြီး ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားခဲ့၏။ သို့သော် ထိုအချိန်တွင်မူ နိုင်ငံရေးအင်အားစုများမှာ အာဏာလုရန် မကြိုးစားခဲ့ကြသောကြောင့် သူတို့မှာ ဝမ်ပေါင်လဲ့ ပျောက်ကွယ်သွားခဲ့သည့် ကာလအတွင်းတွင် လုပ်ပိုင်ခွင့်အာဏာများ ဆုံးရှုံးခဲ့ရခြင်းမရှိပေ။ ထို့နောက် ဝမ်ပေါင်လဲ့မှာ ပြန်လည်ပေါ်ပေါက်လာပြီး ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား သတ်ဖြတ်ပစ်ခဲ့သည် မဟုတ်ပါလော။ သူ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများကြောင့် မြို့တော်ထဲမှ သူ၏ လက်အောက်ငယ်သားများမှာ စိတ်လှုပ်ရှားသွားကြတော့သည်။

သူတို့မှာ ထိုအခွင့်အရေးကို အမိအရ အသုံးချကာ မြို့တော်ကြီးတစ်ခုလုံးအား ထိန်းချုပ်လိုက်ကြ၏။ ယခုတွင် သူတို့မှာ သူတို့၏ မြို့တော်သခင်အား ကြိုဆိုရန် မြို့တော်သစ်ထဲမှ ကျင့်ကြံသူပေါင်းမြောက်များစွာကို ခေါ်ဆောင်လာကြပြီဖြစ်သည်။

အင်္ဂါဂြိုဟ်ဘုရင်ခံမှာမူ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီသို့ ရောက်ရှိလာခြင်းမရှိပေ။ သူမသည် မဟာ အင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးထဲ၌ ရှိနေ၏။ သူမနှင့် အင်္ဂါဂြိုဟ် အုပ်ချုပ်ရေးအဖွဲ့အစည်း၏ အဆင့်မြင့် အရာရှိကြီးများမှာ ထို မန္တန်အစီအရင်ကြီးအား ဖွင်ကာ လိုအပ်သည့် ခုခံကာကွယ်ရေးစနစ်များကို ပြင်ဆင်နေကြခြင်း ဖြစ်သည်။

အင်္ဂါဂြိုဟ် အပြင်ဘက်တွင် စစ်သင်္ဘော အစင်းရေ တစ်သိန်းတိတိ ရှိနေပြီဖြစ်ပြီး ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာလည်း မန္တန်အစီအရင်ကြီးထဲတွင် နေရာတကျ စုဝေးကာ အမိန့်များ စောင့်ဆိုင်းနေကြသည်။ အင်္ဂါဂြိုဟ်ဘုရင်ခံ အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် ဂြိုဟ်ပေါ်ရှိ စစ်ပွဲသုံး ဓမ္မလက်နက် အဆောင်ပစ္စည်းအားလုံးကို ချက်ချင်း အသုံးပြုလိုက်ကြ၏။ ထို့ကြောင့် တိုက်ခိုက်လိုစိတ်များနှင့် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များမှာ ဂြိုဟ်ကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွားကြတော့သည်။

အင်္ဂါဂြိုဟ်ဘုရင်ခံမှာ သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့နှင့် မတူပေ။ သူမသည် အမျိုးသမီး ကျင့်ကြံသူတစ်ယောက် ဖြစ်ပါသော်လည်း အနိုင်မခံ အရှုံးမပေးသည့် ‌‌ဗီဇ ရှိပေသည်။ သို့ဖြစ်ရာ သူမသည် အရှိန်အဟုန်ဖြင့် တောက်လောင်နေသည့် မီးတောက်တစ်ခုကဲ့သို့ပင်။

သူမ၏ နည်းဗျူဟာမှာ သောကြာဂြိုဟ် တိုက်ပွဲကြီးထဲတွင် အသုံးပြုခဲ့သော နည်းနည်းဗျူဟာနှင့် မတူပေ။ သောကြာဂြိုဟ် တိုက်ပွဲကြီးထဲတွင် အာကာသထဲ၌ ခံစစ်ကြောင်းကိုးကြောင်း ဖြန့်ကြက်ထားခဲ့ရသည်ဖြစ်ရာ ခံစစ်သဘောမျိုး သက်ရောက်ပေသည်။ သူမ၏ နည်းဗျူဟာမှာမူ အင်္ဂါဂြိုဟ် ကြယ်တာရာရင်းမြစ်ကို ထုတ်ယူကာ ဝိညာဉ်ဆန့်ကျင်ဗုံးများအား မဟာ အင်္ဂါဂြိုဟ် မန္တန်အစီအရင်ကြီးနှင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးတို့နှင့်အတူ အသုံးပြုရန် ဖြစ်သည်။ အင်္ဂါဂြိုဟ်မှာ တာအိုနန်းတော် တပ်ဖွဲ့များကို အင်အားဆုတ်ယုတ်သွားအောင် လုပ်ပြီးမှ ထိုကျင့်ကြံသူများအား ဂြိုဟ်ပေါ်သို့ ဆင်းသက်လာအောင် ဖိအားပေးလိုက်မည် ဖြစ်သည်။ ထို့နောက် ဂြိုဟ်ပေါ်တွင် နောက်ဆုံးတိုက်ပွဲကြီးအား တိုက်ခိုက်ကြမည်ဖြစ်သည်။

” နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးရဲ့ အလိုအလျောက် ပေါက်ကွဲမှုစနစ်ကို ပြုပြင်မွမ်းမံပြီးသွားပြီ။ ဒါပေမဲ့ အခုလောလောဆယ် အသုံးပြုခွင်မရှိသေးဘူး။ အသုံးပြုခွင့်ရတာနဲ့ ငါးကြိမ်တိတိ ဆက်တိုက် ဖောက်ခွဲပစ်လို့ရပြီ ”

” အင်္ဂါဂြိုဟ် မဟာ မန္တန်အစီအရင်ကြီးကိုလည်း အဆင်သင့် ပြင်ပြီးသွားပါပြီ။ ဘယ်အချိန်ရောက်ရောက် ဂြိုဟ်ကြီးတစ်ခုလုံးရဲ့ မျက်နှာပြင်ကို သုံးကြိမ်တိတိ ဖိနှိပ်ချုပ်တည်းလို့ရပြီ ”

” ‌ပေါက်ကွဲနယ်မြေ သုံးသိန်းခုနစ်သောင်းတိတိကိုလည်း အဆင်သင့် ပြင်ပြီးသွားပြီမလို့ အချိန်မရွေး ဖောက်ခွဲပစ်လို့ရပါပြီ ”

အစီရင်ခံစားများမှာ ဌာနချုပ်ထဲသို့ အဆက်မပြတ် ရောက်ရှိလာကြ၏။ အင်္ဂါဂြိုဟ် ဘုရင်ခံမှာမူ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ခေါင်းမော့ကာ အာကာသထဲသို့ လှမ်းကြည့်လိုက်သည်။ အင်္ဂါဂြိုဟ် စစ်တပ်မှ ဗိုလ်ချုပ်ကြီးတစ်ယောက်မှာ သူမ၏ဘေးတွင်ရပ်နေသည်။ သူသည် တစ်ခဏမျှ တွေဝေတုံ့ဆိုင်းနေပြီနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။

” ဘုရင်ခံ။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို အသုံးပြုခွင့်နဲ့ ပတ်သတ်လို့ကလေ…. လီရှင်းဝမ်က ကျွန်တော်တို့ကို အသုံးပြုခွင့် မပေးလောက်သေးဘူး။ သူက အဲဒီ မန္တန်အစီအရင်ကြီးကို အသက်ရှင်ကျန်ရစ်ခဲ့မယ့် လူတွေအတွက် နောက်ဆုံး ခံစစ်ကြောင်းအဖြစ် သုံးဖို့ ရည်ရွယ်ထားတဲ့ပုံပဲ ”

” အဲဒီအဘိုးကြီးကတော့ကွာ ” ထိုအခါ ဘုရင်ခံမှာ အေးစက်စက် လေသံဖြင့် ရေရွတ်လိုက်၏။ သူမ၏ ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကြောင့် သူမသည် ပုံမှန်ထက် ပို၍ ဩဇာညောင်းကာ အစွမ်းထက်နေသည့်ပုံ ပေါက်နေသည်။

” အာကာသထဲမှာ တိုက်ပွဲဖြစ်ရင် ငါတို့အတွက် နစ်နာတယ်လေ။ မြေပြင်ပေါ်မှာ တိုက်ပွဲဖြစ်မှ ငါတို့က အသာစီးရပြီးတော့ ဝိညာဉ်သိပ္ပံပညာရပ်ရဲ့ အစွမ်းတွေကို လိုသလိုထုတ်သုံးနိုင်မှာ။ ပြီးတော့ ပြည်ထောင်စုကြီး ကျသွားခဲ့မယ်ဆိုရင် အသက်ရှင်ကျန်ရစ်ခဲ့တဲ့ လူတွေလည်း အာကာသဲမှ လမ်းပျောက်သွားကြမှာပဲလေ။ အဲအချိန်ကျ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ အသက်ဘေးကနေ လွတ်မြောက်သွားခဲ့မယ်ဆိုရင်တောင် တခြားဂြိုဟ်ပေါ်က လူတွေရဲ့ လူမှုအဖွဲ့အစည်းထဲမှာ သနားစရာကောင်းတဲ့ ဘဝကြီးတစ်ခုကိုပဲ ဖြတ်သန်းရတော့မှာ ”

” အဲလိုဆိုရင်တောင်မှ ဒီ နည်းဗျူဟာအတိုင်းဆိုရင် အထိအခိုက်တွေ အများကြီးရှိနိုင်… ” ဗိုလ်ချုပ်ကြီးမှာ မျက်နှာရှုံ့မဲ့ကာ ဆိုလိုက်၏။

” ငါတို့တွေထဲက အများစုက ကမ္ဘာပေါ်မှာ နေထိုင်ခဲ့တဲ့ ရှေးဟောင်းလူမှုအဖွဲ့စည်း တစ်ခုကနေ ဆင်းသက်လာကြတာ။ အဲဒီ လူမှုအဖွဲ့အစည်းထဲမှာ ဆိုရိုးစကားတစ်ခုရှိတယ်… အနာခံမှ အသာစံရတဲ့ ”

” ထိခိုက်ပျက်စီးမှုတွေကို ရှောင်လွှဲနိုင်မှာမဟုတ်ဘူး။ အင်္ဂါဂြိုဟ်က ပြည်ထောင်စုကြီးရဲ့ နောက်ဆုံး ခံစစ်ကြောင်းပဲ။ အင်္ဂါဂြိုဟ်ကြီး တည်မြဲနေသရွေ့ ပြည်ထောင်စုကြီးလည်း ‌ဘေးကင်းနေဦးမှာပဲ။ တကယ်လို့ ငါတို့တွေ ရှုံးနိမ့်သွားခဲ့မယ်ဆိုရင်တောင်… ငါ့ရဲ့မိသားစုတစ်ခုလုံးက စစ်မြေပြင်ပေါ်မှာပဲ အသက်သေတဲ့အထိ တိုက်ခိုက်သွားကြမှာ။ ဒါ ပြည်ထောင်စုကြီးအပေါ် ထားတဲ့ ငါ့ရဲ့ သစ္စာစောင့်သိမှုပဲ ”

” ငါ လီရှင်းဝမ်ဆီက လုပ်ပိုင်ခွင့်ကို ရအောင်တောင်းပေးမယ်။ အခု… နင် အမိန့်ပေးလိုက်တော့ ”

ဗိုလ်ချုပ်ကြီးမှာ ဘုရင်ခံ၏ စိတ်ဓာတ်ပြတ်သားသော စကားများကိုနားထောင်ရင်း ငြိမ်ကျသွား၏။ ထို့နောက် သူသည် အသက်ပြင်းပြင်း ရှူလိုက်ပြီးနောက် သူမ၏ ညွှန်ကြားချက်များအတိုင်း ချက်ချင်း အမိန့်ထုတ်ပြန်လိုက်တော့သည်။ ထိုအခါ အင်္ဂါဂြိုဟ်ပေါ်တွင် အုန်းခနဲမြည်သံကြီးတစ်သံ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။ အရာအားလုံးကို အဆင်သင့် ပြင်ပြီးသွားပြီ ဖြစ်သည်။

အင်္ဂါဂြိုဟ်ပေါ်တွင် ပြင်ဆင်မှုများပြုလုပ်နေစဉ် တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးဆီမှ ကိစ္စဝိစ္စများမှာလည်း ပြီးဆုံးသွားတော့မည် ဖြစ်သည်။ သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့နှစ်ယောက် ပေါ်ပေါက်လာပြီးနောက် ဖုန့်ချိုးရန်နှင့် လီဝူချန်းတို့ ရောက်ရှိလာကြ၏။ ဝမ်ပေါင်လဲ့မှာမူ နောက်ဆုံးမှ ရောက်ရှိလာသည်။

သို့သော် သူသည် လမင်းကြီးနှင့်အတူ ရောက်လာသည်ဖြစ်ရာ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်အစီအရင်ကြီးမှာ တောင့်ခံနိုင်စွမ်းမရှိဘဲ ဖြစ်နေရ၏။ နောက်ဆုံးတွင် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့၏ အကူအညီဖြင့် လမင်းကြီးမှာ အင်္ဂါဂြိုဟ်၏ ဘေး၌ ပေါ်ပေါက်လာပြီး ဝိညာဉ်စွမ်းအင်များလှိုင်းများမှာ အာကာသကြီးထဲ၌ ပျံ့နှံ့သွားတော့သည်။

ညနတ်ဆိုးဧကရာဇ်ကြီးမှာ ပြန်၍ အိပ်မောကျသွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ကျောက်ယမုန့်၊ လျှိုတောက်ပင်းနှင့် လီဝမ်အာတို့နှင့် စကားပြောနေရန် အချိန်မရှိသဖြင့် သူတို့အား ခေါင်းသာညိတ်ပြလိုက်၏။ ထို့နောက် သူသည် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့အား နှုတ်ဆက်လိုက်ပြီးနောက် သူ၏မြို့တော်ဆီသို့ ပြေးသွားလိုက်တော့သည်။

သူသည် ထိုသို့ထွက်ခွာမလာခင် သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့အား အသိပေးခဲ့၏။

” ဥက္ကဋ္ဌကြီး၊ မဟာထိပ်သီး အကြီးအကဲကြီး။ ကျွန်တော့်အတွက် အချိန်ဆွဲပေးထား။ ကျွန်တော် ပစ္စည်းတစ်ခု သွားယူစရာရှိလို့။ အဲဒီ လက်နက်နဲ့သာဆိုရင် ဒီစစ်ပွဲကြီးရဲ့ အခြေအနေကို ပြောင်းလဲပစ်နိုင်လောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခြေကုန်သုတ်ကာ ပြေးထွက်သွားတော့သည်။

ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီးအား ထိန်းချုပ်ခဲ့ပြီး တာအိုဘုန်းတော်ကြီးယိုရန်အား တိုက်ခိုက်ခဲ့သည့်အပြင် ကျိယွဲ့ဆိုသည့် လျှို့ဝှက်ဆန်းကြယ် အမျိုးသမီးကိုလည်း ရင်ဆိုင်ခဲ့သေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် သောကြာဂြိုဟ် တိုက်ပွဲကြီးထဲတွင် အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်သည်။ ထို့ကြောင့် သူ၏စကားများမှာ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့အတွက်သာမက သောကြာဂြိုဟ် တိုက်ပွဲဲထဲတွင် ဝင်ရောက်တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူများအတွက်ပါ အလွန်အင်မတန်မှ အရေးပါပေသည်။

ထို့အပြင် အင်္ဂါဂြိုဟ်မှာ ဝမ်ပေါင်လဲ့အတွက် ဒုတိယအိမ်ကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် မြို့တော်ဟောင်းနှင့် မြို့တော်သစ် နှစ်ခုစလုံးထဲတွင် ဩဇာညောင်းပြီး ဂုဏ်သတင်းကျော်စောသည့် လူတစ်ယောက် ဖြစ်ပေသည်။

ထို့ကြောင့်လည်း သူထွက်ခွာမသွားခင် ပြောခဲ့သည့် စကားများမှာ အင်္ဂါဂြိုဟ်ပေါ်၌ ချက်ချင်းဆိုသလိုပင် ပျံ့နှံ့သွား၏။ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ အင်္ဂါဂြိုဟ် ဌာနချုပ်ထဲသို့ ရောက်ရှိလာကြသောအခါ အင်္ဂါဂြိုဟ် ဘုရင်ခံနှင့် တွေ့ဆုံလိုက်ကြပြီး သူမအား ဝမ်ပေါင်လဲ့ ပြောခဲ့သည့်စကားများကို အသိပေးလိုက်၏။

ခဏအကြာတွင် လီရှင်းဝမ်မှာ အံကြိတ်လိုက်ပြီးနောက် အင်္ဂါဂြိုဟ်ဘုရင်ခံ၏ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအား ဖောက်ခွဲပစ်မည့် တောင်းဆိုချက်အား လက်ခံသဘောတူလိုက်တော့သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားလက်နက် မြို့တော်သစ်ဆီသို့ ရောက်ရှိသွားပြီဖြစ်သည်။ သူသည် သူထွက်ခွာသွားခဲ့စဉ်တုန်းကထက် အဆပေါင်းများစွာပို၍ ကြီးမားနေပြီဖြစ်သော မြို့တော်ကြီးအား စိုက်ကြည့်ရင်း အတွေးထဲ၌ အတိတ်မှ အမှတ်တရများ ပြန်လည်ပေါ်ပေါက်လာ၏။ သို့သော် သူသည် ထိုအမှတ်တရများကို ချက်ချင်း မေ့ပျောက်ထားလိုက်ပြီးနောက် သူ၏ နဖူးကိုပွတ်မိလိုက်သည်။ ထိုအခါ သူသည် ကျိယွဲ့၏ လက်ညှိုး တစ်စစီကြေမွပျက်စီးသွားခဲ့သည့် မြင်ကွင်းအား ပြန်၍အမှတ်ရသွားတော့သည်။

သူသည် မည်သည့်အချင်းအရာများ ဖြစ်ပျက်သွားခဲ့မှန်း မသိပေ။ သို့သော် ယခုတွင် မမလေးမှာ အမှန်တကယ် အိပ်မောကျသွားသည့်ပုံပင်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မေးခွန်းများစွာ မေးခဲ့သည့်တိုင်အောင် မည်သည့်အဖြေမှ ပြန်မရခဲ့ပေ။

သို့ဖြစ်ရာ သူသည် ထိုကိစ္စအား မေ့ထားလိုက်ရပြီးနောက် မြို့တော်သစ်၏ အလယ်ရှိ ယဇ်ပလ္လင်ကြီးဆီသို့ ပြေးသွားလိုက်၏။ ၎င်းမှာ… ဂူဝင်ပေါက် ဖြစ်ပေသည်။

သူ ဂူထဲသို့ ရောက်ရှိသွားသည်နှင့် ဂူ၏ အတွင်းပိုင်းထဲမှ သူ ရင်းရင်းနှီးနှီး သိနေသော ဝိညာဉ်စွမ်းအင်တစ်မျိုး ထွက်ပေါ်လာ၏။ ထို့နောက် တော်ဝင်ညွှန်ကြားရေးမှူး၊ လူသန်ကြီးနှင့် ကောင်ကလေးတို့မှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် ပေါ်ပေါက်လာပြီး သူ့အား နှုတ်ဆက်လိုက်ကြတော့သည်။

” မင်္ဂလာပါ ကြီးမြတ်လှတဲ့ အမှောင်ကလေးငယ် “

Comment

Leave a Reply

Options

not work with dark mode
Reset