Switch Mode

အပိုင်း (၁၉၁)

လေပြင်းတိုက်ခတ်လာခြင်း

လျိုချန်းယွီ၏ လှပသော မျက်လုံးများက အရောင်လက်သွားသည်။ သူတို့၏ စကားဝိုင်းမှ ရိုးသားမှုကို သူမခံစားနိုင်သည်။ သူက အပိုပြောနေသည် မဟုတ်ပေ။ သူက ရီဖူရှင်းနှင့် ယူချင်းတို့ကို ချီးကျူးနေမှတော့ သူတို့က ထူးခြား ထက်မြက်သောသူများ ဖြစ်သည်မှာ ထင်ရှားသည်။ သို့သော်လည်း အရှေ့မြေရိုင်းဒေသမှ ထိပ်သီးပါရမီရှင်များက သူတို့နှင့် နှိုင်းယှဉ်၍ မရဟု ပြောသည်ကို သူမ မယုံပေ။

မည်သို့ပင်ဆိုစေ သူမကလည်း အရှေ့မြေရိုင်းဒေသမှ မဟုတ်ပါလား။ သူမက မိမိကိုယ်ကို ယုံကြည်မှု ရှိ၍ မဟုတ်ဘဲ သူမက ရီဝူချင်းထက် ဤနေရာမှ ထိပ်သီးပါရမီရှင်များ၏ အရည်အချင်းများကို ပိုသိ၍ ဖြစ်သည်။ သူက ပါရမီရှင်များကို မမြင်ဖူးသေးရာ အထင်သေးစိတ် ရှိနေနိုင်သည်။ သို့သော်လည်း ရီဖူရှင်းနှင့် ယူချင်းတို့က မည်မျှ အရည်အချင်း ရှိသည်ကို သူမ စိတ်ဝင်စားမိသည်။

“ကျွန်မ စောင့်ကြည့်နေမယ်…” လျိုချန်းယွီက ပြုံးလိုက်သည်။ သူမ အနည်းငယ် စိတ်လှုပ်ရှားမိသည်။ လျိုချန်းယွီက သူ့အား မယုံကြည်သည်ကို ရီဝူချင်း သိသော်လည်း ရီဝူချင်းက ထိုအချက်ကို ပြောခြင်းမှာ လျိုချန်းယွီက သူ့အား ကောင်းမွန်သော အမြင်ကို ပေးခြင်းကြောင့် ဖြစ်သည်။

သူတို့က လျိုနိုင်ငံကို ဝင်ရောက်သည်ဖြစ်စေ မဝင်ရောက်သည်ဖြစ်စေ သူတို့က မိတ်ဆွေများ ဖြစ်နိုင်ပေသည်။ တခြားတစ်ဖက်တွင် ရီဝူချင်းက သူ၏ ဆုံးရှုံးသွားသော လက်တစ်ဖက်အတွက် လက်စားချေလိုကာ လီတောင်ယွန်ကို သတ်လိုသည်။ သူတို့က ဖူယွန်ဓားကလန်နှင့် ရန်သူများ ဖြစ်လာနိုင်ခြေ များပေသည်။ ယနေ့တွင် လီတောင်ချန်းကား အရိုက်ခံရရာ သူ၏ကလန်မှ အကူအညီ တချို့ သွားတောင်းမည်မှာ သေချာလှသည်။ ဤအခြေအနေတွင် သူတို့က မင်းသမီး လျိုချန်းယွီထံမှ အကူအညီရပါက ကောင်းမွန်သော အရာဖြစ်သည်။ သို့သော် သူက လျိုချန်းယွီအပေါ် အခွင့်အရေး မယူလိုပေ။ ထို့ကြောင့် ရီဝူချင်းက ဖြစ်ရပ်မှန်များ အားလုံးကို သူမအား ပြောပြသည်။

“သူ စလေ့ကျင့်နေပြီ…” လျိုချန်းယွီက ရီဝူချင်းကို ကြည့်ကာ ဆက်ပြောသည်… “ကျွန်မတို့က ဘာမှမပြောခဲ့သလို ဟန်ဆောင်ပေးပါ… သူက ဘယ်လောက်ထိ ဟန်ဆောင်နိုင်မလဲ ကြည့်ရသေးတာပေါ့…”

သက်တော်စောင့်။ ထိုငယ်ရွယ်ကာ ချောမော ခန့်ညားသော လူငယ်လေးက ဤနေရာတွင် မည်သို့ စွမ်းဆောင်နိုင်မည်ကို သိလိုသည်။

ထိုအခိုက်တွင် ရီဖူရှင်းကား သူ့ရှေ့မှ မီးဓာတ် ရုပ်တုကြီးအား ကြည့်နေသည်။ သူ၏ စိတ်အသိက ရုပ်တုထဲကို ဝင်ရောက်သွားလျှင် မီးလျှံများက သူ့ကိုချက်ချင်း လာရောက် ဝါးမျိုကြသည်။ ထိုအရာက သူ၏ စိတ်ဝိညာဉ် အသိကိုပင်လျှင် လာရောက် လောင်ကျွမ်းသည်။ အမှန်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

တစ်စုံတစ်ခု မှားယွင်းနေမှန်း ခံစားမိလျှင် ရီဖူရှင်း၏ နိုဘယ်အသိက ရုပ်တုထံသို့ ကြမ်းတမ်းစွာ ဝင်ရောက်သွားသည်။ သူ၏ အသိက ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ့ထံ ရောက်ရှိလာသော မီးလျှံများကို ခုခံသည်။

ထိုနေရာကား မီးလျှံကမ္ဘာဟု ပြောရပေမည်။ ရီဖူရှင်း၏ စိတ်အသိမှ ဖန်ဆင်းထားသော ပုံရိပ်က မီးပင်လယ်၏ အလယ်တွင် ရပ်နေသည်။ မြေပြင်နှင့် ကောင်းကင်နှစ်ခုလုံးက မီးလျှံများဖြင့် ဖုံးလွှမ်းနေသည်။ မဆုံးနိုင်သော မီးလျှံအားလှိုင်းများက သူ၏ စိတ်အသိအား ပြာဖြစ်သွားစေရန် လာရောက် လောင်ကျွမ်းကြသည်။

အကယ်၍ ရီဖူရှင်း၏ စိတ်ဝိညာဉ် ကိုယ်ပွားက နိုဘယ်အသိဖြင့် ဖန်ဆင်းထားခြင်း မဟုတ်လျှင် သူက ချက်ချင်း ထိုမီးလျှံများ အကြားတွင် ပျောက်ကွယ် ပျက်စီးသွားမည်မှာ သေချာသည်။ မီးဓာတ်ရုပ်တုထဲတွင် ရှိနေသော အားလှိုင်းကား ကြောက်မက်ဖွယ် ကောင်းလှသည်။ ဤနေရာတွင် တန်ခိုးကျင့်နေသော လူများက အလွန် စွမ်းအားမြင့်သည့်ပုံစံ ရှိနေသည်မှာ မထူးဆန်းတော့ပေ။

ယခုကား မီးလျှံသစ်ရွက်ငယ် တစ်ရွက်က မီးပင်လယ်ထဲတွင် ပေါ်လာသည်။ ထိုအရာက အလွန်ပြင်းထန်သော မီးလျှံများ လောင်ကျွမ်းနေသည်ဟု ရီဖူရှင်း ခံစားရသည်။ ထိုမီးသစ်ရွက်က လေထဲတွင် ပျံဝဲလျက် ရီဖူရှင်း ကိုယ်ပွားထဲသို့ တိုးဝင်လာသည်။

ထိုအခိုက်တွင် အလွန်အမင်း ပြင်းထန်သော အပူလှိုင်းများ သူ့ကို ဝါးမျိုလာသည်ကို ရီဖူရှင်း ခံစားရသည်။ သူ၏ ခန္ဓာကိုယ်တွင် မီးလျှံသစ်ရွက် အမှတ်အသားတစ်ခု ဖြစ်ပေါ်လာသည်။ ထိုအမှတ်အသားတွင် အလွန်တောက်ပသော မီးအလင်းပါဝင်ပြီး ရွှေအိုအောင် မီးလျှံများ တောက်လောင်နေကာ တစ်ကိုယ်လုံးကို ပျံ့နှံ့သည်။

ရီဖူရှင်းက မီးလျှံအသိဖြင့် တိုက်ခိုက်ရာ ချက်ချင်းပင် မီလျှံကမ္ဘာထဲတွင် မရေမတွက်နိုင်သော မီးသစ်ရွက်များ ဖြစ်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်ထဲကို အရူးအမူး တိုးဝင်လာကြသည်။ မကြာမီ သူ၏ တစ်ကိုယ်လုံးက မီးသစ်ရွက်များဖြင့် ပြည့်နှက်သွားကာ သူ့ကို လောင်မြိုက်ကြသည်။ သူအမှန်ပင် နာကျင်မှုကို စတင် ခံစားလာရသည်။

ထိုအချိန်တွင် ပြင်ပလောကတွင်လည်း ရီဖူရှင်း၏ ခန္ဓာကိုယ်တွင် မီးသစ်ရွက်များ ဖြစ်ပေါ်လာကြသည်။ ထိုအရာများက ကြောက်မက်ဖွယ် ကောင်းလွန်းလှသည်။ ထိုအရာက မှော်တိုက်ကွက်လား။ ရီဖူရှင်း တွေးလိုက်သည်။ အားကောင်းသော ရေခဲဓာတ်များက ရီဖူရှင်း၏ ခန္ဓာကိုယ်မှ ဖြာထွက်လာကာ သူ့အား ရေခဲလွှာများက ဖုံးအုပ်သွားသည်။ မီးသစ်ရွက်များလည်း ရေခဲလွှာများ၏ ဖုံးလွှမ်းခြင်းကို ခံရသည်။

ရုပ်တုထဲမှ ရီဖူရှင်း၏ ကိုယ်ပွားလည်း ပြောင်းလဲလာသည်။ မီးလျှံနှင့် ရေခဲဓာတ်များက ရောနှောနေကာ ကွဲပြားခြားနားသော အသိနှစ်ခုက လိုက်လျောညီထွေ ဖြစ်လျက် ပြင်ပမှ ဝင်ရောက်လာသော မီးလျှံများ၏ ဝါးမျိုခြင်းမှ ကာကွယ်ကြသည်။ ထို့နောက် ရီဖူရှင်းက မီးလျှံလောကမှ မီးလျှံအသိများကို ဖြည်းဖြည်းချင်း စတင် လေ့လာဆင်ခြင်သည်။ အတန်ကြာလျှင် သူက ရုပ်တု၏ မီးဓာတ်အသိကို ပြန်လည်၍ တိုက်ခိုက်ရန် စတင်ကြိုးစားသည်။ သူက ခုခံမည့်အစား ပြန်လည် တိုက်ခိုက်လိုက်သည်။

ရုပ်တုထံမှ မီးလျှံစီးကြောင်း တစ်ခုက  ရီဖူရှင်းထံ စီးဆင်းလာသည်။ ထိုအရာများက မဆုံးနိုင်သော မီးလျှံတိုက်ခိုက်မှုများအဖြစ် ပြောင်းလဲသွားကာ သူ့အား ဝါးမျိုရန် ကြိုးစားကြပြန်သည်။ လူအများက သူ့အား ထိတ်လန့်စွာ ကြည့်ကြသည်။

သူက မည်သို့ လုပ်လိုက်သနည်း။ သူက မည်သည့်အဆင့်သို့ ရောက်ရှိသွားသနည်း။

ရုပ်တုနှင့်သူ၏ စိတ်ဝိညာဉ်ကိုယ်ပွားက တဖြည်းဖြည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်လာနေသည်။ မီးဓာတ်အထူးပြုသော ထိပ်သီးပါရမီရှင်များသာလျှင် မီးဓာတ်ရုပ်တုထဲတွင် လေ့လာ ဆင်ခြင်နိုင်စွမ်း ရှိကြသည်။ သို့သော်လည်း ရီဖူရှင်း၏ ကိုယ်ရောင်ကိုယ်ဝါကား ဓမ္မအဆင့်နှစ်မျှသာ ရှိသည်မှာ ထင်ရှားသည်။ သူကား ဓမ္မအဆင့်သုံးကိုပင်လျှင် မရောက်သေးပေ။

ထိုအခိုက်တွင် ရီဖူရှင်းကို ရစ်ပတ်လောင်ကျွမ်းနေသော မီးလျှံစီးကြောင်းက ပြန်လှည့်ကာ ရုပ်တုထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

“သူ ကျရှုံးသွားတာလား…” လူတိုင်းက ရီဖူရှင်းကို ကြည့်ကြသည်။ ဓမ္မအဆင့်နှစ် တန်ခိုးရှင်တစ်ယောက် အနေဖြင့် ထိုရုပ်တုများကို လေ့လာဆင်ခြင်ရန် မစွမ်းနိုင်သည်မှာ ဖြစ်သင့်ပေသည်။

ထိုအခိုက်တွင် ရီဖူရှင်းက သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါက ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားကာ တောက်ပသော အပြုံးတစ်ခုက သူ၏ မျက်နှာတွင် ပေါ်လာသည်။ ထိုအရာက သူက ခန့်မှန်းထားသလိုပင်။

“သူ ဒဏ်ရာ မရဘူး…” လူအများက ရီဖူရှင်းကို ကြည့်ကာ ထိတ်လန့် သွားကြသည်။ ထိုမျှ တန်ခိုးအဆင့်နိမ့်သော သူက မီးဓာတ်ရုပ်တုထဲတွင် ကြာမြင့်စွာ လေ့လာဆင်ခြင်ပြီး ဒဏ်ရာမရခဲ့ပေ။ ရီဖူရှင်း၏ ပါရမီက အလွန်ထူးခြား ကောင်းမွန် ရပေမည်။

လျိုချန်းယွီက သူ့အား တစ်ချိန်လုံး အကဲခတ်နေခြင်း ဖြစ်သည်။ ရီဖူရှင်းက မျက်လုံးများကို ဖွင့်လိုက်သည်ကို မြင်လျှင် သူမက ရီဝူချင်းကို ပြောသည်… “သူက တကယ်ပဲ ထူးခြား ထက်မြက်တယ်… ကြည့်ရတာ သူ့မှာ နိုဘယ်အသိ ရှိနေပြီးပြီ… ပြီးတော့ ဒါက အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားပဲ…”

မဟုတ်လျှင် သူက ဤကဲ့သို့ ထိန်းချုပ်နိုင်မည် မဟုတ်ပေ။ သို့တိုင်အောင် ရီဖူရှင်းက ရုပ်တုနှင့် တစ်သားတည်း ဖြစ်အောင် မလုပ်နိုင်ခဲ့ပေ။ သူက ဓမ္မအဆင့်ကိုးကို ရောက်သောအခါ လုပ်နိုင်ကောင်း လုပ်နိုင်ပေမည်။

“ယူချင်း…” ရီဖူရှင်းက ခေါ်လိုက်သည်။ ထို့နောက် သူက လျိုချန်းယွီ၏ ဘေးမှ ရီဝူချင်းကို ခေါ်လိုက်သည်… “သခင်လေး…”

ရီဝူချင်းက သက်သောင့်သက်သာ မခံစားရပေ။ လျိုချန်းယွီက အမှန်ကို သိထားပြီး ဖြစ်သော်လည်း ရီဖူရှင်းက သူ့အား သခင်လေးဟု ခေါ်နေဆဲပင်။

“ဆက်ပါဦး…” လျိုချန်းယွီက ပြုံးလျက် ရီဖူရှင်းကို ကြည့်သည်။ သူက ဤသို့ ဆက်၍ မည်မျှ ကြာအောင် ဟန်ဆောင် နေမည်ကို သူမ သိလိုသည်။

လျိုချန်းယွီ၏ အပြုံးကို မြင်လျှင် တစ်စုံတစ်ခု မှားနေသည်ကို ရီဖူရှင်း သိလိုက်သည်။ ထိုအမူအရာက ဘာကို ဆိုလိုသနည်း။ သို့သော်လည်း ရီဖူရှင်းနှင့် ယူချင်းတို့က သူ၏ ဘေးကို ရောက်လာသည်။

“ရုပ်တုက ထူးဆန်းတယ်… သခင်လေးတို့က သွားပြီးတော့ စမ်းသပ်ကြည့်သင့်တယ်…” ရီဖူရှင်းက သူတို့ကို ပြောသည်။

ယူချင်းနှင့် ရီဝူချင်းတို့က ခေါင်းညိတ်သည်။ ရီဖူရှင်းက ထိုသို့ပြောမှတော့ သူက တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိဟန် တူသည်။

သူတို့နှစ်ယောက်က ထိုနေရာသို့ လျှောက်သွားလိုက်ကြကာ ရုပ်တုများရှေ့တွင် ထိုင်လျက် ရုပ်တုများထဲမှ နိုဘယ်အသိများကို လေ့လာ ဆင်ခြင်ကြသည်။ ရီဖူရှင်းကလည်း လျှောက်သွားလိုက်သည်။ သူက ဤတစ်ကြိမ်တွင် မီးရုပ်တုအစား သူက နောက်စွမ်းအားမြင့်သော ရုပ်တုတစ်ခုထံသို့ လျှောက်သွားလိုက်သည်။ သူက ထိုင်လျက် ထိုရုပ်တုကို လေ့လာ ဆင်ခြင်သည်။ လို့လန်ရွှီကလည်း ရေခဲဓာတ်ရုပ်တုရှေ့တွင် ထိုင်ကာ လေ့ကျင့်သည်။ လင်းယွီယိုကလည်း ကြိုးစားကြည့်သည်။ သို့သော် သူမက ရုပ်တုထံမှ နိုဘယ်အားလှိုင်းကို ခုခံနိုင်ခြင်း မရှိရာ စိတ်အသိအား ဝါးမျိုခံရလုနီးပါးပင်။ ကံကောင်းစွာပင် သူမက ချက်ချင်း နောက်ဆုတ်နိုင်ခဲ့သည်။

“သခင်မလေးကို ကြည့်ရတာ သူတို့ကို စိတ်ဝင်စားနေသလိုပဲ…” လျိုချန်းယွီ၏ အစေခံက စိတ်ဝင်စားစွာ မေးသည်။ မင်းသမီးကား ယောက်ျားများနှင့် နီးနီးကပ်ကပ် တစ်ခါမှ မနေဖူးပေ။

“နှစ်ဝက်လောက် အကြာက နယ်မြေတစ်ရာက တစ်ယောက်က နိုဘယ်ကံစွမ်းအားကို ရရှိခဲ့ပြီး တော်ဝင်ချန်ကျောင်းတော်က သူ့ကို လက်ခံခဲ့တယ်… နောက်ပိုင်းမှာ နယ်မြေတစ်ရာဒေသက လူတွေက ရှေးဟောင်းမြေရိုင်းကို လူတွေ အဆက်မပြတ် ရောက်ရှိလာခဲ့ကြတယ်… သူတို့တွေထဲမှ ထူးခြားထက်မြက်တဲ့ ပါရမီရှင်တွေ အများကြီးရှိပြီး အင်အားကြီး အဖွဲ့အစည်းတွေက သတိမထားမိ ကြသေးဘူး….”

“သူတို့က အဲဒီနေရာကလို့ သခင်မလေး ယူဆတာပေါ့…”

လျိုချန်းယွီက မည်သို့မှ ပြန်မပြောပေ။ ရီဖူရှင်းက ရီဝူချင်း ပြောသလောက် မထက်မြက်နိုင်ဟု သူမ တွေးထင်သော်လည်း ရီဖူရှင်း၏ ပါရမီက အင်အားကြီး အဖွဲ့အစည်းများ၏ ထပ်သီးပါရမီရှင်များနှင့် နှိုင်းယှဉ်နိုင်ကြောင်း သူမ ခံစားမိသည်။ အကယ်၍ သူတို့ကသာ အမှန်တကယ် နယ်မြေတစ်ရာဒေသမှ လာခဲ့လျှင် ထိုအဖြစ်က အံ့ဖွယ်ဟု ပြောရပေမည်။

ထိုအခိုက်တွင် လူအများအပြားက လှေကားထစ် ရှိရာဘက်ကို ကြည့်လိုက်ကြသည်။ လူတစ်စု ရောက်ရှိလာသည်။ ခေါင်းဆောင်ကား အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမကား အလွန် လှပချောမောသည်။ သူမ၏ ခြေလှမ်းများက သိပ်မွေ့ကာ သူမ၏ ခန္ဓာကိုယ်ကလည်း အလွန်လှပ ပြည့်စုံလွန်းရကား နတ်သမီးအလား ထင်ရသည်။ သူမ၏ နောက်တွင် လူအများအပြား လိုက်ပါလာကြသည်။

သူမ၏ ရုပ်ရည်ကို မြင်လျှင် တစ်ယောက်က  မှတ်ချက်ချသည်… “အဲဒါ မှော်ကလန်က ဂူဘိုင်ယွီပဲ….”

“အဲဒါသူမပဲ…” ထိုစကားလုံး “မှော်ကလန်”ကို ကြားလျှင် လူအများအပြားက လှမ်းကြည့်ကြသည်။ သူတို့အားလုံးက အသစ်ရောက်လာသူများကို ကြည့်ကာ အံ့အားသင့်ရသည်။ သူမထံမှ ဆွဲငင်အားလှိုင်း တစ်ခုက ပတ်ဝန်းကျင်အား သက်ရောက်နေကာ လူတိုင်းကို ညှို့ငင်နေသည်ဟု သူတို့က ခံစားကြရသည်။

သူမကား မှော်တောင်ကုန်းမှ ဂူဘိုင်ယွီဖြစ်သည်။ ချန်းယွီနှင့် ဘိုင်ယွီ နာမည်နှစ်ခုလုံးက လှပမှုကို တင်စားသော ကဗျာများမှ လာသော စကားလုံးများ ဖြစ်ကာ သူမ၏ အလှကလည်း လျိုချန်းယွီနှင့် နှိုင်းယှဉ်နိုင်ပေသည်။ သူတို့ နှစ်ယောက်လုံးက အလွန် လှပချောမွေ့ကြသည်။

လူအများအပြားကို အသက်ရှူ မှားစေလောက်အောင်ပင် ဂူဘိုင်ယွီက ပြုံးလိုက်သည်။ သူမက လျိုချန်းယွီထံသို့ လျှောက်လာကာ ပြောသည်… “ငါကြားတာကတော့ နင့်ရဲ့ လက်အောက်ငယ်သား တစ်ယောက်က လီတောင်ယွန်ရဲ့ ညီကို ဒဏ်ရာ ရစေတယ်တဲ့…”

လျိုချန်းယွီ၏ မျက်လုံးများ အရောင်လက် သွားသည်။ ထိုသတင်းက ပျံ့နှံ့သည်မှာ လျင်မြန်လွန်းလှသည်။ ကောက်ချက်ချရလျှင် ဖူယွန်ဓားကလန်ကလည်း မကြာမီ ရောက်လာတော့မည်ဟု ယူဆရသည်။

“ဒါက နင်နဲ့ ဘာဆိုင်လို့လဲ…”

“ငါက လီတောင်ယွန်ကို သနားမိရုံပဲ ရှိတာ… သူက နင့်ကို ဒီလောက်ကြာအောင် ပိုးပန်းလာတာ… အခု ဒီလို ရက်စက်တဲ့နည်းနဲ့ အငြင်းခံရတယ်…” သူမက ပြုံးလျက် ပြောသည်။

“ဆိုလိုတာက ကျုပ်က အခွင့်အရေး များတယ်လို့ ပြောချင်တာလား…” နောက်တစ်ယောက်က လှမ်းပြောသည်။ လှေကားထစ်ကို ဖြတ်ကျော်လျက် နောက်တစ်ဖွဲ့ ရောက်လာသည်။ ရှေ့ဆုံးမှ လူငယ်ကား ရွှေရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ၏ ဟန်ပန်က သိမ်မွေ့ကာ လူကြီးလူကောင်း ဆန်သည်။

သူတို့ကား ကျိမိသားစုမှ ဖြစ်သည်။ ကျိမိသားစုကား အထက်တန်းလွှာ မိသားစုဖြစ်ပြီး အရှေ့မြေရိုင်းဒေသတွင် မျိုးရိုးစဉ်ဆက် အင်အား ကြီးမားကြသည်။ သူတို့က မိသားစုတစ်ခုမျှသာ မဟုတ်တော့ပေ။ တခြား ကလန်များစွာကိုလည်း လက်အောက်ခံများအဖြစ် ထိန်းချုပ်သည်။ သူတို့က အရှေ့မြေရိုင်းဒေသ၏ နယ်မြေတချို့ကိုလည်း ထိန်းချုပ်သည်။

“ကျိစီမို… နင်က အခု မင်းသမီးကို ပိုးပန်းနေတာလား…” ဂူဘိုင်ယွီက ကျီစယ်လိုက်သည်။

“တကယ်လို့ ကျုပ်က မင်းတို့ နှစ်ယောက်လုံးကို လက်ထပ်နိုင်ရင် တကယ်ကို ပြည့်စုံသွားပြီ…” ကျိစီမိုက မိန်းမလှလေး နှစ်ယောက်ကို ပြုံးလျက် ပြောသည်။

“နင် ရနိုင်မယ်လို့ ငါမထင်ဘူး…” ဂူဘိုင်ယွီ၏ လှပသော မျက်ဝန်းများက အနည်းငယ် ဝိုင်းစက်သွားကာ ဆွဲဆောင်မှုရှိသော အသံဖြင့် ပြောသည်။

“ကျုပ်က ကြိုးစားကြည့်မှ သိမှာ…” ကျိစီမိုက ရယ်မောလျက် ပြောသည်။

“နာမည်ကြီးတွေ ရောက်လာပြီ…” ဂူဘိုင်ယွီက နောက်ထပ် ရောက်လာသော လူများကို ကြည့်ကာ ပြောသည်။

ထိုလူများကား နောက်ကျောတွင် ဓားများ စလွယ်သိုင်းထားကြသည်။ သူတို့ကား ဖူယွန်ဓားကလန်မှ ဖြစ်ကြ၏။ လီတောင်ချန်းလည်း ထိုလူများဖြင့် လိုက်ပါလာသည်။

***

Comment

Leave a Reply

Options

not work with dark mode
Reset