” အပြောကောင်းလိုက်တဲ့ ကောင်လေး။ သူတော်စင်ကြီး နင့်ကို သဘောကျတာ မထူးဆန်းပါဘူး။ နင် မသိလည်း ကိစ္စတော့မရှိပါဘူး။ သူတော်စင်ကြီး သိရင်သိမှာပေါ့ ” ကျိယွဲ့မှာ သူမ၏အပြုံးအား လက်ဖြင့်ကွယ်လိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့အား ဖမ်းဆီးရန် ပြင်လိုက်သည်။
ထိုအချိန်တွင် သောကြာဂြိုဟ် ပေါက်ကွဲမှုမှ ထွက်ပေါ်လာသော ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အားအပြင်းဆုံး အနေအထားသို့ ရောက်ရှိသွား၏။ ထို့ကြောင့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး သောကြာဂြိုဟ်ကြီးမှာ… ပေါက်ကွဲသွားတော့သည်။
ထိုပေါက်ကွဲအားမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ ၎င်းမှာ သောကြာဂြိုဟ်၏ အတွင်းပိုင်းထဲမှ ထိုးထွက်လာပြီး တစ်ဂြိုဟ်လုံးသို့ ပျံ့နှံ့သွား၏။ ထို့နောက် သောကြာဂြိုဟ်၏ အမြုတေထဲမှ စူးရှတောက်ပသော အလင်းတန်းများ ထိုးထွက်လာကြသဖြင့် ၎င်းမှာ ဆန်ခါကြီးတစ်ခုကဲ့သို့ ဖြစ်သွားတော့သည်။
ထို အလင်းတန်းများနှင့်အတူ ကြောက်မက်ဖွယ်ရာ ဝိညာဉ်စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာ၏။ ၎င်းတို့မှာ အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားကြသဖြင့် ၎င်းတို့၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ ခြောက်သွေ့ရှုံ့တွသွားရသည်။ နောက်ဆုံးတွင် ၎င်းတို့မှာ တစ်စစီ ကြေမွပျက်စီးသွားပြီး ပြာပုံဘဝသို့ ရောက်သွားတော့သည်။
အဆောက်အဦများ၊ တောင်တန်းများ အပါအဝင် ရှိသမျှ အရာအားလုံး ပျက်စီးသွားကြပြီဖြစ်သည်။ ကံကောင်းစွာဖြင့် သွမ့်မုချွယ်၊ ဖုန့်ချိုးရန်နှင့် အခြားသူများမှာ ဂြိုဟ်ကြီး ပေါက်ကွဲမသွားခင် တည်နေရာ ပြောင်းရွှေ့သွားကြ၏။ ထို့ကြောင့် ဂြိုဟ်ကြီး ပေါက်ကွဲသွားချိန်တွင် မည်သည့် ပြည်ထောင်စုကျင့်ကြံသူမှ ကျန်ရစ်ခဲ့ခြင်းမရှိပေ။ တာအိုနန်းတော် ဂိုဏ်းသားများသာလျှင် ကျန်ရစ်ခဲ့ကြ၏။
တာအိုနန်းတော် ကျင့်ကြံသူများမှာ အသက်အန္တရာယ်ကြီးနှင့် ကြုံတွေ့နေရပြီဖြစ်သည်။ သူတို့မှာ ထိုဂြိုဟ်ပေါ်မှ ထွက်ခွာနိုင်စွမ်းမရှိသလို အခြားမည်သည့်နေရာကိုမှလည်း ထွက်ပြေးနိုင်စွမ်းမရှိပေ။ သို့ဖြစ်ရာ သူတို့မှာ မည်မျှပင် ကြိုးစားရုန်းကန်၍ ပြေးလွှားနေစေကာမူ အသက်ဘေးမှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။
သူတို့ထဲမှအများစုမှာ ပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ဝိညာဉ်စွမ်းအင်လှိုင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသောအခါ သူတို့၏ တဆတ်ဆတ် တုန်ရီနေသော ခန္ဓာကိုယ်များမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားကြတော့သည်။ ဂြိုဟ်ကြီးတစ်ခုလုံး ပေါက်ကွဲသွားသောကြောင့် ယာယီ အာကာသတွင်းနက်ကြီးတစ်ခု ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွာပြီး ၎င်းမှာ ၎င်း၏ ဘေးနားတစ်ဝိုက်ရှိ အားလုံးကို ဝါးမျိုပစ်နေတော့သည်။
စစ်မြေပြင်ကြီးထဲတွင် ရှိနေကြသည့် လူတိုင်းနှင့် အရာအားလုံး ဝါးမျိုခံလိုက်ရပြီ ဖြစ်ပါသော်လည်း ကျိယွဲ့မှာမူ သောကြာဂြိုဟ် ပေါက်ကွဲသွားသည်ကို အနည်းငယ်လေးပင် ဂရုစိုက်နေခြင်းမရှိပေ။ စကြဝဠာကြီးထဲ၌ ပေါက်ကွဲသံများ ပဲ့တင်ထပ်နေသည့် တိုင်အောင် သူမသည် သူမ၏လက်ကြီးကို ဆန့်ထုတ်ကာ ဝမ်ပေါင်လဲ့အား ဖမ်းဆီးနိုင်ရန် ကြံရွယ်နေဆဲပင်။
ဝမ်ပေါင်လဲ့မှာမူ ဦးရေခွံများ ထုံကျဉ်နေရပြီဖြစ်သည်။ သူသည် ချက်ချင်း တည်နေရာပြောင်းရွှေ့ရန် မကြိုးစားမိခဲ့သည်ကို နောင်တများရနေတော့သည်။
” ငါက အရူးပဲ။ ချက်ချင်း ထွက်သွားခဲ့ရမှာကိုကွာ။ ဒါက သူတို့နှစ်ယောက်ရဲ့ကြားက ကိစ္စလေ။ ဘာလို့ ငါက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို စပ်စုနေခဲ့ရတာလဲ ” ဝမ်ပေါင်လဲ့မှာ ထိတ်ထိတ်ပျာပျာနှင့် အသံကုန်အော်ဟစ်လိုက်၏။
” ကျိယွဲ့။ နင် ငါ့ကို ပြဿနာရှာရဲတယ်ပေါ့။ ငါ့ရဲ့ ဂိုဏ်းတူအစ်ကိုက အဆုံးမဲ့မျိုးနွယ်စုရဲ့ ပထမအဆင့် နတ်ဘုရင်ကြီးနော်။ အစ်ကိုကြီးရေ။ ကျွန်တော့်ကို မြန်မြန်လေး လာကယ်ပါဦးဗျာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် စိတ်ထဲ၌ တာအိုဂါထာတော်အား ရွတ်ဖတ်လိုက်၏။ ထိုအခါ ထို လျှို့ဝှက်ဆန်းကြယ် အငွေ့အသက်ကြီးမှာ မိုးကောင်းကင်ပေါ်မှ ကျဆင်းလာပြီး အရာအားလုံးကို နောက်ထပ်တစ်ကြိမ် ထပ်၍ လွှမ်းခြုံသွားတော့သည်။ ကျိယွဲ့မှာမူ မပွင့်တပွင့် ပြုံးလိုက်၏။
” အစွမ်းထက်တဲ့ပုံပါပဲ။ ဒါပေမဲ့ စိတ်မကောင်းစရာက နင်က အဲဒီအကွက်ကို ငါ့ရဲ့ ရုပ်သေးရုပ်နဲ့တုန်းက ထုတ်သုံးခဲ့ပြီးသားလေ ” ကျိယွဲ့၏ မျက်ဝန်းများထဲတွင် ကျောချမ်းဖွယ်ရာ အလင်းရောင်တစ်မျိုး တောက်ပသွား၏။ သူမ၏ လက်ကြီးမှာမူ ဝမ်ပေါင်လဲ့၏ ရှေ့သို့ ရောက်ရှိလာပြီး သူ၏လည်ပင်းအား လှမ်းညှစ်ရန် ပြင်နေပြီ ဖြစ်သည်။
သူမ ဝမ်ပေါင်လဲ့၏ လည်ပင်းအား လှမ်းညှစ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ ကိုယ်ထဲမှ ပုံရိပ်ယောင် မှုန်ဝါးဝါး လက်ကြီးတစ်ဖက် ဆန့်ထွက်လာပြီး ကျိယွဲ့၏ လက်ဖဝါးကြီးအား ချက်ချင်း ဝင်တိုက်သွားလိုက်၏။
၎င်းမှာ မမလေး ဖြစ်ပေသည်။
ထိုအခါ ပေါက်ကွဲသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် လေပြင်းတစ်ချက် စတင်တိုက်ခတ်လာပြီး ဝမ်ပေါင်လဲ့မှာ စိတ်ကူးများနှင့် မှန်းဆ၍ မရနိုင်သော စွမ်းအားတစ်မျိုးသူ့အား လွှမ်းခြုံသွားသည်ကို ခံစားလိုက်ရတော့သည်။ အကယ်၍ သူသာ မီးတောက်တစ်ခု ဖြစ်နေမည်ဆိုပါက ထိုလေပြင်းကြီးကြောင့် ငြိမ်းသွားလောက်ပြီ ဖြစ်သည်။
ထို မှုန်ဝါးဝါး လက်ကြီးထဲမှ ဖျော့တော့တော့ အလင်းတန်းတစ်ခု ပေါ်ပေါက်လာပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ထိုးထွက်လာ၏။ ထို့နောက် ၎င်းမှာ အကာအရံတစ်ခုအဖြစ် ပြောင်းလဲသွားကာ တိုက်ကွက်ကြီးအား ခုခံကာကွယ်ပေးလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ အသက်ဘေးမှ လွတ်မြောက်သွားရတော့သည်။ သို့သော် တန်ပြန်အားများ ကျန်ရစ်နေခဲ့ဆဲ ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ကြေမွပျက်စီးသွားရ၏။ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ပင်လျှင် ခြောက်သွေ့ရှုံ့တွသွားရပြီး ပျက်စီးလုနီးပါး ဖြစ်သွားရသည်။ ထို့ကြောင့် သူ၏ ပါးစပ်ထဲမှ သွေးများစီးကျလာသည့်အပြင် သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နေရာအနှံ့အပြားမှလည်း သွေးများ ပန်းထွက်လာကြ၏။
ထို့နောက် သူသည် ကြိုးပြတ်သွားသည့် စွန်တစ်ခုကဲ့သို့ နောက်သို့လွင့်ထွက်သွား၏။ သူသည် လမ်းတစ်လျှောက်ရှိ အဆောက်အဦများစွာကို ဝင်တိုက်မိသွားကြသဖြင့် ၎င်းတို့မှာ ပြိုလဲပျက်စီးသွားရသည်။ နောက်ဆုံးတွင် သူသည် လမင်းခံတပ်ကြီးအား ဝင်တိုက်သွားတော့သည်။
” မြန်မြန်လေးဟေ့။ ပြေးတော့ ” မမလေးမှာ အားအင်ချည့်နဲ့နေသည့် လေသံဖြင့် သူ့အား ကြောက်လန့်တကြား သတိပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ ဒဏ်ရာအပြင်းအထန် ရသွားသောကြောင့် သတိလစ်မသွားစေရန် သူ၏လျှာကို အားပါပါ ကိုက်ထားလိုက်ရသည်။ ထို့နောက် သူသည် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးဆီမှ ထွက်ပေါ်လာသည့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအင်များကို သူ၏ ခန္ဓာကိုယ်ပေါ်သို့ လွှမ်းခြုံသွားစေလိုက်တော့သည်။ ထိုအခါ လမင်းကြီးတစ်စင်းလုံးနှင့် သူ၏ခန္ဓာကိုယ်မှာ မှုန်ဝါးဝါး ဖြစ်လာ၏။ သို့သော် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ ထွက်ပေါ်လာချိန်တွင် ကျိယွဲ့မှာ မျက်ဝန်းများ အရောင်လက်သွားသည်။ ထို့နောက် သူမသည် လမင်းကြီးနှင့် ဝမ်ပေါင်လဲ့တို့ ပျောက်ကွယ်သွားခါနီး ဆဲဆဲတွင် ရှေ့သို့ လှမ်းလာတော့သည်။
ခဏအကြာတွင် သူမသည် တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များကို ကျော်ဖြတ်လာပြီး ဝမ်ပေါင်လဲ့၏ရှေ့တွင် ပေါ်ပေါက်လာ၏။ ထို့နောက် ကျိယွဲ့မှာ အံ့ဩမှင်တက်နေသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ယုတ်မာရက်စက်စွာ ပြုံးလိုက်တော့သည်။ နောက်ဆုံးတွင် သူမသည် ဝမ်ပေါင်လဲ့၏ နဖူးအား လက်ညှိုးဖြင့် လှမ်းတို့ရန် ပြင်လိုက်၏။
” ကောင်လေး။ နင့်ရဲ့ ဂိုဏ်းတူအစ်ကိုကို နင့်ကိုလာကယ်ဖို့ ခေါ်လိုက်ဦးလေ ”
သူမ၏ လက်ညှိုး ဝမ်ပေါင်လဲ့၏ နဖူးပေါ်သို့ ရောက်လာချိန်တွင် ဝမ်ပေါင်လဲ့မှာ အရိုးများအားလုံး တစ်စစီကြေမွသွားပြီး ဇီဝိန်ချုပ်သွားရတော့မည့်ပုံပင်။ ထို့နောက် တည်နေရာပြောင်းရွှေ့ခြင်း လုပ်ငန်းစဉ်ကြီးမှာလည်း ကျရှုံးသွားပြီး မမလေး၊ လမင်းခံတပ်ကြီးနှင့် ညနတ်ဆိုးဧကရာဇ်ကြီးတို့မှာလည်း ထိုနေရာတွင် ပိတ်မိနေကြတော့မည် ဖြစ်သည်။
ကျိယွဲ့၏ လက်ညှိုးမှာ ဝမ်ပေါင်လဲ့၏ နဖူးအား ထိသွားချိန်တွင် ချက်ချင်းဆိုသလိုပင် အရည်ပျော်ကျသွား၏။ ထို့ကြောင့် သူမ၏ လက်ညှိုးမှာ ဆီးနှင်းများ ဖြစ်နေပြီး ဝမ်ပေါင်လဲ့မှာ ချစ်ချစ်တောက် ပူပြင်းနေသည့် သတ္တုတုံးကြီးတစ်တုံး ဖြစ်နေသကဲ့သို့ပင်။
သူမ၏ လက်ညှိုးမှာ အရည်ပျော်ကျသွားပြီးနောက် အလင်းရောင် အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွား၏။ ထို့နောက် ၎င်းတို့မှာ အာဟာဓာတ်များကဲ့သို့ သူ၏ခန္ဓာကိုယ်အား အားဖြည့်ပေးနေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ ဒဏ်ရာများမှာ ချက်ချင်းပြန်၍ သက်သာသွားပြီး သူ၏ ကျင့်ကြံခြင်း စွမ်းအားများမှာလည်း သိသိသာသာ တိုးတက်သွား၏။
ထိုအရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။ ထို့ကြောင့် ကျိယွဲ့ပင်လျှင် တစ်ခဏမျှ ဆွံ့အမှင်တက်သွားရ၏။ သူမသည် ကြယ်သန္ဓေတာအိုအား ရရှိခဲ့သည့် အချိန်ကတည်းက ယခုကဲ့သို့သော ဖြစ်ရပ်မျိုးနှင့် မကြုံခဲ့ဖူးသောကြောင့် မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရသည်။ ထို့နောက် သူမသည် နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားလိုက်ပြီး သူမ၏ လျှို့ဝှက်ဆန်းကြယ်ပညာရပ်အား ချက်ချင်းထုတ်သုံးကာ သူမနှင့် အရည်ပျော်ကျသွားနေသည့် လက်ညိုး၏ ကြားရှိ အဆက်အသွယ်များအားလုံးကို ဖြတ်တောက်ပစ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာလည်း သူမနည်းတူ အံ့ဩမှင်တက်နေရပါသော်လည်း အပျော်လွန်နေရန် အချိန်မရှိလိုက်ပေ။ သူ၏ ခန္ဓာကိုယ်မှာ လမင်းခံတပ်ကြီးနှင့်အတူ တည်နေရာပြောင်းရွှေ့ခြင်း မန္တန်ကြီးထဲတွင် မှုန်ဝါးဝါး ဖြစ်သွားပြီးနောက် လုံးဝပျောက်ကွယ်သွားတော့သည်။
ထိုအချိန်တွင် သောကြာဂြိုဟ်၏ ပေါက်ကွဲမှုပြင်းအားများမှာ အမြင့်ဆုံးအနေအထားသို့ ရောက်ရှိသွားပြီး အဖျက်စွမ်းအင်လှိုင်းများမှာလည်း ကျိယွဲ့ ရှိနေသည့်နေရာအထိ ပျံ့နှံ့လာ၏။ ထိုဂြိုဟ်ကြီးတစ်ခုလုံးမှာ အာကာသ တွင်းနက်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားနေပြီဖြစ်ရာ သူမ၏ ဘေးပတ်ပတ်လည်တွင် ရှိနေကြသည့် တာအိုနန်းတော်ကျင့်ကြံသူများမှာ အပြင်းအထန် ဒဏ်ရာရကာ အချို့မှာ သေဆုံးသွားကြပြီဖြစ်သည်။ သူတို့၏ သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာမူ ဂြိုဟ်ကြီး၏ ပေါက်ကွဲသံများ၏ အောက်တွင် တိမ်မြုပ်သွားရ၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေရပြီဖြစ်သည်။ သူ၏ ကြိုးစားအားထုတ်မှုများ အားလုံးမှာ သဲထဲရေသွန် ဖြစ်သွားရပြီမဟုတ်ပါလော။ ထို့ကြောင့် သူသည် စိုးရိမ်သောက ရောက်နေရပါသော်လည်း စကားတစ်ခွန်းမှ မပြောနိုင်ဘဲ ဖြစ်နေရ၏။ သူ၏ရှေ့တွင်ရှိနေသော အမျိုးသမီးမှာ သူ၏နှလုံးသားထဲသို့ ကြောက်စိတ်များ ရိုက်သွင်းထားသကဲ့သို့ပင်။
” အသုံးမကျလိုက်တာ ” ကျိယွဲ့မှာ သုန်မှုန်နေသည့် မျက်နှာအမူအရာဖြင့် တာအိုဘုန်းတော်ကြီးယိုရန်အား မျက်စောင်းထိုးကြည့်လိုက်ပြီးနောက် မျက်မှောင်ကြုတ်ကာ သောကြာဂြိုဟ်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူမသည် သူမ၏ ညာဘက်လက်ကို မြှောက်လိုက်ပြီး ဂြိုဟ်ကြီးဆီမှ သူမဆီသို့ ပျံ့လွင့်လာနေသည့် အဖျက်စွမ်းအင်လှိုင်းများဆီသို့ ဆန့်ထုတ်လိုက်တော့သည်။
ထိုအခါ ထို လှိုင်းလုံးကြီးများမှာ တစ်ခဏမျှ ရပ်တန့်သွား၏။ ထို့ကြောင့် ထို အမျိုးသမီး၏ ရှေ့တွင် မျက်လုံးဖြင့်မမြင်နိုင်သော နံရံကြီးတစ်ခု ပေါ်ပေါက်လာသည့်ပုံပင်။ ဂြိုဟ်ကြီးတစ်လုံး ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပြင်းအားများပင်လျှင် ထိုနံရံကြီးအား ထိုးဖောက်နိုင်မည် မဟုတ်ပေ။
ကျိယွဲ့မှာ သူမ၏လက်ဖြင့် ဟင်းလင်းပြင်းကြီးထဲမှ အိတ်တစ်လုံးအား ဆွဲထုတ်လိုက်၏။ ၎င်းမှာ အနက်ရောင်ပိတ်စဖြင့် ရက်လုပ်ထားသည့် အိတ်တစ်လုံးဖြစ်ပြီး ၎င်း၏ မျက်နှာပြင်ပေါ်တွင် ထူးဆန်းသော အပြောက်အမွမ်းတစ်ခုကို ပန်းထိုးထား၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုအိတ်လေးအား မြင်လိုက်ရသောအခါ ကြောက်ရွံ့တုန်လှုပ်သွားသည်။ ထို အိတ်လေးထဲမှ ထွက်ပေါ်နေသည့် စွမ်းအားများမှာ သူ၏ရှေ့တွင်ရှိနေသော အမျိုးသမီးထက်ပင် ပို၍ကြောက်စရာကောင်းနေသည်ကို သူက အာရုံခံမိနေ၏။
သူသည် ထိုအိတ်ထဲရှိ အရာအား ခန့်မှန်းချိန်ပင် မရလိုက်ပေ။ ကျိယွဲ့မှာ သတိကြီးကြီးထားကာ ၎င်းအား ဆွဲဖွင့်လိုက်၏။ ထိုအခါ အနက်ရောင် သစ်စေ့ခုနစ်စေ့မှာ ထိုအိတ်ထဲမှ ပျံထွက်လာသည်။ ကျိယွဲ့မှာ မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် ထို သစ်စေ့များအား ပေါက်ကွဲနေသည့် သောကြာဂြိုဟ်ဆီသို့ စေလွှတ်လိုက်တော့သည်။
၎င်းတို့မှာ သောကြာဂြိုဟ်ထဲသို့ ချက်ချင်းဝင်ရောက်သွားကြ၏။ ထိုဂြိုဟ်ကြီးဆီမှ ထွက်ပေါ်နေသည့် အဖျက်စွမ်းအင်များမှာ ထိုသစ်စေ့များအပေါ် အကျိုးသက်ရောက်မှု မရှိသည့်ပုံပင်။ ထို့အပြင် ၎င်းတို့မှာ ထိုစွမ်းအင်များကိုပင် စုပ်ယူလိုက်ပြီး ရွှေရောင်အလင်းရောင်များ ထုတ်လွှတ်လိုက်သေးသည်။ ထိုသစ်စေ့များမှာ သောကြာဂြိုဟ်ထဲသို့ ဝင်ရောက်သွားပြီးနောက် စတင်ကြီးထွားလာကြသဖြင့် နွယ်ပင်များ ထိုးထွက်လာကြပြီး ဂြိုဟ်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားကြ၏။ ထို့အပြင် ၎င်းတို့မှာ ပေါက်ကွဲမှုစွမ်းအင်များကို အဆက်မပြတ် စုပ်ယူနေပြီး ထိုစွမ်းအင်များအား အာဟာရဓာတ်များအဖြစ်သို့ ပြောင်းလဲနေကြသေးသည်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုမြင်ကွင်းအားစိုက်ကြည့်ရင်း ဦးရေခွံများ ထုံကျဥ်လာရ၏။ နွယ်ပင်များမှာ တဖြည်းဖြည်းနှင့် ပို၍ များပြားလာနေပြီဖြစ်သည်။ ခဏအကြာတွင် ဂြိုဟ်ကြီးတစ်ခုလုံးမှာ နွယ်ပင်ပိတ်ပေါင်းများ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် ၎င်း၏ ပုံပန်းသွင်ပြင်မှာ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။ ထို့နောက် ပေါက်ကွဲမှုစွမ်းအားများမှာလည်း အပြင်ဘက်သို့ ပျံ့နှံ့သွားနိုင်စွမ်း မရှိတော့ဘဲ အတွင်းထဲ၌ ပိတ်လှောင်ခံထားလိုက်ရတော့သည်။
ထိုအချိန်တွင် နွယ်ပင်များပေါ်၌ ဘုလုံးများ ပေါ်ပေါက်လာကြ၏။ ၎င်းတို့မှာ အတူတကွ စုစည်းသွားကြပြီးနောက် နောက်ဆုံးတွင် နွယ်ပင်များ၏ အပေါ်ယံ မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားတော့သည်။ ခဏအကြာတွင် ထိုဘုလုံးများမှာ တွန့်လိမ်ပုံပျက်လာကြပြီးနောက် အများစုမှာ ပေါက်ကွဲသွားကြ၏။ ထို့နောက် ထိုဘုလုံးများထဲမှ အဆုံးမဲ့မျိုးနွယ်စု ကျင့်ကြံသူများ ပျံထွက်လာကြတော့သည်။
ထို ကျင့်ကြံသူများမှာ လေထဲသို့ ပျံတက်လာကြပြီးနောက် ကျိယွဲ့၏ရှေ့တွင် စုဝေးလိုက်ကြ၏။ သူတို့၏ အရေအတွက်မှာ တဖြည်းဖြည်းနှင့် များများလာပြီး ဘုလုံးကြီးများအားလုံး ပေါက်ကွဲသွားကြချိန်တွင် ကျိယွဲ့၏ရှေ့၌ အင်အားတစ်သိန်းတိတိ ရှိသော စစ်တပ်ကြီးတစ်ခု ရှိနေပြီဖြစ်သည်။
သို့သော် ထို အဆုံးမဲ့မျိုးနွယ်စု ကျင့်ကြံ သူများအားလုံးမှာ ကိုယ်ပိုင်အသိိစိတ်များ မရှိကြောင်း အထင်အရှားမြင်နိုင်ပေသည်။ သူတို့မှာ ရုပ်သေးရုပ်များကဲ့သို့ပင်။
တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုမြင်ကွင်းကြောင့် တစ်ခေါင်းလုံး ထူပူသွားရ၏။ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေရပြီဖြစ်သည်။ သူသည် ယခုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခြင်းမရှိသလို မည်သည့်အရာကိုမှလည်း နားမလည်နိုင်ဘဲ ဖြစ်နေရ၏။
” သူတို့ကို ခေါ်သွားပြီး ဒီ လူမှုအဖွဲ့အစည်းကို ဖျက်ဆီးခဲ့စမ်း။ ပြီးရင်… ကောင်လေးကို ဖမ်းပြီးတော့ ငါ့ဆီကို ခေါ်လာခဲ့ ” ကျိယွဲ့မှာ တည်ကြည်မှုအပြည့်ဖြင့် အမိန့်ပေးလိုက်၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရပြီ ဖြစ်သည်။ သူသည် ချက်ချင်းပင် ခေါင်းညိတ်ကာ ထိုအမိန့်များကို လက်ခံလိုက်၏။ ထို့နောက် သူသည် အသက်ရှင်ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများကို စနစ်တကျ ပြန်လည်စုစည်းလိုက်၏။ နောက်ဆုံးတွင် သူသည် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးကို ထိန်းချုပ်ကာ အင်အားတစ်သိန်းခန့်ရှိသော ရုပ်သေးရုပ်စစ်တပ်ကြီးအား ဦးဆောင်၍
အင်္ဂါဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
သူ ထွက်ခွာသွားပြီနောက် စကြဝဠာကြီးမှာ ပြန်၍ ငြိမ်သက်သွား၏။ ကျိယွဲ့တစ်ယောက်သာလျှင် မလှုပ်မယှက်နှင့် ကျန်ရစ်ခဲ့သည်။ သူမသည် မန္တန်လက်ကွက်များ ဖော်ကာ တွက်ချက်မှုအချို့ ပြုလုပ်နေသည့်ပုံပင်။ သူမသည် ထိုသို့ ပြုလုပ်နေရင်း ခဏအကြာတွင် ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် သူမသည် မျက်လုံးများမှိတ်သွားပြီး ငြိမ်ကျသွားတော့သည်။ အချိန်အတော်အတန် ကြာမြင့်သွားပြီးမှ သူမသည် မျက်လုံးများ ပြန်ပွင့်လာ၏။ ထို့နောက် သူမသည် ခေါင်းမော့ကာ အဝေးသို့ လှမ်းကြည့်နေလိုက်တော့သည်။
” အံ့ဩမှင်တက်ဖို့ကောင်းလောက်အောင် အစွမ်းထက်တဲ့ လူတစ်ယောက်က ငါ့ရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်လိုက်တာပဲ ဖြစ်ရမယ်… ငါက တခြားလူတွေရဲ့ ဘဝတွေကို ထိန်းချုပ်၊ သူတို့ရဲ့ ကံကြမ္မာတွေကို စိတ်တိုင်းကျ ပြောင်းလဲပြီး သူတို့ကို ပုရွက်ဆိတ်တွေသာသာ သဘောထားခဲ့တာ… ဒါပေမဲ့ တခြားလူတစ်ယောက်ကလည်း တစ်ချိန်လုံး ငါ့ကို အဲလိုမျိုး သဘောထားနေခဲ့တာကို ငါက လုံးဝ မသိခဲ့တာပါလား… ဒါမှမဟုတ် သူက ငါ့ကို အသုံးချပြီးတော့ ဝမ်ပေါင်လဲ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို အာဟာရဖြည့်ပေးဖို့ ကြိုးစားနေတာများလား ” ကျိယွဲ့မှာ ထိုသို့တွေးမိလိုက်သဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ထို့နောက် သူမ၏ မျက်ဝန်းများမှာ အေးစက်စွာ တောက်ပသွားတော့သည်။
” ပထမအဆင့် နတ်ဘုရင်ကြီးများ ဖြစ်နေမလား “