Switch Mode

အခန်း (၇၁၃)

အစ်မကြီးရာ၊ ကျွန်တော့်ဆီမှာ မရှိပါဘူးဗျ

ဝမ်ပေါင်လဲ့မှာ ချန်မော့ဖုန်း၏ နှုတ်မှ ထွက်ပေါ်လာသောစကားသံကို ကြားလိုက်ရသောအခါ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် ထိုနာမည်အား ကြားဖူးထားပြီးသား မဟုတ်ပါလော။ ထိုပုဂ္ဂိုလ်မှာ ညနတ်ဆိုးဧကရာဇ်ကြီးအတွက် အလွန်အင်မတန်မှ အရေးပါသည့် လူတစ်ယောက်ဖြစ်ကြောင်းကို သူက ကောင်းကောင်းကြီး သိထားပြီးသားဖြစ်သည်။

” သူ့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ဖောက်ထုတ်ခဲ့ပြီးတော့ သူ့ရဲ့တာအိုကို ဖျက်ဆီးပစ်ခဲ့တဲ့ သူ့ရဲ့ တာအိုလက်တွဲဖော်က အခု အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးပေါ်မှာ ရှိနေတာပဲ ” ဝမ်ပေါင်လဲ့မှာ မှင်တက်နေရ၏။ ကံကောင်းစွာဖြင့် သောကြာဂြိုဟ်၏ အလိုအလျောက် ပေါက်ကွဲမှုစနစ်မှာ စတင်သွားပြီဖြစ်ရာ ဂြိုဟ်ပေါ်တွင် ပေါက်ကွဲသံများနှင့် ဝိညာဉ်စွမ်းအင်လှိုင်းများ အဆက်မပြတ် ပေါ်ထွက်လာနေပြီ ဖြစ်သည်။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီး၏ စွမ်းအားများမှာလည်း စစ်မြေပြင်ကြီး တစ်ခုလုံးအား လွမ်းခြုံသွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မျက်လုံးဖြင့် မမြင်နိုင်သည့် တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများ သူ့အား ဆွဲငင်နေကြသည်ကို အာရုံခံမိနေပြီ ဖြစ်သည်။ သို့ဖြစ်ရာ အကယ်၍ သူသာ ဆန္ဒရှိပါက ချက်ချင်း တည်နေရာပြောင်းရွှေ့သွားနိုင်စွမ်း ရှိပေသည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရ၏။ သူသည် နောက်သို့ ဆက်လက်ဆုတ်ခွာသွားရင်း တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့တွင်ရစ်ဝဲနေသော လက်ချောင်းကြီးအား လှည့်ကြည့်မိလိုက်သည်။

ထိုအချိန်တွင် ထိုလက်ချောင်းကြီးမှာ တလက်လက် တောက်ပသွားပြီး အမျိုးသမီးတစ်ယောက် ပေါ်ပေါက်လာ၏။ ထိုလက်ချောင်းကြီးမှာ တာအိုဝတ်ရုံများ ဆင်မြန်းထားသည့် ချောမောလှပသော အမျိုးသမီးတစ်ယောက်အဖြစ်သို့ ဖြည်းဖြည်းချင်း ပြောင်းလဲသွားခြင်း ဖြစ်သည်။

သူမ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်နေသောကြောင့် သူမ၏ ရုပ်ရည်သွင်ပြင်အား အတိအကျ မမြင်နိုင်သည့်တိုင်အောင် သူမ၏ အလှတရားများမှာ မှေးမှိန်သွားခြင်း မရှိပေ။ ထို့အပြင် ထိုကဲ့သို့ မှုန်ဝါးဝါး ဖြစ်နေသောကြောင့်လည်း သူမအား မြင်လိုက်ရသည့် လူတိုင်းမှာ စိတ်ဝင်တစား ဖြစ်သွားကြခြင်းဖြစ်သည်။ သူတို့အားလုံးမှာ အနည်းငယ်ခန့် ရီဝေဝေ ဖြစ်နေသည့်ပုံပင် ပေါက်နေကြ၏။

ထိုသို့ ဖြစ်နေရခြင်းမှာ သူမ၏ အလှတရားများကြောင့် မဟုတ်ဘဲ သက်ရှိများအားလုံးအပေါ် အကျိုးသက်ရောက်နိုင်စွမ်းရှိသော သူမ၏ ထူးဆန်းအံ့ဖွယ် အငွေ့အသက်ကြီးကြောင့် ဖြစ်လောက်ပေသည်။

” မင်း… နောက်ဆုံးတော့ ပေါ်လာပြီပေါ့… ” ချန်မော့ဖုန်းမှာ မကြာသေးမီတုန်းကပင် အိပ်မောကျသွားတော့မည့်ဆဲဆဲ ဖြစ်နေခဲ့ပါသော်လည်း ထိုလက်ချောင်းကြီးနှင့် သက်ပြင်းချသံတို့မှာ သူ့အား လှုပ်နှိုးလိုက်သကဲ့သို့ပင်။ ထို့ကြောင့် သူ၏ အသိစိတ်မှာ ကြည်လင်ပြတ်သားသွားရပြီ ဖြစ်သည်။

သူ စကားပြောလိုက်ချိန်တွင် သူ၏ မျက်ဝန်းများထဲရှိ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ အားလုံးမှာ ပျောက်ကွယ်သွားတော့သည်။ ထို့ကြောင့် သူသည် နိုးထလာပြီးနောက် ပထမဆုံးအကြိမ်အဖြစ် စိတ်နှင့်ကိုယ်နှင့် ကပ်သွားသည့်ပုံပင်။

ထို ချောမောလှပသော အမျိုးသမီးမှာမူ ချန်မော့ဖုန်း၏ စကားသံအား ကြားလိုက်ရပြီနောက် နှုတ်ဆိတ်သွား၏။ ထို့နောကိ သူမသည် ချန်မော့ဖုန်းအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်နေလိုက်ပြီးနောက် ဂါရဝပြုကာ လေသံတိုးတိုးဖြင့် ဆိုလိုက်တော့သည် ” ချစ်ယောက်ျားရယ်။ ဘယ်‌လောက်တောင်များ ကြာသွားပြီလဲ။ ရှင်က ဒုက္ခဝေဒနာတွေ အများကြီးခံစားခဲ့ရတာတောင် ကျွန်မကို တမ်းတနေသေးမှတော့… ကျွန်မလည်း ရှင့်ရဲ့ရှေ့မှာ ပေါ်လာရတော့တာပေါ့ ”

ချန်မော့ဖုန်းမှာ နှစ်ပေါင်းများစွာ ကုန်ဆုံးသွားပြီးမှ သူ၏ တာအိုလက်တွဲဖော်၏ စကားသံအား ပထမဆုံးအကြိမ်အဖြစ် ပြန်ကြားလိုက်ရသောကြောင့် သူ၏ မှတ်ဉာဏ်များမှာ နိုးနိုးကြားကြား ဖြစ်သွားသည့်ပုံပင်။ ထို့ကြောင့် သူ၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ တုန်ရီသွားရ၏။ ထို့နောက် သူ၏ ကြည်လင်ပြတ်သားနေသော မျက်ဝန်းများထဲတွင် အနီရောင် အလင်းရောင်တစ်ခု ဖျတ်ခနဲ လက်သွားပြန်သည်။ သူ သေဆုံးသွားခဲ့ပြီး နောက်ပေါ်ပေါက်လာသည့် ဝိညာဉ်ကြီးမှာ သူ၏ ဝိညာဉ်အစစ်အား ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ကြာစေ့များ၏ စွမ်းအားများမှာ လွင့်ပါးပျောက်ကွယ်သွားကြပြီဖြစ်ရာ ချန်မော့ဖုန်း၏ ခေါင်း‌မာသော စွဲလမ်းမှုများကသာလျှင် သူ၏ ဝိညာဉ်အစစ်အား နိုးနိုးကြားကြား ဖြစ်နေအောင် ထိန်းသိမ်းပေးထားခြင်း ဖြစ်သည်။ ထို့ကြောင့် ချန်မော့ဖုန်းမှာ သတိလစ်မသွားရန် အပြင်းအထန် ကြိုးစားနေရ၏။ သူသည် အတတ်နိုင်ဆုံး ကြိုးစားကာ ကျိယွဲ့အား နူးညံ့သိမ်မွေ့သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏ ” ကျိယွဲ့… ကိုယ် မင်းကို အရမ်းလွမ်းတယ်ကွာ။ မင်းရဲ့ လုပ်ရပ်တွေအတွက် ကိုယ် မင်းကို အပြစ်မတင်ပါဘူး။ ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ခဲ့ပါ… ”

ချန်မော့ဖုန်း နူးညံ့သိမ်မွေ့ကာ မျှော်လင့်တကြီးဖြစ်နေသော မျက်နှာအမူအရာဖြင့် ထိုသို့ ဆိုလိုက်ပြီးနောက် သူ၏ ညာဘက်လက်အားမြှောက်ကာ ကျိယွဲ့ဆီသို့ ဆန့်တန်းလိုက်၏။ သူသည် စုံလုံးကန်းနေသည့် အချစ်ရူးတစ်ယောက်ကဲ့သို့ပင်။

ကျိယွဲ့မှာလည်း ချစ်ခြင်းမေတ္တာ အငွေ့အသက်များဖြင့် ပြည့်နှက်‌နေသည့် မျက်ဝန်းတစ်စုံဖြင့် ချန်မော့ဖုန်းအား ပြန်ကြည့်လိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်သည် ” ချစ်ယောက်ျားရယ်။ မိန်းမလည်း ယောက်ျားကို အရမ်းလွမ်းပါတယ်။ ရှင့်ကိုလွမ်းတဲ့အချိန်တိုင်း ဒါကို ထုတ်ကြည့်နေရတာ… ”

ကျိယွဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏ ညာဘက်လက်ကို မြှောက်ကာ အာကာသထဲ၌ ဝှေ့ယမ်းလိုက်၏။ ထိုအခါ သွေးများပေ‌ကျံနေသည့် နှလုံးတစ်ခုမှာ သူမ၏ လက်ဖဝါးထဲ၌ ပေါ်ပေါက်လာသည်။

၎င်းမှာ တဒုတ်ဒုတ် ခုန်နေဆဲဖြစ်ပြီး ၎င်းဆီမှ ထွက်ပေါ်လာနေသည့် အားကောင်းသော ဝိညာဥ်စွမ်းအင်လှိုင်းများမှာလည်း အာကာသထဲသို့ ပျံ့နှံ့သွားနေ၏။ ချန်မော့ဖုန်းမှာမူ တစ်ကိုယ်လုံး တုန်ရီသွားရပြီး စကားပြန်ပြောနိုင်ရန် မနည်းကြိုးစားလိုက်ရသည်။

” ကျိယွဲ့၊ မလုပ်ပါနဲ့… ”

” ဒါလည်း ရှိသေးတယ် ”

ကျိယွဲ့မှာမူ ချန်မော့ဖုန်းတစ်ယောက် တစ်ကိုယ်လုံး တုန်ရီနေရသည်ကို ဂရုမစိုက်သည့်ပုံဖြင့် ကြားဖြတ်ပြောလိုက်၏။ ထို့နောက် သူမသည် ထိုနှလုံးအား လက်ထဲမှလွှတ်လိုက်ပြီး သူမ၏လက်အား အာကာသထဲ၌ ထပ်၍ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ အဖြူရောင် အတုံးကြီးတစ်တုံး ပေါ်ပေါက်လာ၏။ ၎င်းမှာ ချန်မော့ဖုန်း၏ ဦးနှောက် ဖြစ်ပေသည်။

” ချစ်ယောက်ျား။ ကြည့်ပါဦး။ ကျွန်မမှာ ဒါလေးတွေနဲ့ အလွမ်းဖြေနေရတာ ”

” ကျိယွဲ့… တော်ပါတော့ကွာ။ ကိုယ် တောင်းပန်ပါတယ် ”

” ခဏနေဦး။ နောက်ထပ်တစ်ခု ကျန်သေးတယ်။ ဘာမှ စိတ်ပူမနေပါနဲ့။ မိန်းမ အဲဒီပစ္စည်းကို ရှာလိုက်ဦးမယ်… ” ကျိယွဲ့မှာမူ ခန္ဓာကိုယ်တစ်ခုလုံး တဆတ်ဆတ် တုန်ရီနေပြီး မျက်နှာပေါ်၌ နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် ချန်မော့ဖုန်းအား စိုက်ကြည့်ရင်း ပြုံးကာ ဆိုလိုက်ပြန်သည်။

သူမ၏ စကားသံမှာ ကြည်လင်ပြတ်သားပြီး နတ်မိမယ်လေးများ၏ စကားသံများကဲ့သို့ ချိုသာမှုအပြည့် ရှိနေ၏။ ထိုစကားသံအား ကြားလိုက်ရသည့် လူတိုင်းမှာ ကိုယ်စိတ်နှလုံး အေးချမ်းသွားရမည်သာ ဖြစ်သည်။ သို့သော် သူမ၏ လုပ်ရပ်များကို မြင်လိုက်ရပြီး သူမ၏ စကားလုံးများထဲရှိ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို ခံစားလိုက်ရမည်ဆိုပါက မည်သူမဆို ထိတ်လန့်ကြောက်ရွံ့ကာ မှင်တက်သွားရမည်မှာ မလွဲဧကန်ပင်။

တာအိုဘုန်းတော်ကြီးယိုရန်မှာဆိုလျှင် သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် အမျိုးသမီးအား စိုက်ကြည့်ရင်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ သူသည် သူမအား တစ်နေရာရာတွင် မြင်ဖူးသည့်အလား ခံစားနေရပါသော်လည်း သေသေချာချာ စဉ်းစားတွေးတောလိုက်ပြီးနောက် သူမအား လုံးဝ မမြင်ဖူးကြောင်း သေချာသွား၏။ ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားသွားရတော့သည်။ ထို့အပြင် သူသည် သူမအား စိုက်ကြည့်လိုက်သည့်အချိန်တွင် သခင်၏ ရှေ့သို့ ရောက်နေသည့် အစေခံတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။ ထိုခံစားချက်ကြီးကြောင့် သူသည် ဗျာများသွားရပြီး ဇဝေဇဝါ ဖြစ်သွားရတော့သည်။

လူတိုင်းမှာ အံ့ဩတုန်လှုပ်နေရကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာမူ ထို အမျိုးသမီးနှင့် ဝေးရာသို့ ထွက်ပြေးဆုတ်ခွာသွားနေဆဲပင်။ သူသည် လမင်းခံတပ်ကြီးဆီသို့ ပြန်သွားလိုက်ပြီးနောက် ချန်မော့ဖုန်းနှင့် ကျိယွဲ့တို့အား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် တစ်ကိုယ်လုံး တုန်ရီနေသော တာအိုဘုန်းတော်ကြီးယိုရန်အား မြင်လိုက်ရသောအခါ မျက်နှာအမူအရာ သုန်မှုန်သွားပြီး ဖြစ်ကြောင်းကုန်စင်ကို နားလည်သွားတော့သည်

” ကျိယွဲ့က ချန်မော့ဖုန်းကို စိတ်ဆွပေးနေတာပဲ ”

” မမလေးက ကြယ်သန္ဓေတာအိုအကြောင်းကို ပြောပြခဲ့ဖူးတယ်… အဲဒီအချက်က ကျိယွဲ့ ချန်မော့ဖုန်းကို အသေမသတ်ခဲ့တဲ့ အကြောင်းအရင်းနဲ့ ဆက်နွယ်နေလောက်တယ်။ သူ ချန်မော့ဖုန်းကို စိတ်ဆွပေးနေတာကရော ကြယ်သန္ဓေတာအိုကြောင့်များ ဖြစ်နေမလား ” ဝမ်ပေါင်လဲ့မှာ အဖြေကို အတိအကျမသိပါသော်လည်း သူ၏ခန့်မှန်းချက်များမှာ မှန်ကန်နေသည်ဟု ခံစားနေရ၏။

” အဲတာဆိုရင်… တာအိုဘုန်းတော်ကြီးယိုရန် အသက်ပြန်ရှင်လာတာကလည်း ကျိယွဲ့ကြောင့်ပဲ ဖြစ်ရမယ် ” ဝမ်ပေါင်လဲ့၏ မျက်နှာပေါ်တွင် ခံစားချက်မျိုးစုံ ရောယှက်နေပြီဖြစ်သည်။ သူ ခံစားနေရသည့် စိတ်ဖိအားများမှာလည်း ပို၍ ကြီးထွားလာရ၏။

တာအိုဘုန်းတော်ကြီးယိုရန်တစ်ယောက် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးနှင့် ပေါင်းစည်းနေခဲ့စဥ်တုန်းကပင်လျှင် ပြည်ထောင်စုကြီးမှာ ကပ်ဘေးအန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့နေခဲ့ရသည် မဟုတ်ပါလော။ သို့သော် ယခုတွင်မူ… သူ၏နောက်ကွယ်တွင် သူ့ထက်ပို၍ အစွမ်းထက်သည့် လူတစ်ယောက် ရှိနေသည်ကို သိလိုက်ရပြီဖြစ်သည်။

ထို့ကြောင့် လက်ရှိအခြေအနေကြီးတစ်ခုလုပ်မှာ ပြည်ထောင်စုကြီးအတွက် တစ်ပူပေါ် တစ်ပူဆင့်သွားသကဲ့သို့ပင်။ ဝမ်ပေါင်လဲ့မှာ ချန်မော့ဖုန်းနှင့် ကျိယွဲ့တို့၏ နှစ်ကိုယ်ကြားမှ အသေးစိတ် အချက်အလက်များကို သိရှိထားသည်ဖြစ် မဟုတ်ပါလော။ သို့ဖြစ်ရာ ကျိယွဲ့မှာ သူတို့၏ရှေ့တွင် ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာသည့်တိုင်အောင် သူမသည် ဝမ်ပေါင်လဲ့အတွက် သူစိမ်းတစ်ယောက်ကဲ့သို့ ဖြစ်မနေခဲ့ပေ။

” သူက ချန်မော့ဖုန်းရဲ့ ကြယ်သန္ဓေတာအိုကို ခိုးယူခဲ့ပြီးတော့ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲမှာ ပုန်းနေရင်း တာအိုဘုန်းတော်ကြီးယိုရန်ကို တိတ်တဆိတ် ထိန်းချုပ်ပြီး ဒီစစ်ပွဲကြီးကို စခဲ့တာပဲ ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပလာပြီး စိတ်ပိုင်းဖြတ်လိုက်တော့သည်။ သောကြာဂြိုဟ်ကြီးအား အောင်မြင်စွာ ဖောက်ခွဲနိုင်ခဲ့သည့်တိုင်အောင် ပြည်ထောင်စုကြီးမှာ အခြေအနေမဟန်သေးကြောင်း သူက နားလည်ထား၏။

ဝမ်ပေါင်လဲ့တစ်ယောက်သာ အခြေအနေများကို ရိပ်မိထားသည်တော့ မဟုတ်ပေ။ အဖျက်စွမ်းအင်လှိုင်းများ သောကြာဂြိုဟ်ပေါ်၌ ပျံ့နှံ့သွားပြီး အာကာသကြီးထဲ၌ ပေါက်ကွဲသံများ အဆက်မပြတ် ပဲ့တင်ထပ်နေစဉ် ပြည်ထောင်စုကျင့်ကြံသူများမှာ တစ်သုတ်ပြီးတစ်သုတ် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီး၏ စွမ်းအားများကို အသုံးပြုကာ ဘေးကင်းရာသို့ တည်နေရာပြောင်းရွှေ့သွားနေကြပြီ ဖြစ်သည်။ သို့သော် ထိုသို့ပြောင်းရွှေ့သွားခြင်း မရှိသေးဘဲ ကျန်ရစ်နေခဲ့သည့် ကျင့်ကြံသူများမှာမူ ဝမ်ပေါင်လဲ့ကဲ့သို့ ခံစားနေကြရ၏။

သွမ့်မုချွယ်မှာလည်း သူတို့ထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် ဌာနချုပ်ထဲတွင် ထိုင်နေရင်း ကျိယွဲ့အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်။ သူသည် ကျိယွဲ့နှင့် ညနတ်ဆိုးဧကရာဇ်ကြီးတို့၏ အတိတ်အကြောင်းကို သိမထားပါသော်လည်း တစ်ခုခုမှာ လွဲနေပြီဖြစ်ကြောင်း ရိပ်မိလိုက်၏။ ဤ ကိစ္စကြီး တစ်ခုလုံး၏ နောက်ကွယ်မှ ကြိုးကိုင်ရှင်မှာ တာအိုဘုန်းတော်ကြီးယိုရန် မဟုတ်ဘဲ ညနတ်ဆိုးဧကရာဇ်ကြီး ကျိယွဲ့ဟု ခေါ်လိုက်သည့် အမျိုးသမီး ဖြစ်နေကြောင်း သူက နားလည်သွားတော့သည်။

ဖုန့်ချိုးရန်နှင့် လီဝူချန်းတို့မှာလည်း ထိုနေရာတွင် ရှိနေကြသေးသည်။ သူတို့နှစ်ယောက်စလုံးမှာ နှုတ်ဆိတ်နေကြပြီး မျက်ဝန်းများထဲတွင် ခံစားချက်မျိုးစုံ ရောယှက်နေကြ၏။

ပြည်ထောင်စုကျင့်ကြံသူများ တစ်သုတ်ပြီးတစ်သုတ် တည်နေရာပြောင်းရွှေ့သွားကြစဉ် ကျိယွဲ့မှာ ရုတ်တရက်ဆိုသလို သက်ပြင်းချကာ ဆိုလိုက်၏။

” ရှာမတွေ့ဘူး ဖြစ်နေတာ ”

” ချစ်ယောက်ျား။ ရှင့်ရဲ့ ချစ်ဇနီးလေး ယွဲ့အာအတွက် ကူရှာပေးဦးပါလား ” ကျိယွဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ဦးနှောက်အား လက်ထဲမှ လွှတ်လိုက်ပြီး သူမ၏ လက်အား လေထဲ၌ ဝှေ့ယမ်းလိုက်ပြန်သည်။ ထိုအခါ သူမ၏ လက်ဖဝါးထဲ၌ မှုန်ဝါးဝါး ခေါင်းလောင်းတစ်လုံး ပေါ်ပေါက်လာ၏။

ထိုခေါင်းလောင်းမှာ အနက်ရောင်ဖြစ်ပြီး မှုန်ဝါးဝါး ဖြစ်နေသည့်တိုင်အောင် ကြယ်တစ်လုံး၏ အငွေ့အသက်များကို ထုတ်လွှတ်နေဆဲပင်။ သို့ဖြစ်ရာ ၎င်းမှာ တမူထူးခြားသော ပစ္စည်းတစ်ခု ဖြစ်ရပေမည်။

” ချစ်ယောက်ျား။ အဲဒီ ခေါင်းလောင်းက ဘယ်မှာလဲ။ ကျွန်မ ရှင့်ရဲ့ဦးနှောက်ကို စားခဲ့ပြီး ရှင့်ရဲ့ နှလုံး ခြေမွှခဲ့ပြီးတာတောင် အဲဒီ ခေါင်းလောင်းကို ရှာမတွေ့သေးဘူး။ ဒါတွေအကုန်လုံးက ရှင့်အပြစ်‌တွေချည်းပဲ။ ရှင့်ရဲ့ ချစ်ဇနီးလေး ယွဲ့အားကို ပြောပြပါ။ အဲဒီ ခေါင်းလောင်းက ဘယ်မှာလဲလို့ ” ကျိယွဲ့မှာ ထိုသို့ဆိုရင်း ချန်မော့ဖုန်း၏ ရှေ့သို့ ရောက်ရှိလာ၏။ သူမသည် ပြုံးနေဆဲဖြစ်ပါသော်လည်း ချန်မော့ဖုန်းမှာမူ နောက်ဆုံးတွင် သည်းမခံနိုင်တော့သဖြင့် သူ၏လက်နှစ်ဖက်ဖြင့် နားနှစ်ဖက်ကိုအုပ်ကာ နာကြည်းစွာ အော်ဟစ်လိုက်တော့သည်။

” စကားမပြောနဲ့။ စကားမပြောပါနဲ့တော့ ”

ထိုအခါ ချန်မော့ဖုန်း၏ မျက်ဝန်းများထဲတွင် အနီရောင် အလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ ထို့နောက် အသိစိတ် ရှိနေနိုင်ရန် အပြင်းအထန် ရုန်းကန်ကြိုးစားနေခဲ့သည့် သူ၏ ဝိညာဉ်အစစ်မှာ ဖိနှိပ်ချုပ်တည်းခံလိုက်ရတော့သည်။ ထို့ကြောင့် ထိုဘီလူးကြီးမှာ အသိစိတ်ပျောက်သွားပြီး ကျိယွဲ့အား လှမ်း၍ ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။

” ပျင်းစရာကောင်းလိုက်တာ ” ကျိယွဲ့မှာမူ အသာအယာ ခေါင်းယမ်းလိုက်၏။ ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်များ သူမအား မထိနိုင်ခင်မှာပင် သူမသည် သူမ၏ ညာဘက်လက်ကိုမြှောက်ကာ လှမ်းတို့လိုက်တော့သည်။ ထိုအခါ ညနတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ထဲမှ အုန်းခနဲ ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး သူ၏ ချပ်ဝတ်တန်ဆာများမှာ ကြေမွပျက်စီးသွားတော့သည်။ ထို့နောက် သူ၏ ကိုယ်ပေါ်မှ ကမ္ဗည်းစာလုံးများမှာ အချုပ်အနှောင်များကဲ့သို့ ဖြစ်သွားပြီး သူ့အား ဖိနှိပ်ချုပ်တည်းလိုက်၏။ ထို့ကြောင့် သူသည် နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရပြီး လမင်းခံတပ်ကြီးပေါ်သို့ ပြုတ်ကျသွားတော့သည်။

ထိုအခါ ကျိယွဲ့မှာ ချန်မော့ဖုန်းဆီမှ အကြည့်လွှဲလိုက်ပြီး ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်၏။ သူမ၏ မျက်နှာပေါ်တွင်မူ ညှို့အားပြင်းသော အပြုံးတစ်ပွင့် ပေါ်ပေါက်လာသည်။

” သူတော်စင်ရဲ့ မျက်လုံးကို ရထားတဲ့ ကောင်လေး။ ငါလိုချင်တဲ့ပစ္စည်းက နင့်ဆီမှာလား ”

ဝမ်ပေါင်လဲ့မှာ သူမ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဦးရေခွံများ ထုံကျဥ်သွားရပြီး ကြောက်လန့်တကြားဖြင့် ခေါင်းယမ်းကာ ပြန်ဖြေလိုက်၏ ” မရှိပါဘူးဗျာ။ တကယ်လို့ စကြဝဠာကြီး တစ်ခုလုံးထဲက အချောဆုံးအလှဆုံးဖြစ်တဲ့ အစ်မကြီးကမှ မယုံဘူးဆိုရင် ကျွန်တော့်ရဲ့ စကားတွေကို အစ်မတော်ရဲ့ ဝိညာဉ်အာရုံခံနိုင်စွမ်းနဲ့ စစ်ဆေးကြည့်လို့ရပါတယ် “

Comment

  1. Wai says:

    လူယုတ်မာကောင်မ

  2. Wai says:

    လူယုတ်မမ

Leave a Reply

Options

not work with dark mode
Reset