အခန်း (၅၉) ကျန်းလန်ကိုပြုစားခြင်း
သူ တောအုပ်အပြင်ဘက်သို့ ပြန်လည်ထွက်ခွာခြင်း မပြုနိုင်ရန် တစ်စုံတစ်ယောက်က အစီအရင်ဖြင့် တားဆီးထားလိုက်ပြီဖြစ်ကြောင်း ကျန်းလန် ရိပ်မိလိုက်သည်။
ထို့ပြင်… မိစ္ဆာသားရဲများကတော့ အစီအရင်များ ပြုလုပ်နိုင်မည် မဟုတ်ပေ။ အစီအရင်ကို ပြုလုပ်သူမှာ လူသားများသာ ဖြစ်ပေလိမ့်မည်။
စောစောက ကျန်းလန် လူ (၂)ယောက်နှင့် တွေ့ဆုံခဲ့သည်။
ထိုသူ (၂)ယောက်လုံးက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
သို့သော်… ထိုသူများကတော့ သူ့ကို တောအုပ်ထဲတွင် ပိတ်မိနေစေရန် အစီအရင်ပြုလုပ်နိုင်သည်အထိ တန်ခိုးစွမ်းအားမြင့်မားသူများ မဟုတ်ကြပေ။
သူတို့အဆင့်ဖြင့် ဤမျှ အံ့သြစရာကောင်းသည့် အစီအရင်မျိုးကို ပြုလုပ်နိုင်မည် မဟုတ်ပေ။
ထို့ပြင်… ဤအစီအရင်က ထောင်ချောက်တစ်ခု ဖြစ်လေသည်။
ကျန်းလန်အနေဖြင့် ဤအစီအရင်ကို ချိုးဖျက်ပစ်နိုင်စွမ်း ရှိသော်လည်း သိပ်တော့ လွယ်ကူမည် မဟုတ်ပေ။ သူက အစီအရင်များကို ကျွမ်းကျင်သူမဟုတ်သောကြောင့် အချိန်အတော်ကြာအောင် ကြိုးစားရမည်ဖြစ်သည်။
အလွယ်ကူဆုံး ဖြေရှင်းနည်းကတော့ နောက်ကွယ်မှ ကြိုးကိုုင်သူကို ဖော်ထုတ်ရန်သာ ဖြစ်သည်။
သူ့အနေဖြင့် အစီအရင်ထောင်ချောက်ကို အချိန်တိုအတွင်း ချိုးဖျက်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့်… နောက်ကွယ်မှ ကြိုးကိုင်သူ ထွက်ပေါ်လာအောင် ပြုလုပ်ရမည် ဖြစ်သည်။
ထိုသို့တွေးမိသည်နှင့် ကျန်းလန်ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
သူ့အနေဖြင့် ရန်သူများ ထွက်လာသည်အထိ စောင့်ဆိုင်းရန် လိုအပ်သည်။
ယခု သူရောက်ရှိနေသည့်နေရာက တောအုပ်အပြင်ဘက်ရောက်ရန် သိပ်မဝေးတော့ပေ။ ထို့ကြောင့်… ရန်သူများနှင့် ရင်ဆိုင်ရသည့်တိုင် သူ့အတွက် သိပ်ပြီး အန္တရယ်မရှိနိုင်ဟု ကျန်းလန် ယူဆလိုက်သည်။
“ဒီကောင်တွေ ထွက်လာတဲ့အထိ စောင့်ရင်း ဝိညာဉ်ဖိနှိပ်စွမ်းအားကို အရင် ကျင့်ကြံထားလိုက်မယ်…”
ကျန်းလန် တွေးလိုက်သည်။
ရန်သူကို စောင့်ဆိုင်းရမည်ဆိုမှတော့ အလကား အချိန်ဖြုန်းရင်း မစောင့်နိုင်ပေ။
သူ့ကိုယ်သူ အဆင့်မြှင့်တင်ပြီး ရန်သူကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်ရန် ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည်။
သို့သော်… အလစ်ချောင်းတိုက်ခိုက်မှုမခံရအောင်တော့ သတိကြီးစွာထားရပေလိမ့်မည်။
ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။
လောလောဆယ် ပတ်ဝန်းကျင်တွင် သူ့ကို စောင့်ကြည့်နေသူ တစ်ယောက်မှ မရှိသေးပေ။
ကျန်းလန် နေရာမှာပင် တင်ပျဉ်ခွေ ထိုင်ချလိုက်သည်။
ထို့နောက် သူ၏ စိတ်အာရုံထဲမှ ဝိညာဉ်ဖိနှိပ်စွမ်းအားကို ထုတ်ဖော်ကျင့်ကြံလိုက်သည်။
ဝိညာဉ်ဖိနှိပ်စွမ်းအားကို ကျင့်ကြံပြီးသွားသည်နှင့် ထိုစွမ်းအားက သူ၏ စိတ်အာရုံထဲမှ ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ထဲသို့ လှည့်ပတ်စီးဆင်းသွားသည်။
ဝိညာဉ်ဖိနှိပ်စွမ်းအားက နတ်တန်ခိုးစွမ်းအားတစ်ခု ဖြစ်သည်။ ဂါထာမန္တန်မဟုတ်သလို ကျင့်စဉ်တစ်ခုလည်း မဟုတ်ပေ။
ထို့ကြောင့်… ခဏခဏ ကျင့်ကြံနေစရာ မလိုပေ။ တစ်ကြိမ် ကျင့်ကြံပြီးသည်နှင့် သူ့ခန္ဓာကိုယ်ထဲတွင် အစဉ်အမြဲ လှည့်ပတ်စီးဆင်းနေမည် ဖြစ်သည်။
ကျန်းလန်၏ ခန္ဓာကိုယ်ထဲတွင် ဝိညာဉ်ဖိနှိပ်စွမ်းအား စတင်ထွက်ပေါ်လာလေသည်။
သို့သော်… ထိုစွမ်းအား၏ တည်ရှိမှုက သိပ်မသိသာလှပေ။ ထို့ကြောင့် ထိုစွမ်းအားတစ်ခုတည်း သီးသန့် ထုတ်ဖော်အသုံးပြုရန်မှာ မဖြစ်နိုင်ပေ။
ကျန်းလန် သင်ယူထားသည့် ဂါထာမန္တန်များ ၊ ကျင့်စဉ်များနှင့် ပေါင်းစပ်အသုံးပြုမှသာလျှင် ထိုတန်ခိုးစွမ်းအားက ထွက်ပေါ်လာမည် ဖြစ်သည်။
အသုံးပြုသည့် ဂါထာမန္တန်များနှင့် ကျင့်စဉ်များက စွမ်းအားမြင့်မားလေ ဝိညာဉ်ဖိနှိပ်စွမ်းအားကလည်း စွမ်းအားမြင့်မားလေ ဖြစ်ပေလိမ့်မည်။
သို့သော်… အသုံးပြုသည့် ဂါထာမန္တန်များနှင့် ကျင့်စဉ်များက စွမ်းအားနည်းပါးလျှင်တော့ ဝိညာဉ်ဖိနှိပ်စွမ်းအားကလည်း အသုံးမဝင် ဖြစ်ပေလိမ့်မည်။
ဝိညာဉ်ဖိနှိပ်စွမ်းအားဆိုသည်က အခြားသော ကျင့်စဉ်များ ၊ မန္တန်များနှင့် တွဲဖက်အသုံးပြုရသည့် ဖြည့်စွက်စွမ်းအားတစ်ခု ဖြစ်လေသည်။
ထို့ပြင်… ထိုတန်ခိုးစွမ်းအားက လူတစ်ယောက်၏ ရုပ်ခန္ဓာကို ပစ်မှတ်မထားဘဲ စိတ်ဝိညာဉ်ကို ပစ်မှတ်ထားသည့် တန်ခိုးစွမ်းအားဖြစ်လေရာ ရှားပါးပြီး အသုံးဝင်သည်ဟု ဆိုနိုင်သည်။
ဝိညာဉ်ဖိနှိပ်တန်ခိုးစွမ်းအားနှင့် တွဲဖက်အသုံးပြုရန် အသင့်တော်ဆုံး တန်ခိုးစွမ်းအားမှာ နွားရိုင်းကိုးကောင်စွမ်းအားပင်ဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
နွားရိုင်းကိုးကောင်စွမ်းအားက ပြင်းထန်လွန်းပြီး အားနည်းချက် လုံးဝမရှိသည့် စွမ်းအားတစ်ခု ဖြစ်သည်။ ထိုစွမ်းအားကို မည်သည့်အရာကမှ တားဆီးနိုင်စွမ်း မရှိပေ။
ကျန်းလန် အသက်တစ်ချက် ရှူထုတ်လိုက်လေသည်။
“ဝိညာဉ်ဖိနှိပ်စွမ်းအား” ဟု ခေါ်သည့် နတ်တန်ခိုးစွမ်းအားကို သူ ကျင့်ကြံအောင်မြင်သွားပြီ ဖြစ်သည်။
သူ့အနေဖြင့် ထိုတန်ခိုးစွမ်းအားကို အခြားသော ဂါထာမန္တန်များ ၊ ကျင့်စဉ်များနှင့် ပေါင်းစပ်အသုံးပြုရန်သာ လိုတော့သည်။
သို့သော်… ယခုမှ ကျင့်ကြံပြီးစဖြစ်လေရာ တန်ခိုးစွမ်းအားများကို ပေါင်းစပ်အသုံပြုရန်မှာ လွယ်ကူဦးမည် မဟုတ်ပေ။
ကျန်းလန်ကလတော့ ဝိညာဉ်ဖိနှိပ်တန်ခိုးစွမ်းအားကို နွားရိုင်းကိုးကောင်စွမ်းအားဖြင့် ပေါင်းစပ်အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ အပြည့်အ၀ ပေါင်းစပ်အသုံးပြုရန် ခက်ခဲမည်ဆိုသော်လည်း တစ်စိတ်တစ်ပိုင်းတော့ ပေါင်းစပ်အသုံးပြုနိုင်မည် ဖြစ်သည်။
သို့သော်… တစ်စိတ်တစ်ပိုင်းမျှ ပေါင်းစပ်အသုံးပြုခြင်းကပင် အတော်လေး ကြောက်မက်ဖွယ်ရာ ကောင်းပေလိမ့်မည်။
ကျန်းလန် မျက်လုံးများဖွင့်ကြည့်လိုက်သည်။
“သူတို့ ရောက်လာကြပြီ…”
သူ့ထံသို့ လူအချို့ လမ်းလျှောက်လာနေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
စုစုပေါင်း လူ (၇)ယောက်…။
ထိုသူများထဲတွင် မူလဝိညာဉ်အဆင့် ကျင့်ကြံသူ (၂)ယောက် ပါဝင်သည်။
ကျန်းလန် မတ်တတ်ထရပ်လိုက်ပြီး အဝေးတစ်နေရာသို့ စူးစိုက်ကြည့်လိုက်လေသည်။
……………
ကျန်းလန်ရှိရာနေရာနှင့် အတော်အတန်ဝေးကွာသည့် နေရာတစ်နေရာတွင်တော့ လူ (၇)ယောက် လမ်းလျှောက်လာနေလေသည်။
အုပ်စုကို ခေါင်းဆောင်လာသူက သက်ကြီးပိုင်း တစ်ယောက်ဖြစ်သည်။
ထို အကြီးအကဲက အေးစက်သည့်လေသံဖြင့်…
“ဒီကောင်က ကျုပ်တို့ ထွက်လာတဲ့အထိ အေးအေးဆေးဆေး ထိုုင်စောင့်နေတာပဲ… ၊ ဟွန်း… ခွန်လွန်တောင်ကတပည့်တွေက ကိုယ့်ကိုယ်ကိုယ် အတော်လေး ယုံကြည်မှု လွန်ကဲနေကြပုံပဲ…”
ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူလူရွယ်တစ်ယောက်က…
“အကြီးအကဲ… ဒီကောင့်ကို ပြဿနာရှာလို့ ဖြစ်ပါ့မလား… ၊ ခွန်လွန်တောင်က တပည့်တွေကို လျှော့မတွက်သင့်ဘူးနော်…”
အကြီးအကဲအဘိုးကြီးက ခေါင်းခါရမ်းလိုက်ရင်း…
“စိတ်မပူနဲ့… ခွန်လွန်တောင်မှာ တပည့်တွေမှ အများကြီးပဲ… ၊ တပည့် တစ်ယောက်နှစ်ယောက်လောက် ပျောက်သွားလည်း သူတို့အတွက် ဘာမှမဖြစ်ဘူး ၊ ပြီးတော့… သူတို့တပည့် ပျောက်သွားလို့ ဒီတောအုပ်ထဲ လာရှာမယ်ဆိုရင်လည်း ခြေအနေကို သူတို့ သဘောပေါက်သွားကြလိမ့်မယ် ၊ ဒီကောင့်ကို သတ်လိုက်တဲ့သူက စကားမပြောနိုင်တဲ့ သစ်သားမျောက်ဝံသားရဲကြီးပဲ… ၊ ကျုပ်တို့နဲ့ ဘာမှမဆိုင်ဘူး… ဟုတ်တယ်မလား…”
အကြီးအကဲ၏ စကားကိုကြားသည်နှင့် ကျန်လူများက မည်သည့်စကားမှ ထပ်မပြောကြတော့ပေ။
အတန်ကြာမှ နောက်ထပ်လူတစ်ယောက်က…
“ကျုပ်တို့ လူစုခွဲပြီး သွားကြမယ်လေ… အနားရောက်မှ သူ့ကို ဝိုင်းလိုက်ကြတာပေါ့… ၊ အဲဒီအကြံမကောင်းဘူးလား…”
“နေဦး… ကျွန်မ သူ့ဆီ အရင်သွားပြီး စွဲဆောင်ကြည့်မယ်…”
ထိုစကားကိုပြောလိုက်သူက ပျံတန့်တန့်နံ့တန့်တန့်အဝတ်အစားများကို ဝတ်ဆင်ထားသည့် မိန်းမပျိုတစ်ယောက် ဖြစ်၏။
“ဒီကောင်လေးကိုကြည့်ရတာ မိန်းမနဲ့ ယောကျ်ားကြားက ဆက်ဆံရေးတွေကို နားမလည်ရှာသေးတဲ့ အဖြူထည်လေးပါရှင်… ၊ ကျွန်မ သူ့ဆီကိုသွားပြီး ကျွန်မကို တန်းတန်းစွဲဖြစ်သွားအောင် ပြုစားလိုက်မယ်… ၊ ကျွန်မအတွက်ဆို ဘာမဆိုလုပ်ပေးမယ့်လူတစ်ယောက်ဖြစ်လာအောင် လုပ်ပစ်လိုက်မယ်…”
ပြောပြီးသည်နှင့် မိန်းမပျို၏ ခန္ဓာကိုယ်မှ တန်ခိုးစွမ်းအား တစ်ခုထွက်ပေါ်လာသည်။
ချက်ချင်းပင် ပျံတန်တန်နံ့တန့်တန့် မိန်းမပျိုတစ်ယောက်ပုံစံမှ အပြစ်ကင်းစင်သည့် မိန်းမငယ်တစ်ယောက်အသွင် ပြောင်းလဲသွားလေသည်။
“လူငယ်တွေက ဒီလိုပုံစံမျိုးလေးကို သဘောကျကြတာလေ… ဟုတ်တယ်မလား…”
အခြားသူများက သူမ၏ လုပ်ရပ်များကို သဘောတူသည့်အလား စကားတစ်ခွန်းမှ မဆိုဘဲ ကြည့်နေကြလေသည်။
တကယ်လည်း မိန်းမပျိုပြောသည့်နည်းလမ်းက အလွယ်ကူဆုံးနည်းလမ်းတစ်ခုဖြစ်ကြောင်း သူတို့ နားလည်သည်။
ထိုကောင်လေးကို သူတို့ကို ကူညီရန် အတင်းအကျပ် ဖိအားပေးစေခိုင်းရသည်ထက် သူ့ဟာသူ မိန်းမပျိုတစ်ယောက်၏ အလှတရားအောက်တွင် အချစ်နွံနစ် တဏှာကျွန်ဖြစ်ကာ စိတ်ပါလက်ပါဖြင့် သူတို့ကို ကူညီလာပါက အခြေအနေများက ပိုမိုကောင်းမွန်နိုင်ပေသည်။
မည်သည့်နည်းနှင့်ဖြစ်ပါစေ သူတို့အကြံအစည်အောင်မြင်ရန် လိုအပ်သည်။
ထိုလူငယ်ထံမှ အကူအညီရရှိရန်မှာ သူတို့အတွက် အဓိကကျသည့်အရာ ဖြစ်သည်။
သူတို့ ဖြစ်ချင်သည့်ကိစ္စ ဖြစ်လာရန်အတွက် ခွန်လွန်တောင်မှ အတွင်းစည်းတပည့်တစ်ယောက် မဆိုထားနှင့် ဆက်ခံသူတစ်ယောက်ဖြစ်နေလျှင်ပင် သူတို့က အလွတ်ပေးမည် မဟုတ်ပေ။
ခွန်လွန်တောင်က သူတို့၏တပည့်ဖြစ်သူအတွက် သူတို့ကိုလိုက်လံ လက်စားချေမည်လား…။
ဤသည်က နောက်ကိစ္စ ဖြစ်သည်။
သူတို့လိုချင်သည့်အရာကို ရသည်နှင့် နောက်ပိုင်းကိစ္စကို နောက်မှ ကြည့်ရှင်းနိုင်လေသည်။
ထို့ပြင်… သူတို့အုပ်စု ထိုမျှ သတ္တိကောင်းနေခြင်းက တစ်ဖက်လူက အားနည်းသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသောကြောင့် ဖြစ်သည်။
ရွှေပြဒါးအမြုတေအဆင့် အလယ်ဆင့် …။
ဟုတ်ပေ၏။
ထိုလူငယ်က ယခုမှ ရွှေပြဒါးအမြုတေအဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်မျှသာ ရှိသေးသည်။
ထိုအဆင့်မျိုးကို သူတို့အုပ်စုက မျက်လုံးထဲထားမည် မဟုတ်ပေ။
ထိုသူက အလွန်တော်သည့် ပါရမီရှင်တစ်ယောက်ဖြစ်နေဦးတော့ သူတို့အုပ်စုက အရေးစိုက်မည် မဟုတ်ပေ။
……………
ကျန်းလန်ကတော့ ရန်သူများ ရောက်လာသည်အထိ နေရာတွင်ပင် မတ်တတ်ရပ် စောင့်ဆိုင်းလျှက်ရှိသည်။
ရန်သူများက သူ့ကို အဘယ့်ကြောင့် ပစ်မှတ်ထားရကြောင်း ကျန်းလန် မသိရှိပေ။ အမှန်ဆိုရလျှင် ထိုသူများအနေဖြင့် သူ့ကို ပစ်မှတ်ထားစရာ အကြောင်း မရှိပေ။
စောစောက ပြဿနာတက်ခဲ့သည့် ကျင့်ကြံသူ (၂)ယောက်က မကျေနပ်သောကြောင့် သူတို့ထက်အဆင့်မြင့်သည့် အကြီးအကဲများကို သွားခေါ်လာခြင်းများလား…။
မဖြစ်နိုင်ပေ…။
စောစောက ရင်ဆိုင်ခဲ့ရသည့်အဖြစ်အပျက်က သူသေကိုယ်သေ တိုက်ခိုက်ရလောက်သည်အထိ ရန်ငြိုးဖွဲ့သင့်သည့် အဖြစ်အပျက်မျိုး မဟုတ်ပေ။
ထို့ပြင်… သူတို့က ကျန်းလန်ကို လက်စားချေချင်သည်ဆိုဦးတော့ မူလဝိညာဉ်အဆင့် ကျင့်ကြံသူများက လက်စားချေရုံသက်သက်ဖြင့် ခွန်လွန်တောင်မှ တပည့်တစ်ယောက်ကို လာရောက်တိုက်ခိုက်ကြမည် မဟုတ်ပေ။
နောက်တစ်ချက်မှာ… ထောင်ချောက်အစီအရင် ဖြစ်၏။
ဤထောင်ချောက်အစီအရင်ကို ပြုလုပ်ထားသူမှာ အစီအရင်ပညာကို အတော်လေး ကျွမ်းကျင်သူတစ်ယောက် ဖြစ်၏။
သို့သော်… ထိုအစီအရင်က ယခုမှ ချက်ချင်းထပြီး ပြုလုပ်ထားသည့် အစီအရင်မဟုတ်ပေ။ အစောကြီးကတည်းက တောအုပ်ထဲတွင် ကြိုတင်ပြုလုပ်ထားသည့် အစီအရင် ဖြစ်ဟန်တူသည်။
ထို့ကြောင့်… ယခု သူ့ထံသို့ လာနေသည့် ရန်သူများမှာ စောစောက သူနှင့် တိုက်ခိုက်ခဲ့သည့် ကျင့်ကြံသူ (၂)ယောက်နှင့် မသက်ဆိုင်သည့် အခြားအုပ်စုတစ်စုဖြစ်ရမည်ဟု ကျန်းလန် ကောက်ချက်ချလိုက်သည်။
ထိုအချိန်မှာပင်…
သူ့ထံသို့ လမ်းလျှောက်လာသည့် ငယ်ရွယ်ချောမောသည့် မိန်းမပျိုတစ်ယောက်ကို တွေ့လိုက်ရလေသည်။
မိန်းမပျိုလေး၏ အလှက ဂိုဏ်းတူအစ်မလုန်ယွိကို မမီသည့်တိုင် အတော်လေး ကြည့်ရအဆင်ပြေပြီး ချောမောလွန်းလှသည်။
သူမဝတ်ဆင်ထားသည့် အဝတ်အစားများက သူမ၏ သွယ်လျလှပသည့် ခန္ဓာကိုယ်ကို အပြည့်အ၀ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
မလုံ့တလုံအဝတ်အစားများ ဝတ်ဆင်ထားခြင်း ဖြစ်သော်လည်း သူမ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို လုံး၀ လှစ်ဟပြထားခြင်းလည်း မဟုတ်ပြန်ပေ။
အပြင်ပန်း ပုံသဏ္ဍန်အရဆိုလျှင် ကျန်းလန် ထိုမိန်းကလေးကို အမှတ်ပြည့် ပေးမိမည် ဖြစ်သည်။
ထိုစဉ်မှာပင်… မိန်းမပျိုလေးက ကျန်းလန်အနားသို့ ချဉ်းကပ်လာသည်။
“ဒီကအစ်ကိုလေး… တစ်ယောက်ယောက်ကိုများ စောင့်နေတာလား…”
မိန်းမပျိုလေး စကားစတင်ပြောလိုက်သည်နှင့် ပြုစားခြင်းမန္တန်တစ်ခု အသုံးပြုထားကြောင်း ကျန်းလန် ချက်ချင်း အာရုံခံလိုက်မိသည်။
မိန်းမပျို စကားပြောလိုက်တိုင်း ၊ လှုပ်ရှားမှုပြုလုပ်တိုင်း ထို ပြုစားခြင်းမန္တန်က ထွက်ပေါ်လျှက် ရှိသည်။
သူမက ကျန်းလန်ကို ပြုစားရန် ကြိုးစားနေခြင်း ဖြစ်၏။
ကျန်းလန် သိစိတ်ပျောက်သွားပြီး သူမ၏ အလှတွင်ရစ်မူးလာစေရန် မိန်းမပျိုလေးက အဆက်မပြတ် ပြုစားလျှက် ရှိလေသည်။
ကျန်းလန်က…
“ကျုပ်ကို ဒီနေရာမှာ ထောင်ချောက်ဆင်ပြီးဖမ်းတာ မင်းလား…”
“ဟုတ်ပရှင်…”
မိန်းမပျိုက ကျန်းလန်အနား ပိုမိုတိုးကပ်လာရင်း ပြောလိုက်သည်။
ကျန်းလန်က…
“ဘာကိစ္စ ကျုပ်ကို ထောင်ချောက်ဆင်ရတာလဲ…”
မိန်းမပျိုလေးက ရှက်သွေးဖြာသွားသည့် အမူအရာလေးဖြင့်…
“ဒီက အစ်ကိုလေးက တစ်ခုခု ထူးခြားတယ်လို့ ကျွန်မ ခံစားရတယ်လေ… ၊ ဒါကြောင့်မို့လို့ ဒီကအစ်ကိုလေးနဲ့ ကိစ္စတစ်ခုလောက် ဆွေးနွေးစရာ ရှိလို့ပါ…”