လီတောင်ချန်း ထိတ်လန့်သွားသည်။ သူ၏ တစ်ကိုယ်လုံး နာကျင်နေသည်ဟု ခံစားရကာ ထိုအရှက်ရသော ဒဏ်ကိုလည်း မခံစားနိုင်ပေ။ ဖူယွန်ဓားကလန်ကား လူတိုင်းက လေးစားကြရသည်။ သူတို့အားလုံးက အရာအားလုံးကို ပူပန်သောကမရှိ ပြုမူနေထိုင်နိုင်ကြသည်။ သို့သော် ယခုကား အရှက်ခွဲခံနေရသည်။ ယူချင်း၏ ပုဆိန်က အလွန် စွမ်းအားမြင့်သော သိဒ္ဓိဝင်ပုဆိန် ဖြစ်သည်။ ယူချင်းက သူ့ကို ထိုပုဆိန်၏အစွမ်းဖြင့် အနိုင်ယူလိုက်သည်လား။
လျိုချန်းယွီလည်း ထိတ်လန့်သွားသည်။ ယူချင်းက လီတောင်ချန်းအား ကြမ်းတမ်း ခက်ထန်စွာ အနိုင်ယူခဲ့သည်။
“မင်းသမီး… ဒီလို အသုံးမကျတဲ့အကောင်က ဘယ်လိုလုပ် မင်းသမီးကို အရှက်ရအောင် ပြောနိုင်ရတာလဲ… အခုကစပြီး သူတို့ကို ကျုပ်တို့ တာဝန်ထားပါ…” လျိုချန်းယွီအတွက် သူက လက်စားချေပေးသော ပုံစံဖြင့် ရီဖူရှင်းက မင်းသမီးကို မျက်နှာလုပ်လိုက်သည်။
လျိုချန်းယွီက ရီဖူရှင်းကို ထူးဆန်းစွာ ကြည့်သည်။
“မင်းက ဆိုးဆိုးရွားရွားပုံစံနဲ့ သေရလိမ့်မယ်…” မြေပြင်ပေါ်မှ လီတောင်ချန်းက ရီဖူရှင်းကို စိုက်ကြည့်လျက် ပြောသည်။
“မင်းက အခြေအနေကို မသိသေးဘူးလား…” ရီဖူရှင်းက သူ့အား ထူးဆန်းစွာ ကြည့်သည်။
“မင်းသတ်ရဲရင် ငါ့ကို သတ်လိုက်…” လီတောင်ချန်း၏ မျက်လုံးများက နီရဲလာသည်။
ရီဖူရှင်းက မည်သို့မှ မပြောပေ။ ယူချင်းက လီတောင်ချန်း၏ လက်မောင်းမှ ဆုပ်ကိုင်ကာ သူ့အား လေပေါ်သို့ မြှောက်လိုက်ပြီး ပြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ ဘန်းခနဲမြည်ကာ လီတောင်ချန်း၏ ပါးစပ်မှ သွေးများ စီးကျလာသည်။
ဘန်း… ဘန်း… ဘန်း… အဆက်မပြတ်သော ထုရိုက်သံများ ထွက်ပေါ်လာသည်။ လူတိုင်းက ထိုမြင်ကွင်းအား ကြည့်ကာ အေးစက်နေကြသည်။ ယူချင်း၏ လက်ထဲတွင်ကား လီတောင်ချန်းက မြေပြင်နှင့် အဆက်မပြတ် ထုရိုက်ခံနေရသည်။ ရိုက်ချက်တိုင်းက ပရိသတ်များ၏ ရင်ဘတ်ကို တုန်ခါစေနိုင်သည်။ လီတောင်ချန်းကား လုံးဝ ပျော့ခွေနေပြီး ဖြစ်သော်လည်း သူက ယူချင်းအား လူသတ်လိုသော အငွေ့အသက်များ ပြင်းထန်စွာဖြင့် ကြည့်နေဆဲပင်။ သူက ခန္ဓာကိုယ် တုန်ယင်စွာဖြင့် မတ်တတ်ရပ်သည်။ သူ့အတွက်မူကား ယူချင်း၏ အုပ်စုက လူသေများ ဖြစ်နေလေပြီ။
“ပြန်သွားပြီးတော့ ငိုပြလိုက်….” လီတောင်ချန်းက မတ်တတ်ရပ်နေနိုင်ပြီး ဖြစ်သော်လည်း ယူချင်းက သူ့အား အဝေးသို့ ကန်လိုက်ပြီး ဖြစ်သည်။ လီတောင်ချန်း အတော်ဝေးဝေးသို့ လွင့်စဉ်သွားသည်။ သူ၏ မျက်နှာက အလွန်အမင်း ပျက်ယွင်းနေ၏။ ယူချင်း၏ ကန်ချက်နှင့် စကားက သူ့အတွက် အလွန် အရှက်ရစရာ ကောင်းသည်။
လီတောင်ချန်းက နောက်တစ်ကြိမ် ထရပ်သည်။ သူ၏ ဒဏ်ရာရနေသော ခန္ဓာကိုယ်အား တရွတ်တိုက်ဆွဲကာ ထိုနေရာမှ ထွက်ခွာသွားသည်။
“ရှင်က ဖူယွန်ဓားကလန်ရဲ့ နောက်ခံကို သိလား…” လျိုချန်းယွီက ရီဖူရှင်းအား မေးသည်။
“ဟုတ်ကဲ့…” ရီဖူရှင်းက ပြုံးလျက် လေးစားစွာ ပြောသည်။ အနှေးနှင့်အမြန် သူတို့က ဖူယွန်ဓားကလန်နှင့် ရင်ဆိုင်မိမည် ဖြစ်သည်။ သူတို့ကလည်း လီတောင်ချန်းကို သတ်ရန် အစီအစဉ် မရှိပေ။ ယူချင်းကလည်း သူ၏ အကန့်အသတ်ကို သိသည်။ တိုက်ခိုက်ခြင်းက သာမန် ကိစ္စရပ်တစ်ခုသာ ဖြစ်သည်။ အရှက်ခွဲခြင်းကလည်း ကလန်တစ်ခုလုံးက လိုက်ပါ ဖြေရှင်းရအောင် ကြီးမားသော ကိစ္စ မဟုတ်ပေ။ သို့သော် လီတောင်ချန်းသာ သေဆုံးသွားပါက ဖူယွန်ဓားကလန်က သေချာပေါက် လက်တုံ့ပြန်မည် ဖြစ်သည်။
ရီဖူရှင်းက ရှေးဟောင်းမြေရိုင်း ဒေသကို အဘယ်ကြောင့် ရောက်လာရသနည်း။ သူက လျိုဂျန်လန်က တော်ဝင်ချန်ကျောင်းတော်ကို ဝင်ရောက်ရာမှ ဖြစ်ပေါ်လာသော အန္တရာယ်ကို ဖယ်ရှားလို၍ မဟုတ်ပါလော။ ယခုတွင် သူတို့က လီတောင်ယွန်အား သတ်ရန် ယုံကြည်မှု မရှိသေးပေ။ သူတို့က မြေရိုင်းမြို့ မှန်တောင်ကို လာရောက်ခြင်းမှာလည်း ထိုအရာအတွက် ပြင်ဆင် လိုသောကြောင့်သာ ဖြစ်သည်။
“လီတောင်ချန်းရဲ့ အစ်ကို လီတောင်ယွန်က ဖူယွန်ဓားကလန်ရဲ့ ထပ်သီးပါရမီရှင်ပဲ… သူ့ရဲ့ ဓမ္မက အရမ်း အားကောင်းတယ်…” လျိုချန်းယွီက ပြောသည်။
“ကြည့်ရတာ ကျုပ်ရဲ့ စွမ်းရည်တွေကိုလည်း တိုးတက်အောင် လုပ်ရဦးမှာပေါ့….” ရီဖူရှင်းက ရယ်မောလျက် ပြောသည်… “မင်းသမီးက ကျုပ်ရဲ့ သခင်လေးနဲ့ စကားပြော ကျန်နေရစ်ပါ…” ထိုသို့ ပြောကာ ရီဖူရှင်း ထွက်သွားသည်။
ရှေးဟောင်းမြေရိုင်း ဒေသတွင် တစ်စုံတစ်ယောက်က ကံစွမ်းအား အရင်းအမြစ်များမှ နိုဘယ်အသိများနှင့် ဆက်သွယ်နိုင်ပါက ထိုနိုဘယ်စွမ်းအင်များကို အသုံးပြုနိုင်သည်။ ဤနေရာတွင် ကံစွမ်းအား အရင်းအမြစ်များစွာ ရှိရာ တန်ခိုးကျင့်ရာတွင် ပြဿနာ မရှိပေ။ သူတို့အတွက် ဤနေရာက အချိန် ကြာမြင့်စွာ တန်ခိုးကျင့်နိုင်ရန် လုံလောက်နေပြီ ဖြစ်သည်။ ရီဖူရှင်း ထွက်သွားသည်ကို မြင်လျှင် လျိုချန်းယွီက ရီဝူချင်းထံသို့ လျှောက်လာကာ ပြုံးလျက် မေးသည်… “သက်တော်စောင့်နဲ့ အစေခံတွေ….”
သူ၏ သက်တော်စောင့်က သက်တော်စောင့်နှင့် မတူပေ။ ထို့အတူ သူ၏ အစေခံများကလည်း ပို၍ပင် အစေခံများနှင့် မတူပေ။
အစေခံများ၏ရုပ်ရည်များက သူမနှင့် နှိုင်းယှဉ်နိုင်သည်။ သူမတို့ကို အစေခံများဟု ပြောလျှင် မည်သူက ယုံကြည်မည်နည်း။
“ဒီကောင်က ဒီလိုပဲ ဉာဏ်နီဉာဏ်နက် များတယ်… စိတ်မရှိပါနဲ့ မင်းသမီး….” ရီဝူချင်းက ပြောသည်။
“ဒါဆို ကျွန်မ ခန့်မှန်းတာ မှန်တာပေါ့….” လျူချန်းယွီက သူ့အား ကြည့်ကာ ပြောသည်။
“ကျုပ်တို့အားလုံးက ညီအစ်ကိုတွေပဲ…”
“သူတို့ကရော…” လျိုချန်းယွီက လို့လန်ရွှီနှင့် လင်းယွီယိုအား မေးသည်။ ထိုချောမောလှပသော မိန်းကလေး နှစ်ယောက်က မည်သည့်နေရာက လာသနည်း။
“မင်းသမီးက သူ့ကို မေးဖို့လိုတယ်…” ရီဝူချင်းက ရီဖူရှင်းအား ကြည့်ကာ ပြောသည်။
လျိုချန်းယွီ၏ မျက်နှာ ပြောင်းလဲသွားသည်။ သူမက ရုတ်တရက် ပြုံးလိုက်ကာ ပြောသည်… “ရှင့်ရဲ့ညီက တော်တော် ဆိုးတာပဲ….”
“ဆိုးတယ်…” ရီဝူချင်းက ရေရွတ်လိုက်ကာ ခေါင်းညိတ်သည်။ သူကား အမှန်ပင် ဆိုးသည်။
“ဒါဆို ရှင်တို့က ဘယ်ကလန်က လာကြတာလဲ…” လျိုချန်းယွီက ရီဝူချင်းကို ကြည့်ကာ ပြောသည်။ သူတို့က လီတောင်ချန်းနှင့် တိုက်ခိုက်ရဲကာ အလွန် ပါရမီပါကြသည်ကို ကြည့်လျှင် အင်အားကြီး အဖွဲ့အစည်းမှ ထပ်သီးပါရမီရှင်များလည်း ဖြစ်နိုင်ပေသည်။
အဖြေက အလွန် အရေးကြီးပေသည်။ သူမက ရီဝူချင်း၏ စွမ်းရည်နှင့် သူ၏ နိုဘယ်ကံစွမ်းအားကို အမှန်ပင် သဘောကျသည်။ အကယ်၍ သူက လျိုနိုင်ငံကို ဝင်ရောက်လိုပါက သူမက အမှန်ပင် လက်ခံမည် ဖြစ်သည်။
လျိုချန်းယွီ၏ မျက်လုံးများနှင့် ဆုံမိလျှင် ရီဝူချင်းက ပြောသည်… “ကျုပ်တို့က ဖုံးကွယ်နေစရာ မလိုဘူး… ကျုပ်တို့က အင်အားနည်း အဖွဲ့အစည်းက လာခဲ့တာ… ဒါကြောင့်ပဲ ဒီနေရာကို လာခဲ့ကြတာ… ကျုပ်တို့က အင်အားကြီး အဖွဲ့အစည်းတစ်ခုကို ဝင်ရောက်လိုကြတယ်…”
ထိုစကားကို ကြားလျှင် လျိုချန်းယွီ၏ အမူအရာ ပြောင်းလဲသွားသည်။
“ဒါပေမဲ့ မင်းသမီးကို တစ်ခုပြောစရာ ရှိသေးတယ်… အမှန်က လီတောင်ချန်းနဲ့ ကျုပ်တို့အကြား ပြဿနာ နည်းနည်းရှိတယ်… ကျုပ်ရဲ့လက်က သူ့အစ်ကို လီတောင်ယွန်ကြောင့် ပြတ်သွားခဲ့တာပဲ…” ရီဝူချင်းက ထိုကိစ္စအား သာမန် အဖြစ်အပျက် တစ်ခုအား ပြောပြနေသကဲ့သို့ပင် တည်ငြိမ်လှသည်။
အကယ်၍ ရီဖူရှင်းသာ ရီဝူချင်း ပြောသည်ကို ကြားလျှင် ရီဝူချင်းက အလွန် ရိုးသားလွန်းသည်ဟု ညည်းတွားနိုင်သော်လည်း အမှန်က တကယ့် ဓားသမားများက ထိုသို့ စိတ်နေသဘောထား ရှိပေသည်။ ပါရမီနှင့် စိတ်နေ သဘောထားအရ ရီဝူချင်းကား ဓားပညာကို လေ့လာလိုက်စားရန် အလွန် သင့်တော်ပေသည်။
လျိုချန်းယွီ၏ လှပသော မျက်လုံးများက အရောင်လက်သွားကာ ရီဝူချင်းကို အံ့အားသင့်စွာ ကြည့်သည်။
“လအနည်းငယ်က အရှေ့မြေရိုင်းဒေသက အင်အားကြီး အဖွဲ့အစည်းလေးခုက ထပ်သီးပါရမီရှင် လေးယောက်က လို့လန်ရှေးဟောင်း နယ်မြေကို သွားခဲ့ကြတယ်… လီတောင်ယွန်က ဒီအထဲက တစ်ယောက်ပဲ… ရှင်တို့ကလည်း လို့လန်မြို့က လာတာလား….” လျိုချန်းယွီက ထိုအဖြစ်အပျက်ကို သိသည်။
“မဟုတ်ဘူး… ကျုပ်တို့က ဒီထက် ဝေးတဲ့ နေရာက လာကြတာ… ဒါပေမဲ့ ကျုပ်တို့က လို့လန်ရှေးဟောင်း နယ်မြေမှာ လေ့ကျင့်ခဲ့ကြတယ်….” ရီဝူချင်းက ပြန်ပြောသည်။
“လီတောင်ယွန်တို့ အုပ်စုက အဲဒီကို အလောင်းအစား သဘောနဲ့ သွားခဲ့ကြတာလို့ သိရတယ်… ဒါပေမဲ့ ဘယ်သူမှ အသာစီးမရခဲ့ဘူး… အထူးသဖြင့် လီတောင်ယွန်က သူ့ရလဒ်နဲ့ ပတ်သက်ပြီး စိတ်မကျေမနပ် ဖြစ်တယ်လို့ ကြားရတယ်… ရှေးဟောင်းနယ်မြေက ရတနာက နောက်တစ်ယောက် ရသွားတယ်တဲ့… အဲဒါ ရှင်တို့အုပ်စုလား…”
“ဟုတ်တယ်…” ရီဝူချင်းက ခေါင်းညိတ်လိုက်သည်။
လီတောင်ယွန်ကား ဓမ္မအဆင့်ကိုးတွင်ရှိကာ သူ့တွင် သိဒ္ဓိဝင်ဓားလည်း ရှိပေသည်။ သို့သော် သူက ရီဝူချင်း၏ လက်တစ်ဖက်ကိုသာ ဖြတ်ခဲ့သည်။ သူက ရီဝူချင်းကို သတ်လည်း မသတ်ခဲ့သလို သူ၏ ဓားကိုလည်း လုယူခဲ့ခြင်း မရှိပေ။
ယခု သူတို့က မြေရိုင်းမြို့ကိုပင်လျှင် လာရောက်ခဲ့ကြကာ လီတောင်ချန်းကို ရိုက်နှက်ခဲ့ကြ၏။ သူတို့ကအမှန်ပင် ရဲတင်းကြသည်။
“ဒါကြောင့် ဒီကိစ္စက မင်းသမီးနဲ့ ဘာမှ မဆိုင်ဘူး….” ရီဝူချင်းက ရိုးသားစွာ ပြောသည်။
လီချန်းယွီက ရီဝူချင်းကို ကြည့်သည်။ သူနှင့် ဖူယွန်ဓားကလန်မှ ဓားသမားများက ကွဲပြားခြားနားသော ခံစားချက်ကို ပေးသည်။
“အဲဒီတစ်ယောက်က စဉ်းစားပေးမယ် ပြောပြီးမှ သဘောတူခဲ့တယ်… ဒါက လီတောင်ချန်းကြောင့် ဆိုတာ အခုမှ သိတယ်…” လျိုချန်းယွီက ပြုံးလျက် ပြောသည်… “ဒါဆို ရှင်တို့က ဘယ်အင်အားစုကို ဝင်ရောက်မယ် ဆိုတာ မဆုံးဖြတ်ရသေးဘူးပေါ့…”
“ကျုပ်တို့က အရှေ့မြေရိုင်းဒေသက အခြေအနေတွေကို နည်းနည်းပဲ သိတယ်…” ရီဝူချင်းက ဖြေသည်။
“ဒါဆို ကျွန်မရဲ့ နိုင်ငံဖြစ်တဲ့ လျိုနိုင်ငံက ပြိုင်ပွဲမှာ ပါမယ်လေ…” လျိုချန်းယွီက အသက်ရှူမှားလောက်အောင် လှပစွာ ပြုံးလိုက်သည်။ “ပြီးတော့ ကြည့်ရတာ ကျွန်မက အသာစီး နည်းနည်း ရထားပြီလို့ ပြောလို့ရတယ်….”
အဝေးမှ ရီဖူရှင်းက ရီဝူချင်းတို့ ရှိရာကို လှမ်းကြည့်ရာ လျိုချန်းယွီ၏ အပြုံးကို မြင်သည်။ ချန်းယွီ၏ နာမည်မှာ အလွန်တရာ လှပသည်ဟု အဓိပ္ပာယ်ရရာ သူမ၏ နာမည်နှင့် လိုက်ဖက်လှသည်။ ရီဖူရှင်းက ရီဝူချင်းအား ကြည့်ကာ ပြုံးလိုက်သည်။ ရီဝူချင်းကလည်း မိန်းကလေးများနှင့် စကားပြော ကောင်းတတ်သူဟု သူလုံးဝ မမျှော်လင့်ခဲ့ပေ။ ကြည့်ရသည်မှာ သူက ရီဝူချင်းအား လျှော့တွက်မိခဲ့ပြီ ဖြစ်သည်။
စိတ်တည်ငြိမ်အောင် စုစည်းရင်း ရီဖူရှင်းက သူ၏ ရှေ့မှ ရုပ်တုကို ကြည့်လိုက်သည်။ တခြားလူများ၏ စွမ်းအားကို အသုံးပြုခြင်းက အမြဲတမ်း အဆင်မပြေနိုင်ပေ။ မိမိကိုယ်ကို တိုးတက်အောင် လုပ်ခြင်းကသာ သူ့အား အရာအားလုံးကို ကိုယ်တိုင် ဖြေရှင်းရန် လုံလောက်ပေသည်။
လူအများအပြားကလည်း ဤနေရာတွင် စုစည်းနေကြသည်။ ရုပ်တုတိုင်းကလည်း ထူးခြားလှသည်။ ရီဖူရှင်း လောလောဆယ် လေ့လာ ဆင်ခြင်နေသော ရုပ်တုကား မီးလျှံဓာတ်များ ဖြာထွက်နေကာ ရုပ်တုထဲမှ အလွန် အားကောင်းသော မီးဓာတ်အသိကို ခံစားရသည်။ ထိုရုပ်တုဘေးမှ ရုပ်တုမူကား ဆန့်ကျင်ဘက် ဖြစ်သည်။ သူ့တွင် အလွန်တရာ အေးစက်သော ဓာတ်သဘာဝကို ပိုင်ဆိုင်ပြီး ပိုမိုနီးကပ်လေလေ အရိုးကွဲတမျှ အေးစက်လေဖြစ်သည်။ ထို့အပြင် တခြား ဓာတ်သဘာဝ အထူးပြု ရုပ်တုများလည်း ရှိကြပေသည်။ ထိုအထဲတွင် ဓားအရှိန်အဝါ အလွန်ပြင်းထန်သော ရုပ်တုတစ်ခုလည်း ရှိသည်။
ဤနေရာမှ လူတိုင်းက စွမ်းအားမြင့်ကြသည်။ သူတို့အားလုံးက ရီဖူရှင်းအား စိတ်ဝင်တစား ကြည့်လိုက်ကြသည်။ ဤလူငယ်က ထိုရုပ်တုများကို လေ့လာ ဆင်ခြင်နေသည်လား။ လူအနည်းငယ်မျှသာ ထိုသို့လုပ်နိုင်သည်။
လျိုချန်းယွီကလည်း ရီဖူရှင်းကို သတိထားမိသည်။ သူမက ရီဝူချင်းကို ပြောသည်… “ဒီရုပ်တုတွေက အန္တရာယ်ရှိတယ်… ကျွန်မတို့က သူ့ကို သတိပေးဖို့လိုလား…”
“ဘယ်လောက် အန္တရာယ်ရှိလဲ…” ရီဝူချင်းက အံ့အားသင့်စွာ မေးသည်။
“နိုဘယ်ကံစွမ်းအား မရှိတဲ့လူတွေက ဒီရုပ်တုကို ကြည့်ရင် အကျိုးဆက်က သိပ်မကောင်းဘူး…” လျိုချန်းယွီက ရီဝူချင်းကို ကြည့်ကာ ပြောသည်။
“ဒါအဆင်ပြေတယ်…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။ လျိုချန်းယွီ အံ့အားသင့် သွားသည်။ ထို သက်တော်စောင့်တွင်လည်း နိုဘယ်ကံစွမ်းအား ရှိသည်လား။
“အမှန်တကယ်ဆိုရင် ကျုပ်တို့သုံးယောက်မှာ ကျုပ်က ပါရမီအနည်းဆုံးပဲ…” ရီဝူချင်းက လျိုချန်းယွီကို ပြောသည်။
လျိုချန်းယွီက အတန်ကြာ တိတ်ဆိတ်သွားသည်။
ရီဝူချင်းကား ဓမ္မအဆင့် ငါးလောက်မျှဖြင့် နိုဘယ်ကံစွမ်းအားကို ရရှိခဲ့သည်။ မှန်တောင်တွင်လည်း နိုဘယ်ပုံရိပ်နှစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ရီဝူချင်း၏ ပြောစကားအရသူက ပါရမီအနည်းဆုံး ဖြစ်သည်။ ဤသို့ဆိုလျှင် ထိုသက်တော်စောင့်ဟု ခေါ်သော လူငယ်နှစ်ယောက်၏ ပါရမီက မည်မျှ မြင့်သနည်း။
“ကျွန်မက ဖူယွန်ဓားကလန်က ဓားသမား အများကြီး မြင်ဖူးတယ်… သူတို့တွေ အကုန်လုံးက အရမ်းမာနကြီးတယ်… ဒီလို နှိမ့်ချတတ်တဲ့ ဓားသမားကို တွေ့ဖူးတာ ပထမဆုံးပဲ…” လျိုချန်းယွီက ပြုံးလျက် ပြောသည်။
“ကျုပ်က နှိမ့်ချနေတာ မဟုတ်ဘူး…” ရီဝူချင်းက ခေါင်းယမ်းသည်။ သူက သူမ၏ မျက်လုံးများကို ကြည့်ကာ လေးနက်စွာ ပြောသည်… “ကျုပ်က အရှေ့မြေရိုင်းဒေသက အတော်ဆုံး ပါရမီရှင်တွေကို မမြင်ဖူးသေးဘူး… ဒါပေမဲ့ လူအနည်းငယ်လောက်ကပဲ ကျုပ်သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်နိုင်တယ်…”
ရီဝူချင်း၏ လေးနက်စွာ ပြောသောစကားကို ကြားလျှင် လျိုချန်းယွီက အံ့အားသင့် သွားသည်။
အရှေ့မြေရိုင်းဒေသက အတော်ဆုံး ပါရမီရှင်များပင်လျှင် ရီဖူရှင်း၊ ယူချင်းတို့နှင့် နှိုင်းယှဉ်ရန် ခက်ခဲသည်တဲ့လား။ ရီဝူချင်းက တစ်နည်းအားဖြင့် ယုံကြည်မှုရှိလွန်းကာ မာနကြီးပေသည်။ သို့သော်လည်း သူနှင့် စကားများများ ပြောဖြစ်သောအခါ သူက ထင်သလောက် မာနကြီးသူ မဟုတ်ကြောင်း သိလာရသည်။ ဤသို့ဆိုလျှင် သူက အဘယ်ကြောင့် ဤသို့ ပြောရသနည်း။ သူက ရီဖူရှင်းနှင့် ယူချင်းအပေါ် ဤမျှ ယုံကြည်သည်လော။
“လီတောင်ယွန်က အရှေ့မြေရိုင်းဒေသမှာ အတော်ဆုံးလို့ ပြောလို့မရဘူး…”လျိုချန်းယွီက ပြောသည်။ ရီဝူချင်းက လီတောင်ယွန်နှင့် တစ်ကြိမ် တစ်ခါက တိုက်ခိုက်ဖူးသည်။
“ကျုပ်သိတယ်… မဟုတ်ရင် သူက ကျုပ်ကြောင့် ဒဏ်ရာရမှာ မဟုတ်ဘူး…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။ “လီတောင်ယွန်က သူတို့နဲ့ ပါရမီချင်း နှိုင်းယှဉ်ဖို့ မထိုက်တန်ဘူး…”
အဝေးမှ ထိုပုံသဏ္ဌာန်ကို ကြည့်ကာ လျိုချန်းယွီ ပထမဆုံးအကြိမ် စိတ်လှုပ်ရှား သွားသည်။
ရီဝူချင်း ပြောသလို သူက အမှန်တကယ် အရည်အချင်း ရှိသည်လား။
***