ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သည်နှင့် တစ်ပြိုင်နက် သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးတောက်မှာ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ညာဘက်ပခုံးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။
ထိုအခါ ညနတ်ဆိုးဧကရာဇ်ကြီးအား လွှမ်းခြုံထားသည့် အပြာရောင်ရေခဲထုကြီးမှာ ချက်ချင်းဆိုသလိုပင် အရောင်ပြောင်းလဲသွားတော့သည်။
ထို အနက်ရောင် မီးတောက်မှာမူ အမှောင်မီးတောက် ဖြစ်နေ၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာ အဆုံးမဲ့မျိုးနွယ်စုနှင့် ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ခဲ့ဖူးသည့် အမှောင်ဂိုဏ်းအကြောင်း နားစွန်နားဖျား ကြားဖူးထားပါသော်လည်း သူ၏ ရာထူးအဆင့်အတန်းနှင့် ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ပါးနေသောကြောင့် အမှောင်မီးတောက်အား ချက်ချင်းမှတ်မိနိုင်သည့် အနေအထားတွင် မရှိပေ။ သို့သော်ငြားလည်း သူသည် အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ရတော့မည့်အလား ခံစားလိုက်ရသဖြင့် ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားရ၏။
ဝမ်ပေါင်လဲ့ဆီမှ ထွက်ပေါ်လာသည့် အနက်ရောင်မီးတောက်မှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားပြီးနောက် သူ့အား လွှမ်းခြုံထားသည့် ရေခဲထုကြီးမှာလည်း အလျင်အမြန် ပျောက်ကွယ်သွားရတော့သည်။
၎င်းမှာ အရည်ပျော်ကျသွားခြင်းမဟုတ်ဘဲ ပျောက်ကွယ်သွားခြင်းဖြစ်၏။
အရည်ပျော်ကျခြင်းဆိုသည်မှာ ထိုရေခဲထုမှာ အပူချိန်မြင့်သော မီးတောက်တစ်နှင့် ကြုံတွေ့လိုက်ရသဖြင့် ရေအဖြစ်သို့ ပြောင်းလဲသွားခြင်းကို ဆိုလိုခြင်းဖြစ်သည်။ သို့သော်… ပျောက်ကွယ်သွားခြင်း ဆိုသည့် စကားလုံးမှာမူ လုံးဝ အဓိပ္ပါယ်မတူတော့ပေ။
အပူချိန်ဆိုသည့်အရာမှာ နှိုင်းရဂုဏ်သတ္တိတစ်ခု မဟုတ်ပါလော။ တာအိုဘုန်းတော်ကြီးယိုရန်၏ အပြာရောင် ရေခဲများမှာ အပူချိန်နိမ့်သည့်ပုံ ပေါ်ပါသော်လည်း ၎င်းတို့ထက် ပို၍ အေးစက်သည့် အရာဝတ္ထုတစ်ခုခုနှင့် ထိတွေ့လိုက်ရမည်ဆိုပါက ၎င်းတို့မှာ ထို အရာဝတ္ထုအတွက် မီးကဲ့သို့ ဖြစ်သွားမည်သာ ဖြစ်သည်။
ယခုတွင် အပြာရောင်ရေခဲများမှာ ပျောက်ကွယ်နေပြီဖြစ်သည်။ အဝေးမှ ကြည့်လိုက်မည်ဆိုပါက ၎င်းတို့မှာ အငွေ့ပျံကာ အာကာသထဲသို့ လွင့်ပါးပျောက်ကွယ်သွားသည်ဟုပင် ထင်ရပေသည်။ ထို့ကြောင့် ယခုတွင် ၎င်း ချုပ်နှောင်ထားခဲ့သည့် ညနတ်ဆိုးဧကရာဇ်ကြီးနှင့် ဝမ်ပေါင်လဲ့တို့မှာ ပြန်လည်ပေါ်ပေါက်လာပြီ ဖြစ်သည်။ အနက်ရောင်မီးတောက်များမှာမူ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သောကြောင့် လမင်းခံတပ်ကြီးအား လွှမ်းခြုံထားသည့် အပြာရောင် ရေခဲများမှာလည်း အလျင်အမြန် ပျောက်ကွယ်သွားကြတော့သည်။
ထိုမြင်ကွင်းကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။
” အဲဒီမီးတောက်က ဘာနဲ့လုပ်ထားတာလဲဟ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ရင်ခုန်နှုန်းများ မြန်ဆန်လာပြီး မှင်တက်နေရပြီ ဖြစ်သည်။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူများမှာလည်း တုန်လှုပ်ချောက်ချားသွားရ၏။ သောကြာဂြိုဟ်မှာလည်း မျှော်လင့်ချက်များ ပြန်လည်ရှင်သန်လာပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ နိမ့်ကျလွန်းနေသောကြောင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိနေ၏။ အကယ်၍ သူသာ လက်ရှိထက် ပို၍အစွမ်းနေပြီး အမှောင်မီးတောက်၏ စွမ်းအားများကို ပို၍ ထုတ်လွှတ်နိုင်မည်ဆိုပါက ဤတိုက်ပွဲကြီးအား ချက်ချင်း အဆုံးသတ်ပစ်နိုင်စွမ်း ရှိပေသည်။
ထို့နောက် သူသည် စိတ်ဓာတ်ပြတ်သားမှုအပြည့်ရှိသော မျက်ဝန်းများဖြင့် တွေဝေတုံ့ဆိုင်းမနေဘဲ သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲတွင် ကျန်ရှိနေသေးသည့် ကြာစေ့များအားလုံးကို ခြေမွှပစ်လိုက်တော့သည်။
ထိုအခါ ညနတ်ဆိုးဧကရာဇ်ကြီးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏ မျက်ဝန်းများထဲမှ အနီရောင်အလင်းရောင်များမှာလည်း မီးအိမ်နှစ်လုံးကဲ့သို့ စူးရှတောက်ပလာတော့သည်။ ထို အလင်းရောင်များ စစ်မြေပြင်ကြီးတစ်ခုလုံးအား လွှမ်းခြုံသွားချိန်တွင် အိပ်မောကျနေခဲ့သည့် အသိစိတ်တစ်ခုမှာ အပြင်းအထန် ရုန်းကန်လှုပ်ရှားနေသည့်ပုံပင်။ ထို့ကြောင့် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် လူတစ်ယောက် အားပါပါနှင့် အတွန်းခံလိုက်ရသဖြင့် နိုးထလာတော့မည့်ပုံ ပေါက်နေတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် အမှောင်မီးတောက်အား ထုတ်လွှတ်ကာ သူ၏ ကြာစေ့များအားလုံးကို ခြေမွှပစ်လိုက်သည့် အကြောင်းအရင်းမှာ… ညနတ်ဆိုးဧကရာဇ်ကြီး၏ ဝိညာဉ်အစစ်အား လှုပ်နှိုးရန် ဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ဝိညာဉ်အစစ်အား နိုးထလာအောင်လုပ်ပြီး သူ၏ စွမ်းအားအစစ်အမှန်အား ထုတ်သုံးကာ ရန်သများကို တိုက်ခိုက်တော့မည် ဖြစ်သည်။ ၎င်းမှာ သူ၏ နောက်ဆုံးသော ဝှက်ဖဲကြီး ဖြစ်၏။
တာအိုဘုန်းတော်ကြီးယိုရန်မှာမူ ထိုကဲ့သို့ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည့် အန္တရာယ်ကြီးကြောင့် အထိတ်တလန့် ဖြစ်သွားရပြီး မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် သောကြာဂြိုဟ်ပေါ်သို့ အာရုံရောက်နေ၍ မဖြစ်တော့ပေ။ ထို့ကြောင့် သူသည် မန္တန်လက်ကွက်များ အလျင်အမြန် ဖော်လိုက်သောအခါ သေမင်းတာအို စစ်သင်္ဘောကြီးပေါ်ရှိ ချပ်ပြားဝိုင်းကြီးသုံးခုမှာ ဝင်းလက်တောက်ပလာကြတော့သည်။ ယခုအကြိမ်တွင်မူ ၎င်းတို့မှာ အပြာရောင် အလင်းတန်းကြီးအား ထုတ်လွှတ်ခဲ့ခြင်း မရှိဘဲ သောကြာဂြိုဟ်ပေါ်တွင် ရစ်ဝဲနေသည့် အချုပ်အနှောင်ကြီးနှင့် တူသော အချုပ်အနှောင်တစ်ခုအား ဆင့်ခေါ်လိုက်ခြင်း ဖြစ်သည်။ ၎င်းမှာ ရှေ့သို့ ပျံထွက်လာကာ ဝမ်ပေါင်လဲ့၏ အပေါ်တည့်တည့်တွင် ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ အနက်ရောင်မီးတောက်များကို ထုတ်လွှတ်၍ ဝမ်ပေါင်လဲ့အား တားဆီးကာ သန့်စင်နိုင်ရန် ကြိုးပမ်းနေတော့သည်။
” ငါ့ကို ဘယ်သူမှ တားလို့မရဘူးကွ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်ဝန်းများ အရောင်လက်သွားသဖြင့် သူ၏ မျက်ဝန်းများထဲတွင် ကိန်းအောင်နေသည့် အပိုင်းအစလေးများမှာလည်း လင်းလက်တောက်ပလာကြသည်။ သူသည် ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထိုသုံးလိုက်၏။ ထို့နောက် သူသည် မြားတစ်စင်းကဲ့သို့ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်ပျံသန်းလာတော့သည်။
သူသည် အခြေအနေကြီးတစ်ခုလုံးကို သုံးသပ်ပြီးသွားပြီဖြစ်သည်။ ပြည်ထောင်စုကြီးအား ဖျက်ဆီးချေမှုန်းရန်မှာ ခက်ခဲပါသော်လည်း မဖြစ်နိုင်သည့် အလုပ်တစ်ခုတော့ မဟုတ်ပေ။ သို့သော် စစ်ပွဲကြီး တစ်ခုလုံးထဲတွင် ဝမ်ပေါင်လဲ့မှာ အစိုးရိမ်ရဆုံးလူ ဖြစ်ပေသည်။ အကယ်၍ သူ့ဘက်မှ အမှားတစ်ခုခု လုပ်မိသည်နှင့် တိုက်ပွဲကြီး၏ အဖြေမှာ လုံးဝပြောင်းလဲသွားနိုင်ပေသည်။
” ငါ မင်းကို အသက်ရှင်ခွင့် မပေးနိုင်ဘူး ”
တာအိုဘုန်းတော်ကြီးယိုရန် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေစဉ် ဝမ်ပေါင်လဲ့မှာ မတ်တတ်ထလာပြီး ညနတ်ဆိုးဧကရာဇ်ကြီး၏ ပခုံးပေါ်တွင်ရပ်လိုက်၏။ ထို့နောက် သူသည် မျက်ဝန်းများ အရောင်တောက်ပသွားပြီး သူ၏ လက်နှစ်ဖက်အား ရှေ့သို့ ဆန့်ထုတ်လိုက်တော့သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ အမှောင်မီးတောက်မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ထွက်ပေါ်လာ၏။ ထို့အပြင် ထိုမီးတောက်များနှင့်အတူ ဝိညာဉ်လမ်းညွှန်ခြင်းပညာရပ်၏ စွမ်းအားများလည်း ထွက်ပေါ်လာသေးသည်။ ထိုစွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ ကြာစေ့လေးထဲမှ စွမ်းအားများနှင့် ပေါင်းစည်းသွားပြီးနောက် ဝိညာဉ်များကို ဆင့်ခေါ်နိုင်စွမ်းရှိသည့် စွမ်းအင်တစ်မျိုးအဖြစ် ပြောင်းလဲသွား၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တည်ကြည်စွာ ရေရွတ်လိုက်သည် ” ချန်မော့ဖုန်း ”
ဝမ်ပေါင်လဲ့၏ စကားသံ အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွားချိန်တွင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားရ၏။ ထို့နောက် သူသည် ကြောက်မက်ဖွယ်ရာ အသံကြီးဖြစ် အသံကုန် အော်ဟစ်လိုက်တော့သည်။
” ဝိညာဉ်၊ ပြန်လာစေ ” ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်၏။ သူ၏စကားသံမှာ ဝိညာဉ်များကို သူ ဆန္ဒရှိသည့်အတိုင်း ထိန်းချုပ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့နောက် သူသည် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ အိပ်မောကျနေခဲ့သည့် ဝိညာဉ်တစ်ခုမှာ… နိုးထလာတော့သည်။
ထိုအချိန်တွင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ခေါင်းမော့ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ အော်ဟစ်လိုက်ပြန်သည်။ သူ၏ အော်သံကြီးမှာ စစ်မြေပြင်ကြီးထဲတွင် ပဲ့တင်ထပ်သွားသဖြင့် ကျင့်ကြံသူများအားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားကြ၏။ ထိုအော်သံကြီးမှာ ဝမ်ပေါင်လဲ့၏ စကားသံများကို လွှမ်းခြုံသွားပြီး စွမ်းအင်လှိုင်းများအား အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားစေ၏။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ ကြောက်မက်ဖွယ်ရာ အငွေ့အသက်ကြီးတစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့သည်။
ထို အငွေ့အသက်ကြီးမှာ စစ်မြေပြင်ထဲရှိ လူတိုင်းအား လွှမ်းခြုံသွား၏။ ထို့ကြောင့် ကျင့်ကြံသူများအားလုံးမှာ အသားများ တဆတ်ဆတ် တုန်ရီလာကြတော့သည်။
တာအိုဘုန်းတော်ကြီးယိုရန်ပင်လျှင် ရှေ့သို့ပျံသန်းသွားနေရင်း တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရ၏။ ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားသွားရပြီး ညနတ်ဆိုးဧကရာဇ်ကြီး၏ အနီးသို့ မကပ်ရဲတော့ဘဲ နောက်သို့ အလိုလို ဆုတ်ခွာမိသွားတော့သည်။ ထိုအချိန်တွင် အနီရောင် အမှတ်အသားတစ်ခုမှာ သူ၏နဖူးပေါ်၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ သူသည် ထို အမှတ်အသားကို သတိမထားမိသည့်ပုံပင်။ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲတွင်မူ တောင်ထိပ်တစ်ခုပေါ်၌ ထိုင်နေသည့် အမျိုးသမီးတစ်ယောက်မှာ ဖြည်းဖြည်းချင်း ခေါင်းမော့လာ၏။ သူမသည် ခံစားချက်မျိုးစုံ ရောယှက်နေသည့် မျက်ဝန်းများဖြင့် စစ်မြေပြင်ကြီး၏ အပြင်ဘက်ရှိ ကမ္ဘာကြီးအား လှမ်းကြည့်လိုက်သည်။
ထိုအချိန်တွင် ညနတ်ဆိုးဧကရာဇ်ကြီး၏ မျက်ဝန်းများထဲမှ အနီရောင်အလင်းရောင်များမှာ ချက်ချင်းဆိုသလိုပင် မှေးမှိန်ပျောက်ကွယ်သွားရ၏။ ၎င်းတို့၏နေရာတွင် ဖျော့တော့တော့ အလင်းရောင်များ အစားထိုးဝင်ရောက်လာသဖြင့် သူ၏မျက်ဝန်းများမှာ ဇဝေဇဝါ ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။
ထိုအခါ စစ်မြေပြင်ကြီးမှာ သုဿာန်တစပြင်အလား ငြိမ်ကျသွား၏။ ဖုန့်ချိုးရန်မှာလည်း အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေသည့်တိုင်အောင် ညနတ်ဆိုးဧကရာဇ်ကြီးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များကြောင့် စကားမပြောနိုင်ဘဲ ဖြစ်နေရ၏။ သူ၏ အငွေ့အသက်ကြီးမှာ လူတိုင်းအား ဖိနှိပ်ချုပ်တည်းထားသည် မဟုတ်ပါလော။ ထိုအချိန်တွင် မည်သူကမှ လီဝူချန်းအား သတိမထားမိကြပေ။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး သူ၏ မျက်ဝန်းများထဲတွင် ရှိနေခဲ့သည့် အချုပ်အနှောင်တစ်ခုမှာ ကြေမွပျက်စီးသွားသဖြင့် သူ၏ အသိစိတ်ထဲ၌ မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာသည့်ပုံပင်။ ထို့နောက် သူသည် စာနာသနားစိတ်များ ကိန်းအောင်းနေသည့် မျက်ဝန်းတစ်စုံဖြင့် ညနတ်ဆိုးဧကရာဇ်ကြီးအား လှမ်းကြည့်ကာ ရေရွတ်လိုက်၏။
” ချန်မော့ဖုန်း… ”
ထိုသို့ဖြင့် လူတိုင်း အံ့သြတုန်လှုပ်နေကြစဉ် ချန်မော့ဖုန်းမှာ ခေါင်းငုံ့ကာ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ကျိန်စာ အချုပ်အနှောင်များအား ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် ကြည့်လိုက်၏။ ထို့အပြင် သူသည် သူ့အား ချုပ်နှောင်ထားသည့် သံကြိုးများကိုလည်း လှမ်းကြည့်လိုက်သေးသည်။ ထို့နောက် သူသည် ဘေးသို့လှည့်လာပြီး သူ၏ပုခုံးပေါ်တွင် ရပ်နေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေလိုက်၏။ ထိုအကြည့်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲအထိ ထိုးဖောက်မြင်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ကံမကောင်းစွာဖြင့် သူသည် ပြန်လည်နိုးထလာပြီ ဖြစ်သည့်တိုင်အောင် စိတ်နှင့်ကိုယ်နှင့် မကပ်သေးသောကြောင့် ဇဝေဇဝါဖြစ်နေရဆဲပင်။
ဝမ်ပေါင်လဲ့မှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူသည် ချန်မော့ဖုန်း၏ ပခုံပေါ်တွင် ရပ်နေသောကြောင့် ချန်မော့ဖုန်း၏ အငွေ့အသက်များ၏ ပြင်းအားကို အပြည့်အဝ ခံစားနေရ၏။ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၊ အမှောင်မီးတောက်နှင့် သူ၏ အစိမ်းရောင်ကြာပွင့်လေးနှင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ကြားရှိ အချိတ်အဆက်ကြောင့်သာ သူသည် ယခုအချိန်အထိ မတ်တတ်ရပ်နိုင်စွမ်း ရှိနေရခြင်း ဖြစ်ပေသည်။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီးနှင့် အကြည့်ချင်း ဆုံသွားသောအခါ ကြိုးစားရုန်းကန်၍ သူ၏လက်နှစ်ဖက်အား မြှောက်လိုက်ပြီး ညာလက်သီးပေါ် ဘက်လက်ဝါးတင်ကာ ဦးညွှတ်အရိုအသေပေးလိုက်တော့သည်။
” ကွန်တော်က ကျယ်ပြန့်တာအိုနန်းတော် ဂိုဏ်းသားတစ်ယောက်ဖြစ်တဲ့ ဝမ်ပေါင်လဲ့ပါ။ တာအိုဘုန်းတော်ကြီးယိုရန်က ဂိုဏ်းကို သစ္စာဖောက်ခဲ့ပြီးတော့ တာအိုနန်းတော်ကို အန္တရာယ်နွံထဲ ဆွဲချခဲ့တာပါ။ အဲတာကြောင့် ကျွန်တော့်မှာ ရွေးချယ်စရာ မရှိတော့တာမလို့ အကြီးအကဲကြီးကို နှိုးခဲ့ရတာပါ။ ကျေးဇူးပြုပြီးတော့ ကျွန်တော်တို့ဘက်က ကူညီပေးပြီး တာအိုဘုန်းတော်ကြီးယိုရန်ကို သတ်ဖြတ်ပေးဖို့ ကျွန်တော် တောင်းဆိုပါရစေ ”
ချန်မော့ဖုန်းမှာမူ ဝမ်ပေါင်လဲ့၏ စကားများကို မကြားနိုင်သည့်ပုံပင်။ သူသည် ဝမ်ပေါင်လဲ့ဆီမှ အကြည့်လွှဲလိုက်ပြီးနောက် စစ်မြေပြင်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ သူသည် လီဝူချန်းအား မြင်လိုက်ရသောအခါ သူ့အား တစ်ခဏမျှ စိုက်ကြည့်နေလိုက်ပြီးနောက် နောက်ဆုံးတွင် သူ၏အကြည့်မှာ တာအိုဘုန်းတော်ကြီးယိုရန်ပေါ်သို့ ကျရောက်သွားတော့သည်။ တာအိုဘုန်းတော်ကြီးယိုရန်မှာမူ တစ်ကိုယ်လုံး တုန်ရီနေပြီး ကြောက်စိတ်များကြောင့် ဦးရေခွံများ ထုံကျဉ်နေရ၏။ ချန်မော့ဖုန်းမှာ တာအိုဘုန်းတော်ကြီးယိုရန်၏ နဖူးပေါ်မှ အမှတ်အသားကို မြင်လိုက်ရသောအခါ နိုးနိုးကြားကြား ဖြစ်သွားသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာမူ ချန်မော့ဖုန်းတစ်ယောက် နိုးထလာပြီး သူ၏ အမိန့်များအား လျစ်လျူရှုနေသည်ကို မြင်လိုက်ရသောအခါ အရူးမီးဝိုင်းဖြစ်သွားရ၏။ သူသည် သူ ခြေမွှထားခဲ့သည့် ကြာစေ့လေးများ၏ အစွမ်းများမှာ လွင့်ပါးပျောက်ကွယ်နေပြီဖြစ်ကြောင်း အာရုံခံမိနေသည် မဟုတ်ပါလော။ ၎င်းတို့မှာ အသက်ရှူကြိမ် ဆယ်ကြိမ်အတွင်းတွင် လုံးဝကုန်ဆုံးသွားတော့မည်ဖြစ်သည်။ ထိုအခါ ချန်မော့ဖုန်းမှာလည်း ပြန်၍ အိပ်မောကျသွားမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် စိုးရိမ်စိတ်များ ကြီးထွားလာရသဖြင့် ချန်မော့ဖုန်း ဇဝေဇဝါ ဖြစ်နေသည့် အချက်ကို အခွင့်ကောင်းယူကာ သူ့အား နောက်ထပ်တစ်ကြိမ်ထပ်၍ လှမ်းခေါ်လိုက်၏။
” အကြီးအကဲကြီးခဗျား။ ကျေးဇူးပြုပြီးတော့ သူ့ကို သတ်ပေးပါ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲမှ အစိမ်းရောင်ကြာပွင့်လေးအား အပြင်းအထန် တုန်ရီသွားစေလိုက်၏။ ထို့အပြင် သူသည် သူ၏ အမှောင်မီးတောက်ကိုပါ ထုတ်သုံးလိုက်သေးသည်။ ထိုအခါ ချန်မော့ဖုန်းမှာ အနည်းငယ်ခန့် တုန်ရီသွားကာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပလာပြီး သူ၏ ညာဘက်လက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်တော့သည်။
လမင်းကြီးပေါ်ရှိ သားရဲများအားလုံးမှာ ထိုလက်ကြီးကို မြင်လိုက်ရချိန်တွင် တစ်ကိုယ်လုံး တုန်ရီသွားကြ၏။ ထို့နောက် လျှို့ဝှက်ဆန်းကြယ် စွမ်းအားတစ်မျိုးမှာ ၎င်းတို့အား လှမ်း၍ ဆွဲငင်လိုက်သည့်ပုံပင်။ ထို့ကြောင့် ၎င်းတို့မှာ မှေးမှိန်ပျောက်ကွယ်သွားကာ အလင်းစက်လုံးများအဖြစ် ပြောင်းလဲသွားကြပြီး အာကာသကြီးထဲသို့ မျောလွင့်သွားကြတော့သည်။
ထို အလင်းစက်လုံးများ၏ အရေအတွက်မှာ သိန်းဂဏန်းအထိ ရှိနေ၏။ ၎င်းတို့မှာ အာကာသကြီးထဲတွင် စုဝေးကာ အလင်းရောင် မြစ်တစ်စင်းအသွင် ပြောင်းလဲသွားကြပြီး ညနတ်ဆိုးဧကရာဇ်ကြီး၏ ဘေးသို့ စီးဆင်းသွားတော့သည်။ သို့ဖြစ်ရာ ၎င်းတို့မှာ ယခင်ကတည်းက ညနတ်ဆိုးဧကရာဇ်ကြီး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ရှိနေခဲ့ကြသည့် ပုံပင်။ ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီး သူ၏ ညာဘက်လက်အား အဆုံးအထိ မြှောက်ပြီးသွားချိန်တွင် ထို အလင်းရောင်မြစ်ကြီးမှာ သူ၏ လက်ဖဝါး ရှိနေသည့် နေရာအထိ မြင့်တက်သွားပြီး အကြည်ရောင် ပုံရိပ်ယောင် လက်ချောင်းတစ်ချောင်းအသွင် ပြောင်းလဲသွားတော့သည်။
ထိုလက်ချောင်းကြီး၏ အရွယ်အစားမှာ လမင်းကြီးနှင့် ယှဉ်လိုက်ပါက သေးငယ်ပါသော်လည်း ၎င်း၏ ဆယ်ပုံပုံတစ်ပုံခန့် ရှိနေသည်ဖြစ်ရာ လူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရဆဲပင်။ ယခုတွင် ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်လာနေပြီဖြစ်သည်။