အခန်း (၅၈) ကျုပ်လည်းတမင်လုပ်တာ မဟုတ်ပါဘူး
သူ့ကို တိတ်တဆိတ် စောင့်ကြည့်နေသူများရှိသည်ကို ရိပ်မိလိုက်သော်လည်း ကျန်းလန် ထိတ်လန့်တုန်လှုပ်သွားခြင်း မရှိပေ။
သို့သော်… သူ တောနက်ထဲသို့ ဆက်ဝင်မသွားရန် ဆုံးဖြတ်လိုက်သည်။
ရေခဲပုဇဉ်းရင်ကွဲတောအုပ်က အန္တရယ်ရှိသည့်နေရာတစ်ခုမဟုတ်ပေ။
ဤတောအုပ်ထဲတွင် ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ကို တိုက်ခိုက်နိုင်သည့် သတ္တဝါတစ်ကောင်မှ မရှိပေ။
သို့သော်… ယခု တောအုပ်အတွင်း ပြောင်းလဲမှု အနည်းငယ်ဖြစ်ပေါ်နေကြောင်း ကျန်းလန် အာရုံခံမိသည်။
ကျန်းလန်က မလိုအပ်ဘဲ ပြဿနာဖြစ်ချင်သူ မဟုတ်ပေ။ ထို့ကြောင့်… အချိန်မီ ပြန်လည်ထွက်ခွာသွားရန် စဉ်းစားထားသည်။
ရေခဲပုဇဉ်းရင်ကွဲတောအုပ်က အတော်လေး ကျယ်ပြန့်ပြီး ရေခဲပုဇဉ်းရင်ကွဲများလည်း ပေါများလေသည်။ ထို့ကြောင့်… ပန်းဇဉ်းရင်ကွဲ (၂)ကောင်ခန့် အလျှင်အမြန်ဖမ်းဆီးရန်မှာ ကျန်းလန်အတွက် အပန်းမကြီးပေ။
သို့သော်… အခြားအလုပ်များမလုပ်ခင် စနစ်တွင် အရင်ဆုံး မှတ်ပုံတင်ရမည် ဖြစ်သည်။
“စနစ်… ရေခဲပုဇုဉ်းရင်ကွဲတောအုပ်မှာ မှတ်ပုံတင်မယ်…”
[ ဒင် ! ]
[ မှတ်ပုံတင်ခြင်း အောင်မြင်ပါတယ် ၊ မဟာတာအိုမှ ပေးအပ်သည့်လက်ဆောင်ကိုရရှိသည့်အတွက် စနစ်ပိုင်ရှင်ကို ဂုဏ်ပြုပါတယ်… ၊ နတ်တန်ခိုးစွမ်းအားတစ်ခုဖြစ်တဲ့ ‘ဝိညာဉ်ဖိနှိပ်စွမ်းအား’ ကို ရရှိပါတယ်…]
[ ဝိညာဉ်ဖိနှိပ်စွမ်းအား : မန္တန်များနဲ့ ကျင့်စဉ်များကို ထောက်ပံ့ပေးတဲ့ တန်ခိုးစွမ်းအးတစ်ခု ဖြစ်တယ် ၊ အခြားသော မန္တန်များ ၊ ကျင့်စဉ်များနှင့် ပေါင်းစပ်အသုံးပြုခြင်းအားဖြင့် လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဖိနှိပ်ထားနိုင်ရုံသာမက တစ်စစီဖျက်စီးပစ်နိုင်သည့် စွမ်းအားကို ရရှိမှာ ဖြစ်တယ်…]
စနစ်မှ စကားသံ အဆုံးသတ်သွားသည်နှင့် ကျန်းလန် အနည်းငယ် အံ့အားသင့်သွားသည်။
သူရရှိလိုက်သည့်အရာက နတ်တန်ခိုးစွမ်းအားတစ်ခု ဖြစ်နေသည် မဟုတ်ပါလား…။
ယခင်က ရရှိဖူးသည့် သစ်ရွက်အမြင်တန်ခိုးစွမ်းအားကဲ့သို့သော တန်ခိုးစွမ်းအားတစ်မျိုး ဖြစ်လေ၏။
“ဝိညာဉ်ဖိနှိပ်စွမ်းအား… တဲ့… ၊ စနစ်က ဖော်ပြချက်အရဆိုရင်တော့ လူတစ်ယောက်ရဲ့ ဝိညာဉ်ကို ဦးတည်တိုက်ခိုက်နိုင်တဲ့ စွမ်းအားပဲ… ၊ ဝိညာဉ်ဖျက်ကြာပွတ်လို တန်ခိုးစွမ်းအားမျိုးလား မသိဘူး…”
ကျန်းလန် ထိုတန်ခိုးစွမ်းအားကို ချက်ချင်းပင် လေ့လာသင်ယူလိုစိတ် ဖြစ်မိသည်။
သို့သော်… တောအုပ်ထဲတွင် အချိန်ကြာကြာနေမိပါက မည်သည့်ပြဿနာနှင့် ရင်ဆိုင်ရမည်လဲ မပြောတတ်ပေ။
ယခုပင် သူ့ကို တစ်စုံတစ်ယောက်က နောက်ကျောဘက်မှ ချောင်းမြောင်းစောင့်ကြည့်နေပြီ မဟုတ်ပါလား။
စနစ်တွင် မှတ်ပုံတင်ပြီးသည်နှင့် ကျန်းလန် နောက်သို့ လှည့်ကြည့်လိုက်ပြန်သည်။
ထိုအခါ… သူ့နောက်တွင် မိစ္ဆာသားရဲတစ်ကောင် ရောက်နေသည်ကို တွေ့လိုက်ရသည်။
ထိုသတ္တဝါ၏ မျက်နှာက စိမ်းဖန့်ဖန့်အရောင်ရှိပြီး ပါးစပ်တွင် ရှည်လျားချွန်ထက်သည့်အစွယ်များ ပါရှိသည်။ သို့သော်… ရွှေပြဒါးအမြုတေအဆင့်ပင် မရောက်သေးသည့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်သည်။
“ရွှေပြဒါးအမြုတေအဆင့်တောင် မရှိသေးတဲ့ မိစ္ဆာသားရဲတစ်ကောင်က ငါ သတိမထားမိခင်မှာ ငါ့နောက် ရောက်နေပါလား… အင်း… စဉ်းစားစရာပဲ…”
ကျန်းလန် သံသယဝင်သွားသည်။
ထို့နောက် ကျန်းလန်က စိတ်အာရုံအမြင်စွမ်းအားအသုံးပြုကာ မိစ္ဆာသားရဲကို အကဲခတ်လေ့လာလိုက်သည်။
ထိုအခါ… မိစ္ဆာသားရဲမှာ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သိလိုက်ရသည်။
ကျန်းလန်က ထိုမိစ္ဆာသားရဲကို တစ်ချက်ကြည့်လိုက်ပြီး…
“ကျုပ်က ဖြတ်သွားဖြတ်လာတစ်ယောက်ပါ… ၊ ကျုပ် ဒီနေရာကိုလာတာ မင်း သဘောမကျဘူးဆိုရင် ကျုပ် အခုပဲ ပြန်ပါတော့မယ်…”
ထိုသတ္တဝါက မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ဘဲ ကျန်းလန်ကို ငေးစိုက်ကြည့်နေလေသည်။
သတ္တဝါက အန္တရယ်အပြုကြောင်းသေချာတော့မှ ကျန်းလန် ခြေတစ်လှမ်းချင်း နောက်ပြန်ဆုတ်ပြီး တောအုပ်ထဲမှ ထွက်ခွာလာခဲ့သည်။
ကျန်းလန် ထိုသတ္တဝါနှင့် ရန်သူ မဖြစ်ချင်ပေ။
ထိုသတ္တဝါကလည်း သူ့ကို ရန်ပြုသတ်ဖြတ်လိုဟန် မရှိပေ။ ကျန်းလန် တဖြည်းဖြည်းနောက်ဆုတ်သွားသည်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့လေသည်။
သို့သော်… ကျန်းလန် နောက်ပြန်ဆုတ်သွားစဉ်မှာပင် မိစ္ဆာသားရဲ၏ အနောက်ဘက်မှ လူတစ်ယောက် ခုန်ထွက်လာလေ၏။
ထိုသူက မိစ္ဆာသားရဲကို အလွန်ပြင်းထန်လှသည့် ဓားချက်ဖြင့် စတင်တိုက်ခိုက်လိုက်သည်။
ထိုသူက… ရွှေပြဒါးအမြုတေအဆင့် ၊ ကနဦးအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ထိုသူက မိစ္ဆာသားရဲကို သူ၏ ဓားစက်ဝန်းထဲတွင် ပိတ်ဆို့ထားလိုက်ပြီး ကျန်းလန်ရှိရာသို့ လှမ်းကြည့်လိုက်ရင်း…
“တာအိုရောင်းရင်း… ၊ ဒီသတ္တဝါကို မကြောက်ပါနဲ့… မင်းကို ကျုပ် ကူညီပါ့မယ်…”
ဟု ပြောလိုက်၏။
ကျန်းလန်က ထိုမိစ္ဆာသားရဲကို ကြောက်ရွံ့သောကြောင့် နောက်ဆုတ်သွားဟု ထိုသူက ထင်မှတ်နေခြင်း ဖြစ်သည်။
ထို့ပြင်… ထိုသူက အစိမ်းရောင်မျက်နှာနှင့် အစွယ်ရှည်များရှိသည့် မိစ္ဆာသားရဲကို သတ်ဖြတ်ပစ်ချင်နေဟန် ရှိသည်။
မိစ္ဆာသားရဲက တစ်ချက်မာန်ဖီလိုက်၏။
သူ့ကိုကြည့်ရသည်မှာ ရန်သူကို ပြန်လည်တိုက်ခိုက်ချင်နေသည့်တိုင် စွမ်းအားအလုံအလောက် ရှိပုံမပေါ်ပေ။ အားမတန် မာန်လျှော့ထားရသည့်နှယ် ဖြစ်၏။
ထိုအချိန်မှာပင်… ကျန်းလန် ကျောရိုးတစ်လျှောက် အေးစိမ့်မှုကို ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော်… တောအုပ်ထဲမှ မရေမတွက်နိုင်သည့် မျက်လုံးများက သူ့ကို ဝိုင်းပြီးကြည့်နေကြကြောင်း အာရုံခံလိုက်မိသောကြောင့် ဖြစ်သည်။
ထိုမျက်လုံးများက ရန်သူတစ်ယောက်ကိုစောင့်ကြည့်နေသည့်အလား ကျန်းလန်ကို ကြည့်နေကြခြင်း ဖြစ်သည်။
“ဒီလူက တမင်သက်သက် ငါ့ကိုအချိန်ဆွဲဖို့ ကြိုးစားတာလား…”
ကျန်းလန် တွေးလိုက်သည်။
ထိုသူသာ မိစ္ဆာသားရဲကို သတ်ဖြတ်ပစ်လိုက်ပါက သူလည်း ကြားထဲကဒုက္ခရောက်နိုင်ကြောင်း ကျန်းလန် နားလည်လိုက်သည်။
ထို့ကြောင့်… ချက်ချင်းပင် မျောက်ဝံဝိညာဉ်မန္တန်ကိုအသုံးပြုကာထိုသူ့အနားသို့ ခုန်ဝင်လိုက်သည်။
ထိုသူက မိစ္ဆာသားရဲကို သူ၏ ဓားဖြင့် ထိုးစိုက်သတ်ဖြတ်ရန် ဟန်ပြင်နေစဉ် ကျန်းလန်က ထိုသူ၏ ဓားကို ရိုက်ထုတ်လိုက်ပြီး မိစ္ဆာသားရဲကို ကာကွယ်ပေးလိုက်သည်။
ကျန်းလန် ရုတ်တရက် ခုန်ဝင်လာသောကြောင့် ထိုသူ အလွန်အမင်း အံ့သြတုန်လှုပ်သွားသည်။
“ဖောင်း…”
ကျန်းလန်က ထိုသူကို ချက်ချင်းပင် ခြေထောက်ဖြင့် ကန်ထုတ်ပစ်လိုက်၏။
ပြင်းထန်လှသည့်ခြေကန်ချက်ကြောင့် ထိုသူမှာ အဝေးသို့ လွင့်စင်ထွက်သွားသည်။
“ဝေါ့…”
ထိုသူ မြေပြင်ထက်ပြုတ်ကျသွားပြီး သွေးတစ်ပွက်အန်ချလိုက်သည်။
ကျန်းလန်၏ ခြေကန်ချက်က ပြင်းထန်လွန်းလေရာ ထိုသူမှာ မြေပြင်ထက်မှ တော်တော်နှင့် ထ မလာ နိုင်တော့ပေ။
ထိုသူ လွင့်ထွက်သွားသည်နှင့်… ကျန်းလန် နောက်သို့ အသာခုန်ဆုတ်လိုက်ပြီး မိစ္ဆာသားရဲကို အကဲခတ်လိုက်သည်။
ချက်ချင်းပင်… တောအုပ်အတွင်းမှ မျက်လုံးများက သူ့ကို စူးစိုက်ကြည့်နေကြောင်း ကျန်းလန် အာရုံခံလိုက်မိပြန်သည်။
အလွန်အန္တရယ်များသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ကျန်းလန် သိရှိလိုက်သည်။
မိစ္ဆာသားရဲကလည်း ကျန်းလန်ကို စိုက်ကြည့်နေလေသည်။
သူ့ကိုကြည့်ရသည်မှာ အချိန်မရွေး တိုက်ခိုက်ရန် အသင့်ပြင်ထားဟန် ရှိသည်။
“မင်းကို ဘာမှမလုပ်ဘူး… ၊ မင်းသွားတော့…”
ကျန်းလန်က မိစ္ဆာသားရဲကို ပြောလိုက်၏။
သူ မိစ္ဆာသားရဲကို နှင်ထုတ်လိုက်သည်။
မဟုတ်ပါက… မိစ္ဆာသားရဲက သူ့ကို တိုက်ခိုက်လာနိုင်သည်။ မိစ္ဆာသားရဲက သူ့ကို စတင်တိုက်ခိုက်လာလျှင် နောက်ပိုင်းဖြစ်လာမည့် အကျိုးဆက်များကို ကျန်းလန် မခန့်မှန်းနိုင်ပေ။
မိစ္ဆာသားရဲက ကျန်းလန်ပြောလိုက်သည့်စကားကို နားလည်ပုံရသည်။
ထိုသတ္တဝါက ကျန်းလန်ကို တစ်ချက်ကြည့်လိုက်ပြီး သစ်ပင်တစ်ပင်နောက်သို့ ဝင်ရောက်သွားပြီး သဲလွန်စမကျန် ပျောက်ကွယ်သွားလေတော့သည်။
မိစ္ဆာသားရဲပျောက်ကွယ်သွားသည်ကိုကြည့်ရင်း ကျန်းလန် မျက်မှောင်တစ်ချက် ကြုတ်လိုက်လေသည်။
ထိုသတ္တဝါ ထွက်ခွာသွားသည်နှင့် တောအုပ်တစ်ခုလုံးမှ သူ့ကိုကြည့်နေကြသည့် မျက်လုံးများသည်လည်း ရုတ်တရက် ပျောက်ကွယ်သွားလေတော့သည်။
တောနက်ထဲမှ သူ့ကို စိုက်ကြည့်နေကြသည့် သတ္တဝါများက သူ့ကို တိုက်ခိုက်ရန် ပစ်မှတ်မထားတော့ကြောင်း ကျန်းလန် သိရှိလိုက်သည်။
ထို့နောက်… သူ ကန်ထုတ်လိုက်သည့်လူကို ကျန်းလန် လှမ်းကြည့်လိုက်သည်။
ထိုစဉ်မှာပင်… တောအုပ်ထဲမှ သက်လတ်ပိုင်းလူရွယ်တစ်ယောက် ပြေးထွက်လာသည်။ ထိုသူက ရွှေပြဒါးအမြုတေအဆင့် အောင်မြင်ထားသည့် ကျင့်ကြံသူတစ်ယောက် ဖြစ်၏။
ထိုသူက ကျန်းလန်ကန်ထုတ်လိုက်သောကြောင့် လဲကျနေသည့် လူငယ်နံဘေးသို့ အပြေးအလွှားရောက်ရှိလာသည်။
သူက လူငယ်၏ ဒဏ်ရာကို တစ်ချက်စစ်ဆေးလိုက်ပြီးနောက် ကျန်းလန်ကို မော့ကြည့်လိုက်ရင်း…
“တာအိုရောင်းရင်း… မင်း ဘာလို့ ဒီလိုလုပ်ရတာလဲ… ၊ ကျုပ်တို့က မင်းကို ထိခိုက်စေဖို့ မရည်ရွယ်ပါဘူး…”
ကျန်းလန်က…
“ကျုပ်လည်း တမင်လုပ်တာ မဟုတ်ပါဘူး…”
ဟု ပြန်ပြောလိုက်၏။
ထိုသူ (၂)ယောက်က ခွန်လွန်တောင်မှတပည့်များ မဟုတ်ကြပေ။
“ကောင်းပြီလေ… ဒါဖြင့်လည်း ကျုပ်တို့ မင်းကို မနှောက်ယှက်တော့ပါဘူး…”
လူရွယ်က ပြောပြီးသည်နှင့် လဲကျနေသည့်လူငယ်ကို တွဲထူလိုက်ပြီး ထွက်ခွာသွားရန် ဟန်ပြင်လိုက်သည်။
သို့သော်… ထွက်ခွာမသွားမီ လူရွယ်က ကျန်းလန်ကို စကားတစ်ခွန်းပြောလိုက်၏။
“ဒီတောအုပ်ထဲမှာ တစ်ခုခု မူမမှန်တာတွေ ဖြစ်နေတယ်… ၊ မင်းလည်း အမြန်ထွက်သွားသင့်တယ်…”
ကျန်းလန်က စကားတစ်ခွန်းမှ ပြန်မပြောဘဲ ထိုသူများ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့သည်။
ထိုသူများကိုကြည့်ရသည်မှာ ကျန်းလန်ကို မနှစ်မြို့ဟန် ပေါ်လွင်နေသည်။
“သူတို့ (၂)ယောက်လုံးက ငါ့ကို သဘောကျတဲ့ပုံ မပေါ်ဘူး… ၊ ဒါပေမဲ့ ဘာလို့ ငါ့ကို မတိုက်ခိုက်ကြတာပါလိမ့်… ၊ ငါက ခွန်လွန်တောင်က တပည့်မို့လို့များလား…”
ကျန်းလန် ခန့်မှန်းကြည့်လိုက်သည်။
သို့သော်… တစ်ဖက်လူ၏ စိတ်ထဲမှ အကြံအစည်များကို ကျန်းလန် သိရှိနိုင်ခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ… သူ့ကို ရန်လာမစသရွေ့တော့ ပြဿနာမရှိပေ။ သူ့ကို ရန်လာစလျှင်တော့ ကျန်းလန်က တစ်ယောက်မှ အရှင်ထားမည့်သူ မဟုတ်ပေ။
ထိုသူများ သူ့ကို ရန်လာစပါက ကျန်းလန်က ငဲ့ညှာနေမည်မဟုတ်ဘဲ နွားရိုင်းကိုးကောင်စွမ်းအားလက်သီးချက်ဖြင့် တစ်ချက်တည်းအမှုန့်ချေပစ်လိုက်မည် ဖြစ်၏။
သူပိုင်ဆိုင်ထားသည့် နွားရိုင်းကိုးကောင်စွမ်းအားကို လောလောလတ်လတ် ရရှိထားသည့် ဝိညာဉ်ဖိနှိပ်စွမ်းအားဖြင့် ပေါင်းစပ်အသုံးပြုမည်ဆိုလျှင် မည်သို့ ရှိမည်နည်းဟု ကျန်းလန် တွေးလိုက်မိသည်။
ထိုသို့ဆိုလျှင်… မည်သို့သော ရန်သူမျိုးပါဖြစ်ပါစေ ရုပ်ခန္ဓာရော စိတ်ဝိညာဉ်ပါ လုံးဝဥဿုံ အမှုန့်ချေပစ်နိုင်မည် ဖြစ်သည်။
ထို့ကြောင့် ကျန်းလန်အနေဖြင့် ဝိညာဉ်ဖိနှိပ်စွမ်းအားကို ကျင့်ကြံထားရန် လိုအပ်သည်။
သို့သော်… ယခုတော့ ဤတောအုပ်ထဲမှ အရင်ဆုံးထွက်ခွာသွားရပေမည်။
ကျန်းလန် တောအုပ်ထဲမှ အလျှင်အမြန်ပင် ထွက်ခွာသွားလေသည်။ သို့သော်… တစ်စုံတစ်ခု မှားယွင်းနေပြီ ဖြစ်ကြောင်း ကျန်းလန် ခံစားလိုက်ရသည်။
အဘယ်ကြောင့်ဆိုသော်… သူ့ ပတ်ဝန်းကျင်မှ သစ်ပင်များက ရွေ့လျားနေပြီး ကျန်းလန် တောအုပ်ထဲမှ ထွက်ခွာသွားရန် ကြိုးစားသည့်တိုင် နဂိုနေရာသို့ပင် တစ်ပတ်လည်ကာ ပြန်ရောက်လာသောကြောင့် ဖြစ်သည်။
ဝင်္ကပါတစ်ခုထဲတွင် ပိတ်မိနေသည့်အလား ကျန်းလန် တောအုပ်အပြင်ဘက်သို့ ပြန်လည်ထွက်ခွာနိုင်ခြင်း မရှိတော့ပေ။
သူသာ မူလဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လျှင် ထိုအချက်ကို သတိထားမိမည် မဟုတ်ပေ။
အန္တရယ်နှင့်ရင်ဆိုင်ရပြီကို နားလည်လိုက်သည်နှင့် ကျန်းလန် ချက်ချင်းပင် သတိအနေအထား ဖြစ်သွားသည်။
“ကြည့်ရတာ ငါ့ကို တစ်ယောက်ယောက်က ပစ်မှတ်ထား တိုက်ခိုက်နေပြီ ထင်တယ်…”