Switch Mode

အခန်း ( ၆၁ )

ဆင်းရဲသော‌ တောင်လေး

‘ ဒီတစ်ခေါက် လင်းအယ်ရှာခဲ့တဲ့ ပြဿနာက သူ့ရဲ့ ကံကောင်းခြင်းတော်တော်များများကို ဆုံးရှုံးသွားစေလိမ့်မယ်။ နောက်နှစ်(၂၀)အတွင်း တခြားဘာပြဿနာမှ မရှာမိရင်တော့ ကံကောင်းခြင်းတွေ ပြန်ပြည့်လာမှာပါ ’
ဆေးဖော်ဆောင်အတွင်း လီချန်ရှို့သည် လှုပ်ကုလားထိုင်ပေါ်တွင် ထိုင်နေ၏။ သူ၏ စိတ်ထဲတွင် အတွေးများပြည့်နှက်နေရာ သူ၏မျက်လုံးများသည် အတန်ငယ်ကျဉ်းမြောင်းနေပေ၏။

သူသည် သူမ၏ဆရာတူအစ်ကိုဖြစ်သော်လည်း ထိုကိစ္စနှင့် မည်သို့မှ မသက်ဆိုင်ချေ။ သူ နောက်ပိုင်းပြဿနာများကို လိုက်ရှင်းပေးနေရန် မလိုပေ။

သူ့ဆရာတူညီမလေး ထို့သို့ အကျင့်စရိုက်ရှိနေသည်မှာ သူနှင့် သူ့ဆရာ သူမကို အလွန် အလိုလိုက်ခဲ့၍ ဖြစ်ပေမည်။ သို့သော် ယခု သူမရင့်ကျက်ရန် အချိန်တန်ပြီ ဖြစ်သည်။

လောကကြီးသည် အန္တရာယ်များ၏။ အစ်ကိုကြီးတစ်ဦးအနေဖြင့် ထိုသို့မကြာခဏ သတိပေးရုံသာ တတ်နိုင်သည်။ သူသည် သူမကို အမှန်ပင် အန္တရာယ်နှင့်ရင်ဆိုင်ခိုင်းပြီး လက်တွေ့ပြ၍မရပေ။

လီချန်ရှို့သည် ကုလားထိုင်လက်တင်ကို အသာအယာပုတ်ရင်း တွေးတောနေ၏။

ပတ်ဝန်းကျင်ရှိ သစ်ရွက်လေတိုးသံများကို ကြားနေရလေသည်။ ရုတ်တရက်ကြီး ကဗျာဉာဏ်အာဘော်များ မကလော်ဘဲ ထွက်လာသဖြင့် သူ တီးတိုးရေရွတ်လိုက်သည်။
“ ဆင်းရဲပေစွ… ”

“ ညီမလေးရဲ့ ဉာဏ်ရည်၊ အလှတရား၊ ကဗျာစွမ်းရည် တွေကို တိုးတက်အောင် ပျိုးထောင်ပေးပြီး ချမ်းသာတဲ့မိသားစုက သားတစ်ယောက်ယောက်နဲ့ ပေးစားလိုက်ပြီး ဂိုဏ်းက သူ့အတွက်ပေးမယ့် မင်္ဂလာခန်းဝင်ပစ္စည်းတွေကို ငါ မောင်ပိုင်စီးလိုက်ရင်ရော… ”

‘ နောက်တာ…နောက်တာ… ’
သူသည် ညီမလေးကို အနည်းငယ် ဒေါသထွက်နေသော်လည်း သူမကို စွန့်ပစ်လိုက်ရလောက်အောင်အထိ မဟုတ်ပေ။

ယခု သူသည် နတ်ဝိဇ္ဇာတစ်ပါးအဖြစ်တက်လှမ်းပြီးပြီ ဖြစ်၍ သူ၏ ညီမလေးကိုလည်း လျှို့ဝှက်သင့်သည်များကို လျှို့ဝှက်ထားစေရပေမည်။

အခြားသူများ၏ အမြင်တွင် သူသည် ဗလာနတ္ထိ စတုတ္ထအဆင့်ရှိသော ထူးချွန်သည့် တပည့်တစ်ဦးသာဖြစ်သည်။

ကျိုးဝူ၏ အမြင်တွင်မူ သူသည် ဗလာနတ္ထိ သတ္တမ သို့မဟုတ် အဋ္ဌမအဆင့်ရှိနေသော နတ်ဝိဇ္ဇာအလောင်းအလျာလေး ဖြစ်ပေလိမ့်မည်။

ဆရာတူညီမလေး၏ အမြင်တွင် သူသည် မူလနတ်ဝိဇ္ဇာတစ်ပါး ဖြစ်ပေမည်။

ထိုသို့မြင်ကြခြင်းသည် သင့်တော်လေ၏။

လျှို့ဝှက်ချက်ဆိုသည်မှာ သူတစ်ဦးတည်းသာသိ၍ လျှို့ဝှက်ချက် ဖြစ်နေခြင်းပင်။ အခြာသူများသာ သိသွားလျှင် လျှို့ဝှက်ချက်မဟုတ်တော့ဘဲ သတင်းသာ ဖြစ်သွားပေမည်။

နေ့ဝက်ခန့် သက်တောင့်သက်သာ ထိုင်၍ အချိန်ဖြုန်းပြီးနောက် သူ၏ နတ်အာရုံများသည် သစ်ပင်အောက်တွင် ထိုင်၍ သုတ္တန်ကူးနေသော လင်းအယ်ကို အာရုံခံမိလိုက်သည်။ လီချန်ရှို့၏ ဒေါသများလည်း အတော်ပင် လျော့နည်းသွားလေ၏။

လင်းအယ်သည် ဆရာနှင့်ပတ်သတ်သော ကောလာဟလများကို သူ့အားပြောပြခဲ့သည်။

ထိုကောလာဟလများသာ မှန်ခဲ့လျှင် သူ၏ဆရာ လွန်ခဲ့သော နှစ်ပေါင်း ရှစ်ရာ ကိုးရာခန့်က ကြုံခဲ့ရသော ကိစ္စသည် သုံးပွင့်ဆိုင် ဇာတ်လမ်းလေး ဖြစ်ပေလိမ့်မည်။

ထိုစဉ်က ဆရာ၏ ချစ်သူကို အခြားတစ်ယောက်က လုယူသွားခဲ့၏။

ဆရာ၏ ရည်းစားလုဘက်သည် ဆရာ၏ တာအိုအခြေခံကို ဖျက်ဆီးကာ စွမ်းအားယုတ်လျော့သွား‌အောင် လုပ်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဂိုဏ်းသည် ထိုလူအား အပြစ်ကို ပြန်လည်သုံးသပ်ရန် နှစ်တစ်ရာသာ အပြစ်ပေးခဲ့၏။

ထို့ပြင် ထိုလူသည် ယင်းနှစ်တစ်ရာအတွင်း၌ ကောင်းကင်ပြစ်ဒဏ်ကိုခံယူကာ နတ်ဝိဇ္ဇာအဖြစ်ပင် တက်လှမ်းနိုင်ခဲ့သေးသည်။ ထိုအရာများသည် သူသိသလောက်အကုန်ပင် ဖြစ်သည်။

ထိုကိစ္စသည် ဂိုဏ်း၏ ဂုဏ်သိက္ခာကို ထိခိုက်နိုင်၍ ဖုံးဖိထားသည့် ကိစ္စဖြစ်သည်။ ထိုကိစ္စဖြစ်ပွားခဲ့သည်မှာ နှစ်ပေါင်းကိုးရာ နီးပါးရှိပြီဖြစ်၍ ထိုအကြောင်းကို ပြောသည့်လူ မရှိတော့ပေ။

သူ့ဆရာ၏ မျိုးဆက်တွင် ချုံတောင်လေး၌ တပည့်နှစ်ယောက်ရှိခဲ့၏။ သူ၏ ဆရာတွင်လည်း ဆရာတူအစ်မတစ်ယောက်ရှိခဲ့သည်။ ထို့ကြောင့် လီချန်ရှို့နှင့် လင်းအယ်တွင် ဆရာဒေါ်လေးတစ်ယောက်ရှိပေသည်။ ချီယွမ်နှင့် ထိုဆရာတူအစ်မသည် ငယ်ကျွမ်းဆွေများ ဖြစ်ကြ၏။

သို့သော် ဆရာ ခြုံခိုတိုက်ခိုက်ခြင်း မခံရခင် ထိုဆရာဒေါ်လေးသည် ဂိုဏ်းအပြင်သို့ သွားခဲ့လေသည်။ သူမသည် သူမ၏ဆရာဖြစ်သော လီချန်ရှို့တို့၏ ဆရာအဘိုးကို လိုက်ရှာရန် ထွက်သွားခြင်း ဖြစ်သော်လည်း ဆရာအဘိုးကဲ့သို့ သူမသည်လည်း ဂိုဏ်းသို့ ပြန်မရောက်လာတော့ချေ။

သူမ မည်သို့ဖြစ်သွားမှန်း သူ မသိပေ။

သေချာစဉ်းစားကြည့်လျှင် ရန်ကျောင်းတော်မှ တပည့်များသည် စိတ်ထင်ရာပြုတတ်သော အကျင့်ရှိသူ များလေသည်။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် ကျိန်စာများ တိုက်ခံရခြင်းလော။

တစ်စုံတစ်ယောက်သည် ကောင်းကင်ဘုံတွင် မည်သူ၏ အထင်ကြီးမှုကိုမှ မခံရသော လနတ်မင်းထံသို့သွား၍ တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်များ၏ ပိုးကြိုးနီများကို ကြုံရာကျပမ်း ချိတ်ဆက်ခိုင်းထားခြင်းလော။
( ဘာသာပြန်သူမှတ်စု။ လနတ်မင်းသည် ဖူးစာရေးနတ်မင်းဖြစ်ပြီး ယွဲ့လောင်ဟု အမည်တွင်၏။ သူသည် လူနှစ်ယောက်ကို ပိုးကြိုးနီဖြင့် ချိတ်ဆက်၍ ဖူးစာဖက်ဖြစ်အောင် လုပ်ပေးသည့် နတ်မင်းဖြစ်သည်။ )

တာအို ကျောင်းသုံးကျောင်းသည် တပည့်လက်ခံရာတွင် သေချာစိစစ်သော်လည်း အားနည်းချက်များတော့ ရှိပေသေးသည်။

ချန်ကျောင်းတော်မှ နတ်ဝိဇ္ဇာများသည် ဉာဏ်နီဉာဏ်နက်များလှပြီး အရာရာကို တွက်ချက်ပြီးမှ လုပ်တတ်သည်ဟု အခြားသူများကို ထင်စေ၏။

ကျဲကျောင်းတော်သည် လူကောင်းသာမက လူဆိုးပါ ရောထွေးနေသည်။ ထိုကျောင်းတော်သည် စည်းကမ်း မတင်းကျပ်ပေ။ ထို့ကြောင့် သူတို့သည် လိုက်ရောညီထွေမရှိဟု အခြားသူများကို ထင်စေ၏။

ကမ္မနှောင်ကြိုးများကင်းပုံပေါ်၍ တာအိုစည်းကမ်းတင်းကျပ်သော ရန်ကျောင်းတော်မှ တပည့်များသည်ကား ကျိန်စာမိသကဲ့သို့ ပြုမူနေကျသည်။ သူတို့သည် တပည့်များအကြားတွင် တာအိုလက်တွဲဖော်ရှာသည့် ကိစ္စကို ရှေ့ဆောင်လမ်းပြ လုပ်ခဲ့သူများဖြစ်သည်။

အကယ်၍ ဂိုဏ်းအတွင်း၌ ဖိုမစုံတွဲကျင့်ရသော ‘ ယင်ယန် ကောင်းကင် မန္တန် ’၊ ‘ ချစ်ခြင်းစုံမက်မန္တန် ’၊ ‘ဝံပုလွေ၊ ကျား မန္တန် ’ နှင့် ‘ ဖိုမကျိန်စာ’ အတတ်များရှိခဲ့လျှင် ထိုတာအိုလက်တွဲဖော်ရှာသည့် ကိစ္စကို နားလည်ပေး၍ရ၏။

သို့သော် တုနတ်ဝိဇ္ဇာဂိုဏ်းသည် ‘စိတ်ငြိမ်သုတ္တန်’ ကို ဂိုဏ်း၏ အဓိကကျမ်းစာအဖြစ် ယူသော ဂိုဏ်းဖြစ်သည်။

ထိုသို့ဆိုလျှင် ဂိုဏ်းမှတပည့်များသည် နေ့စဉ်ဘဝကို မိမိတို့၏ တောင်ပေါ်တွင်သာ အေးချမ်းစွာ ကျင့်ကြံခြင်း၊ ကမ္မနှောင်ကြိုးများကို ရှောင်ရှားခြင်းနှင့် ဂိုဏ်းရှိ ဝေယျာစ္စများကိုလုပ်ခြင်းတို့ဖြင့်သာ ကုန်ဆုံးသင့်သည် မဟုတ်ပေလော။

“ အခွင့်အ‌ရေးပေးရင် အလယ်ကျွန်းက ရန်ကျောင်းတော်လက်အောက်ခံ ဂိုဏ်းတွေဆီသွားပြီး သူတို့လည်း ငါတို့ဂိုဏ်းလိုပဲ တာအိုလက်တွဲဖော်ရှာတဲ့ ဓလေ့ရှိလား ဆိုတာလေ့လာရမယ် ”
လီချန်ရှို့သည် ကိုယ့်ဘာသာ တီးတိုးရေရွတ်လိုက်ပြီး ထိုကိစ္စကို မှတ်သားထားလိုက်တော့သည်။

သူသည် အခြားသူများ၏ ကိစ္စကို သိပ်၍ စိတ်မဝင်စားပေ။ မိမိကိုယ်ကို ကာကွယ်နိုင်၍ ထိုပြဿနာများကြား မပါလျှင် သူ့အတွက် ကောင်းမွန်နေပြီဖြစ်သည်။

ဆရာ၏ ကိစ္စအတွက်ကား ရေရှည်ကြည့်ရမည်ဖြစ်သည်။ သို့သော် ယခုတွင် သူ့၌ လုံလောက်သော သတင်းအချက်အလက်များ မရှိသေးသဖြင့် လျှောက်၍ ခန့်မှန်းနေရန် မသင့်တော်ပေ။

အကယ်၍ သူ့ဆရာတွင် ထိုကဲ့သို့ အန္တရာယ်ကြီးသော ရန်သူတစ်ယောက်ရှိလျှင် တပည့်တစ်ဦးအနေဖြင့် သူသေချာ ပြင်ဆင်ထားရပေမည်။

ကမ္မနှောင်ကြိုးများကို ရှောင်ရှားခြင်းသည် ကမ္မနှောင်ကြိုးများကို ကြောက်ရွံ့ခြင်းနှင့် အဓိပ္ပာယ်မတူပေ။

လီချန်ရှို့သည် ဤသို့ဖြစ်လာနိုင်ကြောင်း လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက ကြိုတွက်ထားပြီးဖြစ်သည်။

လွန်ခဲ့သော နှစ်တစ်ထောင်ခန့်က ထိုရန်သူ၏ ကျင့်ကြံခြင်းအဆင့်သည် သူ့ဆရာ၏ ကျင့်ကြံခြင်းအဆင့်နှင့် သူမသာကိုယ်မသာ သာ ဖြစ်ပေလိမ့်မည်။

သူ့ဆရာမျိုးဆက်အတွင်း အလားအလာအကောင်းဆုံးသူသည် ဆရာဒေါ်လေးကျိုးကျိုး ဖြစ်ကြောင်း သူ ကြားခဲ့ဖူးသည်။

ယခုလောလောဆယ်တွင် သူ့ဆရာ၏ရန်သူသည် အတုမဲ့နတ်ဝိဇ္ဇာနောက်ဆုံးအဆင့်သို့ ရောက်နေနိုင်သည်ဟု သူ ယူဆထားရပေမည်။ အကယ်၍ ထိုရန်သူသည် ကျင့်ကြံခြင်းအဆင့်အစစ်အမှန်ကို ဖုံးကွယ်ထားသူ ဖြစ်နိုင်သည်ဟု ထည့်တွက်လျှင် ထိုသူသည် ကောင်းကင်နတ်မင်းအဆင့်သို့ ရောက်နေနိုင်ပေသည်။

ယခုအခါတွင် သူသာ စွမ်းအားပြင်းအဆိပ်ဆေးပင်များကို ရရှိခဲ့လျှင် ကောင်းကင်နတ်မင်းအဆင့်ရှိသူများကိုပင် သတ်နိုင်သည့် အဆိပ်ဆေးလုံးများ ဖော်စပ်နိုင်နေပြီဖြစ်သည်။

အနာဂတ်တွင် သူ့ဆရာ သူ့ကိုယ်သူ ကာကွယ်ရန် ထိုကဲ့သို့ အဆိပ်ဆေးလုံးများနှင့် အဆိပ်ဆေးမှုန့်များကို များစွာဖော်ထားပေးရပေမည်။ အချိန်တန်လျှင် သူ့ဆရာကို တက်တက်ကြွကြွနေခိုင်းရမည်ဖြစ်သည်။ အကယ်၍ ထိုရန်သူသည် ဆရာ့ကို ထပ်၍တိုက်ခိုက်ခဲ့လျှင် သူ့ဆရာကို လက်တုံ့ပြန်ခိုင်းရပေမည်။ ထိုသို့ဆိုလျှင် ဂိုဏ်းကို အကြောင်းပြ၍ ကောင်းမည်ဖြစ်၏။

ထိုရန်သူသည် ဂိုဏ်းရှိ တောင်တစ်ခုခု၏ နောက်ခံပေးမှုကို ရထားခြင်းဖြစ်သည်။ လက်စားချေပြီးနောက် ဆက်လုပ်ရမည့် ကိစ္စများကိုလည်း ကြိုတင်ပြင်ဆင်ထားရပေမည်။

သူ၏ အားသာချက်သည် အရိပ်ထဲတွင် ရှိနေခြင်းပင်။ ထို့ပြင် ထိုရန်သူသည် ချုံတောင်လေးကို လျှော့တွက်ထားပေလိမ့်မည်။

မည်မျှအထိ လက်စားချေမည်မှာ သူဆရာ၏ ဆန္ဒသာဖြစ်သည်။

အကယ်၍ သူ့ဆရာသည် ရှေးက ကိစ္စများအတွက် အဆုံးအထိ လက်စားချေလိုလျှင် သူသည် တပည့်တစ်ယောက်အနေဖြင့် လျှို့ဝှက်စွာ ကူညီရပေမည်။

အကယ်၍ သူ့ဆရာသည် လက်စားမချေချင်ဟု ဆိုပါက သူသည် တပည့်တစ်ယောက်အနေဖြင့် ထိုရန်သူ၏ တာအိုအခြေခံကို ဖျက်ဆီးပေးရမည် ဖြစ်သည်။

ထိုရန်သူသည် ကောင်းကင်နတ်မင်းအဆင့်ပင် ရောက်နေနိုင်သော်လည်း သူ့ဆရာသည် အနာဂတ်တွင် အသည်းအသန်ကြိုးစားပါမှ အတုမဲ့နတ်ဝိဇ္ဇာအဆင့်သာ အမြင့်ဆုံးရရှိနိုင်၏။

သေချာသုံးသပ်ပြီးသွားသောအခါ သူ့ဆရာသည် များစွာဆုံးရှုံးနစ်နာခဲ့ရကြောင်း သူ သတိပြုမိသွားသည်။

ထို့ပြင် သူ၏ ဆရာဒေါ်လေးကိုလည်း ဆုံးရှုံးခဲ့ရ၏။

လီချန်ရှို့သည် ထိုကမ္မနှောင်ကြိုးကို ရှောင်ရှားရန် စိတ်ကူးမရှိဘဲ ဝှက်ဖဲများကို ထုတ်ပြရမည်ဆိုလျှင်ပင် ထုတ်ပြရန် အဆင်သင့်ဖြစ်နေပေသည်။

အကယ်၍ ထိုရန်သူသည် ခေါင်းထောင်မလာခဲ့လျှင် သူ လျှော်ပေးလိုက်ပေမည်။ သို့သော် ခေါင်းထောင်လာခဲ့လျှင်ကား နောက်တစ်နေ့ နေထွက်ချိန်ကိုပင် မတွေ့နိုင်တော့အောင် လက်စတုံးပေးလိုက်မည် ဖြစ်သည်။

သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ဆက်၍ တွေးတောနေလိုက်၏။

တဖြည်းဖြည်းဖြင့် ဆေးဖော်ဆောင်အပြင်ဘက်ရှိ မန္တန်အစီအရင်များ နိုးလာလေတော့သည်။

သုံးနှစ်တာ ငြိမ်သက်နေခဲ့သော ချုံတောင်လေးသည် တဖန်ပြန်၍ မူလစွမ်းအင်များကို စုပ်ယူစုစည်းနေပေပြီ။

လင်းအယ်သည် စိတ်ငြိမ်သုတ္တန်ကို အကြိမ်(၃၀၀)ကူးပြီးသောအခါ လင်းတောင်လေးသို့သွား၍ လျှိုယန်အာကို ခွင့်လွှတ်ပေးရန် တောင်းပန်ခဲ့သည်။

ထို့နောက် သူမ ဆေးဖော်ဆောင်သို့ ရောက်သွားရာတွင် လီချန်ရှို့သည် သူမကို ထပ်၍ အနည်းငယ် ဩဝါဒချွေလိုက်၏။ သူသည် သူမကို ချီငြိမ်မန္တန် ဒုတိယအဆင့်ကို သင်ပေးလိုက်ပြီး ကျင့်ကြံရန်အတွက် နှစ်ရက်စာ အလုပ်များကို ပေးလိုက်သည်။ ချုံတောင်လေးမှ နှစ်(၂၀) အပြင်မထွက်ရသော သူမ၏ ပြစ်ဒဏ် တရားဝင်စတင်ပေပြီ။

“ အဲဒီပြဿနာက ဘယ်လောက်ကြီးတယ်ဆိုတာ ညီမလေး သဘောပေါက်လောက်ပြီ ထင်တယ် ”

“ ညီမ သဘောပေါက်ပါပြီ အစ်ကိုကြီး ”
လင်းအယ်က နှုတ်ခမ်းကိုက်၍ ဆက်ပြောလိုက်သည်။
“ ဒီနေ့ကစပြီး ညီမ ကျမ်းစာတွေကို နေ့တိုင်းကူးရေးပါမယ် ”

လီချန်ရှို့သည် သူမကို ရတနာအိတ်ကလေး လှမ်းပေးလိုက်ပြီး သက်ပြင်းချလိုက်သည်။
“ အစ်ကိုက ညီမကို စည်းကမ်းတင်းကျပ်ချင်လို့ တင်းကျပ်တာမဟုတ်ပါဘူး။ ဒါပေမဲ့ ညီမလေးက ဂိုဏ်းမှာပဲကြီးပြင်းလာတာ…ပြီးတော့ သေမျိုးလောကက မိသားစုကလည်း အထက်တန်းလွှာမိသားစုဆိုတော့ ညီမလေးက လောကဓံရဲ့ ခက်ခဲကြမ်းတမ်းမှုတွေကို မသိသေးဘူး ”

“ ညီမကို အစ်ကို အခုတစ်ခေါက် ခရီးအကြောင်းပြောပြမယ်။ အစ်ကို…အဲ….ထားလိုက်ပါတော့လေ ”

“ ဟင်… ”
လင်းအယ်မျက်တောင်ခတ်လိုက်သည်။ သူမ၏ မျက်ဝန်းများထဲ စိတ်ဝင်စားသည့် အရိပ်အယောင်များ ပြည့်နှက်နေသည်။
“ အစ်ကိုကြီး… ဘာဖြစ်လို့လဲ… ”

လီချန်ရှို့သည် လက်နှစ်ဖက်နောက်ပစ်ကာ ရပ်နေ၏။ သူသည် အတန်ငယ်မော့ကြည့်လိုက်ပြီး ခါးသက်သက်ပြုံးလိုက်သည်။
“ ပြန်ပြီးတော့ ကျင့်ကြံတော့…. လင်းအယ်… ”

“ ဟုတ်ကဲ့… ”

“ မြန်မြန်သာ သွားပြီး ကျင့်ကြံတော့… တခြားအကြောင်းတွေ တွေးမနေနဲ့တော့ ”

“ နောက် တပည့်အဆင့်သတ်မှတ်တဲ့ အခမ်းအနားမတိုင်ခင် ညီမလေး တာအိုပေါင်းစည်းခြင်း ပဥ္စမအဆင့်ကို ရောက်နေမှရမယ်။ ဒါမှ ဂိုဏ်းက ညီမလေးကို တန်ဖိုးထားမှာ ”
လီချန်ရှို့သည် သူ၏မျက်ခုံးများကို ပွတ်သပ်လိုက်ပြီး သက်ပြင်း ခပ်ဖွဖွချလိုက်သည်။
“ အဲဒီလိုဆို အဲဒီနေ့မှာ အစ်ကိုပျောက်ကွယ်သွားရင်တောင် ညီမလေးဆက်ပြီး ကျင့်ကြံဖို့ ဂိုဏ်းက တာဝန်ယူပေးမှာပဲ ”

လင်းအယ်သည် နူးညံ့စွာမေးလိုက်၏။
“ အစ်ကိုကြီး… အစ်ကိုကြီးက ထွက်…ထွက်ပြေးတော့မလို့လား ”

“ အစ်ကိုက ဘာလို့ ထွက်ပြေးရမှာလဲ။ ပြန်ပြီး အနားယူတော့။ အစ်ကိုလည်း စပြီး ဆေးဖော်ရတော့မှာ ”
လီချန်ရှို့ ရယ်လိုက်သည်။ လင်းအယ်တစ်ယောက် နားမလည်နိုင်အောင် ဖြစ်သွား၏။

သူမသည် ဆေးဖော်ဆောင်အတွင်းမှ ထွက်လာပြီးနောက် ခေါင်းစောင်း၍ အတန်ကြာ စဉ်းစားလိုက်သည်။ ထို့နောက် ဆေးဖော်ဆောင်ဘက် လှည့်၍ ကြည့်လိုက်၏။

အစ်ကိုကြီးသည် အနည်းငယ် ထူးဆန်းနေသည်ဟု သူမ အဘယ်ကြောင့် ခံစားရနေသနည်း။

ဆေးဖော်ဆောင်ထဲတွင် လီချန်ရှို့သည် ကျွမ်းကျင်စွာ ဆေးဖော်နေလေ၏။ သူသည် သူ့ဆရာအတွက် ချီသန့်စင်နတ်ဆေးဖော်နေခြင်းပင်။ သူသုံးနေသည့် ဆေးပင်များမှာ အဆိပ်မရှိသဖြင့် အကာအကွယ်များ ဝတ်ဆင်ရန် မလိုချေ။

ဆေးပေါင်းဖိုအတွင်းမှ မီးတောက်များ တည်ငြိမ်သွားသောအခါ လီချန်ရှို့သည် အရေးကြီးသော အကြောင်းအရာကို စတင်စဉ်းစားလိုက်သည်။

ပိုက်ဆံ…

“ ချုံတောင်လေး… ချုံတောင်လေး… ငါက တော်တော်ကို ဆင်းရဲတာပဲ ”

သူသည် အဖိုးတန်ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံး အများအပြားလိုလေသည်။ ထိုအရာများမရှိလျှင် သူဘာမှ လုပ်နိုင်မည်မဟုတ်ချေ။

သူသည် တစ်ချီတည်းချမ်းသာ လိုခြင်းမဟုတ်ပေ။ လစဉ်အသုံးစရိတ်အပြင် တည်ငြိမ်သော ပြင်ပငွေဝင်လမ်းလေးတစ်ခု ရှိလိုခြင်းသာဖြစ်သည်။

ဂိုဏ်းတွင်…

အဟမ်း… ဂိုဏ်းတွင်နေရသည်မှာ လုံခြုံမှုရှိသော်လည်း မကောင်းသည့် အချက်တစ်ချက်မှာ အဖိုးတန်ပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများ မရရှိနိုင်ခြင်းပင်။

ထို‌တောင်ပင်လယ်ရှိ ပင်လယ်စောင့်နတ်မင်း ရုပ်တုများမှ ရရှိသော အမွှေးတိုင်ပူဇော်မှုများကို အနောက်ကျောင်းတော်ဆီ ပိုက်ဆံဖြင့် ရောင်း၍ ရလျှင် ကောင်းပေလိမ့်မည်။

ရှိစေတော့။ ထိုသို့လုပ်ခဲ့လျှင် ကိုယ့်သေတွင်းကိုယ်တူးသလို ဖြစ်ပေလိမ့်မည်။ သူ့ဘဝတစ်လျှောက်လုံး တောင်ပင်လယ်ကို မသွားဘဲရှောင်နေရမည်ဖြစ်သည်။

ပိုက်ဆံရအောင် မည်သို့ပြုလုပ်ရမည်နည်း။

‘ အခုငါ့မှာရှိတဲ့ အကောင်းဆုံး အားသာချက်က ဂိုဏ်းရဲ့ နတ်ဝိဇ္ဇာတွေပဲ ဝင်ထွက်ခွင့်ရှိတဲ့ တာအိုပစ္စည်းသိုလှောင်ရုံကို ဝင်ထွက်ခွင့်ရနေတာပဲ ’

‘ ပြီးတော့ ငါ အပြင်အလုပ်အနေနဲ့ ဂိုဏ်းအတွက် ဆေးဖော်ပေးပြီး အပိုဝင်ငွေရှာလို့ရတယ်။ ဆေးဖော်တာကို အကြောင်းပြပြီး ဆေးပင်နည်းနည်းပါးပါး ယူလို့ရမယ်။ အဲဒါက တော်တော်လေး အကျိုးရှိစေမှာပဲ ’
သူသည် နောက်ဆယ်စုနှစ် အနည်းငယ်တွင် အခန်းအောင်း ကျင့်ကြံခြင်းကို လျှော့ချရပေမည်။ သူသည် နတ်ဝိဇ္ဇာအဖြစ်တက်လှမ်းစဉ်က ဉာဏ်အလင်းများပွင့်ခဲ့သော်လည်း အကုန်လုံးကို ပြန်၍ မဆင်ခြင်မသုံးသပ်ရသေးချေ။ သို့သော် နေ့စဉ် ဆေးဖော်ရန် အချိန်နာရီပိုင်းလောက် ပေးရခြင်းသည် သူ့အတွက် ပြဿနာရှိမည် မဟုတ်ပေ။

ထိုကဲ့သို့ ဂိုဏ်းအတွက် ဆေးဖော်ပေးခြင်းကို အခြားတောင်များမှ ဂိုဏ်းသားများလည်း လုပ်ကြ၏။ သူတို့သည် ပိုင်ဖန်ခန်းမတွင် ထိုအလုပ်အတွက် စာရင်းသွားပေးရန်သာလို၏။

သို့သော် သူသည် စာရင်းပေးရာတွင် သူ့ဆရာကို သွားပေးခိုင်းရပေမည်။ နတ်ဆေးဖော်သည့်အလုပ်ကို သူ့ဘာသာ သွားပြီး စားရင်းပေး၍ မရပေ။

ဆရာဒေါ်လေးကျိုးကျိုးကို ပူးပေါင်းခိုင်းလျှင် အဆင်ပြေလောက်မည်လော။

သူသည် ဆရာဒေါ်လေးကျိုးကျိုးကို မယုံခြင်းမဟုတ်ပေ။ သူမသည် ယခုတွင် အခန်းအောင်းကျင့်ကြံနေပြီး ‌ဆေးဖော်သည့်အတတ်ကိုလည်း မကျွမ်းကျင်သောကြောင့် ဖြစ်သည်။ ထို့ပြင် သူမသည် ဂိုဏ်းအတွင်း၌ ထင်ပေါ်လွန်းလှရာ သူမကို အခြားသူများ သံသယဝင်နိုင်ချေများလေသည်။

ထို့ပြင် သူ၏ဆရာသည် ဂိုဏ်းအတွင်း လှုပ်လှုပ်ရှားရှားလုပ်လိုက်လျှင် သူ့ဆရာ၏ အတိတ်မှရန်သူသည်လည်း ပြန်၍ ခေါင်းထောင်လာနိုင်ပေရာ ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်သကဲ့သို့ပင်။

လီချန်ရှို့သည် သူ၏မေးစေ့ကို ပွတ်၍ ခေတ္တမျှတွေးတောလိုက်သည်။ ထိုစဉ် ဆေးပေါင်းဖိုအတွင်းရှိ မီးတောက်သည် မတည်မငြိမ်ဖြစ်သွား၍ သူသည် သမာဓိမီးတောက် အနည်းငယ်ကို သတိလက်လွတ် ပို့လွှတ်လိုက်မိသည်။

ထို့နောက် သူ ရုတ်ခြည်း ကြက်သေ,သေသွား၏။
‘ ငါ..ငါ သမာဓိမီးတောက် စွမ်းအားအစစ်အမှန်ကို သုံးလိုက်မိတာလား ’

ဂျွတ်…ဂျွတ်…

ဝုန်း…

ဆေးဖော်ဆောင်သည် ပြင်းထန်စွာ တုန်ခါသွားပြီး ခေါင်မိုးသည်လည်း ချက်ချင်းပွင့်ထွက်ကာ လွင့်ပျံသွားလေ‌တော့သည်။

ခေတ္တမျှကြာသောအခါ မီးခိုးများကြောင့် မျက်နှာတစ်ခုလုံး မည်းတူးနေသော လီချန်ရှို့သည် ပါးစပ်အဟောင်းသား ဖြစ်နေ၏။ သူသည် ဆွံ့အ၍ နေပေသည်။ သူသည် နှလုံးသားထဲတွင် ခါးသက်သက်ခံစားလိုက်ရလေသည်။

သူသည် အရှေ့ရှိ ပွင့်အာနေသော ကြာပွင့်နှင့်တူသော သတ္တုပုံကြီးကိုကြည့်၍ ထို ဆေးပေါင်းဖိုကို မည်မျှ အပင်ပန်းခံ ပြင်ဆင်ခဲ့ရသည်ကို ပြန်တွေးမိသွား၏။

ဟ…ဟီးဟီး…

အမွှေးတိုင်၊ ဆီမီးပူဇော်မှုများကို အနောက်ကျောင်းတော်သို့ရောင်း၍ ပိုက်ဆံရှာခြင်းက အမှန်ပင် ပိုမြန်ပေလိမ့်မည်။

“ ကိုယ့်ဘာသာ အမွှေးတိုင် မထုတ်လုပ်ဘူးလို့ အလေးအနက် ကတိပေးတယ်။ လာပူဇော်တဲ့ အမွှေးတိုင်အစစ်အမှန်ကိုပဲ ‌ရောင်းမှာပါ… ”

“ တကယ်ကို ဆင်းရဲတဲ့ ချုံတောင်လေးပဲ။ ဪ… အခု ငါ ပိုပြီး ဆင်းရဲသွားပါပေါ့လား ”
လီချန်ရှို့သည် ကိုယ့်ကိုယ်ကို ပြန်ရယ်ချင်လာသည်။ သူသည် ပြုံး၍ ခေါင်းယမ်းလိုက်၏။ ထို့နောက် သူသည် ထရပ်လိုက်ပြီး ပျက်ဆီးသွားသော ဆေးပေါင်းဖိုအပိုင်းအစများကို လိုက်စုလိုက်သည်။

တော်သေးသည်မှာ သမာဓိမီးတောက် အနည်းငယ်ကိုသာ သုံးလိုက်၍ဖြစ်သည်။ အကယ်၍ အများအပြားသာ သုံးလိုက်ပါက ဆေးဖော်ဆောင်ပါ ပြာကျသွားမည်ဖြစ်ပြီး မနက်ဖြန်ကျလျှင် အသစ်ပြန်ဆောက်နေရပေလိမ့်မည်။

*******

အာကာပြင်ပေါ်ရှိ တိမ်များ၏အနားသပ် နှင့် ကောင်းကင်ဘုံတို့ကို ကြယ်တာရာအစုအဝေးကြီးက ချိတ်ဆက်ပေးထား၏။

တည်ထောင်ထားသည်မှာ မကြာသေးသော ကောင်းကင်ဘုံခုံရုံးများသည် နတ်ဘုံအလယ်ကျွန်းတွင် မျော၍ တည်ရှိနေကြပြီး အာဒိကပ္ပလောကရှိ ကံကြမ္မာများကို ဖိနှိပ်ထားကြ၏။

ယခုပစ္စုပ္ပန်တွင် ကောင်းကင်ဘုံခုံရုံးများတွင် တာဝန်ထမ်းဆောင်နေသူ နည်းပါးသေးပေသည်။ ကျွန်းကြီးငါးကျွန်းသို့ သွားသော ကောင်းကင်ဘုံဂိတ်တံခါး ငါးခုတွင် စောင့်ကြပ်နေကြသည့် နတ်စစ်သည်များရှိသော်လည်း ကောင်းကင်ဘုံခုံရုံး အဆောက်အဦးများနှင့် ဘုံကိုးဆင့်နတ်နန်းတော်ကြီးတွင်မူ လူသူကင်းရှင်းနေကြလေသည်။

အကယ်၍ ဆုတောင်းပြည့်ကောင်းကင်ဘိုးဘိုးဖြစ်သော အရှင်ထိုက်စန့်လောင်ကျွင်းသည် ကောင်းကင်ဘုံခုံရုံးများ စတင်တည်ထောင်ခဲ့စဉ်က ထိုခုံရုံးများနှင့် ကျောက်စိမ်းဧကရာဇ်တို့ကို မကာကွယ်ပေးခဲ့လျှင် ကောင်းကင်ဘုံခုံရုံးများသည် ယခုတွင် ရှေးခေတ် မိစ္ဆာများ၏ လက်တွင်းသို့ သက်ဆင်းသွားခဲ့ရမည်ဖြစ်သည်။

ကောင်းကင်ဘုံ၏ နဝမမြောက်အထပ်ရှိ ကောင်ကင်ဘုံတာအိုဂိုဏ်းသည် ကျောင်းတော်သုံးကျောင်း၏ တည်ထောင်သူ တန်ခိုးရှင်သုံးပါးတို့ ကျင့်ကြံရာ နယ်မြေဖြစ်သည်။

ထိုကောင်းကင်ဘုံ နဝမအထပ်တွင် နတ်အလင်းတန်းများ ထွက်နေသည်ကို မြင်နိုင်လေသည်။ သို့သော် ထိုနေရာတွင် တာအိုဘုံကျောင်း တစ်ကျောင်းသာရှိသည်။ ထိုဘုံကျောင်းသည် အရှင်ထိုက်စန့်လောင်ကျွင်း၏ ခမည်းတော် နေ့စဉ်တရားကျင့်ကြံရာ နေရာဖြစ်၏။

လင်းရှောင်ရတနာခန်းမသည် ကောင်းကင်ဘုံ အဋ္ဌမအထပ်တွင် ရှိသည်။ ထိုခန်းမသည် ကြီးကျယ်ခမ်းနားကာ ဂုဏ်ရှိန်ကြီးမားလေသည်။ သို့သော် အာဒိကပ္ပခေတ်တွင်မူ သိပ်၍ မကျော်ကြားသေးပေ။

လင်းရှောင်ရတနာခန်းမ ပတ်လည်တွင် အစောင့်တပ် အများအပြားရှိ၏။ နှစ်ထောင်ပေါင်းများစွာကြာ နတ်ဘုရားဟောင်ထျန်းကို အလုပ်အကျွေးပြုနေသည့် ကျောက်စိမ်းဧကရာဇ်၏ဆရာ တာအိုဘိုးဘေး ဟုန်ကျွင်းသည် မိမိ၏ လုံခြုံရေးကို အလေးထားပုံပေါ်လေသည်။

ကောင်းကင်ဘုံ သတ္တမမြောက်အထပ်တွင် လောကကြီး၏ အကြောင်းကိစ္စများကို ကိုင်တွယ်ရသော ကောင်းကင်ဘုံခုံရုံးမှ ဌာနများရှိကြ၏။ နတ်များ နေထိုင်ရာ ဘုံဗိမာန်များလည်း ရှိ၏။ ထိုကောင်းကင်ဘုံခုနစ်ထပ်မြောက်သည်လည်း တုသိတာ နန်းတော်တည်ရှိရာ နေရာ ဖြစ်သည်။

ထိုသတ္တမအထပ်မှ မထင်မရှားထောင့်တစ်နေရာရှိ နတ်ကျွန်းတစ်ကျွန်းပေါ်တွင် နတ်နန်းတော်တစ်ခုကို တည်ဆောက်ထားလေ၏။ ထိုနတ်ကျွန်းကြီးသည် တိမ်ပင်လယ်ကြီးပေါ်တွင် မျောလွင့်တည်ရှိနေခြင်းပင်။

ထိုနတ်နန်းတော်ကြီး၏ မြင်သာထင်သာရှိသောအရာမှာ ဗိသုကာလက်ရာမဟုတ်ဘဲ နေရာအနှံ့တွင် တွဲလောင်းကျနေသော ပိုးကြိုးနီများ ဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးမှ နတ်များ မင်္ဂလာဆောင်နေကြခြင်းပေလော။

သို့သော် ထိုသို့မဟုတ်ပေ။ ထိုနေရာသည် လောကသုံးပါးရှိ အိမ်ထောင်ရေးကိစ္စများကို တာဝန်ယူကြီးကြပ်ရသော ကောင်းကင်ဘုံခုံရုံး၏ ဌာနတစ်ခုဖြစ်သည်။ ထိုနန်းတော်ကြီး၏ အဝတွင် ကဗျည်းပြားကြီးတစ်ခုရှိပြီး ထိုအပေါ်တွင် ရွှေနှင့် ကျောက်စိမ်းတို့ကိုသုံး၍ အောက်ပါစာတန်းကို ရေးထိုးထားလေသည်။

( ကောင်းကင်နှင့် မြေပြင်ရှိ မင်္ဂလာကိစ္စများကို ဆောင်ရွက်ရာ ဌာန )

ယွဲ့လောင်နန်းတော်


Comment

Leave a Reply

Options

not work with dark mode
Reset