အခန်း (၅၇) ကျောက်စိမ်းရေကန်ဖွင့်လှစ်တော့မည်
ကျန်းလန်က ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်ကဲ့… တည်ငြိမ်သွားပါပြီ…”
သူ ကျင့်ကြံခြင်းအဆင့်တက်သွားသည့်အတွက် ဆရာဖြစ်သူက လက်ဆောင်တစ်ခုခု ပေးမည်ဟု ထင်မှတ်ထားခဲ့သည်။
အခြေခံတည်ဆောက်ခြင်းအဆင့်သို့ တက်ရောက်နိုင်စဉ်က ဝိညာဉ်သားရဲဥလေးတစ်လုံးပေးပြီးသည့်နောက်ပိုင်း ဆရာဖြစ်သူက မည်သည့်လက်ဆောင်မှ ထပ်မံပေးအပ်ခြင်း မရှိတော့ပေ။
ထိုဝိညာဉ်သားရဲဥလေးက ဝိညာဉ်သားရဲလေးတစ်ကောင်ပေါက်လာလိမ့်မည်ဟု မော့ကျန်းသုန့်က ထင်မှတ်ခဲ့သည်။ သို့သော်… ယခုတော့ မည်သည့်အကောင်မှ ပေါက်မလာဘဲ မြေဆွေးထဲ အပင်စိုက်သလို စိုက်ထားရလေသည်။
ကျန်းလန်လည်း ဤသို့ ဖြစ်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။
သူက သားရဲဥလေးမှ ဝိညာဉ်သားရဲလေး ပေါက်လာခဲ့လျှင် မရဏဂူအဝတွင် အစောင့်ထားမည်ဟု စဉ်းစားခဲ့ဖူးသည်။
အကယ်၍ ဝိညာဉ်သားရဲလေး ဝိညာဉ်စွမ်းအားမြင့်မားလာခဲ့လျှင် နဝမတောင်ထွတ် ခန်းမဆောင် သန့်ရှင်းရေးလုပ်ခြင်းနှင့် ခန်းမဆောင်သို့သွားရာလမ်းမှ မြက်ပင်ပေါင်းပင်များ ရှင်းလင်းခြင်းတွင်လည်း သူ့ကို ကူညီနိုင်မည် ဖြစ်သည်။
သို့သော်… ဝိညာဉ်သားရဲဥလေး အကောင်ပေါက်မလာသည့်အခါ စီစဉ်ထားသမျှ အကုန်ပြောင်းလဲသွားတော့သည်။
မော့ကျန်းသုန့်က…
“မင်း တောင်ပေါ်မှာ နေနေတာ ဆယ်စုနှစ်နဲ့ချီနေပြီ… တစ်ခါမှ ပြင်ပလောကကို မသွားဖူးသေးဘူး… ဟုတ်တယ်မလား…”
မော့ကျန်းသုန့်၏ စကားကို ကြားသည်နှင့် ကျန်းလန်က ချက်ချင်း တုန့်ပြန်စကားဆိုလိုက်သည်။
“ဆရာ… ကျွန်တော် ပြင်ပလောကကို မသွားချင်ဘူး…”
မော့ကျန်းသုန့် တိတ်ဆိတ်ငြိမ်သက်သွား၏။
အတန်ကြာမှ…
“မင်း ရွှေပြဒါးအမြုတေအဆင့် ရောက်နေပြီပဲ… ၊ ပြင်ပလောကကိုသွားပြီး လေ့လာသင့်တယ်လေ…”
“အင်မော်တယ်ဖြစ်လာမှပဲ ပြင်ပလောကကို သွားပြီး လေ့လာတော့မယ် ဆရာ…”
“ဟေ…”
ကျန်းလန်ကိုကြည့်ပြီး မော့ကျန်းသုန့် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
အတန်ကြာမှ မော့ကျန်းသုန့်က…
“ဒါပေမဲ့ တကယ့်တိုက်ပွဲအတွေ့အကြုံဆိုတာက ပြင်ပလောကမှာ ရှာဖွေမှပဲ ရနိုင်လိမ့်မယ် ၊ အင်တော်တယ်ဖြစ်လာတဲ့အထိ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ဖို့ လိုအပ်တယ်လေ ၊ ကိုယ့်ကိုယ်ကိုုယ် ခုခံကာကွယ်ဖို့ ဆိုတာကလည်း တိုက်ပွဲအတွေ့အကြုံရှိထားမှ ဖြစ်မှာပေါ့…”
ကျန်းလန်က ခေါင်းကိုသာတွင်တွင်ငုံ့ပြီး ငြိမ်သက်နေ၏။
“မှော်ဝင်တိမ်တိုက်တောင်မှာ ဝိညာဉ်ဆေးပင်တွေ အများကြီးရှိတယ် ၊ ပြီးတော့ သိပ်ပြီး စွမ်းအားမကြီးမားတဲ့ မိစ္ဆာသားရဲတွေလည်းရှိတယ်… ၊ မင်း အဲဒီကို မသွားချင်ဘူးလား… ၊ ခွန်လွန်တောင်က တပည့်တွေ အဲဒီကို သွားကြဖို့ရှိတယ်… ၊ သွားမယ့်အဖွဲ့ကို လူသားအင်မော်တယ်တစ်ပါးက ဦးဆောင်ပေးလိမ့်မယ်…”
မော့ကျန်းသုန့်က ကျန်းလန်ကို အနည်းငယ်တွန်းအားပေး ပြောဆိုလိုက်သည်။
ကျန်းလန်က ခေါင်းခါရမ်းလိုက်ရင်း…
“အဲဒီနေရာက အရမ်းဝေးတယ်…”
မှော်ဝင်တိမ်တိုက်တောင်အကြောင်း ကျန်းလန် ကြားဖူးလေသည်။
ထိုနေရာက လူသူကင်းမဲ့သည့် မြောက်ပိုင်းဒေသတွင် တည်ရှိသည်။ ခွန်လွန်တောင်မှ ကျင့်ကြံသူတပည့်များစွာ ထိုနေရာသို့ သွားရောက်ပြီး တိုက်ပွဲအတွေ့အကြုံရှာဖွေလေ့ ရှိကြသည်။
ဓားကိုစီးနှင်ပြီး အချိန်ခဏလေး ပျံသန်းသွားရုံဖြင့် ရောက်ရှိနိုင်မည့်ခရီး မဟုတ်ပေ။
ထိုမျှ ဝေးကွာသည့် နေရာဒေသတစ်ခုကို ကျန်းလန် သွားလိုစိတ်မရှိပေ။
ခွန်လွန်တောင်နှင့် ဝေးကွာသည့် နေရာသို့ သွားရလေ သူ့အတွက် အန္တရယ်များလေဟု ကျန်းလန် ယူဆထားသည်။
“ဒါဖြင့် ချီလင်တောင်ဆိုရင်ရော… ၊ အဲဒီနေရာက သိပ်မဝေးဘူးလေ ၊ ခွန်လွန်တောင်နဲ့ အသွားအပြန် (၁၀)ရက် ခရီးလောက်ပဲ ကြာမှာ… ၊ ချီလင်တောင်မှာ အတွေ့အကြုံယူဖို့က အလွန်ဆုံးကြာ (၅)ရက် ဆိုတော့… စုစုပေါင်း (၁၅)ရက်ပေါ့… ၊ ဘယ်လိုလဲ…”
မော့ကျန်းသုန့်က ထပ်မံတိုက်တွန်းလိုက်ပြန်သည်။
ကျန်းလန်ကတော့ အသံမထွက်ဘဲ တိတ်ဆိတ်နေဆဲပင်…။
မော့ကျန်းသုန့်က ဆက်ပြောလိုက်၏။
“ချီလင်တောင်ကိုသွားမယ်ဆိုရင် မင်းအတွက် အတွေ့အကြုံတွေ အများကြီးရလိမ့်မယ် ၊ ပြီးတော့… မင်း မွေးထားလို့ရမယ့် ဝိညာဉ်သားရဲတစ်ကောင်လည်း ရှာဖွေလာလို့ ရသေးတယ်…”
ကျန်းလန်က တစ်ခဏမျှ စဉ်းစားနေပြီးနောက်…
“ဆရာ… အသွားအပြန် (၂)နာရီလောက်ပဲ ကြာတဲ့နေရာမျိုးကို သွားလို့မရဘူးလား…”
“……………”
မော့ကျန်းသုန့် ဆွံ့အသွားသည်။
သူ့တပည့် ပြောနေပုံက တောင်အောက်ဆင်း ကျောက်တုံးများကောက်ပြီး ပြန်လာမည့်ပုံမျိုး ဖြစ်၏။
မော့ကျန်းသုန့် တိတ်ဆိတ်နေသလို ကျန်းလန်လည်း ခေါင်းငုံ့ငြိမ်သက်လျှက် ရှိသည်။
သူ ပြင်ပလောကသို့ မထွက်ခွာလိုပေ။
ကျန်းလန်က တိုက်ခိုက်ရေးအတွေ့အကြုံ နည်းပါးသည့်အတွက် အတွေ့အကြုံရှာဖွေရန် လိုအပ်သည်။
သို့သော်… နဝမတောင်ထိပ်မှ ထွက်ခွာသွားခြင်းက သူ့အတွက် အလွန်အန္တရယ်များသည်။ ထို့ကြောင့်… အင်မော်တယ်မဖြစ်သေးဘဲ ပြင်ပလောကသို့ ထွက်ခွာသွားလိုစိတ် မရှိပေ။
ထို့ကြောင့်… ယခုကဲ့သို့ အတွေ့အကြုံရှာဖွေသည့် ခရီးစဉ်မျိုးကို ကျန်းလန် ငြင်းဆန်လိုမိသည်။
မော့ကျန်းသုန့်က…
“ဒါဖြင့်လည်း နောက်ကိစ္စတစ်ခု ပြောရအောင်… ၊ ကျောက်စိမ်းရေကန်က မကြာခင် ဖွင့်တော့မယ်… ၊ အဲဒီအချိန်ကျ အင်မော်တယ်အချို့ ကျောက်စိမ်းရေကန်ကို ဝင်ခွင့်ရလိမ့်မယ်… ၊ ဒီတော့ကာ… မင်းက ကျုပ်ရဲ့ ဆက်ခံသူတပည့်ဆိုတော့ မင်းလည်းကျောက်စိမ်းရေကန်မှာ ပွဲတက်ခွင့်ရလိမ့်မယ်…”
ကျန်းလန်က…
“ဒါဖြင့် ကျွန်တော် ကျောက်စိမ်းရေကန်မှာ ပွဲတက်ရဖို့ ရှိတာပေါ့…”
ခွန်လွန်တောင်၏ အဓိကတောင်ထွတ် (၉)ခု၏ အထက်တွင် မြင့်မြတ်သည့်နေရာတစ်ခု ရှိလေသည်။
ထိုနေရာက ကျောက်စိမ်းရေကန်ဖြစ်၏။
ကျောက်စိမ်းရေကန် ဖွင့်လှစ်ခြင်းမရှိဘဲ ပိတ်ထားသည့် အချိန်ကာလများတွင် မိန်းကလေးကျင့်ကြံသူများ ထိုနေရာသို့ ဝင်ရောက်ကျင့်ကြံနိုင်သည်ဟု ဆိုကြသည်။
သို့သော်… မည်သည့်မိန်းကလေးမှ ထိုနေရာသို့ သွားရောက်ကျင့်ကြံခြင်း မရှိကြပေ။
ကျန်းလန်ကတော့ ထိုအကြောင်းအရာများကို အရေးမစိုက်ပေ။
ကျောက်စိမ်းရေကန်သို့ ဝင်ခွင့်ရလျှင် စနစ်တွင် မှတ်ပုံတင်ရန်သာ သူက စိတ်ဝင်စားသူ ဖြစ်သည်။
ကျောက်စိမ်းရေကန်တွင် သေချာပေါက် မဟာတာအိုလမ်းကြောင်း ရှိနိုင်လေသည်။
ထို့ကြောင့်… ကျောက်စိမ်းရေကန်တွင် မှတ်ပုံတင်ခွင့်ရလျှင် မိုးနဲ့မြေကိုဖန်ဆင်းခြင်း တာအိုကျမ်းစာနှင့် မိုးနဲ့မြေကို ဖန်ဆင်းခြင်း ဆေးလုံးကဲ့သို့ တန်ခိုးစွမ်းအားထက်မြက်သည့် ကောင်းကင်ဘုံမှ ပေးအပ်သော အဖိုးတန်ပစ္စည်းများကို ရရှိနိုင်မည် ဖြစ်သည်။
ကျန်းလန်၏စကားကို မော့ကျန်းသုန့်က ခေါင်းညိတ်အဖြေပေးလိုက်သည်။
ကျောက်စိမ်းရေကန်မှ ပွဲတော်သို့ ဆက်ခံသူတပည့်များအားလုံး တက်ရောက်ခွင့် ရှိကြသည်။
အရင်ကတော့ နဝမတောင်ထွတ်တွင် ဆက်ခံသူတပည့် တစ်ယောက်မှ မရှိခဲ့ပေ။ ထို့ကြောင့် မော့ကျန်းသုန့် တစ်ယောက်တည်းသာလျှင် ပွဲတက်ခဲ့ရသည်။
ယခုတော့… သူ့တွင် ဆက်ခံသူတပည့်တစ်ယောက် ရထားပြီ ဖြစ်သည်။
ကျန်းလန်က သူ့အတွေးနှင့်သူ ငြိမ်သက်နေသလို မော့ကျန်းသုန့်ကလည်း တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိ၏။
အတန်ကြာမှ မော့ကျန်းသုန့်က…
“ခွန်လွန်တောင်ခြေမှာ မင်းအတွေ့အကြုံယူဖို့ နေရာတစ်ခုရှိတယ်ကွ… ၊ မင်းရဲ့ မြန်နှုန်းနဲ့ဆိုရင် အသွားအပြန် (၂)နာရီလောက်ပဲ ကြာနိုင်တယ်…”
ကျန်းလန်က…
“တောင်ခြေက ဘယ်နေရာလဲ… ဆရာ…”
မော့ကျန်းသုန့်က…
“ရေခဲပုဇဉ်းရင်ကွဲတောအုပ်လေ… ၊ သွား… အဲဒီကိုသွားပြီး ရေခဲပုဇဉ်းရင်ကွဲ (၂)ကောင်လောက် ဖမ်းလာခဲ့… ၊ သွားတာနဲ့ ဖမ်းတာနဲ့ အချိန် (၄)နာရီလောက်တော့ ကြာလိမ့်မယ်… ၊ အဲဒီလောက်ဆို မများပါဘူးကွာ… ဟုတ်တယ်မလား…”
ယခုတစ်ခါတော့ ဆရာ့စကားကို ကျန်းလန် မငြင်းသာတော့ပေ။
ပြင်ပလောကသို့ သွားရောက်ပြီး အတွေ့အကြုံရှာခြင်းမှသည် တောင်ခြေတွင် ရေခဲပုဇဉ်းရင်ကွဲဖမ်းရန် အခြေအနေသို့ ပြောင်းလဲသွားခဲ့လေပြီ…။
မည်သို့ပင်ဖြစ်စေ… သွားရမည့်ခရီးလည်း နီးသလို အတွေ့အကြုံကလည်း အနည်းနှင့်အများ ရရှိမည်ဖြစ်လေရာ ကျန်းလန် မငြင်းဆန်တော့ရန် ဆုံးဖြတ်လိုက်သည်။
ထိုတောအုပ်က တောင်ခြေရှိ သေရည်ဆိုင်နှင့် သိပ်မဝေးလှပေ။
ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်အတွက် ရေခဲပုဇဉ်းရင်ကွဲ (၂)ကောင်ဖမ်းရန်မှာ လွယ်ကူသည့် ကိစ္စ မဟုတ်ပေ။ သို့သော်… အန္တရယ်တော့ မရှိပေ။
ကျန်းလန်က မူလဝိညာဉ်အဆင့် ၊ အလယ်ဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ရေခဲပုဇဉ်းရင်ကွဲ (၂)ကောင်လောက်ဖမ်းခြင်းက သူ့အတွက် မခက်ခဲပေ။
သူက စနစ်တွင် မှတ်ပုံတင်ရန် ခရီးထွက်သည်ဟုသာ သဘောထားလိုက်သည်။
သွားရသည့်နေရာ မဝေးသည့်အတွက်လည်း ကျန်းလန် ကျေနပ်သွားသည်။
ထို့နောက်… ကျန်းလန် ဆရာဖြစ်သူကို နှုတ်ဆက်ကာ နဝမတောင်ထွတ်မှ ထွက်ခွာလာခဲ့လေတော့သည်။
ရေခဲပုဇဉ်းရင်ကွဲတောအုပ် တည်ရှိရာနေရာကို ကျန်းလန် တွက်ချက်ကြည့်လိုက်ပြီးနောက် အမြန်ပင် ထွက်ခွာရန် စီစဉ်လိုက်သည်။
ယနေ့အဖို့ စနစ်တွင် မှတ်ပုံမတင်ရသေးလေရာ ထိုနေရာသို့ အမြန်သွားကာ မှတ်ပုံတင်ရမည် ဖြစ်သည်။
မော့ကျန်းသုန့်ကတော့ မည်သို့မှ မတတ်နိုင်စွာဖြင့် ထွက်ခွာသွားသည့် ကျန်းလန်၏ ကျောပြင်ကိုသာ ငေးမောကြည့်ရင်း ကျန်ရစ်ခဲ့သည်။
“ကြည့်ရတာ မှော်ဝင်တိမ်တိုက်တောင်ကိုသွားဖို့ လက်ရွေးစင်တပည့်ရွေးပွဲကို ငါ့တပည့်က သွားမှာမဟုတ်တော့ဘူး… ၊ ဒီကောင် စိတ်စွမ်းအားကောင်းလွန်းလို့ပဲ ဒီလို ထူးထူးခြားခြား ဖြစ်နေသလား မပြောတတ်တော့ပါဘူး…”
သူ့တပည့်က ကျင့်ကြံခြင်းမှလွဲပြီး ဘာတစ်ခုမှ စိတ်ဝင်စားသူ မဟုတ်ပေ။
မော့ကျန်းသုန့် မချိပြုံးတစ်ချက် ပြုံးမိသည်မှလွဲပြီး တပည့်ဖြစ်သူကို အပြစ်မတင်ရက်ခဲ့ပေ။
သူ အပြစ်တင်လိုက်သောကြောင့် တပည့်ဖြစ်သူ စိတ်ဆင်းရဲသွားမည်ကို မော့ကျန်းသုန့် စိုးရိမ်မိသည်။
ပြီးတော့… ဒီတပည့်က သူ့အတွက် ဂုဏ်အယူရဆုံး တပည့်တစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
…………………
ကျန်းလန် နဝမတောင်ထွတ်မှ ထွက်ခွာသွားလေသည်။
သူ ဓားကိုစီးနှင်ကာ ခွန်လွန်တောင်အောက်သို့ အလွန်လျှင်မြန်သည့်အရှိန်ဖြင့် ပျံသန်းဆင်းသက်သွားသည်။
ယခုဆိုလျှင်… အများအမြင်တွင် သူက ရွှေပြဒါးအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် ဓားကိုစီးနှင်ပျံသန်းသည့်အရှိန်က အလွန်လျှင်မြန်သည်ကို မည်သူမှ သံသယဝင်ကြမည် မဟုတ်ပေ။ သို့သော်… သူက အလွန်မြင့်မားသည့် ကောင်းကင်အမြင့်ကြီးမှ ပျံသန်းနေခြင်း မဟုတ်ပေ။
အလွန်မြင့်မားသည့်နေရာမှ ပျံသန်းမိပါက အဆင့်မြင့်အကြီးအကဲများ ဒေါသထွက်ကုန်ကြမည်ကို ကျန်းလန် စိတ်ပူမိသည်။
အချို့အကြီးအကဲများက သူတို့ခေါင်းပေါ်မှ လူတစ်ယောက် ပျံသန်းသွားသည်ကို မနှစ်သက်တတ်ကြပေ။ ထို့ကြောင့် ကျန်းလန်က ဂရုစိုက်ပြီး ရှောင်ရှားသွားရလေသည်။
မကြာမီ … ရေခဲပုဇဉ်းရင်ကွဲတောအုပ်သို့ ကျန်းလန် ရောက်ရှိလာသည်။
ထိုနေရာက ခွန်လွန်တောင်ခြေတွင်တည်ရှိပြီး ခွန်လွန်တောင်နှင့် သိပ်မဝေးလှပေ။
သို့သော်… ခွန်လွန်တောင်၏ ပိုင်နက်အတွင်းတည် တည်ရှိသည့် နေရာတစ်ခု မဟုတ်ပေ။
ခွန်လွန်တောင်ကတော့ ဤသို့သော တောအုပ်လေးတစ်ခုကို အရေးစိုက်နေမည် မဟုတ်ပေ။
ရေခဲပုဇဉ်းရင်ကွဲကောင်များက ထူးခြားမှုရှိသော်လည်း ရှားပါးမျိုးစိတ်တစ်ခုတော့ မဟုတ်ပေ။ ထို့ပြင်… ထိုသတ္တဝါများက ကျင့်ကြံခြင်းအတွက် သိပ်ပြီး အသုံးမဝင်လှပေ။
ထို့ကြောင့် ရောခဲ့ပုဇဉ်းရင်ကွဲများကို မည်သည့်ကျင့်ကြံသူကမှ စိတ်မဝင်စားကြပေ။
ကျန်းလန်က စီးနှင်လာသည့်ဓားကို လေထဲတွင် ရပ်တန့်လိုက်သည်။
အရှေ့ဆီတွင် တောအုပ်တစ်ခုကို မြင်တွေ့နေရသည်။
သစ်ပင်များထက်တွင် နှင်းများစွန်းထင်းနေပြီး သစ်ပင်များက တစ်ပင်နှင့်တစ်ပင် ပုံသဏ္ဍန်အလွန်ဆင်တူလှသည်။
ထိုတောအုပ်က ရေခဲပုဇဉ်းရင်ကွဲတောအုပ်ပင် ဖြစ်၏။
ထို့နောက်… ကျန်းလန် ဓားကို ဆက်လက်စီးနှင်သွားပြီး တောအုပ်အလယ်လောက်သို့ရောက်သည့်အခါ ဆင်းသက်လိုက်သည်။
တောအုပ်ထဲတွင် ရေခဲပုဇဉ်းရင်ကွဲ ရှာဖွေရမည် ဖြစ်သည်။
ကျန်းလန် တောအုပ်ထဲ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်လာမိသည်နှင့် တောအုပ်ထဲမှ ဆူညံသံများ တဖြည်းဖြည်း လျော့နည်းလာသည်ကို သတိပြုလိုက်မိသည်။
တောနက်ထဲတွင် ဤမျှ တိတ်ဆိတ်နေသည်မှာ ပုံမှန်မဟုတ်ကြောင်း ကျန်းလန် ခံစားလိုက်မိသည်။
အမှန်ဆိုလျှင်… ရေခဲပုဇဉ်းရင်ကွဲတောအုပ်က ဤသို့ ဖြစ်မနေသင့်ပေ။
ကျန်းလန် ပတ်ဝန်းကျင်ကို တစ်ချက် စစ်ဆေးကြည့်လိုက်သည်။
“ဒီနေရာမှာ တစ်ခုခုတော့ မှားနေပြီ ထင်တယ်…”
ထိုသို့တွေးမိသည်နှင့် တောအုပ်အတွင်းမှ ချက်ချင်းထွက်ခွာရန် ကျန်းလန် ဆုံးဖြတ်လိုက်သည်။
ထိုစဉ်မှာပင်… တစ်စုံတစ်ယောက်က သူ့ကို စိုက်ကြည့်နေကြောင်း ကျန်းလန် အာရုံခံလိုက်မိသည်။
ထိုသူက သူ့အနောက်ဘက်မှ မနီးမဝေးတစ်နေရာမှ သူ့ကို စိုက်ကြည့်နေခြင်း ဖြစ်၏။
ကျန်းလန် ချက်ချင်းပင် နောက်သို့လှည့်ကြည့်လိုက်သည်။ သို့သော်… သစ်ပင်အချို့မှအပ မည်သည့်အရာကိုမှ မတွေ့ရပေ။
ကျန်းလန် မျက်မှောင်တစ်ချက်ကြုတ်လိုက်သည်။
လောလောဆယ်တွင် သူ့အတွက် အန္တရယ်မရှိနိုင်သေးကြောင်း ရိပ်မိလိုက်သည်။
ထို့ကြောင့်… အရင်ဆုံး စနစ်တွင်မှတ်ပုံတင်ရန် ဆုံးဖြတ်လိုက်လေတော့သည်။