Switch Mode

အခန်း (၇၁၀)

သောကြာဂြိုဟ်အား သန့်စင်ခြင်း

” ဝမ်ပေါင်လဲ့။ ငါတို့တွေ သောကြာဂြိုဟ်ပေါ်က ဝိညာဉ်ဆန့်ကျင်ဗုံးတွေကို အချိန်မရွေး ဖောက်ခွဲပစ်လို့ရပြီ။ တာအိုဘုန်းတော်ကြီးယိုရန်ကို သူ့ရဲ့ သေမင်းတာအို စစ်သင်္ဘောကြီးရဲ့ စွမ်းအားတွေကို ထုတ်သုံးရအောင် ဖိအားပေးလိုက်။ အဲတာဆိုရင် သူ အာရုံတွေ ထွေပြားသွားမှာမလို့ ဂြိုဟ်ကြီးရဲ့ ပေါက်ကွဲမှုကို တားဆီးဖို့ အာရုံစိုက်နိုင်တော့မှာ မဟုတ်ဘူး ” ဝမ်ပေါင်လဲ့တစ်ယောက် တာအိုဘုန်းတော်ကြီးယိုရန်အား စိုက်ကြည့်နေစဉ် လီရှင်းဝမ်၏ သွေးရူးသွေးတန်းဖြစ်နေသော စကားသံမှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာ၏။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး သူ၏ ညာဘက်လက်ကို မြှောက်ကာ တာအိုဘုန်းတော်ကြီးယိုရန်အား လက်ညှိုးထိုးလိုက်သည်။ ထိုအခါ ညနတ်ဆိုးဧကရာဇ်ကြီး၏ မျက်ဝန်းများမှာ ရဲရဲနီသွားတော့သည်။ ထို့နောက် သူသည် အသံကုန် အော်ဟစ်မြည်တမ်းကာ ရှေ့သို့ ပြေးထွက်သွားပြီး တာအိုဘုန်းတော်ကြီးယိုရန်ဆီ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်၏။ ထိုအခါ သူ့အား ချည်နှောင်ထားသည့် သံကြိုးများမှာ ဆောင့်ဆွဲခံလိုက်ရသဖြင့် လမင်းကြီးမှာ သူ့အား ဆွဲထားနိုင်စွမ်း မရှိတော့ပေ။

ထို့နောက် လပေါ်ရှိ ဓမ္မလက်နက် အဆောင်ပစ္စည်းများအားလုံးကို အသုံးပြုလိုက်သဖြင့် အလင်းတန်းများ စတင်ထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ပထမဆုံး အကြိမ်တုန်းကအတိုင်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခြင်းမရှိဘဲ နေရာတစ်နေရာတည်းသို့သာ ဦးတည်သွားကြ၏။ ထိုသို့ဖြင့် ထိုအလင်းတန်းများ အားလုံးမှာ အတူတကွ စုစည်းသွားကြပြီး တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ တန်တန်းမတ်မတ် ဦးတည်လာတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာမူ မျက်ဝန်းများ အရောင်လက်သွားပြီး မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ သူ၏ လက်ဖဝါးနှစ်ဖက်ထဲမှ အနက်ရောင်နှင့် အဖြူရောင် အလင်းတန်းနှစ်တန်း ထိုးထွက်လာသည်။ ထို့နောက် ၎င်းတို့မှာ သူ၏ရှေ့တွင် မီးခိုးရောင် အလင်းတန်းတစ်ခုအဖြစ် စုစည်းသွားကြပြီး အနီရောင် အလင်းတန်းကြီးနှင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်သီးချက်တို့ကို တားဆီးလိုက်တော့သည်။

ထိုအခါ အာကာသထဲ၌ တအုန်းအုန်းမြည်သံများ အဆက်မပြတ် ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာမူ ကိုယ်ပွားတစ်ခု ဆင့်ခေါ်လိုက်ပြီး ၎င်းအား ရှေ့သို့စေလွှတ်ကာ ဖောက်ခွဲပစ်လိုက်တော့သည်။

ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ ချက်ချင်းဆိုသလိုပင် မျက်နှာအမူအရာ ပြောင်းလဲသွားရပြီး ပေါက်ကွဲသံများ၏ ကြားတွင် နောက်သို့ ပျံသန်းဆုတ်ခွာသွားတော့သည်။ သူသည် လမင်းခံတပ်၊ ညနတ်ဆိုးဧကရာဇ်ကြီးနှင့် အဆက်မပြတ် ပေါက်ကွဲနေသည့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားများကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်နေရသည် မဟုတ်ပါလော။

သူသည် သေမင်းတာအို စစ်သင်္ဘောကြီးအား တိုက်ပွဲထဲ၌ အသုံးမပြုလိုသည့်ပုံပင်။ ထို့ကြောင့် သူသည် နောက်သို့ဆုတ်ခွာသွားရင်း သူ၏ လက်ခြောက်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထိုအခါ ဖြူဆွတ်နေသည့် ပွင့်ဖတ်များနှင့် မည်းနက်နေသည့် ပွင့်မဝတ်ဆံတစ်ခု ပါသော ဧရာမ ပန်းပွင့်ကြီးတစ်ပွင့်မှာ သူ၏ရှေ့တွင် ပေါ်ပေါက်လာသည်။ ၎င်းမှာ ငွားငွားစွင့်စွင့် ပွင့်လာပြီးနောက် ၎င်း၏ ပွင့်ဖတ်များမှာ အာကာထဲသို့ မျောလွင့်သွားတော့သည်။ ထို့နောက် ထို အဖြူရောင် ပွင့်ဖတ်များမှာ ညနတ်ဆိုးဧကရာဇ်ကြီးအား လွှမ်းခြုံသွားကြ၏။

ထိုအခါ ညနတ်ဆိုးဧကရာဇ်ကြီးမှာ အသံကုန်အော်ဟစ်မြည်တမ်းကာ သူ၏ လက်နှစ်ဖက်အား လေထဲ၌ အားပါပါ ဝှေ့ယမ်းနေတော့သည်။ သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ခန္ဓာကိုယ်ပေါ်မှ ကွာကျသွားကာ အစိတ်စိတ်မြွှာမြွှာ ဖြစ်သွားပြီး‌နောက် သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေကြ၏။ ဝမ်ပေါင်လဲ့မှာမူ အောက်သို့ခုန်ချကာ သူ၏ နတ်ဘုရားလက်နက် လက်ကြီးဖြင့် အားပါပါ ခုတ်ချလိုက်တော့သည်။ ထိုအခါ လမင်းကြီးမှာ အပြင်းအထန် တုန်ရီသွားရ၏။ လပေါ်ရှိ ကျင့်ကြံသူများ အားလုံးမှာလည်း အစွမ်းကုန်ထုတ်၍ တိုက်ခိုက်နေကြပြီဖြစ်သည်။ လမင်းခံတပ်ထဲရှိ ကြယ်တာရာရင်းမြစ်ပင်လျှင် အပြင်းအထန် တုန်ရီနေ၏။ ထိုအချိန်တွင် အနီရောင်အလင်းတန်းများမှာ အနီရောင် ဧရာမ လက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီးနောက် ပွင့်ဖတ်များကို ကျော်ဖြတ်ကာ တာအိုဘုန်းတော်ကြီးယိုရန်အား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ထို့ကြောင့် စွမ်းအင်လှိုင်းများမှာ အာကာသကြီးထဲ၌ ထပ်၍ ပြည့်နှက်သွားရပြန်သည်။ ညနတ်ဆိုးဧကရာဇ်ကြီးမှာမူ တစ်ကိုယ်လုံး တုန်ရီသွားရပြီး ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးများစီးကျလာရ၏။ သူတို့၏ ပူးပေါင်းစွမ်းအားများကြောင့် ပွင့်ဖတ်များကို ဖျက်ဆီးနိုင်သွားပြီဖြစ်သည်။ ထို့နောက် သူတို့မှာ နောက်ထပ်တစ်ကြိမ် ထပ်၍ အတူတကွ ပူးပေါင်းလိုက်ကြပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်ဆီသို့ ထပ်၍ ပြေးလာတော့သည်။

ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ အသက်အန္တရာယ်နှင့် ရင်ဆိုင်ရတော့မည်အလား ခံစားလိုက်ရသဖြင့် သူ၏မျက်ဝန်းများမှာ တည်ကြည်ပြတ်သားသွား၏။ ခဏအကြာတွင် သူသည် ညာဘက်လက်ကိုမြှောက်ကာ သေမင်းတာအို စစ်သင်္ဘောကြီးအား လက်ညှိုးထိုးလိုက်တော့သည်။ ထို့နောက် သူ၏ ခပ်အောအော စကားကြီးမှာ အာကာသထဲ၌ ပဲ့တင်ထပ်သွား၏။

” ချုပ်နှောင်စေ ”

သူ ထိုသို့အမိန့်ပေးလိုက်သည်နှင့် အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးပေါ်မှ ချပ်ပြားဝိုင်း သုံးခုစလုံးမှာ အပြာရောင် အလင်းတန်းတစ်ခုကို ထုတ်လွှတ်လိုက်ကြ၏။ ထို့ကြောင့် အေးစက်စက် အလင်းရောင် ပင်လယ်တစ်စင်း ပေါ်ပေါက်လာကာ ရှေ့သို့ ထိုးထွက်လာသဖြင့် ၎င်း၏ လမ်းတစ်လျှောက်ရှိ အရာအားလုံးမှာ အေးခဲသွားတော့မည့်ပုံပင်။

ထို အပြာရောင် အလင်းရောင်ပင်လယ်ကြီးမှာ မျက်စိတစ်မှိတ်အတွင်းတွင် စစ်မြေပြင်ကြီးအား လွှမ်းခြုံသွား၏။ ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွားရတော့သည်။ သူသည် အတွေးများထဲတွင် နစ်မျောကာ စိုးရိမ်တကြီး ဖြစ်နေသည့်ပုံ ပေါက်နေ၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ခြေကုန်သုတ်ကာ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားလိုက်၏။ သို့သော်လည်း နောက်ကျသွားခဲ့ပြီ ဖြစ်သည်။ လမင်းကြီး၊ ညနတ်ဆိုးဧကရာဇ်ကြီးနှင့် ဝမ်ပေါင်လဲ့တို့မှာ ချက်ချင်းဆိုသလိုပင် ထိုအလင်းရောင် ပင်လယ်ကြီး၏ လွှမ်းခြုံခြင်းကို ခံလိုက်ရသဖြင့် ခဏအကြာတွင် ရေခဲများမှာ သူတို့အား ဖုံးလွှမ်းသွားကြတော့သည်။

ထိုမြင်ကွင်းကြောင့် တာအိုနန်းတော်နှင့် ပြည်ထောင်စု ကျင့်ကြံသူအားလုံးမှာ အံ့ဩမှင်တက်သွားကြ၏။ သူတို့မှာ သေမင်းတာအို စစ်သင်္ဘောကြီး၏ အစွမ်းကို ယခုမှ ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း မဟုတ်ပေ။ ဗုဒ္ဓဟူးဂြိုဟ်အား ဖောက်ခွဲပစ်ရန် ကြိုးစားခဲ့စဉ်တုန်းက မအောင်မြင့်ခဲ့ရသည်မှာ ဝိညာဉ်ဆန့်ကျင်ဗုံးများ ပေါက်ကွဲသွားသည့်အချိန်တွင် သေမင်းတာအို စစ်သင်္ဘောကြီးမှာ အလားတူ တိုက်ကွက်မျိုးကို ထုတ်သုံးခဲ့သောကြောင့် ဖြစ်သည်။ ၎င်းမှာ ဂြိုဟ်တစ်လုံးစလုံးကို အေးခဲပစ်ပြီးနောက် ဝိညာဉ်ဆန့်ကျင်ဗုံးများကို ဖိနှိပ်ချုပ်တည်းပစ်ခဲ့သဖြင့် ထိုအစီအစဉ်မှာ ပျက်ပြားသွားခဲ့ရ၏။

ယခုတွင်လည်း ထိုတိုက်ကွက်ကြီးမှာ ဒုတိယအကြိမ်အဖြစ် ပေါ်ပေါက်လာပြီ ဖြစ်သည်။ သို့သော်လည်း ၎င်း၏ ပစ်မှတ်မှာမူ ဂြိုဟ်တစ်လုံး မဟုတ်ဘဲ အစွမ်းထက် လမင်းခံတပ်ကြီး၊ ညနတ်ဆိုးဧကရာဇ်ကြီးနှင့် ဝမ်ပေါင်လဲ့တို့ ဖြစ်နေ၏။

ကျောက်ယမုန့်မှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောခါ ခြေလှမ်းများ ဒယိမ်းဒယိုင် ဖြစ်သွားရပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွား၏။ ခုန်းတောက်မှာမူ တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ ခန္ဓာကိုယ်ထဲမှ ပို၍အားကောင်းသော တိုက်ခိုက်လိုစိတ်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့၏ အခြား မိတ်ဆွေများမှာမူ တုန်လှုပ်ချောက်ချားကာ စိုးရိမ်တကြီး ဖြစ်သွားရတော့သည်။

လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ အံကြိတ်လိုက်၏။ သူတို့မှာ ဤအခိုက်အတန့်သို့ ရောက်လာရန် အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့သည် မဟုတ်ပါလော။ ထို့ကြောင့် လီရှင်းဝမ်မှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအား အသုံးပြုကာ ပြည်ထောင်စု ကျင့်ကြံသူများအား အဝေးသို့ တည်နေရာပြောင်းရွှေ့ပေးလိုက်၏။ သွမ့်မုချွယ်မှာမူ သောကြာဂြိုဟ်၏ အလိုအလျောက် ဖောက်ခွဲမှုစနစ်အား စတင်လိုက်တော့သည်။

သူတို့မှာ အဆင်အခြင်မဲ့စွာ ပြုမူနေကြခြင်းမဟုတ်ဘဲ လက်ရှိ အခြေအနေကြီးမှာ ရန်သူများ၏ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်ကြောင်း တွေးမိထားပြီးသားဖြစ်သည်။ သို့သော် သူတို့မှာ ဤ အခွင့်အရေးအား လက်လွှတ်ဆုံးရှုံးလိုက်ရမည်ဆိုပါက သောကြာဂြိုဟ်မှာလည်း ဗုဒ္ဓဟူးဂြိုဟ်အတိုင်း ဖြစ်သွားနိုင်ပေသည်။ ထို့ကြောင့် သူတို့မှာ ထောင်ချောက်တစ်ခု ဖြစ်နေနိုင်သည့်တိုင်အောင် လောင်းကြေးထပ်လိုက်ရခြင်း ဖြစ်၏။

သို့သော် ကံမကောင်းစွာဖြင့်… သူတို့၏ လောင်းကြေးမှာ ရှုံ့နိမ့်သွားပြီဖြစ်သည်။

သောကြာဂြိုဟ်၏ အလိုအလျောက် ဖောက်ခွဲမှုစနစ် စတင်လည်ပတ်သွားပြီး ထိုဂြိုဟ်ပေါ်တွင် မြှုပ်နှံထားသည့် ဝိညာဉ်ဆန့်ကျင်ဗုံးများ ပေါက်ကွဲသွားခါနီးမှာပင် တာအိုဘုန်းတော်ကြီးယိုရန်မှာ ရယ်မောလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ကျစ်ကျစ်ပါအောင် လက်သီးဆုပ်လိုက်တော့သည်။

ထိုအခါ သေမင်းတာအို စစ်သင်္ဘောကြီးထဲမှ ထွက်ပေါ်နေသည့် အပြာရောင် အလင်းတန်းကြီးမှာ ချက်ချင်းဆိုသလိုပင် အနက်ရောင်ပြောင်းသွား၏။ ထို့နောက် အပြာရောင် အလင်းရောင်ပင်လယ်ကြီးထက်ပင် ပို၍ ကြီးမားကျယ်ပြန့်သော အနက်ရောင် အလင်းရောင်ပင်လယ်ကြီးမှာ အာကာသထဲ၌ ပေါ်ပေါက်လာတော့သည်။ ၎င်းမှာ တာအိုနန်းတော်နှင့် ပြည်ထောင်စု ကျင့်ကြံသူများကိုသာမက ခံစစ်‌ကြောင်းများကိုပါ ကျော်ဖြတ်သွားပြီး သောကြာဂြိုဟ်၏ အပေါ်တည့်တည့်တွင် ပေါ်ပေါက်လာ၏။ ထို့နောက် ၎င်းမှာ ဧရာမ အချုပ်အနှောင်ကြီးတစ်ခုအသွင် ပြောင်းလဲသွားကာ သောကြာဂြိုဟ်အား အပေါ်မှနေ၌ လွှမ်းခြုံသွားတော့သည်။

ထိုအခါ သောကြာဂြိုဟ်မှာ အပြင်းအထန်တုန်ရီသွား၏။ ဂြိုဟ်ပေါ်တွင် ရှိနေကြသည့် ဝိညာဉ်ဆန့်ကျင်ဗုံးများမှာ ထို အချုပ်အနှောင်ကြီး၏ ဖိနှိပ်ချုပ်တည်းခြင်းကို ခံလိုက်ရသဖြင့် ၎င်းတို့၏ ပေါက်ကွဲမှုများမှာလည်း ရပ်တန့်သွားကြတော့သည်။

ထို့ကြောင့် သွမ့်မုချွယ်မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ နောက်ဆုံးတွင် သူနှင့် လီရှင်းဝမ်တို့မှာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် သောကြာဂြိုဟ်၏ နောက်ဆုံးဝှက်ဖဲအား ထုတ်သုံးလိုက်တော့သည်။

သောကြာဂြိုဟ်၏ မြေကြီးအောက်တွင် ရှေးဦးဝိညာဉ်ခေတ် အစပိုင်းကတည်းက တည်ဆောက်ထားသည့် အကျဉ်းထောင်တစ်ခု ရှိနေ၏။ ၎င်းမှာ ကြီးလေးသောပြစ်မှုများကို ကျူးလွန်ခဲ့သည့် ရာဇဝတ်သားများ အားလုံးကို ချုပ်နှောင်ထားသည့် နေရာဖြစ်သည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှာ အဘွားကြီးမှာလည်း ထိုရာဇဝတ်သားများထဲတွင် ပါဝင်ပေသည်။ ထို့အပြင် ထိုနေရာတွင် အကျဉ်းချခံထားရသည့် ကမ္ဘာပေါ်မှ သားရဲကြီးများလည်း ရှိနေကြသေးသည်။

၎င်းတို့ထဲမှ အများစုမှာ အမြုတေအဆင့်တွင်သာ ရှိကြပြီး အန္တရာယ်ပြုနိုင်စွမ်း သိပ်မရှိပေ။ သို့သော် သွမ့်မုချွယ်မှာ ကျောက်ယမုန့်၏ ဖခင်ဖြစ်သူ ကျောက်ပင်ဖန်အား ထို ရာဇဝတ်သားများ၏ ခန္ဓာကိုယ်များထဲတွင် အထူး ဝိညာဉ်ဆန့်ကျင်ဗုံးများ ထည့်သွင်းပေးထားရန် လျှို့ဝှက်အမိန့်တစ်ခု ပေးထားခဲ့၏။ ထို ဝိညာဉ်ဆန့်ကျင်ဗုံးများ၏ ပေါက်ကွဲမှုမှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်ပြင်းအားနှင့် ညီမျှပေသည်။ ထို့အပြင် ထို အကျဉ်းသားများ၏ ပတ်ပတ်လည်တွင် မန္တန်အစီအရင်တစ်ခု တပ်ဆင်ထားသေးသည် ဖြစ်ရာ သူတို့မှာ အသေးစား မန္တန်အစီအရင်လေးများကဲ့သို့ ဖြစ်နေကြ၏။ ထို အသေးစား မန္တန်အစီအရင်လေးများကို အတူတကွ စုပေါင်းလိုက်မည်ဆိုလျှင် ဧရာမ မန္တန်အစီအရင်ကြီးတစ်ခု ပေါ်ပေါက်လာမည်ဖြစ်သည်။

ထို မန္တန်အစီအရင်ကြီးမှာ သောကြာဂြိုဟ်၏ ကြယ်တာရာရင်းမြစ်နှင့် တိုက်ရိုက်ချိတ်ဆက်နေ၏။ ထို့ကြောင့် ထို အကျဉ်းသားများကိုသာ ဖောက်ခွဲပစ်လိုက်မည်ဆိုပါက ကြယ်တာရာ ရင်းမြစ်ကြီးမှာ ပျက်စီးသွားမည်ဖြစ်ပြီး သောကြာဂြိုဟ်မှာလည်း ပေါက်ကွဲသွားမည်ဖြစ်သည်။

၎င်းမှာ ပြည်ထောင်စုကြီးဘက်မှ လိုရမယ်ရ ပြင်ဆင်ထားခဲ့သော ဗျူဟာတစ်ခု ဖြစ်ပေသည်။

ထို မန္တန်အစီအရင်ကြီးအား လည်ပတ်သွားစေလိုက်သောအခါ သောကြာဂြိုဟ် အကျဉ်းထောင်ထဲရှိ အသိစိတ်မရှိတော့သော ရာဇဝတ်သားများအားလုံးမှာ အပြင်းအထန် တုန်ရီလာကြသည်။ ထို့နောက် သူတို့၏ ခန္ဓာကိုယ်များထဲမှ အလင်းတန်းများ ထွက်ပေါ်လာကာ အဖျက်စွမ်းအင်လှိုင်းများအဖြစ် ပြောင်းလဲသွားကြပြီး ဂြိုဟ်ကြီး၏ ကြယ်တာရာရင်းမြစ်အား ရိုက်ခတ်သွားကြ၏။ ထို့ကြောင့် သောကြာဂြိုဟ် တစ်ခုလုံးမှာ စတင်တုန်ရီလာပြီး နောက်ထပ်တစ်ကြိမ် ထပ်၍ ပေါက်ကွဲသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

” လတ်စသတ်တော့ ဒါက မင်းတို့ရဲ့ ဝှက်ဖဲကိုး ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ရယ်မောကာ ရေရွတ်လိုက်ပြီး ညာဘက်လက်ဖြင့် မန္တန်အစီအရင်များဖော်ကာ လက်ညှိုးထိုးလိုက်၏။ ထိုအခါ သောကြာဂြိုဟ်အား လွှမ်းခြုံထားသည့် အနက်ရောင် အချုပ်အနှောင်ကြီးမှာ အနက်ရောင်မီးတောက်ပေါင်း မြောက်များစွာကို ထုတ်လွှတ်လိုက်၏။ ထို မီးတောက်များမှာ အရှိန်အဟုန်ပြင်းစွာ လောင်ကျွမ်းသွားကြပြီးနောက် သောကြာဂြိုဟ်၏ ပတ်ပတ်လည်တွင် ဝန်းရံသွားကြသည်။ ထို့ကြောင့် သောကြာဂြိုဟ် တစ်ခုလုံးမှာ မီးတောက်များ၏ အောက်သို့ ရောက်သွားတော့သည်။ ထို အနက်ရောင်မီးတောက်များကြောင့် ပြည်ထောင်စုကြီး၏ နောက်ဆုံး ဝှက်ဖဲအစီအစဉ်မှာလည်း မအောင်မြင်ဘဲ ကျရှုံးသွားရ၏။ ထို မီးတောက်များမှာမူ အဆက်မပြတ် လောင်ကျွမ်းနေရင်း ဂြိုဟ်ကြီးအား စတင်သန့်စင်နေတော့သည်။

သောကြာဂြိုဟ်၏ တတိယ ခံစစ်ကြောင်းမှာ ချက်ချင်းဆိုသလိုပင် ပြိုလဲပျက်စီးသွားပြီ ဖြစ်ပြီး ၎င်း၏ ဒုတိယ ခံစစ်ကြောင်းမှာလည်း ဖရိုဖရဲ ဖြစ်နေရပြီ ဖြစ်သည်။

သွမ့်မုချွယ်မှာမူ အမျက်ချောင်းချောင်းထွက်ကာ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာ၏။ သူသည် မျက်ဝန်းများ နီမြန်းနေပြီး နှလုံးသားထဲ၌ နာကြည်းမှုများဖြင့် ပြည့်နှက်နေရပြီဖြစ်သည်။ လီရှင်းဝမ်မှာလည်း ထိုနည်းတူပင်။ သူသည် မတ်တတ်ပင် ကောင်းကောင်းမရပ်နိုင်တော့ဘဲ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေရ၏။ အခြား ပြည်ထောင်စုကျင့်ကြံသူများအားလုံးမှာမူ အသက်မရှိတော့သည့်အလား ငြိမ်ကျသွားကြသည်။

” တကယ်လို့ သောကြာဂြိုဟ်ရဲ့ ကြယ်တာရာရင်းမြစ်ကြီး အပြည့်အဝ ပေါ်ပေါက်လာပြီး ငါ အဆင်သင့် အသုံးပြုလို့ရတဲ့ အနေအထားအထိ ရောက်အောင် မင်းတို့ဘက်က မပြင်ဆင်ပေးခဲ့ဘူးဆိုရင် ငါက မင်းတို့ကိုပါ အစောကြီးကတည်းက သန့်စင်ပစ်တော့မလို့ကွ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ပြုံးကာဆိုလိုက်၏။ သူသည် သောကြာဂြိုဟ်အား ဖျက်ဆီးပစ်ရန်သာ ရည်ရွယ်ထားခြင်းမဟုတ်ပေ။ သူသည် ပြည်ထောင်စုကြီးအား သောကြာဂြိုဟ်၏ ကြယ်တာရာရင်းမြစ်ကို နိုးထလာအောင်လုပ်ရန် ဖိအားပေးခဲ့ခြင်း ဖြစ်၏။ သို့မှသာ သူ၏ သန့်စင်ခြင်း လုပ်ငန်းစဉ်မှာ အဆင်ပြေချောမွေ့နေမည်ဖြစ်ပြီး သူ၏ သေမင်းတာအို စစ်သင်္ဘောကြီးအား ပြန်လည်ပြုပြင်နိုင်မည့် စွမ်းအင် အမြောက်အမြားကို ထုတ်ယူရရှိနိုင်မည်ဖြစ်သည်။

သူသည် သူ၏ သေမင်းတာအို စစ်သင်္ဘောကြီးအား မဖြစ်မနေ ထုတ်သုံးခဲ့ရသည့်ပုံစံ ဟန်ဆောင်ခဲ့ခြင်းဖြစ်၏။ သို့သော် ၎င်းမှာ သူ၏ ထောင်ချောက်တစ်ခုသာ ဖြစ်ပေသည်။ သူသည် အစကတည်းက ပြည်ထောင်စုကြီးအား သောကြာဂြိုဟ်ကို ဖောက်ခွဲပစ်သည့် အခြေအနေသို့ ရောက်သည့်အထိ ဖိအားပေးရန် ကြံရွယ်ထားခဲ့ခြင်း ဖြစ်သည်။

” ဝမ်ပေါင်လဲ့။ မင်း အသက်ပေးပြီးတော့ ကာကွယ်နေခဲ့တဲ့ ဂြိုဟ်ကြီး ဖြည်းဖြည်းချင်း တိုက်စားခံရပြီးတော့ ငါ့ရဲ့ စစ်သင်္ဘောကြီးအတွက် အာဟာရဓာတ်တွေအဖြစ် ပြောင်းလဲသွားတာကို ကြည့်နေလိုက်ဦးပေါ့ကွာ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီး ခေါင်းမော့ကာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောနေလိုက်တော့သည်။ ထို့နောက် သူသည် ညနတ်ဆိုးဧကရာဇ်ကြီး၏ ပခုံးပေါ်ရှိ ရေခဲများထဲ၌ ပိတ်မိနေသော ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်၏။

ဝမ်ပေါင်လဲ့မှာ ရေခဲများထဲတွင် ပိတ်မိနေပြီး လှုပ်ရှားနိုင်စွမ်းမရှိပါသော်လည်း အသက်ရှိနေဆဲပင်။ သူ တွေးတောနေသည့် အရာများကို မည်သူကမှ မသိနိုင်ပါသော်လည်း တာအိုဘုန်းတော်ကြီးယိုရန်မှာမူ သူ၏မျက်ဝန်းများထဲမှ စိုးရိမ်စိတ်များကို အတိုင်းသား မြင်နေရ၏။

” ကဲ။ ပွဲတော်တည်ကြစို့ ” တာအိုဘုန်းတော်ကြီးယိုရန်မှာ စိတ်ဓာတ်တက်ကြွစွာဖြင့် ရယ်မောကာဆိုလိုက်၏။ ထို့နောက် သူသည် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သောကြာဂြိုဟ်အား ဝန်းရံထားသည့် မီးတောက်များမှာ ဒုတိယမြောက် ခံစစ်ကြောင်းအား မီးလောင်တိုက်သွင်းပစ်လိုက်တော့သည်။ ထို့ကြောင့် အကာအရံ မန္တန်အစီအရင်ကြီးမှာလည်း တစ်စစီ ကြေမွပျက်စီးသွားရ၏။ တာအိုနန်းတော် ကျင့်ကြံသူများမှာမူ သူတို့မြင်နေရသည့် မြင်ကွင်းကြီးကြောင့် ဆွံ့အမှင်တက်သွားကြသည်။ သို့သော် နောက်ဆုံးတွင်မူ သူတို့မှာ သူတို့၏ လောဘစိတ်များကို ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပေ။ အနက်ရောင်မီးတောက်များမှာ သူတို့အား အန္တရာယ်မပြုနိုင်ကြောင်း သိလိုက်ရပြီးနောက် သူတို့မှာ စိတ်လှုပ်တရှားဖြင့် ရှေ့သို့ ပြေးထွက်သွားကြပြီး စတင်တိုက်ခိုက်လိုက်ကြတော့သည်။

အလိုအလျောက် ဖောက်ခွဲမှုစနစ်များမှာ ပျက်ပြားသွားပြီဖြစ်ပြီး ဂြိုဟ်ကြီး၏ ခံစစ်ကြောင်းများမှာလည်း ကျသွားပြီဖြစ်ရာ ဤတိုက်ပွဲကြီးအား ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။ ထို့ကြောင့် သွမ့်မုချွယ်မှာ နာကြည်းစွာ ရယ်မောလိုက်ပြီးနောက် သောကြာဂြိုဟ်အား စွန့်ခွာကာ တပ်ဖွဲ့များအား နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် အင်္ဂါဂြိုဟ်သို့ ဆုတ်ခွာရန် အမိန့်ပေးတော့မည် ဖြစ်သည်။

ထိုအချိန်အတွင် ညနတ်ဆိုးဧကရာဇ်ကြီ၏ ပခုံးပေါ်ရှိ ရေခဲများထဲ၌ ပိတ်မိနေသော ဝမ်ပေါင်လဲ့မှာ တာအိုဘုန်းတော်ကြီးယိုရန်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်၏။ ထိုအချိန်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ အနက်ရောင်မီးတောက်တစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာသည်။ ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန် သောကြာဂြိုဟ်အား သန့်စင်ရာ၌ အသုံးပြုနေသည့် မီးတောက်များနှင့် ဆင်တူပါသော်လည်း ၎င်းတို့၏ ဂုဏ်သတ္တိများမှာမူ လုံးဝမတူညီဘဲ ကွဲပြားနေ၏။ ထို မီးတောက်ကြီးမှာ ရေခဲများထဲ၌ ဖြတ်သန်းသွားသဖြင့် ၎င်းတို့မှာ ချင်းဆိုသလိုပင် အရည်‌ပျော််ကျသွားသည်။ ထို့နောက် ဝမ်ပေါင်လဲ့၏ စကားသံကြီးမှာ အာကာသထဲ၌ ဟိန်းခနဲ ထွက်ပေါ်လာတော့သည်။

” အဲတာဆိုရင် ခဗျားမှာရော ဝှက်ဖဲမကျန်တော့ဘူးဆို‌တဲ့ သဘောလား “

Comment

Leave a Reply

Options

not work with dark mode
Reset