Switch Mode

အခန်း (၇၀၉)

ယိုရန် ရောက်ရှိလာခြင်း

ထိုလက်သီးချက်မှာ အာကာသကြီးအား ရိုက်ခတ်သွားပြီးနောက် လမ်းတစ်လျှောက်ရှိ မည်သည့်အရာကိုမဆို တစ်စစီ ဆုတ်ဖြဲပစ်နိုင်စွမ်းရှိသော ဝဲကြီးတစ်ခုအား ဖန်တီးပေးလိုက်တော့သည်။ ၎င်းမှာ အနက်ရောင်အလင်းတန်းကြီးဆီသို့ ဦးတည်သွားပြီးနောက် ၎င်းအား ဝင်တိုက်သွား၏။ ထိုအခါ ထို အနက်ရောင်အလင်းတန်းကြီးမှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ပေါက်ကွဲသွားတော့သည်။

ထိုပေါက်ကွဲမှုမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး ညနတ်ဆိုးဧကရာဇ်ကြီးအား လွှမ်းခြုံသွား၏။ ထိုအခါ ထိုဘီလူးကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး နောက်သို့ ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ သို့သော် သူသည် လမင်းကြီးအား ဝင်တိုက်သွားခြင်းမရှိဘဲ အခြားတစ်ဖက်သို့ တွန်းထုတ်ခံလိုက်ရခြင်း ဖြစ်သည်။

ထို့ကြောင့် ထစ်ချုန်းသံများ အဆက်မပြတ် ထွက်ပေါ်လာပြီး ညနတ်ဆိုးဧကရာဇ်ကြီးအား ချည်နှောင်ထားသည့် သံကြိုးများမှာလည်း အပြင်းအထန် လှုပ်ယမ်းကာ တကျွီကျွီမြည်လာကြတော့သည်။ လမင်းကြီးမှာလည်း တုန်ရီသွားပြီး အခြားတစ်ဖက်သို့ ဆောင့်ဆွဲခံလိုက်ရသလို ဖြစ်သွား၏။

ထို တိုက်ကွက်ကြီး၏ ပြင်းအားမှာ ပြင်းထန်လွန်းလှသောကြောင့် ထိုနေရာတွင် ရှိနေကြသည့် ကျင့်ကြံသူတိုင်းမှာ တုန်လှုပ်ချောက်ချားသွားရ၏။ တာအိုနန်းတော်မှ ကျင့်ကြံသူများသာမက ပြည်ထောင်စု ကျင့်ကြံသူများပင်လျှင် ထိုမြင်ကွင်းကြီးကြောင့် ထိတ်လန့်ကြောက်ရွံ့သွားရပြီး ရင်ခုန်နှုန်းများ မြန်ဆန်လာရတော့သည်။

ဝမ်ပေါင်လဲ့မှာမူ စိတ်ပျက်သွားရ၏။ အကယ်၍ ထို ညနတ်ဆိုးဧကရာဇ်ကြီး၏ နေရာတွင် သူသာဆိုပါက သူသည် ထိုတိုက်ကွက်ကြီးအား အလွယ်တကူ တားဆီးနိုင်လိမ့်မည်မဟုတ်ကြောင်း သိထားသည်။ ထို့ကြောင့် သူသည် ညနတ်ဆိုးဧကရာဇ်ကြီးဘက်သို့ လှည့်ကာ သူ၏ အခြေအနေအား လှမ်း၍ အကဲခတ်လိုက်၏။

ထိုအခါ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာမှာ အထူးတဆန်း ဖြစ်သွားရတော့သည်။ ညနတ်ဆိုးဧကရာဇ်ကြီးမှာ နောက်သို့ တွန်းထုတ်ခံလိုက်ရသည့်တိုင်အောင် ခဏအကြာတွင် ချက်ချင်းဆိုသလိုပင် ခေါင်းပြန်မော့လာ၏။ သူ၏ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုတလေပင် ရှိ‌မနေခဲ့ပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ စိတ်အေးသွားရ၏။ သူသည် မျက်လုံးများ မှေးလိုက်ပြီးနောက် ထို အနက်ရောင်း အလင်းတန်းကြီး ထွက်ပေါ်လာသည့်နေရာအား လှမ်းကြည့်လိုက်သည်။ ထိုအခါ ချပ်ပြားဝိုင်းသုံးခုဖြင့် ဖန်တီးတည်ဆောက်ထားသည့် ဧရာမ စစ်သင်္ဘောကြီးတစ်စင်းမှာ မှုန်ဝါးဝါး ဖြစ်နေရာမှ ရုပ်လုံးပေါ်လာတော့သည်။

ထို စစ်သင်္ဘောကြီးပေါ်တွင်မူ လူတစ်ယောက်တည်းသာ ရှိနေ၏။ သူသည် ထိုစစ်သင်္ဘောကြီးနှင့် ယှဉ်လိုက်ပါက အလွန်အင်မတန်မှ သေးငယ်နေသည့်ပုံ ပေါက်နေသည်။ သို့သော်လည်း သူသည် ထို စစ်သင်္ဘောကြီးအား ထိန်းချုပ်ထားသူ ဖြစ်ပေသည်။

ထိုပုဂ္ဂိုလ်မှာ ခေါင်းသုံးလုံးနှင့် လက်ခြောက်ဖက်ပါသည့် သန်မာထွားကြိုင်းသော ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားပြီး ကြောက်မက်ဖွယ်ရာ ဝိညာဉ်ချီတစ်မျိုးကို ထုတ်လွှတ်နေ၏။ သူ၏ အငွေ့အသက်များမှာ အရာအားလုံးကို လွှမ်းခြုံပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ထဲမှ အရှိန်အဟုန်ဖြင့် ထိုးထွက်လာပြီးနောက် ထိုနေရာရှိ သက်ရှိအားလုံးကို ထိန်းချုပ်နိုင်ရန် ကြိုးစားလိုက်တော့သည်။

သူသည် တာအိုဘုန်းတော်ကြီးယိုရန်နှင့် မတူဘဲ ဝမ်ပေါင်လဲ့ ဖျက်ဆီးပစ်ခဲ့သည့် စစ်သင်္ဘောကြီးပေါ်ရှိ ရေကန်ထဲမှ အဆုံးမဲ့မျိုးနွယ်စု တိုက်ပွဲဝတ်ရုံကြီးနှင့် တူနေသည်။

သို့သော်လည်း ဝမ်ပေါင်လဲ့မှာ အသွင်ပြောင်းလဲသွားပြီဖြစ်သော ဝတ်ရုံများကို ကြည့်လိုက်ရုံနှင့် ထိုပုဂ္ဂိုလ်မှာ တာအိုဘုန်းတော်ကြီးယိုရန်ဖြစ်ကြောင်း ချက်ချင်းရိပ်မိလိုက်၏။

” သူတို့က တစ်သားတည်း ပေါင်းစည်းသွားကြပြီပဲ ” ဝမ်ပေါင်လဲ့မှာ မျတ်ဝန်းများ မှေးသွား၏။ သို့သော် သူသည် ကြောက်ရွံ့တုန်လှုပ်နေခြင်းမရှိဘဲ တိုက်ခိုက်လိုစိတ်များ ပြင်းပြလာတော့သည်။ ထို့ကြောင့် သူ၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အနီရောင်စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများ ပေါ်ပေါက်လာပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။ နတ်ဘုရားလက်နက်ဖြစ်သော သူ၏ ညာဘက်လက်ထဲတွင်မူ ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသည့် ဓားတစ်လက် ပေါ်ပေါက်လာ၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ နောက်တွင် ရစ်ဝဲနေသော အနက်ရောင် နတ်ဆိုးမျက်လုံးကြီးမှာ အရွယ်အစားကြီးမားလာ၏။ ထို့နောက် ၎င်းမှာ အနည်းငယ်ခန့် ပွင့်လာပြီး တာအိုဘုန်းတော်ကြီးယိုရန်အား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေလိုက်တော့သည်။

ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများထဲတွင်လည်း မီးခိုးရောင် အလင်းရောင်တစ်ခု တောက်ပသွား၏။ ထို မျက်ဝန်းများထဲတွင်မူ ပုံသဏ္ဍာန် အတိအကျမရှိဘဲ လက်သည်းခွံ အရွယ်အစားသာ ရှိသည့် အပိုင်းအစများ ရှိနေ၏။ ၎င်းတို့မှာ မှုန်ဝါးဝါး ဖြစ်နေသည်ဟု ထင်ရသလို အစစ်ဟုလည်း ထင်ရပေသည်။ ထိုအပိုင်းအစများမှာ အနက်ရောင်နှင့် အဖြူရောင်အလင်းရောင်များကို ထုတ်လွှတ်နေကြ၏။ ထိုအလင်းရောင်နှစ်ရောင်မှာ အတူတကွ ပေါင်းစည်းသွားကြပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများထဲတွင် နောက်ကျိကျိ မီးခိုးရောင်များအဖြစ် ပြောင်းလဲသွာကြခြင်း ဖြစ်သည်။

တာအိုဘုန်းတော်ကြီးယိုရန်မှာမူ နတ်ဆိုးမျက်လုံး၏ အကြည့်အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် စစ်သင်္ဘောကြီးပေါ်မှ ဆင်းလာကာ ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသည့် ကောင်းကင်ယံကြီးထဲသို့ ဝင်ရောက်သွားပြီးနောက် မှုန်ဝါးဝါး ဖြစ်သွားတော့သည်။ သူသည် အလွန်အင်မတန်မှ မြန်ဆန်လွန်းနေသောကြောင့် စကြဝဠာကြီးထဲရှိ အလွန်အင်မတန်မှ ဝေးကွာသော အကွာအဝေးများမှာ သူ့အတွက်မူ ခြေလှမ်းအနည်းငယ်ခန့်သာ ရှိသည့်ပုံပင်။

သို့သော် သူ ရောက်မလာခင် သူ၏ သတ်ဖြတ်လိုစိတ်များမှာ အရင်ဆုံး ရောက်ရှိလာ၏။

သူသည် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ လမင်းကြီးနှင့် နေမင်းကြီးတို့နှင့်တူသည့် အရာများမှာ သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲသွားကြ၏။ ထို့နောက် ၎င်းတို့မှာ ကြယ်တာရာများကဲ့သို့ လင်းလက်တောက်ပကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသဖြင့် အသေးစား မိုးကောင်းကင် မြေပုံတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။

ထို မြေပုံထဲတွင် နေကိုးစင်းနှင့် လအစင်းရေပေါင်း ရာပေါင်းများစွာ ရှိနေကြသည့်အပြင် မရေမတွက်နိုင်လောက်အောင် များပြားသော ကြယ်တာရာများဖြင့် ပြည့်နှက်နေ၏။ ၎င်းမှာ နေအဖွဲ့အစည်း၏ မြေပုံမဟုတ်ဘဲ လက်တွေ့တွင် အမှန်တကယ်မရှိသော မြေပုံတစ်ခုသာ ဖြစ်သည်။ ထို မြေပုံ ပေါ်ပေါက်လာသည်နှင့် အံ့သြမှင်တက်ဖွယ်ရာ စွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ ၎င်းမှာ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ ထို့နောက် တာအိုဘုန်းတော်ကြီးယိုရန်၏ ခပ်အောအော စကားသံကြီး ထွက်ပေါ်လာသောအခါ ထို စွမ်းအင်များမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာကြတော့သည်။

” သူ့ကို ချုပ်ထား ” တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်ပေးသံနှင့်အတူ စကြဝဠာကြီးမှာ တုန်ရီသွားရပြီး ကြယ်တာရာများမှာလည်း မှေးမှိန်သွားသကဲ့သို့ပင်။ တာအိုဘုန်းတော်ကြီးယိုရန် ဆင့်ခေါ်ခဲ့သည့် မြေပုံကြီးတစ်ခုသာလျှင် ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေရင်း အာကာသထဲ၌ အလင်းရောင်များ ဆက်လက်ထုတ်လွှတ်နေဆဲပင်။ ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်မှာ စကြဝဠာကြီး၏ အစိတ်အပိုင်းတစ်ခုကို

အသုံးပြုကာ ဝမ်ပေါင်လဲ့အား ဖိနှိပ်ချုပ်တည်းပစ်နိုင်ရန် ကြိုးစားနေသကဲ့သို့ပင်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ဘဝတွင် တစ်ကြိမ်မှ မခံစားခဲ့ရဖူးသည့် အသက်အန္တရာယ်ကြီးနှင့် သတ်ဖြတ်လိုစိတ်များကို နှလုံးသားထဲ၌ ခံစားလိုက်ရ၏။ ထို့နောက် သူသည် မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားဖြင့် တစ်ခေါင်းလုံး ထူပူသွားရသည်။ ထိုတိုက်ကွက်ကြီးမှာ အားပြင်းလွန်းနေသောကြောင့် သူ၏ ရင်ခုန်နှုန်းများပင်လျှင် ရပ်တန့်လုနီးပါး ဖြစ်သွားရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ရီဝေဝေဖြစ်သွားရပြီး သူ၏ဝိညာဉ်မှာလည်း စတင်တုန်လာတော့သည်။ သူသည် ထိုတိုက်ကွက်ကြီးအား ရှောင်တိမ်းနိုင်စွမ်းမရှိပေ။ ထို့အပြင် သူသည် သူ၏ နတ်ဆိုးမျက်လုံး ၎င်း၏ စွမ်းအားများကို ဆုံးရှုံးလိုက်ရသည့် အကြောင်းအရင်းအား တွေးတောနေ၍ အချိန်မရှိတော့ပေ။ ထို့ကြောင့် သူသည် မျက်လုံးနီကြီးများဖြင့် ထို နတ်ဆိုးမျက်လုံးအား ဖွင့်နိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်ရတော့သည်။

တာအိုဘုန်းတော်ကြီးယိုရန်အား ရပ်တန့်ပစ်ပြီး သူ၏ မြေပုံကြီးအား တားဆီးပစ်နိုင်ပါမှ သူသည် ဤတိုက်ကွက်ကြီးအား ပြန်၍ တွန်းလှန်တိုက်ခိုက်နိုင်မည်ဖြစ်သည်။

” ကျုပ်က ခဗျားကြီးကို တစ်ခါ သတ်ဖူးထားပြီးသားပါ။ နောက်ထပ်တစ်ခါ ထပ်သတ်ပြမယ် ” ဝမ်ပေါင်လဲ့မှာ အသံကုန် အော်ဟစ်ကြိမ်းဝါးလိုက်၏။ ထိုအချိန်တွင် သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာလည်း မျက်လုံးများပွင့်လာပြီး ၎င်း၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့၏ နတ်ဆိုးမျက်လုံးအား အားဖြည့်ပေးလိုက်တော့သည်။ ထိုအခါ ထိုမျက်လုံးမှာ ချက်ချင်းဆိုသလိုပင် ဖျတ်ခနဲ ပွင့်လာ၏။ ထို့နောက် အလွန်အင်မတန်မှ အားကောင်းသော အချုပ်အနှောင်စွမ်းအားများ ပါဝင်သည့် အငွေ့အသက်ကြီးတစ်ခုမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲထွက်ပေါ်လာပြီး တာအိုဘုန်းတော်ကြီးယိုရန်အား လွှမ်းခြုံသွားတော့သည်။

ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများထဲမှ အပိုင်းအစများမှာ အရောင်တလက်လက် တောက်ပသွား၏။ သို့သော် သူ မလှုပ်ရှားနိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ တာအိုဂါထာတော်အား စိတ်ထဲ၌ ရွက်ဖတ်လိုက်တော့သည်။ ထိုအခါ အံ့ဩမှင်တက်ဖွယ်ရာ စွမ်းအားကြီးတစ်မျိုးမှာ သူတို့၏ အထက်မှနေ၍ အောက်သို့ကျဆင်းလာ၏။ ၎င်းမှာ အာကာသကြီးထဲရှိ အနက်ရှိုင်းဆုံးသောနေရာမှ ထွက်ပေါ်လာပြီး သူတို့အားလုံး၏ ပတ်ပတ်လည်၌ အရှိန်အဟုန်ဖြင့် ပေါက်ကွဲသွားတော့သည်။

ထို ဂါထာတော်၏ စွမ်းအားများ ရောက်ရှိလာသည်နှင့် ကျင့်ကြံသူများအားလုံးမှာ တစ်ခေါင်းလုံး ထူပူသွားကြ၏။ ထိုအချိန်တွင် နတ်ဆိုးမျက်လုံးကြီးမှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်နှာမူအရာ ပြောင်းလဲသွားရပြီး သူ၏ ကြောက်မက်ဖွယ်ရာ မြေပုံကြီးမှာလည်း တစ်ခဏမျှ ရပ်တန့်သွားရ၏။

သူ၏ မျက်ဝန်းများထဲတွင် ရှိနေသော အပိုင်းအစများမှာမူ သိသိသာသာ မှေးမှိန်သွားပြီ ဖြစ်သည်။ ၎င်း၏ အလင်းရောင်များမှာ ပြင်ပစွမ်းအားတစ်မျိုး၏ ချုပ်နှောင်ခြင်းကို ခံထားရသည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ထိုအခွင့်အရေးအား အသုံးချကာ သူ၏ကိုယ်ပွားကို ချန်ရစ်ထားခဲ့လိုက်ပြီးနောက် အဝေးသို့ ပြေးထွက်သွား၏။ ထို့နောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်သောအခါ နတ်ဘုရားလက်နက် လက်ကြီးထဲမှ နေမင်းအလင်းရောင်များ ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ဖြင့် တာအိုဘုန်းတော်ကြီးယိုရန်ရှိရာသို့ လှမ်းခုတ်လိုက်တော့သည်။

ထိုအခါ ဝိညာဉ်စွမ်းအင်လှိုင်းများမှာ စကြဝဠာကြီးထဲ၌ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို တိုက်ကွက်ကြီး၏ စွမ်းအားများမှာ သက်တံ့ကွေးတစ်ခုကဲ့သို့ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းသွားပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ ရှေ့တွင် ချက်ချင်းပေါ်ပေါက်လာသည်။ ထို့နောက် ၎င်းမှာ မြေပုံကြီးအား ရှောင်တိမ်းကာ တာအိုဘုန်းတော်ကြီးယိုရန်အား တိုက်ခိုက်လိုက်တော့သည်။

ထိုအချိန်တွင် တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများထဲမှ အပိုင်းအစများမှာ အချုပ်အနှောင်ထဲမှ လွတ်မြောက်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့၏ နတ်ဆိုးမျက်လုံးများမှာ အပြင်းအထန် တုန်ရီသွားရပြီး သူသည်လည်း ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရတော့သည်။ အပိုင်းအစများမှာမူ ၎င်းတို့၏ စွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထပ်၍ ထုတ်လွှတ်လိုက်ပြန်သည်။

ထိုအခါ ဝမ်ပေါင်လဲ့မှာ အထိတ်တလန့် ဖြစ်သွားရပြီး နှလုံးသားထဲ၌ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်သွား၏။ သူသည် နောက်သို့ဆုတ်ခွာသွားခြင်းမရှိဘဲ မလှုပ်မယှက်ရပ်ကာ သူ၏တိုက်ကွက်အား ဆက်လက်ထုတ်လွှတ်နေဆဲပင်။

တာအိုဘုန်းတော်ကြီးယိုရန်မှာ ယခုလေးတင်မှ ပြန်၍လှုပ်ရှားနိုင်စွမ်း ရှိသွားသည်ဖြစ်ရာ သူသည်လည်း ဝမ်ပေါင်လဲ့၏ တိုက်ကွက်အား ရှောင်တိမ်းနိုင်ရန် ကြိုးစားနေခြင်းမရှိပေ။ သူသည် မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ ပြည့်နှက်သွားပြီးနောက် လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခုဖော်ကာ သူ၏ မြေပုံကြီးအား ထိန်းချုပ်လိုက်ပြီး ထိုတိုက်ကွက်အား တားဆီးလိုက်တော့သည်။ ထို့ကြောင့် ထိုမြေပုံကြီးမှာ ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီးအား အရှိန်အဟုန်ဖြင့် ဝင်တိုက်သွား၏။

” ကွဲအက်စေ ” ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်သည်။ ထိုအခါ သူ၏ နတ်ဘုရားလက်နက်ကြီးမှာ အောက်သို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျလာသဖြင့် မြေပုံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွပျက်စီးသွားရတော့သည်။

ထို့ကြောင့် အာကာသကြီးထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဝိညာဉ်စွမ်းအင်လှိုင်းများမှာ ဆူနာမီလှိုင်းလုံးကြီးများကဲ့သို့ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားကြ၏။ ထို စွမ်းအင်လှိုင်းကြီးများမှာ နှစ်ဖက်စလုံးမှ ကျင့်ကြံသူများအား ရိုက်ခတ်သွားကြသည်သာ ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာကြပြီး အဝေးသို့ ဒယိမ်းဒယိုင် ဆုတ်ခွာသွားကြတော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ သူသည် ‌မြေပုံကြီးပျက်စီးသွားချိန်တွင် အလွန်အင်မတန်မှ အားကောင်းသော တန်ပြန်အားတစ်ခု၏ ရိုက်ခတ််ခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးပင်လျှင် သူ့အား ဒဏ်ရာ ရမသွားအောင် ကာကွယ်ပေးနိုင်စွမ်းမရှိခဲ့ပေ။ ထို ရိုက်ခတ်မှုကြီးကြောင့် သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ တကျွီကျွီမြည်သွားရပြီး ၎င်း၏ မျက်နှာပြင်ပေါ်၌ အက်ကွဲကြောင်းများပင် ပေါ်ပေါက်လာရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့မှာလည်း နောက်သို့ တွန်းထုတ်ခံလိုက်ရသေးသည်။ ထိုအချိန်တွင် သူသည် တစ်စစီကြေမွပျက်စီးသွားသော မြေပုံကြီး၏နောက်ရှိ တာအိုဘုန်းတော်ကြီးယိုရန်မှာ သူ၏ လက်အား ဆန့်ထုတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်ရတော့မည်အလား ခံစားလိုက်ရတော့သည်။

သူ၏ လက်ထဲတွင် ထူးဆန်းသောစွမ်းအားတစ်မျိုး ကိန်းအောင်းနေသည့်ပုံပင်။ တာအိုဘုန်းတော်ကြီးယိုရန်၏ မျက်ဝန်းများထဲတွင် ရှိနေခဲ့သည့် အပိုင်းအစများမှာ ထိုလက်ကြီး၏ လက်ဖဝါးထဲ၌ ပေါ်ပေါက်လာကြ၏။ ထိုလက်ကြီးမှာမူ ဝမ်ပေါင်လဲ့ဆီသို့ ဆန့်ထွက်လာနေဆဲဖြစ်ပြီး သူ့အား ဖမ်းဆီးချုပ်နှောင်ပစ်ရန် ကြံရွယ်နေသည့်ပုံပင်။

အကယ်၍ သူသာ အဖမ်းခံလိုက်ရမည်ဆိုပါက မလွဲမသွေ ဇီဝိန်ချုပ်သွားရမည်သာ ဖြစ်သည်။ ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့မှာ အတွေ့အကြုံရင့်သန်သည့် တိုက်ခိုက်ရေးသမားတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ထိုလက်ကြီး သူ၏အနီးသို့ ရောက်ရှိလာစဉ်မှာပင် သူ၏ ကိုယ်ပွားနှင့် နေရာချင်းလဲလိုက်တော့သည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ်မှာ ပျောက်ကွယ်သွားပြီး ၎င်း၏ နေရာ၌ သူ၏ကိုယ်ပွား အစားထိုးဝင်ရောက်လာ၏။ ထို့နောက် ထိုလက်ကြီး လက်သီးဆုပ်သွားချိန်တွင် သူသည် သူ၏ကိုယ်ပွားအား ဖောက်ခွဲပစ်လိုက်တော့သည်။ ထို့ကြောင့် အာကာသကြီးထဲတွင် အုန်းခနဲမြည်သံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို ပေါက်ကွဲမှု၏ ပြင်းအားများမှာလည်း လက်ကြီးအား ရိုက်ခတ်သွားတော့သည်။

ထို့ကြောင့် တာအိုဘုန်းတော်ကြီးယိုရန်၏ နှုတ်မှ ညည်းသံတစ်သံ ထွက်ပေါ်လာရသည်။ ထို့နောက် သူသည် သက်တံ့ကွေးတစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အစစ် ရှိနေသည့် ညနတ်ဆိုးဧကရာဇ်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

သူသည် လှစ်ခနဲ လှုပ်ရှားကာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာခြင်းဖြစ်ရာ ဤတိုက်ပွဲကြီးအား အလျင်အမြန် အဆုံးသတ်နိုင်ရန် ရည်ရွယ်ထားကြောင်း သိသာထင်ရှားပေသည်။ သူသည် ဝမ်ပေါင်လဲ့အား အနားယူခွင့်ပေးမည် မဟုတ်ပေ။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ တုံ့ပြန်နိုင်စွမ်းများကို လျှော့တွက်မိလိုက်ပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ၏ကိုယ်ပွားနှင့် နေရာချင်းလဲလိုက်ပြီးနောက် နောက်ထပ် ကြာစေ့ဆယ်စေ့အား ချက်ချင်းဆိုသလိုပင် ခြေမွှပစ်လိုက်၏။ ထို့ကြောင့် သူ၏ထိန်းချုပ်မှုအောက်တွင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ အော်ဟစ်မြည်တမ်းကာ သူ၏ ညာဘက်လက်ကိုမြှောက်လိုက်ပြီး ရှေ့သို့ လှမ်း၍ ထိုးနှက်လိုက်တော့သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့နှင့် တာအိုဘုန်းတော်ကြီးယိုရန်တို့မှာ တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်သကဲ့သို့ပင်။ သူတို့မှာ တစ်ယောက်ဆီသို့တစ်ယောက် ပြေးလာကြပြီနောက် ခဏအကြာတွင် ထိပ်တိုက်ရင်ဆိုင်တွေ့သွားတော့သည်။ ခဏကြာတွင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ နောက်သို့ ဒယိမ်းဒယိုင်နှင့် ဆုတ်ခွာသွားရ၏။ တာအိုဘုန်းတော်ကြီးယိုရန်မှာလည်း ထိုနည်းတူပင်။ သူသည် နောက်သို့ ပေတစ်ထောင်ခန့် ဆုတ်ခွာသွားရပြီးမှ ပြန်လည်ရပ်တန့်နိုင်စွမ်းရှိသွား၏။ ထို့နောက် သူသည် ခေါင်းမော့လာပြီး အမျက်ချောင်းချောင်း ထွက်နေသည့် မျက်နှာအမူအရာဖြင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ ပခုံးပေါ်ရှိ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ပါးစပ်ထဲမှ သွေးများ စီးကျနေ၏။ သူသည်လည်း ခေါင်းမော့လာပြီးနောက် တာအိုဘုန်းတော်ကြီးယိုရန်အား ပြန်၍စိုက်ကြည့်နေလိုက်သည်။ သူတို့၏ တိုက်ပွဲကြီးမှာ တစ်ခဏမျှသာ ကြာမြင့်ခဲ့ပြီး ဝမ်ပေါင်လဲ့မှာ သိသိသာသာ အရေးနိမ့်နေခဲ့ပါသော်လည်း သူ့နည်းသူ့ဟန်ဖြင့် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ခဲ့သည်သာ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset