လီတောင်ယွန်၏ ညီလား။
ရီဝူချင်း၏ လက်တစ်ဖက်က လီတောင်ယွန်ထံတွင် အဖြတ်ခံခဲ့ရသည်။ ဤမျှ တိုက်ဆိုင်မည်ဟု သူမထင်ထားသော်လည်း ရီဝူချင်းက ချက်ချင်း စိတ်ကို ငြိမ်သက်အောင် ထိန်းလိုက်သည်။ သူက တစ်ဖက်လူကို မသိသည့်အလား ဓားဝင်္ကပါထဲကို ဝင်ရောက်သွားသည်။ ချက်ချင်းပင် ဓားဝင်္ကပါမှ များစွာသော ဓားအမှတ်အသားများ ထွက်ပေါ်လာကြကာ ရီဝူချင်း၏ ခန္ဓာကိုယ်သို့ လာရောက် တိုက်ခိုက်ကြသည်။
သူက တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ ဓားအသိက သူ့တစ်ကိုယ်လုံးအား လွှမ်းခြုံလာ၏။ ဓားဝင်္ကပါမှ မဆုံးနိုင်သော ဓားအားလှိုင်းများ သူ့ကို လာရောက် တိုက်ခိုက်သောအခါ ရီဝူချင်းက ပြန်လည် ခုခံခြင်း မရှိပေ။ ထိုအစား သူက ထိုအားလှိုင်းများကို ထိန်းချုပ်ရန် ကြိုးစားသည်။ သူ၏ ကိုယ်တွင်ကား ဧကရာဇ် အရောင်အဝါရှိသော နိုဘယ်အသိတစ်ခု လွှမ်းခြုံထားသည်။ သူ့တွင် ရှိနေသော ဓားအသိက ဓားများ၏ ဘုရင်အလားပင်။ ထိုအရာက သွေးဆာနေသော အားလှိုင်းများကို သူ၏ခန္ဓာကိုယ်တွင် လှည့်ပတ် စီးဆင်းစေသည်။
အားနည်းသော သူများက ထိုဓားအားလှိုင်းများကြောင့် ပျက်စီးသွားမည် ဖြစ်ကာ အားကောင်းသောသူက ထိုအားလှိုင်းများကို အသုံးပြုနိုင်ပေသည်။ ထိုအရာကပင် ကွာဟချက် ဖြစ်ပေသည်။
ယူချင်းက စစ်စည်တော်ကြီး အရှေ့ကို လျှောက်သွားသည်။ စည်တော်က မျက်နှာပြင်ကိုးခုရှိကာ ထုရိုက်လိုက်ပါက အသံက အဆက်မပြတ် မြည်စေနိုင်သည်။ တစ်စုံတစ်ယောက်က စည်တော်ကြီးများ ရှေ့တွင် ရပ်ကာ တီးခတ်နေသည်။ ပထမ ရိုက်ချက်က မျက်နှာပြင် တစ်ဖက်ကို မြည်စေသည်။ ဒုတိယ ရိုက်ချက်တွင် စွမ်းအင်က ထိုစည်တော်၏ နောက်ကို စီးဆင်းသွားပြီး အခြားတစ်ဖက်မှ စည်တော်ကိုပါ တုန်ခါစေကာ ထိုစည်တော်အား မြည်ဟည်းစေသည်။ သုံးချက်မြောက်တွင် အသံသုံးသံ ထွက်လာသည်။
တစ်ကြိမ်စီက ကြောက်မက်ဖွယ် စွမ်းအင်က တုန်ခါစေကာ မူလစွမ်းအင်အား အဆတိုးမြင့်စေသည်။ သုံးကြိမ်မြောက်တွင်ကား အလွန်ကြောက်မက်ဖွယ် ကောင်းနေပြီဖြစ်သည်။ ယူချင်းက ရပ်ကြည့်နေလျှင် လူအများစုက မျက်နှာပြင် ငါးခုအသံအထိသာ တီးခတ်နိုင်သည်ကို မြင်သည်။
သူက စည်တော်ကြီးထံသို့ လျှောက်သွားလိုက်ကာ သူ၏ လက်ဝါးဖြင့် ရိုက်ချလိုက်သည်။ ဘုန်းခနဲ အသံမြည်ကာ စည်တော်ကြီးက တုန်ခါသွား၏။ သို့သော် သူက မရပ်သေးပေ။ ယူချင်းက နောက်တစ်ကြိမ် ရိုက်လိုက်လျှင် စည်တော်က တစ်ဖန် မြည်ဟည်း သွားပြန်သည်။ အားလှိုင်းတစ်ခုက ယူချင်းထံ ပြန်လည် တွန်းကန်လာသော်လည်း ယူချင်းက မည်သို့မှ ခံစားမိဟန် မပြပေ။ သူက တတိယ အကြိမ် ရိုက်ချလိုက်သည်။
စည်တော်သံများကား မဆက်မပြတ် မြည်ဟည်းလာသည်။ ထိုအခိုက်တွင် စည်တော်က ကြမ်းတမ်း ခက်ရော်လာပုံရသည်။ ကြောက်မက်ဖွယ်အားလှိုင်းက ပေါက်ကွဲထွက်လာသည်။ ထိုသိပ်သည်းလှသော စည်တော်သံများကို ကြားလျှင် လူအများအပြားက လှမ်းကြည့်ကြသည်။ တစ်နေရာကို အေးအေးလူလူ သွားနေသော ရီဖူရှင်းပင်လျှင် ယူချင်းဘက်ကို လှည့်ကြည့်ကာ မျက်လုံးပြူးသွားသည်။ ဤကောင် နှိမ့်ချကာ မနေတတ်ဘူးလား။
စည်တော်များကို မည်သူက ဤသို့ တီးခတ်သနည်း။
စည်တော်၏ မျက်နှာပြင်လေးခုမှ အသံထွက်လာသည်။ ထိုအရာက အားလှိုင်းများကိုပင် ဖြစ်ပေါ်စေရာ လူအများအား ဆွံ့အစေသည်။ ယူချင်းနှင့်ယှဉ်လျှင် တခြားလူများကား ညင်သာလှသည်။
အလွန်အားကောင်းသော အားလှိုင်းက မုန်တိုင်းအလား ဖြစ်ပေါ်လာနေသည်။ ထိုမုန်တိုင်းက ယူချင်းအား ပြင်းထန်စွာ လာရောက် ဖိအားပေးသော်လည်း သူက အော်ဟစ်ကာ ထပ်မံ၍ ထုရိုက်ပြန်သည်။ သူ၏ ကြီးမားသော ခန္ဓာက စစ်နတ်ဘုရားလို ထည်ဝါစွာ ရပ်နေသည်။ အားလုံးသော အားလှိုင်းများက သူ့အား လာရောက်ရိုက်ခတ်ကာ ယူချင်းအား ဖိအားပေးနေကြသည်။
ထိုနေရာမှ အက်ကွဲသံများလည်း ကြားလာနေရသည်။ နက်မှောင်သော ရွှေရောင်ချပ်ဝတ်တစ်ခု ယူချင်း၏ ခန္ဓာကိုယ်တွင် ဖြစ်ပေါ်လာသည်။ မဆုံးနိုင်သော အားအင်များ ယူချင်း၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာနေ၏။ ထိုအရာက လျှပ်စီးအက်ကွဲသံနှင့် တူကာ လူတိုင်းက လှမ်းကြည့်ကြသည်။ လူအနည်းငယ်မျှသာ စည်တော်ကို တီးလျှင် ဤသို ထူးခြားဖြစ်စဉ်များကို ဖြစ်ပေါ်စေနိုင်သည်။
လင်းယွီယိုလည်း ဆွံ့အနေသည်။ သူက ဤမျှ လျင်မြန်စွာ လုပ်ဆောင်ရန် လိုအပ်သည်လော။
ဘုန်း… နိုဘယ်ကံစွမ်းအားက ယူချင်းထံမှ ထွက်ပေါ်လာသည်။ ယခုကား သူက နတ်ဆိုး ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားရာ နတ်ဆိုး ဝင်ပူးသွားသည်နှင့် တူလှသည်။ သူက ခုနစ်ကြိမ်မြောက် တီးခတ်လိုက်သည်။ အားလှိုင်းများ ပေါက်ကွဲမှုကြောင့် လေထုက တုန်ခါနေသည်။ ယူချင်း၏ ခန္ဓာကိုယ်က တန်ပြန်ကန်အားကြောင့် နောက်ကို ဆုတ်သွားရကာ ပါးစပ်မှ သွေးတစ်ပွက်အန်သည်။
သို့သော် သူက လက်မလျှော့ပေ။ သူက နတ်ဆိုတစ်ပါးလို ရှေ့ကို ဆက်လှမ်း သွားလိုက်သည်။ ဤတစ်ကြိမ်တွင်ကား ထိုနေရာတွင် တန်ခိုးကျင့်နေသော သူများအားလုံးလိုလိုက သတိဝင်လာကြကာ ယူချင်းဘက်ကို လှည့်ကြည့်ကြသည်။ ယူချင်းက ဆက်လက် တီးခတ်နေသည်။ သူတို့၏ နားစည်များကို အားလှိုင်းများက လာရောက် ရိုက်ခတ်နေသည်။ ယူချင်းအတွက်မူကား သူ၏ ခန္ဓာက အက်ကွဲလာနေသည်။ စည်တော်အားလှိုင်းက သူ့ကို ဖျက်ဆီးတော့မည့် အလားပင်။ ယူချင်းက ကျယ်လောင်စွာ အော်ဟစ်လိုက်လျှင် သူ၏ကိုယ်မှ ဆူးချွန်များ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ် အားလှိုင်းများ သူ့ကိုယ်မှ ဖြစ်ပေါ်လာသည်။
ရှစ်ချက်မြောက်တွင် ယူချင်းကား နောက်ကို ဆုတ်သွားရကာ သွေးများပင် အန်ကျသည်။ သို့သော် သူ၏ ကံစွမ်းအားက တဖြည်းဖြည်း ပြောင်းလဲလာသည်ကိုလည်း တွေ့ရသည်။ ထိုအရာက ပိုမိုသန့်စင်လာကာ ကြောက်မက်ဖွယ် ကောင်းလာသည်။
စည်တော်ကား တုန်ခါမှုက ရပ်တန့်ခြင်း မရှိသေးပေ။ ထိုစဉ်မှာပင် နောက်ထပ် ထုရိုက်သံတစ်ချက် ထွက်ပေါ်လာပြန်သည်။ သူက ကိုးချက်မြောက်အထိ တီးခတ်လိုက်သည်။
ဘုန်းခနဲ မြည်သံနှင့်အတူ စည်တော် မျက်နှာပြင်ကိုးခုက တစ်ချိန်တည်းမှာပင် တုန်ခါသွားကာ ပတ်ဝန်းကျင်မှ လေထုများက တဝုန်းဝုန်း ပေါက်ကွဲကြသည်။ ထို့နောက် ကြောက်မက်ဖွယ် အားလှိုင်းတစ်ခုက ယူချင်း၏ ခန္ဓာကိုယ်ကို လာရောက်ရိုက်ခတ်သည်။ ယူချင်း လွင့်စဉ်သွားကာ သူ၏ ရွှေရောင်ချပ်ဝတ်က အက်ကွဲသွားသည်။ သူ၏ပါးစပ်မှ သွေးများ စီးကျလာကာ မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။
သို့သော် သူက မည်သို့မှ ခံစားရဟန် မရပေ။ ချက်ချင်းပင် ယူချင်းက ထထိုင်လိုက်ပြီး တန်ခိုးကျင့်သည်။
“ဒီအရူး…” ရီဖူရှင်း ရေရွတ်လိုက်သည်။ သူက ရီဖူရှင်း၏ သဘောကို နားလည်သည်။ ယူချင်းက စည်တော်များထဲမှ ကိန်းဝပ်နေသော အားအင်များကို မြင်ပြီးဖြစ်သည်။ အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ဖန်တီးရန် သူက မိမိကိုယ်ကို တွန်းအားပေးခဲ့ခြင်း ဖြစ်သည်။ သူက စည်တော်ကြီး၏ စွမ်းအားကို အသုံးပြုလျက် သူ၏ခန္ဓာကိုယ်အား အဆုံးစွန်သော ဖိအားများကို ခံစားစေခြင်း ဖြစ်သည်။
ဘယ်လောက် ရူးသွပ်လိုက်သလဲ။ လူအများက တွေးလိုက်ကြသည်။ ရီဖူရှင်းက တန်ခိုးမကျင့်သေးပေ။ သူက ယူချင်းထံ ကူညီရန် လျှောက်သွားလိုက်သည်။
လူအများအပြားကလည်း လှမ်းကြည့်နေကြသည်။ တချို့ဆိုလျှင် အနီးသို့အထိ လျှောက်လာကြကာ ယူချင်းကို အကဲခတ်နေကြသည်။
အတန်ကြာလျှင် ယူချင်းက တန်ခိုးကျင့်ပြီး သွားဟန်တူသည်။ သူက မျက်လုံးကို ဖွင့်လိုက်လျှင် ရီဖူရှင်းက သူ့အား ဒေါသတကြီး ကြည့်နေသည်ကို မြင်သည်။
ထိုအချိန်တွင် ရီဝူချင်းကလည်း လျှောက်လာကာ မေးသည်… “မင်း ဘယ်လိုလဲ…”
“မင်းနဲ့ တူသွားပြီ…” ယူချင်းက ရယ်မောလျက် ပြောသည်။ စည်တော်အတွင်းမှ စိတ်အသိကား အလွန် သန့်စင်သည်။ သူက ထိုစွမ်းအားကို သုံးလျက် သူ၏ ခန္ဓာကိုယ်နှင့် ကံစွမ်းအားကို ဖိအားပေး လေ့ကျင့်ခဲ့သည်။ ယခု သူက နိုဘယ်အသိနှင့် စွမ်းအားကို ဆင်ခြင် နားလည်နိုင်ခဲ့သည်။ ယခုသူ၏ ကံစွမ်းအားမှာ အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအား ဖြစ်သွားသည်။
သူ၏ ပါရမီဖြင့် ယူချင်းက စည်တော်၏ စွမ်းအားကို အသုံးပြုလျက် အချိန်တို အတွင်းတွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ဖန်တီးနိုင်သည်။
ယခု လင်းယွီယိုက လျှောက်လာသည်။ သူမက ရီဝူချင်းအား တစ်စုံတစ်ခု ပြောလိုသောဟန်ကို မြင်ရသည်။
“ဘာဖြစ်လို့လဲ…” လင်းယွီယို၏ အမူအရာကို မြင်လျှင် ရီဖူရှင်းက မေးသည်။
“လီတောင်ယွန်ရဲ့ ညီက ဒီနေရာမှာ ရှိတယ်လို့ လူတွေ ပြောနေတာ ငါကြားခဲ့တယ်…” လင်းယွီယိုက တိတ်ဆိတ်စွာ ပြောသည်။ ရီဖူရှင်း၏ မျက်လုံးက လင်းလက်သွားကာ သူမအား ကြည့်လိုက်သည်။
“ငါသိတယ်…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်။
“မင်းသိတာလား…” ရီဖူရှင်းက သူ့ကို ကြည့်လိုက်သည်။
“ဟုတ်တယ်… ငါက သူနဲ့ ဓားဝင်္ကပါထဲမှ အတူတူ လေ့ကျင့်နေခဲ့တယ်…” ရီဝူချင်းက တည်ငြိမ်စွာ ပြောသည်… “တချို့ကိစ္စတွေကို ငါက အလျင်မလိုဘူး… ပြီးတော့ ငါ့လက်ကို ဖြတ်သွားတာက လီတောင်ယွန်ပဲ…”
“အင်း…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ သူက လီတောင်ချန်း ရှိနေရာကို မြင်သည်။
“မှန်တောင်ကုန်းမှာ ဘာရှိလဲဆိုတာ ငါသွားကြည့်မလို့…” ရီဝူချင်းက ပြောသည်။ သူက မှန်တောင်ကုန်းဘက်သို့ လျှောက်သွားလိုက်သည်။ ရီဖူရှင်းနှင့် တခြားလူများက နောက်မှ လိုက်သွားကြသည်။ သူတို့အားလုံးကလည်း လူတစ်ယောက်၏ ပါရမီကို စမ်းသပ်နိုင်သော ထို မှန်နံရံကို စိတ်ဝင်စားကြသည်။
မှန်နံရံရှေ့ကို ရောက်လျှင် ရီဝူချင်းက တင်ပလ္လင်ခွေ ထိုင်လိုက်သည်။ သူ၏ နိုဘယ်အသိက နံရံသို့ တိုက်ရိုက် တိုးဝင်သွားသည်။ ချက်ချင်းပင် နံရံက အလင်းရောင်များ တောက်ပလာသည်။ အားကောင်းသော အရှိန်အဝါတစ်ခုက သူ့အား လာရောက် ရစ်ပတ်သည်။ မူလက ကျောက်သားနံရံက ချက်ချင်းပင် ပုံရိပ်ယောင်နံရံ ဖြစ်သွားသည်။ ထိုအရာက ထူးဆန်းသော အရှိန်အဝါကို ပေးသော မှန်နံရံ ဖြစ်လာသည်။
ရီဝူချင်းက မျက်လုံး မှိတ်လိုက်သည်။ ဓားအသိက သူ့ခန္ဓာကိုယ်တွင် အရူးအမူး စီးဆင်းနေသည်ကို ရီဖူရှင်း မြင်နေရသည်။ သူ၏ နိုဘယ်ကံစွမ်းအားကလည်း တစ်စုံတစ်ယောက်ကို တိုက်ခိုက်နေသည့်အလား အားကောင်းစွာ ထွက်ပေါ်လာနေသည်။ မကြာမီ နံရံပေါ်တွင် နိုဘယ်ပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။
ထိုပုံရိပ် ပေါ်လာပြီးနောက် ရီဝူချင်း၏ ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် ကောင်းအောင် အားကောင်းလာသည်။ သူက ထိုနေရာတွင် တည်ငြိမ်စွာ ထိုင်နေသော်လည်း ဓားအားလှိုင်းက သူ့အား ကြောက်မက်ဖွယ် ကောင်းအောင် လွှမ်းခြုံလာနေသည်။ အတန်ကြာလျှင် တိုက်ပွဲတစ်ခု ပြီးဆုံးသွားသည့်အလား နောက်ထပ် နိုဘယ်ပုံရိပ်တစ်ခု နံရံပေါ်တွင် ဖြစ်ပေါ်လာသည်။
“အရမ်း စွမ်းအား ကောင်းတာပဲ…” လူအများအပြားက အံ့အားသင့်ကြရသည်။ နိုဘယ်ပုံရိပ်နှစ်ခု ဖြစ်ပေါ်ရန်ကား အလွန်ခက်ခဲသည်။ လိုအပ်ချက်ကလည်း မြင့်မားပေသည်။
လူအများအပြားက လျှောက်လာကာ ရီဝူချင်းကို ကြည့်ကြသည်။ ဤအုပ်စုက ဘယ်က လာသနည်း။ ဤမတိုင်မီက ယူချင်းက စည်တော်ကို တီးခတ်ခဲ့သည်။ ရီဝူချင်းက သူ၏ ပါရမီကို မှန်တောင်ကုန်းတွင် စမ်းသပ်နေသည်။ သူ့တွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ကာ နံရံပေါ်တွင် နိုဘယ်ပုံရိပ်နှစ်ခုကိုဖြစ်ပေါ်စေသည်။
ရီဝူချင်းက ဆက်လက်၍ ထိုင်နေဆဲဖြစ်သည်။ သူ၏ ဓားအသိကတစ်ဖန်မြင့်တက်လာပြန်ကာ ပိုမိုကြောက်မက်ဖွယ်ကောင်းလာသည်။ အတန်ကြာလျှင် သူ၏ ခန္ဓာကိုယ်တွင် စီးဆင်းနေသော ဓားအသိက ပျောက်ကွယ်သွားသည်။ မှန်တောင်ကုန်းကလည်း မူလအခြေအနေသို့ ပြန်ရောက်သွားသည်။
မည်သူမှ သူ့အား သရော်ခြင်း မရှိပေ။ ထိုအစား ကျိတ်၍ ချီးကျူးကြသည်။ သူ၏ ပါရမီကား အလွန် အားကောင်းလှသည်။ သူ့တွင် အလယ်အလတ်အဆင့် နိုဘယ်စွမ်းအားရှိ နံရံပေါ်တွင် နိုဘယ်ပုံရိပ်နှစ်ခုကို ဖြစ်ပေါ်စေသည်။ ထို့အပြင် သူ၏ တန်ခိုးအဆင့်မှာလည်း ဓမ္မအဆင့်ငါးမျှသာ ရှိသေးသည်။
“ရှင်က ဖူယွန်ဓားကလန်ကလား…” တစ်စုံတစ်ယောက်က လျှောက်လာကာ မေးသည်။ ပြောလိုက်သူကား သာမန်ရုပ်ရည်ဖြင့် မိန်းကလေးတစ်ယောက် ဖြစ်သည်။
“မဟုတ်ဘူး…” သူက ထူးမခြားနားစွာ ပြောသည်။
“ဒီလို အားကောင်းတဲ့ ဓားအသိနဲ့တစ်ယောက်က ဖူယွန်ဓားကလန်က မဟုတ်ဘူးဆိုရင် ရှင်က ဘယ်ကလန်ကလဲ…” မိန်းကလေးက မေးသည်။
“ဘာလို့လဲ…” ရီဝူချင်းက သူမကို ကြည့်ကာ မေးသည်။
“တကယ်လို့ ရှင်က အင်အားကြီး ကလန်တစ်ခုကို မဝင်ရသေးဘူးဆိုရင် ကျွန်မရဲ့ သခင်မလေးက ရှင့်ကို လျိုနိုင်ငံကို ဖိတ်ခေါ်မလို့….” မိန်းကလေးက ပြောသည်။ သူမက တစ်စုံတစ်တစ်ယောက်အား ပြန်ကြည့်လိုက်သည်။
ထိုနေရာတွင်ကား အစိမ်းရောင်ဝတ် မိန်းကလေးတစ်ယောက် ရပ်နေသည်။ သူမ၏ ကိုယ်ရောင်ကိုယ်ဝါက ထူးခြား ကောင်းမွန်လှကာ လှပချောမောသော ရုပ်ရည်ကို ပိုင်ဆိုင်ထားသည်။
လျိုချန်းယွီကား လျိုနိုင်ငံ၏ မင်းသမီးဖြစ်သည်။ လူတိုင်း၏ ရင်ဘတ်များ တုန်ခါသွားသည်။ သူတို့ကလည်း လျိုချန်းယွီကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်း ဖြစ်သည်။ ထိုချောမောလှပသော မိန်းကလေးက လျိုနိုင်ငံ မင်းသမီးမှန်း မသိခဲ့ကြပေ။
သူမက ရီဝူချင်းကို အသာအယာ ခေါင်းညိတ်ပြသည်။ မှန်တောင်ကုန်းကား တန်ခိုးကျင့်ရာနေရာသာ ဖြစ်သည်မဟုတ်ပေ၊ ကလန်မရှိသူများ အတွက်လည်း သူတို့၏ အရည်အချင်းများကို ထုတ်ပြရာနေရာဖြစ်သည်။ များစွာသော ပါရမီရှင်များက နိုဘယ်ကံစွမ်းအားကို ရရှိပြီးနောက် ဤနေရာသို့ ရောက်ရှိလာကြသည်။
ထို့ကြောင့် လျိုချန်းယွီက သူ့ကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။ ရီဝူချင်း၏ ပါရမီကား တွေ့ရခဲကာ သူ့တွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ပြီးဖြစ်သည်။
ရီဖူရှင်း၏ မျက်လုံးများ တောက်ပ လင်းလက်သွားသည်။ သူတို့က ရှေးဟောင်းမြေရိုင်း ဒေသမှ မထွက်ခွာမီကပင် အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ ဖိတ်ခေါ်ခြင်းကို ရရှိလိမ့်မည်ဟု မထင်မှတ်ထားပေ။
ရီဝူချင်းက သူမည်သို့ ဆုံးဖြတ်ရမည် မသိဟန်ဖြင့် နှုတ်ဆိတ်နေသည်ကို မြင်ရသည်။
“ငါတို့ စဉ်းစားမယ်…” ရီဖူရှင်းက ပြောသည်… “သူတို့က အလျင်မလိုပေ။ သူတို့က အရှေ့မြေရိုင်းဒေသမှ အင်အားစုများ အကြောင်းကို ပိုမိုနားလည်လာသော အချိန်တွင် ဆုံးဖြတ်ခြင်းက ပိုမိုကောင်းမွန်သည်။
လျိုချန်းယွီက အသာအယာ ခေါင်းညိတ်ပြကာ မည်သို့မှ မပြောတော့ပေ။ ထိုအချိန်တွင်ပင် လီတောင်ချန်းက လျိုချန်းယွီထံသို့ လျှောက်လာပြီး ပြောသည်… “ဓားကလန်က လီတောင်ချန်း ဖြစ်ပါတယ်… အစ်ကိုရဲ့ကိုယ်စား မင်းသမီးကို နှုတ်ဆက်ပါတယ်…”
လူအများအပြားက ထိတ်လန့်သွားကြသည်။ ကောလာဟလများအရ ဓားကလန်မှ လီတောင်ယွန်က မင်းသမီး လျိုချန်းယွီကို ပိုးပန်းနေသည် ဟူ၍ပင်။ ယခုပုံစံအရ ထိုကောလာဟလများက မှန်ကန်ပုံရသည်။ သို့သော် မင်းသမီး၏ ကြင်ရာတော် ဖြစ်ရန်ကား ခက်ခဲလွန်းလှသည်။
***