Switch Mode

အခန်း (၇၀၈)

တခမ်းတနား ရောက်ရှိလာခြင်း

လမင်းကြီးမှာ သောကြာဂြိုဟ်နှင့် ယှဉ်လိုက်မည်ဆိုပါက အရွယ်အစား မကြီးမားပါသော်လည်း အာကာသထဲရှိ ဂြိုဟ်တစ်လုံး ဖြစ်နေဆဲပင်။ သို့ဖြစ်ရာ ၎င်း ဖြတ်သန်းလာရာ လမ်းတစ်လျှောက်တွင် တုန်ခါမှုလှိုင်းများ ကျန်ရစ်ခဲ့ပြီး အာကာသကြီးမှာ တွန့်လိမ်ပုံပျက်သွားရသည်သာ ဖြစ်သည်။

၎င်း၏ ရောက်ရှိလာမှုကြောင့် သောကြာဂြိုဟ်ပေါ်နှင့် သောကြာဂြိုဟ် အပြင်ဘက်တွင် ရှိနေကြသည့် ကျင့်ကြံသူများမှာ မှင်တက်သွားကြ၏။

လမင်းကြီး၏ရှေ့တွင် ရှိနေသည့် ရက်စက်ကြမ်းကြုတ်သော ဧရာမဘီလူးကြီးကြောင့် ထိုမြင်ကွင်းကြီးမှာ ပို၍ပင် ကြောက်မက်ဖွယ်ရာကောင်းနေ၏။ ထို ဘီလူးကြီးမှာ ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားပြီး သူ၏အရေပြားပေါ်တွင် အချုပ်အနှောင်များဖြင့် ပြည့်နှက်နေသလို သေမင်းအငွေ့အသက်များမှာလည်း သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံထားသေးသည်။ ၎င်းမှာ သံကြိုးများ၏ ချုပ်နှောင်ခြင်းကို ခံထားရသည့်တိုင်အောင် အော်ဟစ်မြည်တမ်းကာ လမင်းကြီးအား ရှေ့သို့ ဆွဲလာနေဆဲပင်။

ထိုမြင်ကွင်းကြီးမှာ မယုံကြည်နိုင်လောက်အောင် ကြောက်မက်ဖွယ်ရာ ကောင်းနေ၏။ ထို့ကြောင့် လမင်းကြီး၏ ပေါ်ပေါက်လာမှုမှာ ပို၍ပင် ကြီးကျယ်ခမ်းနားနေတော့သည်။ လူတိုင်းမှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ပခုံးပေါ်တွင် မတ်တပ်ရပ်နေသည့် လူအား ချက်ချင်းဆိုသလိုပင် စိုက်ကြည့်မိလိုက်ကြ၏။ ထိုသူမှာ ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။

သူ၏ ဝတ်ရုံများနှင့် အနက်ရောင်ဆံပင်များမှာ လေထဲတွင် တလူလူလွင့်နေ၏။ ထို့အပြင် သူ၏ ပတ်ပတ်လည်တွင်လည်း ရန်သူများကို အံ့ဩမှင်တက်သွားစေနိုင်သည့် အငွေ့အသက်တစ်မျိုး ရှိနေသေးသည်။

ညနတ်ဆိုးဧကရာဇ်ကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားပါသော်လည်း ဂြိုဟ်ကြီးနှင့် ယှဉ်လိုက်ပါက ပုရွက်ဆိတ်တစ်ကောင်သာသာ ရှိပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ မန္တန်များဖြင့် ညနတ်ဆိုးဧကရာဇ်ကြီးအား အရွယ်အစားကြီးမားလာအောင် လုပ်နိုင်စွမ်း မရှိပါသော်လည်း ညနတ်ဆိုးဧကရာဇ်ကြီး၏ ပုံရိပ်ယောင်တစ်ခုအား ထုတ်လွှတ်နိုင်စွမ်း ရှိနေဆဲပင်။

ထို့ကြောင့်လည်း တာအိုနန်းတော် ကျင့်ကြံသူများမှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ပုံရိပ်ကြီးအား မြင်လိုက်ရချိန်တွင် ထိတ်လန့်ကြောက်ရွံ့သွားကြ၏။ သူတို့မှာ ဘီလူးကြီးတစ်ကောင်၏ ရှေ့သို့ရောက်နေသော ပုရွက်ဆိတ်များ ကဲ့သို့ပင်။ ညနတ်ဆိုးဧကရာဇ်ကြီးဆီမှ ထွက်ပေါ်နေသည့် အားကောင်းသော ဖိအားများကြောင့် သူတို့မှာ ဦးရေခွံများ ထုံကျဉ်လာရတော့သည်။

အသက်ကြီးပိုင်း တာအိုနန်းတော် ကျင့်ကြံသူ အချို့မှာဆိုလျှင် သူ့အား မှတ်မိနေသည့် အမူအရာဖြင့် အလန့်တကြား အော်ဟစ်မိသွားကြ၏။

” ချန်မော့ဖုန်း ”

တာအိုနန်းတော် ကျင့်ကြံသူများ အံ့ဩမှင်တက်နေကြစဉ် အရှိန်အဟုန်ဖြင့် ပျံသန်းလာနေသည့် လမင်းကြီး၏ ရှေ့တွင် ဝိညာဉ်စွမ်းအင်လှိုင်းများ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာ၏။ ထို့နောက် ဝဲပေါင်း မြောက်မြားစွာ ပေါ်ပေါက်လာပြီး တာအိုနန်းတော် တပ်ဖွဲ့ထဲမှ နောက်ထပ်တစ်သုတ် ထပ်၍ ရောက်ရှိလာပြန်သည်။ သူတို့မှာ လမင်းကြီးအား ရပ်တန့်ပစ်ချင်လိုသည့် ရည်ရွယ်ချက်ဖြင့် ရှေ့သို့ ပြေးထွက်လာကြ၏။

ထို စစ်သင်္ဘောကြီးများမှာ စစ်မြေပြင်ထဲ၌ ပုန်းကွယ်နေခဲ့သည်မှာ အချိန်အတော်အတန် ကြာမြင့်နေလောက်ပြီ ဖြစ်သည်။ ၎င်းတို့၏ အဓိကတာဝန်မှာ ပြည်ထောင်စုကြီး၏ စစ်ကူများကို ကြိုစောင့်ကာ ချုံခိုတိုက်ခိုက်ရန်ဖြစ်သလို တာအိုနန်းတော်၏ အင်အားအစစ်အမှန်ကို ရန်သူများမသိနိုင်အောင် ဖုံးကွယ်ထားရန်လည်း ဖြစ်သည်။ အကယ်၍ အချိန်ကျပါက သူတို့မှာ ပုန်းကွယ်နေရာမှ ထွက်ပေါ်လာကာ အခြားတပ်ဖွဲ့များနှင့် ပူးပေါင်းပြီးလျှင် သောကြာဂြိုဟ်ကြီးအား အင်အားအလုံးအရင်းဖြင့် ဝင်ရောက်တိုက်ခိုက်ရန် ကြံရွယ်ထားကြ၏။

စစ်မြေပြင်ကြီး၏ အစွန်းပိုင်းနားတွင် ပုန်းကွယ်နေခဲ့သည့် တပ်ဖွဲ့များမှာ အရေအတွက် အမြောက်အမြား ရှိပေသည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အာကာသထဲသို့ ဆက်လက် ပျံ့နှံ့နေကြဆဲပင်။ မျက်စိတစ်မှိတ်အတွင်းတွင် ဝဲပေါင်းမြောက်မြားစွာ ထပ်၍ ပေါ်ပေါက်လာကြသဖြင့် လက်ရှိတွင် အာကာသကြီးထဲ၌ မရပ်မနား လည်ပတ်နေကြသည့် ဝဲအရေအတွက်မှာ တစ်ရာနီးပါးအထိ ရှိသွားပြီဖြစ်သည်။ ထို့နောက် တာအိုနန်းတော် ကျင့်ကြံသူများမှာ ထိုဝဲများထဲမှ ပြေးထွက်လာကြ၏။ သူတို့မှာ လမင်းကြီးဆီသို့ ဦးတည်သွားနေကြပြီး ၎င်းအား ဝိုင်းထားလိုက်ကြပြီ ဖြစ်သည်။ ထိုအချိန်တွင် မန္တန်အလင်းတန်းများ ထွက်ပေါ်လာသဖြင့် ထို‌နေရာကြီးတစ်ခုလုံးမှာ အလင်းရောင်ပင်လယ်ကြီး တစ်စင်းအသွင် ပြောင်းလဲသွားတော့သည်။ ထို့နောက် လမင်းကြီးနှင့် ညနတ်ဆိုးဧကရာဇ်ကြီးတို့မှာ ချက်ချင်းဆိုသလိုပင် ထို အလင်းရောင်များ၏ လွှမ်းခြုံခြင်းကို ခံလိုက်ရ၏။

အကယ်၍ အခြား ဂြိုဟ်တစ်ခုခုကသာ ပြည်ထောင်စုကြီးအတွက် စစ်ကူများအဖြစ် ရောက်ရှိလာမည်ဆိုပါက ထိုကဲ့သို့သော ချုံခိုတိုက်ခိုက်မှုမျိုးကို ရင်ဆိုင်နိုင်မည် ဖြစ်ပါသော်လည်း ထိုတိုက်ပွဲထဲမှ အထိအခိုက်မရှိ ပြန်ထွက်လာနိုင်မည်တော့ မဟုတ်ပေ။ သူတို့မှာ အများဆုံးအနေနှင့် တာအိုနန်းတော် တပ်ဖွဲ့များကို အာရုံလွှဲကာ သောကြာဂြိုဟ် ရင်ဆိုင်နေရသည့် ဖိအားများကို အနည်းငယ်ခန့် လျော့ကျသွားအောင်သာ ဆောင်ရွက်နိုင်မည် ဖြစ်ပြီး သောကြာဂြိုဟ်အား အန္တရာယ်ကြီးတစ်ခုလုံးထဲမှ လွတ်မြောက်အောင် ကယ်တင်နိုင်မည် မဟုတ်ပေ။

သို့သော် လမင်းခံတပ်ကြီးမှာမူ ညနတ်ဆိုးဧကရာဇ်ကြီးအား ပိုင်ဆိုင်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုကဲ့သို့သော တိုက်ကွက်များမှာ အသုံးမဝင်ပေ။ ဝမ်ပေါင်လဲ့မှာ အလင်းရောင်ပင်လယ်ကြီး ပေါ်ပေါက်လာချိန်တွင် မျက်လုံးများ မှေးသွား၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ရှေ့သို့ လက်ညှိုးထိုးလိုက်တော့သည်။

ထိုအခါ ညနတ်ဆိုးဧကရာဇ်ကြီးဆီမှ အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ ၎င်းမှာ လေမုန်တိုင်းကြီးတစ်ခု အရှိန်အဟုန်ဖြင့် တိုက်ခတ်လာသည့် အသံနှင့်ပင် ဆင်တူနေသည်။ ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီး၏ ပုံရိပ်ယောင်ကြီးမှာ‌ အလင်းရောင်ပင်လယ်ထဲမှ ထိုးထွက်လာတော့သည်။ သူသည် လမင်းကြီးကို ဆွဲခေါ်လာပြီး သူ၏လမ်းတွင် ပိတ်နေသော စစ်သင်္ဘောကြီးများကို လျစ်လျူရှုကာ ရန်သူတပ်ဖွဲ့များအား ထိပ်တိုက်ရင်ဆိုင်တွေ့လိုက်၏။

ထို စစ်သင်္ဘောကြီးများမှာ လျှော့တွက်၍မရသည့် အစွမ်းထက်လက်နက်များ ဖြစ်ကြပါသော်လည်း သူတို့မှာ ညနတ်ဆိုးဧကရာဇ်ကြီးနှင့် ဧရာမ လမင်းကြီးတို့ကို ရင်ဆိုင်နေရသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းတို့မှာ လေတိုက်ရုံနှင့် ပြိုလဲသွားနိုင်သည့် အဆောက်အဦများကဲ့သို့ပင်။ အလင်းရောင်ပင်လယ်ကြီးမှာ အစွမ်းထက်ပါသော်လည်း လမင်းကြီးအား တားဆီးနိုင်လောက်သည့်အထိ အစွမ်းထက်နေခြင်း မရှိပေ။

ထိုစစ်သင်္ဘောကြီးများမှာ ထွက်ပြေးရန် အချိန်မရှိတော့သဖြင့် ၎င်းတို့၏ အနီးသို့ရောက်လာသော လမင်းကြီးဆီမှ ထွက်ပေါ်လာသည့် စွမ်းအင်လှိုင်းများ၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီးနောက် အဝေးသို့ လွင့်ထွက်သွားကြ၏။ ထို့နောက် လမင်းကြီး ၎င်းတို့အား ဝင်တိုက်သွားချိန်တွင် ၎င်းတို့မှာ တစ်စစီ ကြေမွပျက်စီးသွားကြတော့သည်။

ထိုအခါ ပေါက်ကွဲသံမျိုးစုံနှင့်အတူ သွေးပျက်ချောက်ချားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာကြ၏။ ကျင့်ကြံသူပေါင်းများစွာမှာ သူတို့၏ စစ်သင်္ဘောကြီးများပေါ်မှ ခုန်ချနိုင်ရန် ကြိုးစားလိုက်ကြပါသော်လည်း လမင်းကြီးဆီမှ ထွက်ပေါ်နေသည့် စွမ်းအင်လှိုင်းများ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရသောကြောင့် လှုပ်ရှားနိုင်စွမ်းမရှိတော့သဖြင့် မျှော်လင့်ချက်များ ပျက်သုဉ်းသွားရတော့သည်။ ထို့ကြောင့် သူတို့မှာ လမင်းကြီး တဖြည်းဖြည်းနှင့် အရွယ်အစားကြီးမားလာပြီး နောက်ဆုံးတွင် သူတို့အား ‌တစ်စစီ ခြေမွှပစ်လိုက်သည်ကို ရပ်ကြည့်နေရုံမှတစ်ပါး အခြား မတတ်နိုင်ခဲ့ပေ။

ထိုသို့ဖြင့် တာအိုနန်းတော် ကျင့်ကြံသူများမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံလိုက်ရတော့သည်။ လမင်းကြီးအား ရှေ့သို့ဆွဲလာသည့် ညနတ်ဆိုးဧကရာဇ်ကြီး၏ အော်ဟစ်သံများမှာ အာကာသထဲ၌ ပဲ့တင်ထပ်နေ၏။ ထို ဧရာမ အရာကြီးနှစ်ခုစလုံးမှာ ရန်သူတပ်ဖွဲ့များကို ထိုးခွင်းကာ စစ်မြေပြင်ကြီး၏ အလယ်သို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီ ဖြစ်သည်။

ညနတ်ဆိုးဧကရာဇ်ကြီး၏ လမ်းတစ်လျှောက်ရှိ တာအိုနန်းတော် စစ်သင်္ဘောများအားလုံးမှာ တစ်စစီ ပေါက်ကွဲပျက်စီးသွားကြသည်သာ ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး နောက်ထပ်အမိန့်တစ်ခု ထုတ်ပြန်လိုက်၏။ ထိုအခါ လမင်းခံတပ်ထဲမှ ကျင့်ကြံသူတိုင်းမှာ သူတို့ ဓမ္မလက်နက် အဆောင်ပစ္စည်းများကို ထုတ်သုံးလိုက်ကြသဖြင့် လမင်းကြီးမှာ ချက်ချင်းဆိုသလိုပင် ရဲရဲနီသွားသည်။ ထို့နောက် မျက်စိကျိန်းစရာကောင်းသော အလင်းတန်းပေါင်း မြောက်မြားစွာမှာ လမင်းခံတပ်ပေါ်ရှိ နေရာတိုင်းမှနေ၍ အာကာသထဲသို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာကြတော့သည်။

ထို အနီရောင် အလင်းတန်းများမှာ တစ်ခုချင်းစီဆိုပါက အစွမ်းမထက်ပါသော်လည်း ယခုတွင် ၎င်းတို့၏ စုစုပေါင်းအရေအတွက်မှာ သန်းနှင့်ချီ၍ ရှိနေသည်မဟုတ်ပါလော။ ထို့ကြောင့် စွမ်းအင်လှိုင်းများမှာ စကြဝဠာကြီးထဲသို့ ပျံ့နှံ့သွားကြပြီး အာကာသကြီးထဲ၌ ပေါက်ကွဲမှုများ အဆက်မပြတ် ထွက်ပေါ်လာတော့သည်။

အနီရောင်အလင်းတန်း တစ်သန်းကျော်မှာ စစ်မြေပြင်ကြီးအား ဖုံးလွှမ်းသွားကြပြီဖြစ်သည်။ လမင်းခံတပ်၏ အနီးတစ်ဝိုက်တွင် ရှိနေကြသော တာအိုနန်းတော် စစ်သင်္ဘောကြီးများ အားလုံးမှာ ထိုအလင်းတန်းများ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်သာ ဖြစ်သည်။ ထိုစစ်သင်္ဘောကြီးများထဲမှ ပြေးထွက်လာကြသည့် တာအိုနန်းတော် ကျင့်ကြံသူများမှာလည်း အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ကြမည် မဟုတ်ပေ။ ထိုသို့ဖြင့် စစ်သင်္ဘောကြီးများ၏ ပေါက်ကွဲသံများနှင့် ကျင့်ကြံသူများ၏ သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာ အာကာသထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။

ဝမ်ပေါင်လဲ့မှာမူ ညနတ်ဆိုးဧကရာဇ်ကြီးအား ဆက်၍ ထိန်းချုပ်ထားနိုင်ရန် သူ၏ ကြာစေ့များအား ခြေမွှနေဆဲပင်။ ညနတ်ဆိုးဧကရာဇ်ကြီးမှာ သူ၏ လက်ကြီးများအား အာကာသထဲ၌ ‌ဝှေ့ယမ်းနေသောကြောင့် လေမုန်တိုင်းများ စတင်တိုက်ခတ်လာကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြပြီး ဘေးပတ်ပတ်လည်ရှိ အရာအားလုံးကို ဖျက်ဆီးချေမှုန်းပစ်နေတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လေပေါ်သို့ ခုန်တက်သွားလိုက်ပြီး ဖုန့်ချိုးရန်၏ ကိုယ်ပွားငါးခုနှင့် ရင်ဆိုင်တိုက်ခိုက်နေသော ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် ငါးယောက်ဆီသို့ ပြေးသွားလိုက်၏။ သူသည် လောဘကြီးနေခြင်းမရှိဘဲ သူ၏အနီးဆုံးတွင် ရှိနေသောသုံးယောက်ကိုသာ ပစ်မှတ်ထားတိုက်ခိုက်လိုက်သည်။

သူ၏ ကိုယ်ပွားမှာမူ သူ၏ ခန္ဓာကိုယ်ထဲမှ ခွဲထွက်သွား၏။ ၎င်းမှာ စစ်မြေပြင်ထဲသို့ ပြေးဝင်သွားခြင်း မဟုတ်ဘဲ ညနတ်ဆိုးဧကရာဇ်ကြီး၏ ပခုံးပေါ်တွင်သာ ကျန်ရစ်နေခဲ့ခြင်းဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုမှာ ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင်များအတွက် အိပ်မက်ဆိုးကြီး တစ်ခုကဲ့သို့ပင်။ သူတို့မှာ ယခင်တိုက်ပွဲကြီးထဲ၌ ဝမ်ပေါင်လဲ့ ထုတ်သုံးခဲ့သည့် ကြောက်မက်ဖွယ်ရာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကြီးနှင့် သူ၏နောက်တွင် ရစ်ဝဲနေခဲ့သည့် အနက်ရောင် နတ်ဆိုးမျက်လုံးကြီတို့၏ အကြောင်းကို ကြားသိထားကြပြီးသား ဖြစ်သည်။ ထို ပညာရပ်ကြီးကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူအမြောက်အမြား သေဆုံးသွားခဲ့ရသည် မဟုတ်ပါလော။

သူတို့မှာ ဝမ်ပေါင်လဲ့ ပေါ်ပေါက်လာသည်ကို မြင်လိုက်ရသည်နှင့် သူနှင့် ခပ်ဝေးဝေးတွင် နေလိုသောကြောင့် ‌ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားကြ၏။

” အကြီးအကဲ ချိုးရန် ” ဝမ်ပေါင်လဲ့မှာ သူ၏ ရန်သူများ ထွက်ပြေးရန် ပြင်နေကြသည်ကို မြင်လိုက်သောအခါ အသံကုန်အော်ဟစ်လိုက်၏။ ထိုအခါ သူ၏နောက်တွင် အနက်ရောင် နတ်ဆိုးမျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာပြီး ပွင့်သွားတော့သည်။

ဖုန့်ချိုးရန်နှင့် ဝမ်ပေါင်လဲ့တို့မှာ ကြိမ်ဖန်များစွာ အတူတူ ပူးပေါင်းတိုက်ခိုက်ခဲ့ဖူးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူမသည် သူမ၏ ကိုယ်ပွားများကို အဝေးသို့ထွက်ပြေးသွားနေသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများဆီသို့ စေလွှတ်လိုက်ပြီး သူတို့အား တားဆီးနိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်တော့သည်။

ထိုအခါ အာကာသကြီးထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းသွား၏။ အမှောင်နတ်ဆိုးမျက်လုံးကြီး ပွင့်လာပြီးနောက် ထို မျက်လုံးကြီးထဲမှ ထူးဆန်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့မှာမူ တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ တိုက်ခိုက်လိုက်ပြီး ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား ချက်ချင်း သတ်ဖြတ်ပစ်လိုက်၏။ ဖုန့်ချိုးရန်မှာလည်း ထိုအခြေအနေအား အခွင့်ကောင်းယူ၍ ဝမ်ပေါင်လဲ့နှင့်အတူ ပူးပေါင်းတိုက်ခိုက်ကာ အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ဖြတ်ပစ်လိုက်ပြီး နောက်ထပ်တစ်ယောက်အား ဒဏ်ရာရသွားအောင် လုပ်နိုင်လိုက်၏။

နောက်ဆုံး ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူမှာ ကံကောင်းစွာဖြင့် အသက်ဘေးမှ လွတ်မြောက်သွားခဲ့၏။ သူသည် ယခင်တိုက်ပွဲကြီးထဲတွင် ထွက်ပြေးလွတ်မြောက်သွားခဲ့သည့် တစ်ဦးတည်းသော ကျင့်ကြံသူလည်း ဖြစ်ပေသည်။ သူသည် ဝမ်ပေါင်လဲ့အား မသိစိတ်ထဲမှနေ၍ အလိုလို ကြောက်ရွံ့နေခဲ့သောကြောင့် သူ စစ်မြေပြင်ပေါ်၌ စတင်ပေါ်ပေါက်လာစဉ်ကတည်းက ချက်ချင်း နောက်သို့ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်လည်း သူသည် ယခုအထိ အသက်ရှင်နေခြင်းဖြစ်ပေသည်။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် သောကြာဂြိုဟ် စစ်မြေပြင်ကြီးမှာ ဖရိုဖရဲ ဖြစ်သွားရတော့သည်။

ထိုမြင်ကွင်းအား မြင်လိုက်ရသည့် ပြည်ထောင်စုကျင့်ကြံသူတိုင်းမှာ အံ့ဩတုန်လှုပ်သွားကြ၏။ အချို့မှာဆိုလျှင် စိတ်လှုပ်ရှားမှုများကို ချုပ်တည်းနိုင်စွမ်း မရှိတော့ဘဲ အော်ဟစ်မိလိုက်ကြတော့သည် ” ဝမ်ပေါင်လဲ့ပဲ… ညဧကရာဇ်နတ်ဆိုးကြီးပဲ… ”

ပြည်ထောင်စုကြီးထဲမှ လူများမှာ ‘ ချန်မော့ဖုန်း ‘ ဆိုသည့် နာမည်အား သိမထားကြပါတော့လည်း ညဧကရာဇ်နတ်ဆိုးကြီးဆိုသည့် အမည်ကိုမူ ပြည်ထောင်စုကြီးထဲမှ ကျင့်ကြံသူတိုင်း သိရှိထားပေသည်။ သာမန်လူများမှာ ညဧကရာဇ်နတ်ဆိုးကြီးအကြောင်း သိပ်မသိကြ‌ပါသော်လည်း ပြည်ထောင်စု ကျင့်ကြံသူတစ်ယောက်ချင်းစီတိုင်းမှာမူ ညဧကရာဇ်နတ်ဆိုးကြီး၏ ဒဏ္ဍာရီများအကြောင်းကို ကြားဖူးထားကြပြီးသား ဖြစ်သည်။

ယခုတွင်…. သူတို့မှာ နိုးထလာပြီဖြစ်သော ညဧကရာဇ်နတ်ဆိုးကြီး၏ ပုံသဏ္ဍာန်အစစ်အမှန်အား မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်သည်။ ထို့အပြင် သူတို့မှာ ဝမ်ပေါင်လဲ့၏ စွမ်းအားအစစ်အမှန်ကိုလည်း မြင်လိုက်ရသဖြင့် အံ့ဩတုန်လှုပ်သွားကြ၏။ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ပင်လျှင် မှင်တက်နေရပြီ ဖြစ်သည်။ မြဲ့လျဲ့ကျိမှာလည်း သူတို့နည်းတူ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ ညဧကရာဇ်နတ်ဆိုးကြီး၏ ပေါ်ပေါက်လာမှုကြောင့် သူ၏ အသိစိတ်ထဲ၌ မှတ်ဉာဏ်များ ပြန်လည်ပေါ်ပေါက်လာသကဲ့သို့ပင်။ ထို့အပြင် သူသည် တစ်စုံတစ်ခုမှ လွတ်မြောက်နိုင်အောင် ကြိုးစားရုန်းကန်နေသည့်အလား မျက်ဝန်းများ တလက်လက် တောက်ပနေ၏။

ထို့ကြောင့် တတိယခံစစ်ကြောင်းဆီသို့ ဦးတည်လာနေသည့် သူ၏အမြန်နှုန်းမှာ သိသိသာသာ လျော့ကျသွားရ၏။ သို့ဖြစ်ရာ သူ ထိုခံစစ်ကြောင်းဆီသို့ မရောက်ခင် လီရှင်းဝမ်နှင့်အဖွဲ့မှာ သူ့အား တားဆီးနိုင်သွားတော့သည်။

လူတိုင်းမှာ လမင်းကြီးနှင့် ညဧကရာဇ်နတ်ဆိုးကြီး၏ ပေါ်ပေါက်လာမှုနှင့် ဝမ်ပေါင်လဲ့၏ အစွမ်းထက်တိုက်ကွက်များအပေါ် အာရုံရောက်နေကြသည်ဖြစ်ရာ ကယ်ဆယ်ရေးအဖွဲ့ထဲမှ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည့် လီဝူချန်းအား မည်သူကမှ သတိမထားမိကြပေ။ ထို့ကြောင့် သူတို့မှာ လီဝူချန်းတစ်ယောက် ညဧကရာဇ်နတ်ဆိုးကြီးအား မြင်လိုက်ရချိန်တွင် ဇဝေဇဝါ ဖြစ်သွားရသည်ကို မမြင်လိုက်ရပေ။

သူသည် ညဧကရာဇ်နတ်ဆိုးကြီးအား ပထမဆုံးအကြိမ်အဖြစ် မြင်ဖူးခြင်း မဟုတ်ပါသော်လည်း ယခုတွင်မူ ထိုဘီလူးကြီးအား မြင်လိုက်ရသောအခါ သူ၏ အသိစိတ်ထဲ၌ ထူးဆန်းသောပုံရိပ်များ ပထမဆုံးအကြိမ်အဖြစ် ပေါ်ပေါက်လာ၏။ သူသည် ထိုပုံရိပ်များ ပေါ်ပေါက်လာရခြင်း၏ အကြောင်းအရင်းကို မသိပါသော်လည်း ညဧကရာဇ်နတ်ဆိုးကြီးအား လှမ်းကြည့်လိုက်ချိန်တွင် သူ့အား ရင်းရင်းနှီးနှီးသိနေသကဲ့သို့ ခံစားနေရသည်။

လီဝူချန်းတစ်ယောက် မည်သည့်အရာကိုမှ သေသေချာချာ အကဲမခတ်နိုင်ခင်မှာပင် အေးစက်စက် နှာမှုတ်သံကြီးတစ်သံမှာ အာကာသထဲ၌ ပဲ့တင်ထပ်သွား၏။ ၎င်းမှာ နတ်ဘုရားတစ်ပါးဆီမှ ထွက်ပေါ်လာသည့်အသံနှင့် ဆင်တူနေပြီး စစ်မြေပြင်ပေါ်သို့ ကျရောက်လာသည်။ ထို့နောက် အနက်ရောင်အလင်းတန်းတစ်ခုမှာ မည်သည့် နေရာကမှန်းမသိ ပေါ်ပေါက်လာပြီး စစ်မြေပြင်ကြီးကို ထိုးခွင်းကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်းလာတော့သည်။

၎င်းမှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် ၎င်း၏ လမ်းတစ်လျှောက်တွင် ဝိညာဉ်စွမ်းအင်လှိုင်းများ ကျန်ရစ်ခဲ့ပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ၎င်းတို့နှင့် ထိမိသွားသည့် သာမန်ကျင့်ကြံသူများအားလုံးမှာ အသက်စွမ်းအားများ စုပ်ယူခံလိုက်ရပြီး ဇီဝိန်ချုပ်သွားကြသည်သာ ဖြစ်သည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ သူသည် အသက်အန္တရာယ်နှင့် ရင်ဆိုင်နေရပြီဖြစ်ရာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ကိုယ်ပွားနှင့် ချက်ချင်း နေရာချင်းလဲလိုက်တော့သည်။ ထိုအခါ သူသည် ညဧကရာဇ်နတ်ဆိုးကြီး၏ ပခုံးပေါ်တွင် တင်ပျဉ်ခွေထိုင်လျက်သား ပြန်လည်ပေါ်ပေါက်လာ၏။ ထို့နောက် သူ၏ ဝါးမျိုခြင်းသစ်စေ့ထဲမှ အစိမ်းရောင်ကြာပွင့်လေးမှာ အပြင်းအထန်တုန်ရီသွားပြီး ဝမ်ပေါင်လဲ့မှာ ညဧကရာဇ်နတ်ဆိုးကြီးအား ဆက်လက်ထိန်းချုပ်နိုင်ရန် နောက်ထပ်ကြာစေ့ငါးစေ့အား ထပ်၍ ခြေမွှလိုက်ပြန်သည်။

ဝမ်ပေါင်လဲ့မှာ ညဧကရာဇ်နတ်ဆိုးကြီး၏ ဝိညာဉ်အစစ်အား နိုးထလာအောင်လုပ်ရန် လိုအပ်ကြောင်း သိထား၏။ ထိုသို့သာမဟုတ်ပါက သူ၏ စွမ်းအားအစစ်အမှန်များမှာ အသစ်ပြန်လည်ပေါ်ပေါက်လာသည့် ဝိညာဉ်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေမည်သာဖြစ်သည်။ ညဧကရာဇ်နတ်ဆိုးကြီး၏ စွမ်အားအစစ်အမှန်မှာ သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ မဟုတ်ဘဲ ဘယ်သောအခါမှ ကုန်ခန်းသွားခြင်းမရှိမည့် အပြင်ခန္ဓာကိုယ်စွမ်းအားများသာဖြစ်ကြောင်း ဝမ်ပေါင်လဲ့က နားလည်ထားသည်။

ကြာစေ့ငါးစေ့ ကြေမွသွားသောအခါ ညဧကရာဇ်နတ်ဆိုးကြီးမှာ တစ်ကိုယ်လုံး တုန်ရီ သွား၏။ သူ၏ အနီရောင် မျက်လုံးများမှာလည်း ကြယ်နှစ်လုံးကဲ့သို့ လင်းလက်တောက်ပလာတော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်၏။ နောက်ဆုံးတွင် သူသည် ညာဘက်လက်ကိုမြှောက်ကာ လက်သီးဆုပ်လိုက်ပြီး သူ့ဆီသို့ ဦးတည်လာနေသည့် အနက်ရောင်အလင်းတန်းကြီးအား အားပါပါ လှမ်း၍ ထိုးနှက်လိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset