ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကလည်း ကြာစေ့များကို အသုံးပြုကာ ညနတ်ဆိုးဧကရာဇ်ကြီးအား ထိန်းချုပ်ခဲ့ဖူးသည်။ လစန္ဒာ မှော်ဝင်နယ်မြေထဲတွင် ရှိနေခဲ့စဥ်တုန်းက ဝမ်ပေါင်လဲ့မှာ သူ၏ ကြာစေ့လေးအား အမှုမဲ့အမှတ်မဲ့နှင့် အသုံးပြုကာ ညနတ်ဆိုးဧကရာဇ်ကြီးကို ထိန်းချုပ်၍ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ချန်ဟွေ့အား အကြည့်တစ်ချက်ထဲဖြင့် သတ်ဖြတ်ခဲ့ဖူးသ ည်မဟုတ်ပါလော။
ပြည်ထောင်စုကြီးမှာ ထိုကိစ္စနှင့်ပတ်သက်၍ ထင်မြင်ချက်အမျိုးမျိုး ပေးခဲ့ကြ၏။ လူအချို့မှာမူ ထိုဖြစ်ရပ်ကြီးမှာ ဝမ်ပေါင်လဲ့နှင့် ဆက်နွယ်နေလိမ့်မည်ဟု ထင်ကြေးပေးခဲ့ကြပါသော်လည်း မည်သည့်သက်သေမှ မကျန်ရစ်ခဲ့ပေ။ အရေးအကြီးဆုံးမှာမူ ထိုစဉ်တုန်းက ဝမ်ပေါင်လဲ့မှာ ယခုလောက် နာမည်မကြီးခဲ့ခြင်းပင်။
ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီးအား ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာထိန်းချုပ်နိုင်သွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် သူ၏ကြာစေ့များမှာ ညနတ်ဆိုးဧကရာဇ်ကြီးအား ထိန်းချုပ်နိုင်စွမ်း ရှိနေလိမ့်မည်ဟု အပြည့်အဝ ယုံကြည်သွား၏။
သူသည် စစ်မြေပြင်ထဲသို့ ရောက်ရှိသွားပြီးလျှင် တိုက်ပွဲကြီး၏ အရေးအပါဆုံး အခိုက်အတန့်တွင် သူ၏ကြာစေ့များအား အသုံးပြုရန် ကြံရွယ်ထား၏။ ထိုသို့သာဆိုပါက ပြည်ထောင်စုကြီးမှာ သောကြာဂြိုဟ်တိုက်ပွဲထဲ၌ အသာစီးရသွားမည်ဖြစ်သည်။ သို့သော် လက်ရှိအခြေအနေများအရဆိုလျှင် သူသည် ထိုအချိန်အထိ စောင့်ဆိုင်းနေ၍ မဖြစ်တော့သည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်သုံးသပ်လိုက်ပြီးနောက် ညနတ်ဆိုးဧကရာဇ်ကြီးအား ထိန်းချုပ်ရန် ဆုံးဖြတ်လိုက်ပြီ ဖြစ်သည်။ သူသည် သူ၏ ကြာစေ့လေးအား ခြေမွှပစ်လိုက်သဖြင့် ညနတ်ဆိုးဧကရာဇ်ကြီးမှာ မျက်လုံးများပွင့်လာ၏။ ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီး အိပ်မောကျနေသည့် နေရာမှ အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် လမင်းကြီးတစ်ခုလုံးမှာ တုန်ရီသွားရတော့သည်။
လမင်းကြီးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ရွေ့လျားနေသည့်တိုင်အောင် ထိုအော်သံကြီးကြောင့် တုန်ရီသွားရဆဲပင်။ ထို့ကြောင့် လပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ တစ်ခေါင်းလုံး ထူပူသွားကြပြီး ရင်ခုန်သံများ မြန်ဆန်လာတော့သည်။
ထိုအချိန်တွင် သူတို့၏ ခြေထောက်အောက်မှ မြေပြင်ကြီးမှာ ထပ်၍ တုန်ရီသွားပြန်သည်။ ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီး၏ လိုဏ်ဂူကြီးထဲမှ အစိမ်းရောင်အကြေးခွံများ ဖုံးလွှမ်းနေသည့် လက်ကြီးတစ်ဖက် ရုတ်တရက်ဆိုသလို ဆန့်ထွက်လာပြီး ဂူကြီး၏ အစွန်းအား လက်ဖဝါးဖြင့် တွန်းလိုက်၏။ ထို့ကြောင့် မြေပြင်ကြီးမှာ ကြေမွပျက်စီးသွားရကာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ ဂူကြီးထဲမှ ပျံထွက်လာပြီး ကောင်းကင်ပေါ်သို့ ပျံတက်သွားတော့သည်။
သို့သော် သံကြိုးများကြောင့် သူသည် အဝေးကြီးသို့ ပျံသန်းနိုင်စွမ်း မရှိပေ။ သူ့အား ချုပ်နှောင်ထားကြသည့် သံကြိုးများမှာ ညနတ်ဆိုးဧကရာဇ်ကြီးအား ဆောင့်ဆွဲလိုက်သကဲ့သို့ ဖြစ်သွားသောကြောင့် သူ၏ခန္ဓာကိုယ်မှာ လေထဲ၌ ရပ်တန့်သွားရ၏။ ထိုအခါ သူသည် မျက်လုံးနီကြီးများဖြင့် ခေါင်းမော့ကာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်ပြန်သည်။
” ငါ့အမိန့်ကို နာခံကြ။ တွန်းကန်အားပမာဏကို ချိန်ညှိပြီးတော့ လမင်းကြီးရဲ့ အမှောင်ဘက်ခြမ်းကို ပို့လိုက်။ ပြီးရင် ထပ်ပြီးတော့ တွန်းကန်နိုင်အောင် အဆင်သင့်ပြင်ထား ”
လပေါ်မှ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့၏ အကြံအစည်အား ရိပ်မိသွားကြတော့အခါ ပင့်သက်များ ရှိုက်မိသွားကြ၏။ ထို့ကြောင့် သူတို့မှာ တအံ့တဩဖြစ်နေသည့် လေသံများဖြင့် ရေရွတ်မိလိုက်ကြတော့သည်။
” သူက ညနတ်ဆိုးဧကရာဇ်ကြီးနဲ့ လမင်းကြီးကို ဆွဲဖို့ ကြိုးစားနေတာလားဟ ”
” မြို့တော်သခင်ဝမ်က တကယ်ပဲ ညနတ်ဆိုးဧကရာဇ်ကြီးကို ထိန်းချုပ်နိုင်စွမ်း ရှိနေတာပဲ ”
လူအများ ယောက်ယက်ခတ်သွားကြစဉ် ဝမ်ပေါင်လဲ့မှာ ဒုတိယမြောက် ကြာစေ့အား တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ခြေမွှလိုက်ပြီး ညနတ်ဆိုးဧကရာဇ်ကြီးအား နောက်ထပ်အမိန့်တစ်ခု ထပ်ပေးလိုက်၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့ အမိန့်ပေးလိုက်သည်နှင့် သူသည် ညနတ်ဆိုးဧကရာဇ်ကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအမိန့်မှာ သူ၏ ခေါင်းထဲ၌ အတွေးတစ်ခုအဖြစ်သာ ပေါ်ပေါက်လာပါသော်လည်း ညနတ်ဆိုးဧကရာဇ်ကြီးမှာမူ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်ဝန်းများထဲ၌ ထူးဆန်းသောအလင်းရောင်များ တောက်ပလာတော့သည်။
ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီးမှာ နောက်သို့ချာခနဲ လှည့်သွားပြီး အသံကုန်အော်ဟစ်မြည်တမ်းကာ ကောင်းကင်ပေါ်သို့ အရှိန်အဟုန်ဖြင့် ပျံတက်သွားတော့သည်။ သူ၏ စွမ်းအားများမှာ သူ့အား ချုပ်နှောင်ထားသည့် သံကြိုးများ၏ စွမ်းအားနှင့် တန်းတူညီမျှ ဖြစ်နေ၏။ ထို့ကြောင့် သူသည် ထိုသံကြိုးများမှတစ်ဆင့် လမင်းကြီးအား သူနှင့်အတူ ဆွဲခေါ်သွားသကဲ့သို့ ဖြစ်နေတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ညွှန်ကြားမှုများအတိုင်း လမင်းကြီး၏ တွန်းကန်အားများကို နေရာပြောင်းလဲလိုက်ပြီ ဖြစ်သည်။ သို့ဖြစ်ရာ ၎င်း၏ တွန်းကန်အားများနှင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ ဆွဲငင်အားများကြောင့် အာကာသကြီးထဲ၌ ထစ်ချုန်းသံများ အဆက်မပြတ် ပေါ်ထွက်လာတော့သည်။ မြေပြင်ကြီးမှာလည်း စတင်တုန်ရီလာပြီး တစ်စစီ ကွဲအက်စ ပြုလာသောကြောင့် ထိုဂြိုဟ်ရံကြီးမှာ အစိတ်စိတ်အမြွှာမြွှာ ကြေမွသွားတော့မည့်ပုံ ပေါက်နေ၏။ ထိုအချိန်တွင် လမင်းခံတပ်ကြီး၏ အမြန်နှုန်းမှာ ရုတ်တရက်ဆိုသလို ထိုးတက်သွားတော့သည်။
ထိုအမြန်နှုန်းမှာ လ၏ နဂိုမူလအမြန်နှုန်းထက် အဆပေါင်းများစွာပို၍ သာလွန်၏။ ထို့ကြောင့် လမင်းကြီးမှာ လေးခွထဲမှ ပစ်လွှတ်လိုက် လောက်စလုံး တစ်လုံးကဲ့သို့ အာကာသကြီးအား ထိုးခွင်းသွားတော့သည်။
ညနတ်ဆိုးဧကရာဇ်ကြီးမှာမူ ဧရာမ နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ သူ့အား ချုပ်နှောင်ထားသည့် သံကြိုးများမှာမူ ဇက်ကြိုးများကဲ့သို့ ဖြစ်နေ၏။ ထိုသို့ဖြင့် သူသည် လမင်းကြီအား ဆွဲခေါ်ရင်း ရှေ့သို့ ပျံသန်းသွားတော့သည်။
လမင်းကြီး၏ လက်ရှိအမြန်နှုန်းမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်နိုင်စွမ်းရှိသော အမြန်နှုန်းသို့ ရောက်နေပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုအမြန်နှုန်းအား ထိန်းသိမ်းထားနိုင်ရန် သူ၏ ကြာစေ့များကို တစ်စေ့ပြီးတစ်စေ့ ခြေမွှပစ်နေရ၏။
လမင်းကြီးပေါ်ရှိလူတိုင်းမှာ အာကာသကြီးထဲ၌ ထိုးခွင်းသွားနေကြသည်ကို အာရုံခံမိနေကြပြီ ဖြစ်သည်။ သူတို့မှာ မျက်လုံးဖြင့် မမြင်နိုင်ပါသော်လည်း ထိုမြင်ကွင်းကြီးအား စိတ်ကူးနှင့်မှန်းဆကြည့်နိုင်ပေသည်။ ထိုမြင်ကွင်းကြီးမှာ အံ့ဩတုန်လှုပ်ဖွယ်ရာ ကောင်းလွန်းနေသောကြောင့် သူတို့မှာ တစ်သက်လုံး မေ့ပျောက်နိုင်တော့မည် မဟုတ်ပေ။
လမင်းကြီးအား ဆွဲခေါ်လာသည့် ညနတ်ဆိုးဧကရာဇ်ကြီး၏ အော်ဟစ်သံများကြောင့် အာကာသကြီးထဲတွင်လည်း စွမ်းအင်လှိုင်းများ ပေါ်ပေါက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားရ၏။ ထိုသို့ဖြင့် ပုံမှန်အတိုင်းသာဆိုလျှင် အချိန်လေးရက်ပေးရမည့် ခရီးစဉ်မှာ ယခုတွင် တစ်ရက်သာ ကြာမြင့်တော့မည် ဖြစ်သည်။
တစ်ရက်ဆိုသည့် အချိန်မှာ အခြားသူများအတွက် တိုတောင်းပါသော်လည်း သောကြာဂြိုဟ် စစ်မြေပြင်ပေါ်တွင် တိုက်ခိုက်နေရသည့် ပြည်ထောင်စုကျင့်ကြံသူများအတွက်မူ ထာဝရ ငရဲကျနေရသကဲ့သို့ပင်။ နဝမမြောက် ခံစစ်ကြောင်းမှာ ယမန်နေ့တုန်းက ကျသွားခဲ့ပြီဖြစ်ရာ ယခုတွင် တာအိုနန်းတော် တပ်ဖွဲ့များမှာ အဋ္ဌမ၊ သတ္တမ၊ ဆဋ္ဌမနှင့် ပဉ္စမမြောက် ခံစစ်ကြောင်းများကို အဆက်မပြတ် ထိုးစစ်ဆင်နေကြပြီဖြစ်သည်။
ပြည်ထောင်စုကြီးမှာ တိုက်ပွဲထဲ၌ အခြေအနေ မဟန်တော့ပေ။ သူတို့၏ ဝိညာဉ်ဆန့်ကျင်ဗုံးများနှင့် အသေးစိတ် ပြင်ဆင်မှုများမှာလည်း သူတို့အား အသာစီးရနိုင်အောင် ကူညီပေးနိုင်စွမ်း မရှိပေ။ သို့ဖြစ်ရာ သူတို့မှာ နောက်မဆုတ်တမ်း ခုခံတွန်းလှန်ကာ တိုက်ပွဲကြီးအား အချိန်ဆွဲရင်း မလွဲမသွေကြုံတွေ့ရမည့် ရှုံးနိမ့်မှုကြီးအား စောင့်ဆိုင်းနေသကဲ့သို့ ဖြစ်နေတော့သည်။
သူတို့၏ ဓမ္မလက်နက် အဆောင်ပစ္စည်း တစ်ဝက်ကျော်မှာ အသုံးပြု၍မရတော့သလို မန္တန်အစီအရင် အများစုမှာလည်း ပျက်စီးသွားကြပြီဖြစ်သည်။ သေကျေပျက်စီးမှုနှုန်းမှာလည်း မိုးထိုးလုမတတ် မြင့်မားနေ၏။ တာအိုနန်းတော် တပ်ဖွဲ့များမှာ အထိနာနေပါသော်လည်း တိုက်ပွဲကြီး၏ အခြေအနေမှာ ပို၍ဆိုးရွားလာနေသောကြောင့် ပြည်ထောင်စု ကျင့်ကြံသူများမှာ စိတ်ဓာတ်များ ကျဆင်းနေကြရပြီ ဖြစ်သည်။
သူတို့အားလုံးမှာ ဝမ်ပေါင်လဲ့ ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း မဟုတ်ဘဲ သွမ့်မုချွယ် သောကြာဂြိုဟ်အား ဖောက်ခွဲပစ်ရန် အမိန့်ပေးသည်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ၎င်းမှာ ဤတိုက်ပွဲကြီး၏ ဦးတည်ချက် ဖြစ်ပေသည်။ သို့သော် ယခုအထိ မည်သည့်အမိန့်မှ ကျမလာသေးပေ။
သွမ့်မုချွယ်မှာ အမိန့်ပေးရန် အဆင်သင့်ဖြစ်နေပါသော်လည်း မပေးနိုင်ဘဲ ဖြစ်နေရ၏။ တိုက်ပွဲကြီး စတင်ခဲ့သည့်အချိန်ကတည်းက တာအိုနန်းတော် ကျင့်ကြံသူ သုံးသိန်းကျော်နှင့် ရန်သူ စစ်သင်္ဘောကြီးပေါင်း မြောက်မြားစွာမှာ သောကြာဂြိုဟ် ခံစစ်ကြောင်းအား တိုက်ခိုက်ခဲ့ကြ၏။ ထို့အပြင် မြဲ့လျဲ့ကျိ အပါအဝင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ငါးယောက်၊ ခြောက်ယောက်ခန့်မှာလည်း တိုက်ပွဲထဲ၌ ပါဝင်လာပြီဖြစ်သည်။ ကျန်သူများမှာ သောကြာဂြိုဟ်အား ဝိုင်းထားပြီး ဖြစ်ပါသော်လည်း တာအိုဘုန်းတော်ကြီးယိုရန်မှာ ပေါ်ပေါက်လာခြင်း မရှိသေးပေ။
သို့ဖြစ်ရာ ရန်သူများမှာ သူတို့၏ စွမ်းအားအစစ်အမှန်ကို ထုတ်ပြခြင်းမရှိသေးကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် သွမ့်မုချွယ်မှာလည်း သောကြာဂြိုဟ်အား ဖောက်ခွဲပစ်ရန် အမိန့်မပေးနိုင်ဘဲ ဖြစ်နေရ၏။ သူသည် ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ကြုံခဲ့ရသည့် ဖြစ်ရပ်ကြီးမှ သင်ခန်းစာယူထားပြီး ဖြစ်သည်။ ထိုစဉ်တုန်းက တာအိုဘုန်းတော်ကြီးယိုရန်နှင့် သူ၏ ကြောက်မက်ဖွယ်ရာစစ်သင်္ဘောကြီးမှာ ထိုဂြိုဟ်ကြီး၏ ပေါက်ကွဲမှုကို အလျင်အမြန် ထိန်းချုပ်နိုင်ခဲ့သည် မဟုတ်ပါလော။
” တာအိုဘုန်းတော်ကြီးယိုရန် ပေါ်လာတဲ့ အချိန်အထိ စောင့်ကြ။ သူ ပေါ်လာရင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို အသုံးပြုပြီးတော့ သူ့ကို ချုပ်နှောင်ထားလိုက်မယ်။ အဲဒီအချိန်မှ သောကြာဂြိုဟ်ကို ဖောက်ခွဲပစ်လို့ ရမှာ ” သွမ့်မုချွယ်မှာ သူ၏ရှေ့တွင်ရှိနေသော ဖန်သားပြင်များကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေ၏။ သူ၏ မျက်ဝန်းများမှာ ရဲရဲနီနေပြီ ဖြစ်သည်။
သူတို့ ဆက်လက်စောင့်ဆိုင်းနေရင်း စတုတ္ထမြောက် ခံစစ်ကြောင်းမှာ ကျသွား၏။ ဖုန့်ချိုးရန်မှာ ကိုယ်ပွားငါးခု ဆင့်ခေါ်ကာ ဝိညာဉ်ကြားခံနယ်အဆင့် ရန်သူ ငါးယောက်အား တွန်းလှန်နိုင်ရန် အကောင်းဆုံးကြိုးစားနေ၏။ သူမသည် ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာပြီ ဖြစ်ပါသော်လည်း ယခုလို ပြိုင်ဘက်ငါးယောက်အား တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်တိုက်ခိုက်နေရသည်ဖြစ်ရာ အခက်အခဲများ ကြုံတွေ့နေရဆဲပင်။ သူမသည် ဒဏ်ရာရရှိသွားနိုင်သည့် အချက်ကိုပင် စိုးရိမ်နေခြင်းမရှိဘဲ ရန်သူများအား သူတို့၏ စွမ်းအားများကို အစွမ်းကုန် ထုတ်လွှတ်နိုင်စွမ်းမရှိအောင် တားဆီးပေးနေ၏။
တာအိုနန်းတော်မှ ယွမ်ယင်အဆင့် ကျင့်ကြံသူများကြောင့် တာအိုနန်းတော်မှာ စစ်မြေပြင်ထဲ၌ အသာစီး ရနေရမည်သာ ဖြစ်သည်။ သို့သော် ပြည်ထောင်စုကြီးမှာ ထို ကျင့်ကြံသူများအား ရင်ဆိုင်နိုင်မည့် အထူး နည်းဗျူဟာတစ်ခုကို ရေးဆွဲထားခဲ့၏။ ပြည်ထောင်စု တိုက်ခိုက်ရေးအဖွဲ့များအား ဦးဆောင်နေကြသည့် အမြုတေအဆင့် ကျင့်ကြံသူများမှာ တိုက်ပွဲ အစကတည်းက ဝိညာဉ်ဆန့်ကျင်ဗုံးများကို ဖောက်ခွဲခဲ့ကြသည်။ ထို့ကြောင့် ထို ဗုံးများမှာ တာအိုနန်းတော် ယွမ်ယင်အဆင့် ကျင့်ကြံသူများအတွက် ခေါင်းခဲစရာတစ်ခု ဖြစ်နေ၏။ တိုက်ပွဲကြီး ကြာမြင့်လာသည်နှင့်အမျှ ကျောက်ယမုန့်နှင့် အခြားသူများ ဦးဆောင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများမှာလည်း ပို၍ ခက်ခဲလာနေတော့သည်။ ထို ကယ်ဆယ်ရေးအဖွဲ့များထဲတွင် လီဝူချန်းလည်း ပါပေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် ထို ကယ်ဆယ်ရေးအဖွဲ့များမှာ အထိနာခဲ့ရ၏။ သူတိုအားလုံးမှာ မောပန်းနွမ်းနယ်နေကြပြီဖြစ်သလို ဒဏ်ရာများလည်း ရရှိထားကြပြီ ဖြစ်သည်။။ သို့သော် နောက်ဆုတ်၍ မဖြစ်ပေ။
တိုက်ခိုက်ရေးအဖွဲ့များမှာ ရှေ့တန်းတွင် အပြင်းအထန် တိုက်ခိုက်နေကြဆဲဖြစ်ရာ သူတို့မှာ သူတို့၏ ရဲဘော်ရဲဘက်များကို ချန်ရစ်ထားနိုင်ခဲ့မည် မဟုတ်ပေ။
သောကြာဂြိုဟ်မှာ ပြည်ထောင်စုကြီး၏ အဓိကခံတပ် နှစ်ခုထဲမှ တစ်ခုဖြစ်ရာ ပြည်ထောင်စုကြီးအတွက် အသက်တမျှ အရေးကြီးပေသည်။ သို့ဖြစ်ရာ သူတို့မှာ ၎င်းအား စွန့်ခွာကြမည် မဟုတ်ပေ။
” အရှုံးမပေးကြနဲ့ ” ကျောက်ယမုန့် အံကြိတ်ကာ ကြိမ်းဝါးလိုက်ပြီးနောက် ရှေ့သို့ ပြေးထွက်သွားလိုက်၏။ ထို့နောက် သူမသည် ပြည်ထောင်စုကျင့်ကြံသူတစ်ယောက်ကို ကယ်တင်ကာ တာအိုနန်းတော်မှ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်၏ တိုက်ကွက်အား ခုခံတွန်းလှန်လိုက်သည်။ ထိုကျင့်ကြံသူမှာ ကျောက်ယမုန့်အား မှတ်မိသွားသဖြင့် နောက်သို့ ချက်ချင်းဆုတ်ခွာသွား၏။
ခုန်းဝောာက်မှာ ကျောက်ယမုန့်၏နောက်တွင် ကပ်လျက် လိုက်ပါလာ၏။ သူ၏ ရင်ဘတ်ပေါ်မှ ဒဏ်ရာကြီးမှာ နက်ရှိုင်းလွန်းသောကြောင့် ခန္ဓာကိုယ်ထဲမှ အရိုးများကိုပင် မြင်နေရပြီဖြစ်သည်။ သူသည် အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် အံကြိတ်ကာ သူ၏ဆေးလုံးများအား ကျောက်ယမုန့် ကယ်တင်ခဲ့သည့် ကျင့်ကြံသူဆီသို့ လှမ်းပစ်ပေးလိုက်၏။
ထို ကျင့်ကြံသူမှာ ဒဏ်ရာ အများအပြား ရထားပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ ပါးစပ်ထဲမှ သွေးများစီးကျနေ၏။ သူသည် နာကြည်းစွာပြုံးကာ စကားပြောရန် ပြင်လိုက်စဉ်မှာပင် စတုတ္ထမြောက် ခံစစ်ကြောင်း၏ အလင်းရောင် အကာအရံကြီးမှာ ရုတ်တရက်ဆိုသလို ကြေမွပျက်စီးသွားတော့သည်။
ထို အဖြစ်အပျက်မှာ မြန်ဆန်လွန်းနေသောကြောင့် ပြည်ထောင်စုကြီး၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားသွားရ၏။ ထို အကာအရံကြီး ပျက်စီးသွားရခြင်းမှာ တာအိုနန်းတော် တပ်ဖွဲ့ထဲမှ ကျင့်ကြံသူတစ်ယောက်၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေသည်။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများမှာ စတုတ္ထမြောက် ခံစစ်ကြောင်းအား တရစပ် ထိုးနှက်တိုက်ခိုက်လိုက်သဖြင့် ၎င်းမှာ ကြေမွပျက်စီးသွားရ၏။
ထို ကျင့်ကြံသူမှာ… မြဲ့လျဲ့ကျိ ဖြစ်ပေသည်။
သူသည် စတုတ္ထမြောက် ခံစစ်ကြောင်းအား ဖောက်ခွဲဖျက်ဆီးကာ ဖုန့်ချိုးရန်တစ်ယောက် အလျင်အမြန် ဆင့်ခေါ်လိုက်သည့် ကိုယ်ပွားအား ရှောင်တိမ်းလိုက်ပြီးနောက် တတိယမြောက် ခံစစ်ကြောင်းဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာ၏။ သူသည် ထိုနေရာတစ်ဝိုက်ရှိ မန္တန်အစီအရင်အားလုံးကို ဖျက်ဆီးပစ်ပြီး ပြည်ထောင်စုကြီးအား ၎င်း၏ ဝှက်ဖဲကို သတ်မှတ်ထားသည့်အချိန်ထက် စော၍ ထုတ်သုံးရအောင် ဖိအားပေးနိုင်ရန် ကြံရွယ်နေသည့်ပုံပင်။
” မြဲ့လျဲ့ကျိကို တားကြ ” လီရှင်းဝမ်၏ အမိန့်ပေးသံကြီးမှာ တတိယမြောက် ခံစစ်ကြောင်းထဲ၌ မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွား၏။ ထို့နောက် သူသည် ရုတ်ခြည်းဆိုသလို အရှိန်မြှင့်တင်ကာ မြဲ့လျဲ့ကျိဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။ ဂိုဏ်းချုပ်ကြီးရှုမှာလည်း နောက်သို့လှည့်လာပြီး သူ့ဆီသို့ ပြေးလာနေပြီ ဖြစ်သည်။ သို့သော် သူတို့နှစ်ယောက်စလုံးမှာ နောက်ကျသွားသည့်ပုံပင်…
တတိယမြောက်ခံစစ်ကြောင်းကြီး ကျသွားခါနီး ဆဲဆဲမှာပင်… တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်စုတပ်ဖွဲ့များ၏ နောက်မှ အော်သံကြီးတစ်သံ ရုတ်တရက် ထွက်ပေါ်လာပြီး တိုက်ပွဲကြီးတစ်ခုလုံးအား လွှမ်းခြုံသွား၏။
လမင်းခံတပ်ကြီးမှာ ခပ်လှမ်းလှမ်းရှိ ကြယ်ရောင်စုံများဖြင့် လင်းလက်တောက်ပနေသော အာကာသကြီးထဲမှ စစ်မြေပြင်ကြီးဆီသို့ ချဉ်းကပ်လာနေခြင်း ဖြစ်သည်။ ထို့ကြောင့် အာကာသကြီးထဲ၌ ထစ်ချုန်းသံများမှာ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။