Switch Mode

အခန်း (၁၁၅)

မင်းလုပ်နိုင်တာကို ငါလုပ်နိုင်တယ် ၊ မင်းမလုပ်နိုင်တာကိုလည်း ငါလုပ်နိုင်တယ်

အခန်း (၁၁၅) မင်းလုပ်နိုင်တာကို ငါလုပ်နိုင်တယ် ၊ မင်းမလုပ်နိုင်တာကိုလည်း ငါလုပ်နိုင်တယ်

“ခုနစ်စဉ်ကြယ်ဓားသိုင်းရဲ့  အလှည့်အပြောင်းတွေက လျှို့ဝှက်ဆန်းကျယ်ပြီး နက်နဲတယ် ၊ ဒီဓားသိုင်းက ရှုတ်ထွေးမယောင်နဲ့ ရိုးရှင်းတဲ့ ဓားသိုင်းတစ်ခုပါပဲ”

ရန်ကျောက်ကဲက လုဝမ်ကို မျက်နှာမူရင်း ပြောလိုက်သည်။

သူတို့ (၂)ယောက်၏ ဓားဝိညာဉ်များ ရိုက်ခတ်မိသည်နှင့် အဆက်မပြတ် ရှေ့တက်လိုက် နောက်ဆုတ်လိုက်ဖြင့် ဆက်တိုက် တိုက်ခိုက်ကြသည်။ ‌မြောက်ပိုင်းခုနစ်စဉ်ကြယ်၏ အနေအထားသည်လည်း အကြိမ်ပေါင်းများစွာ ပြောင်းလဲလျှက် ရှိသည်။

‌မြောက်ပိုင်းခုနစ်စဉ်ကြယ်နေရာကို တစ်ယောက်က သိမ်းပိုက်လိုက်လျှင် ပြိုင်ဘက်က နောက်ဆုသွားရပြီး ပြိုင်ဘက်က မြောက်ပိုင်းခုနစ်ဉ်ကြယ်နေရာကို သိမ်းပိုက်လိုက်လျှင်တော့ ကျန်တစ်ယောက်က နောက်ဆုတ်သွားရကာ တိုက်ပွဲကို ဦးဆောင်နိုင်မှု ဆုံးရှုံးသွားရပြန်သည်။

“အဓိကအချက်တွေကို အာရုံစိုက်တာတော့ မမှားပါဘူး ၊ ဒါပေမဲ့ မင်း အမှန်တကယ် အောင်မြင်ချင်တယ်ဆိုရင်တော့ စာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ အရေးကြီးတဲ့အချက်တွေကို မင်းကိုယ်တိုင်ပြုလုပ်နိုင်တဲ့အရာတွေအဖြစ် ပြောင်းလဲပစ်ဖို့ လိုအပ်တယ် ၊ လေ့ကျင့်ခြင်းက အဓိကပါပဲ”

ရန်‌ကျောက်ကဲက ထိုသို့ပြောပြီးသည်နှင့် ဆက်လက်တိုက်ခိုက်လိုက်လေရာ သူ့လက်ချောင်းများမှ ဓားဝိညာဉ်က ပျံသန်းထွက်ခွာသွားသည်။

သူ့လက်လှုပ်ရှားလိုက်တိုင်း ဓားရိပ် (၇)ခုက လေထဲတွင် ခုနစ်စဉ်ကြယ်အလား တဖျပ်ဖျပ်တောက်ပနေသည်။

“တိုက်ခိုက်ရေးအတွေ့အကြုံအပြင် ဓားတာအိုကို နားလည်ဖို့လည်းလိုအပ်တယ် ၊ မင်းလက်ချောင်းထိပ်မှာ ဓားဝိညာဉ်ကို အလိုရှိတိုင်း ထုတ်ဖော်နိုင်အောင် ကြိုးစားရမယ်”

ရန်ကျောက်ကဲက ကျောက်မင်ဘက်သို့လှည့်ကာ ပြုံးပြလိုက်ရင်း…

“‌မြောက်ပိုင်းကိုးကွယ် ခုနစ်စဉ်ကြယ်ဆိုတဲ့စကားက ရိုးရှင်းသယောင်ရှိပေမယ့် လူတစ်ယောက်က အဲဒါကို ကျွမ်းကျင်ပိုင်နိုင်အောင် ဘယ်လိုလေ့ကျင့်မှာလဲ ၊ ဒါကြောင့် အများကြီး လေ့ကျင့်ဖို့လိုတယ်လို့ စောစောက ပြောခဲ့တာ”

‌ပြောပြီးသည်နှင့် ရန်ကျောက်ကဲက မြောက်ပိုင်းခုနစ်စဉ်ကြယ်နေရာကို ထပ်မံသိမ်းပိုက်လိုက်ပြီး ဓားရိပ် (၇)ခုက လက်ခနဲတောက်ပသွားကာ လုဝမ်ရှိရာသို့ ဝင်ရောက်သွားသည်။

လုဝမ်က တိတ်ဆိတ်နေပြီး ထိုဓားကွက်နှင့် တူညီသည့်ဓားကွက်ကိုပင် အသုံးပြုလိုက်သည်။ တူညီစွာပင် ဓားဝိညာဉ်က အရှေ့ဆီသို့ ထွက်ပေါ်လာပြီး ဓားရိပ် (၇)ခု ညီညာစွာ ပျံသန်းသွားသည်။

သူတို့ (၂)ယောက်လုံး၏ ညာဘက်ခြေထောက်မှ ခြေချောင်းများ ထိခိုက်သွားသည်။

လေထဲတွင် ဓားခုတ်သံများ တရွှမ်းရွှမ်း ထွက်လာပြီး တကယ့်တိုက်ပွဲတစ်ခုအလား ဓားရိပ်များ တဖျပ်ဖျပ်ထွက်ပေါ်လာသည်။

နှစ်ယောက်သား ထိပ်တိုက်ရင်ဆိုင်ပြီးသည်နှင့် နောက်သို့ ပြန်ခုန်ဆုတ်သွားကြသည်။ ဓားချက်ချင်းဖလှယ်ပြီးနောက် နောက်မှ အရှေ့သို့ နှစ်ယောက်လုံး ပြန်တက်လာကြသည်။

သူတို့၏ ဓားကွက်များ ပြောင်းလဲသွားသည့်တိုင် အစစ်အမှန်ဖိအား ထွက်ပေါ်လာခြင်းမရှိသောကြောင့် သိုင်းကျမ်းစာကြည့်တိုက်ကိုတော့ သက်ရောက်ခြင်း မရှိပေ။

သို့သော် ဓားဝိညာဉ်အချင်းချင်း အကြိမ်ကြိမ်ထိတွေ့ပြီးသည့်အခါ ဝါဒတောင်၏ မျိုးဆက်သစ်လူငယ်ခေါင်းဆောင်နှစ်ယောက်သည် ခုနစ်စဉ်ကြယ်ဓားသိုင်း၏ နက်နဲသောဓားကွက်များကို ပြီးပြည့်စုံသည်အထိ ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်သည်။

ဓားတစ်လက်က သိပ်သည်းနက်နဲပြီး ညကောင်းကင်တွင် ထာဝရ တောက်ပနေသည်။

ကျန်တစ်လက်ကတော့ ရှုတ်ထွေးပြီး လျှို့ဝှက်ဆန်းကျယ်သည့် အဆုံးမရှိ ကြယ်စင်ကောင်းကင်တွင် ရွေ့လျားနေသည်။

ခဏမျှ ထိပ်တိုက်ရင်ဆိုင်ပြီးသည်နှင့် ရန်ကျောက်ကဲ၏ အကြည့်များ အနည်းငယ်တုန်ခါသွား၏ လုဝမ်၏ ဓားတာအိုကို ပိုမိုနားလည်လာခဲ့သည်။

လုဝမ်က မျက်တေင်တဖျတ်ဖျတ်ခတ်လိုက်သည့်တိုင် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုအပြည့် ရှိနေဆဲပင်။

နှစ်ယောက်သား ဓားကွက်ဗျူဟာကို ခဏမျှစမ်းစစ်လိုက်ပြီးနောက် မြောက်ပိုင်းခုနစ်စဉ်ကြယ် အနေအထားကို သိမ်းပိုက်ရန်အတွက် တိုက်ပွဲတစ်ကြိမ် ပြန်လည်စတင်သည်။

ဤအဆင့်ထိ တိုက်ခိုက်ခဲ့ကြပြီးနောက် သူတို့ (၂)ယောက်၏ ဓားဝိညာဉ်များမှာ တိုက်ပွဲ၏ အရေးကြီးဆုံးအဆင့်သို့ ရောက်ရှိသွားပြီး အမြင့်ဆုံးအရှိန်အဟုန်သို့ တွန်းပို့နေပြီ ဖြစ်သည်။

ယခုတစ်ကြိမ် တစ်ယောက်က မြောက်ပိုင်းခုနစ်စဉ်ကြယ်နေရာကို သိမ်းပိုက်ထားမည်ဆိုလျှင် ထိုနေရာကို ပြန်လည်ရယူရန် ခက်ခက်ခဲခဲ ဖိအားပေးခံရမည်ဖြစ်သလို အားနည်းချက်များလည်း ရှိလာမည်  ဖြစ်သည်။

မြောက်ပိုင်း ခုနစ်စဉ်ကြယ် အနေအထားကို ထိန်းချုပ်နိုင်သူက တိုက်ပွဲကို ထိန်းချုပ်နိုင်မည်သာပင်။

ရန်ကျောက်ကဲက လက်ချောင်းများဆီမှ ဓားဝိညာဉ်ကို ထုတ်ဖော်လိုက်ပြီး ကျုံးဝါးသံတစ်ချက် ပြုလိုပ်သည်။ သူ၏ဓားသိုင်းစွမ်းအားမြင့်တက်လာပြီး တစ်ချိန်က လုဝမ်ကို ခုနစ်စဉ်ကြယ်ဓားသိုင်းဖြင့် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် ခံစားရသည့် ချုပ်နှောင်တင်းကျပ်မှုများကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ပြသလိုက်သည်။

ခုနစ်စဉ်ကြယ်ဓားသည် လေထုအလယ်တွင် တစ်လက်လက်တောက်ပနေပြီး တောင်များကို ဖြိုခွင်းကာ သမုဒ္ဒရာကို ဖယ်ရှားပြီး ကြယ်စင်မိုးစက်များပမာ လုဝမ် တည်ရှိရာသို့ ဝင်ရောက်လာသည်။

‌မြောက်ပိုင်းကိုးကွယ် ခုနစ်စဉ်ကြယ်။

ခုနစ်စဉ်ကြယ်ဓားသိုင်း၏ အပြင်းထန်ဆုံးဓားကွက်။

“မင်းက ဒီလိုအောင်မြင်မှုရဖို့အတွက် ကြိတ်ပြီးကြိုးစားနေတာပဲ ၊ ပြီးခဲ့တဲ့နှစ်တွေတစ်လျှောက်လုံး ခုနစ်စဉ်ကြယ်ဓားသိုင်းကို တကယ်မစွန့်ပစ်ခဲ့ဘူးပဲ”

လုဝမ်က ညင်သာစွာဆိုသည်။

“အခု မင်းက ငါနဲ့တောင် သရေကျအောင် တိုက်ခိုက်နိုင်ပြီဆိုတော့ ခုနစ်စဉ်ကြယ်ဓားသိုင်းမှာ တခြားသူတွေထက် သာလွန်နေပြီ ၊ အရင်တုန်းကသာ ဒီအဆင့်ရောက်ခဲ့မယ်ဆိုရင် မင်းအနေနဲ့ အင်္ကျီလက်ထဲကမိုးပြာနဂါးဓားသိုင်းကိုတောင် တီထွင်နေစရာမလိုဘူး”

ပြောပြီးသည်နှင့် လုဝမ်က ဓားဝိညာဉ် (၇)ခု ထုတ်ဖော်လိုက်ပြီး ရန်ကျောက်ကဲ၏ မြောက်ပိုင်းကိုးကွယ်ခုနစ်စဉ်ကြယ် ဓားကွက်ကို ထိပ်တိုက်ရင်ဆိုင်လိုက်သည်။

ဓားဝိညာဉ် (၂)ခု ထိခတ်မိသွားပြီး နှစ်ယောက်လုံး လွင့်ထွက်သွားသည်။ ရန်ကျောက်ကဲ အားလျော့သွားသည်ကိုကြည့်ရင်း လုဝမ်၏ဓားဝိညာဉ်က ရုတ်တရက် ပြောင်းလဲသွားကာ သူ့ ပုံရိပ်သည်လည်း ရွေ့လျားသွားသည်။

“ဒါပေမဲ့ မင်းတိုးတက်လာတဲ့အချိန်မှာ ငါလည်း တိုးတက်လာခဲ့တယ် ၊ မင်းထက်တောင်သာတယ်ဆိုတာ မမေ့ပါနဲ့”

ပြောပြီးသည်နှင့် လုဝမ်က လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ဓားဝိညာဉ် (၇)ခုမှ (၆)ခုအဖြစ် ပြောင်းလဲသွားသည်။

ဤသည်မှာ သာမန် ခုနစ်စဉ်ကြယ်ဓားသိုင်းမဟုတ်ပေ။ လုဝမ်၏ ကိုယ်ပိုင်နားလည်မှုနှင့် ဓားတာအို၏ မတူကွဲပြားမှုကို ပေါင်းစပ်ထားခြင်း ဖြစ်၏။

ထိုအချိန် ခုနစ်စဉ်ကြယ်၏ ကြယ်စင်(၇)စင်းနှင့် နဂါးငွေ့တန်းမှ ကြယ်စင် (၆)ပွင့်တို့ တစ်ပြိုင်နက်တည်း ထွန်းလင်းတောက်ပလာသည်။

ခုနစ်စဉ်ကြယ်က သေခြင်းတရားကို လွှမ်းမိုးပြီး နဂါးငွေ့တန်းကတော့ အသက်ရှင်သန်ခြင်းကို လွှမ်းမိုးသည်။

မူလက ဖြစ်နိုင်ခြေအမျိုးမျိုးကို ထုတ်ဖော်ခဲ့သော လုဝမ်၏ ခုနစ်စဉ်ကြယ်ဓားသိုင်းသည် ယခုတော့ မျိုးကွဲဓားကွက်အသစ်တစ်ခုကို မွေးဖွားခဲ့သည်။

အပြည့်အဝကုန်ဆုံးသွားသည့် ဓားကွက်အ‌ဟောင်းများမှ ဓားစွမ်းအားများ ပျောက်ကွယ်သွားပြီး စွမ်းအားအသစ်တစ်ခု ရုတ်တရက် မွေးဖွားလာသည်။

လုဝမ်က ဓားချက်ထုတ်ဖော်လိုက်ပြီးနောက် ‌မြောက်ပိုင်းခုနစ်စဉ်ကြယ်နေရာကို တိုက်ရိုက်သိမ်းပိုက်လိုက်သည်။

တိုက်ပွဲအခြေအနေအရ ထိုသို့သောအပြောင်းအလဲ ဖြစ်ပေါ်လာမည်ဟု လုံးဝခန့်မှန်းမထားသဖြင့် ဘေးမှကြည့်နေသည့် ကျောက်မင်မှာ ထိတ်လန့်တကြား ဖြစ်သွားရသည်။

အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်တွင် တစ်ခုအပါအဝင်ဖြစ်သော ခုနစ်စဉ်ကြယ်ဓားသိုင်းသည် ခေတ်အဆက်ဆက် ဓားသိုင်းပညာရှင်များ၏ မရေမတွက်နိုင်အောင် သုတေသနပြုခြင်းကို တွေ့ကြုံခံစားခဲ့ရပြီး ဓားသိုင်းအနှစ်သာရကို ထိန်းသိမ်းကာ ဟာကွက်များကို ဖယ်ရှားသန့်စင်ခဲ့ကြသည်။

ထို့ကြောင့် ခုနစ်စဉ်ကြယ်ဓားသိုင်းတွင် ဓားကွက်အသစ် ထပ်မံခွဲထုတ်ရန်မှာ မတွေးဝံ့စရာကောင်းလောက်အောင်ပင် ခက်ခဲသည်။

သို့ပေသိ ယခုတော့ လုဝမ်က မျိုးကွဲအသစ် ဓားကွက်တစ်ခုကို မွေးဖွားခဲ့ပြီ ဖြစ်သည်။

ထိုဓားကွက်က မရင့်ကျက်သေးသည့်တိုင် လက်ရှိတွင် သန္ဓေတည်ဓားသိုင်းပုံစံအဖြင့် ရှိနေလေသည်။ လုဝမ်ကိုကြည့်ရင်း ကျောက်မင်မျက်ဝန်းထဲတွင် ရှီတိ၏ပုံရိပ်ကို ယောင်ဝါးဝါး တွေ့မြင်လိုက်ရသည်။

သမိုင်းတစ်လျှောက် ရွှေခန္ဓာသိုင်းပညာကို ကျင့်ကြံခဲ့ကြသူများတွင် မည်သူမှ ရှီတိလောက် အောင်မြင်မှုမရခဲ့ပေ။ ရှီတိကတော့ စဉ်ဆက်မပြတ် တိုးတက်လျှက် ရှိ၏။

လုဝမ်သာ ဤလမ်းကြောင်းအတိုင်းဆက်သွားပြီး ရှီတိကဲ့သို့ ကျင့်ကြံခြင်းအဆင့် ရောက်ရှိသွားမည်ဆိုပါက ခုနစ်စဉ်ကြယ်ဓားသိုင်းကို အဆင့်အသစ်တစ်ခု ထပ်မံတီထွင်နိုင်မည်လား မဆိုနိုင်ပေ။

သူနှင့် လုဝမ်သည် မတူညီသော အဖွဲ့ကွဲမှ ဖြစ်ကြသော်လည်း ယခုအချိန် ကျောက်မင်၏စိတ်ထဲတွင် လုဝမ်ကို အသိအမှတ်မပြုဘဲ မနေနိုင်ပေ။

သူက စိုးရိမ်တကြီးဖြင့် ရန်ကျောက်ကဲကို ကြည့်လိုက်သည့်အခါ ထိုကောင်လေး၏မျက်နှာထက်တွင် အပြုံးရိပ်တစ်ခု ထင်ဟပ်လာသည်ကို တွေ့ရသည်။

သိုင်းကျမ်းစာကြည့်တိုက်၏ စတုတ္ထထပ်တွင် တစ်ချိန်လုံး မျက်လုံးများ မှေးမှိတ်ထားသည့် အဘိုးအိုသည် ရုတ်တရက် မျက်လုံးများပွင့်လာပြီး အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ့အကြည့်များက ကြမ်းပြင်ကို ထိုးဖောက်ကာ တတိယထပ်သို့ ဖောက်ထွင်းမြင်နေရသည့်အလားပင်။

အဘိုးအို၏အကြည့်က လုဝမ်ထံသို့ ကျရောက်သွားခြင်း မဟုတ်ဘဲ ရန်‌ကျောက်ကဲထံ ကျရောက်သွားခြင်း ဖြစ်၏။

ရန်ကျောက်ကဲ၏ ဓားဝိညာဉ် အားကုန်သွားသည်နှင့် လုဝမ်က အသစ်သော ဓားကွက်အလှည့်အပြောင်းတစ်ခုကို ထုတ်ဖော်လိုက်ခြင်း ဖြစ်သည်။ ‌မြောက်ပိုင်းခုနစ်စဉ်ကြယ်နေရာကို ရယူလိုက်ပြီးနောက် တိုက်ပွဲကိုဦးဆောင်ကာ နောက်ထပ် ထွက်ပေါ်လာသည့်ဓားကွက်မှာလည်း ကိုယ်ပိုင်ဓားကွက် တစ်ခု ဖြစ်သည်။

များပြားလှသော ဓားရိပ်များကြားတွင် ရန်ကျောက်ကဲသည် ရှေ့တိုးမည့်အစား နောက်ပြန်ဆုတ်သွားခဲ့သည်။

ထိုအချိန် လက်ရှိဓားကွက်ဖြင့် တိုက်ခိုက်နေသည့် လုဝမ်မှာ ချီစွမ်းအားစီးဆင်းမှုတစ်ခုကို ရုတ်တရက် ခံစားလိုက်ရပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူ၏ဓားဝိညာဉ် တည်ရှိရာနေရာသို့ ရန်ကျောက်ကဲ၏ တိုက်ခိုက်မှု ရောက်ရှိလာကြောင်း ခံစားလိုက်ရသည်။

ဓားဝိညာဉ် (၂)ခု ဆုံတွေ့သည့် အခိုက်အတန့်တွင် ထူးဆန်းစွာပင် ဓားချင်းခတ်သံများ ပဲ့တင်ထပ် ထွက်ပေါ်လာသည်။

သူတို့ (၂)ယောက်ကို ကြည့်ရသည်မှာ တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်နေခြင်းမျိုးမဟုတ်ဘဲ အခြားရန်သူတစ်ယောက်ကို အတူတကွ ပူးပေါင်းတိုက်ခိုက်နေသည့်အလား ဖြစ်သည်။

ချီစွမ်းအားစီးဆင်းမှုကြောင့် ခုနစ်စဉ်ကြယ်ဓားနှစ်လက်သည့် တစ်သားတည်း ပေါင်းစပ်သွားသည်။

သို့သော် ရန်ကျောက်ကဲ နောက်ဆုတ်လိုက်သည်နှင့် မြောက်ပိုင်းခုနစ်စဉ်ကြယ်၏ အနေအထားက တုန်လှုပ်ခြောက်ခြားစရာကောင်းစွာ ပြောင်းလဲသွား၏။

ဤသည်က လုဝမ်ကို ရှေ့တစ်လှမ်းတိုးမည်လား ၊ ‌‌မြောက်ပိုင်းခုနစ်စဉ်ကြယ် အနေအထားကို ရန်ကျောက်ကဲလက်ထဲ အရောက်ခံမည်လား ဆုံးဖြတ်ရ ခက်စေသည်။

အရာရာက မကောင်းနိုင်တော့ဟု စိတ်အာရုံတွင် ခံစားမိချိန် လုဝမ် အံတင်းတင်းကြိတ်ကာ ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး တိုက်ခိုက်မှုကို စတင်လိုက်သည်။

သို့သော် သူ့ခန္ဓာကိုယ် လှုပ်ရှားသွားသည်နှင့် နောက်ဆုတ်သွားသော ရန်ကျောက်ကဲသည် ရုတ်တရက် ရှေ့သို့ ပြန်တက်လာသည်။

ရန်ကျောက်ကဲ ရှေ့သို့ ပြန်တက်လာသည့်အရှိန်သည် သူ နောက်ဆုတ်သွားစဉ်ကအရှိန်ထက် အဆပေါင်းများစွာ ပိုမို မြန်ဆန်သည်။ အစကတည်းက နောက်ဆုတ်ရန် ရည်ရွယ်ချက်မရှိပါဘဲ ရှေ့တိုးရန်အတွက် နောက်တစ်လှမ်းဆုတ်ခြင်းသာပင်။

အရှိန်အဟုန်ဖြင့် ဆုတ်ခွာခြင်းနှင့် အရှိန်အဟုန်ဖြင့် ရှေ့သို့ပြန်တက်လာခြင်းအကြားတွင် ကြားခံအချိန်ခဏပင် တုံ့ဆိုင်းခြင်းမရှိဘဲ အေးအေးဆေးဆေးဖြင့်ပင် အောင်မြင်သွားခဲ့သည်။

သူ ရှေ့တက်လာသည်နှင့် ခုနစ်စဉ်ကြယ်ဓားသိုင်း၏ ရပ်တည်ချက်ဖြစ်သော မြောက်ပိုင်းခုနစ်စဉ်ကြယ်ကို သိမ်းပိုက်လိုက်သည်။

လုဝမ် ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေသည်။

သူ့ခန္ဓာကိုယ်တစ်ခုလုံးကို အသုံးပြုပြီး လက်ဦးမှုရရှိရန် ရန်ကျောက်ကဲ၏ ဓားထိပ်အား တွန်းထုတ်ရန် အစွမ်းကုန်ကြိုးစားနေသည်။

“ဒါပဲလေ”

ရန်ကျောက်ကဲက သူ့ဓားဝိညာဉ်ကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး နေရာမှာပင် မတ်တတ်ရပ်ကာ ကျောက်မင်ကိုလှည့်ကြည့်ရင်း ပြုံးပြလိုက်သည်။

‌‌ကျောက်မင် ပါးစပ်အဟောင်းသား ဖြစ်နေပြီး အသံတစ်စက်မှ ထွက်မလာပေ။

အတန်ကြာမှ မချိပြုံးပြုံးလိုက်ရင်း…

“တစ်ယောက်က ပါရမီရှင် ၊ နောက်တစ်ယောက်ကတော့ ပါရမီရှင်ကို အနိုင်ယူလိုက်တဲ့ ပါရမီရှင်ပါပဲ”

တစ်ချိန်က ခုနစ်စဉ်ကြယ်ဓားသိုင်းတွင် လုဝမ်ကို ရှုံးနိမ့်ခဲ့ပြီး အခြားဓားသိုင်းတစ်ခုကို ပြောင်းလဲလေ့ကျင့်ခဲ့သည့် ရန်ကျောက်ကဲသည် အဆုံးသတ်တွင်တော့ တိတ်တဆိတ်သည်းခံကျင့်ကြံနေခဲ့ပြီး ကျရှုံးရာမှ ပြန်ထလာနိုင်ခဲ့ပြီ ဖြစ်သည်။

လုဝမ်က ရန်ကျောက်ကဲကို စူးစိုက်ကြည့်နေရင်း ခြောက်သွေ့သောလေသံဖြင့်…

“ငါ့ရဲ့ နောက်ဆုံးဓားကွက်က “သေခြင်းမှရှင်ခြင်း မရှိမှုမှ ရှိမှု” ဆိုတာကို မင်း ခန့်မှန်းနိုင်ခဲ့တာလား”

ရန်ကျောက်ကဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး လက်ကိုတစ်ချက်‌ဝှေ့ယမ်းကာ လေထဲမှ မြောက်ပိုင်းခုနစ်စဉ်ကြယ်တည်ရှိမှုအငွေ့အသက်များကို ဖျောက်ဖျက်ပစ်လိုက်သည်။ အနီးပတ်ဝန်းကျင်မှ ဓားဝိညာဉ်များက ရုတ်တရက် နဂါးငွေ့တန်းကြယ်အစုအဝေး ဓားတစ်လက်အဖြစ် ပြောင်းလဲသွားသည်။ မရှိမှုမှ အသစ်သောစွမ်းအားများ ထွက်ပေါ်လာပြီး စွမ်းအားအဟောင်းများ အဆုံးသတ်သွားသည်။

ရန်ကျောက်ကဲက လက်နှစ်ဖက်အသာဖြန့်လိုက်ရင်း…

“ဘာလို့လဲဆိုတော့ ငါလည်း အဲဒီဓားကွက်ကို အသုံးပြုနိုင်တယ်လေ”

လုဝမ် မျက်လုံးများကို မှေးမှိတ်လိုက်သည်။

ရန်ကျောက်ကဲ သူ့ကို အနိုင်ယူသွားသည့် နောက်ဆုံးတိုက်ကွက်ကို သူကတော့ အသုံးပြုနိုင်ခြင်း မရှိခဲ့ပေ။

Comment

Leave a Reply

Options

not work with dark mode
Reset