Switch Mode

Chapter 53

စိတ်ဝိညာဉ်အပိုင်းအစ

*ချာတူးလံနေတာပဲ*

ယဲ့ဖန်၏ စကားကြောင့် စားပွဲဝိုင်းရှိ သူများအားလုံး မှင်တက်သွားလေတော့သည်။

ယဲ့ဖန် ဒီလောက် ရိုင်းစိုင်းစွာ ဝေဖန်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။

အထူးသဖြင့် အဖြူရောင်ဝတ်စုံနှင့် မိန်းမလှလေး မျက်နှာက ပြာနှမ်းလာသည်။

တိတ်ဆိတ်နေပြီးနောက် လီကျစ်ချမ်း ချက်ချင်း အားရပါးရ အော်ရယ်လိုက်သည်။ “ဟားဟား…ယဲ့ဖန်, ခင်ဗျားက တော်တော် စိတ်ဝင်စားစရာကောင်းတာပဲ။ ခင်ဗျားတော့ မသိလောက်ပင်မယ့် မမလေး ချင်ရွှယ်က စန္ဒရားမှာ အဆင့် ၁၀ထိ ရောက်ထားပြီးသား။ သူ့ဆရာကလည်း တစ်တိုင်းပြည်လုံးမှာ နာမည်အကြီးဆုံး မာစတာလင်လေ။ ခင်ဗျား ဘယ်လိုလုပ် သူမရဲ့ စန္ဒရားသံကို ချာတူးလံလို့ ပြောရဲရတာလဲ? ခင်ဗျားက ကျုပ်ကို အူတက်အောင် လုပ်နေတာပဲ!”

ယဲ့ဖန်သည် စန္ဒရားအကြောင်း ဘာမှမသိဘဲ လူတွေရဲ့ အာရုံစိုက်ခြင်းကို ခံချင်၍ ဤသို့ ပြောခြင်း ဖြစ်သည်ဟု လီကျစ်ချမ်း ထင်လိုက်သည်။ သို့သော် လီကျစ်ချမ်း၏ အပြုအမူက မိုက်မဲရာကျသည်။

ဖန့်ယင်းက ယဲ့ဖန်အား ခပ်ရှက်ရှက်နှင့် ပြောလိုက်သည်။ “ယဲ့ဖန်…မင်း တအားရိုင်းတာပဲ။ ချင်ရွှယ်ကို မြန်မြန် ပြန်တောင်းပန်လိုက်”

*တောင်းပန်ရမယ်?*

ယဲ့ဖန် တွေဝေသွားပြီးမှ ပခုံးတွန့်ကာ ခပ်တည်တည် ပြောလိုက်သည်။ “ကျုပ်မှ မပြောချင်ခဲ့တာကို ခင်ဗျားပဲ အတင်း ပြောခိုင်းပြီးတော့”

*သေလိုက်ပါလား*

ယဲ့ဖန်၏ အပြောကြောင့် ချင်ရွှယ် ဒေါသထွက်ကာ အံကြိတ်ထားမိသည်။

သူမသည် ဆရာဝန်တစ်ယောက်လည်း ဖြစ်သလို တရုတ်နိုင်ငံ စန္ဒရားအဖွဲ့အစည်း၏ ရွှေရောင် အဖွဲ့ဝင်လည်း ဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံ၏ အတော်ဆုံး စန္ဒရားပညာရှင် မာစတာလင်၏ တပည့်လည်း ဖြစ်သေးသည်။

သူမ စ၍ ဖျော်ဖြေစဉ်အခါကတည်းက လက်ခုပ်သံများနှင့် ချီးကျူးသံများကို ကြားခဲ့ရသည်။

ယဲ့ဖန်သည် သူမ၏ စန္ဒရားပညာကို သုံးစားမရဟု ပြောသည့် ပထမဆုံးသူပင်။

ထို့ကြောင့် ချင်ရွှယ်က ယဲ့ဖန်အား စူးစူးရဲရဲ စိုက်ကြည့်ကာ ပြောလိုက်သည်။ “ယဲ့ဖန်…ငါ့ဆရာလည်း ဒီဆိုင်မှာ စားသောက်ဖို့ ရောက်နေတယ်။ နင်က ငါရော ငါ့ဆရာကိုပါ လှောင်လိုက်တာပဲ”

*ဘာရယ်!*

*မာစတာလင်လည်း ဒီကို ရောက်နေတာလား?*

ဖန့်ယင်းနှင့် လီကျစ်ချမ်းတို့ တအံ့တဩနှင့် ဘေးဘီဝဲယာကို လိုက်ကြည့်လေတော့သည်။ ထိုစဉ် ထောင့်တစ်ခု၌ အေးအေးလူလူနှင့် စားသောက်နေသော လူကြီးတစ်ယောက်ကို သူတို့ တွေ့လိုက်သည်။

ဆိုင်တွင်းရှိ ဧည့်သည်များက သူ၏လက်မှတ် ရရန်နှင့် သူနှင့်အတူ ဓာတ်ပုံတွဲရိုက်ခွင့်ရရန် တောင်းဆိုနေကြသည်။

*သူက တကယ် မာစတာလင်ပဲ!*

ဖန့်ယင်းနှင့် လီကျစ်ချမ်းတို့ စိတ်လှုပ်ရှားသွားကြသည်။

*သူက တရုတ်ပြည်မှာ အတော်ဆုံး စန္ဒရားပညာရှင်ပဲ။ နိုင်ငံတကာဂီတပွဲတော် အများကြီးကို တက်ရောက်နိုင်တဲ့ ပုဂ္ဂိုလ်ပဲ*

ယဲ့ဖန်က ထိုကဲ့သို့ ပညာရှင်မျိုးကို “အပေါစား”ဟူသော စကားလုံးသုံး၍ စော်ကားခဲ့သည်ကို သတိရမိပြီး လီကျစ်ချမ်း ပီတိဖြစ်လာသည်။

“ဟီးဟီး… ယဲ့ဖန်… မင်း ချင်ရွှယ်ရဲ့ စန္ဒရားသံကို အပေါစားလို့ ပြောခဲ့တယ်မလား? မာစတာလင်းက ဒီမှာ ရှိနေတာဆိုတော့ မင်း မာစတာလင်းကို မင်းကိုယ်တိုင် စန္ဒရားတီးပြလိုက်ပါလား?”

လီကျစ်ချမ်း အားရပါးရ ပြုံးလိုက်ပြီး “မာစတာလင်းက တရုတ်ပြည်ရဲ့ အတော်ဆုံး စန္ဒရားပညာရှင်ပဲ။ သူက မင်းရဲ့ စန္ဒရားပညာကို အကဲဖြတ်ပေးလို့ ရတာပေါ့”

*ဟမ်?*

ချင်ရွှယ်ရဲ့ မျက်လုံး တစ်ချက်တောက်ပသွားသည်။ သူမကလည်း ပြုံးကာ “ဟုတ်သားပဲ…ယဲ့ဖန်… ရှင်က ကျွန်မရဲ့ စန္ဒရားပညာကို အပေါစားလို့ ပြောတယ်ဆိုတော့ ရှင့်ရဲ့ စန္ဒရားပညာကို ပြပါလား”

ယဲ့ဖန်က ခက်ရင်းကို ချကာ ကူရာမဲ့စွာ ပြောလိုက်သည်။ “ငါက ဒီကို စားဖို့လာတာပါ၊ ဟန်ကိုယ့်ဖို့ လာတာမှ မဟုတ်တာ။ ပြီးတော့ “အပေါစား” ဆိုတာက ကျုပ် အညင်သာဆုံး ရွေးထားတဲ့ စကားလုံးပဲကို၊ ခင်ဗျား စိတ်ဆိုးစရာမှ မလိုတာ”

*ဘာ?*

*ငါတို့က စိတ်ဆိုးစရာ မလိုဘူး..ဟုတ်လား?*

ချင်ရွှယ် သူ့မျက်နှာကြည့်ပြီး ဒေါပွကာ သွေးအန်ချင်သလို ဖြစ်လာသည်။

ထို့ပြင် သူက “အပေါစား” ဆိုတာက သူ အညင်သာဆုံး ရွေးထားတဲ့ စကားလုံးလို့ ပြောသည့်အတွက် ချင်ရွှယ်က သူ့ကို သေအောင်ရိုက်သတ်ချင်နေ၏။

*သူ လွန်လာပြီ!*

“ယဲ့ဖန်… ငါလက်ခံလာအောင် စန္ဒရားတီးပြ ဒါမှမဟုတ်ရင် ငါ့ကို တောင်းပန်”ဟု ချင်ရွှယ်က ဒေါသတကြီး ပြောလိုက်သည်။

ယဲ့ဖန်စကားကြောင့် ချင်ရွှယ် ဒေါသထွက်သွားမှန်း သိကာ ဖန့်ယင်း ကိုယ့်ခေါင်းကိုယ် ရိုက်လိုက်မိသည်။

“ပြီးရောလေ… ကျုပ် ပထမဆုံးအချက်ကိုပဲ ရွေးမယ်” ဟု ယဲ့ဖန်ပြောလိုက်ပြီး လက်သုတ်ကာ ထရပ်လိုက်သည်။

သူ့စကားကြောင့် ဖန့်ယင်း၊ ချင်ရွှယ်နှင့် လီကျစ်ချမ်းတို့ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ထိတ်လန့်သွားကြသည်။

“အာ…မင်း ငါ့ကို စန္ဒရား ဘယ်လိုတီးရလဲ သင်ပေးပါလား?”

ဖွီ!

ချင်ရွှယ် သွေးအန်တော့မလို ဖြစ်သွားရသည်။

*ရှင်က စန္ဒရား ဘယ်လိုတီးရလဲတောင် မသိဘဲနဲ့ ကျွန်မရဲ့ စန္ဒရားပညာကို အပေါစားလို့ ပြောတယ်ပေါ့?*

သူ ဘယ်လိုမှ ကောင်းမွန်တဲ့ အရာမျိုး လုပ်နိုင်လိမ့်မည် မဟုတ်ဟု ဖန့်ယင်း တွေးမိကာ ပြောစရာ စကား ရှာမရတော့ပေ။

ဘာမှ ပြန်မပြောကြသောအခါ ယဲ့ဖန်က ပခုံးတွန့်ကာ စားသောက်ဆိုင်အလယ်ရှိ စန္ဒရားဆီသို့ လျှောက်သွားလိုက်သည်။

စန္ဒရားဆီသို့ သူ လျှောက်သွားသည်ကို ကြည့်ပြီး အားလုံး စန္ဒရားထံသို့ အကြည့်ရောက်နေကြသည်။

ချင်ရွှယ်က စန္ဒရားအား မြင့်မားသောအဆင့်တစ်ခုမှ တီးပြခဲ့ချင်း ဖြစ်သည့်အတွက် သူမရှေ့တွင် တစ်ယောက်ယောက်က ဟန်ပြသက်သက် လာတီးသည်ဆိုလျင်တော့ ရယ်ချင်စရာပင်။

ထို့ကြောင့် လူတိုင်းက ယဲ့ဖန်အား ကြည့်နေကြသည်။

မာစတာလင်ပင် သိချင်စိတ်ဖြင့် ခေါင်းမော့ကာ ယဲ့ဖန်အား လိုက်ကြည့်နေသည်။

သူတို့၏ ထင်မြင်ယူဆချက်တွေကို ယဲ့ဖန် ဂရုကို မစိုက်ချေ။ စန္ဒရားထံသို့သာ တန်းတန်းမတ်မတ် လျှောက်သွားလိုက်ပြီး ခလုတ်တွေကိုသာ လက်ချောင်းဖြင့် အသာအယာ လိုက်နှိပ်ကြည့်နေသည်။

စန္ဒရား ဘယ်လိုတီးရမလဲ သူ တကယ်မသိပါ၊ သို့သော် ဂီတကတော့ စကြဝဠာအတွင်းရှိ ဂြိုဟ်တိုင်းတွင် ဆင်တူလှသည်။

ဂီတတူရိယာတိုင်းက ဂီတကို သီကျူးဖော်ပြသည့် ကိရိယာတစ်ခုသာ ဖြစ်သည်။

ဒေါင်! ဒေါင်!

ယဲ့ဖန်က ခလုပ်တစ်ခုချင်းစီ၏ ဂီတနုတ်စ်ကို သိရှိရန် လိုက်နှိပ်ကြည့်နေသည်။

သို့သော် သူ့အပြုအမူကြောင့် အားလုံး အံ့အားသင့်သွားကြသည်။ ချက်ချင်းပင် ကြည့်ရှုသူများကြား ပွက်လောရိုက်သွားသည်။ မာစတာလင်ပင် ခေါင်းကို ခါနေပြီး စိတ်ဝင်စားမှု လျော့ကျသွားလေတော့သည်။

လီကျစ်ချမ်းက နောက်တစ်ခါ အားရပါးရ ထရယ်လိုက်ပြီး “ဟားဟားဟား… ဒီကောင်က တကယ့်ကို တောသား အရူးပဲ။ စန္ဒရား ဘယ်လိုတီးရမလဲတောင် မသိဘူး။ ခုနက သူ ပြောသွားတွေက လေပဲရှိတယ်။ အခုတော့ သူ့ကိုယ်သူ အရူးဆိုတာကို ပြတော့မယ်။ သူက လူကြားထဲ သူ့သိက္ခာ သူ ချနေတာပဲ”

လီကျစ်ချမ်း စိတ်ကျေနပ်သည်။ ယဲ့ဖန် အလှောင်ခံရမည်ကို သူ အရမ်း မြင်ချင်နေလှသည်။

သို့သော် ထိုအချိန်မှာပဲ စန္ဒရားသံ ထွက်ပေါ်လာသည်။

ဂီတသံများက စန္ဒရားထံမှ ဆက်တိုက် ထွက်ပေါ်လာသည်။ ဂီတသံ တစ်ခုချင်းစီက လူတိုင်း၏ ခန္ဓာကိုယ်တွင်း ဝင်ရောက်ကာ စိတ်ဝိညာဉ်ထဲသို့ ဝင်ရောက်လာသလိုပင်။

ထိုအချိန်တွင် စားသောက်ဆိုင်ထဲရှိ လူတိုင်း စားသောက်နေရာမှ တန့်သွားကာ မှင်တက်သွားကြသည်။

ယဲ့ဖန်၏ လက်ချောင်းများက ဂီတကို တီးခတ်နေခြင်း မဟုတ်ဘဲ သူတို့၏ စိတ်ဝိညာဉ်အား တီးခတ်နေသလို ခံစားမိကာ သူတို့ တုန်လှုပ်လာကြသည်။

ထိုစဉ် ဧကရာဇ်တစ်ပါးက သူ၏ ချစ်ရသူနှင့် ညီအစ်ကိုများအား ထားခဲ့ရသည့် ခံစားချက်များ ယဲ့ဖန်၏ လက်ချောင်းထိပ်များမှ ပျံ့လွင့်လာသည်။

သူ၏ အတိတ်ကို တမ်းတလွမ်းဆွတ်သည့် ဂီတသံက လူတိုင်းအား စိတ်ထိခိုက်ကာ မျက်ရည်ကျစေလာသည်။

ပူဆွေးဝမ်းနည်းမှုကြောင့်  လူတိုင်း စိတ်ထိခိုက် ဝမ်းနည်းလာကြသည်။ ထိုအတိတ်ကို တမ်းတသည့် ဂီတသံက လူတိုင်း၏ နှလုံးသားကို ဆွဲထုတ်သွားသလိုပင်။

မာစတာလင်ပင် နှာတရှုံ့ရှုံနှင့် ဖြစ်နေသည်။ သူ၏ ပါးရေနားရေတွန့်နေသော မျက်နှာတွင် မျက်ရည်များနှင့် ပြည့်နေပြီး သူက ယဲ့ဖန်အား မျက်လုံးပြူး မျက်ဆံပြူးနှင့် အထိတ်တလန့် ကြည့်နေသည်။

“ဘယ်…ဘယ်လိုလုပ် ကမ္ဘာပေါ်မှာ ဒီလောက် နားထောင်ကောင်းတဲ့ ဂီတသံမျိုး ရှိနေရတာလဲ? ဒါစိတ်ဝိညာဉ် အပိုင်းအစ တစ်ခုပဲ! သူက လူတိုင်းရဲ့ စိတ်ဝိညာဉ်ကို ဆွဲထုတ်နေတာ! ဘုရားရေ! ဒီစန္ဒရားသံက အင်မော်တယ်ကမ္ဘာပေါ်မှာပဲ ရှိတဲ့ ဂီတသံမျိုးပဲ။ စိတ်ဝိညာဉ် တီးလုံးပဲ! ဘယ်လောင်တောင် ပြောင်မြောက်လိုက်တဲ့ စိတ်ဝိညာဉ်ပါလိမ့်!”

Comment

Leave a Reply

Options

not work with dark mode
Reset