အခန်း (၁၁၄) ခုနစ်စဉ်ကြယ်ဓားသိုင်းယှဉ်ပြိုင်ခြင်း
လုဝမ်ကိုကြည့်လိုက်သော ကျောက်မင်၏အကြည့်များထဲတွင် စိတ်ရှုတ်ထွေးမှုများ ရောယှက်နေသည်။
အရှေ့ထန်နိုင်ငံတွင် ကျောက်မင်က နံပါတ် (၁) ပါရမီရှင် ဖြစ်သည်။ အလွန်ထူးချွန်သည့် အရည်အချင်းများကို ပိုင်ဆိုင်ပြီး သိုင်းတာအိုတွင်လည်း သူ့စိတ်ကို လုံးလုံးလျားလျား မြှုပ်နှံထားသူ ဖြစ်ကာ အခြားသောညီအစ်ကိုများထက်လည်း ပိုမို သာလွန်သည်။
ဝါဒတောင်သို့ ရောက်သည်နှင့် ထိပ်တန်းတပည့်တစ်ယောက်အဖြစ် အပြရောင်ဝတ်စုံ ဝတ်ဆင်ခွင့်ရပြီး ဂိုဏ်းမှ အကြီးအကဲများ၏ အရေးပေးခြင်းကို ခံရခြင်းက သူ့အစွမ်းအစ မြင့်မားကြောင်း ပြသနေခြင်းပင်။
သို့သော် သူ့ရှေ့မှ လုဝမ်က သူနှင့် သက်တူရွယ်တူဖြစ်သည့်တိုင် ကျင့်ကြံခြင်းအဆင့်တွင် သူ့ထက် အနည်းငယ်သာလွန်သည်။
ကျောက်မင်အနေဖြင့် ဤအသက်အရွယ်ဖြင့် အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ ရောက်ရှိနေသည်မှာ ရှားပါးကိစ္စရပ်တစ်ခု ဖြစ်သည်။
သို့ပေသိ လုဝမ်ကတော့ အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေသည်မှာပင် အချိန်အတော်လေး ကြာမြင့်ခဲ့လေပြီ။
သူတို့ (၂)ယောက်ကြား ခြားနားချက်ကတော့ လုဝမ်၏ အပြာရောင်ဝတ်ရုံတွင် အနက်ရောင်အနားသတ်လိုင်းများ ပါဝင်နေခြင်း ဖြစ်သည်။
သူ့ ဘေးနားတွင်ရှိနေသည့် ရန်ကျောက်ကဲက ပို၍ပင် အံ့သြစရာကောင်းလှသည်။ သူ တောင်ပေါ်မှ ထွက်ခွာမသွားခင်က နှောင်းပိုင်း အတွင်းပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ ယခု တောင်ပေါ်ပြန်ရောက်လာသည့်အခါ နှောင်းပိုင်း ၊ အပြင်ဘက်ကြယ်တာရာချီအဆင့်သို့ ရောက်ရှိနေပြီး ကျောက်မက်ထက်ပင် သာလွန်သွားပြီး ဖြစ်သည်။
ဤသို့ ကျင့်ကြံခြင်းအဆင့်တက်သွားခြင်းက ထိတ်လန့်တုန်လှုပ်စရာဟု မဆိုသာသော်လည်း ကြောက်မက်ဖွယ်ရာ ဖြစ်သည်မှာ ငြင်းမရနိုင်ပေ။
ကျောက်မင်မှာ မနာလိုခြင်းပင် မဖြစ်နိုင်တော့ဘဲ အားကျခြင်းသာ ရှိတော့၏။
လုဝမ်ကိုတွေ့သည်နှင့် ကျောက်မင်က…
“အခုလို သင်ပြပေးတဲ့အတွက် ဂိုဏ်းတူအစ်ကိုလုဝမ်ကို ကျေးဇူးတင်ပါတယ်”
ဖန်ကျွင်းနှင့် ရန်တိကြားမှ ပြိုင်ဆိုင်မှုကို ကျောက်မင်လည်း သတိပြုမိသည် အမှန်ပင်။
ဤသို့ အဆင့်မြင့်ခေါင်းဆောင်များကြားမှကိစ္စရပ်များက သူ ပါဝင်ပတ်သက်နိုင်အရာမဟုတ်လို မည်သူ့ဘက်သို့လိုက်မည်ဟု ရွေးချယ်နိုင်သည့်အရာလည်း မဟုတ်ပေ။
သို့ပေသိ ထိုကိစ္စများကြောင့် ဝါဒတောင်၏အချစ်ခံ မိုးကောင်းကင်သားတော်များဖြစ်ကြသော လုဝမ်နှင့် ရန်ကျောက်ကဲတို့အကြား ဆက်ဆံရေးက ဆန့်ကျင်ဘက် ဖြစ်နေသည်ကို ကျောက်မင် ကောင်းကောင်း သိရှိသည်။
လုဝမ်က…
“မင်း တခြားသိုင်းပညာတွေ လုံးဝမလေ့ကျင့်ဘဲ ခုနစ်စဉ်ကြယ်ဓားသိုင်းတစ်မျိုးတည်းကိုပဲ (၁၀)နှစ်လောက် အာရုံစိုက် လေ့ကျင့်မယ်ဆိုရင် ငါနဲ့တိုက်ခိုက်ဖို့ အရည်အချင်းပြည့်မီလာလိမ့်မယ်”
ထိုစကားကိုကြားသည့်အခါ ကျောက်မင်က ရန်ကျောက်ကဲကို တစ်ချက်လှမ်းကြည့်လိုက်သည်။
ထိုစဉ်က လုဝမ်နှင့် ရန်ကျောက်ကဲတို့ ခုနစ်စဉ်ကြယ်ဓားသိုင်း ယှဉ်ပြိုင်ကြသည့် ဖြစ်ရပ်ကိုလည်း ပြန်လည် အမှတ်ရမိသည်။
ရန်ကျောက်ကဲကို အနိုင်ယူပြီးနောက် လုဝမ်က ထိုစကားကို ပြောခဲ့သည်ပင်။ သူ၏ညီလေး ရန်ကျောက်ကဲမှာ တစ်ခါတည်း ခုနစ်စဉ်ကြယ်ဓားသိုင်းကို စွန့်လွှတ်ပြီး ကိုယ်ပိုင်ဓားသိုင်းတစ်ခု ဖြစ်သော အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်း ပြောင်းလဲကျင့်ကြံသည်အထိ ဖြစ်သွားခဲ့ရသည်။
ရန်ကျောက်ကဲက လုဝမ်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
လုဝမ်က အရပ်မြင့်မြင့် ၊ ခပ်ချောချော လူငယ်တစ်ယောက်ဖြစ်ပြီး မာနနှင့် ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုက သူ့မျက်နှာထက် အထင်းသား ပေါ်လွင်နေသည်။
ဝါဒတောင်၏ မိုးကောင်းကင်မှ မျက်နှာသာပေးခံရသော လူငယ်မျိုးဆက်သစ်တေစ်ယောက်အနေဖြင့် သက်တူရွယ်တူများအားလုံးထက် သာလွန်သလို သူကိုယ်တိုင်ကလည်း အရည်အချင်းရှိသူတစ်ယောက် ဖြစ်၏။
ရန်ကျောက်ကဲ၏ အကြည့်က လုဝမ်၏ ဦးခေါင်းထက်သို့ ကျရောက်သွားပြီး မျက်ခုံးတစ်ချက်ပင့်ကာ ခပ်ပေါ့ပေါ့ စကားဆိုလိုက်သည်။
“အိုး… မင်း ရှန်ထျန်းအဆင့် သိုင်းပညာရှင်ဖြစ်သွားပြီပဲ ၊ ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ်”
ထိုစကားကိုကြားသည့်အခါ ကျောက်မင်မှ ခဏတာ အံ့သြတုန်လှုပ်သွားပြီး ချက်ချင်းပင် အမူအရာပျက်သွားသည်။
အမှန်တော့ လုဝမ်၏ ဦးခေါင်းထက်တွင် ရောင်ဝါဖျော့ဖျော့တစ်ခု လင်းလက်နေပြီး ကောင်းကင်နှင့် ချိတ်ဆက်ထားသည့်အလား ခံစားရသည်။
အခြားသူများအနေဖြင့် ထိုရောင်ဝါကို တစ်ခါတစ်ရံ တွေ့မြင်နိုင်ပြီး တစ်ခါတစ်ရံတော့ တွေ့မြင်ရမည် မဟုတ်ပေ။
“သူ တကယ်ပဲ ရှန်ထျန်းအဆင့် ရောက်သွားတာကိုး”
ကျောက်မင်တွေးလိုက်ရင်း မျက်ဝန်းအကြည့်များလည်း တင်းမာသွားသည်။
ထိုရောင်ဝါက မိုးနဲ့မြေကို ချိတ်ဆက်ထားသည့် ဝိညာဉ်စွမ်းအားတောက်ပမှု ဖြစ်သည်။ သိုင်းကျင့်ကြံသူတစ်ယောက် ဝိညာဉ်အာရုံခံစိတ် အနည်းငယ်မျှပင် နိုးထလာပါက ကြယ်တာရာချီစွမ်းအားများက မိုးမြေသို့ ဆက်သွယ်ချိတ်ဆက်သွားပြီး ထိုသို့သောရောင်ဝါ ထွက်ပေါ်လာသည်။
ထို ဝိညာဉ်စွမ်းအားအလင်းရောင်သည် သာမန်မျက်စိဖြင့် မြင်ရလောက်အောင် ရှင်းလင်းခိုင်မာလာသည့်အခါ သိုင်းကျင့်ကြံသူတစ်ယောက် ကောင်းကင်ဘုံချိတ်ဆက်အဆင့် ၊ အထွတ်ထိပ်သို့ ရောက်ရှိသွားပြီး ကောင်းကင်ဘုံနှင့်လူသား တစ်သားတည်းဖြစ်သွားသည်ဟု ဆိုကြသည်။
ရှန်ထျန်းအဆင့် သိုင်းပညာရှင်တစ်ယောက်သည် သူတို့၏ ဝိညာဉ်စွမ်းအားတောက်ပမှုကို အခြားသူများ မတွေ့မြင်နိုင်အောင် ထိန်းချုပ်ထားနိုင်ကြသည်။ သို့သော် ယခု လုဝမ်ကတော့ အားလုံးတွေ့မြင်စေရန် ရှင်းရှင်းလင်းလင်းပင် ထုတ်ဖော်ပြသထားသည်။
ရန်ကျောက်ကဲ ရယ်မောလိုက်သည်။
လုဝမ်သည် ချီလင်စမ်းချောင်းရေနှစ်ခြင်းကို မျက်စိကျနေသည်မှာ အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်သည်။ သို့သော် အခွင့်အရေးက အကန့်အသတ်ရှိသည်။
ယခု ရန်ကျောက်ကဲက ရရှိသွားသည့်အတွက် လုဝမ်အတွက် အခွင့်အရေးတစ်ခုသာ ကျန်တော့လေရာ စိတ်ဓာတ်ကျစရာပင် ဖြစ်၏။
အခွင့်အရေးနည်းပါးလေလေ ဂိုဏ်း၏ အဆင့်မြင့်အကြီးအကဲများက ဆုံးဖြတ်ချက်ချရာတွင် ပိုမိုဂရုစိုက်လေ ဖြစ်ရာ လုဝမ်အတွက် ပိုပြီး ခက်ခဲလာမည် ဖြစ်သည်။
လုဝမ်က ရန်ကျောက်ကဲကို လှမ်းကြည့်လိုက်သည်။
သူက ရှန်ထျန်းအဆင့်သို့ အောင်မြင်စွာတက်လှမ်းနိုင်ခဲ့သော်လည်း ပျော်ရွှင်မှုများက ရန်ကျောက်ကဲကြောင့် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားရသည်။
တစ်နှစ်ပင်မပြည့်သေးသည့်အချိန်အတွင်း ရန်ကျောက်ကဲသည် အတွင်းပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်မှ အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်သို့ တောက်လျှောက် အဆင့်တက်ခဲ့လေရာ သူ့မှာ အံ့သြလွန်းသဖြင့် စကားမပြောနိုင် ဖြစ်ခဲ့ရသည်။
သူသာ ရှန်ထျန်းအဆင့်သို့ အချိန်မီ အဆင့်မတက်နိုင်ခဲ့လျှင် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့်က သူနှင့်အတူတူ ဖြစ်သွားပေမည်။
သူ့ကို ပိုပြီးထိတ်လန့်စေသည်မှာ ချောင်ယွမ်လုန်ရော ရှောင်ရှန်းပါ ရန်ကျောက်ကဲကို ရှုံးနိမ့်ခဲ့ရပြီး ရှောင်ရှန်းကတော့ အသတ်ခံခဲ့ရသည်။
ရှောင်ရှန်း မည်မျှစွမ်းအားမြင့်မားသည်ကို အခြားသူများ မသိကြသလို လုဝမ်လည်း ရှင်းရှင်းလင်းလင်း မသိရှိပေ။ သို့သော် ဝါဒတောင်နှင့် နေသူတော်စင်ဂိုဏ်း၏ သက်တူရွယ်တူများထဲတွင် လုဝမ်နှင့် ရှောင်ရှန်းက ထင်ရှားသူ (၂)ယောက် ဖြစ်သည်။ ငယ်စဉ်ကပင် သူတို့ (၂)ယောက် ပြိုင်ဆိုင်လာကြသည်မှာ (၁၀)နှစ်နီးပါး ရှိပြီ ဖြစ်သည်။
ရှောင်ရှန်းလည်း သူ့ကို ဘာမှမလုပ်နိုင်ခဲ့သလို သူလည်း ရှောင်ရှန်းကို ဘာမှမလုပ်နိုင်ခဲ့ပေ။
ယခု လုဝမ်က ရှန်ထျန်းအဆင့်သို့ အောင်မြင်စွာအဆင့်တက်ခဲ့ပြီး ရှောင်ရှန်းထက် ခြေတစ်လှမ်းသာသွားခဲ့ချိန်တွင် ငယ်ရွယ်သည့် ရန်ကျောက်ကဲက ရှောင်ရှန်းကို တစ်ပွဲတည်းဖြင့် သတ်ပစ်ခဲ့၏။
ထိုသတင်းကြားစဉ်က လုဝမ် စိတ်များတုန်လှုပ်သွားသည်အထိ ထိတ်လန့်ခံစားခဲ့ရသည်။
ယခင်မျိုးဆက်တွင် ရန်တိနှင့် ဖန်ကျွင်းတို့ ယှဉ်ပြိုင်ခဲ့ကြသည်။ သူတို့ မျိုးဆက်တွင်ရော မည်သို့သော ယှဉ်ပြိုင်မှုများ ရှိလာပါမည်နည်း။
တစ်ချိန်တည်းမှာပင် ရန်ကျောက်ကဲနှင့်ပတ်သက်သည့်သတင်းကောင်းများက အချိန်နှင့်အမျှ ထပ်ကာထပ်ကာ ပျံ့နှံ့သွားခဲ့သည်။ လုဝမ်သာ လုံလောက်အောင် စိတ်ဓာတ်မကြံ့ခိုင်လျှင် သူ့စိတ်များ ကမောက်ကမ ဖြစ်သွားပြီး ပြိုင်ဆိုင်လိုစိတ် အားလုံးပင် ဆုံးရှုံးသွားမည် ဖြစ်သည်။
သူ တံခါးပိတ်ကျင့်ကြံရာမှ ထွက်လာပြီးနောက် ရှန်ထျန်းအဆင့် သိုင်းပညာရှင်အဖြစ် တက်ရောက်နိုင်ခဲ့ပြီး ရှောင်ရှန်းထက် တစ်ဆင့်သာသွားခဲ့သည်။ ဤသည်က ဂိုဏ်းအတွင်းမှ တပည့်အားလုံး၏ ဂုဏ်ပြုခြင်းကိုခံရပြီး ကျယ်လောင်စွာ ချီးကျူးခံရထိုက်သည်။
သို့ရာတွင် ယခုတော့ ဟာသတစ်ခုပမာပင်။
ထို့ကြောင့် လုဝမ်သည် သူ အဆင့်တက်သွားသည့်အကြောင်းကို ထုတ်ဖော်ပြောဆိုခြင်း ၊ မေးမြန်းခြင်းများ မပြုလုပ်စေချင်ပေ။
ထို့ပြင် ယခင်က သူ့အတွက် သေချာသလောက် ရှိခဲ့သည့် ချီလင်စမ်းချောင်းရေနှစ်ခြင်းသည်လည်း ရန်ကျောက်ကဲက ရယူသွားသည်ဖြစ်ရာ သူ့မျက်စိရှေ့မှာပင် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
“ဂိုဏ်းတူညီလေး’ရန်’ ၊ အပြင်ပိုင်းကြယ်တာရာချီ နှောင်းပိုင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် မင်းကိုလည်း ဂုဏ်ပြုပါတယ်”
လုဝမ်က ရန်ကျောက်ကဲကိုကြည့်ရင်း ဖြည်းညင်းစွာပြောသည်။
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“စာရွက်ပေါ်က မျဉ်းကြောင်းတွေက အမြဲတမ်း မှေးမှိန်နေတာပဲ ၊ ဘယ်အချိန် မြားချက်ထိမလဲဆိုတာ ဘယ်သူက သေသေချာချာ သိနိုင်မှာလဲ”
ရန်ကျောက်ကဲကိုကြည့်နေသည့် လုဝမ်၏အကြည့်များ တင်းမာသွားသော်လည်း နှုတ်ခမ်းအစုံကတော့ နူးညံ့စွာ ပြုံးလိုက်သည်။
“စာရွက်ပေါ်မှာ ပုံဆွဲထားတဲ့စစ်သည်တော်တွေနဲ့ အပိုစကားတွေက ဘယ်တော့မှ အသုံးမဝင်နိုင်ပါဘူး ၊ တစ်ချို့အရာတွေကို ကိုယ်တိုင်မခံစားဘဲနဲ့ အပြည့်အဝ နားလည်နိုင်မှာ မဟုတ်ဘူး”
လုဝမ်က ရန်ကျောက်ကဲရှေ့သို့ လျှောက်လာရင်း…
“ငါက အရေမရအဖတ်မရတွေ ပြောနေတယ်လို့ မင်းကဆိုချင်တာလား”
သူက ဆက်ပြောသည်။
“ဘာပဲဖြစ်ဖြစ် ငါ့အတွက် အဆင်ပြေပါတယ် ၊ ဒါပေမဲ့ ခုနစ်စဉ်ကြယ်ဓားသိုင်းမှာတော့ ငါက ငါ့ကိုယ်ငါ ပြိုင်ဘက်ကင်းလို့ သတ်မှတ်ထားတယ်”
အရှေ့ထန်တွင် ရန်ကျောက်ကဲ၏ စွမ်းဆောင်မှုကို ဂိုဏ်းထဲတွင် သတင်းပြန်ကြားရသည့်အခါ အားလုံးက မယုံကြည်နိုင် ဖြစ်ကြရသည်။
ရှီတိသာ အတည်မပြုခဲ့လျှင် ရန်ကျောက်ကဲက အချိုးမပြေသည့် အလိမ်အညာစကားများကို ဟောင်ပွာဟောင်ပွာ သတင်းလွှင့်သည်ဟု အတော်များများက ထင်မှတ်ကြပေမည်။
လုဝမ်သည်လည်း မယုံကြည်နိုင်ခဲ့သည့်တိုင် အဆုံးသတ်တွင်တော့ အရာအားလုံးက အမှန်တကယ် ဖြစ်ပျက်ခဲ့ကြောင်း ယုံကြည်ခဲ့ရသလို ကြီးမားသည့်ဖိအားများကိုလည်း အတိအကျပင် ခံစားခဲ့ရသည်။
ထို့ပြင် သူ့ထက်ငယ်ရွယ်သည့် ရန်ကျောက်ကဲက ကျင့်ကြံခြင်းအဆင့်ကို ကြောက်မက်ဖွယ်ရာ ခုန်ပျံအဆင့်တက်သွားလေရာ ရန်ကျောက်ကဲကို အနိုင်ယူပြီး သူ ပိုတော်ကြောင်းကို လုဝမ် သက်သေပြချင်မိသည်။
တစ်ဖက်တွင်လည်း မလိုအပ်ဘဲ ရန်ကျောက်ကဲနှင့် ထိပ်တိုက်ရင်ဆိုင်၍ မဖြစ်လေရာ သူက ငြိမ်သက်စွာပင် အပြောင်းအလဲများကို စောင့်ကြည့်နေခဲ့သည်။
အခြားအရာများ ယှဉ်ပြိုင်လျှင် အဆင်မပြေဖြစ်နိုင်သော်လည်း ခုနစ်စဉ်ကြယ်ဓားသိုင်း ယှဉ်ပြိုင်မည်ဆိုပါက လုဝမ် သူ့ကိုယ်သူ ယုံကြည်မှု အပြည့်ရှိသည်။
နောက်ပိုင်းမျိုးဆက်လူငယ်များတွင်သာမက ဝါဒတောင်မှ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့် ကျင့်ကြံသူများနှင့် ရှန်ထျန်းအဆင့် နှောင်းပိုင်း ကျင့်ကြံသူများကြားတွင်ပင် သူ၏ ခုနစ်စဉ်ကြယ်ဓားသိုင်းက နံပါတ် (၁) ဖြစ်သည်။
အချို့သော သိုင်းဆရာသခင် ပညာရှင်များသည်ပင် သူတို့၏ ကျင့်ကြံခြင်းအဆင့်ကြောင့်သာ ခုနစ်စဉ်ကြယ်ဓားသိုင်းတွင် လုဝမ်ထက်သာလွန်သည်ဟု ထင်မှတ်ရသော်လည်း ခုနစ်စဉ်ကြယ်ဓားသိုင်း သီးသန့်တစ်မျိုးတည်းတွင်တော့ အောင်မြင်မှုအရ လုဝမ်ထက်ပင် နိမ့်ကျနိုင်သည်။
တစ်ချိန်က သူ့ရှေ့မှ ကောင်လေးကို အနိုင်ယူခဲ့စဉ် ရန်ကျောက်ကဲ ဒေါသချောင်းချေင်းထွက်ပြီး ခုနစ်စဉ်ကြယ်ဓားသိုင်းကို စွန့်လွှတ်ကာ ကိုယ်ပိုင်ဓားသိုင်းတစ်ခုကို တီထွင်သည်အထိ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ခုနစ်စဉ်ကြယ်ဓားသိုင်းဖြင့်သာဆိုလျှင် လောလောဆယ် တောင်တစ်ခွင်တွင် အလွန်နာမည်ကျော်ကြားနေသည့် ရန်ကျောက်ကဲ နောက်ဆုတ်သွားစေရန် ယုံကြည်မှု အပြည့်ရှိသည်။
ရန်ကျောက်ကဲက…
“မင်းက ဒီလိုပြောပြီဆိုတော့ စကားထက် အလုပ်နဲ့ သက်သေပြကြတာပေါ့ ၊ ငါတို့နှစ်ယောက် ခုနစ်စဉ်ကြယ်ဓားသိုင်း ယှဉ်ပြိုင်ရင်း ဂိုဏ်းတူညီလေး’ကျောက်’ကို ဓားသိုင်းသရုပ်ပြလိုက်ကြတာပေါ့”
ထို့နောက် ရန်ကျောက်ကဲက ပြုံးလိုက်ပြီး မည်သည့်စကားမှ မဆိုတော့ဘဲ သူ၏လက်ညှိုးနှင့် လက်ခလယ်ကို ထိုးညွှန်လိုက်ရာ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး လုကျန်း၏ မျက်နှာဆီသို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။
လုဝမ်က မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း…
“ကောင်းပြီ”
သူ့လက်ချောင်းများထက်မှ ဓားဝိညာဉ်တစ်ခု ထွက်ပေါ်လာပြီး တူညီသော ခုနစ်စဉ်ကြယ်ဓားသိုင်းကိုပင် အသုံးပြုကာ ရန်ကျောက်ကဲ၏ ဓားဝိညာဉ်ကို ရင်ဆိုင်လိုက်သည်။
သူတို့ (၂)ယောက်လုံး တကယ့်ဓားအစစ်များဖြင့် ယှဉ်ပြိုင်ကြခြင်းမဟုတ်ဘဲ ကြယ်တာရာချီစွမ်းအားကိုသာ ဓားသွားအသွင် အသုံးပြုယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။
သို့တိုင် အနားတွင်ရှိနေသော ကျောက်မင်မှာ ကြယ်ခုနစ်စင်း ထွန်းလင်းသွားသည့်အလား သိုင်းကျမ်းစာကြည့်တိုက် တတိယထပ်တစ်ခုလုံး လင်းလက်သွားသလို ခံစားလိုက်ရသည်။
“မြောက်ပိုင်းကိုးကွယ် ခုနစ်စဉ်ကြယ်ဆိုတာက ဒီ ခုနစ်စဉ်ကြယ်ဓားသိုင်းရဲ့ အခြေခံပဲ ၊ ဘယ်လိုဓားကွက်အလှည့်အပြောင်း ပြုလုပ်ပါစေ အဲဒီအခြေခံကနေ ခွဲထွက်သွားလို့ မရဘူး”
ရန်ကျောက်ကဲက ပေါ့ပေါ့ပါးပါးပင် ကျောက်မင်ကို ပြောပြလိုက်သည်။
“မြောက်ပိုင်းခုနစ်စဉ်ကြယ်အနေအထားကို သိမ်းပိုက်ထားနိုင်ဖို့က ခုနစ်စဉ်ကြယ်ဓားသိုင်းအတွက် အရေးကြီးဆုံးပဲ”
“ဒါပေမဲ့ အဲဒီအနေအထားကို မင်း ဘယ်လိုရယူမလဲ ၊ မင်းရဲ့ ရန်သူက သစ်သားရုပ်တွေ မဟုတ်ဘူးလေ ၊ မင်းစိတ်ကျေနပ်အောင် လုပ်ပေးမှာ မဟုတ်ဘူး ၊ အထူးသဖြင့် ရန်သူက ငါတို့ဂိုဏ်းရဲ့ ခုနစ်စဉ်ကြယ်ဓားသိုင်းနဲ့ ရင်းနှီးတဲ့သူဖြစ်နေမယ်ဆိုရင် သူတို့က မင်းယူမယ့် အနေအထားကို ဝင်ယူနိုင်ဖို့ ကြိုးစားမှာပဲ ၊ မဟုတ်ရင်လည်း မင်းကို အဲဒီနေရာမှာ မရှိနိုင်အောင် ဖိအားပေးလိမ့်မယ်”
ပြောပြီးသည်နှင့် ရန်ကျောက်ကဲက ရှေ့သို့ ခြေတစ်လှမ်းလှမ်းလိုက်သည်။ ဓားရောင်များလင်းလက်လာပြီး လုဝမ် နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်ရ၏။
ဤသည်မှာ ရန်ကျောက်ကဲက မြောက်ပိုင်းခုနစ်စဉ်ကြယ်အနေအထားကို သိမ်းပိုက်လိုက်ခြင်းဖြစ်သည်။ အားသာချက်ကို သိရှိသွားပြီးနောက် ကျောက်မင်မျက်ဝန်းများ အရောင်တောက်ပသွားသည်။
လုဝမ်က ဟွန့်ခနဲ နှာမှုတ်လိုက်ပြီး ဓားကွက်ကို ပြောင်းလဲအသုံးပြုကာ ရန်ကျောက်ကဲကို နောက်ပြန်ဆုတ်သွားအောင် တိုက်ခိုက်လိုက်သည်။ ချက်ချင်းပင် မြောက်ပိုင်းခုနစ်စဉ်ကြယ်အနေအထားကို လုဝမ်က ပြန်လည်သိမ်းပိုက်လိုက်သည်။
ရန်ကျောက်ကဲက အမှုမထားဟန်ဖြင့်…
“ဆိုတော့… ဒီလိုအချိန်မှာ ဘာလုပ်သင့်သလဲ”