အခန်း (၁၁၃) သိုင်းကျမ်းစာကြည့်တိုက်
အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်များကဲ့သို့ ထိပ်တန်းအဆင့် သိုင်းပညာရပ်များအားလုံးကို သိုင်းကျမ်းစာကြည့်တိုက်၏ တတိယထပ်တွင် သိမ်းဆည်းထားသည်။
တကယ်တော့ ရန်ကျောက်ကဲက စတုတ္ထထပ်မှ သိုင်းဒဏ္ဍာရီများကို စိတ်ဝင်စားခြင်း ဖြစ်သည်။ ထိုနေရာတွင် ဝါဒတောင်၏ အကောင်းဆုံးနှင့် အစစ်မှန်ဆုံး သိုင်းပညာရပ်များကို သိမ်းဆည်းထားသည်။
နက်ရှိုင်းချီစွမ်းအားကျင့်စဉ် ဒုတိယပိုင်းအပြင် ဝါဒတောင်တွင် နောက်ထပ် အထွတ်ထပ်သိုင်းပညာ (၃)မျိုး ရှိသေးသည်။
သို့ပေသိ စည်းကမ်းများအရ သိုင်းကျမ်းစာကြည့်တိုက် စတုတ္ထထပ်သို့ လွတ်လပ်စွာ ဝင်ထွက်သွားလာနိုင်သူဆို၍ ဂိုဏ်းချုပ်ကိုယ်တိုင်နှင့် သိုင်းကျမ်းစာကြည့်တိုက်၏ ထိပ်တန်းအကြီးအကဲသာလျှင် ရှိသည်။
ရန်ကျောက်ကဲ၏ဖခင် ရန်တိ ၊ ဖန်ကျွင်း ၊ ရှီတိနှင့် ယွမ်ကျန်းဖုန်းဘေးနားမှ ဝါရင့်အကြီးအကဲ (၂)ယောက်အပါအဝင် အခြားသူများအားလုံး ခွင့်ပြုချက်မရှိဘဲ စတုတ္ထထပ်သို့ သွားရောက်ခွင့် မရှိပေ။ ယွမ်ကျန်းဖုန်း၏ အထူးခွင့်ပြုချက် ရရှိမှသာ ဂိုဏ်းချုပ်နှင့်အတူတူ စတုတ္ထထပ်သို့ သွားရောက်ခွင့်ရှိသည်။
ရန်ကျောက်ကဲက အလားအလာကောင်းသည့် တပည့်ငယ်တစ်ယောက် ဖြစ်လေရာ တစ်ချိန်ချိန်တွင်တော့ စတုတ္ထထပ်သို့ ဝင်ရောက်ရန် အခွင့်အရေး ရရှိနိုင်ကောင်းသည်။
သို့ပေသိ နောက်ထပ် ကန့်သတ်ချက်တစ်ခုမှာ စတုတ္ထထပ်သို့ ဝင်ရောက်ရန် သိုင်းဆရာသခင်အဆင့် ကျင့်ကြံသူ ဖြစ်ရမည် ဖြစ်၏။
ရန်ကျောက်ကဲက သူ့နှုတ်ခမ်းများကို အသာပွတ်သပ်လိုက်ရင်း…
“တကယ်တော့ စတုတ္ထထပ်ထက် တတိယထပ်မှာလည်း ငါ စိတ်ဝင်စားတဲ့အရာတွေ ရှိပါသေးတယ်”
“လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ ဘယ်သိုင်းပညာက အထွတ်ထိပ်အဆင့် ရှိနေပြီလဲဆိုတာ ကြည့်ရမယ်”
သူ သိရှိထားသည့် ကောင်းကင်နန်းတော်မှ ကျင့်စဉ်များက နယ်ပယ်များစွာကို လွှမ်းခြုံထားပြီး အနှိုင်းမဲ့လေးနက်သော်လည်း ရန်ကျောက်ကဲအနေဖြင့် လက်ရှိကမ္ဘာနှင့် ထိုကျင့်စဉ်ပညာများကို ကောင်းစွာပေါင်းစပ်နိုင်ရန် အလွန်သတိထားနေရသည်။ ထို့ကြောင့် ဝါဒတောင်၏တိုက်ရိုက်ဆက်ခံသည့် သိုင်းပညာများနှင့် ရင်းနှီးကျွမ်းဝင်ရန် သူ့အတွက် မဖြစ်မနေ လိုအပ်သည်။
ယခုတစ်ကြိမ် သိုင်းကျမ်းစာကြည့်တိုက် တတိယထပ်သို့ သွားရောက်သည်မှာ သိုင်းပညာတစ်ခုကို ရွေးချယ်လေ့လာရန်ဟု အကြောင်းပြချက်ပေးထားသည်။
အစွန်းရောက်ရှစ်ပါးသိုင်းပညာရပ်များမှ လေမီးကပ်ဘေး သိုင်းပညာကို လေ့လာရန် ဆုံးဖြတ်ထား၏။
လေကပ်ဘေးသည် ပေါ့ပါးသည့် ကိုယ်ဟန်လှုပ်ရှားမှု သိုင်းပညာတစ်ခု ဖြစ်ပြီး မီးကပ်ဘေးကတော့ စွမ်းအာပေါက်ကွဲထွက်စေသည့် သိုင်းပညာတစ်ခု ဖြစ်သည်။ ထိုသိုင်းပညာ (၂)ခုကို ယှဉ်တွဲလေ့ကျင့်ရလေ့ရှိပြီး ပေါင်းစပ်အသုံးပြုနိုင်သည့်အဆင့်သို့ ရောက်၇ှိသည့်အခါ တုန်လှုပ်ဖွယ်ရာ သိုင်းစွမ်းကို ရရှိမည် ဖြစ်သည်။
ထို့ကြောင့် ဝါဒတောင်မှ သိုင်းကျင့်ကြံသူများအားလုံးသည် တစ်ချိန်မဟုတ်တစ်ချိန် လေမီးကပ်ဘေးသိုင်းပညာကို ကျင့်ကြံရန်အတွက် သေချာပေါက် ရွေးချယ်ကြမည်သာပင်။
အကြမ်းဖျင်းဆိုရသော် သိုင်းကျင့်ကြံသူတစ်ယောက်၏ တိုက်ခိက်မှုပုံစံပြင်းထန်လေ တိုက်ကွက်များကလည်း ပိုမိုပြင်းထန်လာလေ ဖြစ်ပေမည်။
ရန်သူကို အနိုင်မယူနိုင်လျှင် ပြေးရမည် ဖြစ်သည်။ ရန်သူကပြေးလျှင်တော့ လိုက်လံတိုက်ခိုက်ရမည် ဖြစ်၏။
ပြေးရန်အတွက် လေကပ်ဘေးသိုင်းပညာလိုအပ်သလို တိုက်ခိုက်ရန်အတွက် မီးကပ်ဘေးသိုင်းပညာကို အသုံးပြုနိုင်သည်။
တကယ့်တိုက်ပွဲတစ်ခု ရင်ဆိုင်ရသည့်အခါ ရန်သူများက ပတ်လည်ဝိုင်းနေသည့် အခြေအနေမျိုးတွင် စွမ်းအားပြင်းထန်သည့် သိုင်းပညာနှင့် ပေါ့ပါးသည့်ခန္ဓာကိုယ်လှုပ်ရှားမှုသိုင်းပညာကို ပေါင်းစပ်အသုံးပြုရန် လိုအပ်သည်။
ဟုတ်ပေ၏။ တိုက်ခိုက်ခြင်းကို ခုခံသည်ဖြစ်စေ ၊ တန်ပြန်တိုက်ခိုက်သည်ဖြစ်စေ အချို့သိုင်းပညာများက လှည့်ကွက်များစွာ ပါဝင်သည်။
ရန်ကျောက်ကဲအနေဖြင့် သိုင်းစွမ်းအား မြင့်မားသည့် သိုင်းကွက်များစွာကို ရင်းနှီးကျွမ်းဝင်ပြီး ဖြစ်သည်။ ထို့ကြောင့် လေမီးကပ်ဘေးသိုင်းပညာကို ကျင့်ကြံခြင်းက သူ့အတွက် သိုင်းပညာများထပ်နေဟန် ရှိ၏။
သို့သော် အသုံးမဝင် မဖြစ်ပေ။
လေမီးကပ်ဘေးသိုင်းပညာက ဖုံးကွယ်နိုင်ခြင်းစွမ်းအားကို ပိုင်ဆိုင်သည့်အတွက် ရန်ကျောက်ကဲအနေဖြင့် အခြားသော သိုင်းပညာများအားလုံးကို မခြွင်းမချန် လေ့လာနိုင်မည် ဖြစ်သည်။
ထို့ပြင် ရန်ကျောက်ကဲက နက်နဲသည့်သိုင်းပညာရပ်များတွင် ဘယ်သောအခါမှ အားနည်းခဲ့သူ မဟုတ်လေရာ လေမီးကပ်ဘေးသိုင်းပညာကို လေ့ကျင့်ထားခြင်းက သူ့အတွက် အဆိုးမရှိပေ။
မဟာကပ်ဘေးမတိုင်မီကာလနှင့် မဟာကပ်ဘေးနောက်ပိုင်းကာလများတွင် ဤကမ္ဘာ၏ ဝိညာဉ်စွမ်းအားသိပ်သည်းစနှင့် လူတစ်ယောက်၏ ခန္ဓာကိုယ်အတွင်း ဝိညာဉ်စွမ်းအား စီးဆင်းဝင်ရောက်ပုံသည်လည်း ကွာခြားသွားခဲ့သည်။
မဟာကပ်ဘေးမတိုင်ခင်က ကောင်းကင်ဘုံနန်းတော်မှ ကျမ်းစာများကို ကျင့်ကြံခြင်းအပြင် မဟာကပ်ဘေးကာလ နောက်ပိုင်း ထွက်ပေါ်လာသည့် သိုင်းပညာအသစ်များကိုပါ ကျင့်ကြံခြင်းဖြင့် ထိုသိုင်းပညာများကို အပြန်အလှန် နှိုင်းယှဉ်လေ့လာနိုင်ပြီး ရန်ကျောက်ကဲအတွက် တိုးတက်မှုများစွာရှိနိုင်သည်။
“လေမီးကပ်ဘေးသိုင်းပညာက တကယ်တော့ မဆိုးပါဘူး”
တွေးရင်း ရန်ကျောက်ကဲ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
“လေကပ်ဘေးသိုင်းပညာက ကောင်းကင်ဘုံနန်းတော်က လေရောင်ဝါချီလှည့်ပတ်ကျင့်စဉ်နဲ့ ပေါင်းစပ်လို့ရတယ် ၊ မီးကပ်ဘေးသိုင်းပညာကတော့ ဝိညာဉ်မိစ္ဆာလက်သီးသိုင်းပညာ (၆)ခုထဲက မျောက်ဝံမိစ္ဆာလက်သီးသိုင်းနဲ့ ပေါင်းစပ်နိုင်တယ်”
“ဟမ်… နေဦး ၊ ကျားဟိန်းမိစ္ဆာလက်သီးသိုင်းကလည်း ကျားလိုခုန်ပျံပြီး ရန်သူလက်ကလွတ်အောင် ပြေးနိုင်စွမ်းရှိတယ်ဆိုတော့ လေကပ်ဘေးသိုင်းပညာရဲ့ လှုပ်ရှားမှုတွေနဲ့ လိုက်ဖက်ညီတယ်”
“စမ်းသပ်ကြည့်တာပေါ့ ၊ ဒီသိုင်းပညာ (၂)ခုကို ပေါင်းစပ်လိုက်မယ်ဆိုရင် ဂိုဏ်းတစ်ခုလုံးအတွက် သိုင်းပညာအသစ်တစ်ခု မွေးဖွားလာနိုင်မယ်လို့ မျှော်လင့်ပါတယ်…”
ခဏမျှ စဉ်းစားပြီးနောက် ရန်ကျောက်ကဲ အတွေးများကို ဖြတ်တောက်ကာ ရှေ့ဆက်လျှောက်လာခဲ့သည်။
သူ့မျက်စိရှေ့တွင် သိုင်းကျမ်းစာကြည့်တိုက်ကို တွေ့မြင်ရသည့်အခါ ရန်ကျောက်ကဲ၏အတွေးများ ခဏတာ တုန်လှုပ်သွားသည်။
ဤနေရာက ကောင်းကင်ဘုံနန်းတော်၏ ကျမ်းဂန်စာကြည့်တိုက် မဟုတ်သော်လည်း အလားတူဆောက်လုပ်ထားသည့် အဆောက်အဦတစ်ခု ဖြစ်သည်။ သိုင်းကျမ်းစာကြည့်တိုက်ရှေ့တွင် မတ်တတ်ရပ်ရင်း ကောင်းကင်ဘုံနန်းတော်၏ ကျမ်းဂန်စာကြည့်တိုက်မှ ဤလောသို့ ပထမဆုံးရောက်လာသည့်အကြောင်းများကို ရန်ကျောက်ကဲ တွေးတောမိသည်။
“အဲဒီတုန်းက မဟာကပ်ဘေးကြီး ဘာလို့ ကျရောက်ခဲ့ရတာလဲ”
သူ တွေးလိုက်သည်။
မိုးနှင့်မြေ ပြိုကွဲသွားသည့် ထိုမြင်ကွင်းသည် ရန်ကျောက်ကဲ၏ နှလုံးသားထဲတွင် ထာဝရ တည်ရှိနေမည် ဖြစ်သည်။
ယခု ပြန်လည်မွေးဖွားလာသည့်တိုင် ထိုမြင်ကွင်းက သူ့အပေါ် သက်ရောက်မှု ရှိနေဆဲ ဖြစ်ပြီး အဆက်ပြတ် ကျင့်ကြံနေစေရန် တွန်းအားပေးနေသည်။ အထွတ်ထိပ် စွမ်းအားမြင့်မားလာစေရန် လုံ့လဝီရိယရှိရှိဖြင့် မဆုတ်မနစ် ရှေ့ဆက်နေရန် လှုံ့ဆော်ပေးနေသည်။
အဘယ်ကြောင့်ဆိုသော်….
မိုးနှင့်မြေတွင် နောက်တစ်ကြိမ် ကပ်ဘေးကြီးတစ်ခု ထပ်မံကျရောက်လေမည်လားဆိုသည်ကို သူ မသိသောကြောင့် ဖြစ်၏။
ရန်ကျောက်ကဲ၏မျက်ဝန်းအတွင်းမှ လှုပ်ခတ်မှုများ တဖြည်းဖြည်း ငြိမ်သက်သွားသည်။
“အိမ်ရိုက်သံတစ်ချောင်းလို မာကျောနေဖို့လိုတယ် ၊ ငါ့ကိုယ်ငါ စွမ်းအားမြင့်မားအောင် အဆက်မပြတ် ကျင့်ကြံရမယ် ၊ ပြီးတော့ အဲဒီတုန်းက မဟာကပ်ဘေးကြီး ဖြစ်ပျက်ခဲ့တာကို ဘယ်လိုကာကွယ်နိုင်မလဲဆိုတာ နည်းလမ်းရှာရမယ်”
ရန်ကျောက်ကဲ တွေးလိုက်၏။
“အဲဒါကို လက်နှစ်ဖက်နဲ့ဆုပ်ကိုင်ထားရမယ် ၊ လက်နှစ်ဖက်လုံးကလည်း သန်မာရမယ် အား…”
လက်ရှိကမ္ဘာမှ လူများနှင့် နှိုင်းယှဉ်ကြည့်လျှင် မဟာကပ်ဘေးကြီးကို ကိုယ်တိုင်ကြုံတွေ့ဖူးသူတစ်ယောက်ဖြစ်သော ရန်ကျောက်ကဲက အခြေအနေများကို သူတို့အားလုံးထက် ပိုမိုသိရှိသည်။
ထိုစဉ်က ကျရောက်ခဲ့သော မဟာကပ်ဘေးကြီးဟု လူသိများသည် ထိုဘေးအန္တရယ်ကပ်ဆိုးကြီးသည် သဘောဝဘေးအန္တရယ်များကို လှုံ့ဆော်ပေးသည့် အရာတစ်ခု ပိုမိုဖြစ်နိုင်ခြေ ရှိသည်။
အတိအကျဆိုရသော် ထိုကိစ္စက သူ့အပေါ် အလွန်ဖိအားများခဲ့ပြီး လက်ရှိခေတ်မှ လူအများထက ်ူက စိတ်ခံစားချက်ပြင်းထန်သည်။
သိုင်းကျမ်းစာကြည့်တိုက်အတွင်းသို့ ရောက်သည်နှင့် ရန်ကျောက်ကဲက စာအုပ်စင်တစ်ခုကို လက်ဖြင့်အသာပုတ်ရင်း ခေါင်းကိုမော့ကာ စတုတ္ထထပ်ရှိရာသို့ မျှော်ကြည့်လိုက်သည်။
“ဝါဒတောင်က အမွေအနှစ်တွေက အရမ်းရှေးကျတယ် ၊ အရင် ကောင်းကင်ဘုံနန်းတော်ကအရာတွေတောင် အနည်းအကျဉ်း ရှိနိုင်တယ် ၊ အဲဒီစတုတ္ထထပ်မှာ သဲလွန်စတွေ ရှိကောင်းရှိမှာပဲ”
ထိုစဉ်…
“ကျောက်ကဲ…”
ရုတ်တရက် သူ့နာမည်ခေါ်သံ ကြားလိုက်ရသောကြောင့် လှည့်ကြည့်လိုက်တော့ အရပ်မြင့်မြင့်နှင့် ခပ်ချောချော လူငယ်တစ်ယေက်ကို တွေ့လိုက်ရ၏။
ထိုလူငယ်က အသက် (၂၅) ၊ (၂၆)နှစ် ဝန်းကျင်ရှိပြီး အသွင်အပြင်က အရှေ့ထန်နိုင်ငံဘုရင် ကျောက်ရှီချန်းနှင့် အတော်လေး ဆင်တူသည်။
အဖြူရောင်အဝတ်အစားများထက်တွင် အပြာရောင်ဝတ်ရုံကို ထပ်မံဝတ်ဆင်ထားသည်ကို ကြည့်ခြင်းအားဖြင့် ဝါဒတောင်၏ ထိပ်တန်းတပည့်များထဲမှ တစ်ယောက်ဖြစ်ကြောင်း သိနိုင်သည်။ သူ့မျက်ဝန်းများထဲတွင် ကျောက်ရှီချန်း၏ နက်ရှိုင်းတည်ငြိမ်မှု ၊ ရက်စက်ကြမ်းကြုတ်မှုများကို တွေ့မြင်ရပြီး ဟန်ပန်ကတော့ အဆင့်အတန်းမြင့် ဂုဏ်သရေရှိ မင်းမျိုးမင်းနွယ်တစ်ယောက်၏ ဟန်ပန် ဖြစ်သည်။
ထိုလူငယ်သည်ကား ကျောက်ရှီချန်း၏ စတုတ္ထမြောက်သားတော် “ကျောက်မင်” ဖြစ်ပြီး သိုင်းပညာသင်ယူရန် ဝါဒတောင်သို့ တရားဝင် ရောက်ရှိနေသူ ဖြစ်၏။
ကျောက်ရှီချန်း၏ သားတော်များထဲတွင် ကျောက်မင်က ရန်ကျောက်ကဲနှင့် အရင်းနှီးဆုံး ဖြစ်သည်။
သူ့ကိုတွေ့တော့ ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“တတိယထပ်ကို ရောက်နေပုံထောက်ရင် အစ်ကိုတော့ ဂိုဏ်းအတွက် ကြီးမားတဲ့အကျိုးတစ်ခု ဆောင်နိုင်ခဲ့ပြီထင်တယ်”
ကျောက်မင်ကဲ့သို့ ထိပ်တန်းတပည့်တစ်ယောက်အနေဖြင့် သိုင်းကျမ်းစာကြည့်တိုက် ပထမထပ်သို့ လိုသလို ဝင်ထွက်သွားလာခွင့်ရှိပြီး ဒုတိယထပ်ကိုတော့ တစ်ကြိမ် ဝင်ရောက်ခွင့် ပေးထားသည်။
သို့ပေသိ တတိယထပ်သို့ တက်ရောက်ခွင့်ရရန် အလွန်ခဲယဉ်းပေသည်။
ကျောက်မင်က…
“မနောက်ပါနဲ့ကွာ ၊ ဒီဆုလာဘ်က ခမည်းတော်ကြောင့်ရတယ်ဆိုတာ မင်း သိရဲ့သားနဲ့”
ကျောက်ရှီချန်းသည် အရှေ့ထန်တိုက်ပွဲတွင် ဝါဒတောင်ကို အကောင်းဆုံး ကူညီပေးခဲ့ပြီး သူကိုယ်တိုင် အသက်ဆုံးလုမတတ် ဖြစ်ခဲ့ရသည်။ ထို့ကြောင့် ဝါဒတောင်က အရှေ့ထန်နိုင်ငံကို ရိုက်စိုင်းစွာ ဆက်ဆံခြင်းမပြုဘဲ ကျေးဇူးတုံ့ပြန်ရမည် ဖြစ်သည်။ ယခု ကျောက်မင်ကို တတိယထပ်သို့ ဝင်ရောက်ခွင့်ပြုသည်မှာလည်း ထိုကျေးဇူးတုံ့ပြန်ခြင်းများထဲမှတစ်ခု ဖြစ်၏။
ကျောက်မင်၏မျက်နှာက လေးနက်သွားပြီး…
“ဒါနဲ့… အရှေ့ထန်မှာ မင်း ခမည်းတော်အသက်ကို ကယ်တင်ခဲ့တဲ့အတွက် တကယ့်ကို ကျေးဇူးတင်ပါတယ်ကွာ”
ရန်ကျောက်ကဲက ပြုံးလိုက်ရင်း…
“ငါတို့ မိသားစုနှစ်ခုကြားမှာ ဒီလိုပြောစရာလိုလို့လား”
ကျောက်မင်က ခေါင်းညိတ်ရင်း ပြုံးလိုက်သည်။
သူတို့ (၂)ယောက်က တစ်ယောက်နှင့်တစ်ယောက် ဂိုဏ်းတူအစ်ကို ၊ ဂိုဏ်းတူညီလေးဟု ဘယ်တော့မှ မပြောဆိုကြဘဲ မိသားစုပမာ ရင်းနှီးစွာပင် ညီရင်းအစ်ကိုပမာ ပြောဆိုလေ့ရှိကြသည်။
ကျောက်မင်က ရန်ကျောက်ကဲထက် အသက်ပိုကြီးသည့်တိုင် ဝါဒတောင်သို့ဝင်သည်မှာ အနည်းငယ်နောက်ကျသည်။ သိုင်းပညာရှင်အဆင့်ရောက်မှ ဝါဒတောင်သို့ ရောက်လာခြင်း ဖြစ်လေရာ ဂိုဏ်းဝင်သက်နှင့် တွက်ချက်မည်ဆိုလျှင် သူက ရန်ကျောက်ကဲကို ဂိုဏ်းတူအစ်ကိုဟု ခေါ်ရမည် ဖြစ်၏။
“ဒီတစ်ခါတော့ ခမည်းတော်ကျေးဇူးနဲ့ တတိယထပ်ကို ပထမဆုံး ဝင်ရောက်ဖို့ အခွင့်အရေးရခဲ့တာကွ…”
ကျောက်မင်က ရန်ကျောက်ကဲအနားသို့ လျှောက်လာပြီး သက်ပြင်းချရင်း ဆိုသည်။
ရန်ကျောက်ကဲက…
“ဘာသိုင်းပညာလေ့လာမလဲဆိုတာ ရွေးပြီးပြီလား”
ကျောက်မင်က ခေါင်းညိတ်လိုက်ရင်း…
“ခုနစ်စဉ်ကြယ်ဓားသိုင်း လေ့ကျင့်မလားလို့ ရွေးထားတယ်”
ရန်ကျောက်ကဲက ရယ်မောလိုက်ရင်း…
“ခမ်းနားပြီး ကျယ်ပြန့်လွန်းတဲ့ ဓားသိုင်းပါပဲ ၊ မင်း ခုနစ်စဉ်ကြယ်ဓားသိုင်းကို ရွေးမယ်ဆိုတာ ငါ သိသားပဲ”
သူက ဆက်ပြောသည်။
“ခုနစ်စဉ်ကြယ်ဓားသိုင်းရဲ့ ဓားဝိညာဉ်က လျှို့ဝက်ဆန်းကျယ်ပြီး နက်နဲသိမ်မွေ့တယ် ၊ ဓားကွက်အခွဲတွေကလည်း မရေမတွက်နိုင်အောင်များလွန်းတယ် ၊ ဒီတော့ အစ်ကို့အနေနဲ့ လေ့ကျင့်မှုတွေ အများကြီးလုပ်ရလိမ့်မယ်”
ကျောက်မင် စကားပြန်မပြောနိုင်ခင်မှာပင် ဒုတိယထပ်နှင့် တတိယထပ်ကြားရှိ လှေကားထစ်နေရာမှ အသံတစ်သံက ပဲ့တင်ထပ် ထွက်ပေါ်လာသည်။
“နက်နဲထူးဆန်းမှုက အသင်္ချေ ၊ ဓားကွက်အခွဲပေါင်းက တစ်သောင်းမက ၊ မင်း စိတ်ထြ မြဲမြဲမှတ်ထားရမှာက မြောက်ပိုင်းကိုးကွယ်ခုနစ်စဉ်ကြယ်ဆိုတဲ့ စကားပဲ ၊ ခုနစ်စဉ်ကြယ်က မြောက်ပိုင်းကောင်းကင်မှ ထွန်းလင်းတယ်ဆိုတဲ့အချက်က ဒီဓားသိုင်းရဲ့အခြေခံဖြစ်သလို ဓားကွက်အခွဲတွေအားလုံးရဲ့ ပင်စည်ပဲ ဖြစ်တယ်”
ထိုစကားကိုကြားသည့်အခါ ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်စွန်းများ အထက်သို့ တဖြည်းဖြည်း ကော့ညွှတ်သွား၏။
ထို့နောက် တတိယထပ်သို့ တက်လာသည့် လူငယ်တစ်ယောက် အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း တွေ့မြင်လိုက်ရပြီး ကျောက်မင် မျက်မှောင်ကြုတ်လိုက်မိသည်။
ရောက်လာသည့်လူငယ်ကို သူ ကောင်းကောင်းသိရှိသည်။
ထိုလူငယ်က ဖန်ကျွင်း၏ တပည့်ရင်းတစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ ပင်မတိုက်ရိုက်တပည့်တစ်ယောက်လည်းဖြစ်သည်။ လူငယ်မျိုးဆက်သစ်များကြားတွင် ရန်ကျောက်ကဲ ကဲ့သို့ ခေါင်းဆောင်တစ်ယောက်ဖြစ်သော “လုဝမ်” ပင် ဖြစ်သည်။
နောက်တစ်ချက်မှာ ဝါဒတောင်၏ လူငယ်မျိုးဆက်များကြား ၊ ခုနစ်စဉ်ကြယ်ဓားသိုင်းကို ကျင့်ကြံကြသူများထဲတွင် လုဝမ်က ပြိုင်ဘက်ကင်း နံပါတ် (၁) ဖြစ်သည်ဆိုသော အချက်ပင်။
အရင်ကတော့ ရန်ကျောက်ကဲသည်လည်း လုဝမ်ကဲ့သို့ပင် ခုနစ်စဉ်ကြယ်ဓားသိုင်းကို လေ့ကျင့်ခဲ့သူ ဖြစ်သည်။ သို့သော် သူက လုဝမ်ကို မယှဉ်နိုင်သည့်အတွက် ကိုယ်ပိုင်ဓားသိုင်းတစ်ခု ဖန်တီးခဲ့ပြီး ရလဒ်အနေဖြင့် “အင်္ကျီလက်ထဲမှမိုးပြာနဂါးဓားသိုင်း” မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။
ကျောက်မင်သည် သူ့ဘေးနားမှ ရန်ကျောက်ကဲကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှေကားမှတက်လာသည့် လုဝမ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
သူ့ရင်ထဲတွင် စိုးရိမ်ပူပန်မှုများ ချက်ချင်းမြင့်တက်လာတော့၏။