Switch Mode

အခန်း (၇၀၆)

သောကြာဂြိုဟ် တိုက်ပွဲကြီး

တာအိုဘုန်းတော်ကြီးယိုရန်၏ အမိန့်မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ စခန်းထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ တာအိုနန်းတော် ကျင့်ကြံသူများနှင့် လက်ခံကောင်များ၏ ခန္ဓာကိုယ်များထဲတွင် ခိုအောင်းနေထိုင်နေကြသော ကပ်ပါးကောင် အဆုံးမဲ့မျိုးနွယ်စုဝင်များမှာ ချက်ချင်းဆိုသလိုပင် သူ၏အမိန့်အတိုင်း လိုက်နာဆောင်ရွက်လိုက်ကြတော့သည်။ လောဘစိတ်များကြောင့် ပြည်ထောင်စု လူမှုအအဖွဲ့အစည်းထဲ၌ ဒုတိယမြောက်စစ်ပွဲကြီး ပေါ်ပေါက်လာတော့မည် ဖြစ်သည်။

ထိုသို့ဖြင့် သောကြာဂြိုဟ် တိုက်ပွဲကြီးမှာ စတင်သွားတော့သည်။

အဆုံးမဲ့မျိုးနွယ်စုနှင့် ကျယ်ပြန့်တာအိုနန်းတော်တို့မှာ သူတို့ဘက်မှ အနိုင်ရရှိလိမ့်မည်ဟု အပြည့်အဝ ယုံကြည်နေကြသည်ပုံပင်။ သူတို့မှာ ထိခိုက်နစ်နာမှု အနည်းဆုံးနှင့် အောင်မြင်မှုကြီးကြီးမားမား ရရှိနိုင်ရန်ကိုသာ တွေးနေကြသည်။ သူတို့မှာ ပြည်ထောင်စုကြီး၏ ဝိညာဉ်ဆန့်ကျင်ဗုံးများကို သတိထားနေရသည် မဟုတ်ပါလော။

သူတို့မှာ ဝိညာဉ်ဆန့်ကျင်ဗုံးများ၏ စွမ်းအားများကိုသာမက ပြည်ထောင်စုကြီးဘက်မှ ဘုရင့်နောင်ဖောင်ဖျက်သကဲ့သို့ တိုက်ခိုက်မည်ကိုလည်း စိုးရိမ်နေသေးသည်။

ဥပမာဆိုရလျှင် ရန်သူများကို သတ်ဖြတ်နိုင်ရန် ဂြိုဟ်တစ်လုံးစလုံးကို ဖောက်ခွဲပစ်လိုက်သည့် လုပ်ရပ်မျိုးပင်။

ထိုကဲ့သို့သော နည်းလမ်းများမှာ တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ််စုအတွက် အလွန်အင်မတန်မှ စိတ်ရှုပ်စရာ ကောင်းနေမည် ဖြစ်သည်။

ထို့ကြောင့်လည်း တာအိုဘုန်းတော်ကြီးယိုရန်မှာ ဗုဒ္ဓဟူးဂြိုဟ်အား သိမ်းပိုက်ခဲ့ပြီးနောက် သောကြာဂြိုဟ်အား ချက်ချင်း မတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သူသည် သေမင်းတာအိုစစ်သင်္ဘောကြီးအား သောကြာဂြိုဟ်၏ ပေါက်ကွဲအားများကို တားဆီးပစ်နိုင်လောက်အောင် အစွမ်းထက်လာသည့် အနေအထားအထိ ရောက်အောင် ပြန်လည်ပြုပြင်ပြင်ဆင်ပြီးမှ စတင်တိုက်ခိုက်ရန် ကြံရွယ်ထားခဲ့၏။

ပြည်ထောင်စုကြီးမှာလည်း ထိုသို့ဖြစ်လာလိမ့်မည်ဖြစ်ကြောင်း ကြိုတင်မှန်းဆထားပြီးသား ဖြစ်သည်။ ဤ တိုက်ပွဲကြီး၏ အဓိကဦးတည်ချက်မှာ သောကြာဂြိုဟ်အား အောင်မြင်စွာ ဖောက်ခွဲပြီး တာအိုနန်းတော်အတွက် ထိခိုက်နစ်နာမှု အများဆုံးဖြစ်အောင် လုပ်နိုင်မည့် နည်းလမ်းများကို ရှာဖွေရန်ဖြစ်သည်။

ထိုအစီအစဉ်မှာ ခဲယဉ်းသောကြောင့် ပြည်ထောင်စုကြီးမှာ ပြင်ဆင်မှုအမြောက်အမြား ပြုလုပ်ထားပြီးသည့်တိုင်အောင် သေချာပေါက် အောင်မြင်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ထားခြင်းမရှိပေ။ အကယ်၍ ဂြိုဟ်ကြီးအား စော၍ ဖောက်ခွဲမိလိုက်မည်ဆိုပါက ထိုပေါက်ကွဲမှုမှာ အသုံးဝင်တော့မည် မဟုတ်ပေ။ အကယ်၍ နောက်ကျနေခဲ့လျှင်မူ ဖောက်ခွဲပစ်နိုင်မည့် အခွင့်အရေးများကိုပင် လက်လွှတ်ဆုံးရှုံးလိုက်ရနိုင်ခြေ ရှိပေသည်။

ထို့ကြောင့် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ လမင်းခံတပ်အား အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။ သူတို့မှာ လမင်းခံတပ်ကို တာအိုဘုန်းတော်ကြီးယိုရန်၏ စစ်သင်္ဘောကြီးအား ခုခံတွန်းလှန်ရာ၌ အသုံးပြုပြီး သောကြာဂြိုဟ်အား အောင်မြင်စွာ ဖောက်ခွဲနိုင်ရန် ကြံရွယ်ထားကြ၏။

ထို့ကြောင့်လည်း ပြည်ထောင်စုကြီးမှာ ကျယ်ပြန့်တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်စု တပ်ဖွဲ့များ စတင်လှုပ်ရှားလာသည်ကို မြင်လိုက်ရသည်နှင့် ဝမ်ပေါင်လဲ့အား ချက်ချင်းလှမ်း၍ အသိပေးလိုက်ခြင်း ဖြစ်သည်။ သူတို့မှာ သူ့အား အချိန်မီ ရောက်လာနိုင်အောင် အရှိန်မြှင့်တင်ရန် ညွှန်ကြားလိုက်၏။

လီရှင်းဝမ်၊ သွမ့်မုချွယ်နှင့် အုပ်ချုပ်ရေးပိုင်းတွင် တာဝန်ယူထားကြသည့် အခြားသူများမှာလည်း ပြည်ထောင်စုကျင့်ကြံသူများနှင့် စစ်သင်္ဘောကြီးများအားလုံးကို နောက်သို့ပြန်လည်ဆုတ်ခွာလာပြီး သောကြာဂြိုဟ်၏ ပတ်ပတ်လည်တွင် ခုခံကာကွယ်ပေးထားရန် အမိန့်ပေးလိုက်၏။ သို့ဖြစ်ရာ ယခုတွင် သောကြာဂြိုဟ်၏ ပတ်ပတ်လည်၌ ခံစစ်ကြောင်း ကိုးကြောင်းတိတိ ရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့၏ မန္တန်အစီအရင်ကြီးများနှင့် စစ်ပွဲသုံး ဓမ္မလက်နက် အဆောင်ပစ္စည်းများမှာလည်း အဆင်သင့် ဖြစ်နေကြပြီဖြစ်သည်။

လူအင်အား သောင်းဂဏန်းထိရှိသော ကျင့်ကြံသူများမှာ အဖွဲ့များခွဲကာ သောကြာဂြိုဟ် ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ထဲ၌ တပ်ဖြန့်ထားကြ၏။ သူတို့မှာ တိုက်ပွဲကြီးထဲတွင် အရင်ဆုံး ဝင်ရောက်တိုက်ခိုက်ကြမည့် လူများဖြစ်သည်။ သူတို့ကို ဦးဆောင်နေသူများမှာ ဂိုဏ်းချုပ်ကြီးရှုနှင့် ဧရာမသစ်ပင်ကြီးတို့ ဖြစ်ပေသည်။

သူတို့မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူများဖြစ်ကြသောကြောင့် ထိုအဖွဲ့များကို တာဝန်အပြည့်ယူထားရ၏။ လီရှင်းဝမ်မှာ ခံစစ်‌ကြောင်းများအား ပြောင်းလဲရာတွင် တာဝန်ယူထားပြီး သွမ့်မုချွယ်မှာမူ တိုက်ပွဲကြီး၏ အရှိန်ကို ထိန်းညှိပေးရန် တာဝန်ယူထားသည်။

ထို့အပြင် စခန်းထဲရှိ တစ်ဦးတည်းသော ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဖြစ်သည့် ဖုန့်ချိုးရန်လည်း ရှိနေသေးသည်။ သူမသည် အချိန်အကြာကြီး အနားယူခဲ့ပြီးနောက် သူမ၏ ကျင့်ကြံခြင်းစွမ်းအားများမှာ ထိပ်ဆုံးအနေအထားသို့ ပြန်လည်ရောက်ရှိလာပြီ ဖြစ်သည်။ သူမ၏ တာဝန်မှာမူ နေအဖွဲ့အစည်းမန္တန်အစီအရင်ကြီးက ပေးစွမ်းထားသည့် စွမ်းအားများကို သူမ၏ ကျင့်ကြံခြင်းပညာရပ်များထဲ၌ ထည့်သွင်းအသုံးပြုပြီး ကိုယ်ပွားများ ဖန်တီးကာ အဆုံးမဲ့မျိုးနွယ်စုဝင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများကို ခုခံတွန်းလှန်ပေးရန် ဖြစ်သည်။

၎င်းမှာ အလွန်အင်မတန်မှ ကြီးလေးသော တာဝန်ကြီးတစ်ခု ဖြစ်ပေသည်။

သောကြာဂြိုဟ်ဘက်မှ လိုအပ်သည်များကို ပြင်ဆင်နေစဉ် ကျယ်ပြန့်တာအိုနန်းတော် တပ်ဖွဲ့များမှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်မှ စတင်ထွက်ခွာလာကြပြီ ဖြစ်သည်။ ထိုတပ်ဖွဲ့များမှာ အတူတကွ စုစည်းလိုက်ကြပြီးနောက် တိုက်စစ်ဆင်ရန် ဖြန့်ကြက်လိုက်ကြပြီး သောကြာဂြိုဟ်‌ဆီသို့ ဦးတည်သွားကြ၏။ ထို့ကြောင့် ထို တပ်ဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့တော့မည့် နေ့ရက်ကြီးမှာ တစ်ရက်နှင့်တစ်ရက် ပိုမိုနီးကပ်လာပြီဖြစ်သည်။ ကမ္ဘာနှင့် သောကြာဂြိုဟ်ကြားရှိ အာကာသကြီးထဲတွင်မူ ဝမ်ပေါင်လဲ့မှာ လမင်းခံတပ်ကြီးကို ထိန်းချုပ်ကာ သောကြာဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် မောင်းနှင်လာနေ၏။ သူသည် ဘေးကျပ်နံကျပ် အခြေအနေတစ်ခုသို့ ရောက်နေရပြီဖြစ်သည်။

” မြို့တော်သခင်ဝမ်။ လရဲ့ လက်ရှိ အမြန်နှုန်းအတိုင်းသာဆိုရင် သောကြာဂြိုဟ် ခံစစ်ကြောင်းဆီကို ရောက်နိုင်ဖို့အတွက် အနည်းဆုံး အချိန်နှစ်ပတ်လောက် ပေးမှရမယ် ”

” တကယ်လို့ ကျွန်တော်တို့တွေ အရဲစွန့်ပြီးတော့ စက်တွေကို အလွန်အကျွံ မောင်းနှင်လိုက်မယ်ဆိုရင်တောင် လိုအပ်တဲ့အချိန်ကို ဆယ်ရက်ထက်ပိုပြီးတော့ လျှော့ချနိုင်မှာ မဟုတ်ဘူး။ အဲတာတောင် ခရီးစဉ်တစ်လျှောက်လုံးမှာ ဘာအတားအဆီးနဲ့မှ မကြုံရဘဲ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဦးမှ။ စက်တွေကို အဲဒီလို အချိန်အကြာကြီး အလွန်အကျွံ မောင်းနှင်လိုက်မယ်ဆိုရင်လည်း … လမင်းကြီးက မတည်မငြိမ်ဖြစ်လာနိုင်တယ်။ တကယ်လို့ မတော်တဆတစ်ခုခုသာ ဖြစ်သွားခဲ့မယ်ဆိုရင် လမင်းကြီးက အရှိန်အဟုန်နဲ့ ရွေ့လျားနေတုန်း တစ်စစီ ပျက်စီးသွားနိုင်တယ် ”

ဝမ်ပေါင်လဲ့မှာ ဌာနချုပ်ထဲတွင် ဝန်ထမ်းများ၏ အစီရင်ခံစာများကို နားထောင်ရင်း မျက်နှာအမူအရာ သုန်မှုန်နေရပြီ ဖြစ်သည်။

လီရှင်းဝမ်မှာ သူ့အား နှစ်ပတ်အတွင်း အရောက်လာရန် ညွှန်ကြားထားသည် ဖြစ်ပါသော်လည်း စစ်မြေပြင်ပေါ်တွင် မည်သည့်အရာကိုမှ တရားသေ သတ်မှတ်၍မရကြောင်း ဝမ်ပေါင်လဲ့က နားလည်ထား၏။ ကံကောင်းပါက သူတို့ မမျှော်လင့်ထားသည့် အရာများ ပေါ်ပေါက်လာနိုင်ခြေ မရှိပါသော်လည်း အကယ်၍ တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်စုဝင် တပ်ဖွဲ့များ သူတို့ ထင်မှတ်ထားသည်ထက် စော၍ ရောက်ရှိလာပြီး လမင်းခံတပ်ကြီး ရောက်မလာခင် စတင်တိုက်ခိုက်လိုက်ကြမည်ဆိုပါက ပြည်ထောင်စုကြီးမှာ အန္တရာယ်ကြီးနှင့် ကြုံလိုက်ရမည်သာ ဖြစ်သည်။

” ငါတို့‌တွေ သောကြာဂြိုဟ်ဆီကို အမြန်ဆုံးရောက်အောင် သွားဖို့လိုတယ်… ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်ပြတ်သားမှု အပြည့်ရှိသော အမူအရာဖြင့် မျက်လုံးများမှေးကာ ရေရွတ်လိုက်၏။ ထို့နောက် သူသည် ခံတပ်ကြီးအား စက်များအားအလွန်အကျွံ မောင်းနှင်မည့်ဒဏ်ကို ခံနိုင်အောင် ပြင်ဆင်ထားရန် အမိန့်ပေးလိုက်သည်။ ဌာနချုပ်ထဲမှ အခြားကျင့်ကြံသူများမှာ သူ၏ အမိန့်ကို လက်ခံရရှိလိုက်သောအခါ တွေဝေတုံ့ဆိုင်းသွားကြပါသော်လည်း သူ၏အမိန့်အတိုင်း တဝေမသိမ်း လိုက်နာဆောင်ရွက်လိုက်ဆဲပင်။ ထို့ကြောင့် လမင်းကြီး အာကာသထဲတွင် ရွေ့လျားနေရင်း ၎င်း၏ စက်များကို စွမ်းအားမြှင့်တင်ပေးလိုက်သောကြောင့် ၎င်းမှာ ရုတ်တရက်ဆိုသလို တုန်ရီသွားရ၏။ ယခင်တုန်းက ၎င်းမှာ အချိန်အပိုင်းအခြားနှင့် ထွက်ပေါ်လာနေခဲ့သည့် တွန်းကန်အားများကို အသုံးပြု၍ အာကာသကြီးထဲ၌ ရွေ့လျားနေခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ ထိုတွန်းကန်အားများမှာ ရပ်တန့်သွားခြင်းမရှိဘဲ အဆက်မပြတ် ပေါ်ထွက်လာနေပြီဖြစ်ရာ ၎င်းမှာလည်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်သွားတော့သည်။

ထိုသို့ဖြင့် လမင်းကြီး၏ အမြန်နှုန်းမှာ သုံးဆတိတိ ထိုးတက်သွားသောကြောင့် နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ပေါက်ကွဲသံများ ထွက်ပေါ်လာတော့သည်။ ထို့နောက် စွမ်းအင်လှိုင်းများမှာလည်း အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့သွားကြ၏။

ထိုသို့ဖြင့် အချိန်များတရွေ့ရွေ့ ကုန်ဆုံးသွားသည်။ ပြည်ထောင်စု တစ်ခုလုံးကြီးမှာ သောကြာဂြိုဟ်အား မျက်ခြည်မပြတ် စောင့်ကြည့်နေကြ၏။ ကမ္ဘာဂြိုဟ်ပေါ်မှ လူများဖြစ်စေ၊ အင်္ဂါဂြိုဟ်ပေါ်မှ လူများဖြစ်စေ၊ သူတို့အားလုံးမှာ သောကြာဂြိုဟ်တိုက်ပွံကြီးအပေါ် အာရုံအပြည့်ရောက်နေကြသည်။ သူတို့မှာ နှလုံးသားထဲ၌ ပူပန်သောကများ ခံစားနေရသည့်တိုင်အောင် မျှော်လင့်ချက်အပြည့် ရှိနေကြဆဲပင်။

ခြောက်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် သောကြာဂြိုဟ် တိုက်ပွဲကြီးမှာ တရားဝင် စတင်သွားတော့သည်။

သောကြာဂြိုဟ် ခံစစ်ကြောင်း၏ ရှေ့တွင် ပထမဆုံးပေါ်ပေါက်လာသည့် အရာများမှာ ဧရာမ ဝဲကြီး ဆယ့်နှစ်ခု ဖြစ်၏။ ထို ဝဲကြီးများထဲမှ အရောင်းမျိုးစုံရှိသော အလင်းတန်းများ ဖြာထွက်လာကြပြီး ထို အလင်းတန်းများထဲမှ တာအိုနန်းတော် စစ်သင်္ဘောကြီးများ ထိုးထွက်လာကြသည်။

အဆုံးမဲ့မျိုးနွယ်စုနှင့် တာအိုနန်းတော် တပ်ဖွဲ့ကြီးထဲမှ ပထမဆုံးအသုတ်မှာ တာအိုနန်းတော် စစ်သင်္ဘောကြီးများပေါ်တွင် လိုက်ပါစီးနင်းလာကြ၏။ သူတို့မှာ သောကြာဂြိုဟ်၏ အပြင်ဘက်အကျဆုံး နဝမမြောက် ခံစစ်ကြောင်းအနီးသို့ ချဉ်းကပ်လာကြပြီ ဖြစ်သည်။

သောကြာဂြိုဟ်မှာ အာကာသကြီးထဲ၌ မှုန်ဝါးဝါးဖြစ်နေပြီး ၎င်း၏ ပတ်ပတ်လည်တွင် ပြည်ထောင်စု စစ်သင်္ဘောကြီးပေါင်း မြောက်မြားစွာ ရှိနေကြသည်။ မန္တန်အစီအရင်များမှ ထွက်ပေါ်လာသည့် အလင်းတန်းများမှာ အာကာသထဲ၌ ရှုပ်ယှက်ခတ်နေကြပြီး ဓမ္မလက်နက် အဆောင်ပစ္စည်းများမှာလည်း တလက်လက် တောက်ပနေကြ၏။ တာအိုနန်းတော် တပ်ဖွဲ့ကြီး၏ ပထမအသုတ် စတင်ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် တိုက်ပွဲကြီးမှာ စတင်သွားတော့သည်။

တပ်ဖွဲ့နှစ်ဖွဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြသည်နှင့် တစ်ပြိုင်နက် ထိုတိုက်ပွဲကြီးမှာ ချက်ချင်းဆိုသလိုပင် အပြင်းထန်ဆုံး အနေအထားသို့ ရောက်ရှိသွား၏။ ဧရာမသစ်ပင်ကြီးနှင့် ဂိုဏ်းချုပ်ကြီးရှုတို့၏ ဦးဆောင်မှုအောက်တွင်ရှိနေသော တိုက်ခိုက်ရေးအဖွဲ့များမှာ အန္တရာယ်အများဆုံး ရင်ဆိုင်နေကြရသည်။ နှစ်ဖက်စလုံးမှ စစ်သင်္ဘောကြီးများမှာ အပြင်းအထန် တုန်ရီနေကြပြီး တာအိုနန်းတော် ကျင့်ကြံသူများမှာ သူတို့၏ စစ်သင်္ဘောကြီးများထဲမှ အလုံးအရင်း ပြေးထွက်လာကြ၏။ ထို့ကြောင့် အာကာသကြီးထဲတွင် တိုက်ပွဲထဲမှ ဆူညံသံများဖြင့် ပြည့်နှက်နေပြီး နဝမမြောက် ခံစစ်ကြောင်းတစ်လျှောက်တွင် ပေါက်ကွဲသံများ ပဲ့တင်ထပ်နေတော့သည်။

တာအိုနန်းတော် တပ်ဖွဲ့များမှာ ကျိုင်းကောင်များကဲ့သို့ ပြည်ထောင်စုကြီး၏ ခံစစ်ကြောင်းအား ဖျက်ဆီးချေမှုန်းနေကြ၏။ သူတို့မှာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြည်ထောင်စုကြီး၏ တပ်ဖွဲ့များအား နောက်သို့ အဆက်မပြတ် တွန်းထုတ်နေကြသဖြင့် နဝမမြောက်ခံစစ်ကြောင်းမှာ စိုးရိမ်ရသည့် အခြေအနေသို့ ရောက်နေပြီဖြစ်သည်။ ပြည်ထောင်စုကြီးမှာ သူတို့၏ တပ်ဖွဲ့များကို လိုသလို ပြောင်းလဲပေးနေသည့်တိုင်အောင် သူတို့၏ တိုက်ရည်ခိုက်ရည် စွမ်းအားများနှင့် ရန်သူများ၏ တိုက်ရည်ခိုက်ရည်စွမ်းအားများမှာ မိုးနှင့်‌မြေလို ကွာခြားနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ နဝမမြောက် ခံစစ်ကြောင်းမှာ ပြိုလဲပျက်စီးသွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

မန္တန်အစီအရင်ကြီးများနှင့် ဓမ္မလက်နက် အဆောင်ပစ္စည်းများ၏ စွမ်းအားများကို အဆက်မပြတ် ထုတ်လွှတ်နေသောကြောင့် အာကာသကြီးထဲတွင် မျက်စိကျိန်းစရာကောင်းသော အလင်းတန်းများဖြင့် ပြည့်နှက်နေ၏။ အချို့သော ပြည်ထောင်စု ကျင့်ကြံသူများမှာဆိုလျှင် သူတို့ကိုယ်သူတို့ အသေခံဗုံးခွဲတိုက်ခိုက်ခဲ့ကြသည်။ ထို့ကြောင့် တိုက်ပွဲကြီး စတင်သွားပြီးနောက် အချိန်တို‌လေးအတွင်းတွင် အသေအပျောက်နှုန်းမှာ ချက်ချင်းဆိုသလိုပင် ထိုးတက်သွားတော့သည်။

ထိုအချိန်တွင် တာအိုနန်းတော်မှ လက်ခံကောင်တစ်ကောင်၏ ခန္ဓာကိုယ်ထဲတွင် ခိုအောင်းနေခဲ့သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ အဆုံးမဲ့မျိုးနွယ်စုဝင် တပ်ဖွဲ့များထဲ၌ ပေါ်ပေါက်လာ၏။ သူသည် ဝမ်ပေါင်လဲ့အား တိုက်ခိုက်ခဲ့ပြီး တာအိုဘုန်းတော်ကြီးယိုရန်၏ အချိန်မီ လာရောက်ကယ်ဆယ်မှုနှင့်အတူ ထွက်ပြေးလွတ်မြောက်သွားခဲ့သော ကျင့်ကြံသူများထဲမှ တစ်ယောက်ဖြစ်သည်။ သူသည် စစ်မြေပြင်ထဲ၌ ပေါ်ပေါက်လာသည်နှင့် တစ်ပြိုင်နက် အသွားထက် မြားတစ်စင်းကဲ့သို့ နဝမမြောက် ခံစစ်ကြောင်းအား ထိုးဖောက်သွားသည်။ သူသည် ထို ခံစစ်ကြောင်းအား ဖောက်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် အမိန့်များ လက်ခံရရှိလိုက်သည့် ဖုန့်ချိုးရန်မှာ ကိုယ်ပွားတစ်ခု ဖန်တီးလိုက်၏။ ထို့နောက် ထိုကိုယ်ပွားမှာ ရှေ့သို့ ပျံထွက်လာပြီး ထို ဝိညာဉ်ကြားခံနယ်အဆင့် အဆုံးမဲ့မျိုးနွယ်စုဝင် ကျင့်ကြံသူအား တာဆီးလိုက်တော့သည်။ ထိုသို့ဖြင့် သူတို့နှစ်ယောက်မှာလည်း ချက်ချင်းဆိုသလိုပင် အပြင်းအထန် တိုက်ခိုက်နေကြပြီ ဖြစ်သည်။

ထိုတိုက်ပွဲကြီးမှာ ချက်ချင်းဆိုသလိုပင် အပြင်းအထန်ဆုံး အနေအထားသို့ ရောက်ရှိသွားသကဲ့သို့ပင်။ ထိုအချိန်တွင် အာကာသကြီးထဲ၌ နောက်ထပ် ဝဲဆယ့်နှစ်ခု ထပ်၍ ပေါ်ပေါက်လာပြန်သည်။ တာအိုနန်းတော် တပ်ဖွဲ့ကြီး၏ ဒုတိယအသုတ် ရောက်ရှိလာပြီဖြစ်ရာ စစ်မြေပြင်ကြီးပေါ်ရှိ အခြေအနေများမှာလည် ထပ်၍ ပြောင်းလဲသွားတော့သည်။

သွမ့်မုချွယ်မှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲမှတစ်ဆင့် စစ်မြေပြင်ကြီး အခြေအနေတစ်ခုလုံးကို စောင့်ကြည့်နေ၏။ စစ်မြေပြင်ပေါ်ရှိ ပြည်ထောင်စုကျင့်ကြံသူများအားလုံးမှာ တပ်ဖွဲ့ကြီးတစ်ခုလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သလို တစ်ယောက်ချင်းစီ ရပ်တည်နေကြသည့် လူများလည်း ဖြစ်ကြပေသည်။ သူတို့မှာ စစ်ပွဲကြီးတစ်ခုလုံး၏ အခြေအနေကို သိရှိထားခြင်းမရှိပေ။ သူတို့၏ အသိစိတ်ထဲ၌ ဆက်လက်တိုက်ခိုက်နေရန် လိုအပ်သည်ဆိုသည့် အတွေးတစ်ခုသာ ရှိနေ၏။

ကျောက်ယမုန့်၊ လီဝူချန်း၊ ခုန်းတောက်နှင့် အခြားသူများမှာ ရှေ့တန်းတွင် တိုက်ခိုက်နေရသည့် တပ်ဖွဲ့များထဲတွင် မပါပါသော်လည်း ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ ဖြစ်နေကြသောကြောင့် အနားမရကြပေ။ စစ်မြေပြင်ကြီးတစ်ခုလုံးမှာမူ ဆူညံသံများဖြင့် ပြည့်နှက်နေဆဲပင်။

ထိုတိုက်ပွဲကြီး ဖြစ်ပွားနေစဉ် ဝမ်ပေါင်လဲ့မှာ စစ်မြေပြင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေ၏။ သူ၏ လုပ်ပိုင်ခွင့်အာဏာများကြောင့် သူသည် သောကြာဂြိုဟ်တိုက်ပွဲကြီးမှာ စတင်သွားပြီဆိုသည့် သတင်းအချက်အလက်များကို သိရှိထားပြီးဖြစ်သည်။ ထို့ကြောင့် သူသည် စိုးရိမ်စိတ်များ ကြီးထွားလာရ၏။ လမင်းခံတပ်ထဲမှ ကျင့်ကြံသူများမှာ လိုအပ်သည့်တွက်ချက်မှုများ ပြုလုပ်လိုက်ကြပြီးနောက် စစ်မြေပြင်ကြီးဆီသို့ ရောက်ရှိနိုင်ရန် နောက်ထပ် လေးရက်တိတိ လိုသေးကြောင်း သိလိုက်ရသည်။

” လေးရက်…. အချိန်မီပါ့မလားကွာ… ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်သွားပြီးနောက် မျက်ဝန်းများထဲ၌ ဆုံးဖြတ်ချက်ပြတ်သားသည့် အလင်းရောင်များ တောက်ပသွား၏။ သူသည် သောကြာဂြိုဟ် နောက်ထပ်လေးရက်တိတိ ဆက်၍ တောင့်ခံနိုင်မည်ဆိုသည့် အချက်အား မျက်စိမှိတ် ယုံကြည်နေ၍ မဖြစ်ပေ။

စစ်မြေပြင်ပေါ်၌ မတော်တဆဖြစ်ရပ်တစ်ခုခု ပေါ်ပေါက်လာရုံနှင့် အရာအားလုံးမှာ ပြောင်းလဲသွားနိုင်ပေသည်။ သို့ဖြစ်ရာ အကောင်းဆုံးနည်းလမ်းမှာ စစ်မြေပြင်ကြီးဆီသို့ အမြန်ဆုံးရောက်အောင်သွားကာ လမင်းခံတပ်ကြီး၏ စွမ်းအားများနှင့် သူ၏ စွမ်းအားများကို ထုတ်သုံးရန်ဖြစ်ပေသည်။ သို့မှသာ ပြည်ထောင်စုကြီးဘက်မှ ပြန်၍ အသာစီးရနိုင်မည် ဖြစ်သည်။

လမင်းခံတပ် ဌာနချုပ်ထဲမှလူတိုင်းမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲရှိ ဆုံးဖြတ်ချက်ပြတ်သားမှု အရိပ်အယောင်များအား ရှင်းလင်းပြတ်သားစွာမြင်နေရ၏။ သူတို့မှာ သူတွေးနေသည့် အရာများကို ခန့်မှန်းမိသွားကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့ထဲမှ တစ်ယောက်မှာ ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

” မြို့တော်သခင်ဝမ်။ လက်ရှိမှာ လမင်းခံတပ်က တွန်းကန်အားတွေကို ဒီထက်ပိုပြီးတော့ ဖန်တီးပေးနိုင်မှာ မဟုတ်…. ”

” မှားတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ကောင်းကင်‌ကြီးအား မော့ကြည့်လိုက်၏။ သူ၏မျက်ဝန်းများထဲတွင် ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပနေသည်။ ခဏအကြာတွင် သူသည် ပျောက်ကွယ်သွားပြီး လေထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီး အိပ်မောကျနေသည့် နေရာရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ တရိုတသေ ဦးညွှတ်လိုက်တော့သည်။ ထို့နောက် သူသည် လေသံတိုးတိုးဖြင့် ရေရွတ်လိုက်၏ ” ဂိုဏ်းတူအစ်ကိုကြီး ချန်မော့ဖုန်း… အစ်ကို အနားယူနေတာကို နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ် ”

ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်တော့သည်။ ထိုအခါ ၎င်းထဲရှိ အစိမ်းရောင်ကြာပွင့်လေးမှာ အပြင်းအထန် တုန်ရီလာ၏။ ထို့နောက် ရာပေါင်းများစွာ ရှိနေသော ၎င်း၏ ကြာစေ့များထဲမှ တစ်စေ့မှာ ပေါက်ကွဲသွားတော့သည်။

ထိုအချိန်တွင် လမင်းကြီးပေါ်ရှိ လိုဏ်ဂူကြီးထဲတွင် အိပ်မောကျနေသော ညနတ်ဆိုးဧကရာဇ်ကြီးမှာ ရုတ်တရက်ဆိုသလို… မျက်လုံးများ ပွင့်လာတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset