ထို ညည်းသံမှာ နူးညံ့သိမ်မွေ့ကာ ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်နေ၏။ သို့သော် တစ်စုံတစ်ခုအား ဇဝေဇဝါ ဖြစ်နေသည့်လေသံတော့ မပေါက်ပေ။ ထို့ကြောင့် ညနတ်ဆိုးဧကရာဇ်ကြီးမှာ သူ၏ ဇနီးဖြစ်သူ ကျစ်ယွဲ့ သူ့အပေါ် မကောင်းသည့်လုပ်ရပ်ကြီးတစ်ခု ကျူးလွန်ခဲ့သည့် အချက်အား နားမလည်နိုင်ဘဲ ဖြစ်နေသည့်ပုံ မပေါ်ပေ။ သူသည် ထိုဖြစ်ရပ်ကြီးကြောင့် သူတို့နှစ်ယောက်၏ကြားမှ ဆက်ဆံရေး အဆုံးသတ်သွားခဲ့ရသည်ကိုသာ နောင်တရနေသည့်ပုံ ပေါက်နေ၏။
သူသည် ယခုကဲ့သို့ စိတ်ကူးများနှင့်ပင် မမှန်းဆနိုင်သည့် ဒဏ်ရာများကို ရရှိခဲ့သည့်တိုင်အောင် သူ၏ ဇနီးအား လွမ်းဆွတ်တမ်းတနေသေးသည့်ပုံပင်…
ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီးအား နားမလည်နိုင်ဘဲ ဖြစ်နေရသဖြင့် နှုတ်ဆိတ်နေမိတော့သည်။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီး မဟုတ်သောကြောင့် သူခံစားနေရသည့် အရာများကို မခံစားနိုင်သဖြင့် သူ၏ မျက်ဝန်းများထဲ၌ ခံစားချက်မျိုးစုံ ရောယှက်နေတော့သည်။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီးအား စာနာသနားနေမိသည်မှာ သူ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးကြောင့် ဖြစ်နေသည်လော သို့မဟုတ် သူ၏ အပြစ်မမြင်နိုင်သော ချစ်ခြင်းမေတ္တာများကြောင့် ဖြစ်နေသည်လော ဝေခွဲမရ ဖြစ်နေရ၏။
ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ ညည်းသံများထဲ၌ အခြားခံစားချက်များ ကိန်းအောင်းနေသေးခြင်း ရှိမရှိ အချိန်ကုန်ခံ၍ တွေးနေခဲ့ခြင်းမရှိပေ။ သူသည် သူ၏ အမှောင်ပညာရပ်မှာ သူ့အား ဤဝိညာဉ်အမျှင်အတန်းလေးကို ရှာတွေ့အောင် ကူညီပေးနိုင်ခဲ့လိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။
ထိုညည်းသံကြီး ပြီးဆုံးသွားချိန်တွင် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီး၏ ဝိညာဉ်အစစ်အား မမြင်ရတော့ဘဲ အသစ်ပေါ်ပေါက်လာသည့် နောက်ကျိကျိ ဝိညာဉ်ကိုသာ မြင်နိုင်စွမ်း ရှိတော့သည်။
” ကျိယွဲ့ ဟုတ်လား ” ဝမ်ပေါင်လဲ့မှာ ထိုအသံကိုကြားလိုက်ရသောအခါ မျက်လုံးများအရောင်လက်သွားပြီး ဘေးသို့ လှည့်ကြည့်လိုက်၏။ ထိုအခါ မမလေးမှာ သူ၏ဘေးတွင် ပေါ်ပေါက်လာသည်ကို သူက မြင်လိုက်ရသည်။ သူမသည် ဝမ်ပေါင်လဲ့၏ ဘေးတွင်ရပ်ကာ နာကြည်းချက်များနှင့် ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းတစ်စုံဖြင့် ညနတ်ဆိုးဧကရာဇ်ကြီးအား စိုက်ကြည့်နေသည်။
ဝမ်ပေါင်လဲ့မှာ စကားတစ်ခွန်းမှမပြောဘဲ မမလေး၏ ဘေး၌ တိတ်တိတ်ကလေး ရပ်နေလိုက်၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် ညနတ်ဆိုးဧကရာဇ်ကြီးမှာ စတင်တုန်ရီလာတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ အမှောင်ပညာရပ်အား တွန်းလှန်နိုင်ရန် ကြိုးပမ်းနေသည့်ပုံပင်။ ခဏအကြာတွင် သူသည် စတင် အော်ဟစ်မြည်တမ်းလာတော့သည်။ ထိုအချိန်တွင် မမလေးမှာ လေသံတိုးတိုးဖြင့်ဆိုလိုက်၏ ” ပေါင်လဲ့။ နင့်ရဲ့ ကြာစေ့တွေထဲက တစ်စေ့လောက် ငါ့ကိုပေးဦး ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ၏ ဝါးမျိုခြင်းသစ်စေ့အား အသုံးပြုလိုက်သဖြင့် ၎င်းထဲတွင် ရှိနေသည့် အစိမ်းရောင်ကြာပွင့်လေးမှာ တုန်ရီသွားရ၏။ ထို့နောက် ကြာစေ့တစ်စေ့မှာ ဝမ်ပေါင်လဲ့၏ လက်ထဲသို့ ကျလာတော့သည်။
၎င်းမှာ အစစ်မဟုတ်ဘဲ အကြည်ရောင်ရှိသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား မမလေး၏ လက်ထဲသို့ ထည့်လိုက်၏။
” ကျေးဇူးပါပဲ ” မမလေးမှာ လေသံတိုးတိုးဖြင့် ဆိုလိုက်ပြီးနောက် ထို ကြာစေ့အား လှမ်းယူလိုက်၏။ ထို့နောက် သူမသည် ဖျော့တော့တော့ အလင်းရောင် အမျှင်အတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ညနတ်ဆိုးဧကရာဇ်ကြီး၏ နဖူးထဲသို့ ဝင်သွားတော့သည်။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ဆတ်ခနဲ တုန်ရီသွားပြီး ရုန်းကန်နေခြင်း မရှိတော့ဘဲ ငြိမ်ကျသွား၏။ ထို့နောက် သူသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားသည့်အလား မျက်လုံးများ မှိတ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့မှ မြင်ကွင်းအား စိုက်ကြည့်ရင်း အတွေးများထဲ၌ နစ်မျောကာ ငြိမ်ကျသွား၏။ တစ်နာရီတိတိ ကုန်ဆုံးသွားပြီးနောက် ညနတ်ဆိုးဧကရာဇ်ကြီး၏ နဖူးပေါ်တွင် အလင်းရောင်တစ်ခု တောက်ပလာပြီး မမလေးမှာ ဝမ်ပေါင်လဲ့၏ ဘေး၌ ပြန်လည်ပေါ်ပေါက်လာသည်။ လွန်ခဲ့သည့် တစ်နာရီတုန်းက သူမ ခံစားနေခဲ့ရသည့် ဝမ်းနည်းပူဆွေးမှုများ၏ နေရာတွင်မူ မကျေမနပ်ဖြစ်နေသည့် ဒေါသစိတ်များ အစားထိုးဝင်ရောက်လာပြီဖြစ်သည်။
” ကျိယွဲ့က ငါ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ ပထမဦးဆုံး မိတ်ဆွေဖွဲ့ခဲ့တဲ့ တစ်ယောက်ပဲ ” မမလေးမှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” သူ သခင်ကျိုးရဲ့ တပည့် ချန်မော့ဖုန်းနဲ့ ထိမ်းမြားလက်ထပ်တဲ့ နေ့မှာ ငါက သူ့ကို လက်ဆောင်တစ်ခုပေးခဲ့တာ။ အဲဒီ လက်ဆောင်က ငါ့အဖေ ငါ့ကိုပေးထားတဲ့ အစွမ်းထက် အဆောင်ပစ္စည်းတစ်ခုပဲ ”
” ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အစွမ်းအထက်ဆုံးတာအိုက ကြယ်သန္ဓေတာအိုလေ။ ငါ့ရဲ့ အဖေက အဲဒီတာအိုအကြောင်း စစသိခဲ့ချင်းတုန်းကဆိုရင် အဲဒီတာအိုကို ပါးစပ်ကိုမချဘဲ ချီးမွမ်းခဲ့တာ။ သခင်ကျိုးက ကြယ်သန္ဓေတာအိုကို လေ့ကျင့်ထားခဲ့တာလေ။ အဲဒီတာအိုကို မျိုးဆက်တစ်ခုကနေ နောက်ထပ်မျိုးဆက်တစ်ခုဆီ လွှဲပြောင်းပေးနိုင်ဖို့က အရမ်းခက်တာ။ မျိုးဆက်တစ်ခုချင်းစီတိုင်းမှာ အဲဒီတာအိုကို လူတစ်ယောက်ပဲ အမွေဆက်ခံခွင့်ရှိတာ။ အဲလို အမွေဆက်ခံမယ့်လူက သူ့ကို အမွေလွှဲပြောင်းပေမယ့် လူရဲ့ ဝိညာဉ်သစ်စေ့ကို ပိုင်ဆိုင်ထားဖို့လိုတယ်… ”
” ချန်မော့ဖုန်းက သခင်ကျိုးရဲ့ တစ်ဦးတည်းသော တပည့်မလို့ ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ သူက ကြယ်သန္ဓေတာအိုရဲ့ ပိုင်ရှင်အသစ် ဖြစ်လာရမှာ ” မမလေးမှာ ထိုသို့ဆိုလိုက်ပြီးနောက် စကားဆက်မပြောနိုင်တောသည့် အမူအရာဖြင့် ရပ်တန့်သွား၏။
” ပေါင်လဲ့ နင် ဘာလို့ ဒီနေရာကို ရောက်လာတာလဲဆိုတာ ငါ သိပါတယ်။ နင်က နင့်ရဲ့ကြာပွင့်ကို သုံးပြီးတော့ သူ့ကို ထိန်းချုပ်လို့ရမရ စမ်းသပ်ကြည့်ချင်နေတာမလား။ နင် မဖြစ်မနေ လုပ်စရာမလိုဘူးဆိုရင်တော့ ဂိုဏ်းတူအစ်ကိုချန် အနားယူနေတာကို အနှောင့်အယှက်မပေးပါနဲ့… ငါ ပင်ပန်းနေပြီ… ” မမလေး၏ စကားသံမှာ တဖြည်းဖြည်းနှင့် ပို၍ တိုးလာ၏။ နောက်ဆုံးတွင် သူမသည် မျက်နှာဖုံးထဲသို့ ပြန်ဝင်သွားသောကြောင့် သူမ၏ စကားသံမှာလည်း ပျောက်ကွယ်သွားတော့သည်။ သူမသည်လည်း ပြန်၍ အိပ်မောကျသွားသည့်ပုံပင်။
ဝမ်ပေါင်လဲ့မှာ အချိန် အတော်အတန်ကြာအောင် မလှုပ်မယှက် ရပ်နေလိုက်ပြီးနောက် နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။ မမလေးမှာ သူ၏ အကြံအစည်အား မှန်ကန်စွာ ခန့်မှန်းနိုင်ခဲ့သည် မဟုတ်ပါလော။ သူသည် သူ၏ ကြာပွင့်လေးနှင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ ကြားရှိ ဆက်နွယ်မှုအား စမ်းသပ်ကြည့်ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်သည်။ ထို့အပြင် သူသည် ညနတ်ဆိုးဧကရာဇ်ကြီးအား ထိန်းချုပ်၍ရမရ သိချင်နေခဲ့၏။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီး၏ အတိတ်အကြောင်းကို အသေးစိတ် သိရှိထားခြင်း မရှိသလို မမလေး ညနတ်ဆိုးဧကရာဇ်ကြီး၏ နဖူးထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် လုပ်ခဲ့သည့်အရာများကိုလည်း သိမထားပေ။ သို့သော် သူသည် မမလေး ပြောခဲ့သည့် စကားများကြောင့် အကြမ်းဖျင်း ခန့်မှန်းနိုင်သွား၏။
” အဆုံးမဲ့မျိုးနွယ်စု ကျူးကျော်လာတော့ သခင်ကျိုးက တိုက်ပွဲထဲမှာ ကျမသွားခင် သူ့ရဲ့ ကြယ်သန္ဓေတာအိုကို သူ့ရဲ့တပည့် ချန်မော့ဖုန်းဆီ လွှဲပေးခဲ့တာ။ ချန်မော့ဖုန်းက ကြီးမားတဲ့ တာဝန်ကြီးတစ်ခုကို ယူထားရပေမယ့် သူ့ရဲ့ တာအိုလက်တွဲဖော်က သူ့ကို မကောင်းကြံခဲ့တာပဲ။ သူက ချန်မော့ဖုန်းရဲ့ မှတ်ဉာဏ်တွေကို ဖျက်ဆီးပစ်နိုင်ဖို့ သူ့ရဲ့ ဦးနှောက်ကို ထုတ်ယူခဲ့ပြီး သူ့ရဲ့ ဝိညာဉ်ကို ရယူနိုင်ဖို့ သူ့ရဲ့ နှလုံးသားကို ဆွဲထုတ်ခဲ့တဲ့အပြင် သူ့ရဲ့ တာအိုနဲ့ ကျင့်ကြံခြင်းစွမ်းအားကိုပါ ဖျက်ဆီးပစ်ခဲ့တာ။ ပြီးတော့ သူ့ရဲ့လက်တွဲဖော်က သူ့ဆီကနေ ယူခဲ့တဲ့ အရာတွေနဲ့ ဝိညာဉ်သစ်စေ့တစ်ခု ဖန်တီးသန့်စင်ခဲ့ပြီး ကြယ်သန္ဓေတာအိုကို လေ့ကျင့်နိုင်အောင် လုပ်ခဲ့တာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း အိပ်မောကျနေသည့် ညနတ်ဆိုးဧကရာဇ်ကြီးအား အချိန်အကြာကြီး စိုက်ကြည့်နေလိုက်တော့သည်။
” ကျိယွဲ့ အသုံးပြုခဲ့တဲ့ နည်းလမ်းတွေက တော်တော်ကိုမှ ရက်စက်ကြမ်းကြုတ်တာပဲ။ သူက ညနတ်ဆိုးဧကရာဇ်ကြီး ပြန်နိုးထမလာနိုင်အောင်အထိ လုပ်ခဲ့တာ။ ဒါပေမဲ့ ညနတ်ဆိုးဧကရာဇ်ကြီးက သူ့ကို မမုန်းတဲ့အပြင် လွမ်းဆွတ်တမ်းတနေတုန်းပဲ ဆိုတာကိုတော့ သူက သိမှာ မဟုတ်ဘူး… ” ဝမ်ပေါင်လဲ့မှာ ကြာစေ့နှင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ ကြားရှိ ဆက်နွယ်မှုအား အာရုံခံမိလိုက်ပြီးနောက် သက်ပြင်းများချလိုက်၏။ ထို့နောက် သူ၏ မျက်ဝန်းများထဲမှ စာနာသနားစိတ်များမှာ ပျောက်ကွယ်သွားတော့သည်။ ခဏအကြာတွင် သူသည် နောက်သို့လှည့်ကာ လိုဏ်ဂူကြီးထဲမှ ထွက်ခွာလာပြီး လေထဲ၌ ပြန်လည်ပေါ်ပေါက်လာ၏။
” အစိမ်းရောင်ကြာပွင့်လေးနဲ့ ညနတ်ဆိုးဧကရာဇ်ကြီးရဲ့ ကြားမှာ ဆက်နွယ်မှုတွေ အများကြီးရှိနေတဲ့ပုံပဲ။ သူက အစိမ်းရောင်ကြာပွင့်လေးရဲ့ ပိုင်ရှင်ဟောင်း ဖြစ်ရင်ဖြစ်နေနိုင်တယ်။ ဒါမှမဟုတ် သူ့ရဲ့ ဆရာဖြစ်တဲ့ သခင်ကျိုးကများ ပိုင်ရှင်ဟောင်း ဖြစ်နေမလား မသိဘူး ” ဝမ်ပေါင်လဲ့မှာ စိတ်ဓာတ်ကျနေသည့် မမလေးအား သူ၏မေးခွန်းများဖြင့် အနှောင့်အယှက် မပေးရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် သူသည် အဝေးသို့ ပျံသန်းထွက်ခွာသွားပြီး ကြယ်ရောင်စုံများဖြင့် တောက်ပနေသည့် ကောင်းကင်ယံကြီးအား မော့ကြည့်နေလိုက်တော့သည်။
” ကျယ်ပြန့်တာအိုနန်းတော်ထဲမှာ အစွမ်းအထက်ဆုံး တာအိုဆိုပါလား။ အဲလောက်အထိ အစွမ်းထက်နေရင်တောင် လျှို့ဝှက်ဆန်းကြယ် ပညာရပ်လေးတစ်ခုကို ပိုင်ဆိုင်ရရုံအတွက်နဲ့ ဘယ်သူကများ ဒီလောက်အထိ ဆိုးရွားတဲ့ လုပ်ရပ်ကြီးတစ်ခုကို လုပ်နိုင်ရတာလဲ။ ငါဆိုရင်တော့ လုပ်နိုင်မှာမဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွားပြီး ညနတ်ဆိုးဧကရာဇ်ကြီး အိပ်မောကျနေသည့် နေရာသို့ လှည့်ကြည့်လိုက်၏။ ထို့နောက် သူသည် ခြေတစ်လှမ်းလှမ်းကာ လပေါ်ရှိ စခန်းဆီသို့ ဦးတည်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ စေ့စပ်တိကျသော ကြီးကြပ်ကွပ်ကဲမှု၏ အောက်တွင် သုံးရက်တိတိကုန်ဆုံးသွား၏။ အရာအားလုံး အဆင်ပြေ ချောမွေ့နေကြောင်း သေချာသွားသောအခါမှ ဝမ်ပေါင်လဲ့မှာ တာဝန်ကိုယ်စီဖြင့် အလုပ်ရှုပ်နေကြသည် ကျင့်ကြံသူပေါင်း မြောက်မြားစွာနှင့်အတူ စခန်းထဲရှိ ဌာနချုပ်ထဲတွင် ရပ်ရင်း ဖန်သားပြင်များပေါ်ရှိ အချက်အလက် ကိန်းဂဏန်းများကို စိုက်ကြည့်ကာ ထွက်ခွာရန် အမိန့်ပေးလိုက်တော့သည်။
” သွားကြစို့ ”
ဝမ်ပေါင်လဲ့၏ စကားသံ ထွက်ပေါ်လာသည်နှင့် လပေါ်ရှိ စက်များအားလုံးမှာ စတင်လည်ပတ်လာကြတော့သည်။
ထိုစက်များကြောင့် လမင်းကြီးထဲ၌ စွမ်းအင်အမြောက်အမြား စုဝေးလာကြသဖြင့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး နေရာအနှံ့သို့ ပျံ့နှံ့သွား၏။ စွမ်းအင်များမှာ တဖြည်းဖြည်းနှင့် ပို၍များပြားလာနေကြဆဲပင်။ ခဏအကြာတွင် လမင်းကြီးမှာ စတင်တုန်ရီလာပြီး ၎င်း၏ ဂြိုဟ်ပတ်လမ်းကြောင်းပေါ်မှ စတင်ရွေ့လျားလာတော့သည်။ သို့သော် ကမ္ဘာဂြိုဟ်၏ ဆွဲငင်အားများမှာ လမင်းကြီးအား မလှုပ်ရှားနိုင်အောင် ဆက်လက် ဆွဲငင်ထားနေဆဲပင်။ သို့ဖြစ်ရာ လမင်းကြီး ၎င်း၏ ဂြိုဟ်ပတ်လမ်းပေါ်မှ လွတ်မြောက်သွားနိုင်ရန်အတွက် အချိန်ပေးရဦးမည် ဖြစ်သည်။ သူတို့မှာ လမင်းကြီး ကမ္ဘာဂြိုဟ်၏ ဆွဲငင်အားများကို လွန်ဆန်နိုင်မည့် စွမ်းအင်ပမာဏအား စုဆောင်းပြီးသည့်အချိန်အထိ စောင့်ဆိုင်းရန် လိုအပ်ပေသည်။
” လမန္တန်အစီအရင်ကြီးကို ဖွင့်ပြီးသွားပါပြီ။ တွက်ချက်မှုတွေအရဆိုရင် လမင်းကြီးက အမြင့်ဆုံး အမြန်နှုန်းနဲ့ ရွေ့လျားနေမယ်ဆိုရင်တောင် တည်ငြိမ်နေမှာပါ ”
” ကျွန်တော်တို့တွေ လိုအပ်တဲ့ စွမ်းအင်ပမာဏရဲ့ ခြောက်ဆယ်ရာခိုင်နှုန်းတိတိကို စုဆောင်းပြီးသွားပါပြီ။ ခုနစ်ဆယ်ရာခိုင်နှုန်းရောက်ဖို့ နည်းနည်းပဲ လိုပါတော့တယ် ”
” ကိန်းဂဏန်း အချက်အလက်တွေအားလုံး ပုံမှန်ပါပဲ။ လရဲ့ တွန်းကန်အားကို တိုးမြှင့်ပေးနိုင်ဖို့အတွက် ဝိညာဉ်ဆန့်ကျင်ဗုံးဆယ်လုံးတိတိ ဖောက်ခွဲပစ်ဖို့ ကျွန်တော် အကြံပြုပါရစေ ” ဌာနအသီးသီးမှ အစီရင်ခံစာများမှာ ဌာနချုပ်ဆီသို့ ရောက်ရှိလာကြ၏။ ဝမ်ပေါင်လဲ့မှာလည်း ဝိညာဉ်ဆန့်ကျင်ဗုံးများအား ဖောက်ခွဲမည့် အစီအစဥ်ကို သဘောတူလိုက်သည်။
လမင်းကြီးမှာ တိုက်ပွဲထဲတွင် အသုံးပြုနိုင်သည့် ခံတပ်ကြီးတစ်ခုကဲ့သို့ ဖြစ်နေသောကြောင့် ဝိညာဉ်ဆန့်ကျင့်ဗုံး အမြောက်အမြား ပိုင်ဆိုင်ထား၏။ ဝမ်ပေါင်လဲ့မှာ လမင်းကြီးအား ထိန်းချုပ်ခွင့်ရသည့်အချိန်မှ ထိုအချက်အား သိသွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ပြည်ထောင်စုကြီးမှာ အပေါ်ယံတွင်သာ အားနည်းချင်ယောင် ဆောင်နေခြင်းဖြစ်ကြောင်း သူက နားလည်သွား၏။ အမှန်တွင် ပြည်ထောင်စုကြီးမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာအတွင်း ဝိညာဉ်ဆန့်ကျင့်ဗုံးများကို အမြောက်အမြား ဖန်တီးစုဆောင်းထားပြီး ဖြစ်သည်။
ဝိညာဉ်ဆန့်ကျင့်ဗုံး ဆယ်လုံး၏ ပေါက်ကွဲမှုကြောင့် လမင်းကြီး၏ တွန်းကန်အားများမှာ ကိုးဆယ်ရာခိုင်နှုန်းအထိ ရောက်ရှိသွား၏။ လပေါ်ရှိ လူတိုင်းမှာ သူတို့အား ဆွဲငင်နေသည့် စွမ်းအင်တစ်မျိုးကို ခံစားမိနေပြီဖြစ်သည်။
” အရာအားလုံး စီစဉ်ထားတဲ့ အတိုင်းပါပဲ။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးနဲ့ ပေါင်းပြီးတော့ လမင်းကြီးကို နောက်ဆုံးတစ်ခေါက် တွန်းပေးဖို့ မြို့တော်သခင်ဝမ်ရဲ့ ခွင့်ပြုချက်ပဲ လိုတော့တာပါ ”
” ခွင့်ပြုတယ် ” ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူကာ ခွင့်ပြုချက်ပေးလိုက်၏။ ထိုအခါ လမင်းကြီးနှင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးတို့မှာ ပေါင်းစည်းသွားတော့သည်။ ထိုသို့ ပေါင်းစည်းပြီးသွားသောအခါ လမင်းကြီးမှာ အပြင်းအထန် တုန်ရီသွားပြီး ထစ်ချုန်းသံများ ထွက်ပေါ်လာ၏။ ထို့နောက် ၎င်းမှာ ကမ္ဘာဂြိုဟ် ဆွဲငင်အားဆီမှ လွတ်ထွက်လာပြီးနောက် အာကာသထဲရှိ ကြယ်တာရာများဆီသို့ ဦးတည်သွားတော့သည်။
လမင်းကြီး ထွက်ခွာသွားသောအခါ ကမ္ဘာဂြိုဟ်ကြီးမှာ တုန်ရီသွားရသဖြင့် ကမ္ဘာပေါ်ရှိ လူများမှာ အထိတ်တလန့်ဖြစ်သွားရ၏။ သူတို့ အားလုံးမှာ ခေါင်းမော့ကာ ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ကြသောအခါ လမင်းကြီးမှာ ယခင်နေရာတွင် ရှိမနေတော့သည်ကို မြင်လိုက်ရတော့သည်။ ၎င်းမှာ အဝေးသို့ မျောလွင့်သွားနေပြီး တဖြည်းဖြည်းနှင့် အရွယ်အစား သေးငယ်သွားနေ၏။
ထိုမြင်ကွင်းကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ ကောင်းလှပေသည်။ လမင်းကြီးမှာ ၎င်း၏ ဂြိုဟ်ပတ်လမ်းကြောင်းမှ ထွက်ခွာသွားသောကြောင့် ဒီရေလှိုင်းများမှာ ပရမ်းပတာ ဖြစ်သွားကြ၏။ ထို့ကြောင့် မိုးထိုးလုမတတ် မြင့်မားနေသည့် လှိုင်းလုံးကြီးများမှာ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာကြပြီး အရာအားလုံးကို လွှမ်းခြုံသွားတော့မည့်ပုံပင်။
သို့သော် ပြည်ထောင်စုကြီးမှာ ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်ရာ ကမ္ဘာပေါ်ရှိ ကျင့်ကြံသူများမှာ သူတို့၏ စွမ်းအားများကို ထုတ်လွှတ်ကာ ထိုလှိုင်းလုံးကြီးများအား တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်၏။ သို့သော်လည်း လမင်းကြီး ထွက်ခွာသွားပြီး လှိုင်းလုံးကြီးများ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည့် မြင်ကွင်းမှာ ပြည်ထောင်စုကြီးထဲရှိ လူများ၏ အသိစိတ်ထဲတွင် စွဲထင်ကျန်ရစ်နေခဲ့မည်သာ ဖြစ်သည်။
ထိုအချိန်တွင် ပြည်ထောင်စုကြီးမှာ လမင်းပေါ်ရှိ စခန်းထဲတွင် တာဝန်ကျနေသည့် လူအား အများပြည်သူ သိရှိသွားအောင် ကြေညာလိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာ လမင်းကြီးကို ထိန်းချုပ်ကာ ၎င်း၏ လမ်းကြောင်းအား ပြောင်းလဲပစ်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် ပြည်ထောင်စုကြီးထဲ၌ ဂုဏ်သတင်းကျော်စောသွား၏။ ယခုတွင် သူသည် သွမ့်မုချွယ်ထက်ပင် ပို၍ နာမည်ကြီးနေလောက်ပြီ ဖြစ်သည်။
လမင်းကြီး ၎င်း၏ ဂြိုဟ်ပတ်လမ်းပေါ်မှ ထွက်ခွာသွားပြီး အာကာသကြီးထဲသို့ ဦးတည်သွားနေစဉ် ဗုဒ္ဓဟူးဂြိုဟ်ပေါ်ရှိ အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးထဲတွင် တရားထိုင်ကာ ထိုစစ်သင်္ဘောကြီးအား ထိန်းချုပ်နေသည့် တိုက်ပွဲဝတ်ရုံကြီးကို ပြုပြင်နေခဲ့သော တာအိုဘုန်းတော်ကြီးယိုရန်မှာ မျက်လုံးများ ပွင့်လာတော့သည်
သူ၏ ရှေ့တွင်ရှိနေသော တိုက်ပွဲဝတ်ရုံကြီးမှာ အကောင်းပတိအတိုင်း ပြန်ဖြစ်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် သူသည် ခေါင်းမော့လာပြီး အနက်ရောင် အလင်းရောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သောကြာဂြိုဟ်အား လှမ်းကြည့်လိုက်၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူ၏ အမိန့်ပေးသံကြီးမှာ တာအိုနန်းတော်တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
” သောကြာဂြိုဟ်ကို ဖျက်ဆီးကြ “