အခန်း (၁၁၂) ခြေတစ်လှမ်းနီးကပ်လာြခင်း
တိမ်စီးဆင်းကြေးမုံမှန်ကို သွေးသန့်စင်ကျောက်တုံးနှင့် အတူတကွ တွဲဖက်အသုံးပြုသည့်တိုင် သွေးမိစ္ဆာပြားကို ပြုလုပ်ရန် မလုံလောက်ပေ။
သို့သော် အဓိကပါဝင်ပစ္စည်း (၂)ခုလုံး ရရှိပြီဖြစ်သဖြင့် ရန်ကျောက်ကဲအနေဖြင့် သွေးမိစ္ဆာပြားကို ပြုလုပ်လိုပါက များစွာ လွယ်ကူသွားမည် ဖြစ်သည်။
တိမ်စီးဆင်းကြေးမုံမှန်အပြင် ရန်တိသည် ရန်ကျောက်ကဲအတွက် မီးနယ်မြေမှ မီးသဏ္ဌန်ကျောက်စိမ်း အမြောက်အမြားကို ယူဆောင်လာခဲ့လေရာ သူ အလွန်ပျော်ရွှင်သွားခဲ့သည်။
ရန်ကျောက်ကဲက ရေခဲခုံးဆီကို မီးသဏ္ဌန်ကျောက်စိမ်းနှင့် ရောစပ်ပြီး သူ့ခန္ဓာကိုယ်ထက်တွင် လိမ်းလိုက်သည်။ ရေခဲခုံးဆီက ကောင်းကင်နယ်မြေမှထွက်ရှိသည့် ဆေးဖက်ဝင်ဆေးရည်တစ်မျိုး ဖြစ်၏။
ထို့နောက် တင်ပျဉ်ခွေထိုင်လိုက်ပြီး ချီစွမ်းအားများကို လှည့်ပတ်ကျင့်ကြံရင်း ရုပ်တုတစ်ခုပမာ ငြိမ်သက်နေတော့သည်။
သူ့ခန္ဓာကိုယ်ထက်တွင်လိမ်းထားသည့် ဆေးရည်များက တိမ်ခိုးပမာ အခိုးအငွေ့များထွက်လာပြီး ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်က ထိုအခိုးအငွေ့များကို အဆက်ပြတ်စုပ်ယူကာ သွေးကြောဆုံးချက်များအတွင်းသို့ ပျံ့နှံ့သွားစေသည်။
သူ၏စွမ်းအင်ဗဟိုချက်ချီပင်လယ်အတွင်းမှ ပရမ်းပတာချီစွမ်းအားများသည် ကြည်လင်သည့် ချီစွမ်းအားများအောက်တွင် အဆက်မပြတ် များပြားလာပြီး ချီစီးကြောင်း (၂)ခုအဖြစ် ပြောင်းလဲသွားသည်။ ချီစီးကြောင်းတစ်ခုက အလွန်အေးစိမ့်ပြီး ကျန်တစ်ခုကတော့ အလွန်ပူပြင်းသည်။
အလွန်ပူပြင်းသည့် ချီစီးကြောင်းအတွင်းဝယ် မီးမျိုးစေ့ငယ်တစ်ခုက အနည်းငယ် တုန်ခါလျှက် ရှိ၏၏။
ဆေးရည်ထဲတွင်ပါဝင်သော ဝိညာဉ်စွမ်းအားများက အပိုင်းပိုင်းကွဲထွက်သွားပြီး အပူချီစီးကြောင်းနှင့် အအေးချီစီးကြောင်းတို့မှ စုပ်ယူသွားပြီး ပရမ်းပတာချီစွမ်းအားအဖြစ် ပြောင်းလဲသွားသည်။
ရန်ကျောက်ကဲ မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ့မျက်ဆံများက လည်ပတ်နေပြီး ပြင်ပလောကနှင့်ပတ်သက်သည့် သူ၏ အမြင်အာရုံက ပိုမိုအားကောင်းလာခဲ့သည်။
ကြယ်တာရာချီစွမ်းအားသာမဟုတ် ၊ ဝိညာဉ်အာရုံခံစိတ်လည်း မြင့်မားလာ၏။
သိုင်းပညာရှင်အဆင့်ကို ယေဘူယျအားဖြင့် အဓိကအဆင့် (၃)ဆင့် ခွဲခြားထားသည်။ အတွင်းပိုင်းကြယ်တာရာချီအဆင့် ၊ အပြင်ပိုင်းကြယ်တာရာချီအဆင့်နှင့် ရှန်ထျန်းအဆင့်တို့ ဖြစ်သည်။
နောက်ဆုံးအဆင့်ဖြစ်သော ‘ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်’ ကတော့ သိုင်းပညာရှင်အဆင့်မှ သိုင်းဆရာသခင်အဆင့်သို့ ထိုးဖောက်ဝင်ရောက်သည့်အဆင့် ဖြစ်သည်။
နှောင်းပိုင်း အပြင်ပိုင်းကြယ်တာရာချီအဆင့်နှင့် ကနဦး ရှန်ထျန်းအဆင့် ခြားနားချက်မှာ ကြယ်တာရာချီစွမ်းအားကို ဝိညာဉ်အာရုံခံစိတ်ဖြစ်ပေါ်သည်အထိ သန့်စင်ပေးခြင်း ဖြစ်သည်။
ကြယ်တာရာချီစွမ်းအားတွင် ဝိညာဉ်အာရုံခံစိတ် ဖြစ်တည်လာသည့်အခါ သိုင်းကျင့်ကြံသူတစ်ယောက်အနေဖြင့် ယခင်ကထက်ပိုပြီး ကျင့်ကြံရ လွယ်ကူလာမည် ဖြစ်သည်။
ရန်ကျောက်ကဲ၏ ဆန့်ကျင်ဘက် ကြယ်တာရာချီစွမ်းအား (၂)ခုသည် တူညီသည့် သိပ်သည်းဆဖြင့် ဝိညာဉ်အာရုံခံစိတ် (၂)ခု ပိုင်ဆိုင်နိုင်မည်ဆိုလျှင် ပိုမိုလွယ်ကူစွာ ဆက်လက်ကျင့်ကြံနိုင်မည် ဖြစ်သည်။ သို့သော် ထိုသို့ဖြစ်လာရန်အတွက် ပိုမိုအားကောင်းသည် ကြယ်တာရာချီစွမ်းအားပမာဏ လိုအပ်သည်။
ဤသည်မှာ ရှန်ထျန်းအဆင့် သိုင်းပညာရှင်နှင့် အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်ကြားမှ စွမ်းအားကွာခြားချက် အကြောင်းရင်းတစ်ခု ဖြစ်၏။
အတွင်းပိုင်းကြယ်တာရာချီအဆင့်နှင့် အပြင်ပိုင်းကြယ်တာရာချီအဆင့်တို့ ကွာခြားသကဲ့သို့ အပြင်ပိုင်းကြယ်တာရာချီအဆင့်နှင့် ရှန်ထျန်းအဆင့်သည်လည်း အလွန်ကွာခြားသည်။
ကြယ်တာရာချီစွမ်းအားများက ဝိညာဉ်အာရုံခံစိတ်အဖြစ် ပြောင်းလဲသွားပါက ရှန်ထျန်းအဆင့် သိုင်းပညာရှင်အနေဖြင့် ပုန်းနေသည့် ရန်သူများကို ရှာဖွေသိရှိနိုင်မည် ဖြစ်သလို တိုက်ပွဲများတွင်လည်း တုံ့ပြန်မှုအရှိန်အဟုန် မြင့်မားလာစေပြီး အာရုံခံစားမှုများလည်း ပိုမိုကြည်လင်လာမည် ဖြစ်သည်။
နှိုင်းယှဉ်ပြောရလျှင် နှောင်းပိုင်း အပြင်ပိုင်းကြယ်တာရာချီအဆင့်မှ ကနဦး ရှန်ထျန်းအဆင့်သို့ ဖြတ်ကျော်ရာတွင် ကြယ်တာရာချီစွမ်းအား စုစည်းနိုင်ခြင်းထက် ဉာဏ်အလင်းပွင့်ခြင်းက ပိုမိုသိသာထင်ရှားသည်။
ရှန်ထျန်းအဆင့် သိုင်းပညာရှင်၏ ကြယ်တာရာချီစွမ်းအား သိပ်သည်းဆသည် ယေဘူယျအားဖြင့် နှောင်းပိုင်း အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်များထက် များစွာ ပိုမိုမြင့်မားသည်။
ရန်ကျောက်ကဲအတွက် သူ၏ ကြယ်တာရာချီစွမ်းအားများ ဝိညာဉ်အာရုံခံစိတ်သို့ ပြောင်းလဲသွားခြင်းကို လေ့လာကြည့်ရန် မခဲယဉ်းပေ။
သို့သော် ရန်ကျောက်ကဲ ရင်ဆိုင်ရသည့် ပြဿနာမှာ မကြာသေးခင်က အရှေ့ထန်နိုင်ငံတွင် အပြင်ပိုင်းကြယ်တာရာချီအဆင့်သို့ တက်ရောက်နိုင်ခဲ့သော်လည်း နေရာအနှံ့တွင် တိုက်ပွဲများ ဖြစ်နေသောကြောင့် အပြင်းအထန် ဆက်လက်ကျင့်ကြံရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့် သူ စုဆောင်းထားသည့် ကြယ်တာရာချီစွမ်းအားများက အနည်းငယ် အားနည်းသွားခဲ့၏။
ယခု ရေခဲခုံးအဆီနှင့် မီးသဏ္ဌန်ကျောက်စိမ်းကို အသုံးပြုသည်သာမက ချီလင်စမ်းချောင်းရေနှစ်ခြင်းကိုလည်း ခံယူခဲ့ရသောကြောင့် လျော့နည်းသွားသည့် ကျင့်ကြံခြင်းစွမ်းအားများ ပြန်လည်ရရှိလာခဲ့သည်။
ထို့ကြောင့် ရှန်ထျန်းအဆင့်သို့ တက်ရောက်ရန် ခြေတစ်လှမ်းနီးကပ်သွားခဲ့သည်။
“မြေအောက်မီးအမြုတေကိုတော့ သိမ်းထားလိုက်မယ် ၊ လောလောဆယ် အသုံးပြုစရာ မလိုသေးဘူး”
ရန်ကျောက်ကဲ မတ်တတ်ထရပ်လိုက်သည်။
“ဒီတစ်ခေါက် ကောင်းကင်နွယ်ပင်လည်း ရထားတာပဲ ၊ ဆရာဘိုးဘိုးအတွက် ကောင်းကင်ပြောင်းပြန်ဆေးလုံး ဖော်ဆပ်လို့ ရနိုင်တယ် ၊ ဒါပေမဲ့ အဓိကပစ္စည်းတစ်ခု လိုအပ်နေသေးတယ် ၊ တောင်တန်းနယ်မြေကိုရောက်ရင်တော့ ရှာတွေ့နိုင်မယ် ထင်တာပဲ”
ရန်ကျောက်ကဲ တံခါးအပြင်ဘက်လှမ်းကြည့်လိုက်တော့ သူ့ကို စောင့်နေသည့် အားဟူကို မတွေ့ရပေ။
“အားဟူလည်း ကျင့်ကြံခြင်းအဆင့်တက်နိုင်မလား တွေးမိတယ်”
အားဟူသည်လည်း ယခုအချိန် ကျင့်ကြံနေမည်ဖြစ်ကြောင်း ရန်ကျောက်ကဲ ရိပ်မိလိုက်သည်။
သူက နှောင်းပိုင်း ရှန်ထျန်းအဆင့် သိုင်းပညာရှင် ဖြစ်လေရာ ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သို့ ရောက်ရှိရန် ကြိုးစားနေသူ ဖြစ်သည်။
သိုင်းပညာရှင်အဆင့်တွင် အဆင့်ကြီးနှင့် အဆင့်ငယ် စုစုပေါင်း (၁၀)ဆင့် ရှိသည်တွင် ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သည် နောက်ဆုံးအဆင့် ဖြစ်သည်။ ‘ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်’ ဆိုသည့် အမည်သည်ပင် အရာအားလုံးကို ရှင်းပြထားပြီး ဖြစ်သည်။
ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်သို့ တက်လှမ်းနိုင်လျှင် သိုင်းပညာရှင်တစ်ယောက်သည် သိုင်းဆရာသခင်အဆင့်သို့ ရောက်ရှိရန် ပြင်ဆင်မှုများ စတင်ပြုလုပ်နိုင်ပြီ ဖြစ်သည်။ ထိုအဆင့် အောင်မြင်မည်ဆိုလျှင် မိုးနှင့်မြေ လုံးဝ ကွဲပြားသွားမည် ဖြစ်၏။
အားဟူသည် အစေခံတစ်ယောက်ဖြစ်သောကြောင့် အကြီးအကဲများက သူ၏ကျင့်ကြံခြင်းနှင့်ပတ်သက်ပြီး သင်ပြပေးရန် မေ့လျော့တတ်ကြသည်။
သို့ပေသိ ရိုးသားသလို ပါးနပ်မှုလည်းရှိသော လူထွားကြီးသည် သိုင်းတာအိုတွင် အံ့သြစရာကောင်းလောက်အောင် ပါရမီရှိကြောင်း ရန်ကျောက်ကဲ ရှင်းရှင်းလင်းလင်း သိထားသည်။
ပွင့်ပွင့်လင်းလင်းဆိုရသော အားဟူသည် ရန်ကျောက်ကဲ၏ မူလခန္ဓာကိုယ်ပိုင်ရှင်ထက် ညံ့ဖျင်းသူ မဟုတ်ပေ။
ရန်တိက သူ့အပေါ် ဆိုးဆိုးရွားရွားဆက်ဆံခြင်းမရှိဘဲ တပည့်တစ်ယောက်ပမာဆက်ဆံပြီး ဂရုတစိုက်ဖြင့် သင်ပြပေးခဲ့သည်။ ထို့ကြောင့် အားဟူသည် ကျင့်ကြံခြင်းအဆင့်တူမည်ဆိုလျှင် ရှောင်ရှန်းနှင့် ချောင်ယွမ်လုန်ကိုပင် ရှုံးနိမ့်မည် မဟုတ်ပေ။
“အိုး… အဲဒါက ထုံးစံအတိုင်း ကျင့်ကြံခြင်းပိတ်ဆို့နေတာပဲ”
အားဟူ တစ်ယောက်တည်းကျင့်ကြံနေသည့်နေရာသို့ ရန်ကျောက်ကဲ ရောက်ရှိလာသည်။ သူက အားဟူနံဘေးတွင် ခဏမျှ တိတ်ဆိတ်စွာ မတ်တတ်ရပ်ရင်း အခြေအနေကို သဘောပေါက်သွားသည်။
သူက ခေါင်းတစ်ချက်ခါယမ်းလိုက်ရင်း…
“ဒါက စက္ကူပါးပါးလေးလိုပါပဲကွာ ၊ ဒါပေမဲ့ သူ ကျော်ဖြတ်လို့မရဘူး ဖြစ်နေတယ်”
တင်ပျဉ်ခွေထိုင်ပြီး မျက်လုံးများ မှေးမှိတ်ထားသည့် အားဟူမျက်နှာထက် ပုံမှန်အတိုင်း မြင်တွေ့ရလေ့ရှိသော အပြုံးများ မရှိတော့ဘဲ ကျင့်ကြံခြင်းကို အပြည့်အဝအာရုံစိုက်ကာ တည်ကြည်လေးနက်လျှက် ရှိသည်။
သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ကြယ်တာရာချီစွမ်းအားများက မြင်သမျှကို ဝါးမျိုနေသည့် ကျားတစ်ကောင်ပမာ ဖြစ်ပြီး မိုးမြေတစ်ခုလုံးတွင် လှည့်ပတ်နေသည့် အနက်ရောင်ဟာရီကိန်းမုန်တိုင်းတစ်ခုပမာ တဖျပ်ဖျပ်တုန်ခါလျှက် ထင်ယောင်ထင်မှား ပုံရိပ်ယောင်များကို ဖြစ်ပေါ်နေစေသည်။
မုန်တိုင်းထဲတွင် ကျားတစ်ကောင်၏ပုံသဏ္ဌန်ကို တွေ့မြင်ရပြီး လေပြင်းတိုက်ခတ်သံများနှင့်အတူ ကျားဟိန်းသံတစ်သံကိုပါ ကြားနေရယောင် ထင်မှတ်၏။
ရန်ကျောက်ကဲက ခေတ္တမျှ တုံံ့ဆိုင်းသွားပြီး…
“တခြားသူတွေဆိုရင် ဘာမှမဖြစ်ပေမယ့် ၊ အခု အားဟူက နောက်ဆုံးအဆင့်ရောက်နေပြီ ၊ သူ ဒီအဆင့်ကို ဖြတ်ကျော်နိုင်အောင် ငါဘယ်လိုလုပ်ပေးရမလဲ”
“အဲဒီနည်းလမ်းကို ထုတ်ပြလိုက်တာနဲ့ အားဟူကနေတစ်ဆင့် အဖေ သိသွားမှာပဲ ၊ ဒါဆို အဖေ့အနေနဲ့ ငါ့ကို သံသဝင်သွားနိုင်တယ် ၊ နေဦး… ဟို သေသွားတဲ့ကောင် ရန်ရှုကို အသုံးချလို့ရတယ်”
ရန်ကျောက်ကဲစိတ်ထဲ ဖျတ်ခနဲ အကြံတစ်ခုပေါ်လာသည်။
ရန်ရှုထံမှရရှိသည့် ဥက္ကာပျံဓားသိုင်းကို ရန်ကျောက်ကဲ အကြမ်းဖျင်း လေ့လာထားခဲ့သည် မဟုတ်လား။
အားဟူက ကျင့်ကြံခြင်းကို ရပ်နားလိုက်ပြီး မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။
သူ့ရှေ့တွင်ရပ်နေသည့် ရန်ကျောက်ကဲကို တွေ့သည့်အခါ သူက အံ့အားသင့်ခြင်းမရှိဘဲ ရယ်မောလိုက်ရင်း…
“ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်က နည်းနည်းခက်တယ်”
ဟု ပြောလိုက်၏။
အားဟူ၏ ညည်းတွားသံကိုထောင်ရင်း ရန်ကျောက်ကဲက စာလိပ်တစ်လိပ် သူ့ထံပစ်ပေးလိုက်သည်။
“အဲဒါ ရန်ရှုရဲ့ ဥက္ကာပျံဓားကျမ်းပဲ ၊ သူက ဘယ်ကရထားမှန်းမသိသလို ပြီးပြည့်စုံခြင်းလည်းမရှိဘူး ၊ ဒါပေမဲ့ အတော်လေး ထူးခြားမှုရှိတယ် ၊ မင်း လေ့လာကြည့်လို့ရတယ်”
အားဟူက စာလိပ်ကို ဖမ်းယူလိုက်ရင်း…
“သခင်လေး… ကျွန်တော်က ဓားသိုင်းကျင့်ကြံသူမှ မဟုတ်တာ”
ရန်ကျောက်ကဲက…
“အဲဒီဓားသိုင်းကို ကျင့်ကြံစရာမလိုဘူး ၊ နားလည်သဘောပေါက်အောင် လုပ်ခိုင်းတာ ၊ ငါကိုယ်တိုင် လေ့လာပြီးမှ မင်းအတွက် အထောက်အကူဖြစ်နိုင်တယ်ဆိုတာ သိလိုက်ရလို့”
“ကောင်းကင်ချိတ်ဆက်ခြင်းအဆင့်ကို တက်ရောက်ဖို့က မင်းရဲ့ကြယ်တာရာချီစွမ်းအားတွေကို စုဆောင်းသန့်စင်ဖို့ မလိုအပ်တော့ဘူး ၊ အရေးကြီးတာက ဉာဏ်အလင်းပွင့်ဖို့ပဲ ၊ မင်းက တခြားကိစ္စတွေအကုန်လုံး အောင်မြင်နေပြီ ၊ မင်းလိုအပ်နေတဲ့ တစခုတည်းသောအရာက ထိုးထွင်းသိမြင်တဲ့ ဉာဏ်အလင်းပွင့်ခြင်းပဲ”
“အဲဒါမှ မိုးမြေနဲ့တစ်သားတည်းပေါင်းစပ်နိုင်ပြီး ကောင်းကင်ဘုံချိတ်ဆက်ခြင်းအဆင့်ကို တွေ့မြင်နိုင်မှာ”
သူ့ထက် ကျင့်ကြံခြင်းအဆင့်နိမ့်ပါးသည့် ရန်ကျောက်ကဲက သူ့ကို ပြန်သင်ပေးနေသည့်အတွက် အားဟူက စိတ်ဆိုးဒေါသဖြစ်ခြင်း မရှိပေ။
သူက ချက်ချင်းပင် ခေါင်းညိတ်လိုက်ရင်း…
“ဟုတ်တယ် ၊ အမှန်ပဲ”
ရန်ကျောက်ကဲက…
“ညကောင်းင်မှာ ကြယ်စင်တွေလင်းလက်နေတာကို လေ့လာကြည့်သင့်တယ် ၊ အဝေးကနေ သူတို့ ပြောင်းလဲနေတာကို အာရုံခံကြည့် ၊ လျှပ်တပြက်ကြွေကျသွားတဲ့ ကြယ်လေးတစ်ပွင့်ကြောင့်လည်း ဉာဏ်အလင်းပွင်ခြင်း ဖြစ်လာနိုင်တာပဲလေ”
“ပြီးတော့ အဲဒီဥက္ကာပျံဓားသိုင်းရဲ့ အခြေခံသဘောတရားက ကြယ်စင်တွေနဲ့ ပတ်သက်နေတယ် ၊ မင်းအနေနဲ့ အကိုးအကားအဖြစ် အသုံးပြုလို့ရတယ်”
ပြောရင်း ရန်ကျောက်ကဲက ကြယ်ကြွေသွားသည့် ပုံသဏ္ဌန်ကို လက်ချောင်းများဖြင့် လေထဲတွင် ရေးဆွဲပြလိုက်သည်။
အားဟူသည် ဥက္ကာပျံဓားကျမ်းကိုကိုင်ထားရင်း ကြယ်ကြွေသည့် လမ်းကြောင်းတစ်ခုကို စိတ်ကူးဖြင့် ပုံဖော်ကြည့်လိုက်၏။
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်လိုက်ရင်း…
“ဓားကျမ်းဆိုမှ သတိရတယ် ၊ ငါ သိုင်းကျမ်းစာကြည့်တိုက်ကို တစ်ကြိမ်ဝင်ရောက်ခွင့် ရှိနေသေးတာပဲ”
သိုင်းကျမ်းစာကြည့်တိုက်တွင် ဝါဒတောင်၏ ထိပ်တန်းသိုင်းပညာရပ်များအားလုံးနှင့် တပည့်များ ပြင်ပလောကသို့ သွားရောက်စဉ် အမှတ်မထင် ရရှိလာသည့် အခြားသောသိုင်းပညာရပ်များအားလုံးကို စုစည်းထားသည်။
သိုင်းကျမ်းစာကြည့်တိုက် အထပ်ပိုမြင့်လေ ၊ သိမ်းဆည်းထားသည့် သိုင်းကျမ်းများကလည်း အဆင့်မြင့်မားလေ ဖြစ်သည်။
ပထမထပ်တွင်တော့ ဝါဒတောင်၏ အခြေခံကျသော သိုင်းပညာများကို အဓိကအားဖြင့်ထားရှိပြီး တောင်ပေါ်သို့ အသစ်ရောက်လာသည့် တပည့်များအတွက် လေ့လာရန် သင့်တော်သည်။
ဒုတိယထပ်တွင်တော့ ဝါဒတောင်၏ အဆင့်မြင့်သိုင်းပညာမျိုးစုံကို ထားရှိသည်။ ထို့ပြင် ပြင်ပလောကမှ စုဆောင်းထားသော သိုင်းပညာရပ်အများစုကိုလည်း ဒုတိယထပ်တွင်သာ စုစည်းထားရှိသည်။
ထိုသိုင်းကျမ်းများထဲမှ အချို့သောသိုင်းပညာများက အတော်လေးအဆင့်နိမ့်သည့်တိုင် ဒုတိယထပ်တွင်သာ ထားရှိသည်။ ဝါဒတောင်မှတပည့်များအား ပြင်ပသိုင်းပညာ လေ့ကျင့်ခြင်းမပြုရန် တားမြစ်ထားသောကြောင့် ပြင်ပလောကမှ သိုင်းကျမ်းများကို ဒုတိယထပ်တွင်သာ ထားရှိခြင်းပင်။
ဝါဒတောင်မှ တပည့်များအနေဖြင့် သိုင်းပညာအခြေခံအုတ်မြစ် ကောင်းမွန်အောင် အရင်ဆုံး ထူထောင်ရမည် ဖြစ်သည်။ ထိုသို့သောအချိန်မျိုးတွင် ကိုယ်နှင့်မသက်ဆိုင်သည့် သိုင်းပညာအသစ်အဆန်းများကို လေ့လာမိပါက ကျင့်ကြံခြင်းအဆင့် ရှေ့ဆက်တက်နိုင်မည် မဟုတ်တော့ပေ။
သိုင်းကျမ်းစာကြည့်တိုက်သို့ရောက်လျှင် ရန်ကျောက်ကဲကတော့ ပထမထပ်နှင့် ဒုတိယထပ်ကို ဖြတ်ကျော်ကာ တတိယထပ်သို့ တန်းပြီးသွားရမည် ဖြစ်၏။
good