Switch Mode

အခန်း (၇၀၄)

ကျစ်ယွဲ့

သို့သော်လည်း မည်သည့် အသံမှ ပြန်လည်ထွက်ပေါ်လာခြင်း မရှိပေ။ လိုဏ်ဂူကြီးထဲရှိ အမှောင်ထုကြီးထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ပြည့်နှက်နေသည့် အနီရောင် အလင်းရောင် အစက်အပျောက် နှစ်ခုသာ ပေါ်ပေါက်လာသည်။ ၎င်းတို့မှာ… ညနတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများ ဖြစ်ကြပေသည်။

ထိုမျက်ဝန်းများ၏ ပိုင်ရှင်မှာ အသိဉာဏ်ရှိသည့်ပုံ မပေါ်ပေ။ ထို့ကြောင့် ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင်မှာ ဝမ်ပေါင်လဲ့အား အရူးအမူး စွဲလမ်းနေသည့်အလား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာမူ တည်ကြည်မှုအပြည့်ရှိနေ၏။ သူသည် ခေါင်း‌ငုံ့ကာ ညနတ်ဆိုးဧကရာဇ်ကြီး၏ မျက်လုံးများအား စိုက်ကြည့်နေလိုက်သည်။ ထိုသို့ဖြင့် ဂူအပြင်ဘက်ရှိ လူတစ်ယောက်နှင့် ဂူထဲရှိ အမှောင်ထုကြီးထဲမှ ရုပ်အလောင်းကြီးတစ်ကောင်တို့မှာ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် စိုက်ကြည့်နေကြတော့သည်။

ထိုမြင်ကွင်းကြီးအား ပန်းချီကားတစ်ချပ်ဖြင့် ပုံဖော်လိုက်မည်ဆိုပါက အလွန်အင်မတန်မှ ထူးဆန်နေမည်မှာ အမှန်ပင်။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး မိနစ်သုံးဆယ်တိတိ ကုန်ဆုံးသွား၏။ လပေါ်ရှိ စက်များအား မောင်းနှင်ထားသောကြောင့် လမင်းကြီးတစ်ခုလုံးမှာ တဖြည်းဖြည်းနှင့်ပို၍ တုန်ရီလာသဖြင့် ညနတ်ဆိုးဧကရာဇ်ကြီးမှာလည်း စိတ်လှုပ်ရှားနေရ၏။ ထို့အပြင် ဝမ်ပေါင်လဲ့ပါ ပေါ်ပေါက်လာသည်ဖြစ်ရာ ၎င်းမှာ ဂနာမငြိမ် ဖြစ်နေရတော့သည်။ ထို့ကြောင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ အသက်ရှုသံများမှာ တဖြညဖြည်းနှင့် ပို၍ လေးလံလာ၏။ ခဏအကြာတွင် ၎င်းမှာ ခြိမ်းခြောက်လိုသည့် လေသံဖြင့် မာန်ဖီလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာမှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ မာန်ဖီသံများကို နားထောင်ရင်း သူ၏ မျက်လုံးများအား မခွာတမ်း စိုက်ကြည့်နေ၏။ သူသည် ဝိညာဉ်စွမ်းအင်လှိုင်းများနှင့် ညနတ်ဆိုးဧကရာဇ်ကြီး အသက်ရှိနေခဲ့စဉ်တုန်းက ပိုင်ဆိုင်ခဲ့သည့် ကျင့်ကြံခြင်းစွမ်းအားများ ပေါ်ပေါက်လာသည်ကို အာရုံခံမိနေပြီဖြစ်သည်။ သူ၏ သုံးသပ်ချက်များအရဆိုလျှင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိပေသည်။

သို့သော် သူသည် အသိဉာဏ်မရှိတော့သဖြင့် နိုးထလာပြီးသည့်တိုင်အောင် သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်နိုင်စွမ်း မရှိတော့ပေ။ သူ နောက်ဆုံးနှစ်ကြိမ် နိုးထလာခဲ့စဉ်တုန်းက ကပ်ဘေးကြီးများ ပေါ်ပေါက်လာခဲ့ပါသော်လည်း ပြည်ထောင်စုကြီးမှာ ထိန်းချုပ်နိုင်ခဲ့သောကြောင့် အပျက်အစီး အများကြီး မရှိခဲ့ပေ။ ထို့အပြင် ညနတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရှိနေသည့် သံကြိုးများမှာလည်း သူ၏ စွမ်းအားများကို ချုပ်နှောင်ထားခြင်း ဖြစ်ရပေမည်။

” ဟင်း… စိတ်ပျက်စရာပဲ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ ရေရွတ်လိုက်၏။ လွန်ခဲ့သည့် နှစ်အနည်းငယ်ခန့်တုန်းက သူသည် ညနတ်ဆိုးဧကရာဇ်ကြီးကို မြင်ခဲ့ရသည့်အချိန်တွင် အရူးတစ်ယောက်လို တစ်ကိုယ်လုံး တုန်ရီနေခဲ့ပါသော်လည်း ယခုတွင်မူ သူသည် ညနတ်ဆိုးဧကရာဇ်ကြီးအား ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေပြီဟု ယုံကြည်နေတော့သည်။

” သူ့ကို တိုက်ပွဲထဲမှာတော့ သုံးလို့ရပါသေးတယ် ” ဝမ်ပေါင်လဲ့မှာ စိတ်ပျက်လက်ပျက်နှင့် ခေါင်းယမ်းကာ ဂူကြီးဆီသို့ လှမ်းသွားလိုက်၏။ ဝမ်ပေါင်လဲ့ ဂူထဲသို့ ရောက်လာသည်နှင့် ညနတ်ဆိုးဧကရာဇ်ကြီး၏ မျက်ဝန်းများမှာ ဖျတ်ခနဲ လက်သွားတော့သည်။ ထို့နောက် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ခေါင်းမော့ကာ အသံကုန်အော်ဟစ်လိုက်သဖြင့် လေပြင်းများ စတင်တိုက်ခတ်လာ၏။ ထို့အပြင် ၎င်းမှာ သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝမ်ပေါင်လဲ့အား လှမ်းရိုက်လိုက်သေးသည်။

ညနတ်ဆိုးဧကရာဇ်ကြီးမှာ အလွန်အင်မတန်မှ အရွယ်အစား ကြီးမားသောကြောင့် သူ၏ လက်ချောင်းတစ်ချောင်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်လောက် ရှိပေသည်။ သူသည် လက်ကိုဆန့်ထုတ်ကာ ဝမ်ပေါင်လဲ့အား ဖမ်းဆီးရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို ပျောက်ကွယ်သွားကာ ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်အား ရှောင်တိမ်းလိုက်ပြီး ဂူကြီး၏ အနက်ရှိုင်းဆုံးသော နေရာတွင် ပြန်လည်ပေါ်ပေါက်လာ၏။ ထိုနေရာသို့ ရောက်သွားသောအခါ သူသည် ညနတ်ဆိုးဧကရာဇ်ကြီး၏ ဧရာမခန္ဓာကိုယ်ကြီးအား မြင်တွေ့လိုက်ရတော့သည်။

ညနတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များ ထုတ်လွှတ်နေသည့် အစိမ်းရောင် အကြေးခွံများဖြင့် ပြည့်နှက်နေ၏။ ထိုမြင်ကွင်းကို မြင်လိုက်ရသည့် ယွမ်ယင်အဆင့် ကျင့်ကြံသူ အများစုမှာ ကြောက်ရွံ့တုန်လှုပ်သွားကြမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာမူ သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၊ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၏ တမူထူးခြားသော စွမ်းရည်များ နှင့် သူ၏ နတ်ဆိုးမျက်လုံးများ၏ ကြောက်မက်ဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပင် အလွယ်တကူ သတ်ဖြတ်နိုင်ပေသည်။ ထို့အပြင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ရုပ်အလောင်းတစ်ခုသာ ဖြစ်နေသည် မဟုတ်ပါလော။

ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်ကို ရှောင်တိမ်းလိုက်ပြီးနောက် သူ၏အနီးသို့ လျှောက်လှမ်းသွားလိုက်၏။ သူသည် ညနတ်ဆိုးဧကရာဇ်ကြီးအား စိတ်မဝင်စားပါသော်လည်း သူ့အား ဖမ်းဆီးချုပ်နှောင်ထားသည့် သံကြိုးကိုးချောင်းကို အထူးစိတ်ဝင်စားနေသည်။ ထို သံကြိုးများ၏ မူလဇစ်မြစ်မှာ လျိုု့ဝှက်ချက်တစ်ခု ဖြစ်နေဆဲပင်။ ညနတ်ဆိုးဧကရာဇ်ကြီး၏ ကျဆုံးခန်းအား ဖော်ပြထားသည့် ပြည်ထောင်စုကြီးထဲရှိ မှတ်တမ်းများထဲတွင် ထိုသံကြိုးများအကြောင်း ပါပေသည်။ ၎င်းတို့မှာ လမင်းကြီးနှင့် ပေါင်းစည်းကာ ညနတ်ဆိုးဧကရာဇ်ကြီးအား တင်းကျပ်စွာ ချုပ်နှောင်ထားခြင်း ဖြစ်၏။

ဂြိုဟ်ရံတစ်လုံးနှင့် ပေါင်းစည်းနိုင်စွမ်းရှိသော သံကြိုးတစ်ချောင်းမှာ တမူထူးခြားသော ကုန်ကြမ်းပစ္စည်းတစ်ခုဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး အံ့သြဖွယ်ရာ စွမ်းအားများကို ပိုင်ဆိုင်ထားလောက်ပေးသည်။ ဝမ်ပေါင်လဲ့မှာ ထိုသံကြိုးအား ရယူကာ ပြန်လည်သန့်စင်နိုင်ရန် ကြံရွယ်‌နေ၏။ အကယ်၍ ထိုသို့သာ သန့်စင်နိုင်မည်ဆိုပါက ၎င်းမှာ တာအိုဘုန်းတော်ကြီးယိုရန်အား အန္တရာယ်ပြုနိုင်မည့် အဆောင်ပစ္စည်းတစ်ခု ဖြစ်လာနိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ ဘေးသို့ခြေတစ်လှမ်းလှမ်းကာ အသံကုန်အော်ဟစ်နေသည့် ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်ဝါးရိုက်ချက် နောက်ထပ်တစ်ချက်ကို ရှောင်တိမ်းလိုက်ပြီး သူ၏နောက်တွင် ပေါ်ပေါက်လာ၏။ ယခုတွင် သူသည် ထို သံကြိုးများနှင့် ပေတစ်ရာပင် မကွာတော့သောကြောင့် ၎င်းတို့အား သေသေချာချာ ကြည့်ရှုစစ်ဆေးလိုက်တော့သည်။

ထိုအခါ သူ ရှာဖွေတွေ့ရှိလိုက်သည့် အချက်အလက်များကြောင့် သူသည် သူငယ်အိမ်များ ကျဉ်းမြောင်းသွားကာ တစ်ခေါင်းလုံး ထူပူသွားပြီး အသက်ရှူသံများ တစ်ခဏမျှ ရပ်တန့်သွားရတော့သည်။ ထို့နောက် သူ၏ ခန္ဓာကိုယ်မှာ မှုန်ဝါးဝါးဖြစ်သွားပြီး သူ၏ ကိုယ်ပွားမှာ သူ၏ အဝေးသို့ ခွဲထွက်သွား၏။ ၎င်းမှာ သံကြိုးများဆီသို့ တန်းတန်းမတ်မတ် ပြေးသွားနေခြင်းဖြစ်သည်။ ထို့နောက် ၎င်း ထိုသံကြိုးများကို ဝင်တိုက်မိသွားသောအခါ ထို သံကြိုးများထဲမှ အနီရောင် လျှပ်စီးတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထို လျှပ်စီးတန်းများမှာ အသိစိတ်များ ပိုင်ဆိုင်ထားကြသည်ပုံပင်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ ကိုယ်ပွားကို ချက်ချင်း ဝန်းရံလိုက်ကြပြီးနောက် ပေါက်ကွဲသွားကြတော့သည်။ သူ၏ကိုယ်ပွားမှာ အတော်အသင့် တောင့်တင်းခိုင်မာသည့်တိုင်အောင် ထိုပေါက်ကွဲမှုအား ယှဉ်နိုင်စွမ်း မရှိပေ။ ထို့ကြောင့် ၎င်းမှာ တုန်ရီသွားရပြီး ပျက်စီးပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။

ထို ကိုယ်ပွားမှာ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ဝမ်ပေါင်လဲ့၏ ဘေးသို့ ပြန်လည်ရောက်ရှိလာသည့်တိုင်အောင် ထို အရိပ်အယောင်များမှာ ပျောက်ကွယ်သွားခြင်းမရှိပေ။ ၎င်းမှာ တစ်ခေါင်းလုံး ဖြူဖွေးကာ ခန္ဓာကိုယ်တစ်ခုလုံး ပိန်ချုံးသွားရပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ သက်စောင့်စွမ်းအားများ စုပ်ယူခံလိုက်ရပြီး ရုတ်တရက်ကြီး အိုစာသွားသည့်ပုံ ပေါက်နေတော့သည်။

ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ ပင့်သက်များ ရှိုက်မိသွားပြီး မှင်တက်သွားရ၏။ ထို သံကြိုးများမှာ အလွန်အင်မတန်မှ အစွမ်းထက်နေရုံသာမက သူသည် ၎င်းတို့အား ရင်းရင်းနှီးနှီး သိနေသည်ဟု ခံစားနေရခြင်းဖြစ်သည်။

” ဒီသံကြိုးတွေက အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီးပေါ်က သစ်တုံးတွေ ဆွဲနေခဲ့ရတဲ့ သားရဲကြီးတွေကို ချုပ်နှောင်ထားတဲ့ သံကြိုးကြီးတွေလိုပါပဲလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးမျာမှေးသွားပြီး သူ၏ရှေ့တွင်ရှိနေသော သံကြိုးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် တည်ကြည်မှု အပြည့်ရှိပြီး အရောင်တလက်လက် တောက်ပနေသည့် မျက်ဝန်းများဖြင့် ညနတ်ဆိုးဧကရာဇ်ကြီးအား လှည့်ကြည့်လိုက်တော့သည်။

” ဒီလို သံကြိုးကြီးတွေနဲ့ ချုပ်နှောင်ခံထားရတဲ့ လူတစ်ယောက်က ဝိညာဉ်ကြားခံနယ်အဆင့်လောက်မှာပဲ ရှိနေမှာတော့ မဟုတ်လောက်ဘူး။ ငါ သတိမထားမိခဲ့တဲ့ အရာတစ်ခုခု ရှိကိုရှိရမယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားပြီး ညနတ်ဆိုးဧကရာဇ်ကြီးအား ပတ်ကာ သူ့အား သေသေချာချာ အကဲခတ်ကြည့်ရှုနေတော့သည်။ ခဏအကြာတွင် သူသည် ညနတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ အနာကျက်နေပြီဖြစ်သော အမာရွတ်သုံးခုအား မြင်လိုက်ရ၏။ သူသည် အသားများ ပြန်ပြည့်လာပြီဖြစ်သောကြောင့် ထို အမာရွတ်များအား ချက်ချင်း ရှာတွေ့နိုင်ရန်မှာ မလွယ်ကူပေ။

ထို အမာရွတ်သုံးခုမှာ ညနတ်ဆိုးဧကရာဇ်ကြီး၏ နောက်စေ့၊ ရင်ဘတ်နှင့် ဝမ်းဗိုက်အလယ်တို့တွင် အသီးသီး ရှိနေကြသည်။

အခြားနေရာများတွင်လည်း ထိုကဲ့သို့သော အမာရွတ်များ ရှိနေပါသော်လည်း ဝမ်ပေါင်လဲ့၏ အမြင်တွင် ထိုသုံးခုမှာ အဆိုးရွားဆုံး ဖြစ်ပေသည်။

” ဒီဒဏ်ရာတွေက သူ တိုက်ပွဲထဲမှာရခဲ့တဲ့ ဒဏ်ရာတွေနဲ့ မတူဘဲ… သူ မတိုက်ခိုက်နိုင်တော့တဲ့ အချိန်မှ တခြားတစ်ယောက်ယောက်က လက်ဗလာနဲ့ ဆုတ်ဖြဲခဲ့တဲ့ ဒဏ်ရာ‌တွေနဲ့ ပိုတူတယ်… ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်သည်။ အကယ်၍ အခြားတစ်ယောက်ယောက်သာ ဆိုပါက ဖြစ်ကြောင်းကုန်စင်ကို နားလည်နိုင်မည် မဟုတ်ပါ‌သော်လည်း ဝမ်ပေါင်လဲ့မှာမူ ချက်ချင်းနားလည်သဘောပေါက်သွား၏။ ထို ဒဏ်ရာသုံးခုကြောင့် သူသည် သူ လမင်းကြီးပေါ်၌ သူ၏ တာအိုအခြေခံအုတ်မြစ် သူ၏ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်ခံခဲ့ရသည့် ဖြစ်ရပ်ကြီးအား ပြန်၍သတိရသွားခဲ့သည် မဟုတ်ပါလော။

ညနတ်ဆိုးဧကရာဇ်ကြီးမှာ ထိုကဲ့သို့ ဖြစ်ရပ်မျိုးနှင့် တစ်ထေရာတည်း တူညီသည့် အဖြစ်ဆိုးကြီးနှင့် ကြုံတွေ့ခဲ့ရခြင်း မဖြစ်နိုင်ပါသော်လည်း သူ၏ ဒဏ်ရာများကိုကြည့်လျှင် သူ၏ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ခုအား ဆွဲထုတ်ခံခဲ့ရသည်မှာ သေချာသလောက် ရှိပေသည်။

” သူ့ရဲ့ ဦးနှောက်ကို ဖောက်ထုတ်၊ သူ့ရဲ့ နှလုံးသားကို ဆွဲထုတ်ပြီးတော့ သူ့ရဲ့ တာအိုကို ဖျက်ဆီးပစ်ခဲ့တာပဲ။ ရက်စက်လိုက်တာ။ ဒီကောင်က ညနတ်ဆိုးဧကရာဇ်ကြီးကို ဘယ်လောက်အထိများ မုန်းတီးနေခဲ့တာလဲဟ ” ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်း ရေရွတ်မိလိုက်သည်။ ဤဒဏ်ရာများမှာ တစ်စုံတစ်ယောက်၏ စွမ်းအားများအား ခိုးယူနိုင်ရန် ထုတ်သုံးခဲ့သည့် မိစ္ဆာပညာရပ်တစ်ခုကြောင့် ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ရမည်ဟု သူက တွေးမိနေ၏။ ထို့နောက် သူသည် ညနတ်ဆိုးဧကရာဇ်ကြီးအား စာနာသနားသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်နေမိတော့သည်။ ညနတ်ဆိုးဧကရာဇ်ကြီးမှာ သက်ရှိထင်ရှား ရှိနေခဲ့စဉ်တုန်းက အလွန်အင်မတန်မှ အစွမ်းထက်သော ကျင့်ကြံခြင်းအဆင့်တစ်ခုကို ပိုင်ဆိုင်းထားခဲ့ရပေမည်။ ထို့ကြောင့်လည်း သူသည် ဦးနှောက်၊ နှလုံးသားနှင့် တာအိုများ ခိုးယူခြင်း ခံခဲ့ရသည့်တိုင်အောင် ဝိညာဉ်ကြားခံနယ်အဆင့်တွင် ကျန်ရှိနေသေးခြင်း ဖြစ်ပေသည်။

” အဲလောက်တင် မဟုတ်သေးဘူး။ သူ့ရဲ့ ဦးနှောက်နဲ့ နှလုံးသားကို ထုတ်ယူပြီး တာအိုကို ဖျက်ဆီးခဲ့တဲ့အပြင် သူ့ကို သူ့ရဲ့ သက်စောင့်စွမ်းအားတွေကိုပါ စုပ်ယူနိုင်တဲ့ သံကြိုးတွေနဲ့ ချုပ်နှောင်ထားခဲ့သေးတာ။ အဲဒီ သံကြိုးတွေကို ညနတ်ဆိုးဧကရာဇ်ကြီးရဲ့ ခန္ဓာကိုယ်အတွင်းပိုင်းထဲအထိ စိုက်ဝင်နေအောင် ရိုက်ထည့်ထားခဲ့တာမလို့ သူက သူ့ရဲ့ ဒဏ်ရာတွေကို ကုသနိုင်စွမ်းမရှိဘူး။ ထူးဆန်းတယ်… အသက်မရှိတော့တဲ့ လူတစ်ယောက်ကို ဘယ်သူကများ ဒီလောက်အထိ လုပ်မှာလဲ… မဟုတ်မှလွဲရော ညနတ်ဆိုးဧကရာဇ်ကြီးက အသက်မသေသေးတာများလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ မျက်လုံးများ ပြူးသွားရ၏။ ထို့နောက် သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး ညနတ်ဆိုးဧကရာဇ်ကြီးအား ဆက်လက် ကြည့်ရှုစစ်ဆေးနေလိုက်တော့သည်။ ထိုအခါ သူသည် ထူးဆန်းသည့်အရာများကို ထပ်၍ သတိထားမိသွား၏။ ညနတ်ဆိုးဧကရာဇ်ကြီး၏ ကိုယ်ပေါ်ရှိ အစိမ်းရောင် အကြေခွံများမှာ ကျိန်စာတစ်မျိုး ဖြစ်နေခြင်းပင်။

” အဖြေတစ်ခုပဲ ရှိတယ်။ သူတို့က အကြောင်းအရင်းတစ်ခုခုကြောင့် ညနတ်ဆိုးဧကရာဇ်ကြီးကို မသတ်နိုင်ခဲ့တာပဲ ဖြစ်ရမယ်။ အဲတာကြောင့်မလို့ သူတို့က ညနတ်ဆိုးဧကရာဇ်ကြီး ဒဏ်ရာတွေကနေ ပြန်လည်သက်သာလာမှာကို စိုးရိမ်လို့ နည်းလမ်းမျိုးစုံ အသုံးပြုပြီးတော့ သူ့ကို ချုပ်နှောင်ထားခဲ့တာ… ဒါပေမဲ့ ညနတ်ဆိုးဧကရာဇ်ကြီး ဒီအခြေအနေအထိ ရောက်နေရတာ ဘာကြောင့်မှန်း မသိသေးဘူး… ” ဝမ်ပေါင်လဲ့မှာ မျက်မှောင်များကြုတ်သွားရပြန်သည်။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူသည် မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် အသံကုန်အော်ဟစ်နေသည့် ညနတ်ဆိုးဧကရာဇ်ကြီး၏ လက်ဝါးရိုက်ချက် နောက်ထပ်တစ်ချက်အား ရှောင်တိမ်းကာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဆုတ်ခွာလာပြီးနောက် ရေရွတ်လိုက်တော့သည်။

” ဘာအရေးလဲကွာ။ ညနတ်ဆိုးဧကရာဇ်ကြီးရေ။ ခဗျားဆီမှာ နတ်ဘုရားဝိညာဉ်တစ်ခု ရှိသေးလားဆိုတာ ကျုပ်ကိုယ်တိုင် စစ်ဆေးကြည့်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ မျက်ဝန်းများမှာ လုံးဝမည်းနက်သွား၏။ ထို့နောက် သူသည်သူ၏ အမှောင်ပညာရပ်အား ထုတ်သုံးလိုက်သဖြင့် အမှောင်မီးတောက်များ ထွက်ပေါ်လာတော့သည်။ အမှောင်ပညာရပ်၏ စွမ်းအားများနှင့်အတူ သူ၏ နတ်ဆိုးမျက်လုံးလည်း ပေါ်ပေါက်လာ၏။ ၎င်းမှာ ဖျတ်ခနဲ ပွင့်လာပြီးနောက် ညနတ်ဆိုးဧကရာဇ်ကြီးအား စိုက်ကြည့်နေတော့သည်။

ထိုအခါ ဂနာမငြိမ် ဖြစ်နေသည့် ညနတ်ဆိုးဧကရာဇ်ကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး အမှောင်မီးတောက်များမှာ သူ့အား ချက်ချင်း လွှမ်းခြုံသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ လမ်းပျောက်နေသော ဝိညာဉ်များ၏ လမ်းပြတစ်ယောက်အဖြစ် ပြောင်းလဲသွား၏။ သူ၏ မျက်ဝန်းများမှာ ညနတ်ဆိုးဧကရာဇ်ကြီးအား ချုပ်နှောင်ထားသည့် ကျိန်စာကို ထိုးဖောက်မြင်နိုင်စွမ်းရှိနေ၏။ ထို့ကြောင့် သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ နောက်ကျိနေသော ဝိညာဉ်အမျှင်အတန်းလေးတစ်ခုကို ရှာတွေ့သွားတော့သည်။

” ဒါက အသစ်ပြန်လည်ပေါ်ပေါက်လာတဲ့ ဝိညာဉ်တစ်ခုပဲ။ ညနတ်ဆိုးဧကရာဇ်ကြီးရဲ့ ဝိညာဉ်အစစ် မဟုတ်ဘူး ” အခြားသူတစ်ယောက်ယောက်သာဆိုလျှင် ထိုအချက်ကို သတိထားမိမည် မဟုတ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ မိုးကောင်းကင်တာအိုခေတ်၌ ပေါ်ထွန်းခဲ့သည့် အမှောင်ပညာရပ်အား တတ်မြောက်ထားသော အမှောင်ကလေးငယ်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ဝိညာဉ်များနှင့် ပတ်သတ်လာလျှင် သာမန်လူများ မမြင်နိုင်သောအရာများကို မြင်နိုင်ပေသည်။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ ငြိမ်ကျသွားရ၏။ သူသည် ဤအခြေအနေအထိ ရောက်လာပြီဖြစ်ရာ လက်လျှော့ရန် စိတ်ကူးရှိပေ။ ထို့ကြောင့် သူသည် မျက်လုံးများ မှိတ်လိုက်ပြီးနောက် မန္တန်လက်ကွက်တစ်ခုဖော်ကာ သူ၏လျှာထိပ်ကို ကိုက်၍ သွေးတစ်ပွက် ထွေးထုတ်လိုက်၏။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကို ဝှေ့ယမ်းကာ မန္တန်တစ်ခု အသုံးပြုလိုက်သဖြင့် သူ၏ အမှောင်မီးတောက်မှာ ပို၍အားကောင်းလာတော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာပြီး ညနတ်ဆိုးဧကရာဇ်ကြီးအား နောက်ထပ်တစ်ကြိမ် ထပ်၍ စိုက်ကြည့်လိုက်ပြန်သည်။ ထိုအခါ သူသည် သူ၏ အမှောင်ပညာရပ်ကြောင့်သာ မဟုတ်ပါက လုံးဝရှာမတွေ့နိုင်မည့် ညနတ်ဆိုးဧကရာဇ်ကြီး၏ ဝိညာဉ်အား ရှာတွေ့သွားတော့သည်။ ၎င်းမှာ သာမန်လူများ မမြင်နိုင်အောင် ကွယ်ဝှက်ထားသည့် အမျှင်အတန်းလေးတစ်ခု ဖြစ်နေ၏။

သူ ထို ဝိညာဉ်အား ရှာတွေ့သွားသည်နှင့် တစ်ပြိုင်နက် ထိုဝိညာဉ်ထဲမှ ညည်းသံများ ပျံ့လွင့်လာတော့သည်။

” ချစ်ဇနီးလေး ကျစ်ယွဲ့… ဘာလို့ အဲလို လုပ်ခဲ့ရတာလဲကွာ… “

Comment

  1. mathakhin040 says:

    သဘ်ောပေါ်ကကောင်မနဲ့လင်မယားပေါ့အာ့ဆို

Leave a Reply

Options

not work with dark mode
Reset