ထိုအော်သံကြီးကြောင့် လမင်းကြီးမှာ တုန်ရီသွားရ၏။ သင်္ဘောဆိပ်ထဲတွင် ဝမ်ပေါင်လဲ့အား ဦးညွှတ် အရိုအသေပေးနေကြသည့် လူတိုင်းမှာလည်း မျက်နှာအမူအရာများ ပြောင်းလဲသွားကြသည်။ အချို့မှာဆိုလျှင် သွေးပျက်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေကြပြီ ဖြစ်သည်။
သူတို့မှာ လမင်းကြီးပေါ်တွင် တာဝန်ကျနေသော ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် လပေါ်ရှိ လျှို့ဝှက်ချက်များကို အခြားသူများထက် ပို၍ သိရှိထားကြ၏။ လ၏ အလင်းဘက်ခြမ်းမှာ ယခုအထိ အတော်အသင့် ဘေးကင်းနေသေးပါသော်လည်း အမှောင်ဘက်ခြမ်းတွင်မူ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်ဖြစ်သည်။ ထို အမှောင်ဘက်ခြမ်း၏ အတွင်းအကျဆုံး နေရာတွင် အိပ်မောကျနေသည့် ဧရာမ ရုပ်အလောင်းကြီးတစ်ခု ရှိနေ၏။
ရှေးဟောင်းဓားကြီး နေအဖွဲ့အစည်းထဲသို့ ဝင်ရောက်လာခဲ့ပြီး ၎င်း၏ အကျိုးအပဲ့ အပိုင်းအစများ လပေါ်သို့ ကျသွားခဲ့သည့် အချိန်မှစ၍ ယခုအထိ ထို ဧရာမ ရုပ်အလောင်းကြီးမှာ နှစ်ကြိမ်သာ နိုးထလာခဲ့သေးသည်။ ပထမဆုံးအကြိမ်မှာ လွန်ခဲ့သည့် ဆယ်စုနှစ်ပေါင်းများစွာတုန်းက ဖြစ်ပြီး ဒုတိယအကြိမ်မှာမူ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက ဖြစ်ပေသည်။
ထို ရုပ်အလောင်းကြီး ဒုတိယအကြိမ် နိုးထလာခဲ့စဉ်တုန်းက ၎င်းမှာ ကြောက်မက်ဖွယ်ရာ စွမ်းအားတစ်မျိုးကို ထုတ်လွှတ်ခဲ့သလို လူများမှာလည်း ၎င်း၏ ခန္ဓာကိုယ်တစ်ခုလုံးအား ချုပ်နှောင်ထားသည့် ကြိုးများကို မြင်ခဲ့ရ၏။ ထို့နောက် ၎င်းမှာ ဒူးထောက်ရင်း ရှေးဟောင်းဓားကြီး ရှိရာဘက်သို့ လှမ်းကြည့်နေခဲ့သည်။ ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လူတိုင်းမှာ အံ့ဩမှင်တက်ကာ ကြောက်ရွံ့တုန်လှုပ်သွားခဲ့ရသည်သာ ဖြစ်သည်။
ထို ဧရာမ ရုပ်အလောင်းကြီးကြောင့်လည်း လမင်းကြီးမှာ အန္တရာယ်ရှိသော နေရာတစ်ခုအဖြစ် ရှိနေခြင်း ဖြစ်သည်။ တစ်ချိန်ထဲမှာပင် ၎င်းကြောင့် လမင်းကြီးမှာ ဂြိုဟ်ရံတစ်လုံးအနေနှင့် တမူထူးခြားသည့် တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပိုင်ဆိုင်ထား၏။
လက်ရှိတွင် သင်္ဘောဆိပ်ထဲရှိ လူတိုင်း ထိုအော်သံကြီးကြောင့် အံ့ဩမှက်တက်နေကြစဉ် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွားပြီး တည်ကြည်စွာ ဆိုလိုက်၏။
” လကို မောင်းနှင်ပေးနေတဲ့ စက်တွေအကုန်လုံးကို ဖွင့်လိုက်။ ငါတို့တွေ သုံးရက်အတွင်း လရဲ့ ဂြိုဟ်ပတ်လမ်းကြောင်းထဲကနေ ထွက်ပြီးတော့ သောကြာဂြိုဟ်ဆီကို သွားကြမယ်။ နှောင့်နှေးကြန့်ကြာနေလို့ မဖြစ်ဘူး ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ညွှန်ကြားလိုက်ပြီးနောက် အသံကုန် အော်ဟစ်နေသည့် ဧရာမ ရုပ်အလောင်းကြီး ရှိရာဘက်သို့ ပြေးသွားလိုက်၏။ သူသည် အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် လူတိုင်း၏ရှေ့မှ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားသည်။ သူ၏ စကားသံမှာမူ သင်္ဘောဆိပ်ထဲ၌ ပဲ့တင်ထပ်ကာ ကျန်ရစ်ခဲ့၏။
” ဟုတ်ကဲ့ပါဆရာ ” သူ ထွက်ခွာသွားပြီးသည့်တိုင်အောင် လူအုပ်ကြီးတစ်ခုလုံးမှာ အံ့ဩမှင်တက်နေကြဆဲပင်။ ထို့ကြောင့် သူတို့အားလုံးမှာ အလိုလို ဦးညွှတ်မိသွားကြပြီး တစ်ပြိုင်နက်တည်း ပြန်ဖြေလိုက်ကြ၏။ ထို့နောက် သူတို့မှာ ခေါင်းများမော့လာကြပြီး ဝမ်ပေါင်လဲ့ ပြေးထွက်သွားသည့်ဘက်သို့ လှမ်းကြည့်နေလိုက်ကြတော့သည်။
” ဧရာမ ရုပ်အလောင်းကြီးက ဝမ်ပေါင်လဲ့ လပေါ်ရောက်ရောက်လာချင်း တန်းပြီးတော့ အော်ဟစ်လိုက်တာပဲ။ တစ်ခုခု ဖြစ်တော့မယ်လို့ ငါ ခံစားနေရတယ် ”
” ငါ မှတ်မိပြီ။ အဲဒီ ရုပ်အလောင်းကြီး နိုးထလာခဲ့တဲ့ နောက်ဆုံးအကြိမ်က နိုင်ငံရေးအင်အားစုတွေရဲ့ တပည့်တွေအတွက် အခြေတည်အဆင့် စမ်းသပ်ပွဲ ကျင်းပပေးခဲ့တဲ့ အချိန်တုန်းကပဲ… အဲ့တုန်းက လွှတ်တော်အမတ်ဝမ်လည်း ပါတယ်… ”
” ဟုတ်တယ်။ အဲ့တုန်းကဆို မြို့တော်သခင်ဝမ် သေသွားတော့မလို့။ သူ့ရဲ့ အမြုတေကို ခိုးယူခဲ့တဲ့ ဆည်းဆာကြယ်စင်စုဂိုဏ်းက အကြီးအကဲကြီးဆိုရင် အခုအထိ အကျဉ်းချခံထားရတုန်းပဲ ”
ဝမ်ပေါင်လဲ့မှာ လွှတ်တော်အမတ်တစ်ယောက်လည်း ဖြစ်သလို မြို့တော်သခင်တစ်ယောက်လည်း ဖြစ်နေသည်ဖြစ်ရာ လူများမှာ သူ့အား မည်ကဲ့သို့ ခေါ်ဝေါ်ရမှန်း မသိလောက်အောင် ဖြစ်နေရတော့သည်။ သူတို့အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်နေကြရဆဲဖြစ်ပြီး စိုးရိမ်စိတ်ကိုယ်စီ ရှိနေကြပါသော်လည်း မည်သူကမှ ဝမ်ပေါင်လဲ့အား အာခံရဲကြမည် မဟုတ်ပေ။ ထို့ကြောင့် သူ၏ ညွှန်ကြားချက်များကို လူတိုင်းသိသွားအောင် ထုတ်ပြန်ကြေညာလိုက်သဖြင့် ခဏအကြာတွင် လမင်းကြီးတစ်ခုလုံးမှာ စတင်တုန်ရီလာတော့သည်။
ထိုတုန်ရီမှုမှာ ရုပ်အလောင်းကြီး၏ အော်ဟစ်သံကြောင့် ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာသည့် တုန်ရီမှုကြီးနဲ့ မတူပေ။ ယခုတွင်မူ လမင်းကြီးပေါ်၌ တပ်ဆင်ထားသည့် စက်များအားလုံးကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်သည်ဖြစ်ရာ လမင်းကြီးမှာ စည်းချက်မှန်မှန် တုန်ရီနေပြီ ဖြစ်သည်။
ထို စက်များအားလုံးကို ဖွင့်ကာ လမင်းကြီး၏ တည်နေရာပြောင်းရွှေ့မှုအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ဆောင်ရွက်နေစဉ် ဝမ်ပေါင်လဲ့မှာ လ၏ အလင်းဘက်ခြမ်းထဲ၌ အလျင်အမြန် ပြေးလွှားနေ၏။ သူ၏ လမ်းတစ်လျှောက်ရှိ ရှေးဟောင်းသိုင်းပညာအဆင့် သားရဲကြီးများမှာ တစ်ကိုယ်လုံး တုန်ရီသွားကြပြီး သူနှင့်ဝေးရာသို့ ရှောင်ပြေးသွားကြသည်သာ ဖြစ်သည်။
လကမ္ဘာလင်းနို့များမှာလည်း ခပ်လှမ်းလှမ်းမှနေ၍ ဝမ်ပေါင်လဲ့၏ အငွေ့အသက်များအား အာရုံခံမိလိုက်သည်နှင့် ကြောက်လန့်တကြား အော်ဟစ်မြည်တမ်းလိုက်ကြ၏။ ၎င်းတို့မှာ လေပေါ်သို့ပင် မပျံရဲတော့ဘဲ မြေပြင်ပေါ်သို့ ဆင်းသက်ကာ မြေကြီးအား သွေးရူးသွေးတန်းတူး၍ ထိုကျင်းများထဲသို့ တိုးဝှေ့ဝင်ရောက်သွားကြပြီး မြေကြီးအောက်၌ ပုန်းကွယ်နေကြသည်သာဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ ထိုသားရဲကြီးများကို တစ်ချက်ပင် လှည့်မကြည့်ဘဲ လျှပ်စီးတန်းတစ်ခုကဲ့သို့ လေထုထဲ၌ ထိုးခွင်းသွား၏။ တစ်ခဏမျှ ကြာမြင့်သွားပြီးနောက် သူ လ၏ အမှောင်ဘက်ခြမ်းဆီသို့ ရောက်သွားခါနီး အချိန်တွင် သူသည် ရပ်တန့်သွားတော့သည်။
သူ၏အောက်ရှိ မြေပြင်ပေါ်တွင် လကမ္ဘာကပ်ပါးပိုးများ ရာပေါင်းများစွာ ရှိနေကြ၏။ ကင်းခြေများနှင့်တူသည့် ထို ဧရာမ သတ္တဝါကြီးများမှာ ကန္တာရထဲတွင် နေထိုင်ကျက်စားကြသည့် မှော်ဝင် သားရဲကြီးများကဲ့သို့ပင်။ ၎င်းတို့မှာ ပေရာဂဏန်းမှ ထောင်ဂဏန်းအထိ ရှည်လျားကြပြီး အာနာပါ တတိယအဆင့် သို့မဟုတ် စတုတ္ထအဆင့်တွင် ရှိကြပေသည်။ ဝမ်ပေါင်လဲ့ လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခဲ့စဉ်တုန်းက ၎င်းတို့မှာ အုပ်လိုက်ကြီး ပေါ်ပေါက်လာခဲ့၏။ ထိုစဉ်တုန်းက ၎င်းတို့မှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းခဲ့ပါသော်လည်း ယခုတွင်မူ…
သူ လေထဲတွင် ရစ်ဝဲနေစဉ် ထို လကမ္ဘာကပ်ပါးပိုးများမှာ မြေကြီးပေါ်တွင် လူးလွန့်ကာ ကြောက်စိတ်များကြောင့် အသားများ တဆတ်ဆတ် တုန်ရီနေကြပြီး ခေါင်းပင် မော့မကြည့်ရဲကြတော့ပေ။
ဝမ်ပေါင်လဲ့မှာမူ ခေါင်းယမ်းလိုက်ပြီး ရှေ့သို့ ဆက်လက်ပျံသန်းသွားရန် ပြင်လိုက်၏။ ထိုအချိန်တွင် သူသည် မျက်နှာအမူအရာ အနည်းငယ်ခန့် ပြောင်းလဲသွားပြီး ညာဘက်သို့လှည့်ကြည့်မိလိုက်တော့သည်။ ထိုအခါ သူသည် မိုးကုပ်စက်ဝိုင်းထဲတွင် မြူခိုးများ စတင်စုဝေးလာကာ မြူခိုးလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြသည်ကို မြင်လိုက်ရ၏။
” မှော်လမ်းကြောင်း မြူခိုးတွေပဲ ” ဝမ်ပေါင်လဲ့မှာ မပွင့်တပွင့် ပြုံးမိသွား၏။ သူသည် ၎င်းတို့အား သဘောကျနေသည့်ပုံပင်။ အကယ်၍ မှော်လမ်းကြောင်း မြူခိုးများကြောင့်သာ မဟုတ်ပါက ဝမ်ပေါင်လဲ့မှာ ယခင်တုန်းက လကမ္ဘာမှော်ဝင်နယ်မြေထဲ၌ အသက်ရှင်နိုင်ခဲ့မည် မဟုတ်ဘဲ လမင်းကြီးပေါ်တွင် အရိုးဆွေးနေလောက်ပြီ ဖြစ်သည်။
ထို မြူခိုးများအား မြင်လိုက်ရသဖြင့် ဝမ်ပေါင်လဲ့မှာ နှလုံးသားထဲ၌ အနည်းငယ်ခန့် နွေးထွေးသွားရ၏။ ထို့နောက် သူသည် လမ်းကြောင်းပြောင်းကာ ထို မြူခိုးများဆီသို့ ဦးတည်သွားလိုက်တော့သည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူသည် ထိုမြူခိုးများ၏ ရှေ့သို့ ရောက်ရှိသွား၏။ ထို့နောက် ၎င်းတို့မှာ သူ့အား လွှမ်းခြုံသွားတော့သည်။
ထိုမြူခိုးများကြောင့် သူ၏ အမြင်အာရုံများမှာ ဝေဝါးသွားရပြီး သူသည် မြူခိုးထဲမှ စွမ်းအင်လှိုင်းများ သူ၏ ခန္ဓာကိုယ်အား လွှမ်းခြုံကာ သူ့အား တည်နေရာပြောင်းရွှေ့ပေးရန် ကြိုးစားနေသည်ကို အာရုံခံမိလိုက်၏။
” စိတ်ဝင်စားစရာပဲ ” ဝမ်ပေါင်လဲ့မှာ နှုတ်မှ ရေရွတ်မိလိုက်၏။ သူသည် မှော်လမ်းကြောင်း ပုတီးစေ့များ ဖန်တီးခဲ့စဥ်တုန်းက ထိုမြူခိုးများကို အသုံးပြုခဲ့ပါသော်လည်း ၎င်းတို့၏ အလုပ်လုပ်ပုံများကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပေ။ ထိုစဉ်တုန်းက သူသည် ၎င်း၏ တမူထူးခြားသော တည်နေရာပြောင်းရွှေ့နိုင်စွမ်းများကိုသာ အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ယခုတွင်မူ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အများကြီးပို၍ မြင့်မားနေပြီ မဟုတ်ပါလော။ ဧရာမ ရုပ်အလောင်းကြီးမှာလည်း တစ်ကြိမ်သာ အော်ဟစ်လိုက်ပြီးနောက် ပြန်၍ ငြိမ်ကျသွားခဲ့သဖြင့် ဝမ်ပေါင်လဲ့မှာ လောနေခြင်း မရှိပေ။ ထို့ကြောင့် သူသည် ထိုမြူခိုးများထဲသို့ ဆက်၍ ဝင်ရောက်သွားရန် ဆုံးဖြတ်လိုက်၏။
ထိုအခါ သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံနေသည့် စွမ်းအင်လှိုင်းများမှာ စမ်းချောင်းလေးတစ်ခုအသွင် ပြောင်းလဲသွားသကဲ့ပင်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ ကျင့်ကြံခြင်းစွမ်းအားကိုပင် ထုတ်သုံးစရာ မလိုလိုက်ပေ။ သူ၏ ခန္ဓာကိုယ်မှာ သူ့အား တည်နေရာပြောင်းရွှေ့နိုင်ရန် ကြိုးစားနေသည့်မြူခိုးများထဲမှ အလွယ်တကူ ရုန်းထွက်နိုင်ခဲ့၏။ သူ မြူခိုးများ၏ အတွင်းပိုင်းထဲအထိ ရောက်လာသော အချိန်တွင်မူ တည်နေရာပြောင်းရွှေ့ခြင်း စွမ်းအားများမှာ ပို၍ အားကောင်းလာသဖြင့် သူ၏ ခန္ဓာကိုယ်အပေါ် သက်ရောက်နိုင်စွမ်း ရှိနေပြီဖြစ်သည်။ ထို့ကြောင့် ယခုတွင်မူ ဝမ်ပေါင်လဲ့မှာ ထို တည်နေရာပြောင်းရွှေ့ခြင်းစွမ်းအားများကို တွန်းလှန်နိုင်ရန် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်သုံးလိုက်ရ၏။
” အရင်တုန်းကတော့ ငါ နားမလည်ခဲ့ဘူး။ အခုရော ဒီ မှော်လမ်းကြောင်းမြူခိုးက ဘာလဲဆိုတာကို သိအောင် ငါ စုံစမ်းကြည့်နိုင်မလား မသိဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ မှော်လမ်းကြောင်းမြူခိုးအား စစ်ဆေးကြည့်ရှုလိုက်တော့သည်။
ထိုအခါ မှော်လမ်းကြောင်းမြူခိုး၏ ပုံရိပ်မှာ သူ၏ အသိစိတ်ထဲ၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ သူသည် သူ၏အာရုံခံနိုင်စွမ်းများကို ထိန်းချုပ်ကာ ထို မြူခိုးများအား စိတ်ထဲ၌ ပုံကြီးချဲ့ကြည့်လိုက်သည်။ သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများ၏ ကိုးဆယ်ရာခိုင်နှုန်းတိတိ အသုံးပြုပြီးသွားသောအခါမှ ထိုမြူခိုးများ၏ ဖွဲ့စည်းတည်ဆောက်ပုံကို သိရှိသွားတော့သည်။ ထိုအခါ သူသည် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။
” ဒါက… ” သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများထဲမှတစ်ဆင့် ထို မြူခိုးများ၏ ပုံသဏ္ဍာန်အစစ်အမှန်ကို မြင်လိုက်ရခြင်းဖြစ်သည်။ ၎င်းတို့မှာ ဘက်တီးရီးယား ပိုးမွှားများ၏ အရွယ်အစားသာရှိသော ပိုးကောင်လေးများ ဖြစ်ကြပေသည်။
ထို ပိုးကောင်များမှာ အသက်မရှိတော့ဘဲ သေဆုံးနေကြပြီ ဖြစ်သည်။
၎င်းတို့မှာ ရှည်မျောမျော ပုံသဏ္ဍာန်ရှိပြီး ဝါကျင့်ကျင့်အရောင်သန်းနေသည့် အကြည်ရောင် ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြ၏။ ထို့အပြင် အဆစ်သုံးဆစ်ပါသည့် ၎င်းတို့၏ ခန္ဓာကိုယ် အစွန်းနှစ်ဖက်တွင်လည်း ဦးမှင်နှစ်ခုစီ ရှိနေကြသေးသည်။
” ဒါ ဘယ်လို ပိုးကောင်တွေလဲဟ။ သူတို့ရဲ့ အလောင်းတွေက တည်နေရာပြောင်းရွှေ့နိုင်စွမ်းကို ပိုင်ဆိုင်ထားတာပါလား ” ဝမ်ပေါင်လဲ့မှာ တအံ့တဩ ဖြစ်သွားရပြီး သူ၏ ညာဘက်လက်အား မြှောက်လိုက်၏။ ထိုအခါ သူ၏ ဝါးမျိုခြင်းသစ်စေ့မှာ စတင်လည်ပတ်လာပြီး သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်မှာလည်း မျက်လုံးများပွင့်လာတော့သည်။ ထို့နောက် ထိုနှစ်ခုစလုံးမှာ ၎င်းတို့၏ စွမ်းအားများကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြသဖြင့် ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲမှ အားကောင်းသော စုပ်ယူအားတစ်မျိုး ထွက်ပေါ်လာ၏။
ထိုအခါ ဘေးပတ်ပတ်လည်ရှိ မြူခိုးများမှာ တွန့်လိမ်ပုံပျက်လာကြပြီးနောက် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားခြင်းမရှိတော့ဘဲ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်၌ စုဝေးလာကြတော့သည်။ ဝါးမျိုခြင်းသစ်စေ့မှာ ၎င်း၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်နေသောကြောင့် ဝဲတစ်ခု ပေါ်ပေါက်လာပြီး မြူခိုးများအား ထပ်၍ ဆွဲငင်စုပ်ယူနေတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာလည်း မြူခိုးများအား တားဆီးလိုက်သည့် ဝဲကြီးတစ်ခုအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည်။ ထိုနေရာတစ်ဝိုက်ရှိ ရှိသမျှ မြူခိုးများအားလုံးမှာ ဝမ်ပေါင်လဲ့ရှိရာသို့ စုဝေးလာနေကြ၏။
အဝေးမှနေ၍ လှမ်းကြည့်နေမည်ဆိုပါက ထိုမြူခိုးများ တဖြည်းဖြည်းနှင့် လျော့ပါးသွားပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းနှင့် ရုပ်လုံးပေါ်လာသည်ကို မြင်လိုက်ရမည်သာ ဖြစ်သည်။ နောက်ဆုံးတွင် ထိုမြူခိုးများမှာ လုံးဝပျောက်ကွယ်သွားတော့သည်။ ဝမ်ပေါင်လဲ့၏ ညာဘက်လက်ထဲတွင်မူ လက်သီးဆုပ် အရွယ်အစားရှိသော အဝါရောင် စက်လုံးလေးတစ်လုံး ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲရှိ စက်လုံးလေးအား သေသေချာချာ လေ့လာအကဲခတ်ကြည့်လိုက်သည်။ သူသည် ထိုပိုးကောင်များကို လုံးဝမမြင်ဖူးပါသော်လည်း ထိုစက်လုံးအား အခြားတစ်နေရာရာတွင် အသုံးပြုနိုင်လိမ့်မည်ဟု စိတ်ထဲမှ သိနေ၏။ ထို့ကြောင့် သူသည် ၎င်းအား သူ၏ သိုလှောင်အိတ်ထဲသို့ ပစ်ထည့်လိုက်ပြီးနောက် ပျံသန်းထွက်ခွာသွားတော့သည်။
သူသည် လ၏ အလင်းဘက်ခြမ်းအား ဖြတ်သန်းလာပြီး နောက်ဆုံးတွင် အမှောင်ဘက်ခြမ်းဆီသို့ ရောက်လာပြီ ဖြစ်သည်။ သူ လမ်းတစ်လျှောက်တွင် ကြုံခဲ့ရသမျှ သားရဲကြီးများအားလုံးမှာ သူ့အား မြင်လိုက်ရသည်နှင့် ကြောက်ရွံ့တုန်လှုပ်သွားရပြီး သူ့အား အရိုအသေ ပေးနေသည့်အလား ဒူးထောက်ကျသွားကြသည်သာ ဖြစ်သည်။
ထို့အပြင် သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေး အနည်းငယ်ခန့် တုန်ရီနေသည်ကို ခံစားမိနေ၏။ နောက်ဆုံးတွင် သူသည် အမှောင်ဘက်ခြမ်း၏ အလယ်ပိုင်းသို့ ရောက်ရှိလာတော့သည်။ ထို့နောက် သူသည် သူ ဤနေရာတွင် ရှိနေခဲ့သည့် နောက်ဆုံးအကြိမ်တုန်းက အသက်လုကာ တွားသွား၍ ထွက်လာခဲ့ရသည့် တောင်ကြားလေးထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုတောင်ကြားထဲတွင် ရပ်ရင်း သူ၏ရှေ့၌ ရှိနေသည့် အပျက်အစီးများကို လှမ်းကြည့်လိုက်၏။ သူသည် တောင်ကြားထဲရှိ လိုဏ်ဂူကြီးအား စိုက်ကြည့်နေရင်း ငြိမ်ကျသွားသည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ လိုဏ်ဂူကြီးထဲသို့ လှမ်းကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်တော့သည်။
” ညနတ်ဆိုးဧကရာဇ်ကြီး… အသိစိတ်ရှိသေးရဲ့လား “
G