အခန်း (၁၁၁)

ချီလင်စမ်းချောင်းရေနှစ်ခြင်း

အခန်း (၁၁၁) ချီလင်စမ်းချောင်းရေနှစ်ခြင်း

ရန်ကျောက်ကဲ သိရှိသည့် ရေနှစ်ခြင်းအခမ်းအနားများ အများအပြားရှိသည်။ သို့သော် အများစုမှာ ယခင်မျိုးဆက်‌ဟောင်းများသာ ခံယူကြခြင်း ဖြစ်သည်။

ရန်ကျောက်ကဲ ရရှိသည့် ဆုလာဘ်အပေါ် ကျေနပ်နိုင်သူ အနည်းငယ်သာ ရှိနိုင်သော်လည်း ချီလင်စမ်းချောင်းရေနှစ်ခြင်းကို ခံယူရခြင်းက ဝါဒတောင်ဂိုဏ်း၏ကတိထားရှိခြင်းခံရသူတစ်ယောက်အဖြစ် သတ်မှတ်ခံရခြင်းပင် ဖြစ်သည်။

ဝါဒတောင်တွင် ကောင်းကင်ဝိညာဉ်စမ်းချောင်း တည်ရှိသည်။ ထိုစမ်းချောင်းတွင် ရေနှစ်ခြင်းခံခွင့်ရလျှင် သိုင်းကျင့်ကြံသူများအတွက် များစွာအကျိုးရှိသည်။ ထိုသို့ ရေနှစ်ခြင်းခံခွင့်ရသည်ကို ကောင်းကင်ဝိညာဉ်စမ်းချောင်းရေနှစ်ခြင်းဟု ခေါ်ဆိုသည်။

ကောင်းကင်ဝိညာဉ်စမ်းချောင်းရေနှစ်ခြင်းမှာ သာမန်ထက်ထူးခြားသည့် ကိစ္စရပ်တစ်ခု ဖြစ်၏။

ထိုကောင်းကင်ဝိညာဉ်စမ်းချောင်းအတွင်းသို့ ချီလင်ကျောက်တုံးထည့်လိုက်ပါက ချီလင်စမ်းချောင်းရေနှစ်ခြင်းအဖြစ် ပြောင်းလဲသွားသည်။ ထိုသို့သော ရေနှစ်ခြင်းအခမ်းအနားက အလွန်အဆင့်မြင့်သည့် အခမ်းအနားတစ်ခု ဖြစ်၏။

အဘယ်ကြောင့်ဆိုသော ချီလက်ကျောက်တုံးမှာ အလွန်ရှားပါးပြီး အရေအတွက် အကန့်အသတ် ရှိသောကြောင့်ပင်။ တစ်ကြိမ် အသုံးပြုလိုက်တိုင်းလည်း ချီလင်ကျောက်တုံးတစ်တုံး ဆုံးရှုံးသွားရပြီး နောက်တစ်ကြိမ် ထပ်မံအသုံးပြု၍ မရနိုင်တော့ပေ။

လက်ရှိ ဝါဒတောင်တွင် ချီလင်‌ကျောက်တုံး (၃)တုံး သာ ကျန်တော့သည်။ ထို့‌‌‌ကြောင့် ချီလင်ကျောက်တုံးတစ်တုံး အသုံးပြုတော့မည်ဆိုလျှင် အလေးအနက်ထားကာ သေသေချာချာ စဉ်းစားဆောင်ရွက်ရသည်။

ဖန်းယွင်ရှန်းသာ မူလအတိုင်း ထူးကဲယင်ခန္ဓာ ပြန်လည်ရရှိပါက သူမကို ချီလင်စမ်းချောင်းရေနှစ်ခြင်း ပြုလုပ်ပေးရန် ဝါဒတောင် အကြီးအကဲများက ဆုံးဖြတ်ထားပြီး ဖြစ်ကြောင်း ရန်ကျောက်ကဲ သိရှိသည်။

ထို့ကြောင့် ဝါဒတောင်တွင် ချီလင်ကျောက်တုံး (၂)ခုသာ အသုံးပြုခွင့် ရှိတော့သည်။ တစ်နည်းဆိုရသော် ချီလင်စမ်းချောင်းရေနှစ်ခြင်းပြုလုပ်ရန် အခွင့်အရေး (၂)ကြိမ်သာ ကျန်တော့သည်ဟု ဆိုလိုသည်။

ရန်‌ကျောက်ကဲက အရှေ့ထန်နိုင်ငံတွင် ဝါဒတောင်အတွက် ကြီးမားစွာ အကျိုးပြုခဲ့သည်ကတစ်ကြောင်း ၊ ချောင်ယွမ်လုန်နှင့် ‌ရှောင်ရှန်းတို့ကို ဆက်တိုက် အနိုင်ယူနိုင်ခဲ့သည်က တစ်ကြောင်းတို့ကြောင့် ဂိုဏ်းထဲတွင် အလားအလာရှိသူတစ်ယောက် ဖြစ်လာခဲ့သည်။

ထို့ကြောင့် ချီလင်စမ်းချောင်းရေနှစ်ခြင်း ဆုလာဘ်ကို ချီးမြှင့်ရန် အကြီးအကဲများ ဆုံးဖြတ်ခဲ့ကြခြင်းပင်။

ပထမအချက်ထက်ဆာလျှင် ဒုတိယအချက်‌က အဓိကအကြောင်းရင်း ပိုမိုဖြစ်နိုင်ခြေ ရှိ၏။

ရန်‌ကျောက်ကဲက ပြုံးလိုက်ရင်း…

“မာနနဲ့ ဒေါသကို ရှောင်ရှားပြီး အရင်ကထက် နှစ်ဆပိုပြီး ကြိုးစားကျင့်ကြံပါ့မယ်”

ရှီတိက ခေါင်းညိတ်လိုက်ရင်း…

“ခဏနေရင် ချီလင်ကျောက်တုံးကို လက်ခံဖို့ ငါ့နောက်လိုက်ခဲ့ပါ ၊ ချီလင်စမ်းချောင်းရေနှစ်ခြင်းအခမ်းအနားကိုတော့ ဂိုဏ်းတူညီလေးရန်တိက ဦးဆောင်ပေးပါလိမ့်မယ်”

ထို့နောက် ရှီတိ ထွက်ခွာသွားသည့်အခါ ရန်‌ကျောက်ကဲ သူ့နောက်မှ လိုက်ပါသွားသည်။

ထိုအခါမှ ယွမ်ကျန်းဖုန်း ဘယ်ဘက်တွင်ထိုင်နေသည့် အကြီးအကဲအဘိုးအိုက ပါးစပ်ဖွင့်ကာ စကားဆိုသည်။

“ဒီကောင်လေးက ကောင်းကျိုးတွေအများကြီး လုပ်ခဲ့သလို ပြဿနာလည်း တော်တော်ရှာခဲ့တာပဲ မဟုတ်ဘူးလား”

ယွမ်ကျန်းဖုန်းက လက်တစ်ဖက်ဝှေ့ယမ်းပြရင်း…

“ဒီကလေးက တခြားလူငယ်တွေနဲ့ မတူဘူး ၊ ကျောက်ကဲက သူရှာတဲ့ပြဿနာကို သူကိုယ်တိုင် တာဝန်ယူဖြေရှင်းလိုတဲ့ စိတ်ဓာတ်ရှိတယ် ၊ တခြားသူတွေ သူ့အတွက် ရှင်းပေးတာကို မလိုချင်ဘူး ၊ ဒီတစ်ခေါက် အရှေ့ထန်နိုင်ငံမှာ ဒီလို ပြဿနာကြီး ကြုံခဲ့ရတာတောင်မှ သူက အခြေအနေတွေအပေါ် အခွင့်ကောင်းယူပြီး ကံဆိုးခြင်းကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တယ် ၊ တကယ်တော်တဲ့ကောင်လေးပါ”

အကြီးအကဲအဘွားကြီးက ခေါင်းခါယမ်းလိုက်ရင်း…

“ဒါပေမဲ့ အချိန်တိုင်း ကံကောင်းနေနိုင်မှာ မဟုတ်ဘူးလေ”

ယွမ်ကျန်းဖုန်းက ရယ်မောလိုက်ရင်း…

“သူက ကံဆိုးခြင်းကို ကံကောင်းခြင်းအဖြစ် ပြောင်းလဲနိုင်တာပဲ ၊ အချိန်တိုင်းကံကောင်းနေဖို့ မလိုတာ သေချာပါတယ်လေ”

ခဏနားပြီးမှ သူက ဆက်ပြောသည်။

“ငါတို့ဂိုဏ်းမှာ လူငယ်တွေအနေနဲ့ စွမ်းအားရှိသင့်တယ် ၊ မဟုတ်ရင် တို့တွေ အသက်ကြီးလာတဲ့တစ်နေ့ သူတို့က ငါတို့ထက်ပိုပြီး ရှေးရိုးစွဲတွေ ဖြစ်နေကြလိမ့်မယ် ၊ ဒါဆိုရင် သေရင်တောင် မြေကြီးထဲမဝင်နိုင်ဘဲ လည်ပင်းဆန့်ပြီး အသက်ရှူနေကြရလိမ့်မယ်”

အကြီးအကဲအဘိုးကြီးနှင့်အဘွားကြီးတို့ငြိမ်သက်သွားကြသည့်အခါ ဖန်ကျွင်းက တစ်ချက်ပြုံးလိုက်မိသည်။

ရန်တိက ယွမ်ကျန်းဖုန်းကို ဦးညွှတ်ဂါရဝပြုလိုက်ရင်း…

“ဆရာ ၊ ဆရာဦးလေးနဲ့ ဆရာဒေါ်လေးတို့… ကျွန်တော် ချီလင်စမ်းချောင်းရေနှစ်ခြင်းပြုလုပ်ဖို့အတွက် ပြင်ဆင်မှုတွေ သွားလုပ်လိုက်ပါဦးမယ်”

***

နောက်တစ်ကြိမ် ရန်ကျောက်ကဲတစ်ယောက် သူ့အဖေနှင့် ပြန်ဆုံသည့်အခါ ကောင်းကင်ဝိညာဉ်စမ်းချောင်းနံဘေးတွင် ဖြစ်၏။

အပြင်ပန်းကြည့်မည်ဆိုလျှင် ကောင်းကင်ဝိညာဉ်စမ်းချောင်းသည် အဖြူရောင်ကျောက်စိမ်းမှန်တစ်ချပ်နှင့်ဆင်တူပြီး ရေပြင်ထက်တွင် မည်သည့်လှိုင်းဂယက်မှ မရှိဘဲ ပကတိကြည်လင်ဖြူစင်လျှက် ရှိသည်။

စမ်းချောင်းအတွင်းထဲတွင် တည်ရှိနေသော ဝိညာဉ်စွမ်းအားများကို အပြင်ဘက်မှ လုံးဝတွေ့မြင်နိုင်ခြင်း မရှိပေ။ သို့သော် ကောင်းကင်ဝိညာဉ်စမ်းချောင်းနံဘေးတွင် မတ်တတ်ရပ်နေရုံဖြင့် ရန်ကျောက်ကဲ၏စိတ်အစဉ်က အေးချမ်းပျော်ရွှင်လာလေသည်။

ချီလင်ကျောက်တုံးသည် မီးနီရောင်တောက်နေသည့် ဝိညာဉ်ကျောက်တုံးတစ်ခုဖြစ်ပြီး ကျောက်တုံးထဲတွင် တဖျပ်ဖျပ် အရည်လဲ့လျှက် ရှိသည်။ ပုံသဏ္ဌန်က ထင်သာမြင်သာ လင်းလက်နေပြီး ဒဏ္ဍာရီလာ ချီလင်သတ္တဝါကဲ့သို့ မီးတဟုန်းဟုန်း တောက်လောင်နေသည့်အလားပင်။

ရန်ကျေက်ကဲက သူ့လက်ထဲမှ ချီလင်ကျောက်တုံးကို ရန်တိထံ လှမ်းပေးလိုက်သည်။ ရန်တိက လက်ချောင်းများကို လှုပ်ရှားလိုက်ရာ ထိုဝိညာဉ်ကျောက်တုံးသည် စမ်းချောင်းထက်သို့ ပျံသန်းထွက်ခွာသွားပြီး သူ၏သိုင်းစွမ်းကြောင့် အေးခဲသွားသည်။

ရန်တိက လှိုင်းတစ်ချက်ပင်မထသည့် ကောင်းကင်ဝိညာဉ်စမ်းချောင်း၏ မျက်နှာပြင်ကို စူးစိုက်ကြည့်နေသည်။

ခဏအကြာတွင် အစိုင်အခဲတစ်ခုပမာ ထင်မှတ်ရလောက်အောင် ငြိမ်သက်နေသည့် စမ်းချောင်းမျက်နှာပြင်သည် ပွက်ပွက်ဆူပြီး လှိုင်းများပြင်းထန်လာသည်။

ပြင်းထန်သည့် အခြေအနေမှ တက်ကြွသည့် အခြေအနေသို့ ရောက်ရှိသွားပြီး စမ်းရေစီးကြောင်းများက လေထဲသို့ ခုန်တက်လာကာ ချီလင်ကျောက်တုံးပတ်ပတ်လည်တွင် ထီးပုံသဏ္ဌန် ဝန်းရံသွားသည်။

ရန်ကျောက်ကဲက ချက်ချင်းပင် ကောင်းကင်ဝိညာဉ်စမ်းချောင်းထက်ရှိ လေထုထဲသို့ ခုန်ဝင်သွားပြီး တင်ပျဉ်ခွေထိုင်လိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်က တဖြည်းဖြည်း အောက်သို့ နိမ့်ဆင်းသွားပြီး စမ်းရေအောက်သို့ နစ်မြုပ်သွားသည်။

အ‌ဝေးမှ လှမ်းကြည့်မည်ဆိုလျှင်တော့ သူ၏ပုံရိပ် ရေထဲနစ်မြုပ်သွားသည်နှင့် လေထဲတွင်ရှိနေသည့် ချီလင်ကျောက်တုံးသည်လည်း သူနှင့်အတူ ရေထဲနစ်မြုပ်သွားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

ရန်ကျောက်ကဲ ရေအောက်သို့ လုံးဝနစ်မြုပ်သွားသည်နှင့် ချီလင်ကျောက်တုံးကို အမြင့်ဆုံးသို့ ရောက်အောင် ပင့်တင်ပေးထားသည့် ထီးပုံသဏ္ဌန် ရေစက်များက ချီလင်ကျောက်တုံးကို ရေထဲသို့ နစ်မြုပ်စေလိုက်ခြင်း ဖြစ်၏။

ရန်‌ကျောက်ကဲ ခေါင်းမော့ကြည့်လိုက်သည့်အခါ ချီလင်ကျောက်တုံးသည် စမ်းရေထဲသို့ လျှင်မြန်စွာ ပျော်ဝင်သွားပြီး သူ့ပတ်ဝန်းကျင်မှ ဖြူစင်ကြည်လင်နေသည့် ရေများသည် အနီရောင်အလင်းတန်းများပမာ ပြောင်းလဲသွားကြောင်း တွေ့မြင်လိုက်ရသည်။

ကောင်းကင်ဝိညာဉ်စမ်းချောင်းထဲတွင် နစ်မြုပ်နေခြင်းက အခြားသောရေထဲတွင် နစ်မြုပ်နေသည့် ခံစားချက်နှင့် လုံးဝမတူပေ။

သို့သော် သူ့ခန္ဓာကိုယ်တစ်ခုလုံး ခိုင်မာသည့် ထုထည်တစ်ခုအတွင်း ပိတ်မိနေသည့်အလား လှုပ်ရှား၍မရဘဲ ပယင်းထဲတွင် ပိတ်မိနေသော ပိုးကောင်ငယ်လေးပမာ ဖြစ်ရသည်။

ကြည်လင်နေသည့် စမ်းရေထဲတွင် တောက်လောင်နေသည့် အနီရောင်အလင်းတန်းများ ဖြည်းဖြည်းချင်းလှည့်ပတ်နေသည်။

နဂါးခေါင်း ၊ သမင်ခန္ဓာ ၊ နွားအမြီး ၊ မြင်းခွာများနှင့်…

ခမ်းနားခန့်ညာားပြီး တောက်ပလျှက် ဂုဏ်သိက္ခာရှိလှသော…

ထိုအရာက အံ့သြစရာကောင်းလောက်သည့် ချီလင်ပင် ဖြစ်သည်။

အနီရောင်ချီလင်သဏ္ဌန်သည် ရန်ကျောက်ကဲ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝန်းရံဖုံးအုပ်ထားသည်။

အချိန်ကြာလာသည်နှင့်အမျှ ထိုချီလင်သဏ္ဌန်သည် ရန်‌ကျောက်ကဲ၏ ခန္ဓာကိုယ်အတွင်းသို့ ရောယှက်ဝင်ရောက်သွားသည့်အလား ကျုံ့ဝင်သွားသည်။

ဝိညာဉ်စွမ်းအားများဖြင့် ပြည့်ဝနေသည့် ကြည်လင်သောစမ်းရေသည်လည်း ရန်‌ကျောက်ကဲ၏ ခန္ဓာကိုယ်အတွင်း ရော‌နှောသွားသည်။

ရန်ကျောက်ကဲက တိတ်ဆိတ်စွာပင် မျက်လုံးများကို မှေးမှိတ်ထားပြီး သူ၏နက်ရှိုင်းသောသိုင်းစွမ်းအားများကို ခန္ဓာကိုယ်အတွင်း လှည့်ပတ်ကာ ဝိညာဉ်စွမ်းအားများကို နည်းနည်းချင်းစုပ်ယူရင်း သူ့ခန္ဓာကိုယ်တွင် ဖြစ်ပျက်နေသည့် အပြောင်းအလဲများကို စောင့်ကြည့်လေ့လာနေသည်။

“ငါ့ရဲ့ချီပင်လယ်က နောက်တစ်ဆင့် ပိုပြီး ကျယ်ပြန့်လာပြီ ၊ ကြယ်တာရာချီစွမ်းအားပမာဏလည်း တိုးတက်လာတယ်”

“ငါ့ အကြောမျှင်တွေ ကြွက်သားတွေကလည်း အရင်ကထက် ပိုပြီးပြင်းထန်တဲ့ ပေါက်ကွဲအားကိုတောင် ခံနိုင်ရည်ရှိတဲ့အထိ အဆင့်တက်သွားတယ်”

“ငါ့ရဲ့ ရိုးတွင်းချဉ်ဆီတွေလည်း အားကောင်းလာတယ် ၊ ရိုးတွင်းချဉ်ဆီကနေ သွေးဖန်တီးမှုစွမ်းရည်လည်း အရမ်းတိုးတက်လာတယ်”

“ငါ့စိတ်တွေတောင် အရင်ကထက် အလုပ်လုပ်တာ ပိုမြန်ဆန်လာတယ်…”

“ဒါက ယာယီတစ်ခဏမဟုတ်ဘူးပဲ ၊ အနာဂတ် ငါ့ရဲ့ကျင့်ကြံခြင်းမှာ ရေရှည်အကျိုးရှိမယ့် အရာပဲ”

ဤရလဒ်များအတွက် ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များတွန့်ကွေးကာ ကျေနပ်အားရစွာ ပြုံးလိုက်သည်။

ချီလင်စမ်းချောင်းရေနှစ်ခြင်းအခမ်းအနားတစ်ခုလုံး အဆုံးသတ်သွားသည့်နောက် ကောင်းကင်ဝိညာဉ်စမ်းချောင်းအတွင်းမှ ရန်ကျောက်ကဲထွက်လာသည်။ သူက တစ်လက်မမှ နေရာမရွှေ့ဘဲ စမ်းချောင်းဘေးတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေ၏။

ရန်တိကလည်း ဘေးမှရပ်‌စောင့်နေပြီး အလျင်စလို ပြုမူခြင်း မရှိပေ။

ရန်ကျောက်ကဲမှာ သူ့ခန္ဓာကိုယ်မှ ကြယ်တာရာချီစွမ်းအားများ အဆက်မပြတ် မြင့်တက်လာသည်ကို ခံစားနေရပြီး သက်သောင့်သက်သာဖြင့် ထိန်းထားနိုင်ခြင်းမရှိတော့ဘဲ ရှည်လျားသည့် ကျုံးဝါးသံတစ်သံကို အော်ဟစ်လိုက်မိသည်။ ကောင်းကင်ကိုးထပ်မှ နဂါးတစ်ကောင်၏ ကျုံးဝါးသံအလား သူ၏ ကျုံးဝါးသံက အချိန်အတန်ကြာအောင် ပျောက်ကွယ်မသွားခဲ့ပေ။

ထိုကျုံးဝါးသံက ပတ်၀န်းကျင်တစ်ခုလုံးကို ကျယ်လောင်စွာ ပျံ့နှံ့သွားပြီး ကြားရသူတိုင်း၏ စိတ်နှလုံးကို တုန်လှုပ်စေသည်။

ရန်ကျောက်ကဲ၏ ကျုံးဝါးသံ အဆုံးမသတ်ခင် အချိန်အတော် ကြာမြင့်ခဲ့၏။

သူ့ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားပြီး ခန္ဓာကိုယ်၏ အခြေခံတည်ဆောက်မှုက အရင်ထက် ပိုမိုတည်ငြိမ်လာသည်ဟု ခံစားရသည်။ အနာဂတ်အောင်မြင်မှုများအတွက် ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် ခိုင်မာသည့် အခြေခံအုတ်မြစ်တစ်ခု ဖြစ်တည်လာသည့်အလားပင် ဖြစ်၏။

ထို့နောက် ခေါင်းတစ်ချက်ခါယမ်းရင်း ရန်ကျောက်ကဲ ပြုံးလိုက်သည်။

“ချီလင်စမ်းချောင်းရေနှစ်ခြင်းက ဒဏ္ဍာရီဆန်တဲ့ ဂုဏ်သတင်းအတိုင်း တကယ့်ကိုထိုက်တန်တာပဲ”

ရန်တိက ပြုံးလိုက်ရင်း…

“ဆက်ကြိုးစားပါ ၊ ဒီတစ်ခေါက် မင်းအပြင်ကပြန်လာတော့ အဖေ မင်းရဲ့ ကျင့်ကြံခြင်းကို မစမ်းသပ်တော့ပါဘူး ၊ နေသူတော်စင်ဂိုဏ်းက ကောင်လေးတွေကို အနိုင်ယူလိုက်တာနဲ့တင် မင်းဘယ်လောက်တိုးတက်လာတယ်ဆိုတာ သက်သေပြဖို့ လုံလောက်နေပါပြီ”

“ချီလင်စမ်းချောင်းရေနှစ်ခြင်းပြီးရင် မင်းနေရာမင်းပြန်ပြီး ကြယ်တာရာချီစွမ်းအားကို နည်းနည်းလောက်ထပ်ပြီး ကျင့်ကြံလိုက် ၊ ပြီးတော့ မီးနယ်မြေတိုက်ပွဲကနေ ရလာတဲ့ပစ္စည်းတွေလည်း မင်းအတွက် အဖေ ပို့ပေးထားတယ်”

ထို့နောက် ရန်တိက သားဖြစ်သူကို နွေးထွေးစွာြဖင့် ကြည့်လိုက်သည်။

“မင်း မကြာခင် တောင်တန်းနယ်မြေကို ခရီးထွက်ရလိမ့်မယ် ၊ အဲဒီအတွက် လိုအပ်တာတွေကိုလည်း သေသေချာချာ ပြင်ဆင်ထားဦး”

ရန်ကျောက်ကဲက ခေါင်းညိတ်လိုက်ရင်း…

“အဖေ စိတ်ချပါ ၊ ကျွန်တော်က မပေါ့ဆတတ်ပါဘူး”

***

သူနေထိုင်သည့်နေရာသို့ ပြန်‌ရောက်သည့်အခါ ထိုနေရာတွင် ရတနာပစ္စည်းများစွာ ရောက်နေသည်ကို အမှန်တကယ် တွေ့မြင်လိုက်ရသည်။ ပစ္စည်းပုံကြီးကို စောင့်ကြပ်နေသည့် အားဟူက ရန်ကျောက်ကဲကို တွေ့သည့်အခါ မျက်လုံးများ မပေါ်တော့သည်အထိ သွားများဖြဲကာ ပြုံးရယ်ပြသည်။

ရန်ကျောက်ကဲက ပစ္စည်းများကို တစ်ချက်မွှေနှောက်ကြည့်ရင်း ပစ္စည်းကောင်းများစွာ ပါဝင်သည့်အပြင် သူအရေးတကြီးလိုအပ်နေသည့် ပစ္စည်းအချို့ကိုလည်း တွေ့လိုက်ရသည်။

“ကဲ… ကြည့်ရအောင်… ၊ တိမ်စီးဆင်းကြေးမုံ ၊ မြေအောက်မီးကျောက် ၊ မီးသဏ္ဌန်ကျောက်စိမ်း ၊ ကောင်းကင်နွယ်ပင် …”

ရန်ကျောက်ကဲ လက်ဖျောက်တစ်ချက်တီးလိုက်ရင်း…

“ကောင်းလိုက်တာ ၊ ဘယ်လောက်ကောင်းတဲ့ ရိတ်သိမ်းမှုကြီးလဲ”

မီးနယ်မြေတွင် တည်ရှိသည့် နေသူတော်စင်ဂိုဏ်းအတွက်ပင် ဤပစ္စည်းများက အလွန်ရှားပါးပြီး အဖိုးတန်လှသည်။

နေသူတော်စင်ဂိုဏ်းတွင် ဤပစ္စည်းများကို မရေမတွက်နိုင်အောင် အသုံးပြုကြပြီး ဘယ်သောအခါမှ လုံလောက်သည်ဟူ၍ မရှိပေ။

ဤသို့သောပစ္စည်းများ အခြားနယ်မြေများသို့ စီးဆင်းမသွားစေရန် နေသူတော်စင်ဂိုဏ်းကလည်း တင်းတင်းကျပ်ကျပ် စောင့်ရှောက်ထားသည်။ ကောင်းကင်နယ်မြေမှ ရတနာပစ္စည်းများနှင့် အလဲအလှယ်လုပ်မည်ဆိုလျှင်ပင် ဤပစ္စည်းများရရှိရန် လွန်စွာခက်ခဲပေလိမ့်မည်။

သဘောတူညီချက်ဖြင့် ပစ္စည်းလဲလှယ်သည့်တိုင် အရေအသွေးညံ့ဖျင်းသည့် ပစ္စည်းအချို့ကိုသာ ရရှိမည်ဖြစ်ပြီး ဤသို့အဖိုးတန်ပစ္စည်းများကို မရရှိနိုင်ပေ။

ယခုတစ်ကြိမ်တော့ ရန်‌ကျောက်ကဲမှာ သူလိုချင်သည့်ပစ္စည်းများကို ရရှိရုံသာမက ရသမျှ ပစ္စည်းအားလုံးကလည်း အလွန်အဆင့်မြင့်သည့် ရတနာပစ္စည်းများ ဖြစ်ကြသည်။

ရန်ကျောက်ကဲက တိမ်စီးဆင်းကြေးမုံကို ကိုင်မြှောက်လိုက်ရင်း ရယ်မောလိုက်သည်။

“သွေးသန့်စင်ကျောက်တုံးနဲ့ တိမ်စီးဆင်းကြေးမုံ ၊ ဒီတစ်ခေါက် သွေးမိစ္ဆာပြားကို တွေ့ရတော့မယ်ထင်တယ်”


Comment

Leave a Reply

Options

not work with dark mode
Reset