ဝမ်ပေါင်လဲ့တစ်ယောက် သူ ရွေးချယ်နိုင်သည့်နည်းလမ်းများကို စဉ်းစားတွေတောနေရင်း တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွား၏။ သူနှင့် ဖုန့်ချိုးရန် သောကြာဂြိုဟ်ပေါ်သို့ ရောက်လာသည့်အကြောင်းကို စခန်းထဲရှိ ကျင့်ကြံသူတိုင်း သိရှိထားကြပြီး ဖြစ်သည်။ သွမ့်မုချွယ်မှာလည်း ထိုအကြောင်းကို လူသိရှင်ကြား ထုတ်ပြန်ကြေညာခဲ့သောကြောင့် သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်နှင့် ကမ္ဘာဂြိုဟ်ပေါ်ရှိ လူတိုင်းမှာ သိရှိသွားကြတော့သည်။
သူတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုများနှင့် တာအိုနန်းတော်၏ မဟာ ထိပ်သီးအကြီးအကဲကြီး ဖုန့်ချိုးရန် ပြည်ထောင်စုကြီးနှင့် မဟာမိတ်ဖွဲ့ရန် ဆုံးဖြတ်ခဲ့သည့် အချက်များကိုလည်း သိရှိသွားကြပြီဖြစ်သည်။ ထိုသတင်းများကြောင့် ပြည်ထောင်စုကြီးထဲရှိ လူတိုင်းလုံးမှာ စိတ်လှုပ်ရှားသွားကြ၏။
ထို့အပြင် သင်္ဘောဆိပ်၌ ဝမ်ပေါင်လဲ့ ပြောခဲ့သည့် မိန့်ခွန်းကြီးကြောင့် သောကြာဂြိုဟ်ပေါ်ရှိ ကျင့်ကြံသူများမှာ စိတ်ဓာတ်များတတ်ကြွကာ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေကြပြီ ဖြစ်သည်။
ဝမ်ပေါင်လဲ့ ပြန်ရောက်လာသည့် အချိန်ကတည်းက သူ၏ ယာယီနေအိမ်သို့ ဧည့်သည်အမြောက်အမြား ရောက်ရှိလာခဲ့၏။ ထို ဧည့်သည်များထဲတွင် ရှေးဟောင်းဓားကြီးပေါ်၌ သူနှင့် သိကျွမ်းဝင်ခဲ့သည့် ပြည်ထောင်စုပျိုးပင်များ၊ ဧရာမသစ်ပင်ကြီး နှင့် ဂိုဏ်းချုပ်ကြီးရှုတို့ကဲ့သို့သော မိတ်ဆွေဟောင်းများနှင့် ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးအင်အားစု အသီးသီးမှ အထင်ကရပုဂ္ဂိုလ်များ ပါဝင်ပေသည်။ သူတို့မှာ ဝမ်ပေါင်လဲ့နှင့် ပိုမို ခင်မင်ရင်းနှီးလိုကြောင်း အသိပေးခဲ့ကြပြီး သူ့အား တရိုတသေ တလေးတစား ဆက်ဆံခဲ့ကြ၏။
အကယ်၍ အခြားအခြေအနေ တစ်ခုခုတွင်သာဆိုပါက သူသည် အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များနှင့်အညီ သူတို့နှင့် ဆက်ဆံရေးများတိုးတက်လာအောင် ဆောင်ရွက်လိုက်မည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူသည် ထိုသို့လုပ်ရန် စိတ်မပါပေ။ ထို့ကြောင့် ရက်အနည်းငယ်ခန့် ကြာပြီးနောက် သူသည် တံခါးပိတ်ကျင့်ကြံတော့မည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်တော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် တံခါးပိတ်လေ့ကျင့်နေစဉ် စစ်ပွဲကြီးမှာ ဆက်လက်ဖြစ်ပွားနေဆဲပင်။ အသေးစားတိုက်ပွဲလေးများမှာ မကြာခဏဆိုသလို ပေါ်ပေါက်လာနေကြပြီဖြစ်သည်။ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီး၏ ရှာဖွေတွေ့ရှိချက်များအရ တာအိုနန်းတော်နှင့် အဆုံးမဲ့မျိုးနွယ်စုတို့၏ ပြင်ဆင်မှုများမှာ ပြီးစီးသွားတော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။ သို့ဖြစ်ရာ သူတို့မှာ သိပ်မကြာခင်တွင် သောကြာဂြိုဟ်အား လာရောက်တိုက်ခိုက်ကြတော့မည် ဖြစ်သည်။
ဝမ်ပေါင်လဲ့ တံခါးပိတ်လေ့ကျင့်နေသည့် ဆယ်ရက်မြောက်နေ့တွင် ခုန်းတောက်မှာ သူ၏တာဝန်အား ပြီးစီးအောင် ဆောင်ရွက်ပြီးသွားသောကြောင့် ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်လာ၏။ သူသည် ဝမ်ပေါင်လဲ့၏ မိတ်ဆွေများထဲ၌ ပထမဆုံး ပြန်ရောက်လာသည့်သူ ဖြစ်ပေသည်။
သူသည် ပြည်ထောင်စုကြီးထဲသို့ ပြန်ရောက်လာသည်နှင့် ဝမ်ပေါင်လဲ့ ရှိနေသည့်နေရာသို့ ချက်ချင်းရောက်လာ၏။ သူ ဝမ်ပေါင်လဲ့အား မြင်လိုက်ရချိန်တွင် ဆိုလိုက်သည့် စကားမှာ..
“ ပေါင်လဲ့ရေ။ ကျိုးရိဖန်း ပျောက်နေတယ်ကွ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအေးစက်သွားပြီး မေးခွန်းများ စတင်မေးမြန်းလိုက်တော့သည်။ အဆုံမဲ့မျိုးနွယ်စုစစ်သင်္ဘောကြီးပေါ်၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးထဲတွင် ခုန်းတောက်မှာ ပုန်းကွယ်နေခဲ့သောကြောင့် အသတ်ခံရမည့်ဘေးမှ လွတ်မြောက်သွားခဲ့၏။ ထို့နောက် သူသည် တာအိုဘုန်းတော်ကြီးယိုရန် မရှိတော့သည့် အချက်နှင့် စစ်သင်္ဘောကြီး၏ အနှောင့်အယှက်စွမ်းအင်များ လျော့ကျသွားသည့် အချိန်ကို အခွင့်ကောင်းယူကာ ထွက်ပြေးလွတ်မြောက်လာခဲ့ခြင်းဖြစ်သည်။
သူသည် ကျောက်ယမုန့်ထက်အရင် ကျယ်ပြန့်တာအိုနန်းတော်ဆီသို့ ပြန်မရောက်လာနိုင်ခဲ့သဖြင့် ပြည်ထောင်စုကြီးဆီသို့ တည်နေရာပြောင်းရွှေ့သည့် လုပ်ငန်းစဉ်ကြီးအား မမီခဲ့ပေ။ သို့သော် သူသည် တာအိုနန်းတော်ထဲရှိ သူ၏ အချိတ်အဆက်များနှင့် သူ စုဆောင်းထားခဲ့သမျှ တိုက်ပွဲရမှတ်များကို အသုံးပြုကာ တာအိုဘုန်းတော်ကြီးယိုရန် ပြန်ရောက်မလာခင် ရှေးဟောင်းဓားကြီးပေါ်မှ ထွက်ခွာလာခဲ့၏။
” ငါ ကံကောင်းသွားတာ။ ငါ ပြန်ရောက်လာတဲ့အချိန်တုန်းက ဗုဒ္ဓဟူးဂြိုဟ်က အကောင်းအတိုင်း ရှိနေတုန်းပဲ။ ဥက္ကဋ္ဌကြီးက အဲဒီဂြိုဟ်ကို ဖောက်ခွဲပစ်ဖို့ အမိန့်မပေးခဲ့သေးဘူး။ တကယ်လို့ သူသာ အမိန့်ပေးခဲ့မယ်ဆိုရင်… ” ခုန်းတောက်မှာ ထိုသို့တွေးမိလိုက်သောအခါ တစ်ကိုယ်လုံး တုန်ရီသွားရ၏။
” ငါ ပြည်ထောင်စုကြီးဆီကို ပြန်ရောက်တော့ ကျောက်ယမုန့်နဲ့ တခြားသူတွေကို ရှာတွေ့ခဲ့တာပဲ။ ငါတို့တွေ စုဆောင်းမိထားသမျှ သတင်းအချက်အလက်တွေကို အချင်းချင်း ဖလှယ်ခဲ့ကြပေမယ့် ဘယ်သူကမှ ကျိုးရိဖန်းကို မမြင်မိဘူးတဲ့ကွ။ မင်း ပြန်ရောက်လာတာတောင်သူ ကျိုးရိဖန်းက ပျောက်နေတုန်း။ သူ့ရဲ့အစ်ကို ကျိုးရိရှန်လည်း ပျောက်နေတာ ” ခုန်းတောက်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် လေသံတိုးတိုးဖြင့် သက်ပြင်းချလိုက်၏။ အကယ်၍ လက်ရှိတွင်ဖြစ်ပွားနေသည့် စစ်ပွဲကြီးကြောင့်သာ မဟုတ်ပါက သူသည် သူ၏ မဟာထိပ်သီးအကြီးအကဲကြီးဆိုသည့် ရာထူး၏ လုပ်ပိုင်ခွင့်အာဏာကို အသုံးပြုကာ သူ၏ မိတ်ဆွေအား ရှာဖွေပေးနိုင်မည်ဖြစ်သည်။
သို့သော် ယခုတွင်မူ သူတို့မှာ စစ်ပွဲထဲသို့ ရောက်နေသည်ဖြစ်ရာ ကျိုးရိဖန်းမှာ သူ့ကိုယ်သူ အားကိုးရန်သာ လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏မိတ်ဆွေအတွက် မည်မျှပင် စိတ်ပူနေစေကာမူ ထိုကိစ္စအား မေ့ထားလိုက်ရမည်သာဖြစ်သည်။ သူသည် ခုန်းတောက်နှင့် အနည်းငယ်ခန့်ထပ်၍ စကားပြောလိုက်ပြီးနောက် ခုန်းတောက်မှာ မောပန်းနွမ်းနယ်နေပြီး သူ၏ဒဏ်ရာများကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား ဝိညာဉ်အရည် ပုလင်းအနည်းငယ်ခန့် လက်ဆောင်ပေးလိုက်ပြီးနောက် သူတို့၏ စကားဝိုင်းအား အဆုံးသတ်လိုက်တော့သည်။
ပြည်ထောင်စုကြီးနှင့် တာအိုနန်းတော်တို့၏ ကြားရှိ အသေးစား တိုက်ပွဲလေးများမှာ ပိုမိုပြင်းထန်လာပြီ ဖြစ်သည်။ ခုန်းတောက်မှာ သူ၏ဒဏ်ရာများမှ ပြန်လည်သက်သာလာကာ လုံလုံလောက်လောက် အနားယူလိုက်ပြီးနောက် အဖွဲ့လိုက်ထမ်းဆောင်ရမည့် တာဝန်တစ်ခုထဲသို့ လိုက်ပါသွားရပြန်သည်။ ခုန်းတောက်ကဲ့သို့ အမြုတေအဆင့် ကျင့်ကြံသူများအားလုံးမှာ အလှုပ်ရှပ်နေကြရ၏။ သူတို့ တာဝန်ယူဆောင်ရွက်ရန် လိုအပ်သည့် ကိစ္စများမှာ အမြောက်အမြား ရှိနေကြသည် မဟုတ်ပါလော။
အမြုတေအဆင့် ကျင့်ကြံသူများမှာ နယ်စပ်ဒေသများတွင် ကင်းစောင့်ကာ မန္တန်အစီအရင်ကြီးအား ကူညီထောက်ပံ့ပေးပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရသည့် အဖွဲ့များထဲတွင် အဓိကထောက်တိုင်များ ဖြစ်ကြပေသည်။ ဝမ်ပေါင်လဲ့ တာအိုနန်းတော်ထဲတွင် ရှိနေခဲ့စဉ်တုန်းက ပြန်လည်ပေးပို့ခဲ့သည့် ကျင့်ကြံခြင်းပညာရပ်များမှာ အမြုတေထိပ်ဆုံးအဆင့်တွင် ပိတ်မိနေခဲ့သည့် အတွေ့အကြုံရင့် ကျင့်ကြံသူများအတွက် အများကြီး အထောက်အကူ ပြုနိုင်ခဲ့သောကြောင့် သူတို့မှာ ဉာဏ်အလင်းပွင့်သွားခဲ့ကြ၏။ သို့သော်ငြားလည်း ဂိုဏ်းချုပ်ကြီးရှု၊ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့နည်းတူ ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်ခဲ့သည့် ကျင့်ကြံသူ အရေအတွက်မှာ သုံးယောက်သာ ရှိသေးသည်။
သူတို့ထဲမှတစ်ယောက်မှာ လီဝမ်အာ၏ ဖခင်ဖြစ်သူ လွှတ်တော်အမတ် ခေါင်းဆောင်ကြီး ဖြစ်ပေသည်။ နောက်တစ်ယောက်မှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ အကြီးအကဲတစ်ယောက် ဖြစ်၏။ နောက်ဆုံးတစ်ယောက်မှာမူ တာအိုကျောင်းလေးကျောင်းမှ မဟုတ်သလို လသုံးစင်းမဟာမိတ်အဖွဲ့မှလည်း မဟုတ်သည့်အပြင် ယွီဟွားရှန်ထျန်းဂိုဏ်းမှလည်း မဟုတ်ပေ။ သူသည် မည်သူမှ ထင်မှတ်မထားသော လူတစ်ယောက်ဖြစ်သည်။ သို့သော် အခြေအနေများအားလုံးကို မျက်ခြည်မပြတ် စောင့်ကြည့်နေသည့် လူများမှာမူ ထိုကိစ္စမှာ အထူးတဆန်းမဟုတ်ကြောင်း သိကြပေသည်။ ထို တတိယမြောက် ပုဂ္ဂိုလ်မှာ လင်းတျန်ဟောက်၏ ဖခင်ဖြစ်သူ ကောင်းကင်တာမြို့တော်၏ မြို့တော်သခင် လင်းယုံ ဖြစ်ပေသည်။
လင်းယုံမှာ လွှတ်တော်အမတ်တစ်ယောက် ဖြစ်၏။ သူသည် မြို့တော်သခင်တစ်ယောက် ဖြစ်သောကြောင့် ပြည်ထောင်စုကြီးထဲတွင် ဩဇာအာဏာ ကြီးမားသည့် လူတစ်ယောက် ဖြစ်ခဲ့ပါသော်လည်း အစွမ်းအထက်ဆုံးသော လူစာရင်းထဲ၌ မပါခဲ့ပေ။ သို့သော် သူ ဖောက်ထွက်ပြီးသွားသည့် အချိန်မှစ၍ အရာအားလုံးမှာ ပြောင်းလဲသွားခဲ့၏။ ယခုတွင် အလားအလာ အများကြီးရှိနေသော ထို လွှတ်တော်အမတ်လေးအား မည်သူကမှ လျှော့တွက်ရဲကြတော့မည် မဟုတ်ပေ။
ထို့အပြင် လင်းယုံမှာ ပေါင်းသင်းဆက်ဆံရေးနှင့် ကိစ္စအဝဝအား ကိုင်တွယ်ဖြေရှင်းရာတွင်လည်း ကျွမ်းကျင်သူတစ်ယောက်ဖြစ်ရာ လီဝမ်အာ၏ ဖခင်ဖြစ်သူမှာ သူ့အား လက်ထောက် လွှတ်တော်အမတ်ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးခဲ့၏။ သို့ဖြစ်ရာ သူ၏ ရာထူးအဆင့်အတန်းကြောင့် ကောင်းကင်မြို့တော်၏ အဆင့်အတန်းမှာလည်း တိုးတက်သွားခဲ့ပြီ ဖြစ်သည်။ သူ၏ သားဖြစ်သူမှာလည်း ထိုနည်းတူပင်။
လင်းယုံနှင့် ဝမ်ပေါင်လဲ့တို့နှစ်ယောက်ကို ထည့်တွက်လိုက်မည်ဆိုပါ ပြည်ထောင်စုကြီးထဲ၌ ယွမ်ယင်အဆင့် ကျင့်ကြံသူ ရှစ်ယောက်အထိ ရှိနေပြီဖြစ်သည်။ ထို ရှစ်ယောက်ထဲမှ ငါးယောက်မှာ လက်ရှိတွင် သောကြာဂြိုဟ်ပေါ်၌ ရှိနေကြ၏။ ကျန်ရှိနေသေးသည့် သုံးယောက်ထဲမှ တစ်ယောက်မှာ ကမ္ဘာဂြိုဟ်ပေါ်တွင် ရှိနေပြီး ကျန်နှစ်ယောက်မှာမူ အင်္ဂါဂြိုဟ်ပေါ်၌ တာဝန်ကျနေ၏။ ထို့အပြင် အင်္ဂါဂြိုဟ်ပေါ်၌ တာဝန်ကျနေသည့် နှစ်ယောက်မှာ ဖောက်ထွက်နိုင်ရန် တံခါးပိတ် ကျင့်ကြံနေသည့် အင်္ဂါဂြိုဟ်ကိုလိုနီနယ်မြေ၏ ဘုရင်ခံအား ကာကွယ်စောင့်ရှောက်ပေးနေကြသေးသည်။ သို့ဖြစ်ရာ လက်ရှိတွင် ပြည်ထောင်စုကြီးထဲ၌ အမြုတေအဆင့် ကျင့်ကြံသူများ အလွန်အင်မတန်မှ အရေးပါနေသည်မှာ မထူးဆန်းပေ။
ခုန်းတောက်တစ်ယောက်သာ အလုပ်ရှုပ်နေသည် မဟုတ်ဘဲ ပြည်ထောင်စုကြီးထဲရှိ အမြုတေအဆင့် ကျင့်ကြံသူအားလုံး အလုပ်ရှုပ်နေကြခြင်း ဖြစ်သည်။ ကျောက်ယမုန့်ပင်လျှင် တမူထူးခြားသော ရာထူးအဆင့်အတန်းတစ်ခုကို ပိုင်ဆိုင်ထားသည့်တိုင်အောင် အနားမရပေ။ သူမသည် တာဝန်များထမ်းဆောင်နေရင်း ဝမ်ပေါင်လဲ့ဆီသို့ အသံလွှင့်အကြောင်းကြားစာများ အဆက်မပြတ် ပေးပို့နေခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့ သောကြာဂြိုဟ်ပေါ်သို့ ရောက်ရှိလာခဲ့သည့် အချိန်ကတည်းက ပြည်ထောင်စုကြီးဆီသို့ ပြန်ရောက်လာခဲ့ခြင်း မရှိသေးပေ။
ဝမ်ပေါင်လဲ့မှာလည်း အမြဲတမ်း တံခါးပိတ်လေ့ကျင့်နေ၍ ရမည် မဟုတ်ပေ။ သို့ဖြစ်ရာ ခုန်းတောက် ထွက်ခွာသွားပြီး သိပ်မကြာခင်တွင် ဝမ်ပေါင်လဲ့မှာ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ဆီမှ တာဝန်တစ်ခု လက်ခံရရှိလိုက်၏။
” မင်း လဆီကိုသွား။ မင်းရဲ့တာဝန်က လကို သောကြာဂြိုဟ်ဆီ အထိအခိုက်မရှိ ပြန်ယူလာဖို့ပဲ ”
လမှာ ကမ္ဘာဂြိုဟ်၏ ဂြိုဟ်ရံ ဖြစ်ပေသည်။ ဝိညာဉ်သိပ္ပံပညာရပ်၏ အစွမ်းများကြောင့် ပြည်ထောင်စုကြီးမှာ ထိုဂြိုဟ်ရံအား အပြစ်အနာအဆာ လုံးဝနီးပါး ကင်းစင်သည့် အဆင့်မြင့် ခံတပ်တစ်ခုအဖြစ် ပြောင်းလဲနိုင်ခဲ့၏။ ထို လမင်းခံတပ်မှာ အစွမ်းထက် တိုက်ရည်ခိုက်ရည် စွမ်းအားများကို ပိုင်ဆိုင်ထားရုံသာမက လမ်းကြောင်းပြောင်းနိုင်စွမ်းလည်း ရှိပေသည်။ သို့ဖြစ်ရာ ၎င်းမှာ အာကာသထဲ၌ သွားလာနိုင်သည့် စကြဝဠာခံတပ်ကြီးတစ်ခုနှင့်ပင် ဆင်တူနေတော့သည်။
နဂိုမူလအစီအစဉ်မှာ ထို လမင်းခံတပ်အား အင်္ဂါဂြိုဟ်ပေါ်၌ တိုက်ခိုက်မည့် စစ်ပွဲကြီးအတွက် အကူအညီအထောက်အပံ့အဖြစ် အသုံးပြုရန်ဖြစ်သည်။ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ အခြားသူများဖြင့် ဆွေးနွေးခဲ့ပြီးနောက် ၎င်းအား သတ်မှတ်ထားသည်ထက် စော၍ အသုံးပြုရန် ဆုံးဖြတ်ခဲ့ကြ၏။ ယခုတွင် ၎င်းမှာ သောကြာဂြိုဟ်အား ကူညီထောက်ပံ့ပေးတော့မည်ဖြစ်သည်။
ထိုဝာာဝန်မှာ အလွန်အင်မတန်မှ အရေးကြီးပါသော်လည်း ကြုံရတွေ့ရနိုင်သည့် အန္တရာယ်မှာ မရှိသလောက် နည်းပေသည်။ လဆီသို့ သွားရန် အချိန်အကြာကြီး ပေးရမည် ဖြစ်ပါသော်လည်း ထိုခရီးစဉ်လမ်းကြောင်းမှာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးထဲ၌ ရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ တာအိုနန်းတော် တပ်ဖွဲ့များနှင့် ရင်ဆိုင်ကြုံတွေ့ရနိုင်ခြေမှာ မရှိသလောက် နည်းပေသည်။
ထိုတာဝန်မှာ အလွန်အင်မတန်မှ အရေးကြီးသောကြောင့် ဝမ်ပေါင်လဲ့အား ပေးအပ်ခဲ့ခြင်းဖြစ်၏။ သူသည် လမင်းကြီးအား သူကိုယ်တိုင်ထိန်းချုပ်ကာ ၎င်း၏ နဂိုမူလ ကမ္ဘာပတ်လမ်းကြောင်းထဲမှ စစ်ပွဲကြီးထဲသို့ ခေါ်ဆောင်လာရမည်ဖြစ်သည်။ ထိုမြင်ကွင်းကြီးအား စိတ်ကူးဖြင့် တွေးကြည့်လိုက်ရုံနဲ့ လူအများမှာ စိတ်လှုပ်ရှားသွားရမည်သာ ဖြစ်သည်။ လမင်းကြီး ရွေ့လျားသွားသည်ကို မြင်လိုက်ရရုံနှင့် ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းမှာ ကျော်စောသွားမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာလည်း ထိုတာဝန်အား ချက်ချင်း လက်ခံလိုက်၏။ သူသည် သူ၏ အစွမ်းအစနှင့်သာဆိုလျှင် ပိုမိုခက်ခဲသော တာဝန်များကို ထမ်းဆောင်နိုင်လိမ့်မည်ဟု မှတ်ယူထားသည်။ သို့သော်လည်း သူ့ဆီတွင် လမင်းကြီးပေါ်တွင် စမ်းသပ်ကြည့်ချင်နေသည့် လျှို့ဝှက်အစီအစဉ်တစ်ခု ရှိနေ၏။ ထို့ကြောင့် သူသည် ထိုတာဝန်အား လက်ခံရရှိလိုက်ပြီးနောက် ပြည်ထောင်စုကျင့်ကြံသူ အယောက်တစ်ထောင်ကျော်ပါသော ပြည်ထောင်စုစစ်သင်္ဘောကြီး တစ်စင်းပေါ်သို့ ချက်ချင်းတက်သွားလိုက်ပြီး လမင်းကြီးဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။
နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ ထိုစစ်သင်္ဘောကြီး၏ အမြန်နှုန်းအား မြှင့်တင်ပေးထားသောကြောင့် ခြောက်ရက်တိတိ ကုန်ဆုံးသွားပြီးနောက် သူတို့မှာ ကမ္ဘာဂြိုဟ်အနီးသို့ ရောက်ရှိလာပြီး လပေါ်ရှိ စခန်းထဲ၌ ဆင်းသက်သွားလိုက်တော့သည်။
ထို စခန်းထဲရှိ နိုင်ငံရေးအင်အားစု အသီးသီးမှ အကြီးအကဲများ အားလုံးမှာ သူ့အား စောင့်ဆိုင်းနေကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့၏ အမိန့်အားလုံးကို နာခံရန် ညွှန်ကြားချက်များ ရထားကြပြီးသားဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ လမင်းခံတပ်ကြီးတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်ခွင့်ရှိပေသည်။
ထိုကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ ရုတ်ခြည်းဆိုသလို လွှဲပြောင်းပေးလိုက်ရသည့် ဆုံးဖြတ်ချက်ကို နိုင်ငံရေးအင်အားစုအများစုမှာ သဘောတူ လက်ခံကြပါသော်လည်း ထိုဆုံးဖြတ်ချက်အား မကျေမနပ်ဖြစ်နေကြသည့် လူအချို့ ရှိနေကြဆဲပင်။ သူတို့မှာ ဝမ်ပေါင်လဲ့ ယွမ်ယင်အဆင့်သို့ ဖောက်ထွက်သွားနိုင်ခဲ့သည်ကို ကြားသိထားပြီးသား ဖြစ်ပါသော်လည်း သူ၏ အစွမ်းအစများကို သူတို့ကိုယ်တိုင် မမြင်ဖူးသေးပေ။ ထို့အပြင် သူတို့မှာ သူသည် သူတို့လောက် အတွေ့အကြုံရှိဦးမည် မဟုတ်ကြောင်း မှတ်ယူထားသဖြင့် သူ၏ ကျင့်ကြံခြင်းအဆင့်အား အထူးတလည် စိုးရိမ်နေခြင်းမရှိပေ။ ထိုမျှသာမက ရာထူးအဆင့်အတန်းမှာ ကျင့်ကြံခြင်းအဆင့်အထက် ပို၍အရေးပါသည်ဟု တစ်ယူသန် သတ်မှတ်ထားကြသည့် ရှေးရိုးစွဲလူများလည်း ရှိနေသေးသည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား ပေါ်ပေါ်ထင်ထင် အာခံရဲကြမည်မဟုတ်ပါသော်လည်း သူ၏ စကားများကို တဝေမသိမ်း နားထောင်နေကြမည်တော့ မဟုတ်ပေ။
သို့သော်… ထိုအတွေးများအားလုံးမှာ စစ်သင်္ဘောကြီး ဆင်းသက်လာပြီး ဝမ်ပေါင်လဲ့တစ်ယောက် အပြင်သို့ ထွက်လာချိန်တွင် လွင့်စင်ပပျောက်သွားရတော့သည်။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးထဲမှ ဩဇာအာဏာကြီးမားသော အဘိုးကြီးများ၏ စဉ်းစားတွေခေါ်ပုံများကို ကောင်းကောင်ကြီး နားလည်ထားပြီးသား ဖြစ်၏။ သို့ဖြစ်ရာ သူသည် သူတို့အား အာဏာဖီဆန်ခွင့် အနည်းငယ်လေးပင် ပေးမည် မဟုတ်ပေ။ ထို့ကြောင့် သူသည် စစ်သင်္ဘောကြီးအပြင်ဘက်သို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးအား ဆင့်ခေါ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၏ စွမ်းအားများအပြင် သူ၏ နတ်ဆိုးမျက်လုံးနှင့် သူ လူပေါင်းများစွာ သတ်ဖြတ်ခဲ့ရာမှ စုဝေးနေကြသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များလည်း ထွက်ပေါ်လာသေးသည်။ ၎င်းတို့မှာ ဆူနာမီ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ လမင်းကြီးတစ်စင်းလုံးကို လွှမ်းခြုံသွား၏။
” ကျုပ် ဘယ်သူလဲဆိုတာကို ခဗျားတို့ သိထားကြပြီးသား ဖြစ်မှာပါ။ အဲတာမလို့ အထူးတလည် မိတ်ဆက်မနေတော့ဘူး။ ခဗျားတို့တွေ ဘာကောင်ကြီး ဖြစ်နေဖြစ်နေ၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်ကြီးလို့ ထင်နေထင်နေ ကျုပ်က ဂရုစိုက်နေမှာ မဟုတ်ဘူး။ အခုစပြီးတော့ ခဗျားတို့ ဘာပဲတွေးနေတွေးနေ မေ့ထားလိုက်တော့။ ကျုပ်ရဲ့အမိန့်တိုင်း အတိအကျ လိုက်လုပ်ရင်လိုက်လုပ်။ မဟုတ်ရင် သတ်ပစ်မယ် ” ဝမ်ပေါင်လဲ့မှာ စစ်သင်္ဘောကြီးထဲမှ ထွက်လာရင်း တည်ကြည်စွာဆိုလိုက်၏။ သူ၏ စကားသံမှာ အကျယ်ကြီးမဟုတ်ပါသော်လည်း သူ၏ အငွေ့အသက်များ ကိန်းအောင်းနေသောကြောင့် လူတိုင်း၏ အသိစိတ်ထဲတွင် မိုးခြိမ်းသံကြီးကဲ့သို့ ပဲ့တင်ထပ်သွား၏။ ထို့ကြောင့် ထိုနေရာတွင် ရှိနေကြသည့် ကျင့်ကြံသူတိုင်းမှာ အသက်ရှူသံများ မြန်ဆန်လာကြကာ ချပ်ဝတ်တန်ဆာများ ဆင်မြန်ထားပြီး နတ်ဆိုးကြီးတစ်ကောင်နှင့် တူနေသော ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ခေါင်းများ ထူပူသွားကြတော့သည်။ သူတို့မှာ သူ၏ သတ်ဖြတ်လိုစိတ် အငွေ့အသက်ကြီး၏ ဖိအားအောက်တွင် တဆတ်ဆတ် တုန်ရီနေကြရပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့အားလုံးမှာ သူတို့၏ စိတ်ထဲရှိ မကောင်းသော အတွေးများအားလုံးကို မေ့ပျောက်ထားလိုက်ရပြီး ခေါင်းများငုံ့ကာ တရိုတသေနှင့် ပြန်ဖြေလိုက်ကြတော့သည်။
” ဟုတ်ကဲ့ပါဆရာ ”
ဝမ်ပေါင်လဲ့မှာမူ ခေါင်းမော့ကာ အိပ်မောကျနေသည့် ဧရာမရုပ်အလောင်းကြီး ရှိရာဘက်သို့ လှမ်းကြည့်ရင်း မျက်လုံးများမှေးသွား၏။
သူ၏ အငွေ့အသက်မှာ အားကောင်းလွန်းနေသောကြောင့်လားတော့ မသိပေ။ ထို ဧရာမ ရုပ်အလောင်းကြီးမှာ သူ၏ အငွေ့အသက်များကို တုံ့ပြန်နေသည့်ပုံပင်။ ဝမ်ပေါင်လဲ့တစ်ယောက် ထို ရုပ်အလောင်းကြီးဘက်သို့ လှမ်းကြည့်လိုက်သည်နှင့် လမင်းကြီးမှာ အပြင်းအထန် တုန်ရီသွားရ၏။ ထို့နောက် ထို ရုပ်အလောင်းကြီး အိပ်မောကျနေသည့် နေရာမှ ကြောက်မက်ဖွယ်ရာ အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။