Switch Mode

အခန်း (၇၀၁)

လီရှင်းဝမ်၏ ခန့်မှန်းချက်

” အဲဒီ လက်ဖွဲ့အဆောင်ရဲ့ ပုံစံက သာမန်ပါပဲ။ သာမန်စက္ကူသားနဲ့ပဲ လုပ်ထားတဲ့အပြင် သူ့ပေါ်မှာ ရေးထားတဲ့ စာလုံးတွေကလည်း ဘာမှ ထူးခြားနေတာ မရှိဘူး။ အခုလောလောဆယ် ကောင်းကင်တာအိုကျောင်းထဲက ရေကန်ကြီးရဲ့ အောက်မှာရှိတယ်။ တကယ်လို့ ဒီစစ်ပွဲကြီးပြီးသွားတဲ့အချိန် ပြည်ထောင်စုကြီး ပျက်စီးသွားမယ်ဆိုရင် မင်း အဲဒီ လက်ဖွဲ့အဆောင်ကို ယူသွားပြီးတော့ ငါတို့လူမှုအဖွဲ့စည်းကို ကာကွယ်စောင့်ရှောက်ပေးရမယ်။ ပြီးတော့ ငါ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရဆိုရင် အဲဒီ လက်ဖွဲ့အဆောင်က အမှတ်တရပစ္စည်းတစ်ခု ဖြစ်ပုံရတယ် ” လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် တည်ကြည်မှုအပြည့်ဖြင့်ဆိုလိုက်၏။

ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ မှင်တက်သွားရတော့သည်။ မည်ကဲ့သို့သော ပုဂ္ဂိုလ်မျိုးမှာ စာရွက်တစ်ရွက်ပေါ်တွင် စာလုံးအချို့ ရေးလိုက်ရုံမျှဖြင့် လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ကာကွယ်ပေးနိုင်သော စွမ်းအားများ ဖန်တီးပေးနိုင်စွမ်း ရှိနေရပါသနည်း။

” ငါ့ရဲ့ဂိုဏ်းတူအစ်ကိုကြီးဆိုရင် အဲလောက်အထိ အစွမ်းထက်မလားမသိဘူး ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာရတော့သည်။ သူသည် အံ့ဩမှင်တက်နေရသဖြင့် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ တွေဝေတုံ့ဆိုင်းနေသည့် အမူအရာများဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသည်ကိုပင် သတိမထားမိလိုက်ပေ။

တစ်ခဏမျှ ကြာမြင့်သွားပြီးမှ ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်အား ပြန်လည်တည်ငြိမ်အောင် ထိန်းသိမ်းနိုင်သွားတော့သည်။ ထိုအခါ လီရှင်းဝမ်မှာ ဆုံးဖြတ်ချက်ချပြီးသွားသည့် အမူအရာဖြင့် ထပ်ပြောလိုက်ပြန်သည်။

” အဲတာကြောင့်မလို့ နောက်ဆုံးမှာ သောကြာဂြိုဟ်က ရန်သူတွေရဲ့လက်ထဲကို ကျသွားမယ်ဆိုရင်တောင် ငါတို့တွေက အသက်ပေးပြီးတော့ ကာကွယ်ဖို့လိုတာ။ ‌အင်္ဂါဂြိုဟ်ပေါ်မှာ တိုက်ခိုက်မယ့် နောက်ဆုံးတိုက်ပွဲကြီးအတွက် ပြင်ဆင်ထားဖို့လိုတယ် ”

” ပေါင်လဲ့၊ အင်္ဂါဂြိုဟ်ပေါ်မှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်ဆိုတာ ငါသိထားတယ်။ မင်းက အဲဒီ လျှို့ဝှက်ချက်တွေ အကုန်လုံးကို သိထားပြီးတဲ့ ပုံပါပဲ။ အဲတာကြောင့်မလို့ အင်္ဂါဂြိုဟ်ပေါ်က တိုက်ပွဲကြီးထဲမှာ မင်း အစွမ်းကုန်ဝင်ရောက်တိုက်ခိုက်ပေးဖို့ ငါ မျှော်လင့်ပါတယ် ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ခေါင်းညိတ်လိုက်၏။ လီရှင်းဝမ်မှာ အင်္ဂါဂြိုဟ်ပေါ်ရှိ အမှောင်အဆောင်ပစ္စည်းအကြောင်း သိရှိထားပြီးသား ဖြစ်ရပေမည်။ အကယ်၍ လီရှင်းဝမ်သာ သူ့ဘက်မှ ကူညီပေးခဲ့ခြင်းမရှိပါက သူသည် ထို အမှောင်အဆောင်ပစ္စည်းအကြောင်းကို လူအများမသိအောင် လျှို့ဝှက်ထားနိုင်ခဲ့မည် မဟုတ်ပေ။

လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့အား ညွှန်ကြားချက်အချို့ ထပ်ပေးလိုက်၏။ ထိုသို့ဖြင့် ညအချိန်သို့ ရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်အခန်းထဲမှ အတွေးများစွာနှင့် ပြန်လည်ထွက်ခွာလာတော့သည်။

သူ ထွက်ခွာသွားပြီးနောက် သွမ့်မုချွယ်မှာ သည်းမခံနိုင်တော့သဖြင့် လီရှင်းဝမ်ဘက်သို့လှည့်ကာ စကားပြောရန် ပြင်လိုက်၏။ သို့သော် သူသည် ပြောမထွက်ဘဲ ဖြစ်နေရသည်။ တစ်အောင့်ခန့် ကြာမြင့်သွားပြီးမှ သူသည် မနေနိုင်တော့သဖြင့် မေးလိုက်တော့သည် ” သူ့ကို တကယ်ပဲ အမှန်တရားတစ်ခုလုံး ‌မပြောပြဘဲ နေမလို့လား ”

” ငါတို့က ဘာပြောပြရမှာလဲကွ။ မြို့တော်ထဲက ရုပ်တုတွေက ကမ္ဘာဂြိုဟ်ပေါ်မှာရှိခဲ့တဲ့ ရှေးဟောင်းလူမှုအဖွဲ့စည်းတစ်ခုရဲ့ ရုပ်တုတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်းလား။ အဲဒီ ရုပ်တုတွေကို နိုးထလာအောင်လုပ်ဖို့ အချိန်မရှိတော့ဘူး။ ပြီးရင် သူတို့ကို တစ်ခါပဲ အသုံးပြုခွင့်ရှိတာ။ ငါတို့နှစ်ယောက် စမ်းကြည့်ထားပြီးသားလေ။ အဲဒီ ရုပ်တုတွေက ရန်သူတွေကို တွန်းလှန်နိုင်မှာမဟုတ်ဘူး။ အဲတာကြောင့်မလို့ အဲဒီရုပ်တုတွေကို တိုက်စစ်ဆင်တဲ့နေရာမှာ သုံးမယ့်အစား အသက်ရှင်ကျန်ရစ်ခဲ့မယ့်လူတွေကို ကာကွယ်နိုင်အောင်ပဲ အသုံးပြုသင့်တယ် ” လီရှင်းဝမ်မှာ ဆုံးဖြတ်ချက် ပြတ်သားသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးဆီမှ စွမ်းအားများကို စုစည်းလိုက်ပြီး သူတို့၏ ပတ်ပတ်လည်၌ အကာအရံတစ်ခု ဖန်တီးလိုက်ပြန်သည်။

” ပြီးတော့ သူက အဲဒီလျှို့ဝှက်ချက်ရဲ့ နောက်ဆုံးအပိုင်းကို သိမထားသေးဘူးလေ။ အဲဒီအကြောင်းကို ဖုံးကွယ်ထားတာ ဆယ်စုနှစ်တွေ အများကြီးရှိနေပြီ။ သူ့ကို အဲဒီ ဝန်ထုပ်ဝန်ပိုး‌တွေ ထမ်းခိုင်းလို့ ဘယ်သင့်တော်ပါ့မလဲ။ တကယ်လို့ ငါတို့တွေ ဒီစစ်ပွဲကြီးကို အနိုင်ရသွားမယ်ဆိုရင် ကိစ္စမရှိပေမဲ့ ရှုံးသွားခဲ့မယ်ဆိုရင်တော့ အတိတ်ကို အတိတ်မှာပဲ ထားခဲ့ရအောင်။ ကျန်ခဲ့တဲ့လူတွေ ဘဝအသစ်ကို မျှော်လင့်ချက်အသစ်တွေနဲ့ ပြန်လည်စတင်သင့်တယ် ” လီရှင်းဝမ်မှာ သွမ့်မုချွယ်အား စိုက်ကြည့်ရင်း ပြတ်သားမှုအပြည့်ဖြင့် ဆိုလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များကို အထင်းသား မြင်နိုင်ပေသည်။ သို့သော် သူသည် တစ်စုံတစ်ခုကို လက်မလျှော့ချင်သေးသည့်ပုံလည်း ပေါက်နေသေးသည်။

သွမ့်မုချွယ်မှာ လီရှင်းဝမ်၏ မျက်ဝန်းများထဲရှိ ထို ခံစားချက်နှစ်မျိုးလုံးကို အထင်အရှား မြင်လိုက်ရသဖြင့် ငြိမ်ကျသွား၏။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် သက်ပြင်းချလိုက်တော့သည်။ သူသည် စိတ်ဓာတ်များကျကာ အိုစာသွားသည့်ပုံ ပေါက်နေ၏။

” လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုန်းက… အဲဒီလူတွေက ဒီနေရာကနေ ထွက်ခွာသွားဖို့ ဆုံးဖြတ်ခဲ့ကြတာလေ။ သူတို့က ဒီနေရာကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့ကြတာ။ အဲတာကို ဘာလို့ သူတို့က အဲဒီ လက်ဖွဲ့အဆောင်ကို ချန်ထားခဲ့ရတာလဲ… ခဗျားက ဝမ်ပေါင်လဲ့ကို ဒီ လက်ဖွဲ့အဆောင်က အမှတ်တရပစ္စည်းတစ်ခု ဖြစ်တယ်ဆိုပြီးတော့ အရိက်အမြွက် ပြောပြခဲ့တာမဟုတ်ဘူးလား။ အဲတာ ခဗျားရဲ့ နှလုံးသားထဲမှာ မျှော်လင့်ချက်တွေ ရှိနေသေးတယ်ဆိုတဲ့ သက်သေပဲ မဟုတ်ဘူးလားဗျ ” သွမ့်မုချွယ်မှာ ဖြည်းဖြည်းချင်း မေးလိုက်၏။ လီရှင်းဝမ်မှာမူ မျက်လုံးများကိုသာ မှိတ်ထားလိုက်ပြီး သွမ့်မုချွယ်၏ မေးခွန်းများကို ပြန်ဖြေခဲ့ခြင်းမရှိပေ။

ထိုသို့ဖြင့် မည်သူကမှ စကားမပြောကြတော့သဖြင့် လျှို့ဝှက်အခန်းကြီးမှာ ငြိမ်ကျသွား၏။ လီရှင်းဝမ်မှာမူ စိတ်ထဲတွင် နာကြည်းစွာနှင့် သက်ပြင်းချနေမိတော့သည်။ သူသည် ကမ္ဘာဂြိုဟ်၏ လျှို့ဝှက်ချက်၏ နောက်ဆုံးအပိုင်းအား ဝမ်ပေါင်လဲ့အား မပြောပြခဲ့ပေ။ သွမ့်မုချွယ်ပင်လျှင် အမှန်တရားတစ်ခုလုံးကို သိရှိထားခြင်းမရှိပေ။ သူတစ်ယောက်သာလျှင် သိထားသည် ဖြစ်သည်။

သူသည် သူတို့အား ပြောပြ၍ရပါသော်လည်း ‌မပြောပြချင်ခဲ့ပေ။ သူသည် ထို လက်ဖွဲ့အဆောင်အား တွေ့ခဲ့သည့် အချိန်တုန်းက ၎င်းအား အသေးစိတ် လေ့လာခဲ့ပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့၏။ သူသည် သမိုင်းမှတ်တမ်းများအားလုံးကို လိုက်လံရှာဖွေကာ ဂြိုဟ်ပေါ်၌ ရှိခဲ့ဖူးသည့် ရှေးဟောင်းနယ်မြေများအားလုံးကို လိုက်လံတူးဖော်ခဲ့သဖြင့် အဆောင်ပစ္စည်းများနှင့် အချက်အလက်ပေါင်း မြောက်မြားစွာ ရှာဖွေစုဆောင်းမိခဲ့၏။ နောက်ဆုံးတွင် သူသည် အချက်တစ်ချက်အား သိရှိသွားခဲ့ရသည်။

ရှေးဦးဝိညာဥ်ခေတ် အစပိုင်းတွင် စတင်ပေါ်ပေါက်လာခဲ့သည့် ကျင့်ကြံသူများမှာ လူသားသမိုင်းတစ်လျှောက်လုံးတွင် စတင်ပေါ်ပေါက်လာသည့် ပထမဆုံး ကျင့်ကြံသူများ မဟုတ်ကြပေ။

သူသည် သူ ရှာဖွေတွေ့ရှိခဲ့သမျှ အချက်အလက်များ အားလုံးအပေါ် မူတည်၍ ခန့်မှန်းချက်တစ်ခု ထုတ်နိုင်ခဲ့၏… ယခင်တုန်းက ကမ္ဘာဂြိုဟ်မှာ ဘုန်းတန်ခိုးကြီးမားသော ရှေးဟောင်း လူမှုအဖွဲ့အစည်းတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့ရပေမည်။ နောက်ပိုင်းတွင် ထို လူမှုအဖွဲ့စည်းမှာ ကမ္ဘာဂြိုဟ်အား စွန့်ခွာသွားခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ဖြစ်ရသည်မှာ ဤ ကမ္ဘာဂြိုဟ်မှာ ထို လူမှုအဖွဲ့အစည်းအတွက် အရေးမပါခဲ့သောကြောင့် ဖြစ်ကြောင်း လီရှင်းဝမ်က ကောက်ချက်ချထား၏။ ထိုကဲ့သို့သော အဆင့်မြင့် လူမှုအဖွဲ့အစည်း၏ လက်အောက်တွင် ကမ္ဘာဂြိုဟ်ကဲ့သို့သော အခြား အသေးစား လူမူအဖွဲ့အစည်းပေါင်းမြောက်မြားစွာ ရှိနေလောက်ပေသည် ”

” ငါတို့ရဲ့ တစ်ခုတည်းသော တန်ဖိုးက သူတို့နဲ့ သွေးမျိုးဆက်တွေ ဆင်တူနေတာပဲဖြစ်ရမယ်။ အဲတာကြောင့်မလို့ သူတို့က ငါတို့ကို ကျေးကျွန်တွေအဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်မှာ။ သူတို့က ဒီနေရာကို ဘယ်လိုများ သဘောထားကြခဲ့ကြတာလဲ။ မွေးမြူရေး ခြံတစ်ခြံသာသာ သဘောထားခဲ့ကြတာလားကွ ” လီရှင်းဝမ်မှာ သူ၏ မျက်ဝန်းများထဲရှိ မကျေနပ်ချက်များကို ဖုံးကွယ်ထားလိုသောကြောင့် မျက်လုံးများ မှိတ်ထားလိုက်ရ၏။ သူသည် ထို လက်ဖွဲ့အဆောင်မှာ အမှတ်တရ ပစ္စည်းတစ်ခု ဖြစ်နိုင်ကြောင်း ဝမ်ပေါင်လဲ့အား အရိပ်အမြွက် ပြောပြခဲ့သည် ဖြစ်ရာ သွမ့်မုချွယ် ပြောသည့်စကားမှာ မှန်ကန်နေလောက်ပေသည်။ သူ၏ နှလုံးသားထဲရှိ ထောင့်တစ်နေရာရာတွင် မျှော်လင့်ချက်များ ကိန်းအောင်နေဆဲပင်။

ထို လက်ဖွဲ့အဆောင်အား ချန်ရစ်ထားခဲ့သည့်လူမှာ ထို အဆင့်မြင့်လူမှုဖွဲ့စည်းမှ မဟုတ်ဘဲ ထို လူမှုအဖွဲ့အစည်း၏ ခေါ်ဆောင်သွားခြင်းကို ခံခဲ့ရသော ကမ္ဘာဂြိုဟ်ပေါ်မှ လူသားတစ်ယောက် ဖြစ်နိုင်သည်ဟု သူက ယုံကြည်နေ၏။ သူသည် ထို လက်ဖွဲ့အဆောင်အား မည််သူမမသိအောင် တိတ်တိတ်ကလေး ချန်ရစ်ထားခဲ့ခြင်း ဖြစ်ရပေမည်။

သူတို့နှစ်ယောက် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေကြရင်း အချိန်များကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ သူ ထွက်ခွာလာပြီးနောက် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ ဆက်ပြောနေကြသည့် စကားများကို သိမထားပေ။ သူသည် ရှေးဟောင်းလူမှုအဖွဲ့အစည်း၏ လျှို့ဝှက်ချက်နှင့် လီရှင်းဝမ်၏ ခန့်မှန်းချက်အား သိရှိထားခြင်းမရှိပေ။ သို့သော် သူ၏ ကျင့်ကြံခြင်းအဆင့်မှာ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ထက် ပို၍သာလွန်နေပြီဖြစ်ရာ သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများမှာ အဆင့်မြင့်နေပြီဖြစ်သည်။ ထို့ကြောင့် သူသည် ထွက်ခွာလာသည့်တိုင်အောင် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ လျှို့ဝှက်အခန်းအား ကာကွယ်ပေးနေဆဲဖြစ်ကြောင်း အာရုံခံနိုင်စွမ်းရှိနေ၏။

” သခင်ကြီးက ငါ့ကို အကုန်လုံး ပြောမပြခဲ့ဘူးပဲ ” ဝမ်ပေါင်လဲ့မှာ သောကြာဂြိုဟ်ပေါ်မှ ကျင့်ကြံသူတစ်ယောက်၏ နောက်မှလိုက်ကာ သူ၏ ယာယီနေအိမ်ဆီသို့ သွားလိုက်၏။ သူသည် အိမ်ထဲသို့ ရောက်သွားပြီးနောက် အောက်သို့ထိုင်ချကာ မျက်ဝန်းများ အရောင်လက်သွားတော့သည်။

” အဲဒီ လက်ဖွဲ့အဆောင်က မူမမှန်ဘူး ” ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်တည်းရေရွတ်လိုက်၏။ လီရှင်းဝမ်မှာ သူ့အပေါ် မကောင်းကြံလိမ့်မည် မဟုတ်ကြောင်း သူက ယုံကြည်ထားသည်။ သို့ဖြစ်ရာ သူသည် အခြေအနေတစ်ခုလုံးအား ခြုံငုံသုံးသပ်ကြည့်လိုက်ပြီးနောက် ကောက်ချက်ချနိုင်သွားတော့သည်။ လီရှင်းဝမ် သူ့အား ပြောပြခဲ့ခြင်းမရှိဘဲ ထိမ်ချန်ထားခဲ့သည့် အရာမှာ ထို လက်ဖွဲ့အဆောင်၏ မူလဇစ်မြစ်နှင့် ပတ်သက်နေလောက်ပေသည်။ သူသည် ရွေးချယ်စရာမရှိသောကြောင့် သို့မဟုတ် မလိုအပ်ဘဲ ဝမ်ပေါင်လဲ့အား ဖိအားများ မခံစားစေလိုသောကြောင့်သာ ထုတ်မပြောခဲ့ခြင်း ဖြစ်ရပေမည်။

” လူကြီးတွေက လူငယ်‌တွေကို ကာကွယ်စောင့်ရှောက်ပေးဖို့ပဲ စိတ်ထဲမှာရှိတာ။ အခက်အခဲတွေအားလုံးကို သူတို့ပဲ ရင်ဆိုင်ချင်ကြတာ။ သူတို့က ငှက်ငယ်လေးတွေကို လေဒဏ်၊ မိုးဒဏ်ကနေ ကာကွယ်ပေးတဲ့ သစ်ပင်ကြီးတစ်ပင်လို ဖြစ်ချင်ကြတာ။ သူတို့ရဲ့ ခံယူချက်က မှန်ပေမဲ့ သူတို့ရဲ့စောင့်ရှောက်မှုအောက်မှာ ရှိနေကြတဲ့ လူငယ်လေးတွေကလည်း သူတို့ကို ပြန်ပြီးတော့ ကာကွယ်စောင့်ရှောက်နိုင်ဖို့အတွက် ရေကုန်ရေခန်း ကြိုးစားနေကြတာပါပဲ ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်ကာ သက်ပြင်းချလိုက်၏။

ထို့နောက် သူသည် သူ၏ အသံလွှင့်လက်စွပ်ကို ထုတ်ယူကာ သူ၏ မိဘများအား လှမ်း၍ဆက်သွယ်လိုက်၏။ သူတို့မှာ သူ့အတွက် အလွန်အင်မတန်မှ စိုးရိမ်ပူပန်နေခဲ့လောက်ပေသည်။ ကံကောင်းစွာဖြင့် ကျောက်ယမုန့်နှင့် တံခါးပိတ်ကျင့်စဉ်ထဲမှ ပြန်ထွက်လာခဲ့သည့် ကျိုးရှောင်ရတို့မှာ သူတို့ဆီသို့ မကြာခဏဆိုသလို သွားရောက်လည်ပတ်ကာ သူတို့အား အားပေးစကားများ ပြောပေးခဲ့ကြ၏။ ထို့ကြောင့် သူ၏ မိဘနှစ်ပါး၏ ရင်ထဲမှ အပူမီးများမှာ အတော်အသင့် နည်းပါးသွားခဲ့ရပေသည်။

သူတို့နှစ်ယောက်မှာ ဝမ်ပေါင်လဲ့ဆီမှ အသံလွှင့်အကြောင်းကြားစာအား လက်ခံရရှိလိုက်ပြီး သူသည် ဘေးကင်းစွာရှိနေသေးကြောင်း ကြားသိလိုက်ရသောအခါမှ စိတ်အေးနိုင်သွားတော့သည်။ တစ်ခဏမျှ ကုန်ဆုံးသွားပြီးနောက် သူသည် ကျောက်ယမုန့်၊ ကျိုးရိဖန်းနှင့် အခြားသူများဆီသို့ အကြောင်းကြားစာများပေးပို့ကာ သူပြန်ရောက်လာပြီဖြစ်ကြောင်း အသိပေးလိုက်သည်။ ထိုအခါ သူတို့မှာ သူ့အား ချက်ချင်း အကြောင်းပြန်လိုက်ကြ၏။ သို့သော် သူတို့၏ အကြောင်းပြန်စာများမှာ တိုတောင်းနေကြသောကြောင့် သူတို့မှာ သူတို့၏ သက်ဆိုင်ရာတာဝန်များကို ထမ်းဆောင်ရင်း အလုပ်ရှုပ်နေကြရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ရိပ်မိလိုက်သည်။

ကျိုးရိဖန်းတစ်ယောက်သာလျှင် သူ့အား အကြောင်းပြန်ခဲ့ခြင်းမရှိပေ။ ဝမ်ပေါင်လဲ့မှာ ထိုကိစ္စနှင့် ပတ်သတ်၍ အတွေးလွန်နေခြင်းမရှိသလို လီရှင်းဝမ် သူ့အား မပြောပြခဲ့သည့် လျှို့ဝှက်ချက်ကြီးကိုလည်း လိုက်၍စုံစမ်းမနေရန် ဆုံးဖြတ်လိုက်၏။ အကယ်၍ အချိန်ကျလာပါက သူ၏သခင်ကြီးမှာ သူ့အား ဖြစ်ကြောင်းကုန်စင် ပြောပြလိမ့်မည်ဖြစ်ကြောင်း သူက ယုံကြည်နေသည်။

ထို့ကြောင့် သူသည် အမူအရာ တည်ကြည်သွားပြီး မကြာမီတွင် ဆင်နွှဲရတော့မည့် တိုက်ပွဲကြီးအတွက် လိုအပ်သည်များကို ပြင်ဆင်ရန် ဆုံးဖြတ်လိုက်တော့သည်။ အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် သူသည် ရုတ်တရက်ဆိုသလို အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏ ” ဂိုဏ်းတူအစ်ကိုကြီး။ အစ်ကို့ရဲ့ အချစ်ရဆုံး ဂိုဏ်းတူညီလေး ဒုက္ခရောက်နေရပြီဗျ။ အို … ရုပ်အချောဆုံး၊ ပြိုင်ဘက်အကင်းဆုံး ဂိုဏ်းတူအစ်ကိုကြီးရေ… ရှိသေးရဲ့လားဗျ… ”

သူသည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ပါသော်လည်း မည်သည့်တုံ့ပြန်မှုမှ ပြန်မရခဲ့သဖြင့် မျက်နှာစူပ်သွားရ၏။ သူသည် သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အမှန်တကယ် ထွက်ခွာသွားပြီဖြစ်ကြောင်း ယုံကြည်ထားခြင်း မရှိပါသော်လည်း သူ ရှိနေနိုင်သေးသည်ဆိုသည့် အချက်အား မျက်စိမှိတ် ယုံကြည်ထား၍လည်း မဖြစ်ပေ။ အကယ်၍ သူသည် ထိုသို့ ယုံကြည်ထားပြီးမှ သူ၏ ဂိုဏ်းတူအစ်ကိုကြီးမှာ အမှန်တကယ် ထွက်ခွာသွားခဲ့သည်ဆိုပါက ဒုက္ခလှလှ တွေ့ရမည်သာ ဖြစ်သည်။

” စကြဝဠာကြီး တစ်ခုလုံးထဲမှာ အချောဆုံးအလှဆုံး မမလေးရေ… ရှိရဲ့လားဗျ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချကာ စိတ်ထဲတွင် လှမ်းခေါ်လိုက်ပြန်သည်။ သို့သော်လည်း မည်သည့်အရာမှ ပြောင်းလဲသွားခြင်းမရှိပေ။ မမလေးမှာ သူမ၏ စိတ်ခံစားချက်အ‌ပေါ် မူတည်၍ အကြောင်းပြန်လေ့ရှိသည်ဖြစ်ရာ ယခုတွင် သူမသည် စိတ်မကြည်မလင် ဖြစ်နေလောက်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မည်မျှပင် လှမ်းခေါ်နေစေကာမူ သူမဘက်မှ လုံးဝ ပြန်ထူးခဲ့ခြင်းမရှိပေ။

” သူတို့တွေ အကုန်လုံးက ငါ့ကို လျစ်လျူရှုထားကြတာပေါ့။ ထားပါ။ ဒီပြဿနာကြီးကို ငါကိုယ်တိုင် ဖြေရှင်းပြမယ် ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်တောက်သွားပြီး နှာမှုတ်လိုက်၏။ ထို့နောက် သူသည် အပြင်းအထန် စဉ်းစားတွေးတောနေလိုက်တော့သည်။

” လပေါ်က ဘီလူးကြီးနဲ့ အင်္ဂါဂြိုဟ်ပေါ်က အမှောင်အဆောင်ပစ္စည်းတွေ ကျန်ပါသေးတယ်… ပြီးရင် ငါ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ရဲ့ တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေကိုလည်း အသုံးပြုလို့ရပါသေးတယ်… “

Comment

Leave a Reply

Options

not work with dark mode
Reset