မြေရိုင်းမြို့ကား ရှေးဟောင်းမြေရိုင်း ဒေသ၏ ဗဟိုချက်မဖြစ်သည်။ ထိုမြို့က သမိုင်းကြောင်း ရှည်လျားကာ ထည်ဝါခန့်ညားသော မြို့ကြီးလည်း ဖြစ်၏။ အရှေ့မြေရိုင်းဒေသမှ ထိပ်သီးပါရမီရှင်များ အားလုံးက မြေရိုင်းမြို့တွင် စုစည်းနေကြသည်။ တခြားဒေသမှ မည်မျှ ပါရမီ ကောင်းမွန်ပါစေ ဤနေရာတွင် သူတို့က ရိုင်းစိုင်း ရမ်းကားခြင်း မပြုရဲကြပေ။ အမှား အနည်းငယ်မျှက အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ တပည့်အား စော်ကားမိလိုက်လျှင် သူတို့ မည်သို့ သေဆုံးသွားမည်ကိုပင် သိလိုက်မည် မဟုတ်ပေ။ ထို့ကြောင့် အင်အားကြီး အဖွဲ့အစည်းများ၏ တပည့်များက ဤမြို့တွင် တောက်ပနေသော ကြယ်ပွင့်များဟု ဆိုရပေမည်။
ထိုအချိန်တွင် လူတစ်စုက ကျောက်ခင်းလမ်းလေး တစ်ခု အတိုင်း လျှောက်လာကြသည်။ သူတို့အားလုံးက လူအုပ်ကြီးအလယ်တွင် ရပ်လိုက်ကြသည်။ ထိုအုပ်စု၏ အလယ်တွင်ကား အသက်ဆယ့်ခုနစ်နှစ်ခန့် ရှိသော လူငယ်တစ်ယောက် ရှိသည်။ သူကား အလွန်အမင်း ချောမောခန့်ညားကာ သူ၏ မျက်နှာတွင် အပြစ်ကင်းသော အပြုံးတစ်ခု ရှိ၏။ သူ၏ အပြုံးက မိန်းကလေးများ အပေါ်တွင် သက်ရောက်မှု ကြီးမားပေသည်။
သူ၏ဘယ်ဘက်တွင်ကား ကြီးမားကြံ့ခိုင်သော ခန္ဓာကိုယ်နှင့် လူငယ်တစ်ယောက် ပါသည်။ သူ၏ညာဘက်မှ လူငယ်ကား လက်တစ်ဖက်သာ ရှိသည်။ သူ၏ နောက်ကျောတွင် ဓားတစ်လက် စလွယ်သိုင်း ထားသည်။ သူ၏ ထက်ရှသော မျက်လုံးများအရ သူကား ဓားပညာတွင် အလွန်ထူးချွန်ပုံ ရပေသည်။
သူတို့သုံးယောက် နောက်တွင်ကား အလွန်လှပချောမောသော မိန်းကလေးနှစ်ယောက် ရှိသည်။ အထူးသဖြင့် ညာဘက်မှ မိန်းကလေးဖြစ်သည်။ သူမ၏ ဆံပင်များမှာ နှင်းများလို ဖြူဖွေးနေသည်။ သူမကား နတ်သမီးတစ်ပါးလို လှပကာ အေးစက်သော ကိုယ်ရောင်ကိုယ်ဝါကို ပိုင်ဆိုင်ထားသည်။
ဘေးမှ ဖြတ်သွားသူများက သူတို့အား မကြည့်ဘဲ မနေနိုင်အောင် ထိုအုပ်စုကား စိတ်ဝင်စားဖွယ် ကောင်းလှသည်။ သူတို့၏ ပုံစံအရ အရှေ့မြေရိုင်းဒေသမှ အင်အားကြီး အဖွဲ့အစည်းများ၏ တပည့်များဟု ထင်မြင်ရသည်။ သို့သော် သူတို့၏ နောက်တွင် လိုက်ပါလာသော သတ္တဝါဆန်းမှာမူကား ရိုးရိုးသိမ်းငှက်ကြီး တစ်ကောင်မျှသာ ဖြစ်ရာ ထူးဆန်းသည်ဟု ခံစားကြရသည်။ ပုံမှန်အားဖြင့် ထိုအုပ်စုမှာ ရီဖူရှင်းတို့ အုပ်စုသာဖြစ်သည်။
လို့လန်ရွှီကလည်း သူမအမေ၏ သဘောထားအရ သူတို့နောက်ကို လိုက်ပါလာသည်။ သူမ၏ဘေးတွင် ပုံမှန်တွေ့မြင်နေကျ သက်တော်စောင့်များပင်လျှင် လိုက်ပါလာခြင်း မရှိပေ။ ရီဖူရှင်းက ထူးဆန်းသလို ခံစားမိသော်လည်း မည်သို့မှ မပြောပေ။
“မင်း ရှာတွေ့လား…” ရီဖူရှင်းက လင်းယွီယိုအား မေးလိုက်သည်။
“အင်း…” လင်းယွီယိုက ရီဖူရှင်းအား ဒေါသတကြီးကြည့်ရင်း ခေါင်းညိတ်သည်။ မြေရိုင်းမြို့ကို ရောက်ပြီးမှ ရီဖူရှင်းက သူမအား တစ်စုံတစ်ခု ထူးခြားတိုင်း သတင်း အချက်အလက်များ စုဆောင်းရန် မှာကြားခဲ့သည်။ ကြည့်ရသည်မှာ သူမက ယွန်ရှင်းမို၏ အစေခံရာထူးကို ဆက်ခံရရှိသည့် အလားပင်။ အမှန်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်း၏။
“ရှေ့က လမ်းပြပေး…” ယွန်ရှင်းမို၏ မကျေမနပ်အကြည့်ကို မသိချင်ယောင် ဆောင်ကာ ရီဖူရှင်းက ပြောသည်။ သူတို့အုပ်စုက သိမ်းငှက်နက်ပေါ်သို့ တက်ရောက်ကြသည်။ ထို့နောက် သူတို့က ကောင်းကင်တွင် ပျံသန်းလျက် ခရီးဆက်လာကြသည်။
မြေရိုင်းမြို့အပေါ်တွင်ကား သတ္တဝါဆန်း အများအပြား ရှိသည်။ သူတို့အားလုံးက ကွဲပြားခြားနားသော နေရာများကို သွားနေကြသော်လည်း တစ်ယောက်ကို တစ်ယောက် အနှောင့်အယှက်ပေးခြင်း မရှိကြပေ။ လင်းယွီယိုနှင့် လို့လန်ရွှီတို့၏ အလှက ပုရိသတချို့၏ အကြည့်အား ဆွဲငင်နိုင်သော်လည်း အများစုက ဂရုစိုက်ဟန် မရှိကြပေ။
အချိန်အနည်းငယ်ကြာလျှင် သူတို့က မြို့လယ်ကို ရောက်လာကြသည်။ ဤနေရာမှ အဆောက်အဦများက ပို၍ ကြီးကျယ် ခမ်းနားလှသည်။ ထို့အပြင် သတ္တဝါဆန်း အများအပြားလည်း ရှိကာ အလွန် စွမ်းအားမြင့်သော တန်ခိုးရှင်များကိုလည်း တွေ့ရသည်။ လင်းယွီယိုတွင် မြေပုံတစ်ခုရှိကာ သူမက မြေပုံတစ်နေရာအား လက်ဖြင့် ထောက်ပြသည်။ တဖြည်းဖြည်းဖြင့် သူတို့၏ မြင်ကွင်းထဲကို အလွန်မြင့်မားသော တောင်ကုန်းတစ်ခု ပေါ်လာည်။ ထိုတောင်ကုန်းက မြို့လယ်တွင် တည်ရှိသော်လည်း မြို့အား အနှောင့်အယှက်ဖြစ်ပုံ မရပေ။ ထိုအစား တောင်ကုန်းက မြင့်မြတ် ထည်ဝါသော အရှိန်အဝါများကို ခံစားကြရသည်။ လူအများအပြားက ထိုနေရာသို့ သွားနေကြသည်။
သိမ်းငှက်နက်က ဆက်လက် ပျံသန်းသွားလျှင် သူတို့က တောင်ကုန်းအနီးသို့ ရောက်လာကြသည်။ သူတို့အားလုံးက တောင်ကုန်းပေါ်မှ အမှတ်တရ ကျောက်တိုင်ကိုပင်လျှင် မြင်ရသည်။ ထိုကျောက်တုံးပေါ်တွင်ကား ကြီးမားသော စာလုံးများဖြင့် “ရှေးဟောင်းမြေရိုင်းဒေသ” ဟု ရေးထွင်းထားသည်။ ရှေးဟောင်းမြေရိုင်း ဒေသဟု နာမည်က ဤနေရာမှ လာခြင်း ဖြစ်ပေသည်။
“ငါတို့ ရောက်ပြီ…” ရီဖူရှင်းက မိမိကိုယ်ကို ရေရွတ်လိုက်သည်။
သိမ်းငှက်နက်က တောင်ပေါ်သို့ ဆက်လက်၍ ပျံတက်သွားကာ ကျောက်တိုင်ကြီး၏ သိပ်မဝေးသော တစ်နေရာတွင် ရပ်နားလိုက်သည်။ ကျောက်တိုင်ကား ပေပေါင်းများစွာ ရှည်လျားပြီး အနီးတွင် လူအများအပြားကိုလည်း တွေ့ရ၏။ ကျောက်တိုင်ပေါ်မှ စာလုံးများဖြစ်သော ရှေးဟောင်းမြေရိုင်းဒေသ စာလုံးမှာ ဆွဲဆောင်မှုကောင်းသော အားလှိုင်းတစ်ခု ရှိနေပုံရသည်။ ကျောက်တိုင်ကြီးနှင့် သိပ်မဝေးသော နေရာတွင် တောင်ထိပ်ပေါ်သို့ တက်သော လှေကားထစ်များကို မြင်ရသည်။ လူအများအပြားက ထိုလှေကားထစ်များမှ တစ်ဆင့် တောင်ထိပ်ကို တက်ရောက် နေကြသည်။
“သွားစို့…” ရီဖူရှင်းက ပြောသည်။ သူတို့ကလည်း ရှေ့မှလူများ၏နောက်မှ လိုက်ကာ တောင်ထိပ်ပေါ်သို့ တက်ရောက် လိုက်ကြသည်။ တောင်ကုန်းထိပ်တွင်ကား လွန်စွာ ကျယ်ဝန်းသော မြေပြန့်တစ်ခုကို တွေ့ရသည်။ ထိုနေရာတွင်ကား လူအများအပြားက လှုပ်ရှား သွားလာနေကြသည်။ ရီဖူရှင်းနှင့် သူ့လူများက တောင်ထိပ်ပေါ်သို့ ရောက်သည်နှင့် ကံစွမ်းအား လှိုင်းတစ်ခုက သူတို့၏ မျက်နှာကို လာရောက် ရိုက်ခတ်သည်။
ရီဖူရှင်းက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ သူ၏ ရင်ဘတ် တုန်ခါသွားသည်။ မှန်တောင်တွင်ကား တန်ခိုးရှင်တိုင်း လိုချင်သော အရာများ ရှိနေသည်။ ထိုကျယ်ပြန့်သော မြေနေရာတွင်ကား ကွဲပြားခြားနားသော အပိုင်းအခြားများကို တွေ့ရသည်။ အပိုင်းအခြား တစ်ခုစီက ထူးခြားသော စွမ်းအားတစ်ခုစီ ပိုင်ဆိုင်ကြသည်။
တချို့လူများက စစ်တုရင် ကစားနေကြသည်။ ထိုကစားနည်းက အလွန်ခက်ခဲဟန်ရကာ ထူးခြားသော အစီအရင်များ ပါဝင်ပတ်သက် နေပုံရသည်။
တချို့က ပန်းချီဆွဲနေကြသည်။ သူတို့၏ ပန်းချီများက ကောင်းကင်နှင့် မြေကြီးတို့ကို ဆက်သွယ်နိုင်သည်။
တချို့လူများက တူရိယာများကို တီးခတ်နေစဉ် တချို့က မှော်စာလိပ်များ ရေးနေကြသည်။
အပိုင်းအခြား တစ်ခုစီက လူတိုင်းက တန်ခိုးကျင့်နေကြကာ ကံစွမ်းအား တည်ဆောက်ရန် နိုဘယ်အသိများဖြင့် ဆက်သွယ်နေကြသည်။
ဘုန်း… ထိုအချိန်တွင်ကား ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ရီဖူရှင်းက ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းကို ခံစားရသည်။ သူက အသံထွက်ရာ နေရာကို ကြည့်လိုက်လျှင် ထိုနေရာတွင် စည်တော်ကြီးများကို တွေ့ရသည်။ တစ်စုံတစ်ယောက်က စစ်စည်တော်ကြီးကို တီးခတ်နေသည်။ သူက တီးခတ်လိုက်လျှင် စည်တော်မှ အသံက ရပ်တန့်သွားခြင်း မရှိဘဲ တခြားစည်တော်များကပါ အသံများ ထွက်ပေါ်လာသည်ကို တွေ့ရသည်။ ထိုအရာက ပိုမိုအားကောင်းသော စွမ်းအားလှိုင်းများကို ထုတ်လွှတ်သည်။
နောက်ထပ် မိုးကြိုးပစ်သံအလား ကျယ်လောင်သော အသံတစ်ခုကို ကြားရပြန်သည်။ ထိုနေရာကား လျှပ်စီးအပိုင်းအခြား နေရာဖြစ်သည်။ ထို့အပြင် ထိုနေရာတွင် နိုဘယ်ရုပ်တု အချို့ကိုလည်း တွေ့ရသည်။ သူတို့အားလုံးက ကြောက်မက်ဖွယ် ကောင်းသော အားလှိုင်းများကို ထုတ်လွှတ်နေသည်။ လူအများအပြားက ထိုရုပ်တုများရှေ့တွင် တန်ခိုးကျင့်နေကြသည်။ လူအများအပြားက ထိုကျယ်ပြန့်သော တောင်ထိပ်ပေါ်တွင် မိမိတို့ အားသန်ရာ ပညာရပ်ကို လေ့လာ ဆင်ခြင်နေကြသည်။ သူတို့အားလုံးက အရှေ့မြေရိုင်းဒေသ၏ များစွာသော ထိပ်သီး အင်အားစုများမှ လာကြခြင်း ဖြစ်သည်။
တောင်ထိပ်ကား တကယ့် တန်ခိုးကျင့်ရာ မြင့်မြတ်နယ်မြေ တစ်ခုဖြစ်ပေသည်။
“ရှေးဟောင်းမြေရိုင်း ဒေသရဲ့ ဗဟိုချက်မဆိုတဲ့ အတိုင်းပဲ…” ရီဖူရှင်းက ရေရွတ်လိုက်သည်။ မည်သည့်အမျိုးအစား တန်ခိုးရှင်မဆို ဤနေရာတွင် လေ့ကျင့်နိုင်ပေသည်။ သူ၏ အကြည့်က တစ်နေရာကို ရောက်သွားသည်။ ထိုနေရာတွင်ကား တောင်ကုန်းတစ်ခုရှိပြီး တစ်ဖက်တွင် မှန်မျက်နှာပြင်အလား ချောမွေ့နေသည်။ ထိုတောင်ကုန်းကား အလွန်ကျော်ကြားသော မြေရိုင်းမြို့မှ မှန်တောင်ကုန်း ဖြစ်သည်။ သူ၏ ထူးဆန်းမှုက ပြောမဆုံးနိုင်အောင် ရှိကာ တန်ခိုးရှင် တစ်ယောက်၏ ပါရမီကိုပင်လျှင် စမ်းသပ်နိုင်သည်ဟု ကျော်ကြားသည်။
ထို့အပြင် ထိုတောင်ကုန်းပေါ်တွင် များစွာသော အင်အားကြီး အဖွဲ့အစည်းများက မှော်ပညာများ ထားရစ်ခဲ့ကြသည်။ အလွန်ထက်မြက်သော တန်ခိုးရှင်များက ထိုနေရာကို သွားရောက်ကာ နံရံပေါ်မှ သူတို့၏ နိုဘယ်အသိများကို နိုးထစေနိုင်ပါက ထိုအင်အားစုများက ဤနေရာမှ အဖြစ်အပျက်များကို မြင်နိုင်စွမ်းရှိအောင် လုပ်ထားပေသည်။
“ဒီကျောက်နံရံက အရှေ့မြေရိုင်းဒေသက လူတွေကို ဒီနေရာက နိုဘယ်ကံစွမ်းအား ပိုင်ရှင်တွေကို မြင်စေနိုင်ရုံသာမက သူ့မှာ တခြား ထူးခြားတဲ့ လျှို့ဝှက်ချက်တွေလည်း ရှိတယ်…” လင်းယွီယိုက ပြောသည်…” သူက ပါရမီရှင်တွေရဲ့ အရည်အချင်းတွေကို စမ်းသပ်နိုင်တယ်… ကံစွမ်းအားအပြင် တန်ခိုးရှင်တစ်ယောက်က နံရံပေါ်က စွမ်းအားတွေကို လေ့လာဆင်ခြင်ရင် ထူးဆန်းတဲ့ နိုဘယ်ပုံရိပ်တွေကိုလည်း ဖြစ်ပေါ်စေတယ်… ပါရမီကောင်းလေလေ နိုဘယ်ပုံရိပ်များများ ပေါ်လေပဲ…”
လင်းယွီယိုကား မြေရိုင်းမြို့ကို ရောက်ကတည်းက သတင်း အချက်အလက်များကို စုဆောင်းရသည့် တာဝန်ကို ယူထားရသည်။ ထို့ကြောင့် အကြောင်းအရာ အများစုကို သူမက အများဆုံး သိသည်။ သို့သော် သူမကား ထိုသို့လုပ်နေရသည်ကို သိပ်ပျော်ရွှင်သည်တော့ မဟုတ်ပေ။ ရီဖူရှင်းက သူမအား အဘယ်ကြောင့် ဤကဲ့သို့ ဆက်ဆံနိုင်ရက် ရသနည်း။ သို့သော် သူမက ထိုအချက်အလက်များကို ရီဖူရှင်းကို ပြောပြသောအခါ တချို့အရာများကို တွေးလျက် စိတ်လှုပ်ရှားမိသည်။ ဥပမာ လျိုဂျန်လန်က နိုဘယ်ကံစွမ်းအားကို ရရှိခဲ့ကာ တော်ဝင်ချန်ကျောင်းတော်က သူ့အား တပည့်အဖြစ် လက်ခံခဲ့သည်။
ယခု ရီဖူရှင်း၊ ယူချင်းနှင့် ရီဝူချင်းတို့က အနည်းဆုံး လျိုဂျန်လန်ဖြင့် တူညီနေပြီဟု ဆိုနိုင်သည်။ ရီဝူချင်းကား လွန်ခဲ့သော တစ်လခန့်က လို့လန်နန်းတော်တွင် ရှိစဉ်ကတည်းက အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ခဲ့သည်။
အကယ်၍ သူတို့သုံးယောက်က သူတို့၏ ပါရမီများကို မှန်တောင်ကုန်းတွင် သွားရောက်ပြသခဲ့လျှင် ထိပ်သီးအင်အားစုများက သူတို့သုံးယောက်ကို မြင်တွေ့ခဲ့လျှင် ကန်ယီနိုင်ငံက မည်သို့ဖြစ်လာမည်ကို သူမ မခန့်မှန်းနိုင်တော့ပေ။ သူတို့သုံးယောက်က ထိပ်သီး အင်အားစုများ၏ တပည့်အဖြစ် လက်ခံခြင်းကို ခံရနိုင်ပေသည်။
ဧကရာဇ်များက လျိုဂျန်လန်၏ တော်ဝင်ချန်ကျောင်းတော် ဝင်ခွင့်ရမှုကို ကြားသိပြီး ဂုဏ်ပြုချီးကျူးစကား သွားရောက် ပြောကြသည်ကို ပြန်တွေးမိလျှင် ကန်ယီနိုင်ငံက မည်သို့ ဖြစ်လာမည်ကို သူမက ပိုသိလိုသည်။ ထိုအချိန်တွင် ဧကရာဇ်ရီ၏ အမူအရာက မည်သို့ ဖြစ်သွားမည်နည်း။
ကန်ယီနိုင်ငံဧကရာဇ်ရီက ရီဖူရှင်းအတွက် အများအပြား ကျေးဇူးပြုခဲ့ပေသည်။ သူက ရီဖူရှင်းအတွက် ဧကရာဇ်လျိုနှင့်ပင် စစ်ဖြစ်လိုသည်။ သူကား သူ၏ အမြင်သန်မှုအတွက် ဂုဏ်ယူနေလိမ့်မည်ဟု သူမထင်သည်။
ထိုသို့ တွေးမိလျှင် လင်းယွီယို၏ မျက်လုံးက ရီဖူရှင်းထံ ရောက်သွားသည်… “နင် သွားပြီးတော့ မကြွားဘူးလား…”
“မင်းက နှိမ့်ချတတ်ဖို့လိုတယ်… သိလား…” ရီဖူရှင်းက ထူးမခြားနားစွာ ပြောသည်။
လင်းယွီယို၏ မျက်လုံးများ ဝိုင်းစက်သွားသည်။ မည်သည့်အချိန်က ရီဖူရှင်း နှိမ့်ချတတ် သွားသနည်း။
“ဒီတောင်မှာ နိုဘယ်ကံစွမ်းအားတွေ အများကြီးပဲ… ငါတို့ အချိန်မဖြုန်းသင့်ဘူး…” ရီဖူရှင်းက ပတ်ဝန်းကျင်ကို ကြည့်ကာ တောက်ပစွာ ပြုံးလိုက်သည်။ သူ့အတွက်မူကား ဤတောင်ကုန်းက နိုဘယ်ကံစွမ်းအားများကို ပေါပေါသောသော ပေးအပ်နေသည်နှင့် တူပေသည်။
လင်းယွီယို အံ့အားသင့် သွားပြန်သည်။ ရီဖူရှင်း၏ ကံစွမ်းအားအဆင့်ကို သူမ မသိသော်လည်း ရီဝူချင်းကား အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်သည်။ ရီဖူရှင်းက သူ့ထက် လျော့နည်းဟန် မရှိပေ။ သူက လို့လန်ရှေးဟောင်း နယ်မြေတွင် မီးလျှံစာအုပ်ကို ရရှိခဲ့သည်။ သူက ရှေးဟောင်းလို့လန်မှ ရတနာစာအုပ်နှင့်ပင် တန်ခိုးကျင့်ခဲ့သည်။ သူ၏ ပါရမီဖြင့် များစွာသော ကံစွမ်းအားကို ရရှိမည်မှာ သံသယဖြစ်စရာ မလိုပေ။
“ကောင်းပြီ… မင်းတို့နဲ့ သင့်တော်တဲ့ နေရာကို ရွေးပြီး လေ့ကျင့်ကြ…” ရီဖူရှင်းက ပြုံးလျက် ပြောလျှင် လူတိုင်းက ခေါင်းညိတ်ကြသည်။
ရီဝူချင်းက တစ်နေရာသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင်ကား ဓားအစီအရင်တစ်ခုကို တွေ့ရသည်။ ထိုဓားအစီအရင်ကား အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ မဆုံးနိုင်သော ဓားအားလှိုင်းများ စီးဆင်းနေသည်။ မည်သည်မှ အရမ်းကာရော မဝင်ရောက်ရဲကြပေ။ သို့သော်လည်း အစီအရင်၏ အလယ်တွင်ကား တစ်စုံတစ်ယောက် ထိုင်နေသည်။ သူက မဆုံးနိုင်သော ဓားအားလှိုင်းများကို သူ့ခန္ဓာကိုယ်အား ဖြတ်ကျော်စေသည်။ သူ့ခန္ဓာကိုယ်တွင်လည်း ထိတ်လန့်ဖွယ် ဓားအသိများ စီးဆင်းနေသည်။
ရပ်ကြည့်နေသော တစ်ယောက်က ပြောသည်… “ဖူယွန်ဓားကလန်က တပည့်တွေ အကုန်လုံးက ဒီဓားဝင်္ကပါက ဓားတွေနဲ့ သူတို့ကိုယ်သူတို့ လာရောက် စမ်းသပ်ကြတယ်… ဘယ်သူမှ မကျရှုံးဖူးဘူး… လီတောင်ချန်းက ကလန်ရဲ့ ထိပ်တန်းပါရမီရှင်တွေထဲက တစ်ယောက်ပဲ… ဒါပေမဲ့ သူ့အစ်ကို လီတောင်ယွန်က ပိုပြီး ထက်မြက်တယ်…”
ထိုစကားကို ကြားလျှင် ရီဝူချင်း၏ မျက်လုံးများက ထက်ရှသွားပြီး ဓားဝင်္ကပါအထဲမှ လူငယ်ကို ကြည့်လိုက်သည်။
***