ရီဝူချင်း လေထဲတွင် ရပ်နေသည်။ ဓားအသိက သူ၏ ခန္ဓာကိုယ်တွင် လှည့်ပတ် စီးဆင်းနေသည်။ သူ၏ မျက်လုံးများက ဒူဂူလန်အား စိုက်ကြည့်နေသည်။
ချန်ယန်က နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ကာ ဓမ္မအဆင့်ကိုးကို ရောက်နေပြီဖြစ်သည်။ သိဒ္ဓိဝင်ပစ္စည်း မပါဘဲနှင့်ပင် သူကား ရီဝူချင်းကို ယှဉ်နိုင်သည်။ သို့သော် ဒူဂူလန်ကြောင့် သူ၏ စွမ်းရည်များကို မထုတ်ဖော်ရသေးမီ သေဆုံးသွားရ၏။ ရီဝူချင်းက သူ့အား မသနားပေ။ ဒူဂူလန်က အလွန်သွေးအေး ရက်စက်သည်ဟုသာ သူခံစားမိသည်။ ချန်ယန်က ရီဝူချင်းနှင့် တိုက်ခိုက်နေစဉ်မှာပင် သူ၏ နောက်ကျောမှ အလစ် ဝင်တိုက်ခိုက်ခဲ့သည်။
သူ၏ စကားများကလည်း ကျိုးကြောင်းဆီလျော်မှု ရှိသည်ဟု ရီဝူချင်း ဝန်ခံရမည် ဖြစ်သည်။ ရှေးဟောင်းနယ်မြေ ပျက်စီးသွားပြီးနောက် လူတိုင်းက ထွက်ခွာသွားခဲ့ကြသည်။ ရီဖူရှင်းနှင့် ချန်ယန်တို့ အုပ်စုကသာ နန်းတော်တွင် ကျန်ရစ်နေခဲ့သည်ကို မည်သူမှ မသိပေ။ ရှေးဟောင်းလို့လန်မှ လူများက သူတို့ရှိနေခဲ့သည်ကို လျှို့ဝှက်ထားသရွေ့ အပြင်မှ မည်သူမှ မသိနိုင်ပေ။ ရီဖူရှင်းက သမီးတော်အား ထိုကိစ္စနှင့် ပတ်သက်၍ အကူအညီ တောင်းထားပြီး ဖြစ်သည်။ အပြင်ကို သတင်း မပေါက်ကြားစေနိုင်ရာ ထို့ကြောင့်ပင် ရီဝူချင်းက ချန်ယန်တို့အား လာသတ်ခြင်း ဖြစ်သည်။
သို့သော် ချန်ယန်တို့အုပ်စု လုံးဝ ပျောက်ကွယ်သွားလျှင် ချန်းမုန်ဒေသက လေ့လာစုံစမ်းမည်မှာ သေချာသည်။ အကယ်၍ ဒူဂူလန်သာ ထိုကိစ္စတွင် ပူးပေါင်း၍ မြေရိုင်းမြို့မှ လူများအား အပြစ်ပုံချပေးနိုင်လျှင် အလွန် ပြည့်စုံသွားပေမည်။ လျှို့ဝှက်ချက်အား ထိန်းသိမ်းရန်မူကား ဒူဂူလန်တွင် သေသေချာချာ စီမံထားသော နည်းနာများ ရှိရပေမည်။
“ယွန်ရှင်းမိုက ဟာကွက်ပဲ…” ရီဝူချင်းက ပြောသည်။ သူမကလည်း ရီဖူရှင်းတို့နှင့် ချန်ယန်တို့အကြား ပဋိပက္ခကို သိသည်။
အမှန်တွင်လည်း သူက ချန်ယန်ကို သတ်လိုက်ခြင်းကြောင့် ချင်းမုန်ဒေသ၏ လက်တုံ့ပြန်မှုကို မကြောက်ပေ။ ရှေးဟောင်းမြေရိုင်း ဒေသတွင် ချင်းမုန်ဒေသက ထိုမျှလောက် မစွမ်းပေ။ သို့သော် သူတို့က ကန်ယီနိုင်ငံအပေါ် နောက်ကွယ်မှ လျှို့ဝှက်ကြံစည်မည်ကို စိုးရိမ်ရပေသည်။
“ယွန်ရှင်းမိုက မင်းရဲ့ အစေခံလုပ်ဖို့ သဘောတူတယ် ဆိုမှတော့ သူမက ရည်မှန်းချက် မြင့်တယ်လို့ ပြောနိုင်တယ်… ကျုပ်ဆရာမှာ သားတစ်ယောက်ပဲ ရှိတယ်… ချန်ယန် သေသွားပြီးရင် ချင်းမုန်ဒေသ သခင်နေရာကို ကျုပ်ဆက်ခံဖို့ အဖြစ်နိုင်ဆုံးပဲ… တကယ်လို့ ယွန်ရှင်းမိုက ကျုပ်နဲ့ ပူးပေါင်းရင် သူမကလည်း ဓားကလန်ရဲ့ ခေါင်းဆောင်နေရာကို ဆက်ခံရလိမ့်မယ်….” ဒူဂူလန်က ပြောသည်… “သူမက ဉာဏ်ကောင်းတယ်… ဘယ်ဟာက ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်လဲဆိုတာ သူမက သိမှာပါ…”
ဒူဂူလန်ကလည်း နိုဘယ်လိုဏ်ဂူတွင် သေမင်းခြေလှမ်း ဆယ့်သုံးလှမ်းကို ကျော်ဖြတ်နိုင်သည်။ သူ၏ ပါရမီမှာလည်း ငြင်းပယ်၍ မရနိုင်ပေ။
ရီဝူချင်းက အတန်ကြာ တိတ်ဆိတ်သွားပြီးမှ သူ၏ ဓားအသိများ ပျောက်ကွယ်သွားသည်… “မင်းက အပြောနဲ့ အလုပ်ထပ်တူကျမယ်လို့ ကျုပ် မျှော်လင့်တယ်…”
“ငါဘာလုပ်ရမလဲ သိတယ်…” ဒူဂူလန်က ပြောသည်… “မင်းတို့သုံးယောက်ရဲ့ ပါရမီနဲ့ ငါက ချုန်းမုန်ဒေသ သခင်ဖြစ်လာရင်တောင် မင်းတို့နဲ့ ရန်သူ မဖြစ်ချင်ဘူး…”
သူတို့၏ ပါရမီအား နိုဘယ်လိုဏ်ဂူတွင် မြင်တွေ့ဖူးပြီး ဖြစ်သည်။ အကယ်၍ သူက ရီဖူရှင်းတို့ကို မသတ်နိုင်လျှင် သေရမည့်လူက သူဖြစ်ပေသည်။ ချန်ယန်နှင့် တခြားလူများ၏ သေခြင်းက သက်သေပင်။
ချန်ယန်က ရီဖူရှင်းအား အသုံးချလိုသော်လည်း နောက်ဆုံးတွင် သူသာ ပျက်စီးသွားရ၏။
မိဘမဲ့ တစ်ယောက်အနေဖြင့် ဒူဂူလန်ကား ချန်ယန်ထက် များစွာ ခက်ခဲကြမ်းတမ်းသော ဘဝကို ဖြတ်သန်းလာရသည်။ သူက မည်သို့ လေ့လာစူးစမ်းရမည်ကို သိနားလည်ကာ အလွန်သွေးအေးသည်။ မဟုတ်လျှင် ယနေ့အထိ သူက အသက်ရှင်နေမည် မဟုတ်ပေ။
“သွားတော့…” ရီဝူချင်းက ပြောသည်။ ဒူဂူလန်က သူ့အား လက်ခံနိုင်အောင် ပြောနိုင်ခဲ့သည်ဟု ဝန်ခံရမည်ဖြစ်သည်။ ယွန်ရှင်းမိုကား အမှန်ပင် ပျော့ကွက်ပင်။ ဒူဂူလန်အား သူမကို ထိန်းချုပ်စေခြင်းက ပိုမို ကောင်းမွန်ပေသည်။
“နှုတ်ဆက်ပါတယ်…” ဒူဂူလန်က နောက်လှည့်ကာ ထွက်ခွာသွားသည်။ မည်သူမှ သူ့အား တားဆီးခြင်း မရှိပေ။
သူထွက်ခွာသွားလျှင် လို့လန်ရွှီ ထွက်ပေါ်လာသည်။ ရီဖူရှင်းနှင့် ယူချင်းတို့လည်း ရောက်လာသည်။ ရီဖူရှင်းက မထွက်လာသေးသည်မှာ သူက ရီဝူချင်းအား ယုံကြည်ခြင်းကြောင့် ဖြစ်သည်။
“အရင်တုန်းက သူက စကားတစ်ခွန်းမှ မပြောဖူးဘူး….” ယူချင်းက ပြောသည်။ သူတို့ငါးယောက်တွင် ဒူဂူလန်ကား အသိုဝှက်ဆုံး ဖြစ်သည်။ သူ၏ ပါရမီက ချန်ယန်နှင့် ယှဉ်နိုင်သော်လည်း သူ့အား မည်သူမှ သတိမထားမိကြပေ။
“ဒါမျိုးက ပိုပြီး အန္တရာယ်များတယ်…” ရီဖူရှင်းက ပြောသည်…“သမီးတော်… ကျုပ်ကို တစ်ခု ကူညီပေးပါ…” သူက လို့လန်ရွှီကို မေးသည်။
“ဘာကိုလဲ…” လို့လန်ရွှီက သူ့အား ကြည့်ကာ ပြန်မေးသည်။
“ချင်းမုန်ဒေသကို လူလွှတ်ပြီး သူ့ကို စောင့်ကြည့်ပေးပါ…” ရီဖူရှင်းက ပြောသည်။ ယခု ဒူဂူလန်အား လွှတ်ပေးလိုက်သည့်တိုင် သူတို့က သတိထားရန် လိုပေသည်။ အကယ်၍ ဒူဂူလန်ကသာ လျှို့ဝှက်ချက်ကို မထိန်းသိမ်းနိုင်လျှင် ချန်ယန်၏ သေဆုံးခြင်းက ပြဿနာ ဖြစ်လာနိုင်ပေသည်။
“ကောင်းပြီ…” လို့လန်ရွှီက ရီဖူရှင်း၏ သဘောထားကို နားလည်သည်။ သူမက ခေါင်းညိတ်သည်။
“ငါတို့က ဒီမှာ တန်ခိုးကျင့်ပြီးတော့ သတင်းကို စောင့်နေကြမယ်… ပြီးရင် ငါတို့က မြေရိုင်းမြို့ကို ဆက်သွားကြမယ်….” ရီဖူရှင်းက တခြားလူများကို ပြောသည်။ မည်သူမှ သူ၏ အကြံကို ငြင်းဆန်မည့်လူ မရှိပေ။
မြေရိုင်းမြို့ကား ရှေးဟောင်းမြေရိုင်းဒေသ၏ ဗဟိုချက်မဖြစ်သည်။ ပတ်ဝန်းကျင် နေရာများ အားလုံးမှာ အရှေ့မြေရိုင်းဒေသမှ ထိပ်သီး အင်အားစုများ၏ ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရာ ဂိတ်ပေါက်ဖြစ်သည်။ သူတို့အားလုံးက အစိတ်အပိုင်းတစ်ခုစီကို ပိုင်ဆိုင်ကြကာ မြေရိုင်းမြို့ထဲတွင် ပြိုင်ဆိုင်ကြသည်။ ထိုနေရာတွင် ရှေးဟောင်းလို့လန်ထက် ပိုမိုအားကောင်းသော အင်အားစုများပင်လျှင် ရှိသည်။
ထိုနေရာက ရှေးဟောင်းမြေရိုင်း ဒေသမှ သူတို့၏ နောက်ဆုံး ခရီးလည်း ဖြစ်နိုင်သည်။ သူတို့က မြေရိုင်းမြို့ကို ခရီးသွားပြီးနောက် ကန်ယီနိုင်ငံကို ပြန်ကြမည်ဖြစ်သည်။ ထိုနေရာတွင် ရီဖူရှင်းက လျိုဂျန်လန်က တော်ဝင်ချန်ကျောင်းတော်ကို ဝင်ရောက်ခြင်းကြောင့် ဖြစ်ပေါ်လာသော အန္တရာယ်ကိုဖယ်ရှားရန် ကြိုးစားရမည် ဖြစ်သည်။
***
လအနည်းငယ် ကြာပြီးနောက် ရီရှောင်ကား ကန်ယီနိုင်ငံသို့ သူ၏ စွမ်းအားမြင့် သက်တော်စောင့်များနှင့်အတူ ပြန်ရောက်လာသည်။
ဧကရာဇ်ရီက ရှေးဟောင်းမြေရိုင်း ဒေသသို့ ဝင်ရာဂိတ်ပေါက်မှ ရီဖူရှင်းတို့ကို လိုက်ပါပို့ဆောင်ရာ နေရာတွင် ရီဖူရှင်းတို့ ပြန်လာပါက ကာကွယ်နိုင်ရန် သူ့လူများအား စောင့်ကြပ်နေစေခဲ့သည်။ ဧကရာဇ်လျိုက ရီဖူရှင်းအား သတ်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေရာ သူက သတိထားရန် လိုအပ်ပေသည်။
ထို့အပြင် ကန်ယီနိုင်ငံနှင့် နန်ဒူနိုင်ငံအကြား စစ်ပွဲမှာ အလွန်ပြင်းထန်သော အခြေအနေကို ရောက်နေပြီဖြစ်သည်။ ဧကရာဇ်ရီက ဧကရာဇ်လျိုအား အမြဲ စောင့်ကြည့်နေသည်။
ရီရှောင် ပြန်လာသည်ကို ကြားလျှင် ဧကရာဇ်ရီက သူ့အား ဆင့်ခေါ်စေသည်။ ကန်ယီကျောင်းတော်မှ တခြား ပါရမီရှင်များကလည်း နန်းတော်ကို ဝင်ရောက်ကြသည်။
“ခရီးက ဘယ်လိုလဲ…” ဧကရာဇ်ရီက သူတို့အုပ်စုကို မေးသည်။
“ရှေးဟောင်းမြေရိုင်း ဒေသက ပါရမီရှင်တွေနဲ့ ပြည့်နေတယ်… အခု ကမ္ဘာကြီးက ဘယ်လောက် ကျယ်ပြောလဲ သိပါပြီ… ကန်ယီနိုင်ငံမှာလည်း ပါရမီရှင်တွေ အများကြီး ရှိပေမဲ့ အဲဒီနေရာမှာတော့ ဘာမှ မဟုတ်ဘူး….” ရီရှောင်က သက်ပြင်းချသည်… “အဖေ … ကျုပ် အများကြီး ကြိုးစားဖို့လိုတယ်…”
“မင်းက ဒါကို နားလည်တာ ကောင်းတယ်…” ဧကရာဇ်ရီက ခေါင်းညိတ်သည်။ ကြည့်ရသည်မှာ သူက နိုဘယ်ကံစွမ်းအားကို ရခဲ့ဟန် မတူပေ။ လျိုဂျန်လန်က နိုဘယ်ကံစွမ်းအားကို ရရှိခြင်းက သူ၏ ပါရမီ မည်မျှကောင်းမွန်ကြောင်း သိနိုင်သည်။ “ဖူရှင်းနဲ့ ဝူချင်းတို့ကရော ဘယ်လိုလဲ… သူတို့ ပြန်မလာကြသေးဘူးလား….” သူက မေးသည်။
သူ၏ မေးခွန်ကို ကြားလျှင် ရီရှောင်၏ မျက်တောင်များ ကွေးသွားသည်။ သူက တစ်စုံတစ်ခုကို ပြောရန်ဟန်ပြင်ပြီးမှ တွန့်ဆုတ်သွားသလို ဖြစ်သွား၏။ သူ၏ အမူအရာကိုမြင်လျှင် ဧကရာဇ်ရီက ပြောသည်… “ပြောစရာရှိတာပြော…”
“အဖေ… ရီဖူရှင်းက ပြင်ပကလူပဲ… သူက ဘယ်လောက်ပဲ ပါရမီ ကောင်းနေပါစေ သူ့ကြောင့်ပဲ ပြဿနာတွေ ဖြစ်နေရတာပဲမလား….” ရီရှောင်က သူ၏ အဖေကို ပြောသည်။ “ရှေးဟောင်းမြေရိုင်း ဒေသမှာ သူ့ရဲ့ ပါရမီကြောင့်ပဲ ကျွန်တော့်ကို မလေးမစား လုပ်ပြီး အတူတူ ခရီးမသွားဘူး ပြောတယ်… ရီဝူချင်းကလည်း ဖန်းဟွာပွဲတော်ရဲ့ ဂုဏ်ဆောင်ပဲ … ဒါပေမဲ့ အခု သူတို့က ပိုမို နီးကပ်သွားပြီးတော့ ကျွန်တော်က ပြင်ပလူ ဖြစ်သွားတယ်…”
ဧကရာဇ်ရီ၏ မျက်လုံးများ အရောင်လက်သွားသည်။ သူက တခြားလူများကို ကြည့်လိုက်ရာ သူတို့အားလုံးက ရီရှောင်၏စကားကို ထောက်ခံသည့်အလား ငြိမ်သက်နေကြသည်။
“ငါသိပြီ… သွားနားကြတော့…” ဧကရာဇ်ရီက ထူးမခြားနားစွာ ပြောသည်။
“ဟုတ်ကဲ့…” ရီရှောင်က ခေါင်းညိတ်ကာ တခြားလူများနှင့်အတူ ထွက်ခွာသွားသည်။
“ရီဒန်ချန်းနဲ့ ရီလင်းဇီကို ဆင့်ခေါ်လိုက်….” ဧကရာဇ်ရီက သူ၏ သက်တော်စောင့် တစ်ယောက်အား ပြောလိုက်သည်။ မကြာမီ သူတို့ ရောက်ရှိလာ၏။
ဧကရာဇ်ရီက ရီရှောင်ပ ြောခဲ့သော စကားများကို ပြန်ပြောပြကာ ရီဒန်ချန်းကို မေသည်… “မင်း ဘယ်လိုထင်လဲ…”
“ရီဖူရှင်းက မာနကြီးတယ်ဆိုပေမဲ့ ဒီလိုပုံမျိုးတော့ မဟုတ်ဘူး… အစ်ကိုက မင်းသားဆိုပေမဲ့ ရီဖူရှင်းက အဖေ့ကို အများကြီး လေးစားတယ်…. သူ ဒီလို လုပ်မှာ မဟုတ်ဘူး…” ရီဒန်ချန်းက ပြောသည်။
“ဟုတ်တယ်… ဖန်းဟွာပွဲတော်မှာ ရီဖူရှင်းက သူ့ဆရာကို ကုသဖို့ပဲ တောင်းဆိုပြီးတော့ ယူချင်းကလည်း သူ့ဆရာကို ရှာဖို့ တောင်းဆိုတယ် … နောက်ပိုင်းမှာ သူတို့က နန်ဒူနိုင်ငံ တန်ဖန်းပွဲတော်မှာလည်း ကောင်းကောင်း စွမ်းဆောင်ကြတယ်….” ရီလင်းဇီက ပြောသည်… “သူတို့ရဲ့ စိတ်နေ သဘောထားကြောင့်သာ အဖေက သူတို့ကို ဒီလောက် အလေးပေးတာ… ဟုတ်တယ်မလား….”
ဧကရာဇ်ရီ၏ ရီဖူရှင်းအဖေ ဂရုစိုက်မှုက ပြည့်စုံလှသည်။ သူက ဟွာဂျီယူအား မွေးစားသမီးအဖြစ် သဘောထားကာ ရီဖူရှင်းကြောင့်ပင် ဧကရာဇ်လျိုနှင့် စစ်ကြေညာခဲ့သည်။
“ဒါဆို ရီရှောင်က လိမ်နေတယ်လို့ ဆိုလိုတာပေါ့…” ဧကရာဇ်ရီက ပြောသည်။
ရီဒန်ချန်းက ခေါင်းငုံ့လိုက်သည်။ ရီလင်းဇီလည်း တိတ်ဆိတ်သွားသည်။ ဤကိစ္စကား အလွန်သတိထားကိုင်တွယ်ရမည့် ကိစ္စဖြစ်သည်။
“ဒီလိုဆိုရင် ရီရှောင်က ရီဖူရှင်းကို မဟုတ်တာ တစ်ခုခု လုပ်ခဲ့တာဖြစ်ရမယ်…” ဧကရာဇ်ရီက တိတ်ဆိတ်စွာ ပြောသည်။ မဟုတ်လျှင် ရီရှောင်က ရီဖူရှင်းအား မကောင်းပြောမည် မဟုတ်ပေ။ သူတို့နှစ်ယောက်အကြား တစ်ခုခု မဖြစ်ခဲ့လျှင် ရီရှောင်က ဤနည်းဖြင့် ချောက်တွန်းမည် မဟုတ်ပေ။
ထို့အပြင် ရီရှောင်က ကန်ယီကျောင်းတော်တွင် တန်ခိုးကျင့်သည်။ သူတို့က တစ်အုပ်စုတည်း ဖြစ်ကာ အားလုံးက ပူးပေါင်း လိမ်ညာသည်လည်း ဖြစ်နိုင်သည်။
ထိုအချိန်တွင် တစ်စုံတစ်ယောက်က အပြင်မှ အော်သည်… “အရှင်မင်းကြီး… မင်းသမီးဂျီယူက တွေ့ခွင့်တောင်းပါတယ်…”
“ဂျီယူကို ဝင်ခွင့်ပေးလိုက်…” ဧကရာဇ်ရီက ပြောသည်။ သူက အပြင်ကို လှမ်းကြည့်လိုက်လျှင် ဟွာဂျီယူ ဝင်လာသည်ကို မြင်သည်။
ဟွာဂျီယူကား ယခင်ကလို နူးညံ့သိမ်မွေ့ကာ လှပချောမွေ့နေမြဲ ဖြစ်သည်။ သို့သော် သူမ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမို အားကောင်းလာသည်။ သူမက နန်းတွင်းအကြံပေး ဆရာထံတွင် လေ့လာ သင်ယူနေသည်ကို ဧကရာဇ်ရီသိသည်။ သူမသည်လည်း အလွန် တိုးတက်လာသည်။
“မွေးစားအဖေ…” ဟွာဂျီယူက ဦးညွှတ်လျက် အရိုအသေပေးသည်။
“ဂျီယူ… မင်းက အပြင်လူလို ဦးညွှတ်စရာ မလိုဘူးလို့ အရင်ကလည်း ပြောပြီးပြီ… ဖူရှင်းက မင်းလောက် ငါ့ကို မလေးစားဘူး…” ဧကရာဇ်ရီက ပြုံးလျက် ပြောသည်။
“မွေးစားအဖေ… မင်းသားရီရှောင်က ရှေးဟောင်းမြေရိုင်းဒေသ ပြန်လာတယ် ကြားတယ်…” ဟွာဂျီယူက ပြောသည်။
ဧကရာဇ်ရီက ရယ်မောလိုက်သည်… “မင်းက ဖူရှင်းရဲ့သတင်းကို သိချင်လို့မလား…”
“ဟုတ်ကဲ့…” ဟွာဂျီယူက ခေါင်းညိတ်လိုက်သည်။
“ရီဖူရှင်းက ရီရှောင်နဲ့ ပြန်မလာဘူး… သူက ရှေးဟောင်းမြေရိုင်း ဒေသမှာပဲ ရှိသေးတယ်… ရီရှောင်က ပါရမီ ဒီလောက် မကောင်းဘူး… ဒါကြောင့် သူက စောစော ပြန်လာတယ်…” ဧကရာဇ်ရီက ပြောသည်။
“မွေးစားအဖေ… ကျွန်မက ရှေးဟောင်းမြေရိုင်း ဒေသကို သွားချင်ပါတယ်…” ဟွာဂျီယူက ဧကရာဇ်ရီကို ပြောသည်။
“မရဘူး… မင်းက တိုးတက်လာတယ် ဆိုပေမဲ့ ဓမ္မအဆင့်နှစ်ပဲ ရှိသေးတယ်…”
“သူက ဓမ္မအဆင့်တောင် မရောက်သေးဘဲ သွားတယ်…” ဟွာဂျီယူက ပြောသည်… “ပြီးတော့ ကျွန်မကလည်း ရှေးဟောင်းမြေရိုင်း ဒေသမှာ လေ့ကျင့်ချင်တယ်…”
ဧကရာဇ်ရီက ဟွာဂျီယူ၏ မျက်လုံးကို ကြည့်ကာ ခေါင်းညိတ်သည်… “ကောင်းပြီ… ရီဒန်ချန်းနဲ့ ရီလင်းဇီလည်း မင်းနဲ့ အတူလိုက်လိမ့်မယ်… ပြီးတော့ သက်တော်စောင့်တွေလည်း ထည့်ပေးလိုက်မယ်… ရှေးဟောင်း မြေရိုင်းဒေသမှာ ပြဿနာ မဖြစ်စေနဲ့…”
“ကျေးဇူးတင်ပါတယ်… မွေးစားအဖေ…” ဟွာဂျီယူက ပြုံးလျက် ခေါင်းညိတ်သည်။ မကြာမီ သူမ ထွက်ခွာသွားသည်။
ဟွာဂျီယူက ရှေးဟောင်းမြေရိုင်း ဒေသကို ဝင်ရောက်မည်ကို သိလျှင် ဟွာဖန်းလူက ချက်ချင်း တားမြစ်သည်… “ဂျီယူ… ဖူရှင်းက ဉာဏ်ကောင်းတယ်… မင်းက စိတ်ပူစရာ မလိုဘူး…”
“သမီး တကယ်ပဲ စိတ်ပူတယ်…” ဟွာဂျီယူက ပြောသည်… “ဒီလောက် ကြာပြီ… သူက တစ်ခါမှ ပြန်လာမတွေ့ဘူး….”
ဟွာဂျီယူ၏ အမူအရာကို မြင်လျှင် ဟွာဖန်းလူက တစ်စုံတစ်ခုကို နားလည်လိုက်သည်… “ဂျီယူ… ဖူရှင်းက လူရှုပ်လူပွေ ပုံစံဖြစ်နေပေမဲ့ သူက ဘာမှ လုပ်မှာ မဟုတ်ဘူး… စိတ်မပူပါနဲ့…”
“သမီးက သူ့ကို ယုံတယ်… ဒါပေမဲ့ တခြား မိန်းကလေးတွေကို မယုံဘူး…” ဟွာဂျီယူက ရေရွတ်လိုက်သည်… “သူက ဘာမှ မလုပ်ရင်တောင် သူ့ကို သဘောကျမယ့် မိန်းကလေးတွေ အများကြီးပဲ…”
ဟွာဖန်းလူ မည်သို့မှ ပြန်မပြောသာတော့။
***