သွမ့်မုချွယ်၏ စကားကို ကြားလိုက်ရသောအခါ နောက်ထပ် မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေသည့် ဝမ်ပေါင်လဲ့မှာ အံ့ဩမှင်တက်သွားရပြီး အစာနင်သွားရ၏။ ထို့နောက် သူသည် မျက်လုံးများပြူးကာ တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ ကံကောင်းစွာဖြင့် သူ၏ လည်ပင်းမှာ လူအများစုထက် ပိုကြီးနေသဖြင့် သူသည် တံတွေးမျိုချကာ မုန့်များအား မျိုချလိုက်တော့သည်။ ထို့နောက် သူသည် ထိုမုန့်ထုပ်အား ဘေးနားတွင် ချထားလိုက်ပြီနောက် အသက်ရှူသံများ မြန်ဆန်လာပြီး သွမ့်မုချွယ်အား စိုက်ကြည့်ကာ ချက်ချင်းပြန်မေးလိုက်၏။
” တကယ်ပြောနေတာလား ”
ပြည်ထောင်ဥက္ကဋ္ဌကြီး ဖြစ်လာရန်မှာ သူ၏ စိတ်ကူးအိမ်မက် ဖြစ်နေသည် မဟုတ်ပါလော။ သူသည် ထို ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ကောင်းကင်တာအိုကျောင်းအား တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် သူသည် ရှေးဟောင်းဓားကြီးပေါ်တွင် ရှိနေခဲ့စဉ်တုန်းက ကျင့်ကြံခြင်းပညာရပ်ပေါင်း မြောက်မြားစွာ ပြန်ပို့ပေးခဲ့၏။ သို့ဖြစ်ရာ သူ၏တွက်ချက်မှုများအရဆိုလျှင် သူ ပေးပို့ခဲ့သည့် ပမာဏမှာ သူ ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ်သို့ ရာထူးတိုးသွားနိုင်ရန် လုံလောက်ပေသည်။
သို့သော် သူသည် ပြန်ရောက်လာစဉ်ကတည်းက ပြည်ထောင်စုကြီးရင်ဆိုင်နေရသည့် အန္တရာယ်ကြီးအား သိရှိထားသောကြောင့် စစ်ပွဲအတွင်းတွင် ဥက္ကဋ္ဌရာထူးအား အပြောင်းအလဲလုပ်ရန်မှာ ခဲယဉ်းနေမည်ဖြစ်ကြောင်း နားလည်ထားသည်။ ထို့အပြင် သူသည် တစ်ခုခုမှာ ထူးဆန်းနေသည်ကိုလည်း သတိထားမိထား၏။ သူသည် သွမ့်မုချွယ်၏ အကျင့်စရိုက်ကို ကောင်းကောင်းကြီး နားလည်ထားသည်ဖြစ်ရာ သူ့အား သူ၏ ဥက္ကဋ္ဌရာထူးကို စွန့်လွှတ်ရန် အတင်းအကျပ် ဖိအားပေးလိုက်မည်ဆိုပါက အခက်အခဲများနှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သိထားသည်။ သူသည် ပြည်ထောင်စုကြီးထဲ၌ အစွမ်းအထက်ဆုံး ကျင့်ကြံသူဖြစ်နေလျှင်တောင် အလွယ်တစ်ကူ အောင်မြင်နိုင်မည် မဟုတ်ပေ။
ထို့ကြောင့်လည်း သူသည် ထိုအကြောင်းအား ထုတ်မပြောခဲ့ခြင်း ဖြစ်သည်။ သူသည် ဖုန့်ချိုးရန်တစ်ယောက် သွမ့်မုချွယ်အပါအဝင် အခြား ထိပ်သီးအကြီးအကဲများနှင့် ဆွေးနွေးခဲ့သည့် စကားဝိုင်းအား နားထောင်ခဲ့ပြီးနောက် တာအိုနန်းတော်၏ လက်ရှိအခြေအနေကို နားလည်သွားခဲ့၏။ ထို့ကြောင့် သူသည် သူ ပဏာမအဆင့် နောက်ထပ်တစ်ဆင့်သို့ တက်လှမ်းနိုင်ခြေရှိမရှိ လီရှင်းဝမ်အား သွယ်ဝိုက်၍ မေးမြန်းရန် ကြံရွယ်ထားခဲ့သည်။ အကယ်၍ သူ့အား ပြည်ထောင်စုဥက္ကဋ္ဌ အလောင်းအလျာအဖြစ် ကြေညာပေးနိုင်မည်ဆိုပါက အကောင်းဆုံး ဖြစ်ပါသော်လည်း ထိုကဲ့သို့ မဖြစ်နိုင်ပါက ဒုပဏာမအဆင့်တစ်ရာထူးသို့ ရာထူးတိုးခံရရုံလောက်နှင့် ကျေနပ်နိုင်ပေသည်။
ထို့ကြောင့် သူသည် သွမ့်မုချွယ်ကိုယ်တိုင် သူ၏ ပြည်ထောင်စုဥက္ကဋ္ဌရာထူးအား သူ၏လက်ထဲသို့ လွှဲပြောင်းပေးလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ပေ။ သူသည် အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေရပြီး သွမ့်မုချွယ်တစ်ယောက် သူ၏မေးခွန်းအား ခေါင်းညိတ်၍ ပြန်ဖြေလိုက်သည်ကို မြင်လိုက်ရသောအခါ သတိမေ့မျောလုနီးပါးပင် ဖြစ်သွားရ၏။ ထို့နောက် သူသည် အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးနီကြီးများဖြင့် သူ၏ ရင်ဘတ်အား အားပါပါ ထုနှက်လိုက်တော့သည်။
” ပြည်ထောင်စုကြီး ဒီစစ်ပွဲကို နိုင်ကိိုနိုင်စေရမယ်။ အဆုံးမဲ့မျိုးနွယ်စုနဲ့ တာအိုနန်းတော် သေချာပေါက် ရှုံးနိမ့်သွားစေရမယ်။ ကျွန်တော် ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာမှာကို နှောင့်ယှက်တဲ့ ဘယ်သူမဆို အကုန် အသက်ပျောက်သွားစေရမယ် ”
သွမ့်မုချွယ်မှာ မျက်နှာအမူအရာ သိသိသာသာ ပြောင်းလဲသွားသည့် ဝမ်ပေါင်လဲ့အားကြည့်ရင်း ရယ်ရမလို ငိုရမလို ဖြစ်နေတော့သည်။ လီရှင်းဝမ်ကမူ ပြုံးလိုက်၏။ သူသည် သွမ့်မုချွယ်၏ ကြေညာချက်အား အံ့အားသင့်နေခြင်းမရှိပေ။ အကယ်၍ ဝမ်ပေါင်လဲ့သာ အသက်ငယ်ရွယ်နေခြင်းမရှိပါက သူသည် ယခုချက်ချင်းပင် ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ် တာဝန်ထမ်းဆောင်နိုင်ပေသည်။
သူသည် သွမ့်မုချွယ်၏ အကျင့်စရိုက်ကို သိရှိထား၏။ သူသည် ရည်မှန်းချက်ကြီးမားကာ အမြော်အမြင်ရှိပြီး မာနကြီးသူတစ်ယောက် ဖြစ်ပေသည်။ သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ်ပေါ်၌ ရှုံးနိမ့်ခဲ့သောကြောင့် သွမ့်မုချွယ်မှာ အကြီးအကျယ် စိတ်ထိခိုက်သွားခဲ့ရ၏။ အခြားသူများမှာ ထိုအချက်အား မရိပ်မိပါသော်လည်း လီရှင်းဝမ်မှာ ထိုဖြစ်ရပ်ကြီး၏ အကျိုးသက်ရောက်မှုကို ကောင်းကောင်းကြီး နားလည်ထားသည်။
ထို့အပြင် သွမ့်မုချွယ်မှာ တာဝန်သိတတ်သည့် လူတစ်ယောက်လည်းဖြစ်ရာ ဝမ်ပေါင်လဲ့အား ပျက်သုဉ်းသွားတော့မည့် ပြည်ထောင်စုကြီး၏ ပြည်ထောင်စုဥက္ကဋ္ဌကြီးအဖြစ်သို့ အရောက်ခံမည် မဟုတ်ပေ။ အကယ်၍ သူတို့သာ ရှုံးနိမ့်သွားမည်ဆိုပါက သူသည် နောက်ဆက်တွဲ အကျိုးဆက်များအားလုံးကို တာဝန်ယူမည်ဖြစ်သည်။ သို့သော်… အကယ်၍ သူတို့ အနိုင်ရရှိသွားခဲ့လျှင်မူ သူသည် သူတို့၏နိုင်ပွဲအတွက် အစွမ်းကုန်တိုက်ခိုက်ခဲ့သည့် ဥက္ကဋ္ဌကြီးအဖြစ် သမိုင်းထဲတွင် ကျစ်ရစ်ခဲ့မည် ဖြစ်သည်။ အနာဂတ်မျိုးဆက်များမှာလည်း သူ၏ စွမ်းဆောင်မှုများကို မှတ်မိနေကြမည်ဖြစ်သည်။
” ပေါင်လဲ့။ မင်းရဲ့တာဝန်က တိုက်ခိုက်ဖို့မဟုတ်တော့ဘူး။ မင်းက မင်းနဲ့ တခြားသူတွေ အကုန်လုံး ဘေးကင်းလုံခြုံဖို့နဲ့ အသက်ရှင်နိုင်ဖို့ တာဝန်ယူရမှာ ” လီရှင်းဝမ်မှာ ထိုသို့ဆိုကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။
ဝမ်ပေါင်လဲ့မှာ သူ၏စကားကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွား၏။ ထို့နောက် သူသည် သူ၏ စိတ်လှုပ်ရှားမှုများကို ချုပ်တည်းကာ စိတ်ကိုတည်ငြိမ်အောင်ထားလိုက်သည်။ ခဏအကြာတွင် သူသည် သွမ့်မုချွယ်၏ ဆုံးဖြတ်ချက်နှင့် လီရှင်းဝမ် ပြောခဲ့သည့်စကားများ၏ အဓိပ္ပါယ်ကို နားလည်သဘောပေါက်သွားတော့သည်။
အကယ်၍ သူတို့သာ အနိုင်ရမည်ဆိုပါက သူသည် ပြည်ထောင်စုဥက္ကဋ္ဌအသစ် ဖြစ်သွားမည်ဖြစ်ပြီး ရှုံးနိမ့်သွားခဲ့လျှင်မူ သူသည် သူတို့၏ လူမှုအဖွဲ့အစည်းအား ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ယူရမည်ဖြစ်သည်။
” သောကြာဂြိုဟ် ခံစစ်ကြောင်းက ဘယ်လောက်ကြာကြာ တောင့်ခံနိုင်ဦးမှာလဲဗျ ” ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် နှုတ်ဆိတ်နေလိုက်ပြီးနောက် မျက်ဝန်းများ အရောင်တောက်ပသွား၏။ သူသည် သူ၏ ပြည်ထောင်စုဥက္ကဋ္ဌ ရာထူးအတွက် စိုးရိမ်ပူပန်နေခြင်းမရှိတော့ဘဲ တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် မေးမြန်းလိုက်ခြင်းဖြစ်သည်။
” တကယ်လို့ မျှော်လင့်ထားတဲ့အတိုင်းသာဆိုရင် အဆုံးမဲ့မျိုးနွယ်စု နောက်ထပ်တစ်ကြိမ် အင်အားအလုံးအရင်းနဲ့ ဝင်တိုက်တဲ့အချိန်ရောက်ရင် ဒီခံစစ်ကြောင်းက ပြိုပြီ ” သွမ့်မုချွယ်မှာ လေသံအောအောကြီးဖြင့် ပြန်ဖြေလိုက်၏။ သူသည် သူ လက်မခံချင်ပါသော်လည်း ငြင်းဆန်၍မရသည့် အမှန်တရားကြီးကို လက်ခံလိုက်ရပြီဖြစ်သည်။
” ပြည်ထောင်စုကြီးက တာအိုနန်းတော်နဲ့ စစ်ဖြစ်လာနိုင်တဲ့ အခြေအနေအတွက် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားခဲ့ပြီးသား။ ငါတို့ရဲ့ အစီအစဉ်က နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးနဲ့ ဗုဒ္ဓဟူးဂြိုဟ်၊ သောကြာဂြိုဟ်၊ အင်္ဂါဂြိုဟ်ဆိုတဲ့ ခံစစ်ကြောင်းသုံးကြောင်းကို အားကိုးဖို့ပဲ။ ဒါပေမဲ့… အချိန်မလောက်ခဲ့ဘူးကွာ။ ပြီးတော့ အဆုံးမဲ့မျိုးနွယ်စု တပ်ဖွဲ့တွေနဲ့ သူတို့ရဲ့ စစ်သင်္ဘောကြီးတွေပါ ပါလာတာမလို့ မင်းနဲ့ ဖုန့်ချိုးရန်တို့ နှစ်ယောက်ကို ထည့်တွက်ထားမယ်ဆိုရင်တောင် ငါတို့က သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး ” လီရှင်းဝမ်မှာ သက်ပြင်းချကာ ရှုံ့မဲ့မဲ့ မျက်နှာအမူအရာဖြင့် ရှင်းပြလိုက်၏။
” ဗုဒ္ဓဟူးဂြိုဟ် ကျသွားတာ ငါရဲ့အပြစ်ပါ ” သွမ့်မုချွယ်မှာ တည်ကြည်မှု အပြည့်ရှိသော လေသံဖြင့် ရေရွတ်လိုက်၏။
” သွမ့်မု။ အဲဒီကိစ္စကြောင့် မင်းကိုမင်း အပြစ်တင်နေစရာ မလိုပါဘူး။ တကယ်လို့ ငါတို့တွေ ဗုဒ္ဓဟူးဂြိုဟ်ကို ဖောက်ခွဲပစ်ခဲ့မယ်ဆိုရင်တောင် စစ်ပွဲကြီးက ဆက်ဖြစ်နေဦးမှာပဲ။ အချိန်နည်းနည်းလောက် ပိုဆွဲနိုင်ရုံလောက်ပဲ ရှိမှာ။ အဲ့လောက်အချိန်လေးနဲ့လည်း ငါတို့တွေ ဒီစစ်ပွဲကြီးအတွက် ဘာမှပြင်ဆင်နိုင်မှာမဟုတ်တာမလို့ နောက်ဆုံး ဒီအခြေအနေကို ရောက်လာရမှာပါပဲ ” လီရှင်းဝမ်မှာ ခေါင်းယမ်းကာ ဆိုလိုက်ပြီး ဝမ်ပေါင်လဲ့ဘက်သို့ လှည့်ကြည့်လိုက်၏။
” ပေါင်လဲ့။ ကမ္ဘာဂြိုဟ်က ငါတို့လူမှုအဖွဲ့စည်းရဲ့ မူလဇစ်မြစ်ပဲ။ ဒီ စစ်ပွဲကြီးရဲ့ အဓိကရည်ရွယ်ချက်က ကမ္ဘာဂြိုဟ်ကို ကာကွယ်ဖို့ တပ်ဆင်ထားတဲ့ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီး ပျက်စီးမသွားအောင် ထိန်းသိမ်းစောင့်ရှောက်ဖို့ပဲ ”
” အဲဒီ မန္တန်အစီအရင်ကြီး ရှိနေသရွေ့ ပြည်ထောင်စုကြီးက ခုခံကာကွယ်နိုင်စွမ်း ရှိနေဦးမှာဖြစ်သလို ငါတို့ရဲ့ လူမှုအဖွဲ့အစည်းကလည်း အသက်ရှင်နေထိုင်နိုင်ဖို့ မျှော်လင့်ချက်ရှိနေဦးမှာပဲ။ အင်္ဂါဂြိုဟ်နဲ့ သောကြာဂြိုဟ်က နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးအတွက် အရေးပါတဲ့ အဓိက သော့ချက်နှစ်ခုပဲ။ ဒီဂြိုဟ်နှစ်လုံးထဲက တစ်လုံး ကျန်ရှိနေသေးသရွေ့ မန္တန်အစီအရင်ကြီးက အကောင်းအတိုင်း ရှိနေမှာပါ။ ဂြိုဟ်တစ်လုံးထဲကို ဖျက်ဆီးနိုင်ရုံနဲ့ မန္တန်အစီအရင်ကြီးအပေါ် အကျိုးသက်ရောက်မှု ရှိမှာမဟုတ်ဘူး ” လီရှင်းဝမ်က ဆက်လက်ရှင်းပြလိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ကြားဖြတ်မေးလိုက်သည်။
” သခင်ကြီး၊ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မု။ ကျွန်တော့်မှာ မေးခွန်းနှစ်ခုရှိတယ် ”
” ပထမမေးခွန်းက အဲဒီ အဓိကသော့ချက် ဂြိုဟ်နှစ်လုံးက ကမ္ဘာဂြိုဟ်ရဲ့ တစ်ဖက်တစ်ချက်စီမှာ ရှိနေတာမလို့ တည်နေရာ လုံးဝမတူကြဘူးလေ။ အဲတာကို ဘာလို့ အဆုံးမဲ့မျိုးနွယ်စုက သောကြာဂြိုဟ်ကို ဖျက်ဆီးပြီးရင် ကမ္ဘာကိုပတ်ပြီး အင်္ဂါဂြိုဟ်ကို သွားပြီးတော့ ဖျက်ဆီးလိမ့်မယ်လို့ သေချာနေရတာလဲ။ သူတို့က မန္တန်အစီအရင်ကြီးကို ဖျက်ဆီးပြီးတော့ ကမ္ဘာဂြိုဟ်ဆီကို တန်းလာလို့ မရဘူးလား ”
” ဒုတိယမေးခွန်းက နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီး တကယ်ကို အဲလောက်ကြီး အစွမ်းထက် တာလား။ အဲဒီ မန္တန်အစီအရင်ကြီးက တကယ်ပဲ ကျွန်တော်တို့ရဲ့ လူမှုအဖွဲ့အစည်းကို ကာကွယ်ပေးနိုင်စွမ်း ရှိတာလား ”
ဝမ်ပေါင်လဲ့မှာ ထိုသို့မေးလိုက်ပြီးနောက် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့အား စိုက်ကြည့်လိုက်၏။ သူတို့နှစ်ယောက်မှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တစ်ခဏမျှ နှုတ်ဆိတ်သွားကြ၏။ ထို့နောက် သွမ့်မုချွယ်မှာ ရုတ်တရက်ဆိုသလို သူ၏ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်သောအခါ သူတို့၏ ပတ်ပတ်လည်တွင် အကာအရံတစ်ခု ပေါ်ပေါက်လာသဖြင့် မည်သူကမှ သူတို့၏ စကားဝိုင်းအား ခိုး၍ နားထောင်နိုင်စွမ်းမရှိတော့ပေ။ ထို့နောက် လီရှင်းဝမ်မှာ သစ်သားရုပ်တစ်ရုပ်ကို ထုတ်ယူ၍ ဘေးတွင်ချကာ အသုံးပြုလိုက်သဖြင့် ထိုအကာအရံကြီးမှာ ပို၍ပင်အားကောင်းလာသည်။
ဝမ်ပေါင်လဲ့မှာ သူတို့နှစ်ယောက်အား ကြည့်နေရင်း မျက်လုံးများ အရောင်တောက်ပလာ၏။ ထို့နောက် သူသည်လည်း မန္တန်လက်ကွက်များ ဖော်လိုက်ပြီး နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်တို့ကို အသုံးပြုလိုက်တော့သည်။ သူ၏ ယွမ်ယင်ဝိညာဉ်မှာဆိုလျှင် သောကြာဂြိုဟ်၏ စွမ်းအားများကို စုစည်းကာ သူတို့၏ ပတ်ပတ်လည်တွင် ရှိနေသော အကာရံကြီးအား အားအင်ဖြည့်တင်းပေးလိုက်၏။
ထိုကဲ့သို့ အကာအရံများ တပ်ဆင်ပြီးသွားသောအခါ လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့မှာ မျက်နှာအမူအရာ တည်ကြည်သွားပြီး တစ်ယောက်ကိုတစ်ယောက် ထပ်၍ ကြည့်လိုက်ကြပြန်သည်။
နောက်ဆုံးတွင် လီရှင်းဝမ်မှာ သက်ပြင်းချကာ တိုးတိုးလေး ဆိုလိုက်၏ ” ပေါင်လဲ့။ အခု ငါမင်းကို ပြောပြမယ့်အရာက ငါရယ်၊ သွမ့်မုချွယ်ရယ် ဆရာကျောက်ပင်ဖန်ရယ် သုံးယောက်ပဲ သိတဲ့ ကိစ္စတစ်ခုပဲ။ ပြည်ထောင်စုကြီး တစ်ခုလုံးထဲမှာ မင်းက ဒီကိစ္စကိုသိတဲ့ စတုတ္ထမြောက်ပုဂ္ဂိုလ် ဖြစ်လာမှာ ”
” ဒါ ပြည်ထောင်စုကြီးရဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ချက်ပဲ။ ပုံမှန်ဆိုရင် ပြည်ထောင်စုဥက္ကဋ္ဌကြီးတွေပဲ ဒီကိစ္စကို သိထားခွင့်ရှိတာ။ ကျောက်ပင်ဖန်က ဝိညာဉ်သိပ္ပံပညာရပ်မှာ ဘယ်သူနဲ့မှ မတူလောက်အောင် ပါရမီပါတာမလို့ ငါရယ် သွမ့်မုချွယ်ရယ်က သူ့ကို အဲဒီကိစ္စကြီးအကြောင်း ပြောပြထားဖို့ သဘောတူခဲ့တာ ”
” အဲတာကြောင့်မလို့… မင်း ဒီလျှို့ဝှက်ချက်ကို တခြား ဘယ်သူ့ကိုမှ မပြောပြနဲ့နော်။ တကယ်လို့ပြည်ထောင်စုကြီး ရှုံးနိမ့်သွားခဲ့ရင်တော့ တစ်မျိုးပေါ့။ အဲဒီအချိန်ကျရင် ဒီလျှို့ဝှက်ချက်ကြီးက ဘာမှ တန်ဖိုးရှိမှာ မဟုတ်တော့ပါဘူး။ အဲအခါကျ မင်း ပြောပြချင်တဲ့လူကို ပြောပြလို့ရပြီ ”
ဝမ်ပေါင်လဲ့မှာ ထိုစကားကိုကြားလိုက်ရသောအခါ မျက်နှာအမူအရာ တည်ကြည်သွားပြီး ရင်ခုန်နှုန်းများ အနည်းငယ်ခန့် မြန်ဆန်လာတော့သည်။ သူသည် လီရှင်းဝမ်နှင့် သွမ့်မုချွယ်တို့ နှစ်ယောက်စလုံးမှာ တည်ကြည်မှုအပြည့် ရှိနေကြသည်ကို အာရုံခံမိနေသည်ဖြစ်ရာ လီရှင်းဝမ် ပြောပြတော့မည့် လျှို့ဝှက်ချက်ကြီးမှာ အလွန်အင်မတန်မှ အရေးကြီးသော အရာတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း သိထား၏။
” ဟုတ်ကဲ့ပါ ” ဝမ်ပေါင်လဲ့မှာ ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ကတိပေးလိုက်၏။
ထိုအခါ လီရှင်းဝမ်မှာ ဝမ်ပေါင်လဲ့အား အချိန်အတော်အတန်ကြာအောင် စိုက်ကြည့်ကာ နှုတ်ဆိတ်နေလိုက်၏။ သူသည် အတွေးများထဲတွင် နစ်မျောကာ သူပြောလိုသည့် အရာများကို ဖော်ပြနိုင်မည့် စကားလုံးများအား ရှာဖွေနေသည့်ပုံပင်။ အချိန်အနည်းငယ်ခန့် ကုန်ဆုံးသွားပြီးမှ သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို ထောက်ပံ့ပေးထားတဲ့ ဝိညာဉ်စွမ်းအင်တွေကို… ချီအားဖြည့်ပညာရပ်ကို လေ့ကျင့်နေကြတဲ့ လူတွေဆီကနေ ရတာ။ ပြည်ထောင်စုကြီးထဲမှာ လူဦးရေစုစုပေါင်း ဆယ်ဘီလီလျံအထိ ရှိပြီးတော့ သူတို့အားလုံးနီးပါးက ချီအားဖြည့်ပညာရပ်ကို လေ့ကျင့်နေကြတာ။ သူတို့ရဲ့ ကျင့်ကြံခြင်းလုပ်ငန်းစဉ်တွေထဲကနေ ထွက်လာတဲ့ ဝိညာဉ်ချီတွေက နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို အားဖြည့်ပေးထားတာ။ ဒါက လျှို့ဝှက်ချက်တစ်ခုဖြစ်ပေမဲ့ အဲဒီအကြောင်းကို သိထားတဲ့လူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ အဲဒီ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးရဲ့ အခြေခံအုတ်မြစ်အကြောင်းကိုတော့ ငါတို့သုံးယောက်ပဲ သိထားတာ ”
” အဲဒီ အခြေခံအုတ်မြစ်က… ဘယ်နေရာကနေ ရောက်လာမှန်းမသိတဲ့ လက်ဖွဲ့အဆောင်တစ်ခုပဲ ” ဝမ်ပေါင်လဲ့မှာ ထိုစကားကို ကြားလိုက်ရသောအခါ မျက်လုံးများ ပြူးသွားရ၏။
” လက်ဖွဲ့အဆောင်တစ်ခု ဟုတ်လား ”
” လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ထောင်ကျော် ရှေးဦးဝိညာဉ်ခေတ် မစခင်တုန်းက ကမ္ဘာဂြိုဟ်ရဲ့ အရှေ့တောင်ပိုင်းဒေသတစ်ခုမှာ ရှိတဲ့ ရှေးဟောင်းအပျက်အစီးတွေထဲမှာ လက်ဖွဲ့အဆောင်တစ်ခုကို ရှာတွေ့ခဲ့တာ။ အဲဒီအချိန်ကတည်းက အဲဒီ အဆောင်ပစ္စည်းကို လူတွေကအမြတ်တနိုး တန်ဖိုးထားခဲ့ကြတာပဲ။ ဒါပေမဲ့ အဲဒီ အဆောင်ပစ္စည်းကို ဘယ်သူကမှ မတူးထုတ်နိုင်ခဲ့ကြဘူး။ သုတေသနလုပ်ငန်းတွေ အများကြီး လုပ်ခဲ့ပြီးတာတောင် ဘာသဲလွန်စမှ ရှာမတွေ့ခဲ့တာမလို့ နောက်ဆုံးမှာ အဲဒီ အဆောင်ပစ္စည်းကို သာမန် သမိုင်းဝင် ရှေးဟောင်းပစ္စည်းတစ်ခုအဖြစ်ပဲ သတ်မှတ်ခဲ့ကြတာ ”
” ရှေးဦးဝိညာဉ်ခေတ် ရောက်လာတဲ့အချိန် ရှေးဟောင်းဓားကြီးရဲ့ အပိုင်းအစတွေနဲ့အတူ ဝိညာဉ်ချီတွေပါ ပါလာတာမလို့ ကမ္ဘာဂြိုဟ်ပေါ်က လူမှုအဖွဲ့အစည်းလည်း ပြောင်းလဲသွားခဲ့တာပဲ။ ပြည်ထောင်စုကြီးထဲမှာ ငါက အခြေတည်အဆင့်ကို ပထမဆုံး ရောက်ခဲ့လူပေါ့။ အဲဒီနေ့မှာပဲ အဲဒီ လက်ဖွဲ့အဆောင်က ငါ့ရှေ့မှာ ဗြုန်းစားကြီး ပေါ်ပေါက်လာခဲ့တာ ”
” အဲဒီ လက်ဖွဲ့အဆောင်က တမူထူးခြားတဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားတာ။ အံ့ဩစရာ အကောင်းဆုံးက ကမ္ဘာဂြိုဟ်ပေါ်က မဟုတ်ရင် အဲဒီ လက်ဖွဲ့အဆောင်ကို လုံးဝ မမြင်ရတာပဲ။ ငါ နတ်ဘုရားလက်နက်တစ်ခုနဲ့ စမ်းသပ်ကြည့်ခဲ့တော့ အဲဒီ လက်ဖွဲ့အဆောင်ရဲ့ရှေ့မှာ အဲဒီ နတ်ဘုရားလက်နက်က တဆတ်ဆတ် တုန်ရီနေခဲ့တာ ”
” ငါ သုတေသနလုပ်ငန်းတွေ ထပ်လုပ်ခဲ့ပြီးတဲ့နောက် ဒီ လက်ဖွဲ့အဆောင်ကိို မန္တန်အစီအရင်တစ်ခုအဖြစ် အသုံးပြုလို့ရမှန်း သိသွားတာပဲ။ အဲတာနဲ့ ငါက ပြည်ထောင်စုကြီးကို စည်းရုံးပြီးတော့ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကို တည်ဆောက်ခဲ့တာ။ ဒါပေမဲ့ အဲဒီ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးတစ်ခုလုံးရဲ့ အခြေခံအုတ်မြစ်ကို ဒီ လက်ဖွဲ့အဆောင်လေးပေါ်မှာ တည်ဆောက်ထားတယ်ဆိုတာ ဘယ်သူကမှ မသိဘူး။ ဒီ လက်ဖွဲ့အဆောင်ရဲ့ အလုပ်လုပ်ပုံက အသံချဲ့စက်လိုမျိုးပဲ။ ဒါပေမဲ့ အထောက်အပံ့ အလုံအလောက်မရရင် သူ့ရဲ့ စွမ်းအားတွေကို ဖြန့်ကြက်နိုင်စွမ်း မရှိဘူး။ အဲတာကြောင့်မလို့ ငါတို့က သောကြာဂြိုဟ်နဲ့ အင်္ဂါဂြိုဟ်ကို ပေါင်းကူးကျောက်တွေအဖြစ် အသုံးပြုပြီး ဒီ လက်ဖွဲ့အဆောင်ရဲ့ စွမ်းအားကို မြှင့်တင်ခဲ့တာ။ ကမ္ဘာဂြိုဟ်ပေါ်က မဟုတ်တဲ့ တခြားဂြိုဟ်ပေါ်က သက်ရှိတွေ ကမ္ဘာဂြိုဟ်နားကို ကပ်လာရင် အခက်အခဲတွေ ရင်ဆိုင်ရတာ အဲတာကြောင့်ပဲ။ သူတို့က ကမ္ဘာဂြိုဟ်နဲ့ ပိုနီးလာလေလေ ရှေ့ဆက်တိုးဖို့ ပိုခက်လာလေလေ ဖြစ်နေမှာ ”
” ကမ္ဘာကြီးတစ်ခုလုံးက ဆရာကျောက်ပင်ဖန်း ဝိညာဉ်ဆန့်ကျင်ဗုံးတွေကို ဘာအကူအညီမှ မပါဘဲ ဖန်တီးနိုင်ခဲ့တယ်လို့ ယုံကြည်ထားကြတာ။ ဒါပေမဲ့ တကယ်တမ်းက သူက အဲဒီ လက်ဖွဲ့အဆောင်ကို လေ့လာခဲ့ပြီးတော့မှ ဉာဏ်အလင်းပွင့်သွားခဲ့တာ။ အဲတာကြောင့်မလို့ သူက ဝိညာဉ်ဆန့်ကျင်ဗုံးတွေကို တီထွင်နိုင်စွမ်းရှိသွားတာပဲ ”
” မင်းနဲ့ ဖုန့်ချိုးရန် သောကြာဂြိုဟ်ပေါ်ကို ရောက်လာမှာကို ငါ စိုးရိမ်မနေတာလည်း အဲဒီအချက်ကြောင့်ပဲ။ ငါက နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးကနေတစ်ဆင့် လက်ဖွဲ့အဆောင်ရဲ့ စွမ်းအားတွေကို အသုံးပြုပြီးတော့ မင်းတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ကပ်ပါးကောင်တွေ ရှိမရှိ စစ်ဆေးနိုင်စွမ်း ရှိတယ်လေ ”
” ဒါ နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးရဲ့ လျှို့ဝှက်ချက်ပဲ။ အဲတာကြောင့်မလို့ အဆုံးမဲ့မျိုးနွယ်စု သောကြာဂြိုဟ်ကို ဖျက်ဆီးပြီးသွားရင် အင်္ဂါဂြိုဟ်ဆီကို ဦးတည်သွားလိမ့်မယ်ဆိုတာ ငါက တစ်ရာရာခိုင်နှုန်းအပြည့် ယုံကြည်နေတာ။ အဲလိုမှ မဟုတ်ရင် သူတို့တွေ ကမ္ဘာဂြိုဟ်ဆီကို လာနိုင်မှာ မဟုတ်ဘူးလေ ” လီရှင်းဝမ်၏ နှုတ်မှထွက်ပေါ်လာသော စကားများကြောင့် ဝမ်ပေါင်လဲ့မှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ပင်။ သူသည် မျက်လုံးများပြူးကျယ်လာပြီး အသက်ရှူသံများ မြန်ဆန်လာရ၏။ ကမ္ဘာဂြိုဟ်ပေါ်တွင် ထိုကဲ့သို့သော လျှို့ဝှက်ချက်မျိုး ရှိနေလိမ့်မည်ဟု သူက လုံးဝထင်မှတ်မထားခဲ့ပေ။
💞💞💞💞💞