Switch Mode

အခန်း (၆၉၉)

လက်တုံ့ပြန်ရမယ်

ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား ခေါ်ဆောင်လာသည့် စစ်သင်္ဘောကြီး သောကြာဂြိုဟ် အပြင်ဘက်ရှိ လေထုထဲသို့ ဝင်ရောက်လာသည်နှင့် နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှာ လည်ပတ်သွား၏။ ထို့နောက် စစ်ဆေးမှုများ အဆင့်ဆင့် ပြုလုပ်လိုက်ပြီးနောက် သူတို့နှစ်ယောက်စလုံးမှာ အဆုံးမဲ့မျိုးနွယ်စု ကပ်ပါးကောင်များ မဟုတ်ကြကြောင်း သေချာသွားတော့သည်။ လီရှင်းဝမ်မှာလည်း သူကိုယ်တိုင် အထူးစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် သူတို့မှာ ပြင်ပအဖွဲ့အစည်း တစ်ခုခု၏ ထိန်းချုပ်မှုအောက်တွင် ရှိမနေကြောင်း သိလိုက်ရ၏။ ထိုအခါမှသာ ထိုစစ်သင်္ဘောကြီးမှာ သောကြာဂြိုဟ်ထဲသို့ ဝင်ခွင့်ရသွားပြီး သင်္ဘောဆိပ်ထဲ၌ ဆင်းသက်သွားတော့သည်။

ထို သင်္ဘောဆိပ်ကြီးတစ်ခုလုံးမှာ စစ်အုပ်ချုပ်ရေးအောက်တွင် ရှိနေ၏။

ထို သင်္ဘောဆိပ်၏ အတွင်းပိုင်းကို အလုံပိတ်ထားပြီး ၎င်း၏ ပတ်ပတ်လည်တွင်လည်း လုံခြုံရေးအပြည့် ချထား၏။ ကျင့်ကြံသူပေါင်းမြောက်မြားစွာမှာ သတိဝီရိယအပြည့်နှင့် စောင့်ကြည့်နေကြသည်။ ထို ကျင့်ကြံသူများကို သွမ့်မုချွယ်ကိုယ်တိုင် ဦးဆောင်နေခြင်းဖြစ်သည်။ စစ်သင်္ဘောကြီး ဆင်းသက်လာသည့်အချိန်တွင် လူတိုင်းမှာ ၎င်းအား မျက်တောင်မခပ်တန်း စိုက်ကြည့်နေကြ၏။

ထို့နောက် စစ်သင်္ဘောကြီး၏ တံခါးများမှာ ဝုန်းခနဲ ပွင့်သွားကြသည်။ ထိုအခါ လူတိုင်းမှာ ထိုတံခါးပေါက်အား လှမ်းကြည့်လိုက်ကြပြီး ခပ်အောအော စကားသံကြီးတစ်သံမှာ လေထဲ၌ ပဲ့တင်ထပ်သွားတော့သည်။

” အလေးပြု ”

ထိုအခါ နိုင်ငံရေးအင်အားစုအသီးသီးမှ ခေါင်းဆောင်များ အပါအဝင် မြေပြင်ပေါ်ရှိ ကျင့်ကြံသူများ အားလုံးမှာ သူတို့၏ ညာလက်များကို မြှောက်ကာ အလေးပြုလိုက်ကြ၏။ သွမ့်မုချွယ်မှာလည်း သူတို့ထဲတွင် ပါဝင်ပေသည်။

သူတို့မှာ ဝမ်ပေါင်လဲ့အား အလေးပြုနေကြခြင်းဖြစ်သည်။

သူတို့မှာ ကျောက်ယမုန့်နှင့် ဂိုဏ်းချုပ်ကြီးရှုတို့၏ အစီရင်ခံစာများကို ကြားသိထားပြီးသား ဖြစ်၏။ ထို့အပြင် ယခုတွင် ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်အား ပြည်ထောင်စုကြီးဆီသို့ သူကိုယ်တိုင် ပြန်လည်ခေါ်ဆောင်လာခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် ပြည်ထောင်စုကြီးအတွက် အများကြီး ပေးဆပ်ခဲ့ပြီး ဖြစ်သည်။

အစီရင်ခံစာများထဲတွင်လည်း ဝမ်ပေါင်လဲ့မှာ ကျောက်ယမုန့်နှင့် အခြားသူများကို ကယ်တင်နိုင်ရန် သူ၏ အသက်ကိုပင် စတေးခဲ့ကြောင်း ဖော်ပြထားသေးသည်။ ထို့‌ကြောင့်လည်း ပြည်ထောင်စုကြီးမှာ ကြုံတွေ့ရတော့မည့် အန္တရာယ်ကြီးအား ကြိုတင်သိရှိသွားခဲ့ရခြင်းဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ဖုန့်ချိုးရန်နှင့်အတူ ပြန်ရောက်လာပြီဖြစ်ရာ စစ်ပွဲထဲတွင် အရေးနိမ့်နေသည့် ပြည်ထောင်စုကြီးအတွက် အားတက်စရာ တစ်ခုပင်။

ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာ အစီအစဉ်အား စတင်ခဲ့စဉ်တုန်းက သွမ့်မုချွယ်မှာ ဝမ်ပေါင်လဲ့၏ အမည်ကို သူကိုယ်တိုင် ကြော်ငြာပေးခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ပြည်ထောင်စုကြီးတစ်ခုလုံးမှာ ဝမ်ပေါင်လဲ့၏ ဂုဏ်သတင်းများနှင့် စွမ်းဆောင်မှုများကို သိရှိထားပြီးဖြစ်သည်။ သွမ့်မုချွယ်ပင်လျှင် ဝမ်ပေါင်လဲ့အား မည်သည့်ရာထူး အပ်နှင်းရမည်မှန်း မသိနိုင်လောက်အောင် ဖြစ်နေရပြီ ဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ ယခုတွင် ဝမ်ပေါင်လဲ့မှာ ထိုက်ထိုက်တန်တန် အလေးပြုခံနေရခြင်း ဖြစ်ပေသည်။

သို့သော် သူတို့အားလုံး ထိုကဲ့သို့ အလေးပြုကာ ကြိုဆိုနေကြစဉ် စိတ်လှုပ်တရှား ဖြစ်နေသည့် အော်ဟစ်သံတစ်သံမှာ သင်္ဘောဆိပ်ထဲ၌ ပဲ့တင်ထပ်သွား၏။ ထို့နောက် စစ်သင်္ဘောကြီး၏ တံခါများ ပွင့်သွားချိန်တွင် ပေါ်ပေါက်လာသည့် မြင်းကွင်းကြောင့် သူတိုအားလုံးမှာ အံ့အားသင့်ကာ မျက်လုံးများ ပြူးသွားကြတော့သည်။ သွမ့်မုချွယ်ပင်လျှင် တအံ့တဩဖြစ်သွားရ၏။

စစ်သင်္ဘောကြီးထဲမှ အရင်ဆုံးထွက်လာသည့် လူများမှာ လီရှင်းဝမ်နှင့် ဧရာမသစ်ပင်ကြီး ဖြစ်ပေသည်။ သူတို့၏ ပုံပန်းသွင်ပြင်မှာ သာမာန်သာ ဖြစ်သောကြောင့် ကွဲထွက်နေခြင်းမရှိပေ။ သို့သော် သူတို့၏ မျက်နှာအမူအရာများမှာမူ ရှက်ကိုးရှက်ကန်း ဖြစ်နေသည့်ပုံ ပေါက်နေ၏။ သူတို့၏ နောက်တွင်မူ ဝမ်ပေါင်လဲ့ လိုက်ပါလာသည်။ သူ၏ ပုံပန်းသွင်ပြင်မှာလည်း သာမန်အတိုင်းပင်။ သူသည် မောပန်းနွမ်းနယ်နေခြင်း မရှိတော့သလို သာမန်အဝတ်အစားများကို ဆင်မြန်းထား၏။ ထို့အပြင် သူ၏ ခန္ဓာကိုယ်မှာလည်း ဝကစ်နေခြင်း မရှိတော့ဘဲ ပိန်ပါးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ အငွေ့အသက်များပင်လျှင် ပြောင်းလဲသွားပြီဖြစ်ရာ သူသည် ပြည်ထောင်စုကြီးထဲမှ ထွက်ခွာသွားခဲ့စဉ်တုန်းကနှင့် ယှဉ်လိုက်ပါက အများကြီး ပြောင်းလဲသွားပြီဖြစ်သည်။

ထိုပြောင်းလဲမှုများမှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာမှု၊ ကြယ်တာရာယွမ်ယင်ဝိညာဉ်နှင့် သူ နှစ်ပေါင်းများစွာ ကျော်ဖြတ်ခဲ့ရသည့် ဆင်းရဲဒုက္ခများကြောင့် ဖြစ်ပေသည်။ သို့ဖြစ်ရာ သူသည် ရင့်ကျက်မှုမရှိသေးသည့် ကလေးငယ်တစ်ယောက်နှင့် မတူတော့ပေ။ သို့ဖြစ်ရာ ပုံမှန်အတိုင်းသာဆိုလျှင် သူ၏ ပြောင်းလဲမှုများကြောင့် လူတိုင်းမှာ သူ့အား အထင်ကြီးလေးစားသွားကြရမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ… သူ၏ ပခုံးပေါ်တွင် မြည်းလေးတစ်ကောင် တက်ထိုင်နေသည် မဟုတ်ပါလော…

၎င်းမှာ အနက်ရောင် မြည်းငယ်လေးတစ်ကောင် ဖြစ်ပေသည်။ ၎င်းမှာ နောက်ခြေထောက်နှစ်ဖက်ဖြင့် ဝမ်ပေါင်လဲ့ ဂုတ်ကို ခွထားပြီး ရှေ့ခြေထောက်နှစ်ဖက်အား ဝမ်ပေါင်လဲ့၏ ခေါင်းပေါ်သို့ တင်ထား၏။ ၎င်းမှာ အရိုးပေါ်အရေတင် ဖြစ်နေပါသော်လည်း ၎င်း၏ အော်ဟစ်မြည်တမ်းသံများမှာ ကြည်လင်ပြတ်သားနေဆဲပင်။

မြည်းများပေါ် တက်စီးသည့် လူများကို မြင်ရသည်မှာ သာမန်ဖြစ်ပါသော်လည်း… မြည်းတစ်ကောင် လူတစ်ယောက်ပေါ်၌ တက်စီးနေသည့် မြင်ကွင်းမှာမူ… အလွန်အင်မတန်မှ ထူးဆန်းပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ လက်ထဲတွင် မုန့်ထုပ်တစ်ထုပ်ကို ကိုင်ထားရင်း မကြာခဏဆိုသလို လက်မြှောက်ကာ ထိုမြည်းလေးအား အစာကျွေးနေသောကြောင့် ထိုမြင်ကွင်းကြီးမှာ ပို၍ပင် ထူးဆန်းနေရတော့သည်။

ထို့ကြောင့်လည်း ထိုမြင်ကွင်းအား မြင်လိုက်ရသည့် လူတိုင်းမှာ မျက်နှာအမူအရာများ အထူးတဆန်းဖြစ်သွားကြခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ရှက်ကိုးရှက်ကန်း ဖြစ်နေရပါသော်လည်း ဘာမှမတတ်နိုင်ပေ။ မြည်းလေးမှာ အပြင်ဘက်သို့ ရောက်လာပြီးနောက် သိုလှောင်လက်ကောက်ထဲသို့ လုံးဝပြင်မဝင်ခဲ့ပေ။ ၎င်းမှာ သနားစရာကောင်းစွာ အော်ဟစ်ငိုကြွေးနေခဲ့ပြီး တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေခဲ့၏။ ထို့အပြင် ၎င်းမှာ လျှာကိုက်ကာ ချက်ချင်း သတ်သေပစ်တော့မည့်အလား ၎င်း၏ လျှာအား ခဏခဏ ထုတ်ပြနေခဲ့၏။ ထိုမြင်ကွင်းကြောင့် ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ အပြစ်ရှိသလို ခံစားသွားရပြီး နောက်ဆုံးတွင် ဤအခြေအနေသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး အာဟာရပြတ်ကာ ဆာလောင်မွတ်သိပ်နေခဲ့သည်ကို မြင်ခဲ့ရပြီးနောက် ၎င်းအား မုန့်များ ထုတ်ကျွေးခဲ့၏။ ထိုစဉ်ကတည်းက မြည်းလေးမှာ ဝမ်ပေါင်လဲ့၏ စာနာသနားစိတ်များကို အခွင့်ကောင်းယူနေခဲ့ခြင်းဖြစ်သည်။ အကယ်၍ ဝမ်ပေါင်လဲ့မှာ ၎င်းအား အစာမကျွေးတော့ပါက ၎င်းမှာ လျှာကိုက်ကာ သတ်သေပစ်ရန် ခြိမ်းခြောက်ခဲ့သည်သာ ဖြစ်သည်။

ထို့ကြောင့်လည်း သူတို့မှာ စစ်သင်္ဘောကြီးထဲမှ ယခုလို ထွက်လာကြခြင်း ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာမူ ရှက်ကိုးရှက်ကန်းဖြစ်နေသည့် အမူအရာဖြင့် အပြင်ဘက်ရှိ လူအုပ်ကြီးအား ဝေ့ဝိုက်ကြည့်ရှုလိုက်သောအခါ သူတို့၏ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာများကို မြင်လိုက်ရ၏။ ထို့ကြောင့် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး ခြေလှမ်းများ ရပ်တန့်သွားတော့သည်။ ထို့နောက် သူသည် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် အော်ပြောလိုက်၏ ” တာအိုရောင်းရင်းတို့။ ကျွန်တော် မြည်းလေးတစ်ကောင်ကို ဂုတ်ပေါ်တင်လာပြီး တာအိုရောင်းရင်းတို့ရှေ့ ထွက်လာရတဲ့ အကြောင်းအရင်းကို သိချင်နေကြမှာပေါ့ ”

” ဘာလို့လဲဆိုတော့ ကျွန်တော်က ဒီမြည်းလေးကို တိရစ္ဆာန်တစ်ကောင်လို့ မမြင်လို့ပါပဲ။ ဒီမြည်းလေးက ကျွန်တော့်ရဲ့ ရဲဘော်ရဲဘက်အစစ်၊ မိတ်ဆွေအစစ်ပါ။ သူက ကျွန်တော် အသက်အန္တရာယ်နဲ့ ကြုံခဲ့ရတဲ့အချိန်တိုင်း ကျွန်တော့်ကို ထပ်ခါတလဲလဲ ကယ်တင်ခဲ့တာပါ။ ကျွန်တော် သတိလစ်နေတုန်း သူက အစာအငတ်ခံပြီးတော့ ကျွန်တော့်အတွက် စားစရာနဲ့ ဆေးဝါးတွေကို သွားပြီးတော့ ရှာပေးခဲ့တဲ့ အထိပါပဲ ”

” ဝမ်ပေါင်လဲ့ဆိုတဲ့ ကျွန်တော်က ခင်မင်ရင်းနှီးမှုနဲ့ သစ္စာစောင့်သိမှုတို့ကို အခြားအရာတွေအားလုံးထက် ပိုပြီး တန်ဖိုးထားတဲ့ လူတစ်ယောက်ပါ။ သူ့ကို အစာကျွေးဖို့ ကျွန်တော်ရဲ့ ခန္ဓာကိုယ်ပေါ်က အသားကို လှီးထုတ်ပစ်ရမယ်ဆိုရင်တောင် ကျွန်တော်က ဝန်လေးနေမှာ မဟုတ်ပါဘူး ” ဝမ်ပေါင်လဲ့၏ စကားသံမှာ တဖြည်းဖြည်းနှင့် ပို၍ကျယ်လောင်လာ၏။ သူ စကားဆုံးသွားသည့်အချိန်တွင် လူအုပ်ကြီးမှာ စိတ်နှလုံးများ လှုပ်ရှားသွားရတော့သည်။

အရိုးပေါ်အရေးတင် ဖြစ်နေသည့် မြည်းလေးမှာ သူ၏စကားများကို သက်သေထူပေးနေသကဲ့သို့ ဖြစ်နေသည် မဟုတ်ပါလော။ ယနေ့ခေတ်တွင် ထို အခြေအနေထိရောက်အောင် အစာအငတ်ခံခြင်းမှာ အံ့ဩမှင်တက်ဖွယ်ရာ လုပ်ရပ်တစ်ခု ဖြစ်ပေသည်။

ထိုနေရာတွင် ရှိနေသမျှလူတိုင်း ဝမ်ပေါင်လဲ့၏ စကားကို ယုံကြည်သွားကြသည် မဟုတ်ပါသော်လည်း လူအများစုမှာ သူ့အား ယုံကြည်သွားကြဆဲပင်။ သူတို့မှာ မြည်းလေးအား ရိုသေလေးစားသော မျက်ဝန်းများဖြင့် လှမ်းကြည့်နေကြတော့သည်။ မြည်းလေးမှာမူ အသိဉာဏ်ရှိသောကြောင့် သူတို့၏ မျက်နှာအမူအရာများ ပြောင်းလဲသွားသည်ကို ချက်ချင်းသတိထားမိလိုက်၏။ ထို့ကြောင့် ၎င်းမှာ တစ်ခဏမျှ ကြက်သေသေသွားရပြီးနောက် မျက်စိ ပေကလပ်ပေကလပ် ဖြစ်သွား၏။ ထို့နောက် ၎င်းမှာ ပြုံးဖြဲဖြဲလုပ်ရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ထိုမြည်းလေး တစ်ကောင်တည်းသာ ကြားရအောင် လေသံတိုးတိုးဖြင့် ချောင်းဟန့်လိုက်၏။

ထိုအခါ ထိုမြည်းလေး၏ မျက်နှာအမူအရာမှာ ချက်ချင်းဆိုသလိုပင် တည်ကြည်သွား၏။ ၎င်းမှာ သူ၏သခင်အတွက် မချိန်မရွေး အသက်ပေးရန် အဆင်သင့်ဖြစ်နေသည့်ပုံ ပေါက်နေတော့သည်။

ထိုမြည်းလေးမှာ အလိုက်တသိ ပြုမူခဲ့သောကြောင့် ဝမ်ပေါင်လဲ့မှာ ကျေနပ်သွား၏။ သူ၏ မိန့်ခွန်းစကားကြောင့် သူ ရှက်ကိုးရှက်ကန်း ဖြစ်နေရသည် အခြေအနေကြီးမှာ ပြေလည်သွားရုံသာမက လူများမှာ သူ့အား အထင်ကြီးလေးစားသွားကြသည့်ပုံ ပေါက်နေသဖြင့် သူသည် သူ့ကိုယ်သူ ကျေနပ်အားရနေမိတော့သည်။ သူသည် ယခင်တုန်းကထက်ပင် ပို၍ လိမ္မာပါးနပ်လာပြီဖြစ်ကြောင်း မှတ်ယူလိုက်ပြီး တည်ကြည်မှုအပြည့်ရှိသော အမူအရာဖြင့် ထပ်၍ စကားပြောလိုက်ပြန်သည်။

” ကျွန်တော် ကောင်းကင်တာအိုကျောင်းကနေ ဘွဲ့ရခဲ့တဲ့အချိန်တုန်းက ကျွန်တော်တို့ရဲ့ ဥက္ကဋ္ဌကြီး သွမ့်မုချွယ်က ကျွန်တော့်ကို အဖိုးတန်သင်ခန်းစာတစ်ခု ပေးခဲ့ပါတယ်။ အဲဒီသင်ခန်းစာက ဘာလဲဆိုတော့ … အမြဲတမ်း လက်တုံ့ပြန်ဖို့ပါပဲ။ အဆုံးမဲ့မျိုးနွယ်စုက ပြည်ထောင်စုကြီးရဲ့ပိုင်နက်ကို ကျူးကျော်လာတာမလို့ ကျွန်တော်တို့ဘက်က ပြန်ပြီးတော့ လက်စားချေဖို့လိုပါတယ်။ တာအိုနန်းတော် ကျင့်ကြံသူတွေကလည်း အဆုံးမဲ့မျိုးနွယ်စုရဲ့ အမိန့်တွေကို နာခံနေကြတာပါ။ တာအိုနန်းတော်ရဲ့ အကြီးအကဲတွေအနေနဲ့ ကျွန်တော်နဲ့ ဖုန့်ချိုးရန်တို့နှစ်ယောက်ဆီမှာ ဂိုဏ်းရဲ့ သစ္စာဖောက်တွေကို သုတ်သင်ရှင်းလင်းပေးဖို့တာဝန်ရှိပါတယ်။ ဒါပေမဲ့ အဓိကကတော့ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ် ကျွန်တော့်ကို ပေးခဲ့တဲ့ သင်ခန်းစာကို လုံးဝမေ့ထားလို့မဖြစ်ပါဘူး။ ကျွန်တော်တို့ ပြည်ထောင်စု ကျင့်ကြံသူတွေ လက်တုံ့ပြန်ရပါမယ် ”

ဝမ်ပေါင်လဲ့မှာ ရှိသမျှစွမ်းအား အကုန်လုံးကိုအသုံးပြု၍ နောက်ဆုံးစကားလုံးများကို အော်ပြောလိုက်၏။ ထို့ကြောင့် သူ၏ စကားသံကြီးမှာ သင်္ဘောဆိပ်ထဲ၌ ပဲ့တင်ထပ်သွားပြီး လူအုပ်ကြီးအား လှုံ့ဆော်ပေးလိုက်သကဲ့သို့ပင်။ ထို့ကြောင့် သူတို့အားလုံးမှာလည်း စတင်အော်ဟစ်လိုက်ကြတော့သည်။

” ငါတို့တွေ လက်တုံ့ပြန်ကြမယ်ဟေ့ ”

ဝမ်ပေါင်လဲ့ကြောင့် ပြည်ထောင်စုကျင့်ကြံသူများမှာ စိတ်ဓာတ်တက်ကြွသွားကြ၏။ နိုင်ငံရေးအင်အားစုအသီးသီးမှ ပြည်ထောင်စု အဆင့်မြင့်အရာရှိကြီးများမှာလည်း ထိုနည်းတူပင်။ သူတို့မှာလည်း အသံကုန် အော်ဟစ်အားပေးနေကြပြီဖြစ်သည်။ သွမ့်မုချွယ်၊ လီရှင်းဝမ်နှင့် ဝမ်ပေါင်လဲ့နှင့် ခင်မင်ရင်းနှီးသည့် အခြားသူများမှာမူ သူ ထိုကဲ့သို့ လေလုံးထွားတတ်သည့်အကြောင်းကို သိထားပြီးသား ဖြစ်ပါသော်လည်း မျက်ဝန်းများ အရောင်တောက်ပလာရဆဲပင်။

ဝမ်ပေါင်လဲ့၏ နောက်မှ လိုက်ပါလာသည့် ဖုန့်ချိုးရန်မှာလည်း စိတ်နှလုံး လှုပ်ရှားသွားရ၏။ သူမသည် ဒဏ်ရာများမှ အပြည့်အဝ ပြန်လည်သက်သာလာခြင်း မရှိသေးသောကြောင့် သူမ၏ မျက်နှာမှာ အနည်းငယ်ခန့် ဖြူဖပ်ဖြူရော် ဖြစ်နေရဆဲပင်။ သို့သော်လည်း သူမသည် သူမ၏ ဘေးပတ်ပတ်လည်ရှိ အော်ဟစ်အားပေးသံများကို ကြားလိုက်ရပြီး ပြည်ထောင်စုကြီး၏ တိုက်ခိုက်လိုစိတ်များကို အာရုံခံမိလိုက်သောအခါ အသက်ပြင်းပြင်းရှူကာ မျက်လုံးများမှိတ်သွား၏။ ထိုအခါ သူမ ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည် တာအိုနန်းတော်ကျင့်ကြံသူများ၏ မျက်နှာများမှာ သူမ၏ မျက်ဝန်းများထဲ၌ ပြန်လည်ပေါ်ပေါက်လာကြသည်။ သို့သော် သူမ မျက်လုံးများ ပြန်ပွင့်လာချိန်တွင် သူမ၏ မျက်ဝန်းများမှာ ဇဝေဇဝါ ဖြစ်မနေတော့ဘဲ ကြည်လင်ပြတ်သားသွားပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့၏ မိန့်ခွန်း ပြီးဆုံးသွားသောအခါ သူမသည် ရှေ့သို့လှမ်းလာပြီး သူ၏ဘေးတွင် ရပ်လိုက်၏။ ထို့နောက် သူမသည် လူအုပ်ကြီးဘက်သို့ လှည့်ကြည့်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ တရိုတသေ ဦးညွှတ်ကာ ဆိုလိုက်တော့သည်။

” မဟာအကြီးအကဲကြီး ဝမ်ပေါင်လဲ့ပြောတဲ့ စကားတွေက အမှန်ပါပဲ။ တာအိုနန်းတော်ထဲက မိစ္ဆာကောင်တွေကို ရှင်းလင်းပစ်ဖို့ လိုပါတယ်။ တာအိုနန်းတော်ရဲ့ သစ္စာဖောက်မှုကြောင့် ပြည်ထောင်စုကြီးထဲက ဝာာအိုရောင်းရင်းတွေ အများကြီး ထိခိုက်နစ်နာသွားရပါပြီ။ ကျွန်မဘက်က အကြိမ်တစ်သောင်းတိတိ တောင်းပန်စကားဆိုရင်တောင် လုံလောက်နိုင်မှာမဟုတ်ပါဘူး။ အဲတာကြောင့်မလို့ ကျွန်မဘက်က အစွမ်းကုန် ကူညီပေးပြီးတော့ ပြည်ထောင်စု တာအိုရောင်းရင်း‌တွေနဲ့အတူ စစ်ပွဲကြီးထဲမှာ အသက်စွန့် တိုက်ခိုက်ပေးပါရစေ ”

ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့၏ စကားများကြောင့် လူအုပ်ကြီးမှာ စိတ်ဓာတ်များတက်ကြွကာ စိတ်လှုပ်ရှားလာရတော့သည်။ သူတို့၏ ပြတ်သားမှုအပြည့်ရှိသော မိန့်ခွန်းများကြောင့် ကျင့်ကြံသူများ၏ တိုက်ခိုက်လိုစိတ်များမှာလည်း ပို၍ ပြင်းထန်လာရတော့သည်။

” ဝမ်ပေါင်လဲ့နဲ့ ဖုန့်ချိုးရန်ကို အလေးပြုကြ ” ထိုအချိန်တွင် သွမ့်မုချွယ်မှာ ကြည်လင်ပြတ်သားမှုအပြည့်ရှိသော လေသံဖြင့် အော်ပြောလိုက်၏။ ထိုအခါ လူတိုင်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အလေးပြုလိုက်ကြပြန်သည်။ သူတို့၏ တိုက်ခိုက်လိုစိတ်များမှာ သင်္ဘောဆိပ်ကြီးထဲ၌ ပြည့်နှက်နေပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့မှာ စစ်သင်္ဘောကြီးပေါ်မှ ဆင်းလာကြပြီးနောက် လီရှင်းဝမ်၊ သွမ့်မုချွယ်နှင့် အခြား ပြည်ထောင်စု ထိပ်သီးအကြီးအကဲများ၏ နောက်သို့ လိုက်သွားကြပြီး စစ်တပ်စခန်းထဲသို့ ဝင်ရောက်သွားကြတော့သည်။

သွမ့်မုချွယ်နှင့် အခြားထိပ်သီးအကြီးအကဲများမှာ ပြည်ထောင်စုကြီး၏ ကိုယ်စား ဖုန့်ချိုးရန်အား လက်ရှိအခြေအနေကြီး တစ်ခုလုံးကို အသေးစိတ် ရှင်ပြလိုက်၏။ ထို့နောက် ဖုန့်ချိုးရန်အား သူမ၏ ဒဏ်ရာများကို ပျောက်ကင်းအောင်ကုသနိုင်ရန် လျှို့ဝှက်အခန်းတစ်ခန်းထဲသို့ ပို့ဆောင်ပေးလိုက်၏။ မြည်းလေးကိုလည်း အခြားတစ်နေရာသို့ ခေါ်ဆောင်သွားပြီဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် အခြားသူများအားလုံး ထွက်ခွာသွားကြပြီး ဝမ်ပေါင်လဲ့၊ သွမ့်မုချွယ်နှင့် လီရှင်းဝမ်တို့ သုံးယောက်သာ ကျန်တော့သည့်အချိန်တွင် သွမ့်မုချွယ်မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် ဆိုလိုက်၏။

” ဝမ်ပေါင်လဲ့။ တကယ်လို့ ပြည်ထောင်စုကြီးသာ ဒီစစ်ပွဲကို အနိုင်ရမယ်ဆိုရင် မင်းကို ပြည်ထောင်စုဥက္ကဋ္ဌရာထူး အပ်နှင်းပေးမယ် “

Comment

Leave a Reply

Options

not work with dark mode
Reset