Switch Mode

အပိုင်း (၁၈၅)

ချန်ယန်၏ သေဆုံးခြင်း

ဤရက်ပိုင်းတွင်း ချန်ယန်က သူ၏ သဘောထားကို ရှင်းလင်းအောင် ပြသပြီး ဖြစ်သည်။ သူတို့က ရီဖူရှင်းတို့အုပ်စု နန်းတော်မှ ထွက်ခွာမည့်အချိန်ကို စောင့်ဆိုင်းနေကြခြင်း ဖြစ်သည်။ ထိုမှသာလျှင် သူတို့က ရီဖူရှင်းတို့ ပိုင်ဆိုင်သမျှကို လုယက်နိုင်မည် ဖြစ်သည်။ သူတို့ကိုယ်တိုင်ကလည်း ထိုအချက်ကို ဝန်ခံပြီးဖြစ်သည်။ ရီဖူရှင်းက ရှေးဟောင်းနယ်မြေမှ ထွက်ခွာလာကတည်းက သူက ရီဖူရှင်းအား သေချာစွာ စောင့်ကြည့်နေသည်။ ရီဖူရှင်းတို့ကား သူ့အတွက် အစာဖြစ်သည်။

ဤသို့ဆိုလျှင် တခြား ဆွေးနွေးစရာများ မလိုအပ်တော့ပေ။ အကယ်၍ ချန်ယန်နှင့် သူ့လူများက ထွက်ခွာသွားလျှင် ကောင်းမွန်သော အဆုံးသတ်တစ်ခု ဖြစ်ပေမည်။ အကယ်၍ သူတို့က မထွက်ခွာသွားလျှင် တစ်ဖက်က သေကို သေရမည် ဖြစ်သည်။

ထုံးစံအတိုင်း ရီဝူချင်းကား စကား များများစားစား ပြောသူ မဟုတ်ပေ။ စကားတစ်ခွန်းမျှဖြင့် သူ၏ သဘောထားကို ရှင်းလင်းစွာ နားလည်စေနိုင်သည်။

ချန်ယန်နှင့် တခြားလူများက ရီဝူချင်း၏စကားကို ကြားလျှင် အံ့အားသင့် သွားကြသည်။ သူတို့အားလုံးမှာ ဓမ္မအဆင့်ကိုး တန်ခိုးရှင်များ ဖြစ်ကြသည်။ ရီဝူချင်းတွင် သိဒ္ဓိဝင်ဓားရှိသည့်တိုင် သူက ချန်ယန်တို့အုပ်စုကို မည်သို့ ယှဉ်နိုင်မည်နည်း။

ရီဝူချင်းက ကျောက်ဟန်ကိုပင်လျှင် ယှဉ်နိုင်စွမ်းရှိမည် မဟုတ်ပေ။ ထို့အပြင် ချန်ယန်၏ စွမ်းအားများမှာ သူ၏ နိုဘယ်ကံစွမ်းအားကြောင့် ပိုမို၍ အားကောင်းပေသည်။ သူ၏ စွမ်းရည်က သာမန် ဓမ္မအဆင့်ကိုး တန်ခိုးရှင်များကို ချက်ချင်း အနိုင်ယူနိုင်စွမ်း ရှိပေသည်။

“လက်တစ်ဖက် ပြတ်သွားတော့ မင်းရဲ့ခေါင်းက သိပ်မမှန်တော့ဘူးလား…” ရှီတောင်က အေးစက်စွာ ပြောသည်။

“သခင်လေးချန်… သူက စပြီး အရင်လာတိုက်တာ ဆိုတော့ တကယ်လို့ သူ ဒီမှာသေရင် သမီးတော်က အပြစ်မတင်လောက်ဘူး… ဟုတ်တယ်မလား…” ယွီလင်းလောင်က ရယ်မောလျက် ပြောသည်။

“ကျောက်ဟန်… သူ့ကို သတ်ပြီးရင် ဓားကို မင်းယူလိုက်…” ချန်ယန်က ပြောသည်။

“ကျေးဇူးတင်ပါတယ်… သခင်လေးချန်….” ချန်ယန်က ခေါင်းညိတ်သည်။ သူကလည်း ထိုသို့ တွေးနေသည်။ သူနှင့် ရီဝူချင်းတို့ နှစ်ယောက်လုံးက ဓားသမားများ ဖြစ်ကြသည်။ ရီဝူချင်း၏ ဓားက သူ၏ဓား ဖြစ်လာပေတော့မည်။ ရှေ့ကို တက်ကာ ကျောက်ဟန်က သူ၏ အားကောင်းသော ဓားအသိကို ထုတ်လွှတ်လိုက်သည်။ သူ့နောက်တွင်ကား ဓားပုံရိပ်များစွာ ဖြစ်ပေါ်လာသည်။ ထိုဓားများ အားလုံးမှာ လေထံတွင် ပေါလောပေါ်နေပြီး အားကောင်းသော စွမ်းအင်များ စီးဆင်းနေသည်။

“မင်းက သေချင်နေမှတော့ မင်းရဲ့ဆန္ဒကို လိုက်လျောရတာပေါ့….” ကျောက်ဟန်၏ မျက်လုံးများက အေးစက်နေသည်။ လူတိုင်းက သူ၏ လူသတ်လိုသော အငွေ့အသက်များကို ခံစားရသည်။ ကျောက်ဟန်ကား ဓားကလန်ခေါင်းဆောင်၏ သားဖြစ်သည်။ သူကား ပါရမီ ကောင်းမွန်သော်လည်း နိုဘယ်လိုဏ်ဂူတွင် ရီဖူရှင်းတို့၏ အရှက်ခွဲခြင်းကို ခံရသည်။ ထိုအရာက သူ့အား အလွန်ပြင်းထန်သော အမုန်းတရားများကို မွေးဖွားစေသည်။

ရီဝူချင်းကား သူကဲ့သို့ ဓားသမားဖြစ်ကာ သူ့ထက် ပိုမို၍ ထူးချွန်သည်။ သို့သော်လည်း သူ မည်မျှ ထူးချွန်ပါစေ ယနေ့တွင် သူ၏ လက်ထဲတွင် သေရမည်။

ကျောက်ဟန်၏ နောက်မှ ဓား ဓမ္မတစ်ခု ဖြစ်ပေါ်လာသော ဓားပုံရိပ်များစွာက လျှပ်စီးအလား ရီဝူချင်းထံ တိုးဝင်သွားသည်။

တစ်ချိန်တည်းမှာပင် ဓားအသိက ရီဝူချင်းထံမှ ထွက်ပေါ်လာသည်။ သူ့ကို ဗဟိုထားလျက် ဓားအားလှိုင်းများက မုန်တိုင်းအလား လှည့်ပတ်နေကြသည်။ ကျောက်ဟန်၏ ဓားများက ရီဝူချင်း၏အနီးကို ရောက်လျှင် ဓားအားလှိုင်း မုန်တိုင်းများကြောင့် ချက်ချင်းဆိုသလို ပျက်စီးသွားကြသည်။

ကျောက်ဟန်က ရှေ့ကို ခြေလှမ်း ထပ်လှမ်းလိုက်လျှင် သူ၏ ဓားအသိက ပိုမို အားကောင်းလာသည်။ သူ၏ နောက်မှလည်း ဓားများက မဆက်မပြတ် ထွက်ပေါ်နေကြသည်။

ရီဝူချင်း၏ လက်မှ ဓားက ရှေ့ကို တိုးမဝင်သွားမီ အနည်းငယ် ကွေးကောက် သွားသည်။ သူ၏ လမ်းကြောင်းတစ်လျှောက် မည်သည့်ဓားမဆို ပျက်စီးသွားရသည်။

ကျောက်ဟန်က ရွေ့လျားနေဆဲ ဖြစ်သည်။ သူ၏ လက်တွင်လည်း ဓားတစ်လက် ဖြစ်ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်က ဓား၏ ဦးဆောင်ရာသို့ လျင်မြန်စွာ ရွေ့လျားနေသည်။

ရုတ်တရက် အလင်းတန်းတစ်ခုကို မြင်လိုက်ရသည်။ ထိုတောက်ပသော အလင်းက ရီဝူချင်း၏ မျက်လုံးများကိုပင် စူးရှစေသည်။ ထိုအခိုက်တွင် ထိုအလင်းက ပိုမိုအားကောင်း လာသည်။ ထိုအလင်းက ပိုမိုတောက်ပ လာသည်နှင့်အမျှ အေးစက်သော အငွေ့အသက်များလည်း ထွက်ပေါ်လာသည်။ ထိုအရာက လေထုကို ခွဲလျက် ရီဝူချင်းထံသို့ တိုးဝင်သွားသည်။

“ဒါက အတော်မြန်တဲ့ ဓားပဲ…” ယွီလင်းလောင်က ချီးကျူးလိုက်သည်။ ကျောက်ဟန်ကား  အမှန်ပင် ကလန်ခေါင်းဆောင်၏ သားဖြစ်သည်။ သူ၏ စွမ်းရည်များမှာ သံသယာ ဖြစ်စရာ မလိုပေ။ ထိုဓားချက်ကြောင့် ရီဝူချင်းကား ဒဏ်ရာရရန် သေချာပေသည်။ သူ့အတွက် အဆုံးသတ်က သေခြင်းတရားပင်။

ရီဝူချင်းက သူ၏ ဓားအသိလှိုင်းတစ်ခုကို ဓားထံသို့ စီးဝင်စေသည်။ သူ၏ ဓားကို လေထဲတွင် ဝှေ့ယမ်းလိုက်လျှင် ကောင်းကင်မှ မိုးစက်မိုးပေါက်များအလား ဓားပုံရိပ်များ ဆင်းသက်လာကြသည်။ ကောင်းကင်တွင် ဓားပုံရိပ်များမှ အလင်းပြန်သောကြောင့် တဖျတ်ဖျတ် လင်းလက်နေကြကာ ညကောင်းကင်တွင် လင်းလက် တောက်ပနေသော ကြယ်ရောင်စုံများနှင့် တူလှသည်။

ကျောက်ဟန်၏ ဓားပုံရိပ်များက မိုးစက်များပမာ ဓားများကြောင့် ပျက်စီးသွားလျှင် ရီဝူချင်းက ရှေ့ကို လျင်မြန်သော အရှိန်ဖြင့် တိုးဝင်သွားကာ စလွယ်သိုင်း ခုတ်ချလိုက်သည်။ ရီဝူချင်း၏ ဓားက ကျောက်ဟန်၏ အလင်းတန်းပမာဓားနှင့် ရင်ဆိုင်မိသည်။ ရုတ်တရက် ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ရီဝူချင်း၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာကာ ဓားမုန်တိုင်းက သူတို့နှစ်ယောက်ကို နစ်မြုပ်သွားစေသည်။

ဓားနှစ်လက် ရင်ဆိုင်မိသော အချိန်တွင် အရာအားလုံး ရပ်တန့်သွားဟန် တူသည်။ ဓားမုန်တိုင်း ပျက်ပြယ်သွားပြီ ဖြစ်သည်။ ကျောက်ဟန်နှင့် ရီဝူချင်းကား ထိုနေရာတွင်ပင် ကျောက်ရုပ်အလား ရပ်နေသည်။ သိုသော် ကျောက်ဟန်၏ မျက်လုံးများကား ပြူးကျယ်နေသည်။ သူ၏ မျက်လုံးများတွင် ထိတ်လန့်မှု ကြောက်ရွံ့မှုများ၊ နောင်တများ ပြည့်နှက်နေသည်။ ထိုအခိုက်တွင်ပင် သူ၏ တစ်ကိုယ်လုံးမှ သွေးများ စီးကျလာသည်။

ချန်ယန်နှင့် တခြားလူများက ကျောက်ဟန် မြေပြင်ပေါ်ကို လဲပြိုကျသွားသည်ကို မြင်လျှင် သူတို့၏ ပျက်နှာများ ပျက်ယွင်းသွားကြသည်။ သူတို့အားလုံးက မြေပြင်ပေါ်မှ ကျောက်ဟန်၏ အလောင်းကို ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ ထိုနေရာတွင်ကား လက်တစ်ဖက်ပြတ် လူငယ်တစ်ဦးက နိုဘယ်ကံစွမ်းအားကို ထုတ်လွှတ်လျက် တည်ငြိမ်စွာ ရပ်နေသည်။

နိုဘယ်ကံစွမ်းအား။ ရှီတောင်က ရီဝူချင်းအား စိုက်ကြည့်လိုက်သည်။ သူက မည်သည့် အချိန်တွင် အောင်မြင်ခဲ့သနည်း။ ထို့အပြင် သူ၏ နိုဘယ်ကံစွမ်းအားက အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားဖြစ်ပြီး သန့်စင်သော ဓားအသိမှ မွေးဖွားလာခြင်း ဖြစ်သည်။ ထိုဓားအသိ နိုဘယ်ကံစွမ်းအားများ ဖြာထွက်နေသော ရီဝူချင်းကား ဤလောကမှ အထက်ရှဆုံး ဓားတစ်လက်နှင့် ဆင်တူသည်။ ထို့အတူ သူ၏ တန်ခိုးအဆင့်လည်း မြင့်တက်လာသည်။ သူကား ယခု ဓမ္မအဆင့်ငါးကို ရောက်ရှိနေပြီ ဖြစ်သည်။

ဤမတိုင်မီက ဓမ္မအဆင့်ငါးမှာ သူတို့ မျက်လုံးထဲ ထည့်စရာ အဆင့်မဟုတ်ပေ။ သို့သော် သန့်စင်သော နိုဘယ်ဓား အသိရှိနေခြင်းက ကြောက်မက်ဖွယ် ကောင်းလှသည်။ ထိုဓားအသိက ရီဝူချင်းအား သူ့ထက် တန်ခိုးအဆင့်မြင့်သော သူများနှင့် ရင်ဆိုင် တိုက်ခိုက်နိုင်စွမ်းကို ပေးသည်။ သန့်စင်သော နိုဘယ်ဓားအသိက သူ၏ စွမ်းအင်များကို ကြောက်မက်ဖွယ် ကောင်းအောင် မြင့်တက်စေသည်။ ထို့အပြင် သူကိုင်ဆောင်ထားသော ဓားမှာ နိုဘယ်အဆင့် ဓားတစ်လက်ဖြစ်သည်။

ရီဝူချင်းတွင် အလယ်အလတ်အဆင့် နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ရာ သူက ဓား၏ စွမ်းအင်ကို အပြည့်အဝ အသုံးချနိုင်သည်။ နိုဘယ်စိတ်အသိဖြင့် နိုဘယ်အဆင့်ဓားကို အသုံးပြုနိုင်ခြင်းက ရီဝူချင်းအား ဓမ္မအဆင့်အတွင်းမှ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းသော ဓားသမား ဖြစ်သွားစေသည်။ သူကာ စွမ်းအားမကောင်းခဲ့လျှင် လီတောင်ယွန်နှင့် ရင်ဆိုင်တုန်းက အသက်ရှင်မည် မဟုတ်ပေ။ သူ၏ လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသည့်တိုင် လီတောင်ယွန်၏ စွမ်းရည်ဖြင့် လက်တစ်ဖက်က သူ၏ အသက်အတွက် ပေးဆပ်ခဲ့ရသော အရင်းအနှီး တစ်ခုသာဖြစ်သည်။

ယခု ရီဝူချင်းကား လီတောင်ယွန်နှင့် တိုက်ခိုက်စဉ်ကထက် များစွာ အားကောင်း လာပေသည်။ သူက နောက်တစ်ဆင့်ကို သန့်စင်သော စိတ်အသိဖြင့် တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုအရာနှစ်ခုလုံးက သူ၏စွမ်းရည်များကို တိုးတက်စေသည်။

“ဝှီး…” ရီဝူချင်းက လှုပ်ရှားလိုက်သည်။ သူလှုပ်ရှားလိုက်လျှင် ထိုနေရာ တစ်ခုလုံးက စိတ်အသိ အားလှိုင်းဖြင့် လွှမ်းခြုံသွားဟန်ရ၏။ ချန်ယန်နှင့် တခြားလူများကလည်း သူတို့၏ ဓမ္မများကို ထုတ်လွှတ်လိုက်သည်။

ရီဝူချင်းက နီးကပ်လာသည်ကို မြင်လျှင် သိုင်းကလန်မှ ရှီတောင်က ရှေ့ကို ခုန်ထွက်လာသည်။ သူ၏ လက်တွင်ကား ကြီးမားသော ပုဆိန်ကြီးတစ်လက် ဖြစ်ပေါ်လာသည်။ ကြောက်မက်ဖွယ် ကောင်းသော အင်အားတစ်ခုက ပုဆိန်၏နောက်မှ လိုက်ပါလာသည်။ သူ၏ ပုဆိန်ကို ဝှေ့ယမ်းကာ ရီဝူချင်းအား ခုတ်ရန် ကြိုးစားလိုက်သည်။

သို့သော် ရီဝူချင်းကလည်း ရှေ့ကို ခြေတစ်လှမ်း လှမ်းလိုက်ကာ သူ၏ ဓားဖြင့် တိုက်ရိုက် ရင်ဆိုင်လိုက်လျှင် ကျယ်လောင်သော အသံတစ်သံကြားရကာ ရှီတောင်၏ ပုဆိန်က ထက်ခြမ်းကွဲသွားပြီး ဓားက ရှီတောင်အား ဖြတ်ကျော်သွားသည်။ ထို့နောက် ရှီတောင်၏ လည်ပင်းမှ သွေးများ ပန်းထွက်လာကာ မြေပြင်သို့ လဲပြိုသွားပြန်သည်။

ရီဝူချင်း၏ ခန္ဓာကိုယ်က ရှီတောင်အား သတ်ပြီးပြီးချင်း အရိပ်သဏ္ဌာန်အလား ယွီလင်းလောင်ထံသို့ ပြေးဝင်သွားသည်။

ရှီတောင်က ရီဝူချင်း၏ ဓားချက်တစ်ချက်ကိုပင် မခုခံနိုင်သည်ကို သိလိုက်လျှင် ယွီလင်းလောင်၏ အမူအရာ ပြောင်းလဲသွားသည်။ သူမက ရီဝူချင်းကို ကြည့်လိုက်လျှင် ရီဝူချင်း၏ စိတ်နယ်ပယ်ထဲတွင် ပုံသဏ္ဌာန်တစ်ခု ဖြစ်ပေါ်လာသည်။

ထိုနေရာတွင် ယွီလင်းလောင်က ရီဝူချင်းထံ လျှောက်လာသည်။ သူမ၏ခန္ဓာကိုယ်မှ အဝတ်အစားများ တစ်လွှာချင်း မြေပြင်ပေါ်သို့ လျှောကျသွားသည်။ သူမ၏ ဆွဲဆောင်မှုကောင်းသော ခန္ဓာကိုယ်က ရီဝူချင်း၏ မျက်လုံးထဲကို ထင်ရှားစွာ ဝင်လာသည်။ ညုတုတုအသံဖြင့် ယွီလင်းလောင်က မေးသည်…. “နင်ငါ့ကို တကယ်ပဲ သတ်ရက်လို့လား…..” သူမကား ပုံရိပ်ယောင်ပညာကို အထူးပြုလေ့ကျင့်ကာ စိတ်ဝိညာဉ်တန်ခိုးရှင် ဖြစ်သည်။ သူမ ဖန်တီးထားသော မြင်ကွင်းကား အလွန် အားကောင်းသည်။ သူမ ကျွမ်းကျင်သော အရာကား ယောက်ျားနှင့် မိန်းမ ဆက်ဆံရေး ဖြစ်သည်။ ယောက်ျားများအတွက် သူမ၏ မှော်တိုက်ကွက်အောင်မှ ရုန်းထွက်ရန် ခက်ခဲလှပေသည်။

ရီဝူချင်း၏ စိတ်နယ်ပယ်ထဲတွင်ကား သူမ၏ခန္ဓာကိုယ်ကို ရီဝူချင်းက အတိုင်းသား မြင်နေရသည်။ ထိုမြင်ကွင်းက ပုရိသယောက်ျားတိုင်းအား အာရုံထွေပြားစေနိုင်သည်။ သို့သော်လည်း ယခု ရီဝူချင်းကား အလွန်အားကောင်းသော နိုဘယ်အဆင့် စိတ်အသိကို ပိုင်ဆိုင်ထားသည်။ သူ၏ စိတ်နယ်ပယ်ထဲတွင် များစွာသော ဓားများ ဖြစ်ပေါ်လာကာ ထိုမိန်းမထံသို့ တိုးဝင်သွားသည်။ ထိုပုံရိပ်ယောင်က ချက်ချင်းပင် ပျက်စီးပျောက်ကွယ် သွားသည်။

တစ်ချိန်တည်းမှာပင် ဓားရောင်တစ်ချက် ဝင်းလက်သွားပြီး ယွီလင်းလောင်၏ မျက်လုံး အသက်မဲ့သွားသည်။ သူမကား ပုံရိပ်ယောင်သုံးကာ တိုက်ခိုက်သော စိတ်ဝိညာဉ်အထူးပြု မှော်ပညာရှင်ဖြစ်ရာ ခံစစ်တွင် ရှီတောင်ထက် များစွာ အားနည်းသည်။ ထို့ကြောင့် ရီဝူချင်း၏ ဓားချက်ကို သူမက ခုခံနိုင်စွမ်း မရှိပေ။

ရီဝူချင်းက လူသုံးယောက်အား စက္ကန့်ပိုင်းအတွင်း သတ်ခဲ့သည်။ ယခုကား လူငါးယောက်တွင် နှစ်ယောက်သာ ကျန်ရစ်သည်။ သူတို့မှာ ချန်ယန်နှင့် ဒူဂူလန်တို့ ဖြစ်သည်။

ချန်ယန်၏ မျက်နှာ သိပ်မကောင်းတော့ပေ။ သူက ရီဝူချင်းအား စိုက်ကြည့်ကာ သူ၏ နိုဘယ်ကံစွမ်းအားကို တိတ်တဆိတ် စုစည်းနေသည်။ ယခုကား ရီဝူချင်းက ဓမ္မအဆင့်ငါး တန်ခိုးရှင်နှင့် မတူတော့ပေ။ သူက ချန်ယန်ထက် လုံးဝ အားမနည်းပေ။ ချန်ယန်၏ နိုဘယ်ကံစွမ်းအားမှာ သာမန်အဆင့်မျှသာ ဖြစ်ပြီး စစ်မှန်သော နိုဘယ်အသိ မွေးဖွားရန် လိုနေသေးသည်။

ရီဝူချင်းက ဓားကို ဆုပ်ကိုင်လျက် ထိုနှစ်ယောက်ထံသို့ တိုးကပ်လာသည်။ အလွန် အားကောင်းသော နိုဘယ်စိတ်အသိက သူ့ထံမှ ထွက်ပေါ်နေရာ သူ့ကိုယ်ရောင်ကိုယ်ဝါက ကြောက်မက်ဖွယ် အားကောင်းနေသည်။ ထိတ်လန့်ဖွယ် စွမ်းအားများကလည်း ချန်ယန်ထံမှ ထွက်ပေါ်လာသည်။ လျှပ်စီးဓာတ်၊ မီးဓာတ်၊ ဓားနှင့်တခြား စွမ်းအင်များ ထွက်ပေါ်လာသည်။ နိုဘယ်ကံစွမ်းအားကို ပိုင်ဆိုင်ထားသော ချန်ယန်ကား ကျောက်ဟန်နှင့် ရှီတောင်တို့ နှိုင်းယှဉ်နိုင်သောသူ မဟုတ်ပေ။

ချန်ယန်၏နောက်တွင် ဒူဂူလန်ကလည်း သူ၏ စွမ်းအားများကို စုစည်းနေသည်။ သူ၏ လက်တွင် ဓားမြှောင်တစ်လက် ကိုင်ဆောင်ထားပြီး ကြောက်မက်ဖွယ် စွမ်းအားများ စီးဆင်းနေသည်။

ရီဝူချင်းက လေပေါ်သို့ ခုန်တက်လိုက်ကာ ဓားကို မြှောက်လိုက်သည်။ မဆုံးနိုင်သော ဓားအသိများ လေထဲတွင်ပင် စုစည်းလာသည်။ ထိုအခိုက်တွင် ရီဝူချင်းက တကယ့် နိုဘယ်အလား ထင်မှတ်ရသည်။ သူ့ထံမှ ဧကရာဇ်တစ်ပါး၏ အရှိန်အဝါကိုပင်လျှင် ခံစားရသည်။ သူ၏ စိတ်အသိမှာ စွမ်းအားမြင့် ဧကရာဇ်တစ်ပါးထံမှ ဆက်ခံခြင်းက သူ့အရှိန်အဝါကိုလည်း ပြောင်းလဲစေသည်။

ထိုစဉ်မှာပင် ကောင်းကင်မှ လေစီးကြောင်းများက ဓားသွားပေါ်တွင် စုစည်းလာနေသည်။ အရာအားလုံးက သူ၏ သနားညှာတာမှု အောက်တွင် ရှိနေ၏။ ရီဝူချင်း၏ အရှိန်အဝါကား ပိုမို၍ အားကောင်းလာသည်။ သူ၏ ဓားကလည်း ဧကရာဇ်တစ်ပါး၏ ဓားအဖြစ် ပြောင်းလဲသွားသည်။

ချန်ယန်တွင်လည်း နိုဘယ်ကံစွမ်းအား ရှိသော်လည်း သာမန်အဆင့်သာ ဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပိုင်စွမ်းရည်များဖြင့် သူသည်လည်း အလွန် အားကောင်းပေသည်။ ရီဝူချင်းက သူ့ကို အနိုင်ရရန် ထင်သလောက် မလွယ်ကူပေ။

နောက်ဆုံးတွင် ရီဝူချင်း၏ ဓားက ကောင်းကင်မှ ဆင်းသက်လာသည်။ ဧကရာဇ်ဓားက ပတ်ဝန်းကျင်မှ အရပ်ခပ်သိမ်းကို ထိန်းချုပ်နိုင်စွမ်း ရှိနေသည်။ ဓားတွင် လေဓာတ်များ စီးဆင်းနေကာ ချန်ယန်၏ ခန္ဓာကိုယ်သို့ တိုက်ရိုက်ပင် ဆင်းသက်လာသည်။

ချန်ယန်ထံမှလည်း လျှပ်စီးနှင့် မီးဓာတ်များက ကောင်းကင်သို့ ထိုးတက်သွားကာ ကြောက်မက်ဖွယ် လျှပ်စီးနဂါးနှင့် မီးနဂါးအနေဖြင့် ဖြစ်တည်လာပြီး သူတို့က ကျယ်လောင်စွာ ဟိန်းဟောက်သံ ပေးကြ၏။ မှော်ပညာနှင့် ဓားပညာက ထိုအခိုက်တွင် ပေါင်းစပ်သွားပုံရသည်။

ထို့နောက် လေထဲတွင်ပင် အားလှိုင်းနှစ်ခုက ရင်ဆိုင်မိကြသည်။ ကျယ်လောင်သော အသံကြီးတစ်ခု ထွက်ပေါ်လာကာ ချန်ယန်က အော်ဟစ်လိုက်သည်… “ဒူဂူလန်….”

သူက ခေါ်လိုက်လျှင် ဒူဂူလန်က ချက်ချင်း လှုပ်ရှားလိုက်သည်။ အလွန် အားကောင်းသော စွမ်းအင် လှုပ်ရှားမှုတစ်ခု ဖြစ်သွားကာ အက်ကွဲသံတစ်ခုကိုပါ ကြားရ၏။

ချန်ယန်၏ ခန္ဓာကိုယ်က တုန်ခါသွားကာ သူ၏ မျက်နှာ ပြာနှမ်းသွားသည်။ သူ၏ ကိုယ်ရောင်ကိုယ်ဝါ မှိန်သွားသည်။ သူ၏ ဓားကလည်း မြေပြင်ပေါ်သို့ ကျ၏။

ဒူဂူလန်က ချက်ချင်း နောက်ဆုတ်လိုက်သည်။ ချန်ယန်၏ နောက်ကျောတွင် ထိတ်လန့်ဖွယ် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်လာကာ သွေးများ ပန်းထွက်လာသည်။

မယုံကြည်နိုင်ခြင်း များစွာဖြင့် ချန်ယန်က မေးသည်… “ဘာကြောင့်လဲ…”

ဒူဂူလန်က သူ့ကို မကြည့်ပေ။ သူက ရီဝူချင်းကို ကြည့်ကာ ပြောသည်… “သူ့အဖေက ကျုပ်ရဲ့ ဆရာပဲ… ကျုပ်က ချန်းမုန်ဒေသကို ပြန်ရောက်တဲ့အခါ သူ့အဖေကို ချန်ယန်နဲ့ ကျောက်ဟန်က မြေရိုင်းမြို့က လူတွေကြောင့် သေသွားတာလို့ ပြောလိုက်မယ်…”

ရီဝူချင်းက သူ့အား ကြည့်ကာ မည်သို့မှ မပြောပေ။

“မင်းက ငါ့ကိုသတ်ရင် ရှေးဟောင်းလို့လန်က ဒီလျှို့ဝှက်ချက်ကို ဖုံးကွယ်ရင်တောင် ကျုပ်ဆရာက စုံစမ်းဦးမှာပဲ… တကယ်လို့ အမှန်တရားကို သူတွေ့သွားရင်ရော…” ဒူဂူလန်က ဆက်ပြောသည်… “သူ့နောက်ကျောက ဒဏ်ရာက ကျုပ်လက်ချက်ဖြစ်လို့ ဒီကိစ္စမှာ ကျုပ်အပြစ်လည်း ပါဝင်နေတယ်… ဒီတော့ ကျုပ်က ဒီလျှို့ဝှက်ချက်ကို တစ်သက်လုံး ဖုံးကွယ်ထားမှာပဲ….”

ချန်ယန်က ဒူဂူလန်အား ဒေါသတကြီးကြည့်ကာ မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူ၏ မျက်လုံးထဲတွင်ကား မလိုလားမှု၊ ဒေါသများ ပြည့်နှက်နေသည်။

***


Comment

Leave a Reply

Options

not work with dark mode
Reset