Switch Mode

အခန်း ( ၆၀ )

စိတ်ငြိမ်သုတ္တန်

‘ ငါ တခြားဘယ်နည်း စဉ်းစားလို့ရသေးလဲ ’

နံနက်နေရောင်ခြည်အောက်တွင် လီချန်ရှို့သည် တိမ်တစ်အုပ်ကိုစီးကာ တုနတ်ဝိဇ္ဇာဂိုဏ်းသို့ ဖြည်းညင်းစွာ သွားနေလေသည်။

ထိုနေ့တွင် ရာသီဥတုသာယာ၏။ ဂိုဏ်းသို့ပြန်ရန် ကောင်းသော နေ့လေးပင်။

သူသည် ‘ ဂိုဏ်းသို့ပြန်ရန် အကျိုးအကြောင်းစီလျော်သောအချိန် ’ ကို မစောင့်နိုင်တော့ချေ။

အပြင်တွင် နေရသည်မှာ အန္တရာယ်များလွန်းလှသည်။
ရန်ကျောင်းတော်၏ ကာကွယ်မှုအောက်တွင် နေရမှသာ သူ စိတ်အေးလက်အေး ရှိပေမည်။

လီချန်ရှို့သည် ဂိုဏ်းဂိတ်တံခါးသို့ ရောက်သောအခါ အပြင်ထွက်ခွင့် ကျောက်စိမ်းပြားလေးကို ထုတ်၍ ဂိတ်အစောင့်အရှောက် နတ်ဝိဇ္ဇာကို တာအိုအရိုအသေပေးလိုက်သည်။
“ ချုံတောင်လေးက တပည့် လီချန်ရှို့ပါ။ သေမျိုးလောကနဲ့ ကြမ္မာနှောင်ကြိုးတွေ ဖြတ်ပြီး ပြန်လာတာပါ ”

ဂိတ်အစောင့်အရှောက် နတ်ဝိဇ္ဇာသည် လီချန်ရှို့၏ လက်အတွင်းမှ ကျောက်စိမ်းပြားကို လှမ်းယူကာ ပြုံး၍ပြောလိုက်၏။
“ ဒီတစ်ခေါက်အပြင်သွားတာ ဘာအကျိုးကျေးဇူးတွေများ ရလာသေးလဲ ”

လီချန်ရှို့က ပြန်ဖြေလိုက်သည်။
“ တကယ်တော့ ကျွန်တော်ဘာမှ ရမလာပါဘူး။ ဒါပေမဲ့ အများကြီးတော့ စိတ်သက်သာရာရသွားတယ်။ ရှေ့ရောက် အမတလမ်းစဉ်ကို အပြည့်အဝ လျှောက်လှမ်းနိုင်တော့မှာပါ ”

“ ကောင်းတယ်… ”
နတ်ဝိဇ္ဇာသည် ပြုံး၍ လက်ဝှေ့ယမ်းလိုက်သည်။
“ ကောင်းကောင်း ကျင့်ကြံပေါ့ကွာ ”

“ ဟုတ်ကဲ့ပါ။ ကျွန်တော် ပိုင်ဖန်ခန်းမကို သတင်းပို့ရဦးမယ် ”

လီချန်ရှို့သည် နောက်ထပ် တာအိုအရိုအသေပေးလိုက်ပြီး မှန်ကန်သော အမြင့်မှနေ၍ တိမ်စီးကာ ကောင်းကင်ခွင်းတောင်ရှိ ပိုင်ဖန်ခန်းမသို့သွားလိုက်သည်။

ဂိတ်အစောင့်အရှောက် နတ်ဝိဇ္ဇာသည် လီချန်ရှို့ကိုကြည့်ရင်း ဤလူငယ်သည် မျိုးဆက်သစ်ထဲတွင် ထူးချွန်သော တပည့်ဖြစ်သည်ဟု ခံစားရကာ ပြုံး၍ ခေါင်းညိတ်လိုက်လေ၏။

ပိုင်ဖန်ခန်းမသို့ရောက်၍ ထိုနေ့တွင် တာဝန်ကျသော အကြီးအကဲထံတွင် သတင်းပို့ပြီးသောအခါ သူ၏ အပြန်ခရီးသည် ဆုံးခန်းတိုင်တော့မည် ဖြစ်သည်။

ကောင်းကင်ပြစ်ဒဏ်ခံယူရန် အပြင်သို့သွားခြင်းသည် အောင်မြင်စွာ ပြီးဆုံးခဲ့လေပြီ။

အဲ…အောင်မြင်သလိုလို ပြီးဆုံးခဲ့ပေပြီ။
လီချန်ရှို့သည် လက်ချောင်းလေးများကို ထိ၍ နိမိတ်ဖတ်လိုက်ပြီးနောက် ရင်ထဲတွင် သက်ပြင်းသဲ့သဲ့ချလိုက်ရသည်။

သူ့နတ်မင်းရုပ်တု ( ၁၃၂ ) ခု ရှိနေပြီဖြစ်သည်။ တစ်ညအတွင်းမှာပင် နောက်ထပ်ရွာနှစ်ရွာသည် ပင်လယ်စောင့်နတ်မင်းကို ကိုးကွယ်သွားပြီ ဖြစ်သည်။

သူ အမှန်ပင် မည့်သည့် အရာမှ မလုပ်ပေးခဲ့ချေ။

လီချန်ရှို့သည် ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး ယနေ့ ပိုင်ဖန်ခန်းမတွင် တာဝန်ကျသော အကြီးအကဲကို မေးလိုက်သည်။
“ ခန်းမထဲမှာရှိတဲ့ အရှင်ထိုက်စန့်လောင်ကျွင်းရဲ့ ပုံတူကို အရိုအသေပေးလို့ရမလား ခင်ဗျာ ”

“ ရတာပေါ့… ”
အကြီးအကဲသည် ပြုံး၍ ပြန်ပြောလိုက်သည်။
“ ဒီမှာရှိတဲ့ အရှင်ထိုက်စန့်လောင်ကျွင်းရဲ့ ပုံတူက တပည့်တွေ အရိုအသေပေးရအောင် ထား,ထားတာပဲ။ မင်း အရိုအသေပေးလို့ရပါတယ် ”

“ တုနတ်ဝိဇ္ဇာဂိုဏ်းဆိုတာ ရန်ကျောင်းတော်ရဲ့ လက်အောက်ခံပဲ။ တပည့်တွေလိုက်နာရမယ့် စည်းကမ်းတွေ အများကြီးရှိပေမယ့် တကယ်လုပ်ရမယ့် အရာကတော့ အနှောင်အဖွဲ့တွေကနေ ကင်းလွတ်ဖို့ပဲ။ ကိုယ့်အပြုအမူကို ထိန်းသိမ်းရမယ်။ ဂိုဏ်းရဲ့ တည်ထောင်သူတွေကို အပြစ်ပြုမိလို့မရဘူး ”

“ ကျေးဇူးတင်ပါတယ်..အကြီးအကဲခင်ဗျား။ ကျွန်တော် နားလည်ပါပြီ ”
လီချန်ရှို့သည် အတန်ငယ် ပူဆွေးနေပုံပေါ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်သည်။

သူသည် အတွင်းခံအင်္ကျီနှင့် တာအိုဝတ်ရုံကို သေသေချာချာ ပြန်စည်းလိုက်ပြီး ပင်မခန်းမဆောင်အလယ်ရှိ စက်ဝိုင်းပုံ စင်မြင့်သို့သွား၍ အပေါ်ရှိ ပုံတူပန်းချီကို မော့ကြည့်လိုက်သည်။

ပုံတူပန်းချီထဲတွင် မျက်နှာဝါးထားသော တာအိုရသေ့အိုကြီးသည် အပြာရောင်နွားသိုးပေါ်တွင် ထိုင်နေပြီး သူ၏အနောက်တွင် ရောင်ခြည်တော်များ တောက်ပနေလေသည်။

ထိုပုံတူသည် အရှင်ထိုက်စန့်လောင်ကျွင်း သာမန်လူသားအသွင် ဆောင်ထားစဉ် ရေးဆွဲထားသော ပုံတူဖြစ်သည်။

အရှင်၏ မျက်နှာကို ဝါးထားရခြင်းမှာ တန်ခိုးရှင်တစ်ဦး၏ မျက်နှာတော်အစစ်အမှန်ကို မည်သူမှ မဆွဲရဲ၍ ဖြစ်သည်။ မျက်နှာတော်အစစ်ကို ဆွဲထားကြောင်း တန်ခိုးရှင် သိရှိသွားလျှင် အပြစ်ပေးခံရမည် ဖြစ်၏။

လီချန်ရှို့သည် လက်နှစ်ဖက်ကိုဆုပ်ကာ ဖြည်းဖြည်းချင်း တာအိုအရိုအသေပြုလိုက်သည်။ သူသည် ရှေ့သို့ခြေနှစ်လှမ်းတက်၍ အမွှေးတိုင်ထွန်းကာ ပူဇော်လိုက်၏။ ထို့နောက် သူသည် ခြေသုံးလှမ်းဆုတ်လိုက်ပြီး သူ၏တာအိုဝတ်ရုံအစွန်းကို ပင့်ကာ တရားထိုင်ခုံလေးပေါ်တွင် ဒူးထောက်လိုက်၏။

တုနတ်ဝိဇ္ဇာဂိုဏ်းမှ တာဝန်ရှိသူနှစ်ဦးနှင့် အကြီးအကဲတစ်ဦးသည် ထိုမြင်ကွင်းကို မြင်သွားသဖြင့် ခေါင်းကို အသာအယာ ညိတ်လိုက်ကြသည်။

သာမန်နေ့မျိုးတွင် ဂိုဏ်းတည်ထောင်သူကို လာ‌ရောက် အရိုအသေပေးကြသော တပည့်များကို မြင်ရလေ့ မရှိချေ။

ခေတ္တမျှကြာပြီးနောက်…

“ အဲ့တပည့်က ဘာလို့ ဆက်ဒူးထောက်နေရသေးတာလဲ ”

“ စိတ်အာရုံ စုစည်းနေတာနေမှာပါ။ ကြည့်ရတာ သူရဲ့အမတလမ်းခရီး ဖြောင့်ဖြူးဖို့ အရှင့်ဆီကနေ ကောင်းချီးပေးတာ လိုချင်လို့ထင်တယ် ”

ပင်မခန်းမရှိ ဌာနအသီးသီးမှ တာဝန်ရှိသူနှင့် အကြီးအကဲ ဆယ်ယောက်ကျော်တို့သည် လီချန်ရှို့ရှိရာသို့ စိတ်ဝင်တစားကြည့်နေကြသည်။

“ အဲ့တပည့် ပြဿနာတစ်ခုခုနဲ့ ကြုံလာတယ် ထင်တယ် ”

“ ကျုပ်တို့ သူ့ရဲ့ ဝိညာဉ်ငါးတွေ အများကြီးစားပြီးပြီပဲ။ အခုသူ့ကို အကျိုးအကြောင်းမေးပြီး ကူညီနိုင်ရင် ကူညီကြတာပေါ့ ”

“ သူကအရင် အကူအညီလာမတောင်းဘူးဆိုတော့ ကျုပ်တို့မေးလည်း ပြောမှာမဟုတ်ဘူး။ လူတိုင်းမှာ သူ့အပူနဲ့သူ ရှိကြတာပါပဲ ”

အမွှေးတိုင်တစ်တိုင်စာကြာပြီးနောက်…

“ အကုန်လုံး ပြန်ကြပါတော့။ ကြည့်မနေကြနဲ့တော့။ ဒီတပည့်က အခုမှ သေမျိုး‌လောက,က ပြန်လာတာ… သူ့စိတ်တွေမတည်မငြိမ်ဖြစ်နေလို့ စိတ်တည်ငြိမ်အောင် လုပ်နေတာနေမှာပါ… ”
ကြည့်နေကြသော သူများ တဖြည်းဖြည်း လူစုခွဲသွားကြလေသည်။

အကြီးအကဲတချို့မှာ လီချန်ရှို့သည် မကြာမီ သူ၏ လစဉ်အသုံးစရိတ်ကို လာယူ၍ ကျင့်ကြံခြင်းအကြောင်းကို မေးမြန်းကာ အကျိုးကျေးဇူးရအောင် ပြုလိမ့်မည်ဟု စိတ်ထဲတွင် တွေးလိုက်ကြ၏။

ထိုတပည့်တွင် ပြဿနာတစ်ခုခု ရှိနေနိုင်သော်လည်း သူ အကူအညီတောင်းနေသည်မှာ အရှင်ထိုက်စန့်လောင်ကျွင်းကို ဖြစ်လေသည်။ ထို့ကြောင့် အကြီးအကဲများသည် ထိုတပည့်၏ ကိစ္စများတွင် ဝင်ရှုပ်ရန် မသင့်‌တော်ပေ။

လီချန်ရှို့သည် အမွှေးတိုင်နှစ်တိုင်စာမျှ ဒူးထောက်အရိုအသေပေးပြီးနောက် ဖြည်းဖြည်းချင်းထရပ်လိုက်၏။ သူ၏ စိတ်သည် အများကြီး ပေါ့ပါးသွားပြီ ဖြစ်သည်။

တန်ခိုးရှင်များ၏ မျက်နှာသာပေးမှုကိုခံလိုပါက ထိုတန်ခိုးရှင်များကို မျက်နှာချိုသွေးရမည် မဟုတ်ပါလား။

ထိုနည်းသည် သူစဉ်းစား၍ရသော တစ်ခုတည်းသော နည်းဖြစ်သည်။

အကယ်၍ ထို့ကြောင့် သူသည် ဂိုဏ်းအတွင်းမှ အာရုံစိုက်မှုအနည်းငယ်ရလျှင်လည်း ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ကြည့်လျှင် ရန်ကျောင်းတော်၏ တည်ထောင်သူကို သူအမြဲလာ၍ အရိုအသေပေးသင့်လေသည်။ ထိုမှသာ မြင်နေကျဖြစ်သွားပြီး ရိုးသွားပေလိမ့်မည်။

ဂိုဏ်းစည်းကမ်းအရ အရှင်ထိုက်စန့်လောင်ကျွင်း၏ ပုံတူကို ကိုယ့်အဆောက်အဦးတွင် ကိုယ်ချိတ်ဆွဲထား၍ မရပေ။ ဂိုဏ်းအတွင်း၌ အရှင်၏ တစ်ခုတည်းသော ပုံတူသည် ဤခန်းမတွင်သာ ရှိလေသည်။

ပိုင်ဖန်ခန်းမမှ ထွက်လာပြီးနောက် လီချန်ရှို့သည် တိမ်စီးကာ ချုံတောင်လေးဆီသို့ ပျံသန်း၍ သွာလိုက်၏။

သေချာပြန်၍ တွေးကြည့်သောအခါ သူ အတွေးလွန်ခြင်းလည်း ဖြစ်နိုင်ပေသည်။

အနောက်ကျောင်းတော်မှ တန်ခိုးရှင်များသည် ရန်ကျောင်းတော်မှ နတ်ဝိဇ္ဇာငယ်လေးဖြစ်သော သူ့ကို မည်သို့ ကိုယ်တိုင်ပစ်မှတ်ထားမည်နည်း။

တန်ခိုးရှင်တစ်ပါးဖြစ်လာသောအခါ ဂုဏ်သိက္ခာနှင့် ဝါဒဖြန့်ခြင်းအတွက် တိုက်ခိုက်မှုကို ရှောင်လွှဲ၍ မရပေ။

သို့သော် အကယ်၍ တစ်စုံတစ်ခုဖြစ်လာခဲ့လျှင် မည်သို့လုပ်မည်နည်း။

တန်ခိုးရှင်များသည်လည်း လူသားမှဖြစ်လာသော တန်ခိုးရှင်များဖြစ်သဖြင့် လူသားဆန်မှုရှိနေနိုင်သေး၏။

တန်ခိုးရှင်များသည် ရှေးခေတ်တွင် မွေးဖွားခဲ့သော လူသားများဖြစ်ရုံတင် မကပေ။ ကျောင်းတော်သုံးကျောင်း၏ တည်ထောင်သူ တန်ခိုးရှင်သုံးပါးသည် ပန်ကူးနတ်ဘုရား၏ မူလဝိညာဉ်၏ ပုံပြောင်းလဲမှုကို ခံခဲ့ရပြီးဖြစ်သည်။ ကျန်တန်ခိုးရှင်သုံးယောက်မှာမူ မည်သည် မျိုးနွယ်အဖြစ် ပြောင်းလဲသွားကြောင်းမသိရပေ။

အကယ်၍ အနောက်ကျောင်းတော်မှ တန်ခိုးရှင်နှစ်ပါးသည် မကျေနပ်ချက်တစ်ခုရှိလျှင် သူကဲ့သို့ တပည့်ငယ်လေးကိုလည်း လက်စားချေနိုင်ပေသည်။

‘ အာ… မင်းတော့ ပြဿနာရှာမိတာပဲ ’
လီချန်ရှို့၏ နှုတ်ခမ်းစွန်းများ အကြိမ်အနည်းငယ် တွန့်သွား၏။

ချုံတောင်လေးရှိ မန္တန်အစီအရင်များကို တန်ခိုးရှင်များပင် ထွင်းဖောက်၍ နိမိတ်မဖတ်နိုင်လောက်သည့် မန္တန်အစီအရင်အဖြစ် အဆင့်မြှင့်ရပေမည်။

သို့သော် ထိုကဲ့သို့သော မန္တန်အစီအရင်များသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိုဏ်းချုပ်မှာပင် မရှိချေ။ ထို့ပြင် ထိုကဲ့သို့ မန္တန်အစီအရင်ကို ရလိုလျှင် အဖိုးတန်ရတနာ အမြောက်အမြား လိုပေလိမ့်မည်။

လောကကြီး၏ တာအိုတရားသည် ခက်ခဲလှပေသည်။

လီချန်ရှို့သည် အတွေးနက်နေရင်းဖြင့် ချုံတောင်လေးပေါ်သို့ ‌ရောက်လာခဲ့ပေပြီ။ သူ ငုံ့ကြည့်လိုက်ရာ သစ်ပင်အောက်တွင် တရားထိုင်နေသော လန်လင်းအယ်ကို တွေ့လိုက်ရလေ၏။

‘ တကယ်တော့ အဲဒါက တကယ်ဖြစ်ချင်မှလည်း ဖြစ်လာမှာပါ။ စိတ်အေးအေး ကျင့်ကြံတာပဲ ကောင်းပါတယ် ’
လီချန်ရှို့သည် ခေတ္တမျှ ဝင်လေထွက်လေ ရှုမှတ်လိုက်သည်။ သူ စိတ်တည်ငြိမ်သွားသောအခါ အောက်ရှိ မန္တန်အစီအရင်အတွင်းသို့ ဝင်သွားလိုက်သည်။

မကြာခင် သစ်ပင်အောက်တွင် တရားထိုင်နေသော လန်လင်းအယ်သည် ဝမ်းသာအားရနှင့် ရှေ့သို့ပြေးထွက်လာ၏။

သို့သော် လီချန်ရှို့သည် သူမကို တိတ်တိတ်နေ၍ ပြေးမလာရန် လက်ဟန်ပြလိုက်သည်။ ထို့နောက် သူသည် သူ့ဆရာ၏ တဲအိမ်ထံသွား၍ ဦးညွှတ်အရိုအသေပေးလိုက်ပြီး သေမျိုးလောကမှ ပြန်ရောက်ပြီဖြစ်ကြောင်း ပြောလိုက်သည်။

တဲအတွင်းမှ ရယ်သံများထွက်လာ၏။ တာအိုရသေ့အိုကြီး ချီယွမ်သည် လီချန်ရှို့ကို ဝမ်းသာအားရနှုတ်ဆက်ကာ အကျိုးအကြောင်းများမေးပြီး အခန်းအောင်းကျင့်ကြံရန် တဲအတွင်း ပြန်ဝင်သွားပြီး တဲအပြင်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်လေသည်။

ဤအချိန်သည် သူ့ဆရာအတွက် စိတ်ငြိမ်သုတ္တန်ကို ကျင့်ကြံနေသော အရေးကြီးသည့် အချိန်ဖြစ်သည်။

သူသည် ချုံတောင်လေးတစ်ခုလုံးကို လွှမ်းခြုံ၍ အာရုံခံလိုက်သည်။ ထို့နောက် လီချန်ရှို့ရင်ထဲမှ အလုံးကြီး ကျသွားလေသည်။

မည်သို့ပင်ဖြစ်စေ ကျင့်ကြံခြင်းသည် အရေးပါသလို အသက်ရှင်နေထိုင်မှုသည်လည်း အရေးပါလေသည်။

အစတွင် သူသည် တောင်သမုဒ္ဒရာရှိ သူ၏ နတ်ဘုရားရုပ်တုများကို တစ်ခုမကျန်သွားရောက် ဖျက်ဆီးပစ်ရန် တွေးမိသော်လည်း ထိုသို့လုပ်မှ ပို၍ ပြဿနာကြီးလာမည် စိုးသဖြင့် ဤအတိုင်းသာ ဆက်၍ခွင့်ပြုပေးထားရန် ဆုံးဖြတ်လိုက်သည်။

“ အစ်ကိုကြီး… ”
လန်လင်းအယ်သည် တောက်ပသောမျက်လုံးလေးများကို မျက်တောင်ခတ်ပြီး ဘေးနှစ်ဖက်တွင် လက်မြောက်၍ ပြေးလာရာ ငှက်ငယ်လေးတစ်ကောင်နှင့်ပင် တူနေပေ၏။

“ အစ်ကိုကြီး… ”
သို့သော် လီချန်ရှို့သည် မျက်နှာထားတည်တည်ဖြင့်ပင် ပြောလိုက်သည်။
“ တဲထဲကို အစ်ကိုနဲ့ အတူလိုက်ခဲ့ ”

လန်လင်းအယ်သည် တုန်လှုပ်သွားပြီး မျက်နှာလေးမဲ့သွားရသည်။ သူမသည် အစ်ကိုကြီး၏ နောက်မှနေ၍ စိတ်အလိုမကျဟန်ဖြင့် ခေါင်းငုံ့ကာ တဲအတွင်းသို့ လိုက်ဝင်လိုက်၏။

သူမသည် တရားထိုင်ခုံလေးပေါ်၌ ခြေနှစ်ဖက်စု၍ ဒူးထောက်ကာ မျက်နှာငယ်လေးဖြင့် နေလိုက်သည်။ ထိုသရုပ်ဆောင်ပညာကို သူမ ကျွမ်းနေပေပြီ။

လီချန်ရှို့သည် အဝိုင်းပုံနောက်မှီပါသော ကုလားထိုင်တွင်ထိုင်လိုက်ပြီး တဲအပြင်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်သည်။

သူသည် သူ့ရှေ့ရှိ မျက်နှာငယ်လေးနှင့် သနားစဖွယ်ထိုင်နေသာ ဆရာတူညီမလေးကို ကြည့်၍ သက်ပြင်းသဲ့သဲ့ချလိုက်လေသည်။
“ အစ်ကို သုံးနှစ်လောက်ပဲ ထွက်သွားတာကို…ညီမလေးက… ”

လန်လင်းအယ်သည် မျက်လုံးများကို ဖျတ်ခနဲ မှိတ်လိုက်ပြီး လက်မြှောက်၍ ကိုယ့်နားရွက်ကိုယ်ဆွဲကာ အော်ပြောလိုက်၏။
“ အစ်ကိုကြီး… ညီမမှားမှန်းသိပါပြီ ”

“ ဂိုဏ်းတူအစ်ကို လျှိုစစ်ကျဲနဲ့ ဂိုဏ်းတူအစ်ကို ဝမ်ကျိတို့ ရန်ဖြစ်ကြတာ အကြောင်းပြချက်ရှိပါတယ် ”

“ ညီမလေးလည်း ဒီလိုဖြစ်လာမယ်လို့ မထင်ခဲ့ပါဘူး။ အဲဒီနေ့က ဒီအတိုင်း ခေါင်းထဲပေါ်လာတဲ့ အကြံကို ပြောလိုက်တာပါ။ သူတို့ပြန်သွားရင် အေးရောဆိုပြီး အကြံပေးလိုက်တာပါ။ ညီမ သေချာမစဉ်းစားမိလိုက်ဘဲ အခြေအနေတွေကို ပိုဆိုးအောင် လုပ်မိသွားပါတယ် ”

“ ဟင်… ”
လီချန်ရှို့ ကြောင်သွားသည်။
“ အစ်ကိုပြောတာက ရေကန်ထဲက ဝိညာဉ်ငါး သုံးပုံတစ်ပုံလောက် လျော့သွားတဲ့ကိစ္စကို ပြောနေတာ ”
လန်လင်းအယ် ကျောက်ရုပ်ကဲ့သို့ တစ်ကိုယ်လုံးတောင့်တင်းသွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်လေးသည် တွန့်လာပြီး ရှေ့သို့ကိုင်းသွားသည်။ ဒူးထောက်နေရာမှတော့ မထသေးချေ။

သူမသည် ကိုယ့်သေတွင်း ကိုယ်တူးမိခြင်းပင်။ သူမဘာသာ အားလုံးကို ဝန်ခံမိလိုက်လေပြီ။

*******

လွန်ခဲ့သော တစ်နှစ်ကျော်က လျှိုယန်အာသည် သူမ၏ မောင်လေးနှစ်ယောက်နှင့်အတူ ပြန်သွားပြီး နောက်တစ်နေ့၌ တစ်စုံတစ်ခုဖြစ်ပျက်ခဲ့၏။

လျှိုယန်အာသည် သူမ၏ဆရာနှင့် တောင်သခင်ကို ရှေးဦးစွာ အကြောင်းကြားထားမည်ဖြစ်ကြောင်း ဝမ်ကျိကို ပြောပြခဲ့သည်။ ထို့နောက် သူမကို လျှိုစစ်ကျဲလိုက်မနှောင့်ယှက်နိုင်စေရန် သူမသည် ကိုယ်ဝန်ရှိနေကြောင်း လျှိုစစ်ကျဲကို လိမ်ပြောလိုက်ပေမည်။ လျှိုစစ်ကျဲနှင့် ဝမ်ကျိတို့ တစ်ဦးနှင့်တစ်ဦး တိုက်ခိုက်မည်ကို သူမ မလိုချင်ပေ။ သို့သော် လျှိုစစ်ကျဲသည် လျှိုယန်အာတွင် ကိုယ်ဝန်ရှိနေကြောင်း ကြားလိုက်ရသောအခါ ဝမ်ကျိနှင့် တိုက်ခိုက်လေတော့သည်။

သူတို့နှစ်ဦးသည် လက်ရည်အတူတူလောက် ဖြစ်သဖြင့် တစ်ဦးကို တစ်ဦး ဒဏ်ရာကြီးကြီးမားမား ရအောင် မလုပ်လိုက်နိုင်သော်လည်း ဂိုဏ်းသား အချင်းချင်းရန်ဖြစ်မှုကြောင့် ဂိုဏ်းက သူတို့ကို အပြစ်ပေးခဲ့သည်။

လျှိုစစ်ကျဲသည် နှစ်(၂၀) အခန်းအောင်ကျင့်ရမည် ဖြစ်ပြီး ထိုအချိန်အတွင်း တုလင်တောင်မှ ခြေတစ်ဖဝါးမှ ခွာခွင့်မရှိချေ။

ဝမ်ကျိကိုလည်း လစဉ်အသုံးစရိတ်ကို သုံးနှစ်ပေးမည် မဟုတ်ချေ။ သူနှင့် လျှိုယန်အာသည် တာအိုလက်တွဲဖော်ဖြစ်သွားပြီး ဖြစ်ပြီး လင်းတောင်လေးတွင် အတူတူကျင့်ကြံနေကြလေ၏။

“ အစ်ကိုကြီး… ညီမ မှားသွားပါတယ်… ”

“ ညီမက ဘယ်လိုမှားတာလဲ… ”

“ သူတို့ရဲ့ တုန့်ပြန်နိုင်မှုကို ထည့်မတွက်ဘဲ အစ်မယန်အာကို ညီမ အကြံဆိုးမပေးလိုက်သင့်ဘူး ”
လန်လင်းအယ်သည် ခေါင်းငုံ့၍ ပြောလိုက်သည်။
“ အဲဒီလိုပေးမိလိုက်လို့ သူတို့သုံးယောက်လုံး ဂိုဏ်းက အပြစ်ပေးတာ ခံလိုက်ရတာပါ ”

လီချန်ရှို့သည် နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး သူမကို ဆူလိုက်သည်။
“ အစ်ကိုသင်ပေးထားတာတွေကို နှစ်နည်းနည်းလောက်အတွင်း မေ့ပစ်လိုက်တယ်ပေါ့လေ ”

“ ထားလိုက်ပါတော့ ”

“ ညီမကိုက အဲဒီလို အကျင့်စရိုက်ရှိတာပဲ။ ညီမဆီက အစ်ကို အများကြီး မမျှော်လင့်ထားသင့်ဘူး။ ထားလိုက်ပါတော့… ”

“ မ… မထားလိုက်ပါနဲ့… ညီမကို အစ်ကိုကြီး ကြိုက်သလို အပြစ်ပေးပါ ”
လန်လင်းအယ် တုန်လှုပ်သွားသည်။

“ ညီမ နောက်တစ်ခါ ပြဿနာမရှာတော့ပါဘူး ”

“ ညီမကို လက်မလျှော့လိုက်ပါနဲ့ အစ်ကိုကြီး… ”

“ အခုကစပြီး ညီမ အစ်ကိုကြီးနားမှာပဲ ငြိမ်ငြိမ်လေး ကျင့်ကြံနေပါတော့မယ်… သူစိမ်းတွေကိုလည်း စကားတစ်ခွန်းတောင် မပြောတော့ပါဘူး… ”

“ အဲဒါဆို အစ်ကို့ကိုပြောပါဦး… ညီမလေး ဘာမှားသွားတာလဲ ”

လန်လင်းအယ်၏ မျက်လုံးများသည် နီရဲနေပြီး ဘာပြောရမယ်မှန်း မသိဖြစ်သွားသည်။
“ ညီ…ညီမ… ”

“ ညီမက တခြားသူတွေရဲ့ ကိစ္စကို ဝင်မရှုပ်သင့်ဘူး ”
လီချန်ရှို့သည် လက်ညှိုးဖြင့် စားပွဲခုံကို ခေါက်၍ သက်ပြင်းချကာ ပြောလိုက်သည်။
“ လျှိုယန်အာက လျှိုစစ်ကျဲကို လက်ထပ်ဖို့ကံပါတာလား ဝမ်ကျိကို လက်ထပ်ဖို့ကံပါတာလားဆိုတာကို ညီမလေး ကွဲကွဲပြားပြားသိလား ”

“ တစ်ယောက်က သူ့ကို ကြိတ်ကြိုက်နေတာ နှစ်တစ်ရာလောက်ရှိပြီ။ တခြားတစ်ယောက်က သူနဲ့သိတာ နှစ်နည်းနည်းပဲရှိသေးတယ်။ ဘာလို့ လျှိုယန်အာက တွန့်ဆုတ်နေရတာလဲ။ ဘာလို့ သူ လျှိုစစ်ကျဲကို ခပ်မာမာ မငြင်းလိုက်တာလဲ။ ဘာလို့ဆို သူ ဆုံးဖြတ်ရခက်နေလို့ပဲ ”

“ လျှိုယန်အာက အသက် (၁၅၆)နှစ်ရှိပြီ။ သူလည်း တခြားနည်းတွေ မစဉ်းစားမိနိုင်ဘူးလား ”

“ သူ မစဉ်းစားနိုင်တာမဟုတ်ဘူး။ မစဉ်းစားချင်တာ… ”

“ ညီမလုပ်လိုက်တာက သူ မရွေးချယ်ရသေးတဲ့ လက်ထပ်ဖို့ကံကြမ္မာကို ညီမက ရွေးချယ်ခွင့် မရှိ‌အောင်လုပ်လိုက်သလိုပဲ ”

“ ညီမလေးက တခြားသူတွေရဲ့ ကံကြမ္မာအတိုင်း နေမယ်ဆိုဘာမှမဖြစ်ပေမယ့် တခြားသူတွေရဲ့ ကံကြမ္မာကို ပြောင်းလဲပစ်မယ်ဆိုရင် သူတို့နဲ့ ကြမ္မာနှောင်ကြိုးတွေ တွယ်သွားလိမ့်မယ် ”

“ ကိုယ့်ရဲ့ ကံကောင်းမှုတွေကို ကိုယ့်ဘာသာ ဘယ်လောက်တောင် ဖျက်ဆီးမိသွားမလဲ ”

“ ညီမလေးကပဲ ဉာဏ်အကောင်းဆုံး အကြံဉာဏ်ကောင်းတွေ အထွက်ဆုံးလို့ ဘယ်တော့မှ မတွေးနဲ့။ ဘယ်သူကမှ ဘယ်သူ့ထက် ပိုတုံးတယ်ဆိုတာ မရှိဘူး။ လူသားတွေဆိုတာ ဉာဏ်ကောင်းချင်ယောင်ဆောင်နေတဲ့ ငတုံးတွေချည်းပဲ… ”

“ ဒီကိစ္စကိုကြည့်ရင် ညီမလေး စိတ်တည်ငြိမ်မှုမရှိတာကို တွေ့နိုင်တယ် ”

လန်လင်းအယ်သည် နှုတ်ခမ်းလေးစေ့လိုက်ပြီး တုန်ရီသော အသံဖြင့်ပြောလိုက်သည်။
“ အစ်ကိုကြီး… အဲ့အပြစ်ကျေဖို့ ညီမဘာလုပ်ရမလဲဟင် ”

“ ညီမလေးလုပ်လိုက်တဲ့ အမှားက တော်‌တော်ကြီးတယ်။ နောက်ကျရင် ဂိုဏ်းတူအစ်မ လျှိုယန်အာဆီသွားပြီး ခွင့်လွှတ်ပေးဖို့ သွားတောင်းပန်လိုက် ”
လီချန်ရှို့သည် အဝိုင်းပုံနောက်မှီကို မှီလိုက်ပြီး သူ၏ မျက်ခုံးမွေးများကို ပွတ်သပ်လိုက်သည်။
“ ကြည့်ရတာ ညီမလေးက သိပ်နားမလည်သေးတဲ့ ပုံပဲ… ”

“ တကယ်လို့ ဂိုဏ်းတူအစ်မ လျှိုယန်အာနဲ့ သူ့ရဲ့ ဂိုဏ်းတူမောင်လေး ဝမ်ကျိတို့က အနာဂတ်မှာ ကွာရှင်းသွားတယ်ဆို ဘယ်သူ့ကို အရင်ဆုံးအပြစ်တင်ရမလဲ… ”

လန်လင်းအယ်သည် မျက်မှောင်ကြုတ်လိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေလိုက်သည်။
“ အစ်မကို တခြားတစ်ယောက်ကို ငြင်းဖို့ ကူပြီးအကြံပေးလိုက်တဲ့ အပြင်လူ ညီမကိုအပြစ်တင် ရမှာပါ… ”

လီချန်ရှို့သည် ခါးသက်သက်ရယ်၍ ထပ်ပြောလိုက်သည်။
“ အဲဒါဆို တခြားသူတွေရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စကို ဝင်ရှုပ်လိုက်ရတာလဲ ”

“ ရှေးတကည်းက ‘ ချစ်ခြင်းမေတ္တာ ’ ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပာယ်ကို ဘယ်သူမှ အတိအကျ မဖွင့်နိုင်ခဲ့ဘူး ”

“ အဲဒါက အသက်ရှည်ဖို့ တာအိုတရားကျင့်ကြံတဲ့နေရာမှာ အရေးမပါဘူး။ ညီမနေ့တိုင်းတွေးနေတာလည်း အဲ့ကိစ္စပဲ။ ရေရှည်ဆိုရင် ညီမလေးရဲ့ အလားအလာတွေနဲ့ အရည်အချင်းတွေ ဆုတ်ယုတ်လာလိမ့်မယ် ”

“ ညီမလေး ဂိုဏ်းတူအစ်မ လျှိုယန်အာကို တောင်းပန်ပြီးရင် ကိုယ့်ဘာသာလည်း ပြန်သုံးသပ်ရမယ်။ လျှိုစစ်ကျဲ အခန်းအောင်းကျင့်ကြံရမယ့် ပြစ်ဒဏ်ပြီးမှ ညီမလေးလည်း ‌တောင်ပြင်ကို ထွက်ရမယ် ”
လီချန်ရှို့သည် မတ်တတ်ထရပ်၍ ဆက်ပြောလိုက်၏။
“ ဒီတစ်ခေါက်တော့ ညီမလေးကို အပြစ်ကောင်းကောင်းပေးရမယ်။ ပေလိပ်တွေယူပြီး စိတ်ငြိမ်သုတ္တန်ကို အကြိမ်(၃၀၀)ကူးရေးရမယ် ”

“ ညီမလေးရဲ့ အပြစ်ကို အမှန်တကယ် သဘောပေါက်ပြီဆိုရင် လျှိုယန်အာဆီသွားပြီး တောင်းပန်လိုက်ပါ ”
လီချန်ရှို့သည် ထိုသို့ပြောပြီးနောက် မျက်နှာမှုန်ကုပ်ကုပ်ဖြင့် လက်နောက်ပစ်ကာ ထွက်သွားရန် ပြင်လိုက်သည်။

လန်လင်းအယ်က ထပ်၍အော်ပြောလိုက်သည်။
“ အစ်ကိုကြီး… နောက်တစ်ခုရှိသေးတယ် ”

ထို့ကြောင့် လီချန်ရှို့ နောက်သို့ပြန်လျှောက်လိုက်ရသည်။ သူသည် လက်မြှောက်၍ သူမ၏ ခေါင်းကို နည်းနည်းပွတ်ပေးလိုက်သည်။ သူမ၏ ဆံပင်များ ရှုပ်ထွေးသွားသဖြင့် သူမသည် သေချာပြန်၍ ပြင်ဆင်လိုက်ရသည်။
“ ညီမလေး ဘာပြဿနာတွေများ ထပ်ရှာထားပြန်ပြီလဲ။ အစ်ကို့ကို တစ်ခါတည်း အကုန်ပြောပြလို့မရဘူးလား။ ညီမလေး တစ်ခါထအော်လိုက်တိုင်း အစ်ကိုတစ်ခါ လန့်လန့်သွားတယ် ”

“ ညီမ ဘာပြဿနာမှ ထပ်မရှာထားပါဘူး။ ဒါက မမျှော်လင့်ထားတဲ့ ကောင်းကျိုးတစ်ခုပါ။ ပြဿနာက ညီမခုနက ပြောတဲ့ဟာပါပဲ… ”
လန်လင်းအယ် တီးတိုးဆက်ပြောလိုက်သည်။
“ အဲဒါက အရင်က ဆရာ ဒဏ်ရာရခဲ့တဲ့အကြောင်း… အစ်မယန်အာကြောင့် ညီမ ကောလဟလတစ်ခု ကြားထားတယ်… ”

“ အစ်ကိုကြီး… အနားကို တိုးခဲ့ပါ… ”
သူမသည် သိသမျှအကုန်လုံးကို အစ်ကိုကြီးကို ပြောပြလိုက်သည်။

လီချန်ရှို့သည် ခါးကိုင်း၍ သူမပြောသည်များကို နားထောင်နေရင်း တစ်ချက်တစ်ချက် မျက်မှောင်ကြုတ်သွားသည်။ မကြာမီမှာပင် သူပုံမှန် မျက်နှာထား ပြန်ဖြစ်သွားသည်။
“ အဲ့ကိစ္စကို ညီမလေး ဘာမှ တွေးမနေနဲ့တော့။ စိတ်ငြိမ်သုတ္တန်ကိုပဲ ကူးရေး။ လျှိုယန်အာကို သွားတောင်းပန်ပြီးရင် အစ်ကို့ကို ဆေးဖော်ဆောင်မှာ လာရှာလိုက် ”

“ ဟုတ်ကဲ့ပါ ”
လန်လင်းအယ်သည် ပြန်ဖြေလိုက်ပြီး ဆေးဖော်ဆောင်ဘက်သို့ ထွက်သွားသော သူမ အစ်ကိုကြီး၏ နောက်ကျောပြင်ကို ငေးကြည့်နေလိုက်သည်။

သူမ သွားပေပြီ။ သူမပေါ်ထားသော အစ်ကိုကြီး၏ သဘောထားသည် လွန်ခဲ့သော ဆယ်နှစ်‌ခန့်သို့ ပြန်ဖြစ်သွားပြီ ဖြစ်သည်။

ထို့နောက် သူမသည် သက်ပြင်းဖွဖွချကာ မိုးမခပင်အောက်သို့ တရားထိုင်ခုံလေး ယူသွားလိုက်၏။

သူမသည် ပေလိပ်လေးနှင့် ဓမ္မထွင်းဓားလေးကို ထုတ်လိုက်သည်။ သူမသည် မျက်ဝန်းအစွန်းမှ မျက်ရည်စများကို လက်ဖမိုးဖြင့် သုတ်လိုက်ပြီး ရှုပ်ပွနေသောဆံပင်များကို ပြန်မပြင်တော့ဘဲ လွန်ခဲ့သော ဆယ်နှစ်ကျော်က ဆရာတူအစ်ကိုကြီး ရေးထားသော စိတ်ငြိမ်သုတ္တန်ကို တိတ်တဆိတ်ကူးရေးလိုက်သည်။

တစ်ခေါက်ကူးပြီးသွားသောအခါ သူမ၏ မျက်ရည်များကို ထပ်၍ သုတ်လိုက်ပြန်၏။ သူမသည် ပေလိပ်ပေါ်မှ စာများကို ပြန်ဖျက်လိုက်ပြီး နောက်တစ်ကြိမ်ထပ်ကူးလိုက်သည်။

မိုးမခပင်ကြီး၏ အကိုင်းအခက်များသည် လှုပ်ယမ်းနေ၏။ လေညင်းလေးများသည်လည်း သူမ၏ ဆံသားလေးများကို တိုးဝှေ့တိုက်ခတ်နေပေသည်။ ထိုအရာများသည် သူမ အိမ်စာလုပ်နေခြင်းကို လာရောက်စောင့်ကြည့်နေသကဲ့သို့ပင်။

******

စိတ်ငြိမ် သုတ္တန်…

ရေးသားချိန် – အာဒိကပ္ပခေတ်

ရေးသားသူ – အမည်မသိရှေးစာဆို

ကိုယ့်ကိစ္စကိုယ်သာ ဂရုစိုက်ပါ ၊ နတ်ဝိဇ္ဇာပေါင်းများစွာရှိပြီးဖြစ်၍ ပြိုင်ဆိုင်ရန် မလွယ်ကူပေ။ မတရားမှုနှင့် ကြုံရချိန်တွင် ကိုယ့်အစွမ်းကိုသာ တွေးပါ။ ပြဿနာများနှင့် ရင်ဆိုင်ရချိန်တွင် ကိုယ့်ကိုယ်ကို ပြန်သုံးသပ်ပါ။

သင့်တွင် မိတ်ဆွေများစွာရှိခဲ့လျှင် ကိစ္စများစွာ ကြုံရပေမည်။ မိတ်ဆွေအနည်းငယ်သာရှိလျှင် ပြဿနာလည်း နည်းပေမည်။

ရန်သူကို မမွေးပါနှင့်၊ ထိုသို့လုပ်လျှင် အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် ကိုယ်ကဦးအောင် လက်စတုံးပေး၍ ခြေရာလက်ရာဖျောက်ခဲ့ပါ။

ကိုယ့်ကိုယ်ကို မချုပ်ချယ်ပါနှင့်၊ ကိုယ့်ကိုယ်ကို‌ မကြောက်ပါနှင့်၊ အရာအားလုံးတည်ငြိမ်နေလျှင် သင်လည်း စိတ်အေးချမ်းပေလိမ့်မည်။

သင်သည် အမတလမ်းစဉ်တွင် လမ်းလွဲသွားခဲ့လျှင် ထိုးမည့်ဆင် ခြေတစ်လှမ်းဆုတ်ဟူသော ဆိုရိုးကို သတိရပါ။ အခွင့်အရေးများသည် သင့်ထံသို့ သင့်တော်သလို ဆိုက်ရောက်လာပါလိမ့်မည်။

လူကောင်းများသည် အကောက်ကြံခံရရန် အခွင့်အ‌ရေးများလေသည်။

မကောင်းသည့်လူများစွာရှိသဖြင့် အကောက်ကြံမှုများလည်း များစွာရှိ၏။ သတိလက်လွတ်ဖြစ်သွားလျှင် သေလမ်းကိုသာ ‌ရွေးရပေမည်။

ရှေးမျိုးနွယ်များသည် အမြော်အမြင်မရှိသော်လည်း ကောင်းကင်ဘုံကိုပင် ဆန့်ကျင်နိုင်လောက်အောင် တန်ခိုးစွမ်းအားကြီးကြ၏။

ရှေးမျိုးနွယ်များသည် ကံကြမ္မာကောင်းများအတွက် တိုက်ခိုက်ခဲ့ကြသော်လည်း နောက်ဆုံးတွင် တဖြည်းဖြည်း အထီးကျန်လာခဲ့ရသည်။

ထိုမျိုးနွယ်များသည် ကောင်းကင်နှင့်မြေကြီးအနှံ့ တကွဲတပြားဖြစ်သွားကြပြီး နောက်ဆုံးတွင် ပြိုလဲခဲ့ရ၏။

ထို့နောက် လူသားများသည် ခေါင်းထောင်လာပြီး ပူဇော်မှုများ၊ ဂီတများကိုသာ အလိုရှိခဲ့သည်။ သူတို့သည် တန်ခိုးရှင်များဖြစ်လာပြီး ဉာဏ်ပညာကြီးမားသော လူများလည်း အများအပြားရှိလေသည်။

ကျွန်ုပ်တို့ မျိုးဆက်သည် မကောင်းသော ကံတရားများမှ ကင်းလွတ်ခွင့်ရခဲ့ပြီး အမတလမ်းစဉ်ကို အဆုံးထိလျှောက်လှမ်းနိုင်ကာ တာအိုတရား၏ အဆီအနှစ်ကို ရနိုင်ပေသည်။

အရာရာကို တည်တည်ငြိမ်ငြိမ်ဖြေရှင်း၍ ကမ္မနှောင်ကြိုးများ အတွယ်မခံပါနှင့်။ သဘာဝအတိုင်း စီးမ​ျောလိုက်ပါနိုင်လျှင် ပျော်ရွှင်မှုကို ရပေလိမ့်မည်။

သဘာဝဘေးအန္တရာယ်များကို ရှောင်ရှားနိုင်ရန် ပြောင်းလဲမှုများပြုလုပ်ရန်လိုအပ်ပြီး ဥပစ္ဆေဒကကံကို ရှောင်ရှားနိုင်လျှင် စိတ်အေးချမ်းပေလိမ့်မည်။

တာအိုတရားကို လက်ကိုင်ထား၍ အမတလမ်းကို အလင်းပေးပါ။ စိတ်ငြိမ်သုတ္တန်သည် သင်နှင့်အတူ အဖော်ပြုပေးပါလိမ့်မည်။

Comment

Leave a Reply

Options

not work with dark mode
Reset