ရီဖူရှင်း၏ ပြတ်သားစွာ ငြင်းပယ်မှုက ဘုရင်မ၏ တည်ငြိမ်သော အမူအရာကို ပြောင်းလဲစေသည်။ သူမကား အင်အားကြီး အဖွဲ့အစည်းတစ်ခု၏ ဧကရီဘုရင်မဖြစ်ကာ သူမ၏ သမီးလို့လန်ရွှီမှာလည်း အလွန်ပါရမီပါပြီး သူမ၏ အလှမှာ ပြိုင်ဘက်ကင်းသည်။ သူမ၏ အဆင့်အတန်းဖြင့် ရီဖူရှင်းကို လက်ထပ်လိုသည့်တိုင် ငြင်းပယ်ခံရသည်။ ဘုရင်မက လို့လန်ရွှီအပြင် နောက်ထပ် မိန်းကလေး တစ်ယောက်ကိုလည်း လက်ထပ်ရန် ခွင့်ပြုပြီးဖြစ်သည်။ သို့တိုင်အောင် ငြင်းပယ်ခံရ၏။
“သမီးတော်က မင်းအတွက် မထိုက်တန်လို့လား…” ဘုရင်မက အေးစက်စွာ ပြောသည်။ ရှီတန်ခိုးရှင်၏ စကားများကြောင့်သာ မဟုတ်လျှင် သူမက ကောင်လေးအား သေအောင် ရိုက်သတ်လိုက်ပြီ ဖြစ်သည်။
“ဧကရီဘုရင်မ… ကျုပ်အပေါ် သမီးတော်က ဘာမှ ခံစားချက် မရှိဘူးဆိုတာ ဧကရီဘုရင်မလည်း သိတာပဲ… ဒီလိုကိစ္စမျိုးကို သာမန်အနေနဲ့ ဘယ်လိုလုပ် သဘောထားလို့ ရပါ့မလဲ….” ရီဖူရှင်းက မေးလိုက်သည်… “သူမက လှလို့ဆိုရင် ကျုပ်က ချောမောလှပတဲ့ မိန်းကလေးတွေ အကုန်လုံးကို လက်ထပ်နေရမှာပေါ့….”
“ခံစားချက်က တဖြည်းဖြည်း ဖြစ်လာမှာပဲ… မင်းတို့ အတူတူရှိလာတာ ကြာရင် သမီးတော်ကို ချစ်သွားမှာပဲ….” ဘုရင်မက ပြောသည်။ ဤကောင်စုတ်လေးက အခုထိ သန့်စင်သော ပုံစံဖမ်းနေသည်လား။ ယောက်ျားများက အလှအပကိုပဲ တန်ဖိုးထားကြသည် မဟုတ်လား။
လို့လန်ရွှီ၏ ရုပ်ရည်ဖြင့် ရီဖူရှင်းက မကြာမီ လို့လန်ရွှီကို သဘောကျသွားမည်ဟု သူမ ယုံသည်။ သူမ၏ အမြင်တွင် ရီဖူရှင်း၏ ချစ်သူက သူမ၏ သမီးလောက် မချောမောနိုင် ဟူ၍ပင်။
“ဧကရီဘုရင်မက ကျုပ်ကို သမီးတော်နဲ့ လက်ထပ်စေချင်တာ ဘာကြောင့်လဲ ကျုပ်မသိဘူး… ဒါပေမဲ့ ကျုပ်မှာချစ်သူ ရှိပြီးသွားပြီ… ကျုပ်တို့ ဆက်ဆံရေးကလည်း အရမ်းကောင်းတယ်… တကယ်လို့ ဘုရင်မက ကျုပ်ရဲ့ပါရမီကို သဘောကျလို့ဆိုရင် ကျုပ်က လို့လန်ရှေးဟောင်း နယ်မြေက တချို့အရာတွေကို ရရှိခဲ့ပြီး ရတနာစာအုပ်ထဲက ရှီတန်ခိုးရှင်နဲ့လည်း တွေ့ပြီးပြီ… ကျုပ်က လို့လန်နဲ့ မိတ်ဆွေ ဖြစ်နိုင်တယ်….ဘုရင်မက ကျုပ်ကို သမီးတော်နဲ့ အတင်းလက်ထပ်ခိုင်းဖို့ မလိုအပ်ဘူး….” သူက ရုပ်ရည်ချောမောသည်ကို ရီဖူရှင်း သိသော်လည်း ဘုရင်မက သူ့အား သမီးတော်နှင့် လက်ထပ်စေလိုသည်မှာ သူ၏ ပါရမီကြောင့်သာ ဖြစ်ရမည်ဟု ခန့်မှန်းမိပြီး ဖြစ်သည်။ သူမက သူ့အား လို့လန်တွင် ချည်နှောင်ထားလိုသည်။ ယခုကား ရီဖူရှင်းက သူမ၏ နယ်မြေတွင်ဖြစ်ရာ ရီဖူရှင်းက သူမ၏ ဆုံးဖြတ်ချက်များကို အလေးထားရမည် ဖြစ်သည်။
ဘုရင်မက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ ဤခွေးကောင်ကား အလွန် နားလည်လွယ်သည်။ ရီဖူရှင်း၏ စကားများက ကျိုးကြောင်း ဆီလျော်သည်ကို သူမသိသည်။ သို့သော် ရီဖူရှင်းက မကြာမီ ရှေးဟောင်းမြေရိုင်း ဒေသကို တန်ခိုးကျင့်ရန် သွားတော့မည် ဖြစ်သည်။ သူက လို့လန်မှလည်း မဟုတ်ပေ။ သူတို့၏ မိတ်ဆွေဖြစ်မှုက မည်မျှ ခိုင်မြဲမည်နည်း။ ရှီတန်ခိုးရှင်က ရီဖူရှင်းအား လို့လန်နိုင်ငံသား ဖြစ်စေလိုသည်။ ထို့ကြောင့် သူမ၏ သမီးအား ရီဖူရှင်းနှင့် လက်ထပ်ပေးရန် စဉ်းစားခြင်းဖြစ်သည်။ ထိုနည်းဖြင့်သာ သူတို့၏ ဆက်ဆံရေးက ခိုင်မြဲမည်ဖြစ်သည်။ နောင်တွင် လို့လန်ရွှီက ကလေးရလာခဲ့လျှင် ရီဖူရှင်းက ပို၍ ထွက်ပြေး၍ ရတော့မည် မဟုတ်ပေ။ သို့သော် ရီဖူရှင်းက ငြင်းပယ်လိမ့်မည်ဟု သူမ မထင်မှတ်ခဲ့ပေ။
ရီဖူရှင်းအား ကြည့်ကာ ဘုရင်မက အတန်ကြာတွေးသည်။ ပြီးမှ သူမက တည်ငြိမ်စွာ ပြောသည်… “ဒီလိုဆိုရင်လည်း ငါမင်းကို မတင်းအကျပ် မလုပ်တော့ဘူး… ဒီမတိုင်မီက ဖိအားပေးတာ အရမ်းများတယ် ဆိုပေမဲ့ မင်းမှားတာလည်း ရှိတယ်… သမီးတော်က မင်းကို ကောင်းမွန်တဲ့ ခံစားချက်တွေရှိတယ်… နောက်ပိုင်း တွေ့တာများလာရင် မင်းရဲ့စိတ်က ပြောင်းလဲလာတာလည်း ဖြစ်နိုင်တာပဲ…. ငါ့နောက်ကို လိုက်ခဲ့….” ထို့နောက် ဘုရင်မက သူမ၏ နန်းဆောင်ဘက်သို့ လျှောက်သွားလိုက်သည်။
“ကျေးဇူးတင်ပါတယ်… ဧကရီဘုရင်မ….” ရီဖူရှင်းက သူမ၏ နောက်သို့ လိုက်ပါသွားသည်။
သို့သော် ဘုရင်မကား စိတ်ထဲတွင် ဆဲရေးနေသည်။ သူမက အမှန်ပင် ရီဖူရှင်းကို ရိုက်နှက်လိုသည်။
ရီဖူရှင်းကလည်း နောက်မှ လိုက်ပါလာရင်း ဘုရင်မကို စိတ်ထဲက ဆဲရေးနေသည်။ သူ၏ စိတ်ဓာတ်ခိုင်မာမှုက ထိုဉာဏ်များသော မိန်းမအား အနိုင်ယူနိုင်ခဲ့၍သာ တော်သေးသည်။
ရီဖူရှင်းက လို့လန်ရွှီအား မြင်သောအခါ သူမကား ယခင်ကကဲ့သို့ တိတ်ဆိတ်ကာ အေးစက်နေဆဲပင်။ သူမတွင် မည်သည့် ထူးခြားချက်မှ မရှိပေ။ ဘုရင်မနှင့် ရီဖူရှင်းတို့ အတူပြန်လာကြသည်ကို မြင်လျှင် ပြဿနာများ ပြေလည်သွားပြီဟု သူမ ယူဆသည်။
“မင်းက ရှေးဟောင်းမြေရိုင်း ဒေသကို တန်ခိုးကျင့်ဖို့သွားမယ် ဆိုတော့ အဲဒီမှာ မင်းက ဘယ်လောက်ကြာမှာလဲ….”
“ကျုပ် မသေချာဘူး… ကျုပ်တို့က မြေရိုင်းမြို့ကို သွားဦးမယ်…” ရီဖူရှင်းက ပြောသည်။ ရီဝူချင်း၏ လက်တစ်ဖက်ဆုံးရှုံးမှုကို အကြွေးမဆပ်ရသေးပေ။ ဤအတိုင်း သူတို့ ထွက်သွား၍ မရပေ။ ထို့အပြင် သူက တခြားသော အကြောင်းအရာများကိုလည်း သိနားလည်ရန် လိုသေးသည်။
“မင်းရဲ့ တန်ခိုးအဆင့်က အရမ်းနိမ့်တယ်…” ဘုရင်မက ပြောသည်… “ရှေးဟောင်းလို့လန်က ရှေးဟောင်းမြေရိုင်း ဒေသမှာ နိုဘယ်အဆင့် သဒ္ဓိဝင်ပစ္စည်းတွေ အများကြီး ထားထားတယ်… သူတို့က တစ်ခါမှ အသုံးမပြုရသေးဘူး… မင်းက ကု့ချင်းကို ရယူနိုင်ခဲ့တယ်လို့ ငါကြားတယ်… ဒါက မလုံလောက်ဘူး… မင်းက သမီးတော်နဲ့ သွားပြီး သင့်တော်တဲ့တစ်ခုကို ရွေးလိုက်….”
ရီဖူရှင်း မျက်လုံးပြူး သွားသည်။ သူမက ဘုရင်မဖြစ်နေသည်မှာ မထူးဆန်းတော့ပေ။ သူမ၏ နည်းစနစ်များကား အမှန် အားကောင်းလှသည်။ ဤမတိုင်မီက သူမက ရီဖူရှင်းကို သတ်လိုနေသည်။ ယခု သူမက ရီဖူရှင်းအား ဂရုစိုက်နေသည်။
“ကျေးဇူးတင်ပါတယ် ဧကရီဘုရင်မ…” ရီဖူရှင်းက ပြောသည်။
“အရင်ထွက်သွားလိုက်… သမီးတော်နဲ့ စကားပြောဦးမယ်…” ဘုရင်မက ပြောသည်။ ရီဖူရှင်းက အပြင်ကို ထွက်သွားသည်။
လို့လန်ရွှီက သူမ၏ အမေကို ကြည့်လိုက်သည်။ ကြည့်ရသည်မှာ သူမ၏ အမေက လက်လျှော့သေးပုံ မရပေ။
“ဒီခွေးကောင် ညာနေတာ… မင်းရဲ့ ရုပ်ရည်နဲ့ သူစိတ်မပြောင်းဘူး ဆိုတာ ငါမယုံဘူး… သူ့ချစ်သူကို တစ်လအတွင်း မေ့သွားလိမ့်မယ်…” ဘုရင်မက ပြောသည်… “အဲဒီအချိန် မင်းနဲ့ လက်ထပ်ဖို့ လာတောင်းပန်တော့မှ တွေ့ကြသေးတာပေါ့ … ဟင်း…” ထိုမြင်ကွင်းကို တွေးကြည့်ကာ သူမက နှာခေါင်းရှုံ့လိုက်သည်။ လို့လန်ရွှီက သူမအား ကြည့်ကာ မည်သို့မှ မပြောပေ။
“ကောင်းပြီ… မင်းသွားတော့…”ဘုရင်မက ပြောသည်။
လို့လန်ရွှီက ခေါင်းညိတ်လိုက်သည်။ နန်းဆောင်မှ ထွက်လျှင် ရီဖူရှင်းကို မြင်သည်…”ရှေးဟောင်းမြေရိုင်း ဒေသကို ပြန်ကြမယ်…” သူမက ပြောသည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူတို့ အတူတူ ပြန်လာကြသည်။ လို့လန်ရွှီက မည်သို့မှ မဖြစ်ခဲ့သလို တည်ငြိမ်လှသည်။
ရီဖူရှင်းက သူ၏ အဆောင်သို့ ပြန်ရောက်လာသောအခါ ယူချင်းက သူ့ထံ လျှောက်လာသည်ကို မြင်ရသည်။ ရီဖူရှင်းက မေးလိုက်သည်… “ဟိုကောင်တွေ အခြေအနေ ဘယ်လိုလဲ…”
“ဒီကောင်တွေ တော်တော် အာရုံနောက်စရာ ကောင်းတယ်… သူတို့က ငါတို့ကိုပဲ စောင့်ကြပ်နေတဲ့ပုံစံနဲ့ မကြာမကြာ လာကြည့်တယ်… ဒီကောင်တွေက ငါတို့ လို့လန်နန်းတော်က သွားမယ့်အချိန်ကို စောင့်နေတာ…” ယူချင်းက အေးစက်စွာ ပြောသည်။
ရီဖူရှင်း၏ မျက်လုံးများ လင်းလက်သွားသည်။ သူတို့က တိုက်ခိုက်ရန် စောင့်ဆိုင်း နေကြသည်လား။
“ဝူချင်း ဘယ်မှာလဲ…” ရီဖူရှင်းက လင်းယွီယိုအား မြင်သည်။ သို့သော် ရီဝူချင်းကို မမြင်ပေ။
“သူက သီးသန့် ကျင့်နေတယ်…” ယူချင်းက ပြောသည်… “မင်း သွားနေတဲ့အချိန် သူတော်တော် တိုးတက်လာတယ်… ငါလည်း ဓမ္မအဆင့်နှစ်ကို ရောက်သွားတယ်….”
“မဆိုးဘူး…” ရီဖူရှင်းက ပြုံးလျက် ပြောသည်… “ငါလည်းပဲ…”
လင်းယွီယို မျက်လုံး ပြူးသွားသည်။ ဤအုပ်စုကား လွန်ကဲလွန်းလှသည်။ သူမကား ယခုထိ ဓမ္မအဆင့်နှစ်ကိုသာ ရောက်သေးသည်။ သူမက ကြယ်ကိုးပွင့် ကောင်းကင် အဆင့်ကို ရောက်သောအခါ သူတို့အား ကြယ်ခုနစ်ပွင့် ကောင်းကင် အဆင့်တွင်သာ ရှိသေးသည်။ ယခုကား သူတို့က သူမအား မီနေပြီဖြစ်သည်။ ထိုအရာကား တန်ခိုးအဆင့်မျှသာ ဖြစ်သည်။ သတို့၏ တိုက်ခိုက်ရေး စွမ်းရည်များက သူမထက် အဆများစွာ မြင့်ပေသည်။
“ငါတို့ ဝူချင်း ပြီးတဲ့အထိ စောင့်ကြမယ်…” ရီဖူရှင်းက ပြောသည်။ ရီဝူချင်းကား ရှေးဟောင်းနယ်မြေတွင် နိုဘယ်စိတ်အင်အားကို လက်ခံရရှိကာ လက်တစ်ဖက်ဆုံးရှုံးပြီး သိဒ္ဓိဝင်ဓားတစ်လက်ကို ရရှိခဲ့သည်။ သူ့တွင် တွေးစရာများ အများအပြားရှိနိုင်ကာ တစ်ဖက်တွင်လည်း သူ၏ တန်ခိုးကျင့်ရာတွင် စွမ်းရည်အသစ်များနှင့် ရင်းနှီးအောင် အချိန်ပေးရန် လိုအပ်ပေသည်။ ထို့နောက် ရီဖူရှင်းတို့ကလည်း တိတ်ဆိတ်စွာ တန်ခိုးကျင့်နေကြသည်။
တစ်နေ့ သူ ကု့ချင်းကို တီးခတ်နေစဉ် လှပကာ ဆွဲဆောင်မှုရှိသော မိန်းမတစ်ယောက် ရောက်လာသည်။ သူမကား ယွီလင်းလောင် ဖြစ်သည်။ ကျောက်ဟန်နှင့် ရှီတောင်တို့က သူမ၏ နောက်တွင် ဖြစ်သည်။ ယွီလင်းလောင်က လှုပ်လီလှုပ်လဲ့ လျှောက်လာကာ ကု့ချင်းတီးခတ်နေသော ရီဖူရှင်း၏ ရှေ့ကို ရောက်လာသည်… “နောက်ဆုံး နင်ပြန်ရောက်လာပြီ… ငါတကယ် နင့်ကို သတိရတယ်….” သူမ၏ အပြုံးကား လှပကာ ဆွဲဆောင်အား ကောင်းလှသည်။
“ဝမ်းနည်းစရာက ကျုပ်က အသက်ကြီးတဲ့ မိန်းမတွေကို သဘောမကျဘူး….” ရီဖူရှင်းက ခေါင်းမော့ကာ ပြောသည်။
ယွီလင်းလောင်၏ မျက်နှာ တင်းမာသွားသည်… “သခင်လေးချန်က ရှင် စဉ်းစားပြီးပြီလား သိချင်နေတယ်…”
“ဘာကို စဉ်းစားရမှာလဲ…” ရီဖူရှင်းက နားမလည်စွာ ပြောသည်။
ရှီတောင်က နှာခေါင်းရှုံ့ကာ ပြောသည်… “မင်းက ရှေးဟောင်းမြေရိုင်းဒေသ ထွက်ခွာပြီးတော့ ရတနာစာအုပ်ကို သွားလဲတယ် ကြားတယ်…”
“ဒါဆို… မင်းလိုချင်လား…” ရီဖူရှင်းက ရှီတောင်ကို ကြည့်ကာ ပြောသည်။
“ရီဖူရှင်း… မင်းက ဒီနေရာမှာ တစ်သက်လုံး ပုန်းကွယ်နေတော့မှာလား…” ကျောက်ဟန်က တည့်တိုးမေးသည်။ ရီဖူရှင်းက ဤနေရာတွင် နေသရွေ့ သူတို့က တစ်ခုမှ မတတ်နိုင်ပေ။ လို့လန်နန်းတော်တွင် တိုက်ခိုက်ခြင်းက ရှေးဟောင်းလို့လန်အား မလေးစားရာ ရောက်သည်။
“မင်းတို့ ပြောပြီးပြီလား…” ရီဖူရှင်းက သူတို့အား ကြည့်ကာ ပြောသည်… “ပြီးရင် သွားကြတော့…”
သူတို့ သုံးယောက်လုံးက အေးစက်စွာ ကြည့်ကြသည်။ သည်ကောင်ကား အလွန်မောက်မာသည်။
“မင်း ဒီမှာ ဘယ်လောက်ကြာအောင် ပုန်းနိုင်မလဲ ကြည့်ရတာပေါ့…” ကျောက်ဟန်က ထိုသို့ ပြောပြီးလျှင် သူတို့ ထွက်ခွာသွားသည်။
“ပုန်းတယ်…” ရီဖူရှင်းက ပြုံးလိုက်သည်။ သည်ကောင်များကား အမှန်ပင် စောင့်နေကြခြင်းပင်။
ရက်အနည်းငယ်ကြာလျှင် ရီဝူချင်းက တန်ခိုးကျင့်နေရာမှ ထွက်ပေါ်လာသည်။ သူ၏ ကိုယ်အမူအရာမှာ ပိုမို တည်ငြိမ်သွားသလို ခံစားရသည်။ သူ့ကိုယ်ရောင် ကိုယ်ဝါများအား မထုတ်လွှတ်သည့်တိုင် တစ်စုံတစ်ယောက်က သူ့အား ဓားတစ်လက်အလား ထင်မြင်စေနိုင်သော ခံစားချက်ကို ပေးသည်။
“လေ့ကျင့်တာ ဘယ်လိုလဲ…” ရီဖူရှင်းက မေးသည်။
“ဓမ္မအဆင့်ငါး… ငါ့ရဲ့ ဓားအသိကလည်း ပိုပြီး ပြည့်စုံလာတယ်…” ရီဝူချင်း၏ အသံကား အလွန်တည်ငြိမ်သည်။
“ကောင်းပြီ…” ရီဖူရှင်းက ခေါင်းညိတ်သည်။ သူက လို့လန်ရွှီအား သွားရှာကာ နန်းတော်မှ သတင်း အချက်အလက်များအား မပေါက်ကြားစေရန် တောင်းဆိုသည်။
ယနေ့တွင် ချန်ယန်တို့အုပ်စုက ရီဖူရှင်းကို စောင့်ဆိုင်းနေကြဆဲ ဖြစ်သည်။ သူကား စိတ်ဆိုးနေသည်။ ရီဖူရှင်းက အပုန်းကောင်းလှသည်။ သူက နန်းတော်မှ ထွက်ခွာမည့်ပုံစံ လုံးဝ မပြပေ။ သို့သော်လည်း ချန်ယန်ကလည်း စိတ်ရှည်ရှည် စောင့်ဆိုင်းနေသည်။ လို့လန်နန်းတော်က သူတို့ကို မနှင်ထုတ်သေးသည်ကို သူအနည်းငယ် အံ့အားသင့်ရသည်။
ထိုစဉ်မှာပင် လူတစ်ယောက် သူတို့၏အဆောင်သို့ လျှောက်လာသည်ကို မြင်ရသည်။ ထို့နောက် သူက ချန်ယန်တို့၏ ရှေတွင် ရပ်လိုက်သည်။
ချန်ယန်၊ ကျောက်ဟန်၊ ရှီတောင်နှင့် နောက်နှစ်ယောက်တို့က တစ်စုံတစ်ခုကို ဆွေးနွေးနေကြခြင်း ဖြစ်သည်။ သူတို့က ရှေ့ကို ကြည့်လိုက်သည်။ သူကား လက်တစ်ဖက်သာ ရှိသည်။ သူက ထိုနေရာတွင်ပင် တိတ်ဆိတ်စွာ ရပ်နေသော်လည်း သူ့လက်တွင်မူကား ဓားတစ်လက်ကို ဆုပ်ကိုင်ထားသည်။ သူတို့အားလုံး အံ့အားသင့်သွားကြသည်။ ရီဝူချင်းက ဘာလိုချင်သနည်း။ သူက ဤနေရာကို တိုက်ခိုက်ရန် ရောက်လာသည်လား။ ရီဝူချင်းက ဤမျှ ရဲတင်းရသလော။
ရီဝူချင်းက ထိုနေရာတွင် ရပ်နေစဉ် သူ့မျက်လုံးများက ရုတ်တရက် ဓားသွားကဲ့သို့ ထက်မြက်သွားကာ ချန်ယန်တို့ အုပ်စုကို ပြောလိုက်သည်… “ထွက်သွားမလား… သေမလား…”
***