ဧကရီဘုရင်မ၏ နန်းဆောင်။ လက်ရှိတွင် ဘုရင်မကား တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ၏ ဘေးတွင်ကား လို့လန်ရွှီက ကျောက်ရုပ်အလား ရပ်နေသည်။
“သူ့ကို ဘယ်လိုထင်လဲ…” ဘုရင်မက ရုတ်တရက် မေးလိုက်သည်။
လို့လန်ရွှီက ဘုရင်မအား နားမလည်သလို ကြည့်လိုက်သည်။
“ရီဖူရှင်း…” သူမက ရှင်းလင်းအောင် ပြောလိုက်သည်။
“သူက အရမ်း ပါရမီပါတယ်…”လို့လန်ရွှီက ပြောသည်။
“ပါရမီပါတဲ့အပြင်…”ဘုရင်မက ဆက်၍ မေးသည်။
လို့လန်ရွှီ မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ သူမအမေ၏ မေးခွန်းများကို ယခုထိ နားလည်သေးဟန် မရပေ။ လို့လန်ရွှီ၏ အမူအရာကို ကြည့်ကာ ထပ်၍ နားလည်အောင် ပြောသည်… “သူက ကြည့်ကောင်းတယ်… နန်းတော်မှာ သူ့လို ရုပ်ချောတဲ့သူကို ရှာဖို့ခက်တယ်… ပြီးတော့ သူက အရမ်း ပါရမီပါတယ်… သူက အသက်နည်းနည်း ငယ်ပေမဲ့ ကျင့်ကြံခြင်း လောကမှာ အသက်က ဘယ်တော့ကမှ ပြဿနာ မဟုတ်ဘူး… မင်း ဘယ်လို ထင်လဲ…”
လို့လန်ရွှီ၏ ငွေရောင် မျက်လုံးဝိုင်းများက ပြူးကျယ်သွား၏။ သူမအမေ၏ စကားကို နောက်ဆုံးတွင် နားလည်လိုက်သည်။
“သမီးက ဒါကို တစ်ခါမှ မတွေးဖူးပါဘူး…” လို့လန်ရွှီက ပြောသည်။
“အခု စပြီး စဉ်းစားလည်း နောက်မကျသေးဘူး….” ဘုရင်မက သူမ၏ သမီးအား ကြည့်ကာ ပြောသည်။ “မင်းက ဒါကို အနှေးနဲ့ အမြန် စဉ်းစားရမှာပဲ… အခု ပြည့်စုံတဲ့ လူရောက်လာပြီ… တကယ်လို့ မင်းက သူ့ကို လက်လွှတ်လိုက်ရရင် နောက်တစ်ယောက်ရှာဖို့ ခက်သွားလိမ့်မယ်…”
လို့လန်ရွှီက သူမ၏ အမေအား ကြည့်လိုက်ကာ သူမ ပြောသည်မှာ ကျိုးကြောင်း ဆီလျော်ကြောင်း သိလိုက်သည်။ ရီဖူရှင်းကား ဓမ္မအဆင့်တစ်မျှဖြင့် သိဒ္ဓိဝင်ပစ္စည်းနှင့် ရတနာစာအုပ်ကို ရယူနိုင်ခဲ့သည်။ ရီဖူရှင်းက ရတနာစာအုပ်အတွင်းမှ ရှီတန်ခိုးရှင်နှင့်လည်း ဆက်သွယ်နိုင်သည်ဟု သူမ၏ အမေက ပြောသည်။ သူ၏ ပါရမီနှင့် ပတ်သက်၍ သံသယ ရှိစရာ မလိုပေ။ ထို့အပြင် သူကား အလွန်အမင်း ချောမောသည်။
လို့လန်ရွှီက သူမ ပြောသည်ကို စဉ်းစားနေသည်ကို မြင်လျှင် ဘုရင်မက ဆက်ပြောသည်… “မင်းက သူ့ကို အခုမရွေးရင်တောင် တစ်ချိန်ချိန်မှာ နောက်တစ်ယောက်ကို ရွေးရဦးမှာပဲ… သေချာ စဉ်းစားပါ….”
လို့လန်ရွှီက အတန်ကြာ တွန့်ဆုတ်နေပြီးမှ ခေါင်းညိတ်သည်… “ကောင်းပြီ…” သူမ၏ အဖြေကား ရိုးရှင်းသည်။
ဘုရင်မ ပြောသလိုပင် သူမကား အနှေးနှင့် အမြန် လက်တွဲဖော် ရှာရမည်ဖြစ်ရာ ရီဖူရှင်းကဲ့သို့ ပြည့်စုံသောသူကို ရှာဖွေရန် အလွန် ခက်ခဲပေသည်။ ထို့အတူ သူမ၏ မျက်လုံးထဲတွင်လည်း ရီဖူရှင်းအပေါ် ကောင်းမွန်သော အမြင်ရှိသည်။
“ဒီလိုပဲ ဆုံးဖြတ် လိုက်တော့မယ်…” ဘုရင်မက ပြောသည်။ လို့လန်ရွှီ၏ စိတ်နေ သဘောထားအား သူမက ရှင်းလင်းစွာ နားလည်သည်။ လို့လန်ရွှီကား မည်သည့်အရာကိုမှ စိတ်ဝင်စားခြင်း မရှိပေ။ ထိုအထဲတွင် သူမ၏ အချစ်၊ အမုန်း ခံစားချက်များလည်း ပါဝင်သည်။ သူမက ရီဖူရှင်းအား သိသည်မှာ မကြာသေးရာ သူနှင့်ပတ်သက်၍လည်း မည်သည့် ခံစားချက်မျှ မရှိပေ။ သို့သော် ရီဖူရှင်းက ဆိုးရွားသော ရွေးချယ်မှုတစ်ခုတော့ မဟုတ်ပေ။ သူမက ဘုရင်မ၏ သဘောထားကို လိုက်နာရုံမျှသာ ဖြစ်သည်။
“ဧကရီဘုရင်မ…” အစေခံ မိန်းကလေး တစ်ယောက်က လာရောက် သတင်းပို့သည်… “သူ ထွက်လာပြီ…”
“ကွက်တိပဲ…” ဘုရင်မက ပြုံးလိုက်သည်…“သူ့ကို ဒီကို ခေါ်လာခဲ့…”
အစေခံ မိန်းကလေး ထိတ်လန့်သွားသည်။ ဘုရင်မက ရီဖူရှင်းအား သူမ၏ နန်းဆောင်သို့ ဖိတ်ခေါ်နေသည်လား။ ယခင်က မည်သည့်ယောက်ျားကမှ သူမ၏ အဆောင်အား ခြေချဖူးခြင်း မရှိပေ။ သူမက ထိတ်လန့်သော်လည်း သူမ၏ စိတ်ခံစားချက်များအား ထိန်းချုပ်ထားနိုင်သည်။ အစေခံမိန်းကလေးက ဦးညွှတ်ကာ ရီဖူရှင်းကို ခေါ်ဆောင်ရန် ထွက်ခွာသွားသည်။
မကြာမီ ရီဖူရှင်းအား ဘုရင်မနန်းဆောင်သို့ ခေါ်ဆောင်လာသည်။ သူ၏ မျက်လုံးတွင် ဘုရင်မနှင့် လို့လန်ရွှီတို့မှာ ညီအစ်မအလား ဆင်ဆင်ရသည်။ သူမတို့ နှစ်ယောက်လုံးမှာ အေးစက်သော မိန်းမလှများ ဖြစ်ကြသည်။ သို့သော် ဘုရင်မ၏ ကိုယ်ရောင်ကိုယ်ဝါက နန်းထိုက် တော်ဝင်သော ဟန်ပင် အပြည့်အဝ ရှိသည်။ မည်သူမှ သူမအား မလေးမစား မပြုမူရဲကြပေ။ သို့သော် ငွေရောင် ဆံနွယ်များနှင့် ငွေရောင် မျက်လုံးများဖြင့် လို့လန်ရွှီကား သူမ၏ အမေနှင့် မတူ ထူးခြားသော အလှပိုင်ရှင်လေးပင်။
“ဧကရီဘုရင်မကို နှုတ်ဆက်ပါတယ်…” ရီဖူရှင်းက ဦးညွှတ်လိုက်သည်။
ဘုရင်မက ခေါင်းညိတ်ကာ အသိအမှတ်ပြုလိုက်ပြီး ရီဖူရှင်းကို တည့်တည့်ကြည့်ကာ မေးသည်… “တန်ခိုးကျင့်တာ ဘယ်လို အခြေအနေရှိလဲ….”
“ကျုပ်က ဘုရင်မရဲ့ ကျေးဇူးနဲ့ တိုးတက်လာပါတယ်…” ရီဖူရှင်းက ပြန်ပြောသည်။ ဘုရင်မက အဘယ်ကြောင့် သူ့ကို ခေါ်ယူသည်ကို စိုးရိမ်သည်။ ဘုရင်မနှင့် လို့လန်ရွှီတို့ နေထိုင်ရာ အဆောင်မှာ သူလာသင့်သော နေရာမဟုတ်ဟု ရီဖူရှင်း ခံစားရသည်။
“သမီးတော်ရဲ့ ရုပ်ရည်ကို မင်း ဘယ်လိုထင်လဲ…” ဘုရင်မက ပြုံးလျက် ပြောသည်။
ရီဖူရှင်း အေးစက်သွားသည်။ သူမ၏ မျက်လုံးများလည်း ပြူးကျယ်သွားသည်။ ဘာဖြစ်နေသနည်း။ သူက လို့လန်ရွှီအား ကြည့်လိုက်သည်။ သူမကား ထိုနေရာတွင် ရုပ်တုအလား အေးစက်စက်ဖြင့် တိတ်ဆိတ်နေသည်။
“သူမက လှပချောမောတယ်…” ရီဖူရှင်းက ခေါင်းညိတ်ကာ ပြောသည်။ ထိုအရာကား အမှန်တရားပင်။ သူကလည်း မှန်ကန်သော လူဖြစ်သည်။
“ရှေးဟောင်းလို့လန်မှာ သမီးတော်ရဲ့ ရုပ်ရည်ပဲ ဖြစ်စေ အရည်အချင်းပဲ ဖြစ်စေ ဘာမှ ပြောစရာ မရှိဘူး…” ဘုရင်မက သူမ၏ သမီးအား ချီးကျူးလိုက်သည်။
မြားဦးက သူ့ထံ တဖြည်းဖြည်း ရောက်လာသည်ကို ခံစားမိလျှင် ရီဖူရှင်းက ဘုရင်မ၏ စကားများကို နားလည်အောင် ကြိုးစားနေသည်။
“ဒါကြောင့် သူမနဲ့ ထိုက်တန်တဲ့ လူကို ရှေးဟောင်းလို့လန်မှာ ရှာဖို့ခက်တယ်…” သူမက ပြောသည်…”သူမရဲ့ အနာဂတ်နဲ့ ပတ်သက်ရင် ခေါင်းကိုက်စရာပဲ…”
ရီဖူရှင်းက ထိုမှတ်ချက်နှင့် ပတ်သက်၍ ထောက်ခံခြင်း မပြုရဲတော့ပေ။ ထူးဆန်းသော အတွေးတစ်ခုက သူ့ခေါင်းထဲကို အလိုအလျောက် ဝင်လာသည်။ သူ၏ ချောမောသော ရုပ်ရည်က ပြဿနာကို သယ်ဆောင် လာပြန်ပြီလော။
“မင်းမှာ ဒါနဲ့ ပတ်သက်ပြီး ဘယ်လို အတွေးမျိုး ရှိလဲ….” ဘုရင်မက ရီဖူရှင်းအား ပြုံးလျက် မေးသည်။
“ဒီလို အရေးကြီးတဲ့ ကိစ္စကို ဘုရင်မရဲ့ ရှေ့မှာ မှတ်ချက်မချရဲပါဘူး….” ရီဖူရှင်းက ခေါင်းငုံ့လိုက်သည်။ သူ့တွင် မကောင်းသော ခံစားချက်များ ရှိနေသည်။
ဘုရင်မ ရယ်မောလိုက်သည်။ သူက တုံးအသည့်ပုံစံ ဟန်ဆောင်နေသည်လား။ သူမ၏ ရည်ရွယ်ချက်ကို ရှင်းလင်းအောင် ပြောပြီးပြီဖြစ်သည်။ သို့သော်လည်း သူကား တိတိကျကျ ပြန်မပြောသေးပေ။ သူမက ရီဖူရှင်းကို တိုက်ရိုက် ပြောရတော့မည်လော။ ဤကောင်လေးကား ဉာဏ်များလွန်းလှသည်။
“သမီးတော်ကို မင်းနဲ့ လက်ဆက်စေရင် ဘယ်လိုလဲ….” ဘုရင်မက မေးသည်။ သူမ၏ လေသံကား ပုံမှန်ပင်။
ရီဖူရှင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားသည်။ သူကား ယခု ရှေးဟောင်းနယ်မြေ အတွင်းမှ နိုဘယ်များနှင့် တိုက်ခိုက်နေရသည်ထက်ပင် ပိုမို၍ စိုးရိမ်နေသည်။ ယခုကား သူက တခြားနိုင်ငံတစ်ခု၏ ဘုရင်မရှေ့တွင် ရောက်နေကာ ဘုရင်မက သူမ၏ သမီးတော်အား ရီဖူရှင်းနှင့် လက်ထပ်စေလိုနေသည်။ သူမည်မျှ ဖိအားဝင်နေသည်ကို စကားဖြင့် ဖော်ပြခြင်းငှာ မစွမ်းနိုင်ပေ။
“ကျုပ်က ဘယ်လိုလုပ် သမီးတော်နဲ့ ထိုက်တန်မှာလဲ…” ရီဖူရှင်းက ယဉ်ကျေးစွာ ပြောသည်။ သူက ထိုသို့ ပြောလိုက်သည်နှင့် မမြင်ရသော ဖိအားတစ်ခု သူ့ထံ ဆင်းသက်လာသည်။ သူက အေးစက်မှုကို ခံစားရ၏။ ထိုအရာကား ဘုရင်မ၏ ကိုယ်ရောင်ကိုယ်ဝါ ဖြစ်သည်။
“ငါက ထိုက်တန်တယ်လို့ ပြောရင် ဒါက ပြဿနာ မဟုတ်တော့ဘူး…” ဘုရင်မက ပြောသည်။ ကောင်ကလေးက သူ့အား ဘယ်လိုလုပ် ငြင်းရဲရသနည်း။
“…” ရီဖူရှင်းကား လုံးဝ ထိတ်လန့်နေပြီ ဖြစ်သည်။
သူ၏ခေါင်း ချာချာလည်နေသလို ခံစားရသည်။ “သမီးတော်နဲ့ ကျွန်တော်က တစ်ယောက်နဲ့ တစ်ယောက် သိတာ သိပ်မကြာသေးပါဘူး… သမီးတော်ကို ဒီလို ဆုံးဖြတ်စေတာ သိပ်မမျှတဘူးလို့ ထင်ပါတယ်…”
လို့လန်ရွှီက သူ့အား တည်ငြိမ်စွာ ကြည့်ကာ ပြောသည်… “ကျွန်မမှာ ငြင်းစရာ မရှိဘူး…”
“…” ရီဖူရှင်းကား ဆွံ့အသွားပြီ ဖြစ်သည်။ သူ တွေးလိုက်သည်။ ငါရုပ်ချောတာ ငါသိတယ်။ သူတို့က ဘယ်လိုလုပ် ဤမျှ တည့်တိုး ပြောနိုင်ရသနည်း။
“မင်းက ဒီမှာ ရပ်နေကတည်းက သမီးတော်ရဲ့ သဘောထားကို ငါမေးပြီးပြီလို့ ပြောလို့ရတယ်… မင်းက တခြားအရာတွေကို စဉ်းစားနေစရာ မလိုဘူး….” ဘုရင်မက ပြောသည်။ “ငါက ရက်ကောင်းနေ့သာ ရွေးပြီး ပြည်သူတွေကို ကြေညာလိုက်တော့မယ်… မင်းတို့ကို အမြန်ဆုံး လက်ထပ်စေချင်တယ်… ဘယ်လိုလဲ….”
“ဧကရီဘုရင်မ… ဒီလို လုပ်လို့မရပါဘူး…” သူ၏ အမူအရာများ ပြောင်းလဲသွားသည်။ ဟွာဂျီယူကား သူ့ကို ကန်ယီနိုင်ငံတွင် စောင့်နေဆဲဖြစ်သည်။ သူက နောက်မိန်းကလေး တစ်ယောက်အား လက်ထပ်ရန် လုံးဝ မဖြစ်နိုင်ပေ။
ဘုရင်မ အံ့အားသင့်သွားသည်။ နောက်ထပ် အင်အားကောင်းသော ဖိအားတစ်ခုက ရီဖူရှင်းထံ ဆင်းသက်လာသည်။
“ကျုပ်မှာ ချစ်ရတဲ့သူ ရှိပြီးသားပါ…” သူ့တွင် တခြားနည်းလမ်း မရှိတော့သည်ကို ရီဖူရှင်း သိသည်။ သူတတ်နိုင်သည်ကား အမှန်ကို ပြောခြင်းပင်။
“သူမက သမီးတော်လောက် ဘယ်လိုလုပ် သင့်တော်နိုင်ပါ့မလဲ…” ဘုရင်မက အံ့အားသင့်စွာ ပြောသည်။ သူမက လို့လန်ရွှီအား ရီဖူရှင်းကို ပေးအပ်ရန် ကြိုးစားနေသော်လည်း ရီဖူရှင်းက အမှန်ပင် မလိုလားသည်ကို မြင်ရသည်။ ယခုကား သူက လွတ်မြောက်ရန် အသည်းအသန် ကြိုးပမ်းနေပုံရ၏။ သူမကား ရှေးဟောင်းလို့လန်၏ ဘုရင်မဖြစ်သည်။ ထိုအဖြစ်က သူမအား အမှန်ပင် စိတ်ဆိုးစေသည်။
“ဧကရီဘုရင်မ… ဒါက ဘယ်သူက ပိုပြီး အရည်အချင်း ရှိတာနဲ့ မဆိုင်ပါဘူး…” ရီဖူရှင်းက ပြောသည်။ သို့သော် သူ့ရင်ထဲတွင်မူကား ဟွာဂျီယူက အားလုံး သာလွန်ပေသည်။ သို့သော် သူက ထိုစကားများကို ပြော၍ မရပေ။
ဘုရင်မက ရီဖူရှင်းအား စိုက်ကြည့်လိုက်သည်။ သူမက ရီဖူရှင်း၏ မျက်လုံးထဲမှ ခိုင်မာသော ဆုံးဖြတ်ချက်ကို မြင်နေရ၏။ သူကား သူမ၏ မျက်လုံးကို တည့်တည့်ကြည့်ကာ အလျှော့ပေးလိုဟန် မရပေ။ ရီဖူရှင်းအပေါ် ရောက်ရှိနေသော ဖိအားက အနည်းငယ် လျော့နည်းသွားကာ ဘုရင်မက တစ်ဖန် ပြောပြန်သည်…”ဒါဆို မင်းက အဲဒီမိန်းကလေးကို ကိုယ်လုပ်တော်အနေနဲ့ ယူလို့ရတယ်…”
ဟွာဂျီယူအား ကိုယ်လုပ်တော်အနေနဲ့ သဘောထားရမည်လား။ ရီဖူရှင်းက ခေါင်းယမ်းလိုက်သည်။
ဘုရင်မက မျက်မှောင်ကြုတ် လိုက်သည်… “မင်းက သမီးတော်ကို ကိုယ်လုပ်တော်အနေနဲ့ သဘောထားမယ်လို့ မပြောနဲ့…” သူမကား အလွန် သဘောထားကြီးနေပြီး ဖြစ်သည်။ ထိုအရာမှာ သူမက ရီဖူရှင်းအား အလွန်အလေးထား၍ မဟုတ်ပေ။ သို့သော် လို့လန်ရှီတန်ခိုးရှင်က ရီဖူရှင်းအား အလေးထားပေသည်။ သို့သော် ကောင်လေးက သူမ၏ သဘောထားကြီးမှုကို ကျေးဇူးတင်ရကောင်းမှန်း မသိပေ။
“ဒါဆို ငါ သူမကို သွားသတ်မယ်….” ဘုရင်မက အေးစက်စွာ ပြောသည်။
ထိုစကားကို ကြားလျှင် ရီဖူရှင်း၏ မျက်လုံးများက အေးစက်သွားကာ ဘုရင်မကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်များကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူကား ရင်ဘတ်ထဲမှ တောက်လောင်လာသော ဒေါသကို ထိန်းချုပ်ရန် ကြိုးစားနေသည်။
ရီဖူရှင်း၏ ပြောင်းလဲမှုကို ခံစားမိလျှင် ဘုရင်မ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုအေးစက်လာသည်။ ပတ်ဝန်းကျင် တစ်ခုလုံးလည်း အေးစက်လာသည်။ လို့လန်ရွှီက အခြေအနေ ဤကဲ့သို့ ဖြစ်လာမည်ဟု မထင်မှတ်ထားပေ။ သူမက ရှေ့မှ လူနှစ်ယောက်ကို ကြည့်ကာ ပြောသည်… “သူက မလိုချင်မှတော့ မေ့လိုက်ပါတော့…”
ထိုစကားကိုကြားလျှင် ဘုရင်မ၏ ဒေါသက မငြိမ်သက်သည့်အပြင် သူမ၏ ကိုယ်ရောင်ကိုယ်ဝါက ပိုမိုအေးစက်လာသည်။ သူမတန်ဖိုးထားရသော သမီးအား ရီဖူရှင်းနှင့် လက်ဆက်ရန် ကမ်းလှမ်းသည့်တိုင် ငြင်းပယ်ခံရသည်။ သူမ၏ သမီးကို အရှက်ရစေသည်ကို စဉ်းစားမိလျှင် ပိုမို၍ စိတ်မကောင်း ဖြစ်ရသည်။
ဘုရင်မက လက်ဝှေ့ယမ်းလိုက်လျှင် မိန်းမ အများအပြား ထွက်ပေါ်လာသည်… “ဒီခွေးကောင်ကို ဖမ်းကြစမ်း… သူ့ကို သေချာ စောင့်ကြည့်ထား….” ဘုရင်မက အမိန့်ပေးသည်။
“ဟုတ်ကဲ့…” ထိုမိန်းမများက ရီဖူရှင်း၏ အနီးကို ရောက်လာသည်။
“ကျုပ် ကိုယ့်ဘာသာ လျှောက်မယ်…” ရီဖူရှင်းက ပြောသည်။ သူက နောက်ဘက်ကို လှည့်ကာ ထွက်သွားလျှင် မိန်းမများက သူ၏ နောက်မှ လိုက်သွားကြသည်။
“ဘယ်လောက် အတင့်ရဲလိုက်သလဲ…” ဘုရင်မက ဒေါသတကြီး ပြောသည်။
“အမေက သမီးကို သူနဲ့ လက်ထပ်စေချင်တာက သူ့ရဲ့ ပါရမီကို တန်ဖိုးထားတာကြောင့် သူ့ကို ရှေးဟောင်းလို့လန်ရဲ့ နိုင်ငံသား ဖြစ်စေချင်လို့ မဟုတ်လား… ဒီနည်းနဲ့ အဆင်မပြေဘူး ထင်တယ်…” လို့လန်ရွှီက တည်ငြိမ်စွာ ပြောသည်။ သို့တိုင်အောင် သူမက ထူးဆန်းသလို ခံစားရသည်။ သူမ၏ အမေက လက်ထပ်မှုကို စတင် ကမ်းလှမ်းခြင်းဖြစ်ကာ လို့လန်ရွှီကလည်း သဘောတူသည်။ ယခုကား သူမတို့နှစ်ယောက်လုံး ငြင်းပယ်ခံရ၏။
“ဒါဆိုလည်း သူ့ကို သတ်ပစ်မယ်…” ဘုရင်မက အေးစက်စွာ ပြောသည်။ သူက ပါရမီကောင်းမွန်လျှင်ကော အဘယ်အရေးနည်း။ သူမက နှစ်ယောက်လုံးကို လက်ထပ်ခွင့်ပေးကာ အများအပြား လိုက်လျောပြီးပြီ ဖြစ်သည်။ ယခု ထိုအရူးက ငြင်းပယ်ခဲ့သည်။ သူက လို့လန်ရွှီကို ကိုယ်လုပ်တော်အနေဖြင့် သဘောထားသည်လော။ သို့မဟုတ်လျှင် လို့လန်ရွှီက သူနှင့် မထိုက်တန်ဟု သဘောထားသလော။
“အမေက ဘာလို့ ဒီလို လုပ်ရမှာလဲ… ရှီတန်ခိုးရှင်က သူ့ကို အလေးထားတယ်လို့ အမေပဲ ပြောတယ်မလား….” လို့လန်ရွှီက သူမအမေ၏ ဒေါသကို ပြေပျောက်စေရန် ကြိုးစားလိုက်သည်။
ဘုရင်မ၏ ဒေါသက စတင် လျော့ကျလာသည်။ သူမက ဒေါသ ပေါက်ကွဲသွားခြင်းသာ ဖြစ်သည်။ မည်သို့ပင်ဆိုစေ သူမတွင် သမီးတစ်ယောက်သာ ရှိသည်။ ဘုရင်မတစ်ပါး အနေဖြင့် ရီဖူရှင်း၏ ငြင်းပယ်ခံရခြင်းက သူမအာ အရှက်ရစေသည့်တိုင် သူမ၏ သမီးအပေါ် အားနာစိတ်က ပိုမိုပေသည်။
“ငါ ရှီတန်ခိုးရှင်နဲ့ သွားစကားပြောလိုက်မယ်…” လျှပ်တစ်ပြက်ပင် ဘုရင်မက ထိုနေရာမှ ပျောက်ကွယ်သွားကာ တန်ခိုးကျင့်ရာ နန်းဆောင်ထဲတွင် ပေါ်လာသည်။ သူမက ရေခဲ အစီအရင်ထဲတွင် ဝင်ထိုင်လိုက်သည်။ စာအုပ်ကား လေထဲတွင် ပေါလောပေါ်နေသည်။ ဘုရင်မ၏ စိတ်အသိက စာအုပ်ထဲကို ဝင်ရောက်သွား၏။ အတန်ကြာလျှင် သူမ၏ မျက်လုံးများ ပွင့်လာကာ မျက်နှာပေါ်တွင် ထူးဆန်းသော အရိပ်အယောင်များကို မြင်ရသည်။ ထို့နောက် သူမက ထိုနေရာမှ ပျောက်ကွယ်သွားပြန်ကာ ရီဖူရှင်းအား ချုပ်နှောင်ထားရာ နေရာတွင် ပြန်ပေါ်လာသည်။ သူကား လူအများအပြား၏ စောင့်ကြည့်ခြင်းကို ခံနေရသည်။ ဘုရင်မက သူ့ထံ လျှောက်လာသည်ကို မြင်လျှင် ရီဖူရှင်းက ဒေါသတကြီး ကြည့်လိုက်သည်။ လို့လန်ရွှီက ချောမောလျင်ကော အဘယ်အရေးနည်း။ သူမက ချောမောလှပသောကြောင့်ပင် သူက လို့လန်ရွှီကို လက်ထပ်ရမည်လော။
“မင်း ဘာကို စဉ်းစားနေတာလဲ…” ဘုရင်မက ရီဖူရှင်း၏ ရှေ့တွင် ရပ်လျက်မေးသည်။ သူမ၏ လေသံကား မူလကထက် ပိုမို တည်ငြိမ်သွားသည်။ ဤမတိုင်မီက ဒေါသကား မရှိတော့ပေ။
“ဧကရီဘုရင်မ ဆိုလိုတာကို ကျုပ် နားမလည်ဘူး…” ရီဖူရှင်းက ပြောသည်။
“ဒီမတိုင်မီက ငါမင်းကို တကယ် သတ်ချင်ခဲ့တယ်… သမီးတော်က မင်းအတွက် ကူပြောပေးလို့ သာပေါ့…” သူမက ပြောသည်။
“ဒါဆို သူမကို ကျုပ်ကိုယ်စား ကျေးဇူးတင်တယ် ပြောပေးပါ…” ရီဖူရှင်းက အေးစက်စွာ ပြန်ပြောသည်။
“တကယ်လို့ မင်းက သူတို့နှစ်ယောက်လုံးကို ဇနီးအနေနဲ့ လက်ထပ်မယ် ဆိုရင်ရော…”
“ကျုပ်သူမကို လက်မထပ်နိုင်ဘူး…” ရီဖူရှင်းက တည်ငြိမ်စွာ ပြောသည်။
***