” ဟင်… နောက်ထပ် အရူးတစ်ကောင်ပါလား။ မျှားခေါ်ရတာလည်း လွယ်လိုက်တာ ” ဝမ်ပေါင်လဲ့မှာ မျက်ခွံများ တုန်ရီသွား၏။ ထို့နောက် သူသည် မျက်လုံးများပွင့်လာသောကြောင့် သူ၏မျက်ဝန်းများထဲရှိ အေးစက်စက် အလင်းရောင်များကို မြင်လိုက်ရတော့သည်။ ထို့အပြင် သူ၏ မျက်နှာပေါ်တွင် ရေခဲတမျှအေးစက်သော အပြုံးတစ်ပွင့် ပေါ်ပေါက်လာ၏။
ဝမ်ပေါင်လဲ့မှာ သူ၏ စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုများကို ဖြေဖျောက်နိုင်သည့် နည်းလမ်းပေါင်းမြောက်များစွာ ပိုင်ဆိုင်ထားပေသည်။ သူသည် ဓမ္မလက်နက် ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ ဓမ္မလက်နက်များအား ဖန်တီးသန့်စင်လိုပါက အာရုံစူးစိုက်မှုအပြည့်ရှိရန် လိုအပ်ပေသည်။ သူသည် တိုက်ပွဲများထဲတွင် သူ ရှေးဟောင်းဓားကြီးပေါ်ရှိ ဗေဒါပင်ကြီးဆီမှ ရရှိခဲ့သော သစ်သီးနှင့် အခြား လျှို့ဝှက်ဆန်းကြယ်ပညာရပ်များကို အသုံးပြုနိုင်စွမ်း မရှိပါသော်လည်း တိုက်ပွဲများပြီးဆုံးသွားသည့် အချိန်တွင် ၎င်းတို့အားအသုံးပြုကာ သူ၏ စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုများကို ဖြေဖျောက်နိုင်ပေသည်။
မကြာသေးမီတုန်းက သူ ထိုပညာရပ်များအား ထုတ်မသုံးခဲ့ဘဲ သူ၏ အပြင်ခန္ဓာကိုယ် တစ်ခုတည်းကိုသာ အားပြန်ဖြည့်ရန် အာရုံစိုက်နေခဲ့ရခြင်းမှာ သူသည် နတ်ဆိုးမျက်လုံးပညာရပ်ထဲတွင် ကိန်းအောင်းနေသည့် အသိစိတ်အား စမ်းသပ်ကြည့်ချင်သောကြောင့် ဖြစ်ပေသည်။
သူသည် တိုက်ပွဲထဲတွင်ရှိနေခဲ့တုန်းက အရာအားလုံးမှာ ဖရိုဖရဲဖြစ်နေခဲ့သောကြောင့် ၎င်းအား ကြည့်ရှုစစ်ဆေးရန် အချိန်မရခဲ့ပေ။ သို့သော် သူသည် ထိုအကြောင်းအား လုံးဝ မေ့ပျောက်ထားခဲ့ခြင်း မရှိဘဲ ၎င်းအား တစ်ချိန်လုံး သေသေချာချာ စောင့်ကြည့်နေခဲ့၏။
ထို့ကြောင့်လည်း သူသည် သူ၏ စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ခဲ့ခြင်းမရှိဘဲ အနားယူချင်ယောင် ဆောင်ခဲ့ခြင်းဖြစ်သည်။ သူသည် ထို အသိစိတ်ကြီး စတင်ပြောင်းလဲလာပြီး လှုပ်ရှားလာနိုင်ခြေ ရှိမရှိ သိချင်နေခဲ့၏။ ယခုတွင် ဝမ်ပေါင်လဲ့မှာ ၎င်း၏ လှုပ်ရှားမှုအား အာရုံခံမိလိုက်ပြီဖြစ်ရာ သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ ဗေဒါပင်ကြီးမှရသည့် သစ်သီးခြောက်အား ထုတ်ယူလိုက်၏။ ထို့အပြင် သူသည် ဆေးလုံးအချို့ကိုပါ ထုတ်ယူလိုက်ပြီး သောက်သုံးလိုက်သေးသည်။ ထို့နောက် သူသည် အခြားလက်တစ်ဖက်ဖြင့် မန္တန်လက်ကွက်များ ဖော်လိုက်ပြီးနောက် သူမှတ်မိသော လှည့်ကွက်အချို့အား ထုတ်သုံးလိုက်တော့သည်။ ၎င်းတို့မှာ သူ၏ စိတ်ပိုင်းဆိုင်ရာ မောပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ပေးလိုက်ပြီး သူ၏ အသိစိတ်ကို တည်ငြိမ်သွားအောင် ထိန်းသိမ်းပေးလိုက်၏။
ထို့နောက် သူသည် အရောင်တလက်လက် တောက်ပနေသော မျက်ဝန်းများဖြင့် သူ၏ကိုယ်ထဲသို့ အာရုံခံနိုင်စွမ်းများ စေလွှတ်လိုက်၏။ ၎င်းတို့မှာ စွမ်းအားများ မရပ်မနား ထုတ်လွှတ်နေသည့် နတ်ဆိုးမျက်လုံးပညာရပ်၏ အသိစိတ်ကြီးဆီသို့ ဦးတည်သွားနေခြင်း ဖြစ်သည်။
” သူ့ရဲ့ ပုံစံကိုကြည့်ရတာ အပေါင်းအဖော်အသိစိတ်တစ်မျိုးနဲ့ တူသလိုပဲ။ သူက ငါ ဧရာမလက်ကြီးနဲ့ တိုက်ခိုက်နေတုန်းကတောင် ပေါ်မလာခဲ့ဘူးဆိုတော့ ကိုယ်ပိုင် အသိဉာဏ်တစ်ခုခု ပိုင်ဆိုင်ထားတာပဲ ဖြစ်ရမယ်။ သူ ရုတ်တရက်ပေါ်ပေါက်လာလို့ ငါ အသက်အန္တရာယ်နဲ့ ကြုံလိုက်ရမယ်ဆိုရင် သူလည်း သေကျေပျက်စီးသွားနိုင်ခြေ ရှိတယ်ဆိုတာကို သူက နားလည်ထားတဲ့ပုံပဲ ”
” ဒါပေမဲ့ ဒီလို သာမန်လှည့်ကွက်လေးတစ်ခုနဲ့ သူ့ကို မျှားခေါ်နိုင်ခဲ့တာဆိုတော့ သူက ငါ ထင်ထားသလောက် လည်လည်ဝယ်ဝယ် ရှိပုံမရပါဘူး။ ဒါမှမဟုတ် မီးစဉ်ကြည့်ကပြီး အဆင်ပြေသလို လှုပ်ရှားနေတာများလား ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ရေရွတ်လိုက်၏။ ထိုအချိန်တွင် သူ၏ အကြည့်များမှာ ပို၍ပင် စူးရှတောက်ပလာပြီး အနက်ရောင်မြူခိုးများနှင့် တူသည့် အရာတစ်ခုမှာ သူ၏ မျက်ဝန်းထဲ၌ ဖုံးလွှမ်းစပြုလာတော့သည်။ ထို့ကြောင့် သူ၏ မျက်ဝန်းများမှာ အနက်ရောင်အဖြစ် ပြောင်းလဲသွားကြတော့မည့်ပုံပင်။
” ဒါမှမဟုတ် သူက တိုက်ပွဲထဲမှာ ငါ့ရဲ့ အသိစိတ်ကို ရန်လိုစိတ်တွေ၊ သတ်ဖြတ်လိုစိတ်တွေနဲ့ ဝေဝါးသွားအောင် လုပ်နိုင်တဲ့ စွမ်းရည်တစ်မျိုးကိုပဲ ပိုင်ဆိုင်ထားတာများလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အနည်းငယ်ခန့် စိတ်ပျက်သွားရ၏။ သူသည် သူ၏ နှလုံးသားထဲ၌ ခံစားနေရသည့် မချင့်မရဲ ခံစားချက်ကြီးနှင့် သူ၏ အသိစိတ်ထဲ၌ ပေါ်ပေါက်လာသည့် သတ်ဖြတ်လိုစိတ်များကို သေသေချာချာ အကဲဖြတ် သုံးသပ်ကြည့်လိုက်သည်။ ထိုခံစားချက်ကြီးမှာ ဘိန်းစွဲနေသူတစ်ယောက် ယင်းထနေသကဲ့သို့ပင်။ အကယ်၍ သူသာ ထိုသတ်ဖြတ်လိုသည့် စိတ်ဆန္ဒများကို နာခံခြင်း မရှိပါက ၎င်းတို့မှာ သူ့အား ဝါးမျိုသွားတော့မည့် အလားပင်။
” ဒီလောက်ပဲလားဟ။ ငါ ကြိုးစားထားရတာနဲ့ မတန်လိုက်တာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းယမ်းလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် အနက်ရောင်မြူခိုးများဖြင့် ပြည့်နှက်နေပြီဖြစ်ရာ သူသည် နတ်ဆိုးတစ်ပါးနှင့် ဆင်တူနေပြီဖြစ်သည်။ သို့သော်ငြားလည်း သူ၏ အသိစိတ်မှာ ကြည်လင်ပြတ်သားနေဆဲပင်။ သူ၏ အသိစိတ်မှာ သူ၏ ခန္ဓာကိုယ်နှင့် ကွဲထွက်နေသဖြင့် သူသည် အရာအားလုံးကို ဓမ္မဓိဋ္ဌာန်ကျကျ အကဲဖြတ်သုံးသပ်နိုင်စွမ်း ရှိနေဆဲဖြစ်သည်။
သူသည် တစ်ခဏမျှထပ်၍ စောင့်ကြည့်နေလိုက်ပြီးနောက် နတ်ဆိုးမျက်လုံးပညာရပ်ထဲမှ ထွက်ပေါ်လာသည့် ထိုအသိစိတ်ကြီးမှာ အခြား မည်သည့်လှည့်ကွက်ကိုမှ ပိုင်ဆိုင်ထားခြင်း မရှိတော့ကြောင်း သိလိုက်ရသဖြင့် စိတ်ကုန်သွားရ၏။ ထို့ကြောင့် သူသည် ၎င်းအား ဖျက်ဆီးချေမှုန်းရန် ပြင်လိုက်စဉ်မှာပင် ထို အပေါင်းအဖော်အသိစိတ်မှာ ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ သတ်ဖြတ်လိုစိတ်များကိုသာ ထည့်သွင်းနေရသည်ကို အားမရတော့သည့် ပုံပင်။ ၎င်းမှာ သူ၏ ယွမ်ယင်ဝိညာဉ်ဆီသို့ ဦးတည်သွားနေတော့သည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပျော်ရွှင်ကျေနပ်ကာ အံ့အားသင့်သွားရ၏။ သူသည် မန္တန်လက်ကွက်များ ဖော်နေသည့် သူ၏လက်နှစ်ဖက်အား ရပ်တန့်လိုက်ပြီးနောက် ဆက်လက်စောင့်ကြည့်နေလိုက်တော့သည်။
ထို အပေါင်းအဖော်အသိစိတ်မှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ စုဝေးနေသော အနက်ရောင်အမျှင်အတန်းလေးများကဲ့သို့ပင်။ ၎င်းမှာ သူ စောင့်ကြည့်နေသည့်အချက်အား သိမထားကြပေ။ ထို့ကြောင့် ၎င်းမှာ မြွေတစ်ကောင်ကဲ့သို့ ရှေ့သို့ ဖြည်းဖြည်ချင်း ဆက်တိုးလာပြီး သူ၏ ယွမ်ယင်ဝိညာဉ်ဆီသို့ ဦးတည်သွားနေဆဲပင်။
” သူ့ရဲ့ပစ်မှတ်က ယွမ်ယင်ဝိညာဉ်လား။ ဒါမှမဟုတ် ယွမ်ယင်ဝိညာဉ်ဆီကို ရောက်အောင်သွားပြီးရင် အဲဒီ ယွမ်ယင်ဝိညာဉ်ထဲမှာ ကိန်းအောင်းနေတဲ့ ငါ့ရဲ့ ဝိညာဉ်ကို ဝါးမျိုပစ်မှာ များလား ” ဝမ်ပေါင်လဲ့မှာ ပေါ်ပေါက်လာနိုင်သည့် နောက်ဆက်တွဲ အကျိုးဆက်များအကြောင်း တွေးမိသွားသောအခါ မျက်နှာအမူအရာ တည်ကြည်သွား၏။ ယွမ်ယင်အဆင့်သို့ ရောက်နေသည့် ကျင့်ကြံသူများ၏ ဝိညာဉ်များမှာ နတ်ဝိညာဥ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး သူ၏ ယွမ်ယင်ဝိညာဉ်ထဲ၌ ရှိနေမည်ဖြစ်သည်။ သူ ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်သွားသည့်အချိန်တွင် ထို နတ်ဝိညာဉ်မှာ နတ်ဘုရားဝိညာဉ်အဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်သည်။
နတ်ဝိညာဉ်မှာ ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အလွန်အင်မတန်မှ အရေးပါသောကြောင့် ၎င်းအား သေသေချာချာ ကာကွယ်စောင့်ရှောက်ရန် လိုအပ်ပေသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ယွမ်ယင်ဝိညာဉ်အား စောင့်ကြည့်နေရင်း မျက်လုံးများ အရောင်လက်သွား၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ဓားအိမ်လေးနှင့် အမှောင်မီးတောက်တို့ ရှိနေသည် ဖြစ်သည်။ သူ၏ အမှောင်မီးတောက်မှာ သူ အမှောင်ကလေးငယ်တစ်ယောက်အဖြစ်သို့ ရောက်ရှိသွားခဲ့စဉ်တုန်းက ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းမှာ သူသည် အမှောင်ဂိုဏ်းမှ ဖြစ်သည်ဆိုသည့် သက်သေတစ်ခုဖြစ်၏။ ထို အမှောင်မီးတောက်ထဲတွင် သူ၏ နတ်ဝိညာဉ် ရှိနေသည်။
” လိုရမယ်ရ… ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အမှောင်ပညာရပ်အား တိတ်တဆိတ် အသုံးပြုလိုက်ပြီး သူ၏ ယွမ်ယင်ဝိညာဉ်ထဲ၌ ကိန်းအောင်းနေသည့် အမှောင်မီးတောက်ထဲမှ အမှောင်စွမ်းအင်အချို့အား ထုတ်လွှတ်လိုက်သည်။ သူသည် ထိုစွမ်းအင်များအား အသိစိတ်ကြီးဆီသို့ စေလွှတ်ကာ ၎င်း၏ စွမ်းအား၏ စမ်းသပ်ကြည့်ရန် ကြံရွယ်နေ၏။
၎င်းမှာ လက်တစ်ဆုပ်စာမျှသာ ရှိသော အမှောင်စွမ်းအင်များ ဖြစ်ပေသည်။ ထိုစွမ်းအင်များ ပေါ်ပေါက်လာသည်နှင့် အနက်ရောင် အမျှင်အတန်းများအဖြစ် ဝမ်ပေါင်လဲ့၏ ယွမ်ယင်ဝိညာဉ်ဆီသို့ ဦးတည်လာနေသည့် အသိစိတ်ကြီးမှာ အပြင်းအထန် တုန်ရီသွားရ၏။ ၎င်းမှာ ကြောက်မက်ဖွယ်ရာ သတ္တဝါကြီးတစ်ကောင်ကို ရုတ်တရက် ရှာတွေ့လိုက်သကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ တုန်လှုပ်ချောက်ချားသွားရပြီး ပျက်စီးပျောက်ကွယ်သွားတော့မည့် ပုံပင်။
” ဟင် ” ထိုအခါ ဝမ်ပေါင်လဲ့မှာ အထိတ်တလန့် ဖြစ်သွားရပြီး အမှောင်စွမ်းအင်၏ စွမ်းအားကို ဆယ်ပုံပုံ တစ်ပုံအထိ လျှော့ချလိုက်ရသည်။ ထိုအခါမှသာ နတ်ဆိုးမျက်လုံးပညာရပ်၏ အသိစိတ်မှာ ပျောက်ကွယ်သွားခြင်းမရှိဘဲ ထို အမှောင်စွမ်းအင်အား ယှဉ်ပြိုင်နိုင်စွမ်းရှိလာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါမှ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သူသည် အစပိုင်းတွင် စိတ်ဝင်စားနေသည့် အမူအရာဖြင့် ဆက်လက်စောင့်ကြည့်နေလိုက်ပါသော်လည်း ခဏအကြာတွင် သူ၏ မျက်နှာအမူအရာမှာ တဖြည်းဖြည်းနှင့် အထူးတဆန်း ဖြစ်လာတော့သည်။ ထို အသိစိတ်ကြီးနှင့် အမှောင်စွမ်းအင်တို့၏ အားပြိုင်မှုမှာ ပြင်းထန်လာပြီဖြစ်သည်။ အသိစိတ်ကြီးမှာ ၎င်း၏ အစွမ်းအကုန်လုံးကို ထုတ်သုံးကာ ဝမ်ပေါင်လဲ့၏ အမှောင်စွမ်းအင်များအား ခုခံတွန်းလှန်နေရ၏။ ထို့နောက် ၎င်းမှာ ၎င်းခိုအောင်းနေသည့် လက်ခံကောင်၏ ဇွဲလုံ့လဝီရိယအား သတိထားမိသွားသဖြင့် ဝမ်ပေါင်လဲ့၏ ယွမ်ယင်ဝိညာဉ်ဆီသို့ ဦးတည်သွားနေရာမှ အရှိန်လျော့ချလိုက်ပြီးနောက် နောက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး ပုန်းကွယ်နေလိုက်တော့သည်။ ထို့အပြင် ၎င်းမှာ ၎င်း၏ သတ်ဖြတ်လိုစိတ်များကိုပင် ပြန်၍ သိမ်းဆည်းလိုက်သေးသည်။
” အံ့သြစရာပါလားဟ ” ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်ကာ ရေရွတ်မိလိုက်၏။ သူသည် ပုံကြီးချဲ့နေခြင်းမဟုတ်ဘဲ အမှန်တကယ် အံ့ဩမှင်တက်သွားရခြင်း ဖြစ်သည်။
ထို့နောက် သူသည် မျက်နှာအမူအရာ တည်ကြည်သွားပြီး တစ်ကိုယ်တည်း ရေရွတ်လိုက်၏ ” ကြည့်ရတာ သူက အားကောင်းတဲ့ စိတ်ဆန္ဒတစ်ခုခုကို ပိုင်ဆိုင်ထားတဲ့ပုံပဲ။ မသိရင် သူက ဒီ မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ ဧကရာဇ်ကြီး ကျနေတာပဲ။ ပြီးတော့ သူက အသိဉာဏ်တစ်ခု ပိုင်ဆိုင်ထားတဲ့အပြင် တာအိုနန်းတော်ရဲ့ မှတ်တမ်းတွေထဲမှာ မှတ်တမ်းတင်ထားတဲ့ ပိုးမွှားတစ်မျိုးနဲ့လည်း ဆင်တူနေသေးတယ် ”
ဝမ်ပေါင်လဲ့မှာ သူမြင်လိုက်ရသည့် အရာကြီးနှင့် ပတ်သတ်၍ သေသေချာချာ စဉ်းစားတွေးတော နေတော့သည်။ ၎င်းမှာ နတ်ဆိုး၏ ပြယုဂ်တစ်ခုကဲ့သို့ပင်။ ထို့ကြောင့် ၎င်းအား ‘ နတ်ဆိုး ‘ဟု ခေါ်ဆိုခြင်းမှာ သင့်တော်မှုရှိပေသည်။
” ကြောက်ဖို့ကောင်းလိုက်တဲ့ နတ်ဆိုးကြီး။ ဆယ်ပုံပုံ တစ်ပုံအထိ အားလျှော့ထားတဲ့ ငါ့ရဲ့ အမှောင်စွမ်းအင်ကို ခုခံတိုက်ခိုက်နိုင်ဖို့ဆိုတာ လွယ်တဲ့အလုပ် မဟုတ်ဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏မေးစေ့အား ပွတ်လိုက်၏။ ထို့နောက် သူသည် သူ၏ ခန္ဓာကိုယ်ထဲရှိ သူ၏ ယွမ်ယင်ဝိညာဉ်အား လှမ်းကြည့်လိုက်ပြီး သူ့ကိုယ်သူ ထို ကြောက်မက်ဖွယ်ရာ နတ်ဆိုးကြီးအဖြစ် စိတ်ကူးထဲ၌ တွေးကြည့်လိုက်တော့သည်။ ထိုအခါ သူသည် သူ၏ ဝိညာဉ်အား ဝါးမျိုနိုင်ရန် အလွန်အင်မတန်မှ အခက်တွေ့နေရမည်ဖြစ်ကြောင်း တွေးမိလိုက်၏။
” ဟင်း…. ငါသာ နတ်ဆိုးကြီးရဲ့ နေရာမှာဆိုရင် အမှောင်ပညာရပ်ကို ခုခံကာကွယ်နိုင်အောင် အရင်ဆုံး ကြိုးစားမှာပဲ။ အမှောင်ပညာရပ်ရဲ့ တစ်ထောင်ပုံပုံတစ်ပုံ စွမ်းအားကနေ စပြီးတော့ အဲဒီပညာရပ် တစ်ခုလုံးရဲ့ စွမ်းအားတွေအကုန်လုံးကို တောင်ခံနိုင်တဲ့အထိ လေ့ကျင့်ရမှာ။ ပြီးမှ ယွမ်ယင်ဝိညာဉ်ဆီကို ချဥ်းကပ်သွားရမှာ… အဲတာဆိုရင် ဘယ် ယွမ်ယင်ဝိညာဉ်နဲ့မှ လုံးဝမတူတဲ့ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ကို မြင်လိုက်ရမှာပဲ။ အဲအချိန်ကျရင် အဲဒီ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်ထဲကို ထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက် ထပ်ပြီးတော့ ကြိုးစားရဦးမှာ။ တကယ်လို့ ကံဆိုးမိုးမှောင်ကျသွားရင် ထူးဆန်းတဲ့ ဓားအိမ်ကြီးတစ်ခုနဲ့လည်း ကြုံရင်ကြုံရနိုင်တယ်။ အဲလိုကြုံရလို့ကတော့ ငါ အသက်ပျောက်သွားမှာ သေချာတယ်… ”
” ဒါပေမဲ့ ကံကောင်းမယ်ဆိုရင်တော့ အဲဒီ ဓားအိမ်ကြီးကို ရှောင်တိမ်းပြီး ယွမ်ယင်ဝိညာဉ်ဆီ သွားနိုင်မှာပဲ။ အဲအခါကျရင် အေးအေးဆေးဆေးနဲ့ ပွဲတော်တည်လို့ ရပြီ။ ငါ အဲဒီ ယွမ်ယင်ဝိညာဉ်တစ်ခုလုံးကို ဝါးမျိုခါနီး အချိန်မှာ အမှောင်မီးတောက်လို့ခေါ်တဲ့ မီးလုံးတစ်လုံးနဲ့ ကြုံရဦးမှာ။ အဲဒီ မီးလုံးထဲက ထွက်ပေါ်နေတဲ့ ဝိညာဉ်စွမ်းအင်တွေက ငါ ယွမ်ယင်ဝိညာဉ် အပြင်ဘက်မှာရှိနေတုန်း ပထမဆုံး ကြုံတွေ့ခဲ့ရတဲ့ သတ္တဝါကြီးရဲ့ ဝိညာဉ်စွမ်းအင်တွေနဲ့ အတူတူပဲ ဖြစ်နေမှာ ”
” အဲဒီအချိန်ကျရင်… ငါက ပင်ပင်ပန်းပန်း ကြိုးစားပြီးတော့ အမှောင်မီးတောက်ကို တိုက်ခိုက်ရတော့မှာ။ လက်ခံကောင်ရဲ့ ဝိညာဉ်ကို မြင်လိုက်ရတဲ့ အချိန်ကျရင်လည်း အဲဒီဝိညာဉ်က အမှောင်ကလေးငယ်တစ်ယောက်ရဲ့ တမူထူးခြားတဲ့ ဂုဏ်သတ္တိတွေနဲ့ အမှောင်မီးတောက်ထက် အများကြီးပိုပြီးတော့ အစွမ်းထက်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ထားမှန်း သိလိုက်ရဦးမှာ ”
” အဲတာဆိုရင် ငါက ထပ်ပြီးတော့ ကြိုးစားဖို့ လိုပြန်ပြီ။ တကယ်လို့ ကံကြမ္မာက ငါ့ကို မျက်နှာသာပေးမယ်ဆိုရင်တော့ ငါ အမှောင်ကလေးငယ်ကို အနိုင်ယူနိုင်သွားမှာပါ။ နောက်ဆုံး ငါ လက်ခံကောင်ရဲ့ ဝိညာဉ်ကို ဝါးမျိုတော့မယ့်အချိန်မှာ…. ထောင့်တစ်ထောင့်မှာ သူ့အလှည့်ကို စောင့်နေမယ့် ဝါးမျိုခြင်းသစ်စေ့ကြီးကို ကြုံလိုက်ရဦးမှာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးမိလိုက်သောအခါ ချောင်းဟန့်မိသွားပြီး သူ့ကိုယ်သူ နတ်ဆိုကြီးအဖြစ် ဆက်၍ ဟန်ဆောင်မနေရန် ဆုံးဖြတ်လိုက်တော့သည်။
“ တော်တော်ကို ထူးဆန်းတယ်။ ငါက နတ်ဆိုးမျက်လုံးပညာရပ်ရဲ့ စွမ်းအားကို အထင်မသေးပါဘူး။ ဒီပညာရပ်က တော်တော်လေးကို မိစ္ဆာဆန်တဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုပါ။ အဲတာကို ဘာလို့ ဒီနတ်ဆိုးက အရမ်းကြီး အစွမ်းမထက်ရတာလဲ ” ဝမ်ပေါင်လဲ့မှာ အတွေးများထဲ၌ နစ်မျောသွား၏။ အချိန်အတော်အတန်ကြာပြီးနောက် သူသည် ဖြစ်နိုင်ခြေ နှစ်ခုအား စဉ်းစားမိသွားသည်။ ပထမဖြစ်နိုင်ခြေမှာ ထိုကျင့်ကြံခြင်းပညာရပ်နှင့် ထိုအသိစိတ်ကြီးတို့မှာ အပေါ်ယံတွင် အတူတူဖြစ်နေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ လုံးဝမတူညီဘဲ ကွဲပြားနေရခြင်း ဖြစ်ရပေမည်။ ဒုတိယ ဖြစ်နိုင်ခြေမှာမူ သူသည် နတ်ဆိုးမျက်လုံးပညာရပ်ကြီးထက် အများကြီးပို၍ မိစ္ဆာဆန်နေခြင်း ဖြစ်ရပေမည်…
” ဒုတိယအချက်ကတော့ မဖြစ်နိုင်ပါဘူးကွာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ သူ၏နှာခေါင်းအား ပွတ်လိုက်၏။ ထို့နောက် သူသည် သူ၏အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ နတ်ဆိုးအား အာရုံခံကြည့်လိုက်၏။ သူသည် တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ၎င်းအား ချက်ချင်း ဖျက်ဆီးပစ်ခြင်း မရှိဘဲ ခေါင်းထဲ၌ အကြံဆိုးကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
” ငါ… ဆော့ကစားဖို့အတွက် နောက်ထပ် နတ်ဆိုးတစ်ကောင် ထပ်မွေးလိုက်ရမလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ စမ်းကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။ ထိုအချိန်တွင် သူသည် တစ်စုံတစ်ခုအား မေ့လျော့နေကြောင်း ပြန်၍ သတိရသွား၏။
” ငါ ဘာကိုများ မေ့နေတာပါလိမ့်ကွာ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ တတွတ်တွတ် ရေရွတ်နေရင်း နောက်ဆုံးတွင် မျက်လုံးများပြူးသွားရတော့သည်။
” မြည်းလေး… ” ဝမ်ပေါင်လဲ့မှာ သူ၏ နဖူးကို လက်ဝါးဖြင့်ရိုက်မိသွား၏။ ထို့နောက် သူသည် သူ၏ သိုလှောင်လက်ကောက်အား ဖွင့်ကာ လှန်လှောရှာဖွေနေလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် သူ မေ့နေခဲ့သည့် မြည်းလေးအား ရှာတွေ့သွား၏။ ၎င်းမှာ အရိုးပေါ်အရေတင် ဖြစ်နေပြီး အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။
ထိုမြည်းလေးမှာ သိုလှောက်လက်ကောက်ထဲမှ ဆွဲထုတ်ခံလိုက်ရပြီးနောက် ၎င်း၏ ခြေထောက်လေးဖက်မှာ ခွေကျသွား၏။ ၎င်းမှာ ဆာလောင်မွတ်သိပ်လွန်းနေသောကြောင့် အသက်ရှူနိုင်ရန်ပင် အခက်တွေ့နေရပြီဖြစ်သည်။ ၎င်းမှာ တစ်ခဏမျှ ရီဝေဝေ ဖြစ်နေပြီးနောက် မကျေနပ်ချက်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများထဲမှ မျက်ရည်များ စီးကျလာတော့သည်…
” သား… “