Switch Mode

အခန်း (၆၉၇)

ပစ်မှတ်အား မျှားခေါ်ခြင်း

ဝမ်ပေါင်လဲ့မှာ ဧရာမလက်ကြီးဆီမှ လွတ်မြောက်လာသည်နှင့် သူ၏ ဒဏ်ရာများကို တောင့်ခံနိုင်စွမ်း မရှိတော့သောကြောင့် သွေးတစ်ပွက် အန်ထွက်လာရ၏။ ထို့နောက် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲမှ သွေးများစီးကျလာပြီး အာကာသထဲသို့ မျောလွင့်သွားကြတော့သည်။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့သဖြင့် တစ်စစီ ကြေမွပျက်စီးသွားကာ စွမ်းအင်စီးဆင်းမှုလမ်းကြောင်းများအဖြစ် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်သွားတော့သည်။

သူသည် နတ်ဘုရားဧကရာဇ် ပြိုလဲပျက်စီးခြင်းပညာရပ်အား အသုံးမပြုခဲ့သောကြောင့် သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ အများကြီး ထိခိုက်ပျက်စီးသွားခဲ့ရသည့်တိုင်အောင် ဝိညာဉ်ချီ အလုံအလောက် ထောက်ပံ့နိုင်မည်ဆိုပါက ၎င်းအား အကောင်းပတိအတိုင်း ဖြစ်သွားအောင် ပြန်လည်ပြုပြင်နိုင်စွမ်း ရှိပေသည်။

ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ကာကွယ်စောင့်ရှောက်မှုအား ဆုံးရှုံးလိုက်ရပြီဖြစ်ရာ ထိုကဲ့သို့ လွတ်မြောက်လာပြီးနောက် အမြင်အာရုံများ ဝေဝါးလာတော့သည်။ သူသည် တစ်ကိုယ်လုံး နုံးချည့်ကာ အားအင်ကုန်ခန်းနေရပြီ ဖြစ်သည်။ သို့သော်လည်း သူသည် လွတ်မြောက်လာပြီးသည့်တိုင်အောင် သူ၏ နှလုံးသားထဲ၌ ခံစားနေရသည့် အန္တရာယ်ကြီးမှာ လုံးဝ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။

သူ ထို ဧရာမလက်ကြီးထဲမှ လွတ်ထွက်လာသည်နှင့် ထိုလက်ကြီးထဲတွင် တိမ်တိုက်တစ်ခု ပေါ်ပေါက်လာကာ အချုပ်အနှောင်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အပြင်သို့ ပျံထွက်လာ၏။ ထို့နောက် ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ ကပ်လိုသည့် ရည်ရွယ်ချက်ဖြင့် သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာတော့သည်။

၎င်းမှာ သက်ရှိများအားလုံးကို ဇီဝိန်ချုပ်ကာ အသက်စွမ်းအားများကို တိုက်စားပစ်နိုင်သည့် သေမင်းအငွေ့အသက်များကို ထုတ်လွှတ်နေသည်။

အကယ်၍ ထိုအချုပ်အနှောင်ကြီးသာ ဝမ်ပေါင်လဲ့ဆီသို့ ရောက်ရှိလာမည်ဆိုပါက သူ၏ လက်ရှိ အားအင်ချည့်နဲ့နေသည့် အနေအထားနှင့်ဆိုလျှင် သူသည် ၎င်းအား တောင့်ခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုတိုက်ကွက်အား ရှောင်တိမ်းနိုင်စွမ်း မရှိတော့သည့်အပြင် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ပျောက်ကွယ်သွားပြီဖြစ်သလို သူ၏ နတ်ဆိုးမျက်လုံးမှာလည်း မှုန်ဝါးဝါး ဖြစ်နေရပြီဖြစ်သည်။ နောက်ဆုံးတွင် ၎င်းမှာ ဝမ်ပေါင်လဲ့၏ နဖူးပေါ်၌ အမှတ်အသားတစ်ခုအဖြစ် ပြောင်းလဲသွားပြီး တတိယမျက်လုံးအဖြစ်သို့ ရောက်သွားတော့သည်။ သို့ဖြစ်ရာ သူသည် ဖုန့်ချိုးရန်၏ အကူအညီအား မျှော်လင့်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။ အကယ်၍ သူ ထို ဧရာမလက်ကြီးနှင့် တိုက်ခိုက်နေခဲ့စဉ်တုန်းက ဖုန့်ချိုးရန်သာ အန္တရာယ်တစ်ခုခုနှင့် ကြုံခဲ့ရမည်ဆိုလျှင် သူသည် သူ၏ ဓားအိမ်လေးကို အသုံးပြုကာ သူ့ကိုယ်သူ ကယ်တင်ရတော့မည် ဖြစ်သည်။

သို့သော် ဖုန့်ချိုးရန်မှာ ဝမ်ပေါင်လဲ့အား စိတ်မပျက်စေခဲ့ပေ။ သူမသည် ထို တိုက်ပွဲကြီးအား သေသေချာချာ စောင့်ကြည့်နေခဲ့သည်ဖြစ်ရာ ဝမ်ပေါင်လဲ့တစ်ယောက် အပြင်ဘက်သို့ ပြေးထွက်လာသည်နှင့် သူမသည်လည်း သူ့ဆီသို့ ပြေးသွားလိုက်၏။ ထို့နောက် သူမသည် သူ၏ဘေးတွင် ချက်ချင်းဆိုသလို ပေါ်ပေါက်လာပြီးနောက် သူ့အား ပွေ့ချီကာ နောက်သို့ ချာခနဲလှည့်သွား၏။ ထို့နောက် သူမသည် ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်များဖော်ကာ လေပေါ်သို့ မြှောက်လိုက်တော့သည်။ ထိုအခါ သူမ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူမသည် ဒဏ်ရာရသွားမည်ကို စိုးရိမ်ပူပန်နေခြင်းမရှိဘဲ သူမ၏ ဘယ်ဘက်လက်အား ဝမ်ပေါင်လဲ့ဆီသို့ ဦးတည်လာနေသည့် အချုပ်အနှောင်ကြီးဆီသို့ ဆန့်ထုတ်လိုက်တော့သည်။

ထိုအခါ သူမ၏ မျက်နှာမှာ ချက်ချင်းဆိုသလိုပင် ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ ထို့နောက် သူမ၏ရှေ့တွင် အဖြူရောင်ပုလင်းတစ်လုံး ပေါ်ပေါက်လာပြီး ထို အချုပ်အနှောင်ကြီးနှင့် ဝင်တိုက်သွားတော့သည်။

ထိုအခါ အုန်းခနဲ အသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာပြီး ထို ပုလင်းမှာ ပေါက်ကွဲပျက်စီးသွား၏။ အနက်ရောင် အချုပ်အနှောင်ကြီးမှာမူ ထိုပေါက်ကွဲမှုကြောင့် ရပ်တန့်သွားရပြီး နောက်ဆုံးတွင် ဝမ်ပေါင်လဲ့၏ နောက်သို့ လိုက်လာနိုင်စွမ်းမရှိတော့သဖြင့် ဖုန့်ချိုးရန်မှာ ထွက်ပြေးရန် အချိန်ရသွား၏။ ထို့ကြောင့် သူမသည် နောက်သို့လှည့်ကာ သက်တံ့တစ်ခုအသွင် ပြောင်းလဲသွားပြီးနောက် ဝမ်ပေါင်လဲ့အား စစ်မြေပြင်ထဲမှ ခေါ်ထုတ်သွားလိုက်တော့သည်။ ထို့နောက် လီရှင်းဝမ်နှင့် ပြည်ထောင်စုစစ်သင်္ဘောကြီးများ၏ အကူအညီဖြင့် နောက်ဆုံးတွင် သူမသည် စစ်သင်္ဘောကြီးတစ်စီးပေါ်သို့ ရောက်ရှိလာတော့သည်။

ထိုအခါ လီရှင်းဝမ်မှာ စိုးရိမ်တကြီးဖြစ်နေသည့် အမူအရာဖြင့် အပြေးရောက်လာ၏။ သူသည် ဒဏ်ရာများရထားသဖြင့် ခြေလှမ်းများ ဒယိမ်းဒယိုင် ဖြစ်နေရသည့် ဖုန့်ချိုးရန်ကိုပင် မကြည့်နိုင်ဘဲ သူမ၏ ရင်ခွင်ထဲ၌ ရှိနေသော ဝမ်ပေါင်လဲ့အား လှမ်းကြည့်မိလိုက်သည်။ သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး မျက်လုံးများပင် မဖွင့်နိုင်လောက်အောင် အားအင်ချည့်နဲ့နေသည့်ပုံ ပေါက်နေသည့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ရင်း ရင်ထဲ၌ တဆစ်ဆစ် နာကျင်လာရတော့သည်။

” ကောင်စုတ်လေး… ”

” သခင်ကြီး ” ဝမ်ပေါင်လဲ့မှာ လီရှင်းဝမ်၏ စကားသံကို ကြားလိုက်ရသဖြင့် ရီဝေဝေဖြစ်နေသည့် အမူအရာဖြင့် မျက်လုံးများပြန်ပွင့်လာ၏။ သူသည် လီရှင်းဝမ်အား မြင်လိုက်ရပြီးနောက် သူ၏ဘေးတွင် ရပ်နေသည့် ဖုန့်ချိုးရန်ကိုပါ မြင်လိုက်ရသောအခါ မျက်ဝန်းများ တောက်ပသွားပြီး ပြုံးဖြဲဖြဲနှင့် ဆိုလိုက်တော့သည်။

” ကျွန်တော် သခင်ကြီး ခိုင်းတဲ့အတိုင်း သခင်မကြီးကို ဘေးမသီရန်မခ ပြန်ခေါ်လာခဲ့ပါပြီ… ” ဝမ်ပေါင်လဲ့မှာ စကားပင် ဆုံးအောင်မပြောနိုင်လိုက်ပေ။ သူသည် ပြည်ထောင်စုကြီးထဲမှ သူနှင့်ရင်းနှီးသော လူများကို မြင်လိုက်ရသောကြောင့် စိတ်အေးသွားရပြီး နောက်ဆုံးတွင် သတိလစ်သွားတော့သည်။

လီရှင်းဝမ်မှာမူ သတိလစ်ခါနီးဆဲဆဲ အခြေအနေတွင်တောင် ဖုန့်ချိုးရန်အား ဖားယားရန် ကြိုးစားနေသည့် ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ဖုန့်ချိုးရန်အား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာမှာ ဖြူဖပ်ဖြူရော် ဖြစ်နေ၏။ သူမသည်လည်း ဝမ်ပေါင်လဲ့ကဲ့သို့ စိတ်သက်သာရာ ရသွားသည့်ပုံပင်။ နောက်ဆုံးတွင် သူမသည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာသောကြောင့် ချက်ချင်းဆိုသလိုပင် အောက်သို့ထိုင်ချလိုက်ရ၏။ ထို့နောက် သူမသည် လှုပ်ရှားနိုင်စွမ်းမရှိတော့သဖြင့် သူမ၏ ဒဏ်ရာများကို စတင်ကုသနေလိုက်တော့သည်။

လီရှင်းဝမ်မှာ ဖုန့်ချိုးရန်အား ကြည့်လိုက် ဝမ်ပေါင်လဲ့အားကြည့်လိုက် ဖြစ်နေပြီးနောက် အဝေးရှိ ကြယ်တာရာများအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် တာအိုနန်းတော် စစ်သင်္ဘော ကြီးများနှင့် ဖရိုဖရဲဖြစ်နေကြသည့် တာအိုနန်းတော် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်တော့သည်။ သူတို့မှာ ဗုဒ္ဓဟူးဂြိုဟ်၏ အနီးသို့ ရောက်နေသည် မဟုတ်ပါလော။ သူတို့၏ အဓိကတာဝန်မှာ ဝမ်ပေါင်လဲ့နှင့် ဖုန့်ချိုးရန်တို့အား ကယ်တင်ရန်ဖြစ်ပြီး ယခုတွင် ထိုတာဝန်မှာ ပြီးမြောက်သွားပြီ ဖြစ်သည်။ သို့ဖြစ်ရာ အခြေအနေများကို ထပ်၍ ရှုပ်ထွေးသွားအောင် လုပ်စရာ မလိုတော့ပေ။ ထို့ကြောင့် သူသည် အံကြိတ်ကာ စိတ်လိုက်မာန်ပါ မပြုမူရန် ဆုံးဖြတ်လိုက်ပြီး နောက်သို့ဆုတ်ခွာရန် အမိန့်ထုတ်ပြန်လိုက်တော့သည်။

ပြည်ထောင်စုစစ်သင်္ဘောကြီးများ နောက်သို့ဆုတ်ခွာသွားချိန်တွင် လီရှင်းဝမ်မှာ နောက်ထပ် ဝိညာဉ်ဆန့်ကျင်‌ဗုံးအလုံးတစ်ရာခန့် ထပ်၍ ထုတ်လွှတ်ရန် အမိန့်ပေးလိုက်၏။ ၎င်းတို့မှာ အာကာသထဲတွင် မျောလွင့်နေကြပြီး အချိန်မရွေး ပေါက်ကွဲသွားတော့မည့် ပုံပင်။ တာအိုနန်းတော် ကျင့်ကြံသူများမှာမူ တလက်လက်တောက်ပနေသည့် ထို အလင်းစက်လုံးများကို ကြည့်ရင်း သူငယ်အိမ်များ ကျဉ်မြောင်းသွားကြပြီး ချီတုံချတုံ ဖြစ်သွားကြတော့သည်။

ဗုဒ္ဓဟူးဂြိုဟ်ပေါ်တွင်မူ တာအိုဘုန်းတော်ကြီးယိုရန်မှာ ငြိမ်ကျသွား၏။ သူသည် ထို ဧရာမလက်ကြီးအား ထုတ်လွှတ်နိုင်ရန် စွမ်းအင်အမြောက်အမြား ထုတ်သုံးခဲ့ရသည်။ ထိုတိုက်ကွက်အား ထပ်၍ ထုတ်လွှတ်လိုက်မည်ဆိုပါက အဆုံးမဲ့မျိုးနွယ်စု စစ်သင်္ဘောကြီး၏ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများ ထိခိုက်သွားနိုင်ပေသည်။ ထို့အပြင် ဝိညာဉ်ဆန့်ကျင်ဗုံးများလည်း ကျန်ရှိနေသေးသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် အခြေအနေတစ်ခုလုံးအား အကဲဖြတ် သုံးသပ်လိုက်ပြီးနောက် သူ၏ သတ်ဖြတ်လိုစိတ်များကို ချုပ်တည်းလိုက်ပြီး ပြည်ထောင်စုစစ်သင်္ဘောကြီးများ၏ နောက်သို့ လိုက်မသွားရန် ဆုံးဖြတ်လိုက်တော့သည်။

ပြည်ထောင်စုစစ်သင်္ဘောကြီးများမှာ ဖြည်းဖြည်းချင်း ဆုတ်ခွာသွားကြပြီး နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးမှ ဖန်တီးပေးထားသည့် ဝဲများကို အသုံးပြုကာ အာကာသထဲ၌ တည်နေရာပြောင်းရွှေ့သွားကြ၏။ ၎င်းတို့ ထွက်ခွာသွားကြသောအခါ စစ်မြေပြင်ကြီးမှာ သုသာန်တစပြင်ကဲ့သို့ ငြိမ်သက်သွား၏။ ထိုသို့ဖြင့် အချိန်အတော်အတန်ကြာအောင် ကုန်ဆုံးသွားပြီးနောက် တာအိုနန်းတော် စစ်သင်္ဘောကြီးများနှင့် ကျင့်ကြံသူများမှာလည်း တိတ်တဆိတ် ထွက်ခွာသွားကြတော့သည်။

လီရှင်းဝမ်မှာ အောင်မြင်စွာ ဆုတ်ခွာလာနိုင်ခဲ့ပြီးနောက် ဒဏ်ရာများကုသနေသည့် ဖုန့်ချိုးရန်၏ ပတ်ပတ်လည်တွင် အကာအကွယ် မန္တန်အစီအရင်တစ်ခု ဖန်တီးပေးရန် ချက်ချင်း အမိန့်ထုတ်ပြန်လိုက်၏။ ထို့အပြင် သူသည် သူယုံကြည်ရသည့် ကျင့်ကြံသူတစ်ယောက်အား သူမ၏ ကိုယ်ရံတော်အဖြစ် ထားရစ်ခဲ့သေးသည်။ သူကိုယ်တိုင်မှာမူ ဝမ်ပေါင်လဲ့အား လျှို့ဝှက်အခန်းထဲသို့ ခေါ်ဆောင်သွားလိုက်ပြီး နေအဖွဲ့အစည်း မန္တန်အစီအရင်ကြီးနှင့် ပြည်ထောင်စုကြီး၏ ရင်းမြစ်ပစ္စည်းများကို အသုံးပြုကာ ဝမ်ပေါင်လဲ့၏ ကုသမှုလုပ်ငန်းစဉ်အတွက် အကောင်းဆုံးဖြစ်မည့် နေရာတစ်ခုကို ဖန်တီးပေးလိုက်သည်။

ဝမ်ပေါင်လဲ့မှာ သတိလစ်သွားခြင်းသာဖြစ်ပြီး မစိုးရိမ်ရကြောင်း သိလိုက်ရသောအခါမှ လီရှင်းဝမ်မှာ စိတ်အေးသွားရတော့သည်။ သူသည် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်က ဒဏ်ရာရထားသည့် ကျင့်ကြံသူနှစ်ယောက်အား စောင့်ကြည့်ပေးနေ၏။

ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ပြည်ထောင်စုစစ်သင်္ဘောကြီးများမှာ အာကာသကြီးအား ကျော်ဖြတ်ကာ သောကြာဂြိုဟ်ဆီသို့ ဦးတည်လာပြီဖြစ်သည်။ နာရီပေါင်းများစွာ ကုန်ဆုံးသွားပြီးနောက် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ပြန်ပွင့်လာတော့သည်။

သူသည် တစ်ကိုယ်လုံး တဆစ်ဆစ် နာကျင်ကိုက်ခဲနေရသောကြောင့် အံကြိတ်မိလိုက်၏။ ထို့နောက် သူသည် လဲလျောင်းနေရာမှ တင်ပျဥ်ခွေထိုင်နိုင်ရန် ကြိုးစားလိုက်ပြီးနောက် သူ၏ ဘေးဘီဝဲယာအား အကဲခတ်လိုက်သည်။ သူသည် လျှို့ဝှက်အခန်းတစ်ခန်းထဲတွင် ရှိနေခြင်းဖြစ်ပြီး ထိုအခန်းထဲတွင် အားကောင်းသော ဝိညာဉ်ချီများဖြင့် ပြည့်နှက်နေ၏။ ထို့နောက် သူသည် သူ နောက်ဆုံးတိုက်ခဲ့သည့် တိုက်ပွဲကြီးအား ပြန်၍မှတ်မိသွားသည်။ သူသည် မည်သူမှ မသိအောင် သူ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းများကို ထုတ်လွှတ်ကာ ထိုနေရာတစ်ဝိုက်အား ကြည့်ရှုစစ်ဆေးလိုက်ပြန်သည်။ ထိုအခါ သူသည် ဒဏ်ရာများကုသနေသည့် ဖုန့်ချိုးရန်နှင့် အပြင်ဘက်တွင်ရပ်ရင်း သူတို့နှစ်ယောက်အား စောင့်ကြည့်ပေးနေသည် လီရှင်းဝမ်တို့ အပါအဝင် စစ်သင်္ဘောကြီးထဲတွင် ဖြစ်ပျက်နေသမျှ အရာအားလုံးကို မြင်လိုက်ရ၏။

ထိုအခါမှသာ ဝမ်ပေါင်လဲ့မှာ အမှန်တကယ် စိတ်အေးသွားရပြီး သက်ပြင်းအရှည်ကြီး ချနိုင်သွားတော့သည်။

” ငါ အသက် သေမသွားခဲ့တဲ့ပုံပဲ။ ပြည်ထောင်စုကြီးဆီကိုတောင် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာရတယ်လို့ ” ဝမ်ပေါင်လဲ့မှာ ယခင်တုန်းကကဲ့သို့ ပျော့ပျောင်းနူးညံ့နေခြင်း မရှိတော့သည့် သူ၏ဗိုက်အား ပွတ်ကာ ရေရွတ်လိုက်၏။ သူသည် စိတ်အေးသွားရပြီဖြစ်သောကြောင့် စဉ်းစားတွေးတောမနေတော့ဘဲ သူ၏ သိုလှောင်လက်ကောက်ထဲမှ မုန့်ထုပ်တစ်ထုပ်ကို ထုတ်ယူကာ တဂျွတ်ဂျွတ်မြည်အောင် ဝါးစားနေလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ဒဏ်ရာများအား အကဲခတ်လိုက်၏။

” တော်တော်ပြင်းတဲ့ပုံပဲ။ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးက‌လည်း တော်တော်လေးကို ထိသွားတာ။ ဒါပေမဲ့ စိတ်ပူနေစရာတော့ မလိုပါဘူး။ ဝိညာဉ်အရည် ဆယ်ပုလင်း… အင်း… ပုလင်းနှစ်ဆယ်လောက် သုံးလိုက်မယ်ဆိုရင် ငါ ပြန်ပြီးတော့ သက်သာလာမှာပါ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောကာ မုန့်များကို ဆက်လက်စားသုံးနေလိုက်၏။ သူသည် သူ၏ဒဏ်ရာများကို ချက်ချင်းကုသခဲ့ခြင်းမရှိဘဲ တွက်ချက်မှုအချို့ အရင်ပြုလုပ်ခဲ့ပြီးနောက် ဝိညာဉ်ရေခဲရေတစ်ဘူး ထုတ်ယူကာ တစ်ဘူးလုံးကုန်အောင် မော့သောက်လိုက်သည်။ ထို့နောက် သူသည် မျက်လုံးများမှေးကာ သူ၏ နဖူးပေါ်တွင်ရှိနေသည့် အနက်ရောင် မျက်လုံးအမှတ်အသား လက်ဖြင့် တို့ထိကြည့်လိုက်၏။ ထိုအခါ သူ အသက်ဘေးမှ သီသီကလေး လွတ်မြောက်လာခဲ့သည့် တိုက်ပွဲကြီးထဲမှ ပုံရိပ်များမှ သူ၏အသိစိတ်ထဲ၌ ပြန်လည်ပေါ်ပေါက်လာတော့သည်။

” နတ်ဆိုးမျက်လုံးပညာရပ်ရဲ့ အစွမ်းက ငါထင်ထားတာထက်ကို ပိုပြီးတော့ ကြောက်ဖို့ကောင်းတာပဲ။ နတ်ဆိုးမျက်လုံး အလုံးတစ်သောင်းရဲ့ စုပေါင်းစွမ်းအားက ဧရာမလက်ကြီးကို တစ်ဝက်တိတိ အရွယ်အစား သေးငယ်သွားအောင် လုပ်နိုင်ခဲ့ပြီးတော့ အစွမ်းကိုလည်း တစ်ဝက်တိတိ လျှော့ချနိုင်ခဲ့တာ ” ဝမ်ပေါင်လဲ့မှာ သူ၏ နဖူးပေါ်ရှိ အမှတ်အသားထဲသို့ သူ၏ အာရုံခံနိုင်စွမ်းများကို ချက်ချင်းထည့်သွင်းခဲ့ခြင်း မရှိပေ။ သူသည် မျက်ဝန်းများ အရောင်လက်သွားပြီးနောက် သူ၏မုန့်ထုပ်များကို ဘေးသို့ချကာ သူ၏ သိုလှောင်လက်ကောက်ထဲမှ ဝိညာဥ်အရည် ပုလင်းတစ်လုံးအား ထုတ်ယူလိုက်တော့သည်။ ထို့နောက် သူသည်၎င်းအား သူ၏ နှာခေါင်းနားသို့ကပ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်၏။

ထိုအခါ ထိုပုလင်းမှာ တုန်ရီသွားပြီး ပုလင်းထဲရှိ ဝိညာဉ်အရည်များမှာ ချက်ချင်းဆိုသလိုပင် မြူခိုးများအဖြစ် ပြောင်းလဲသွားသည်။ ထို့နောက် ၎င်းတို့မှာ ဝမ်ပေါင်လဲ့၏ နှာခေါင်း၊ ပါးစပ်၊ မျက်လုံးနှင့် နားများထဲမှတစ်ဆင့် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိသွားတော့သည်။ ထို မြူခိုးများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲ၌ တုန်ရီသွားကြပြီးနောက် သူ၏ ခန္ဓာကိုယ် အနှံ့အပြားသို့ ပျံ့နှံ့သွားပြီး သူ၏ ဒဏ်ရာများအား စတင်ကုသပေးနေလိုက်တော့သည်။

ခဏအကြာတွင် ထိုပုလင်းမှာ ကုန်သွား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ပုလင်းတစ်လုံးပြီး တစ်လုံးဆွဲထုတ်ကာ ဆက်တိုက်အသုံးပြုနေသောကြောင့် မိနစ်သုံးဆယ်အကြာတွင် သူ၏ ပတ်ပတ်လည်၌ ပုလွင်းအလွတ် အလုံးသုံးဆယ်‌ကျော်အထိ ရှိလာတော့သည်။ ထိုအချိန်တွင် သူသည် မျက်လုံးများပွင့်လာ၏။ သူသည် မောပန်းနွမ်းနယ်နေသေးသည့်ပုံ ပေါ်ပါသော်လည်း သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ သိသိသာသာ ပျောက်ကင်းသွားပြီဖြစ်သည်။

သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာလည်း ဝိညာဉ်အရည်များ၏ အားဖြည့်မှုများကြောင့် အကောင်းပတိအတိုင်း ပြန်ဖြစ်သွား၏။ သို့သော် ဝမ်ပေါင်လဲ့မှာ သူ၏ ကျူးသိုပညာရပ်အတွက် သူ၏ ဝိညာဉ်အရည်များကို အသုံးမပြုခဲ့သောကြောင့် အသွေးအသားများ ထပ်၍စုပ်ယူကာ ၎င်းအား ပြန်၍ အားဖြည့်ပေးရမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ ဒဏ်ရာများပျောက်ကင်းအောင် ကုသလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ သူ၏ မျက်လုံးများနှင့် အသိစိတ်အား အနားပေးရန် ပြင်လိုက်၏။ သူသည် စိတ်‌ရောကိုယ်ပါ မောပန်းနွမ်းနယ်နေပြီဖြစ်ရာ အနားယူရန် လိုအပ်ပေသည်။ သူ၏ တွက်ချက်မှုများအရဆိုလျှင် သူ ပြန်လည် နိုးထလာမည့် အချိန်တွင် စစ်သင်္ဘောကြီးမှာ သောကြာဂြိုဟ်ပေါ်သို့ ရောက်လုနီးပါး ဖြစ်နေလောက်ပြီ ဖြစ်သည်။

သူသည် စစ်သင်္ဘောကြီးပေါ်တွင် ကျောက်ယမုန့်နှင့် သူနှင့်ရင်းနှီးသော အခြားသူများကို မမြင်ခဲ့ရပေ။ သို့သော် သူသည် စစ်သင်္ဘောကြီးအား သူ၏ အာရုံခံနိုင်စွမ်းဖြင့် ကြည့်ရှုစစ်ဆေးခဲ့စဉ်တုန်းက စကားပြောနေကြသည့် ကျင့်ကြံသူများဆီမှ သတင်းအတိုအထွာလေးများကို ကြားသိခဲ့ရပြီးဖြစ်သည်။ ထို့ကြောင့် သူသည် လက်ရှိ အခြေအနေကြီးအား လုံးစေ့ပတ်စေ့ နားလည်သွား၏။ ကျောက်ယမုန့်နှင့် အခြားသူများမှာ ပြည်ထောင်စုကြီးဆီသို့ ဘေးကင်းစွာ ပြန်လာနိုင်ခဲ့၏။ သူတို့မှာ အခြားတာဝန်များ ထမ်းဆောင်နေရသောကြောင့် ဤ စစ်ဆင်ရေးထဲ၌ ပါမလာခဲ့ခြင်း ဖြစ်သည်။

” သူတို့တွေ ငါ ဘယ်လောက်အထိ အစွမ်းထက်လာမှန်း သိလိုက်ရတာနဲ့ အကြီးအကျယ် အံ့ဩတုန်လှုပ်သွားကြလောက်တယ်။ ငါ ဣန္ဒြေရှိရှိနဲ့ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချပြောဆိုဖို့ အခုကတည်းက ကြိုပြီးတော့ စဉ်းစားထားရမယ် ”

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း မျက်လုံးများပြန်မှိတ်သွား၏။ သူသည် စိတ်အေးလက်အေး ဖြစ်သွားသည့်ပုံ ပေါ်ပါသော်လည်း သူ၏မျက်ဝန်းများထဲတွင်မူ အေးစက်စက် အလင်းရောင်တစ်ခု တောက်ပနေဆဲပင်။ သူ မျက်လုံးများ မှိတ်သွားသည်နှင့် သူ၏ နဖူးပေါ်ရှိ နတ်ဆိုးမျက်လုံး အမှတ်အသားမှာ ရုတ်တရက်ဆိုသလို လှုပ်ရှားသွား၏။ ၎င်းမှာ ရုတ်ခြည်းဆိုသလို အသက်ဝင်လာသည့်ပုံပင်။ ထို့နောက် တစ်ချိန်လုံး မှိတ်နေခဲ့သည့် အနက်ရောင်မျက်လုံးကြီးမှာ ကိုယ်ပိုင်အသိစိတ်တစ်ခု ပိုင်ဆိုင်သွားသည့်အလား ပွင့်လာတော့သည်။

ထိုအခါ ထိုမျက်လုံးကြီးထဲ၌ ကိန်းအောင်းနေသော အသိစိတ်မှာ ချက်ချင်းပေါ်ထွက်လာ၏။ ဝမ်ပေါင်လဲ့၏ လက်ရှိအနေအထားမှာ ၎င်းအတွက် သူ့အား ထိန်းချုပ်နိုင်မည့် အကောင်းဆုံး အခွင့်အရေးတစ်ခု ဖြစ်နေသည့်ပုံပင်။

Comment

Leave a Reply

Options

not work with dark mode
Reset